Tuesday, July 31, 2007

Court defers defamation hearing against Weekly Eleven

0 comments
Weekly Eleven အမှုတွဲ ကြားနာ စစ်ဆေးရန် ရက်ထပ်မံရွှေ့ဆိုင်း
နန်းဒေ၀ီ်/
မဇ္ဈိမသတင်းဌာန
ဇူလိုင် ၃၀ ရက်၊ ၂၀၀၇ ခုနှစ်။


နအဖ ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်း သုတေသန ဦးစီးဌာနက အပတ်စဉ်ထုတ် ဂျာနယ် Weekly Eleven ကို မမှန်သတင်း ရေးသားသည်ဟု စွပ်စွဲကာ တရားစွဲဆိုထားရာတွင် အမှုနှင့် စပ်လျဉ်း၍ ကြားနာ စစ်ဆေးမှုကို ယနေ့တွင် ရန်ကုန်တိုင်း တာမွေမြို့နယ် တရားရုံးမှ လာမည့်လသို့ ရက်ရွှေ့ဆိုင်း လိုက်သည်။

၂၀၀၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထုတ်ဝေသည့် Weekly Eleven ဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သော ကမ္ဘာလှည့် ခရီးသည်များကို ဆွဲဆောင်ရန် ခရီးသွား လုပ်ငန်းအချို့မှ ပုဂံ ရှေးဟောင်း နယ်မြေရှိ ဂူဘုရားများ ပေါ်တွင် (Temple Dinner) ညစာစားပွဲ ကျင်းပခြင်းသည် ရေရှည်တွင် ဗုဒ္ဓအဂါရ၀ပြုမှု ဖြစ်စေသည်ဟု ရေးသား ဖော်ပြခဲ့ရာ၌ ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ဂျာနယ်ကို မမှန်မကန် သတင်းများကို ဖော်ပြသည်ဟု စွပ်စွဲကာ တရားစွဲဆိုခဲ့ ပြီးနောက် ယနေ့တွင် အမှု ရင်ဆိုင်ရန် ဖြစ်သော်လည်း တာမွေမြို့နယ် တရားရုံးတော်က သြဂုတ်လ ၁၃ ရက်နေ့သို့ ရက် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။


ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ညွှန်ချုပ်က “မမှန်ကန်သည့် သတင်းများကို Weekly Eleven ဂျာနယ်တွင် ရေးသား ဖော်ပြသည်” ဟုဆိုကာ တရား စွဲဆိုခဲ့ခြင်း ဖြစ်သည်ဟု ဂျာနယ်နှင့် နီးစပ်သည့် အသိုင်းအ၀ိုင်း အဆိုအရ သိရသည်။


စာပေစိစစ်ရေး အဆင့်ဆင့်ကို ဖြတ်ကျော်ပြီးနောက် ထုတ်ဝေခွင့် ရခဲ့သော Weekly Eleven ဂျာနယ်ကို ရှေးဟောင်း သုတေသန ဦးစီးဌာနမှ ယခုလို တရားစွဲဆိုမှု အပေါ် စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ နားမလည်ကြောင်းနှင့် လာမည့် တရားရုံး ရက်ချိန်းတွင် Weekly Eleven မှ စာပေ စိစစ်ရေး ဌာနကို သက်သေ အဖြစ် တရားရုံးတွင် တင်သွင်းရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ ဤကိစ္စနှင့်ပတ်သက်ပြီး Weekly Eleven မှ အယ်ဒီတာ တဦးက “အခြေအနေတွေကို ပြောဖို့ စောနေသေးတယ် ပေါ့နော်။ လောလောဆယ် မပြောနိုင်သေးပါဘူး။ အမှု ရင်ဆိုင်တုန်း မို့ပါ” ဟု မဇ္ဈိမကို ပြောသည်။


နေပြည်တော်ရှိ နအဖ ယဉ်ကျေးမှု ၀န်ကြီးဌာန လက်အောက်တွင် တည်ရှိသည့် ရှေးဟောင်း သုတေသန ဦးစီးဌာနကို အကျိုးအကြောင်း သိရှိရန်အတွက် ဆက်သွယ် မေးမြန်းရာတွင်လည်း တာဝန်ကျ ၀န်ထမ်းတဦးက “လူကြီးများ မရှိကြောင်းနှင့် မိမိတွင် ပြောရေးဆိုခွင့် မရှိကြောင်း” တုံ့ပြန် ပြောဆိုခဲ့သည်။

Monday, July 30, 2007

400 hopeless Burmese in Bangladesh prisons

0 comments
(မှတ်ချက်-
၁။ လွတ်ရက်စေ့ပေမယ့် ဘင်္ဂလားဒေ့ရှ်ထောင်တွေထဲမှာပဲ သောင်တင်နေရတဲ့ မြန်မာပြည်သားတွေအကြောင်းဗျာ။ ပြီးတော့ ဘီဘီစီသတင်းဟောင်းတပုဒ်လည်း တင်ပေးလိုက်တယ်။ စိတ်ဝင်စားသူများ ဆက်ဖတ်ဖို့။
၂။ ပင်လယ်ပြင်မှာ ယိုးဒယားတွေလည်း အဖမ်းခံရတာ ရိုးနေပြီ။ ထိုင်းအစိုးရက တယောက်မကျန် သွားထုတ်တာပဲ တဲ့။ ယိုးဒယားတွေများ တယ်ကံကောင်းသကိုး။
၃။ ကျနော်တို့ရဲ့အစိုးရ NCGUB က ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး နည်းနည်းပါးပါး ၀င်ပြောသင့်တာပေါ့။ အင်း - ပြောပြီးသားဖြစ်မှာပါ။ ကျနော်တို့အစိုးရက လူတွေကို တန်ဖိုးထားတဲ့ အစိုးရ မဟုတ်လား )

နိရဉ္စရာသတင်း
မြန်မာနိုင်ငံ အကျဉ်းသား ၄၀၀ အိမ်ပြန်ခွင့်မရ
ဇူလိုင်လ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။


ဘင်္ဂလာဒေခ်ျ့ အကျဉ်းထောင်ထဲတွင် ရှိနေသော လွတ်ရက်စေ့ မြန်မာနိုင်ငံသား အကျဉ်းသား ၄၀၀ မှာ မြန်မာစစ်အစိုးရက လက်ခံယူရန် ငြင်းဆန်နေသဖြင့် ရွှေပြည်တော် မျော်တိုင်းဝေး ဖြစ်နေကြရကြောင်း သတင်းရရှိသည်။

ထောင်အာဏာပိုင်သူ တဦးဖြစ်သူ ဗိုလ်မှူးချုပ် ဇာကီယာဟာဆန်က မြန်မာနိုင်ငံသား ၄၀၀ သာမက တခြားနိုင်ငံသား ၆၀၀ နီးပါးခန့်မှာလည်း သက်ဆိုင်ရာ နိုင်ငံများက လက်ခံရန် ငြင်းဆိုနေသဖြင့် အိမ်မပြန်နိုင်ဘဲ ဖြစ်နေကြရကြောင်း သတင်းထောက်များကို ပြောဆိုသည်။သူတို့မှာ လွတ်ရက်စေ့နေသဖြင့် ပြန်လည်လက်ခံယူဖို့ သက်ဆိုင်ရာ နိုင်ငံခြား သံရုံးများသို့ အကြောင်းကြားသော်လည်း သံရုံးများ အနေဖြင့် လက်ခံယူရန် စိတ်မ၀င်စားဘဲ ဖြစ်နေကြောင်း သူကပြောသည်။ထိုသို့ ဖြစ်နေခြင်းမှာလည်း နိုင်ငံခြားမှ ထောင်ကျနေသူများတွင် သက်ဆိုင်ရာ နိုင်ငံသား ကဒ်ပြားနှင့် ခိုင်လုံ၍ အထောက်အထားမရှိ၍ ဖြစ်ကြောင်း သူကပြောဆိုသည်။ သို့အတွက် ဘင်္ဂလာဒေခ်ျ့ နိုင်ငံ အနေဖြင့် သူတို့ အစားအသောက် အတွက် နှစ်စဉ် တာကာငွေ ၁၀ သန်းကျော် အသုံးပြုနေကြရကြောင်း သတင်းရရှိသည်။


ယခုသက်ဆိုင်ရာတိုင်းပြည်များသို့ မပြန်နိုင်ဘဲ ဘင်္ဂလာဒေခ်ျ့ ထောင်များထဲတွင် ရှိနေသော ထောင်သားများမှာ မြန်မာနိုင်ငံသား ၄၀၀၊ အိန္ဒိယ နိုင်ငံသား ၂၀၀ နှင့် တခြားထောင်သားများမှာ ပါကိစ္စတန်၊ နီပေါ၊ မလေးရှား၊ ဆိုဒီးအရေဗီယား၊ ဂါနာနှင့် တန်ဇန်နီးယား နိုင်ငံများ ဖြစ်ကြသည်။ ထိုအထဲတွင် အမျိုးသမီး ၈ ဦးပါဝင်သည်။ ထိုအထဲတွင် အိမ်ရှင်နိုင်ငံများက လက်မခံသဖြင့် လွတ်ရက်စေ့သော်လည်း ထောင်ထဲတွင် နှစ်ပေါင်း ငါးနှစ်ထက် အထက် နေထိုင်နေရသူ နိုင်ငံခြားသား ထောင်သား ၃၀၀ နီးပါးခန့်ရှိကြောင်း ထောင်အာဏာပိုင်များက ပြောသည်။

ဘင်္ဂလာဒေခ်ျ့နိုင်ငံ အနေဖြင့် ၈၆၀၀၀ ခန့်ထောင်သားများ နေထိုင်ရေးအတွက် အဆောင်များ အလုံအလောက် မရှိသည့် အပြင် ဒက္ကားမြို့ ဗဟိုထောင်တွင်လည်း အကျဉ်းသား ၂၇၀၀ ထားရှိမည့်ရော၍ အကျဉ်းသား ၉၀၀၀ ကိုလက်ခံ ထားရှိကြောင်း ဇာကီယာ ဟာဆန်က ပြောသည်။ မြန်မာနိုင်ငံမှအကျဉ်းသား ၄၀၀ မှာ မြန်မာနှင့် ကပ်ရပ်တည်ရှိသော ကော့ဘဇားထောင်နှင့် ဘင်ဒရိုဘင်ထောင်များတွင် ရှိနေကြပြီး အများစုမှာ မြန်မာနိုင်ငံသို့ ပြန်ရမည့် ရက်ကို လက်ချိုးရေတွက်နေကြကြောင်း ကော့ဘဇားထောင်ထဲက များမကြာခင်က လွတ်လာသူ ကိုစံလုံးက ပြောသည်။

မြန်မာစစ်အစိုးရက လွန်ခဲ့သောနှစ်က အကျဉ်းသား ၂၀၀ နီးပါးခန့်ကို ပြန်လည် လက်ခံယူခဲ့သော်လည်း ယခုနှစ်မှ စ၍ တစုံတဦးကိုမျှ ပြန်လည် လက်ခံခြင်း မရှိသေးကြောင်း နယ်စပ်ဒေသက ပေးပို့သော သတင်းများ အရ သိရှိရသည်။
------------

Bangladesh-Burma prisoner switch

Ties improved with a visit last year by ex-Burma PM Khin NyuntBangladesh and Burma have exchanged nearly 200 prisoners held in each others' jails for crimes including trespassing and smuggling.
They were exchanged following a meeting between border forces of the two countries in Bangladesh's south-eastern town of Teknaf.
An official of the Bangladesh Rifles (BDR) said Bangladesh received 20 of its nationals and returned 172 Burmese.
Correspondents say such a large exchange is rare.

Muslim refugees
The BDR official said the prisoners included some who had been held for nearly a decade.
About 600 people from Burma and Bangladesh are still imprisoned.
Relations between the neighbours, who share a 320km (200 mile) border, have improved since a visit to Bangladesh by then Burmese Prime Minister Khin Nyunt last year.
Relations between the two countries became strained in the early 1990s when more than 250,000 Burmese crossed into Bangladesh alleging military persecution.
Most of the refugees, from the minority Rohingya Muslim community, have since returned, but about 20,000 still remain in camps in south-eastern Bangladesh.
Officials in Dhaka say they want a full repatriation of the refugees, but several rounds of talks between the two countries have yielded no result.

SPDC agrees to regional human-rights body

0 comments
ဒေသတွင်းလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းရေး စစ်အစိုးရသဘောတူ
ရိုးမ ၃။ ဇူလိုင် ၃၀၊ ၂၀၀၇


အာစီယံဒေသတွင်း လူ့အခွင့်အရေးအခြေအနေများကို ကိုင်တွယ်ရန် လူ့အခွင့်အရေးကော်မရှင် တရပ် ဖွဲ့စည်းရေးကို မြန်မာစစ်အစိုးရက သဘောတူညီလိုက်သည်။

ယနေ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် စတင်ကျင်းပနေသည့် အာစီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမတိုင်မီ အကြိုတွေ့ဆုံဆွေးနွေးစဉ် စစ်အစိုးရက ကန့်ကွက်ခဲ့ရာမှ ယနေ့ဆွေးနွေး ပွဲတွင် သဘောတူညီလိုက်ခြင်းဖြစ်သည်။

အာစီယံအဖွဲ့ဝင်နိုင်ငံများသည် အာစီယံပဋိညာဉ်စာတမ်းအား ယခုကျင်းပနေသည့် နိုင်ငံခြားရေး ၀န်ကြီးများ ဆွေးနွေးပွဲတွင် အပြီးသတ်တင်သွင်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး အဆိုပါ ပဋိညာဉ် စာတမ်းအတွင်း လူ့အခွင့်အရေးအခြေအနေများအား ဒေသတွင်းနိုင်ငံများက လေ့လာ စောင့်ကြည့် စစ်ဆေးနိုင်မည့် ကော်မရှင်တရပ် ဖွဲ့စည်းရေးကဏ္ဍလည်း ပါဝင်မည်ဖြစ်သည်။

အာစီယံအနေဖြင့် မတူညီသည့် အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံရေးစနစ်များအကြား သဘောတူညီမှု ရရှိရန် အခြေအနေမှာ ခက်ခဲသော်လည်း ဥရောပသမဂ္ဂကဲ့သို့ ကျစ်လစ်ခိုင်မာသည့် ဒေသတွင်း အစုအဖွဲ့ဖြစ်လာရေးကို အစဉ်တစိုက် ကြိုးစားနေဆဲပင်ဖြစ်သည်။

ဒေသတွင်းနိုင်ငံများအတွင်း လူ့အခွင့်အရေးအခြေအနေများအား ကိုင်တွယ်ရန် လူ့အခွင့်အရေး ကော်မရှင်ဖွဲ့စည်းရေးအဆိုကို ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာစစ်အစိုးရတို့က ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

ယခုကျင်းပနေသည့် အာစီယံပဋိညာဉ်စာတမ်းအား ညှိနှိုင်းမှုများပြီးစီးပါက ယခုနှစ် နိုဝင်ဘာလ စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် အာစီယံထိပ်သီးဆွေးနွေးပွဲတွင် အတည်ပြုကာ လာမည့်နှစ်ကုန် ပိုင်းတွင် အာစီယံအဖွဲ့ဝင်နိုင်ငံများအားလုံး အဆိုပါပဋိညာဉ်စာချုပ်အား လက်မှတ်ရေထိုးကြ ရမည်ဖြစ်သည်။ စစ်အစိုးရအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေများ တိုးတက်အောင် ပြောဆိုတိုက်တွန်းချက်များကို မျက်ကွယ်ပြုထားသည့်အပြင် နိုင်ငံရေးအရ တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ညှဉ်းပန်းလျှက်ရှိရာ ယခုလ (၂၄) ရက်နေ့တွင် လူ့အခွင့်အရေးလှုပ်ရှားသူ
(၆)ဦးကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

bird flu related news

0 comments
မွန်ပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါပိုးတွေ့ရှိ

ဧရာဝတီ ဇူလိုင် ၃၀၊ ၂၀၀၇


မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ ဥစားကြက်ခြံတခြံနှင့် အသားစားကြက်တခြံတို့တွင် H5N1 ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိကြောင်းကို မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ ဈေးတဈေးရှိ ကြက်သားရောင်းသူတစ်ဦး ဓာတ်ပုံ - AFP

လွန်ခဲ့သည့်အပတ် အစောပိုင်းက ဒေသခံမွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက သံဖြူဇရပ်မြို့နယ်
အတွင်းရှိ မွေးမြူရေးကြက်ခြံများသို့လိုက်လံစစ်ဆေးစဉ် အဆိုပါ ကြက်ခြံနှစ်ခြံတွင် H5N1 ကြက်ငှက်တုပ်ကွေးရောဂါပိုးကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

၎င်းကြက်ခြံနှစ်ခြံက ကြက်ကောင်ရေ ၃၀၀ ကျော်ကိုလည်း ရောဂါလက္ခဏာများ တွေ့ရသဖြင့် ဖျက်ဆီး သုတ်သင်လိုက် ကြောင်း သတင်းစာကဆိုသည်။

လွန်ခဲ့သည့်ဇွန်လကလည်း ပဲခူးတိုင်းအတွင်းရှိ ပုဂ္ဂလိက ပိုင်ကြက်ခြံတခြံတွင် H5N1 ကြက်ငှက်တုပ်ကွေး ရောဂါပိုး တွေ့ရှိခဲ့သည်။ မတ်လကုန်ပိုင်းတွင်မူ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်ရှိ ထောက်ကြံ့တွင် ရောဂါပိုး တွေ့ရှိခဲ့ပြီး ကြက်ကောင်ရေ ၉၀၀ ကျော် သေဆုံးခဲ့သည်။

ယခုပြုလုပ်ခဲ့သည့် ဒေသခံမွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ စစ်ဆေးချက်များအရ ရောဂါပိုးတွေ့ရှိခဲ့သော ကြက်ခြံနှစ်ခြံမှ အပ အခြားကြက်ခြံ ၆၅ ခြံတွင် ရောဂါလက္ခဏာမတွေ့ရကြောင်းကိုလည်း သတင်းစာတွင် ဖော်ပြထားသည်။

ဒေသခံမွေးမြူရေးနှင့်ကုသရေးလုပ်ငန်းဦးစီးဌာနက ရောဂါစူးစမ်းရှာဖွေရေးနှင့် ကာကွယ်ထိမ်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြက်၊ ဘဲ၊ ငုံး မွေးမြူရေးခြံများကို နှိုးဆော်ထားသည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ စာရင်းများအရ ကမ္ဘာပေါ်တွင် H5N1 ရောဂါပိုးကြောင့်သေဆုံးသူ ၃၁၉ ဦး ရှိခဲ့ပြီး ၎င်းတွင် မြန်မာနိုင်ငံ မပါဝင်ပေ။

Sunday, July 29, 2007

We can't go back to Burma yet: said Padaung refugees

0 comments

(ဘလော့ဂါမှတ်ချက်
၁။ ၁၉၃၇ နိုဝင်ဘာ လန်ဒန်ရောက် ပဒေါင်တိုင်းရင်းသားတချို့ရဲ့ပုံဗျာ။ ကရင် ၀က်ဘ်ဆိုက် တခု ကနေ ရတယ်။
၂။ ဓာတ်ပုံထဲက အမျိုးသမီးတစ်ဦးဟာ နတ်စိမ်းမြေမှသည် (Land of Green Ghosts) စာအုပ်ရေးသားသူ ပါစကယ်ခူးသွယ် Pascal Khoo Thwe ရဲ့ အဖွားဖြစ်တယ်လို့ ဆိုတယ်။ မြန်မာပြည်က သစ်ကုလားအုပ်လည်ပင်းပိုင်ရှင် တော်ဝင် ပဒေါင်အမျိုးသမီးတွေ (Royal Padaung Giraffe-Neck Women From Burma) လို့ ကြော်ငြာထဲ ပါပါတယ်။

၃။ အောက်က သတင်းက နည်းနည်းဟောင်းနေပြီဆိုပေမယ့် မဖတ်ရသေးရင် အသစ်မဟုတ်လား။ သိထားရတာပေါ့ဗျာ။)

သတင်း - မဇ္ဈိမသတင်းဌာန
မြန်မာပြည်သို့ မပြန်နိုင်သေးဟု ပဒေါင်များက ပြော
ဖနီဒါ
ဇူလိုင် ၅ ရက်၊ ၂၀၀၇ ခုနှစ်။


ဒုက္ခသည် ပဒေါင် လူမျိုးများကို မြန်မာပြည်သို့ ပြန်ပို့ရန် မြန်မာ စစ်အစိုးရက ထိုင်းအာဏာပိုင်များသို့ မကြာသေးခင်က တောင်းဆိုခဲ့သော်လည်း ပဒေါင်များက မြန်မာပြည်တွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အခွင့်အရေး မရမချင်း မပြန်နိုင်ကြောင်း ပြောဆို လိုက်ကြသည်။

၁၉၈၉ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင်အတွင်း ၀င်ရောက်လာပြီး နမ်းဆွယ် ခေါ် ကရမ်းသာယာ၊ ဟွေ့စုထောက်နှင့် ဟွေပိုးကဲ ကျေးရွာများ တည်ဆောက်ပြီး လူဦးရေ ၆၀၀ ခန့် ရှိသော မြန်မာနိုင်ငံသား စစ်ပြေး ဒုက္ခသည် ပဒေါင် လူမျိုးများကို ပြန်ပို့ရန် အတွက် မကြာခင်းခင်က ကျင်းပခဲ့သည့် ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ် အာဏာပိုင်များ အစည်းအဝေးတွင် မြန်မာ စစ်အစိုးရ ဘက်က တောင်းဆိုခဲ့သည်ကို ပဒေါင်များက မပြန်နိုင်ကြောင်း ပြောဆို လိုက်ကြခြင်း ဖြစ်သည်။

“ကျမတို့ ထိုင်းနိုင်ငံကို ထွက်လာရတယ် ဆိုတာ စီးပွားရေး အတွက် လာတာ မဟုတ်ဘူး။ စစ်ကြောင့် ထွက်ပြေး လာရလို့ ဒီကို ရောက်လာကြတယ်။ ဆိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် မိမိနိုင်ငံကို ပြန်ပို့မယ် ဆိုတာက မဖြစ်နိုင်ဘူးလို့ ကျမထင်တယ်။ မြန်မာ အစိုးရက လှဲ့ကွက် ဆင်တယ်လို့ ထင်တယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပဒေါင် လူမျိုးတွေဟာ သူတို့တွေ အတွက် တိုးရစ် (နိုင်ငံခြားသား ခရီးသည်) တွေ လာကြည့်နိုင်ဖို့ ပြန်ပြီး လိုချင်တာ ဖြစ်နိုင်တယ်” ဟု အမည် မဖော်လိုသူ ပဒေါင် အမျိုးသမီး တဦးက ပြောသည်။

ဟွေ့ပိုးကဲ ရွာသား တဦးကလည်း “ပြန်ပို့မယ် ဆိုရင်တောင် ဘယ်လိုပဲ ဖြစ်ဖြစ် ပြန်ပို့နိုင်တဲ့ အနေအထား မရှိဘူး။ ပြန်သွားမယ် ဆိုရင်တော့ သိပ်မဝေးဘူး။ ဒါပေမဲ့ ထိုင်းနယ်မြေ ဖြစ်တဲ့ ဟွေ့ပိုးကဲမှာ ရွာသားတွေက အိမ်ခြေပေါင်း ၂၀ လောက် အခြေချ ဆောက်လုပ် နေပြီးပြီ” ဟု ဆိုသည်။ ကမ္ဘာလှည့် ခရီးသွားများမှ စိတ်ဝင်တစား လာရောက် ကြည့်ရှုလိုသည့် လည်ပင်းရှည် ပဒေါင် လူမျိုးများသည် ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ အစောင့်အရှောက်ခံ အဖြစ် ရပ်တည်ကာ နေထိုင် နေကြသည်။ UNHCR က ထိုင်း အာဏာပိုင်တွေရဲ့ လက်အောက်မှာ အကန့်အသတ်နဲ့ အလုပ် လုပ်နေရတဲ့ အတွက် ကျမတို့ ဒုက္ခသည် ဖြစ်ပေမယ့် စခန်းအပြင်မှာ ရောက်နေတော့ သူတို့လည်း တာဝန် မယူနိုင်ဘူး။

ထိုင်းဘက်မှာဆိုရင်လည်း သူတို့လိုမျိုး ခံစားခွင့်လည်း မရပြန်ဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ ကျမတို့က သူများ နိုင်ငံမှာ၊ သူများ ရွာမှာ သွားနေပြီးမှ ဟိုမရောက် ဒီမရောက် ဖြစ်နေကြတယ်။ အခု ဘယ်အချိန်မှာ ဘယ်ကို ပြောင်းရွှေ့ရမယ် ဆိုတာလည်း အတိအကျ မသိရပါဘူး” ဟု ပဒေါင် အမျိုးသမီးက ပြောသည်။

ပဒေါင်များက UNHCR အနေဖြင့် တစုံတရာ အကူအညီ မပေးနိုင်သလို တတိယ နိုင်ငံသို့ ထွက်ခွါ သွားနိုင်မည့် အလားအလာလည်း မရှိသည့် အတွက် ပြန်မပို့လျှင်လည်း UNHCR ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် စောင့်ရှောက် ကူညီမှုများ၊ အာရုံ စိုက်မှုများ လိုအပ်သလို၊ ပြန်ပို့မည် ဆိုလျှင်လည်း လုံခြုံရေး အာမခံရန် လိုအပ်ကြောင်းနှင့် သူတို့ အနေဖြင့် မြန်မာပြည်တွင် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ အခွင့်အရေးများ ရရှိမှသာ ပြန်လို ကြကြောင်း ပြောဆို ကြသည်။ ယခုအခါ လုံခြုံရေး အခြေအနေ အရ ခရိုင် အာဏာပိုင်များသည် ပဒေါင် ကျေးရွာ ၃ ရွာကို တရွာထဲ အဖြစ် စုပေါင်း နေထိုင်စေရန် ပြင်ဆင်မှုများ ပြုလုပ် နေကြောင်း သိရသည်။

good news from Singapore

0 comments
ဆောင်းပါး - မဇ္ဈိမသတင်းဌာန

လမ်းပြကြယ် စာကြည့်တိုက် (စင်္ကာပူ)
မောင်သာမန်

၃ လ ကြာသော အပတ်စဉ်ဆွေးနွေးမှု၊ ရံပုံငွေ ရှာဖွေမှုနှင့် မလျော့သော လုံ့လဖြင့် စာအုပ်စာပေ၊ စုဆောင်း စီစဉ်မှုများကြောင့် ဧပြီလ ၂၈ ရက်၊ ၂၀၀၇ မှာ စင်္ကာပူရှိ မြန်မာများ၏ စုရပ်ဖြစ်သော ပင်နီစူလာ #05-12A ၅ ထပ်တွင် လမ်းပြကြယ် စာကြည့်တိုက်လေး တခုကို စတင်ပြုစုပျိုးထောင်ခဲ့ပါပြီ။ အထူးသဖြင့် နိုးကြား၊ အားအင် ပြည့်ဝသော လူငယ်များ၏ ဆောင်ရွက်မှု၊ စည်းရုံးမှုများနှင့် လူကြီးအချို့၏ လူအား၊ ငွေအား၊ အကြံဉာဏ်၊ တာဝန်ယူပေးမှု များကြောင့် ဖြစ်ပေါ် လာရခြင်း ပင်တည်း။

ပင်နီစူလာ အနီးရှိ� “၉၉ ကဖေး” စုရပ်၌ အပတ်စဉ် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ခြင်း၊ စာအုပ်များ စုဆောင်း အလှူခံခြင်း၊ လုပ်အားပေးများ စည်းရုံးခြင်း၊ မြန်မာပြည်နှင့် ဆက်သွယ်ပြီး စာအုပ်များ ၀ယ်ယူခြင်း၊ စာအုပ် စုပေါင်းချုပ် လုပ်ခြင်း၊ စာအုပ် စာရင်းများ ပြုလုပ်ခြင်း စသည့် လုပ်ငန်း ကလေးများဖြင့် လမ်းပြကြယ် စာကြည့်တိုက်ကို အခြေတည် ခဲ့ရသည်။
လမ်းပြကြယ်အဖွဲ့သား အားလုံးမှာ စင်္ကာပူတွင် အလုပ် လုပ်ကိုင်နေသူများ ဖြစ်သောကြောင့် မိမိ အသက်မွေးအလုပ် လုပ်ကိုင်ရင်း ကိုယ်ပိုင် အချိန်များတွင် စင်္ကာပူရောက် မြန်မာများကို ပြည်တွင်း၊ ပြည်ပ ထုတ်ဝေသော မြန်မာ စာအုပ်များ ငှားရမ်း စေရေး၊ ဖတ်ရှု စေရေးနှင့် ပိုမိုသော ရည်ရွယ်ချက် များမှာ ကြီးမားလှပါသည်။ လူတိုင်း မိမိ ကြိုက်နှစ်သက်သော စာအုပ်ကောင်းများကို� ကိုယ်ပိုင် အဖြစ် ၀ယ်ယူ သိမ်းဆည်း ထားလေ့ ရှိပါသည်။

ထို့ထက်ပို၍ အခြား မိတ်ဆွေများကို ပြောပြ၊ ညွှန်ပြပြီး ငှားရမ်း ပေးခြင်းမှာ မွန်မြတ်လှသည့် ကုသိုလ်ဒါန တခုလည်း ဖြစ်ပါသည်။ စင်္ကာပူတွင် ရောက်ရှိနေသော မြန်မာများတွင် စာကြည့်တိုက် လုပ်ငန်း လုပ်ခဲ့ဖူးသူ အများအပြား ရှိပါသည်။ ထိုသူများ ကျေးဇူးကြောင့် တိုပါးရိုး မြန်မာ ဘုန်းကြီးကျောင်း မြေအောက်ထပ်ရှိ စာကြည့်တိုက် တခု ဖြစ်လာခဲ့ပါသည်။ သို့သော်လည်း ထို စာကြည့်တိုက်တွင် စာအုပ် ငှားရမ်းခြင်းကို မလုပ်ပေးနိုင်ဟု သိရသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော် ကတည်းက ၀ါသနာရှင် မြန်မာများ စင်္ကာပူတွင် အလုပ် လာလုပ်ရင်း၊ မိမိ စာအုပ်များကို ကျောပိုးအိတ်ဖြင့် ထည့်ကာ မိတ်ဆွေ၊ စာပေ ၀ါသနာရှင် များကို ငှားရမ်း ပေးသူပင် ရှိခဲ့သည်။ ယခု ထိုသူသည် မြန်မာပြည်သို့ အပြီး ပြန်သွားပြီ ဖြစ်သည်။

အလားတူ ၁၉၉၇ နောက်ပိုင်းတွင် မြန်မာ လူငယ်များ စင်္ကာပူသို့ ပိုလီတက်ကနစ် ၃ နှစ် ဒီပလိုမာ လာရောက် ပညာ သင်ကြားသော အခါ ၀ါသနာရှင် ကျောင်းသား များသည် မိမိတို့ သက်ဆိုင်ရာ ပိုလီ ကျောင်းများ ဖြစ်သော နီးအန်း၊ အက်စ်ပီ၊ နန်ယန်း၊ တီမားဆက် စသည်တို့တွင် သေတ္တာ စာကြည့်တိုက် ကလေးများဖြင့် တဦးနှင့် တဦး ဆက်သွယ်ကာ စာအုပ် ငှားခဲ့ဖူး ကြသည်။ ၁၉၉၇ နောက်ပိုင်းတွင် စင်္ကာပူ ပင်နီစူလာ ပလာဇာတွင် မြန်မာ လုပ်ငန်းရှင်ဆိုင်များ ဖွင့်လာသောအခါ လူအများ မိမိဆိုင်တွင် လာရောက်ရေး အတွက် ဆိုင်တိုင်း လိုလိုပင် စာအုပ်၊ မဂ္ဂဇင်း၊ စာစောင်များကို တင်ပြ ရောင်းချ ရပါသည်။ အချို့ ဆိုင်များမှာ စာအုပ် ငှားရမ်းခြင်း လုပ်ငန်းကို စာကြည့်တိုက် ပုံစံ လုပ်ဆောင် လာပါသည်။

ယခု ၂၀၀၆ ခုနှစ်တွင် စာအုပ် ငှားရမ်း ပေးသော စာအုပ်ဆိုင်များ အနက် ဒဏ္ဍာရီ ဆိုင်မှာ နာမည်ကြီး ပါသည်။ အခြားဆိုင်များမှာ မော်လမြိုင်၊ မြသရဖူ၊ ရှမ်းတောင်တန်း၊ မန်းစတား စသည်တို့ ဖြစ်ကြသည်။� စာအုပ်စာပေ ၀ါသနာကြီးပြီး၊ မြန်မာများ နိုးကြား၊ ဗဟုသုတရ စေလိုသူများသာ စာအုပ် ငှားရမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင် ကြပါသည်။ စီးပွားရေးအရ တွက်သား ကိုက်အောင် စာအုပ်ငှား လုပ်ငန်း လုပ်ခြင်းမှာ မလွယ်ပါ။ ထို့ကြောင့် စာကြည့်တိုက် ဆိုသည်မှာ နိုင်ငံ အစိုးရ၊ တက္ကသိုလ်၊ ကျောင်းများ၊ ကုမ္မဏီများ၊ အဖွဲ့အစည်းများနှင့် အများအကျိုး လုပ်သော သဘော သက်ရောက်ပါသည်။

လမ်းပြကြယ် စာကြည့်တိုက် ဖွင့်ပွဲကို မေလ ၁ ရက်၊ ၂၀၀၇ (မေဒေး - ကမ္ဘာ့ အလုပ်သမားနေ့)� လာရောက် အားပေးကြသူများတွင် အိုးဝေ နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့ဝင်များ (www.owaysingapore.com)၊ ဘားမား အက်ရှင် (စင်္ကာပူ) အဖွဲ့ဝင်များ၊� အင်တာနက် လူငယ် အီးမဂ္ဂဇင်း ဖြစ်သော သံလွင် အိပ်မက် အဖွဲ့ဝင်များ (www.thanlwin.com)၊ မင်္ဂလာ အင်တာနက်၊ လူမှုရေး လှုပ်ရှားသည့် မြန်မာ ကလပ် အဖွဲ့ဝင်များ၊ စင်္ကာပူထုတ် ရွှေမြန်မာ မဂ္ဂဇင်း ကလောင်ရှင်များ၊ မကြာမီက ပြီးစီး သွားသော ရန်ကုန် စက်မှု တက္ကသိုလ် ဆရာ ကန်တော့ပွဲ ကော်မတီဝင် အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သူနာပြုများ၊ အလုပ်သမားများ၊ ပင်နီစူလာရှိ စီးပွားရေး လုပ်ငန်းရှင်များ စသဖြင့် မိတ်ဆွေ ၂၀၀ ခန့် လာရောက် ကြည့်ရှု အားပေး ကြပါသည်။ စာကြည့်တိုက် ကလည်း ကြာဇံဟင်း၊ လက်ဖက်ရည်၊ ဆနွမ်းမကင်း၊ ရွှေရင်အေး၊ မုံ့ဖက်ထုပ်၊ ရေနွေးကြမ်း စသည်တို့ဖြင့် ကျွေးမွေး ဧည့်ခံ ခဲ့ပါသည်။

ပထမ အပတ်တွင်ပင် အသင်းဝင် ၂၀၀ ကျော် စာအုပ်များ ငှားရမ်း သွားကြပါသည်။ အသင်းဝင်ကြေးမှာ ၆ လ အခမဲ့ ငှားရမ်းခွင့် အတွက် စင်္ကာပူ ၁၀ ဒေါ်လာ ဖြစ်သည်။ စာအုပ်ကို ၂ ပတ်အထိ ငှားရမ်းခွင့် ရှိပြီး လာရောက် မအပ်နိုင်ပါက တယ်လီဖုန်း ၆၃၃၇၁၅၆၉ သို့ ဆက်သွယ် ပြောကြား နိုင်ကြောင်း၊� အပတ်စဉ်တိုင်း စနေနေ့ ၂ နာရီမှ ည ၉ နာရီ အထိနှင့် တနင်္ဂနွေနေ့ ဆိုလျှင် နေ့ခင်း ၁၂ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ကြောင်း၊ စာအုပ် ၅၀၀ ခန့်နှင့် မဂ္ဂဇင်း ၁၀၀ ကျော်ဖြင့် စတင် ဖွင့်လှစ် ခဲ့ပြီး၊ တပတ် အကြာတွင် စာကြည့်တိုက်ပိုင် ၀ယ်ယူသော စာအုပ်နှင့် စေတနာရှင်များ လှူဒါန်းသော စာအုပ် စုစုပေါင်း တထောင်ကျော် အထိ တိုးပွား လာသည်။ မဂ္ဂဇင်းများမှာလည်း ၃၀၀ ကျော် ဖြစ်လာပါသည်။ စာအုပ်ကောင်းများ ဆက်လက် တိုးပွားရေးကို ဦးတည်မည် ဖြစ်သည်ဟု သိရပါသည်။

စာကြည့်တိုက်သည် ၀ါသနာရှင်များ၏ လုပ်အား ပေးမှုနှင့် စာအုပ် လှူဒါန်းမှု များဖြင့် အဓိက ရပ်တည်ပါသည်။ ကုန်ကျစရိတ် များကို အသင်းဝင်များ၏ အသင်းဝင်ကြေး အားဖြင့် လည်းကောင်း၊ စေတနာရှင်များ၏ လှူဒါန်း ပါဝင်မှုများဖြင့် လည်းကောင်း ရပ်တည်ကြောင်း၊ မည်သည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်း အတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မြန်မာများ လွတ်လပ်စွာ စာအုပ်စာပေ ဖတ်ရှုရေး အတွက် အတွေးအခေါ်၊ သုတ-ရသ၊ နည်းပညာ၊ ခေတ်ပြိုင်၊ သမိုင်း စသည့် စာအုပ်ကောင်းများကို အဓိက ရည်ရွယ်ကြောင်း သိရပါသည်။ စာကြည့်တိုက် အသင်းဝင်များ အတွက် သတင်းကောင်းများကို www.thanlwin.com/polaris� အင်တာနက်တွင် ကြည့်ရှု နိုင်ပါသည်။

အင်္ဂလိပ်စာဖြင့် Polaris Burmese Library ၊� မြန်မာဘာသာဖြင့် ရောင်ခြည်ဖြာ ထွက်သော “လမ်းပြကြယ် မြန်မာ စာကြည့်တိုက်” ဖြစ်သည်။ လုပ်အား ပေးလိုသူများ အနေဖြင့် စာကြည့်တိုက် ကော်မတီသို့ ဆက်သွယ်၍ လည်းကောင်း၊ စာကြည့်တိုက် ဖွင့်သော စနေ၊ တနင်္ဂနွေတွင် ကိုယ်တိုင် လာရောက်ပြီး လုပ်အားပေးခြင်း၊ အကြံဉာဏ်၊ စာအုပ် လှူဒါန်းမှု၊ စာအုပ်စာရင်း သွင်းခြင်းများ လုပ်ဆောင် နိုင်ပါသည်။ ၂၀၀၃ ခုနှစ် မေလ က ဒေါ်အောင်ဆန်း စုကြည် မုံရွာမြို့တွင် မိန့်ခွန်း ပြောခဲ့ပါသည်။� “ဒီမိုကရေစီ ရရှိခြင်းနှင့် ဆက်လက် ထိန်းသိမ်းခြင်းကို့ ဥပမာ အားဖြင့် နိုင်ငံခြားတွင် အိမ်ဝယ်လျှင် အိမ်တန်ဖိုးထက်၊ အိမ်ကို ရေရှည် ထိမ်းသိမ်းရန် လစဉ် ကုန်ကျမည့် စရိတ်ကို ဦးစားပေး ကြည့်ကြကြောင်း၊ ဒီမိုကရေစီကို ရေရှည် ထိန်းသိမ်းရေးမှာ ပိုအရေးကြီးကြောင်း၊ လူတိုင်း ဒီမိုကရေစီကို နားလည်ပြီး၊ ကျင့်ကြံနိုင်မှ လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီ စနစ် မြန်မာနိုင်ငံတွင် တည်ဆောက် နိုင်ပြီး၊ ရေရှည် တည်တံ့နိုင်မည် ဖြစ်ကြောင်း” ပြောခဲ့ပါသည်။�

ထိုနည်းတူ မြန်မာ စီးပွားရေး ဆိုင်ပေါင်း ၆၀ ကျော် ရှိသော စင်္ကာပူ ပင်နီစူလာ ပလာဇာတွင် လွတ်လပ်သော မြန်မာ စာကြည့်တိုက် တခု စတင် တည်ထောင်ခဲ့ပြီ ဖြစ်သည်။ ရေရှည် တည်တံ့ရေးကို စာကြည့်တိုက် ကော်မတီနှင့် လုပ်အားပေး၊ ၀ါသနာရှင်များ အပေါ်တွင် တည်နေပါသည်။ လမ်းပြကြယ် မြန်မာစာကြည့်တိုက် လုပ်ငန်း ရည်ရွယ်ချက် အောင်မြင်ပါစေ။ လောကကို အလှဆင်မည့်သူ အလိမ္မာ စာမှာရှိ“လမ်း” ကို မမြင်၊ ဟိုဒီဝင်ထွက်ဆင်ခြင်မဲ့ မျက်မှောက်၊ အနာဂတ် မပျောက်အောင်စွမ်းဆောင်ချင်ကြ၊ သောမနဿ ဆန္ဒများ --- ၊“ပြ”သည့် လမ်းမှန်၊ ဘာသာပြန် ရသသုတခောတ်ပြိုင်၊ တွေးခေါ်နိုင်စေမျှဝေသမိုင်း၊ အတိုင်းမရှိ ဆန္ဒများ --- ၊“ကြယ်” ရောင်အလင်း၊ အဆင်းသဏ္ဌာန်အမြင်မှန်မှု၊ ဆန္ဒပြု၍ပေါင်းစုကြွေးကြော်၊ နှိုးဆော်အပ်ပါသည် --- ။“လမ်းပြကြယ်” သည်နေမင်းပမာ၊ သော်တာအလားမ၀င့်ငြားလည်း၊ သူ့နည်းသူ့ဟန်သူ့သဏ္ဌာန်ဖြင့်၊ သူသန်ရာမှဤလောကကို အလှဆင်လိုပါတကား --- ။ ။

Arrest & Torture in Karah state

0 comments
(ဘလော့ဂါမှတ်ချက် -
၁- ကန္တာရ၀တီတိုင်း(မ်) က သတင်းဗျာ၊ ကျေးလက်က ရွာသားတစ်ယောက် ဖမ်းခံရ နှိပ်စက်ခံရတာတွေက ရိုးနေပြီပဲ၊ ဘာများ သတင်းလုပ်စရာရှိသလဲလို့ပြောလည်း ပြောနိုင်ပါတယ်။ နို့ပေမယ့် ဒီလိုဖြစ်ရပ်မျိုး ရှိသလား လို့ မြို့ကြီးသား မြို့ကြီးသူများ အတွေးပွားနိုင်စေဖို့ ကော်ပီကူးပေးလိုက်ပါတယ်။
၂- တိုင်းရင်းသား လူမျိုးစုတွေရဲ့ မြန်မာစာအရေးအသားကလည်း ချီးကျူးစရာဗျာ။ ပြည်ပက သူ့နောင်တော် သတင်းဝက်ဆိုက်တွေထက်သာတာ တွေ့ရမယ်နော်။ အင်း - - - မနာလိုစရာတောင် ဖြစ်နေပြီ။)

ကေအဲန်ပီပီအား ကူညီသည်ဟု သံသယရှိသူ ရွာသား နှိပ်စက်ခံရ
မော်အဲမာ
ဇူလိုင်လ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။

ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး(ကလလတ) နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)တပ်တို့ အကြား တိုက်ပွဲဖြစ်ပွားစဉ် ကရင်နီ တပ်မတော်အား လမ်းပြအဖြစ် ကူညီဆောင်ရွယ်ပေးခဲ့သည်ဟု သံသယရှိထားသော ရွာသားတဦးအား မြန်မာစစ်တပ်များက ဖမ်းဆီး နှိပ်စက်ကြောင်း သတင်းရရှိသည်။

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ထျေးဘျားညေးရွာမှ အသက်-၄၇နှစ်ရှိ ညေးရယ်အား ယခုလ-၁၇ ရက်နေ့တွင် ခလရ-၄၂၇ မှ ၎င်းတို့၏ တပ်ထဲသို့ ဖမ်းဆီး ခေါ်ဆောင်သွား၍ ညှဉ်းပန်း နိပ်စက်ခြင်း ဖြစ်သည်။ “အဲဒီရွာသားကို KNPP နဲ့ အဆက်အသွယ် ရှိတယ်၊ KNPP ရဲ့ အမာခံ ဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ကလလတ တွေက လာခေါ်သွားတာ။ ခေါ်သွားတော့ သူတို့က အဲဒီရွာသားကို စစ်ဆေးမေးမြန်းတယ် ပြီး ရိုက်ပုတ်တယ်” ဟု ကရင်နီလူမှု ကယ်ဆယ်ရေးနှင့် ဖွံ့ဖြိုးရေးဌာနမှ တာဝန်ရှိသူ တဦးက ပြောပြသည်။ ပြီးခဲ့သည့်လက ကရင်နီတပ်မတော်နှင့် ကလလတတပ်ဖွဲ့ အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ကလလတ ဘက်မှ ထိခိုက်မှုများ ရှိခဲ့သည့် အတွက်ကြောင့် အဆိုပါရွာသား ညေးရယ်မှာ ကရင်နီတပ်မတော်အား လမ်းပြ ကူညီနိုင်ဖွယ်ရှိသည်ဟု ယူဆကာ စစ်တပ်တို့ ယခုလို နှိပ်စက်ခြင်းဖြစ်သည် ဟု ကေအဲန်ပီပီက ဆိုသည်။

ဤကိစ္စနှင့် ပတ်သက်၍ ကေအဲန်ပီပီမှ ပြောရေးဆိုခွင့်ရှိသူ ခူဦးရယ်က မြန်မာစစ်တပ်များသည် အကြောင်းအရင်း တခုခု ဖြစ်ပွားသည် ရှိခဲ့သော် ရွာသူရွာသားများကို စစ်ဆေးမေးမြန်းလေ့ ရှိကြောင်း၊ အမှန်တကယ် အပြစ်ရှိ ၊မရှိကို အသေအချာ စုံစမ်း စစ်ဆေးမှု မလုပ်ဘဲ ၎င်းတို့၏ စွပ်စွဲချက်အတိုင်း ရွာသားများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဖမ်းဆီးခေါ်ဆောင် သွားခြင်းများ ပြုလုပ်လေ့ရှိကြောင်း ပြောသည်။

ထျေးဘျားညေးရွာမှ ရွာသူရွာသားတို့၏ ပြောပြချက်အရ ညေးရယ်တွင် အပြစ်မရှိကြောင်း၊ ကေအဲန်ပီပီနှင့်လည်း အဆက်သွယ် မရှိကြောင်းဟု ဆိုသည်။ ညေးရယ်အား ဖမ်းဆီးနှိပ်စက်ပြီး ပြန်လွတ်လာခြင်း မရှိသေးဘဲ ဆက်လက် ထိန်းချုပ်ထားသည်ဟု သိရသည်။

Saturday, July 28, 2007

open letter to Aung San Oo

1 comments


(ဘလော့ဂါမှတ်ချက် - ဟစ်တိုင်ဝက်ဆိုက်က ဆောင်းပါးရှည်ကြီးဗျာ။ ပုံကတော့ အေအက်ဖ်ပီ ဓာတ်ပုံဆရာရဲ့ လက်ရာ။ လွတ်လပ်တဲ့အာရှအသံ ၀က်ဆိုက်ကနေ ကော်ပီကူးလိုက်တာ။)


ကိုအောင်ဆန်းဦးရေ...


ပုဂံသား
အမေရိကားက ခမ်းနားကြီးကျယ်တဲ့ ခင်ဗျားတို့ ဇနီးမောင်နှံရဲ့ အိမ်ကြီးထဲမှာ ခင်ဗျား ရှန်ပိန်သောက်ရင်း အလုပ်ကိစ္စတွေအပြင် ခင်ဗျား အမွေလုနေတဲ့ မြန်မာပြည်က တက္ကသိုလ်ရိပ်သာလမ်းအိမ်အကြောင်း စဉ်းစားနေမလား မပြောတတ်ဘူး။

ကျနော်တခါမှ မမြင်ဖူးတဲ့ ခင်ဗျားရဲ့ အိမ်ကို ခမ်းနားကြီးကျယ်တယ်လို့ ရဲရဲကြီး သုံးလိုက်တာက မြန်မာပြည်က မဂ္ဂဇင်းတွေမှာ ခင်ဗျားဇနီး ရေးတဲ့ ဆောင်းပါးတွေထဲက တပုဒ်ကြောင့်ပါ။ ကျမအမျိုးသားက အိမ်တလုံး ဘယ်လောက်ကောင်းကောင်း အဲဒီလမ်းထဲမှာ ရပ်ထားတဲ့ ကားတွေဟာ ကားစုတ်တွေဆိုရင် အဲဒီအိမ်ကိုမ၀ယ်ဘူးတဲ့။

ဒေါ်လဲ့လဲ့နွယ်သိန်း ခေါ် ကလောင်ရှင် မေတ္တာဦးက သူ့အမျိုးသားရဲ့ အဆင့်အတန်း ခွဲခြားတတ်ပုံကို ဂုဏ်ယူဝင့်ကြွားစွာ ရေးထား ပါတယ်။ အမေရိကားက `ကားစုတ်´ဆိုတာ ကျနော်တို့ မြန်မာပြည်က ချုံးချုံးကျ ကားအိုကြီးတွေလိုတော့ ဟုတ်မယ် မထင်ဘူး။ ဒီလိုကားမျိုးဆို ခင်ဗျားတို့ နိုင်ငံမှာ လမ်းပေါ်တောင် ရဲက အရောက်မခံဘူး ထင်တာပဲ။ အလုပ်ကြမ်းသမားတွေ၊ ကျောင်းသားလေး တွေတောင် အရစ်ကျ ငွေချေစနစ်နဲ့ ကားသစ်တစီး ၀ယ်နိုင်တဲ့ ခင်ဗျားနိုင်ငံမှာ ခင်ဗျားမကြိုက်တဲ့ ကားစုတ်ဆိုတာ ဘယ်လိုကားမျိုးလဲ ကျနော်တို့ မှတ်သားရအောင် ခင်ဗျားဇနီးကို နောက်ဆို ဓာတ်ပုံပါ ရိုက်ပြီး ဖော်ပြပေးဖို့ ပြောပေးပါဦးဗျာ။

အမေရိကားမှာ ကားစုတ်ပဲ ၀ယ်နိုင်တဲ့ လူတွေကို အိမ်နီးချင်း တော်ရမှာ စိုးလို့ ဒီလိုလူမျိုးတွေ ရှိတဲ့ လမ်းထဲက အိမ်ဆိုရင်တောင် ဘယ်လောက် ကောင်းကောင်း မ၀ယ်ဘူးဆိုတဲ့ ခင်ဗျားက မြန်မာပြည်က အိမ်စုတ်တလုံးကို ဘာလို့များ အမွေလုနေရတာလဲ ကိုအောင်ဆန်းဦးရေ။ ကျနော်တို့ အဘွားကြီးနေတဲ့ အဲဒီ တိုက်အိုကြီးကို ခင်ဗျား မက်မယ် မထင်ဘူး။ ခုနေ တအိမ်လုံး ခင်ဗျား ယူလိုက်ပါတော့လို့ ကာယကံရှင်က ဆင်းပေးလဲ ခင်ဗျား လာနေနိုင်မှာ မဟုတ်ဘူး။ မြန်မာပြည်က ဗွက်ထူ ခြင်ထူတယ်ဗျ။ ဒီတိုင်းပြည်မှာ မွေးပြီး ဒီတိုင်းပြည်မှာ ကြီးသွားပေမယ့် ခုလောက်ဆို ဖုံနံ့ မခံနိုင်၊ ခြင်မြင်မခံနိုင် ခင်ဗျား ဖြစ်နေရောပေါ့။

ခင်ဗျားဇနီးကတော့ မြန်မာပြည် ပြန်လာလည်တုန်းက ပြောရှာပါတယ်။ ခင်ဗျားတို့ ဇနီးမောင်နှံ ကိုယ်လာမနေနိုင်တဲ့ အိမ်တလုံးကို အမွေလှမ်းလုနေတဲ့ကိစ္စကို။ ဒီအိမ်ကို ရရင် ဒေါ်ခင်ကြည်ပြတိုက် ဖွင့်မလို့ပါတဲ့။

ကျနော်တို့ အာဇာနည် ခေါင်းဆောင်ကြီးကတော် အသည်းအသန် ဖြစ်နေတုန်းက ခင်ဗျားတို့ လင်မယား တခေါက်ကလေးမှ လာကြည့်ဖော် မရပါလားဗျာ။ ဒေါ်ခင်ကြည်ဟာ မမာမကျန်းဘ၀နဲ့ လပေါင်းများစွာ ကြာပြီးမှ ဆုံးသွားတာပါ။ ခင်ဗျားတို့ အမေ၊ ယောက္ခမကို လာကြည့်ချင်သပဆို လာဖို့ အချိန်တွေအများကြီး ရှိပါတယ်။ ဒေါ်စုလို အနီးကပ် ပြုစုစောင့်ရှောက်ပေးဖို့လောက်ထိ မပြောသေးဘူးနော်။ ဧည့်သည်တွေ့ လာတွေ့ချင်ရင်တောင် လာတွေ့ဖို့ အချိန်တွေ အများကြီးပါ။ အလုပ်များလို့ အချိန်မရှိဘူးလို့တော့ ခင်ဗျား မပြောနဲ့လေ။ အမွေလုဖို့ အမှုဖွင့်ပြီးမှ ခင်ဗျားတို့ ဇနီးမောင်နှံ မြန်မာပြည်ကို အလည်အပတ်ဆိုပြီး အတောမသတ် လာနေတာကျတော့ အချိန်တွေ ဘယ်က ပြန်ထွက်လာလဲ။ တချိန်တုန်းက အဝေးကနေ နှစ်တိုင်း ပန်းခြင်းလေး တခြင်းပဲ မသဒ္ဓါရေစာ လှမ်းပို့နေကျ ခင်ဗျားအဖေရဲ့ အာဇာနည်နေ့မှာ ခုမှ ဘာလို့ လင်မယားတွဲပြီး ပန်းခွေတွေချပြ၊ ဓာတ်ပုံအရိုက်ခံပြီး အစိုးရ သတင်းစာတွေမှာ ထည့်ကြ လုပ်နေတာလဲ။

ဒေါ်ခင်ကြည် လရှည် မမာတုန်းက မလာခဲ့တဲ့ ခင်ဗျားတို့ လင်မယား ဒေါ်ခင်ကြည်ဆုံးပြီဆိုမှ ရောက်ချလာတယ်။ ရက်လည်တဲ့အထိပဲ နေပြီး ချက်ချင်း ပြန်သွားတယ်။ ဒေါ်ခင်ကြည် ဆုံးတာ ၈၈ ဒီဇင်ဘာလကုန်ပိုင်းကပါ။ ၈၈ အရေးအခင်းပြီးလို့ လူတွေ ထောင်ချီ သေရတာ လပိုင်းလေး ရှိသေးတယ်။

မင်္ဂလာဒုံ လေဆိပ်ကို ခင်ဗျားရောက်တော့ ခင်ဗျား ပထမဆုံး ပြန်ရှူရတဲ့ ကျနော်တို့ နိုင်ငံလေထဲမှာ သွေးညှီနံ့တွေ ပါတယ်လို့ မထင်မိဘူးလားဗျာ။ အဲဒီအချိန်က ခင်ဗျားအမေအိမ်ကမှ မသာအိမ် မဟုတ်ပါဘူး။ မြန်မာတပြည်လုံးကိုယ်နှိုက်က ကိုယ့်လူမျိုးတွေ သောက်သောက်လဲ သေထားရတဲ့ မသာအိမ်ကြီးပါ။ ဒီမသာအိမ်ကြီးကို ပြန်လာပြီး မသာရှင် မြန်မာလူမျိုးတွေကို ၀မ်းနည်းစကားလေး တချက်တောင် အားပေးနှစ်သိမ့်ဖော် မရဘဲ ခင်ဗျား ချက်ချင်း ပြန်ထွက်သွားတယ်နော်။

ခင်ဗျားဟာ ကျနော်တို့အတွက် အိမ်ရှေ့မင်းသားတပါး ဖြစ်ခဲ့ပါတယ် ကိုအောင်ဆန်းဦး။ ၈၈ အရေးအခင်းဖြစ်ခါနီးမှာ ကျနော်တို့ မင်းလောင်းလို မျှော်ခဲ့ကြတာ ခင်ဗျားကိုပါ။ ဒေါ်စု မဟုတ်ခဲ့ပါဘူး။ အင်္ဂလန်ဟာ ကျနော်တို့ကို ကျူးကျော်ခဲ့တဲ့ ကိုလိုနီလုပ်ခဲ့တဲ့ နိုင်ငံဆိုတဲ့ အငြှိုးနဲ့ အင်္ဂလိပ်ကို လက်ထပ်ထားတဲ့ ဒေါ်စုအပေါ် ကျနော်တို့ မမျှော်လင့်ခဲ့ကြဘူး။ ကျနော်တို့ ဗိုလ်ချုပ်ရဲ့ သားကြီးသြရဿ ခင်ဗျားဟာ ခေါင်းဆောင်ငတ်နေတဲ့ မြန်မာပြည်ကို ပြန်လာပြီး ကယ်တင်မှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ခင်ဗျားကို ကျနော်တို့ မင်းလောင်းမျှော် မျှော်ခဲ့ကြတယ်။ ခုချိန်မှာ ခင်ဗျားတို့ ဇနီးမောင်နှံ အိပ်မက်မက်နေတဲ့ မြန်မာပြည် နိုင်ငံရေးခေါင်းဆောင် နေရာဟာ လိုချင်ခဲ့ရင် တချိန်တုန်းက ခင်ဗျားအတွက် အဆင်သင့်ပါ။

ခင်ဗျားဇနီးက ဒီအိမ်မှာ လက်ရှိနေနေတဲ့ ဒေါ်စုကို ဖယ်ပြီး ဒေါ်ခင်ကြည် ပြတိုက် ဖွင့်ချင်လို့ပါ ဆိုတာကို အလိုလိုက်ရအောင် ခင်ဗျားဇနီးက ဗိုလ်ချုပ်အောင်ဆန်းနဲ့ရော၊ ဒေါ်ခင်ကြည်နဲ့ရော ဘာများ ဆိုင်လို့လဲ တဆိတ် ရှင်းပြပါလားဗျာ။ သရဖူ မဂ္ဂဇင်းနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ဒေါ်လဲ့လဲ့နွယ်သိန်းက ဗိုလ်ချုပ်အောင်ဆန်းကို ဖေဖေဗိုလ်ချုပ်လို့ သုံးသွားတာတော့ သတိထားလိုက်မိပါရဲ့။ ခင်ဗျားဇနီးဟာ သူ တခါမှ မမြင်ဖူးလိုက်တဲ့ ယောက္ခမကို ဖေဖေဗိုလ်ချုပ် ခေါ်တာတော့ ဘယ်လို ခံစားပေးရမှန်း ကျုပ် နားမလည် နိုင်တော့ဘူး။ ဒေါ်စုတောင် သူ့အဖေကို ဖေဖေလို့ သုံးတာပဲ သိတယ်။ ဖေဖေဗိုလ်ချုပ်လို့ ခေါ်တာ မကြားမိဘူးဗျ။ ဒေါ်စု ဖအေကို ချွေးမလောက် မချစ်ဘူး ပြောရင်တော့ ခမျာ ခံရရှာမှာပဲ။

ယောက္ခမ မမာတုန်းက ဘယ်နား ရောက်နေမှန်း မသိတဲ့ ချွေးမက ယောက္ခမ သေမှ ဒီအိမ်ကို ပြတိုက်ဖွင့်ဖို့ အကြောင်းပြပြီး သမီးဆီက အမွေလုခိုင်းတာတော့ ခင်ဗျား မ,ဘက်လိုက်လို့ မိုက်ဘက် ပါပြီထင်တယ် ကိုအောင်ဆန်းဦး။ ထင်တာ မဟုတ်ပါဘူးလေ။ သေကို သေချာတာပါ။
ကျနော်တို့ မြန်မာအမျိုးသမီးတွေမှာ ချစ်ဖို့ကောင်းတဲ့ အကျင့်တခုက မိသားစုကိစ္စ အားလုံးကို သူတို့ ဦးဆောင် ကိုင်တွယ်နေရင် တောင် အိမ်ထောင်ဦးစီးနေရာမှာတော့ ယောက်ျားကိုပဲ စာရင်းပေးတတ်တဲ့ အကျင့်ပါ။ ဦးဆောင်သလားတော့ မမေးနဲ့၊ သူတို့ယောက်ျားတွေ သားသမီးတွေ ဘယ်လိုလူတွေနဲ့ ပေါင်းရမယ် မပေါင်းရဘူးကအစ ယောက်ျားရဲ့ လက်ဖက်ရည်ဖိုး ဆေးလိပ်ဖိုး ကိစ္စပါ သူတို့ အကုန် ဆုံးဖြတ်တယ်။

စိတ်မထင်ရင် ညမထွက်ရ လို့ ယောက်ျားကို သူတို့ မာရှယ်လော ထုတ်ရင်လဲ ခင်ဗျားမိတ်ဆွေ နအဖတွေရဲ့ ဘာပုဒ်မ ညာပုဒ်မ အမိန့်တွေထက်တောင် ဆိုးသေး။ ဒါပေမယ့် သူတို့ ယောက်ျားတွေကို မယားကြောက် ပြောရင်တော့ သူတို့ မခံနိုင်ဘူးဗျ။ ယောက်ျားက သိပ်ညံ့ပြီး ကျမက သိပ်သိပ်တော်နေပါတယ်ဆိုတဲ့ အချိုးမျိုးလဲ သဘောထားပြည့်တဲ့ မြန်မာ အမျိုးသမီးတွေ မချိုးတတ်ဘူး။ ခင်ဗျား သဘောထားကြီးပြီး မိန်းမအပေါ် မာနမထားတတ်ကြောင်း ပြချင်ရင် တခြားနည်းနဲ့ ပြလို့ ရပါတယ်။ မိန်းမက တိုင်းပြည်ကို ပြဿနာရှာနေတာကိုတောင် ကြံရာပါပြီး ပါရမီ ဖြည့်ပေးတဲ့ နည်းနဲ့တော့ မြန်မာယောက်ျားတွေရဲ့ သိက္ခာကို မချပါနဲ့ဗျာ။

ကျနော်တို့ မြန်မာပြည်မှာ ယဉ်ကျေးမှုတခု ရှိပါတယ် ကိုအောင်ဆန်းဦး။ မြန်မာပြည်ကို အရိုင်းအစိုင်းတိုင်းပြည်လို့ ခင်ဗျား မြင်နေရင်တော့ ယဉ်ကျေးမှုဆိုတဲ့ စကားလုံး သုံးလိုက်တာ ကျနော်တို့ အရိုင်းအစိုင်းတွေနဲ့ မတန်ဘူးလို့ ခင်ဗျား ပြောချင်မလားပဲ။ ကျနော်ဆို ကားစုတ်မပြောနဲ့၊ စက်ဘီးစုတ်တောင် မ၀ယ်နိုင်တဲ့လူဆိုတော့ ကျနော်လို မြန်မာပြည်သား ငမွဲက ခင်ဗျားကို သခင်ကြီးလို့ မခေါ်ပဲ ခင်ဗျားတွေ ကျနော်တွေနဲ့ ပြောနေတာကို ခင်ဗျား နာမလားလဲ မပြောတတ်ဘူးဗျ။

ကျနော်တို့ ယဉ်ကျေးမှု ဆိုတာက အားနည်းသူတွေ၊ ကူညီဖို့ လိုအပ်နေသူတွေကို သက်ညှာရတဲ့၊ အလိုက်သိ ဖေးမ,ပေးရတဲ့ ယဉ်ကျေးမှုပါ။ မြန်မာပြည်မှာ ကက်ဆက် အသံကျယ်ကျယ် ဖွင့်နေကျ လက်ဖက်ရည်ဆိုင်တွေတောင် ကလေးတွေ စာမေးပွဲရက်ဆိုရင် ကက်ဆက်သံ လျှော့ပေးရပါတယ်။ ရပ်ကွက် ဘုံကထိန်အတွက် အလှူငွေ ကောက်ဖို့လာတဲ့ အရပ်လူကြီးတွေလဲ မသာအိမ်ဆို မကောက်ဘဲ ချန်ခဲ့ရပါတယ်။ သူ့အပူနဲ့သူမို့ ဖေးမတဲ့ အနေနဲ့ပါ။ မြေနိမ့်လှံစိုက် မလုပ်ရတာ မြန်မာ့ယဉ်ကျေးမှုပါ။

ခင်ဗျားနှမကို သေအောင် မနာလိုဝန်တိုဖြစ်ပြီး မုန်းနေဦးတော့၊ သူ ဒီလောက် အကျယ်ချုပ်တွေ ဆက်တိုက်ခံနေရတဲ့ အချိန်မှာ နေစရာ အိမ်ပျောက်အောင် အမွေလုစရာလားဗျာ။ ဒီအိမ်က ဆင်းပေးရရင် ဒေါ်စုမှာ သွားနေစရာ အင်းစိန်ထောင်ပဲ ရှိတော့တာ ခင်ဗျားလဲ အသိပါ။

မြင့်ဆန်းအောင်နဲ့ မောင်ထိန်လင်းက သူတို့အမေအတွက် အိမ်တလုံးတော့ ၀ယ်ပေးနိုင်မှာပါလို့ ခင်ဗျား ပြောမလို့လား။ အရှင်လတ်လတ် သွားလေသူ ဗိုလ်ချုပ်ခင်ညွန့် အာဏာရှိတုန်းက သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာမိုက်ကယ်အဲရစ် သူ့ဇနီးဆီ ပို့တဲ့ အစားအသောက် ပါဆယ်စာရင်းကို ဖတ်ပြလို့ ဆတ်ဆတ်ထိ မခံနိုင်တဲ့ ဒေါ်စုက မိသားစုဆီကတောင် ဘာမှ လက်မခံတော့လို့ ဒေါက်တာမိုက်ကယ် စိတ်မကောင်း ဖြစ်ခဲ့ရတာ ခင်ဗျား မှတ်မိမှာပါ။ (နှုတ်ခမ်းတလန် ပန်းတလန် ဒီလို ရန်ထောင်ရ၊ စောင်းရ မြောင်းရမှာ မရှက်တဲ့ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ မနာလိုရင် မနာလိုသလို ပြဿနာရှာတတ်တဲ့ အကျင့်တွေကိုတော့ ဗိုလ်တေဇရဲ့ သားကြီးသြရဿ အတုမရစေချင်ဘူးဗျာ။) ဒီတော့ သားနှစ်ယောက်ပေးတဲ့ အထောက်အပံ့ကိုလဲ နိုင်ငံခြားအကူအညီယူတယ် အစွပ်စွဲ မခံနိုင်လို့ လက်မခံဘူးဆိုရင် ဒေါ်စု ဘယ်သွားနေရမလဲ။ နေစရာ အိမ်မရှိရင် သူ့ကို ထောင်ထဲ ထည့်ထားပါလို့ စစ်အစိုးရကို ခင်ဗျား တဖက်လှည့်နဲ့ ခိုင်းနေတာလား။

ခင်ဗျားဇနီးဟာ အင်ဒီရာဂန္ဒီရဲ့ ချွေးမတွေ ယောက္ခမမျက်နှာ လင်သားမျက်နှာနဲ့ နိုင်ငံရေးနယ်ထဲ ရောက်လာသလို မြန်မာ့နိုင်ငံရေး နယ်ထဲ ၀င်ချင်၊ နေရာယူချင်တဲ့ စိတ်ကလေး ရှိနေမှန်း ကျနော် သတိထားမိပါတယ်။ ဒါပေမယ့် အနာခံမှ အသာစံရ ဆိုတဲ့ မြန်မာရိုးရာ စကားပုံလေးကိုတော့ ခင်ဗျားဇနီးကို ပြောပြပြီး အကြံပေးပါဦးဗျာ။ တိုင်းပြည် ဒုက္ခရောက်နေတုန်းတော့ မြန်မာပြည်ကို တိုးရစ်လာ လာလည်၊ ပြန်သွား လုပ်နေပြီး စစ်အစိုးရ ဖြစ်ချင်တဲ့ ကန့်သတ် ပါလီမန် ပေါ်လာပြီးတဲ့ တချိန်ကျမှ အမတ်လောင်းအဖြစ် အဆင်သင့် လာအရွေးခံမယ် စိတ်ကူးယဉ်နေရင်တော့ ကျနော် ဗေဒင်ဟောလိုက်မယ်။ မယုံမရှိနဲ့၊ ရှုံးမှာ သေချာပေါက်ဗျ။

ခင်ဗျားဇနီးက အင်တာဗျူးမှာ သရဖူ မဂ္ဂဇင်းကို ဖြေရှာတယ်။ အလှအပ ပစ္စည်းဆို အယ်လစ်ဇဘက်ကာတန်ပဲ သုံးတယ်တဲ့။ အယ်လစ်ဇဘက် ကာတန်ဆိုတာ ခင်ဗျားဇနီး ပြောလို့ ကမ္ဘာကျော် အလှကုန်ပစ္စည်းထုတ်တဲ့ ကုမ္ပဏီကြီးတခု ဖြစ်မယ်လို့ မှတ်သားရပါရဲ့။ အပျိုပေါက် ကတည်းက နိုင်ငံခြားမှာ နေခဲ့တဲ့ ကျနော်တို့ အဘွားကြီး ဒေါ်စုဆီကတော့ အယ်လစ်ဇဘက်ကာတန်တွေ ဘာတွေအကြောင်း ပြောသံ တခါမှ မကြားမိဘူးဗျ။ အဘွားကြီးက ပန်းတော့ ကြိုက်တယ်။ သနပ်ခါးလဲ ကြိုက်မယ်ထင်တယ်။

ရွှေဘိုသနပ်ခါးခေါက်နဲ့ ရှင်မတောင် အပွေးတုံးနဲ့ ဘယ်ဟာပိုကောင်းလဲ မေးရင်တော့ အဘွားကြီး ဖြေနိုင်မှာပါ။ အယ်လစ်ဇဘက် ကာတန်တို့ ရယ်ဗလွန်တို့အကြောင်း ဆွေးနွေးရင်တော့ ခင်ဗျားဇနီးလို သွက်သွက်လက်လက် မပြောနိုင်ရှာဘဲ မျက်စိပေကလပ် ပေကလပ် ဖြစ်နေရှာမယ့် ကျနော်တို့ အဘွားကြီးကို မြင်ယောင်တယ်။

သနပ်ခါးအကြောင်း မေးရင်တောင် အဘွားကြီးက ခုနေ သိပ်ပြောချင်မှ ပြောတော့မယ်။ ၅၀ ကျော်ကတည်းက ဒေါ်စုဟာ နိုင်ငံရေး တဖက်၊ ဘုရားတရားတဖက် ဘ၀ခရီး ဆက်နေပြီလို့ သိရလို့။ ကျနော်တို့ တိုင်းပြည်မှာ အသက် ၅၀ ကျော်တွေ ဘုရားတရားလုပ်တာ ရှက်စရာ မဟုတ်ဘူးဗျ။ ၅၀ ကျော်တဲ့အထိ ဘာသာရေးကို ပစ်ပယ်ပြီး ကာလသားသမီးလို ကဲနေရင်သာ ချာတိတ်တွေကအစ မကြည်ညိုတာ။ ခင်ဗျားလဲ ရင့်ကျက်ပါတော့ ကိုအောင်ဆန်းဦးရေ။ ဗိုလ်ချုပ်သားလေးဆိုပြီး အဖေ့မျက်နှာနဲ့ ခွင့်လွှတ်ရအောင်ကလဲ ခင်ဗျား ကျနော်တို့ထက် အသက်ကြီးပါတယ်။

ကိုအောင်ဆန်းဦးရေ...
ခင်ဗျားဇနီးက ဆောင်းပါးထဲမှာ ရေးတယ်။ ကျမဟာ အဖြူတွေကြားမှာ အ၀တ်အစား ၀တ်တတ်သူလို့ ချီးမွမ်းတာ ခံရတယ်တဲ့။ ခင်ဗျားဇနီးက အနောက်တိုင်းသားတွေကို အဖြူတွေလို့ သိပ်အထင်ကြီးပုံ ရတယ်။ မြန်မာပြည်က နေပူထဲ ကြီးခဲ့ရတဲ့ ကျနော်တို့အသားကတော့ ညိုသဗျ။ အ၀တ်အစား ၀တ်တတ်သူအဖြစ် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူဖော်ပြတဲ့ မစ္စက် အောင်ဆန်းဦးဟာ ဘယ်လောက်ပဲ ရှိုးကောင်းချင် ကောင်းပါစေ၊ ကျနော်တို့တော့ ငါးပိတော ဖုန်တောထဲမှာ တသားတည်း နေတဲ့ ကျနော်တို့ အဘွားကြီး ပဲ ချစ်တယ်ဗျာ။ သူက ကျနော်တို့နဲ့ အတူ ရှိတာကိုး။

ကားမရှိတဲ့ ဆင်းရဲသားရပ်ကွက်တွေကိုလဲ သူ လာတတ်တယ်။ ကားစုတ်ရှိတဲ့ လမ်းဆို မနေဘူးဆိုတဲ့ ခင်ဗျားလိုများ အဆင့်အတန်း မြင့်ရရင်တော့ ဒေါ်စုခမျာ စစ်အစိုးရလုပ်မှ အကျယ်ချုပ်ကျမှာ မဟုတ်ဘဲ သူ့ဟာသူ အိမ်ထဲကအိမ်ပြင် မထွက်ဘဲ အကျယ်ချုပ် လုပ်နေဖို့ပဲ ရှိတော့တယ်။ မြန်မာပြည်မှာ အမေရိကန်ပေတံနဲ့ တိုင်းရင် ကားစုတ် မရှိတဲ့ လမ်းဆိုတာ ရွှေတောင်ကြားတောင် ပါချင်မှ ပါမှာဗျ။ အဘွားကြီးနေတဲ့ လမ်းကတော့ ဝေးရော့ပဲ။ ဒီက ကားသစ်တွေတောင် ခင်ဗျားတို့ အမြင်မှာ မော်ဒယ်အောက်နေပြီကိုး။ ခင်ဗျား ဘာလို့များ ကားစုတ်တွေ ရှိတဲ့လမ်းက အိမ်စုတ်ကြီးကို အမွေလာလုပါလိမ့်ဗျာ။

ကိုအောင်ဆန်းဦးရေ။
တချိန်က မြန်မာတွေ မင်းလောင်းမျှော် မျှော်တာ ခံခဲ့ရတဲ့ ခင်ဗျား...
အမျှော်ကြီး မျှော်နေတုန်းကတော့ မလာခဲ့ဘဲ၊ ဒေါ်ခင်ကြည်သေလို့ လာတာတောင် ဧည့်သည်လာ လာပြီး ဧည့်သည်ပြန် ပြန်သွားခဲ့တဲ့ ခင်ဗျား...
ခုချိန်ကျမှ ခင်ဗျားဇနီးအတွက် မြန်မာ့နိုင်ငံရေးပလ္လင် အဆင်သင့် ဖြစ်နေချင်တယ်ဆိုရင်တော့ သိပ်နောက်ကျသွားပါပြီဗျာ။ တိုင်းပြည် က တချိန်တုန်းက ခင်ဗျားကို သိပ်ပေးချင်ခဲ့တဲ့ နေရာကို ခုမှ ခင်ဗျားဇနီး ယူစေချင်တယ် ဆိုရင်လဲ ခင်ဗျားရဲ့ မယားရှိခိုး သွားမကျိုး သဘောထားကို မဝေဖန်ချင်ပေမယ့် ခင်ဗျားမိန်းမအတွက် မပြောနဲ့၊ ခင်ဗျားအတွက်ဆိုရင်တောင် ခုမှတော့ မရနိုင်တော့ဘူး၊ သိပ်နောက်ကျသွားပြီလို့ ပြောပါရစေ။
ကျနော်တို့ မျှော်လင့်တုန်းမှာ ပေါ်မလာခဲ့တဲ့ အိမ်ရှေ့မင်းသား ခင်ဗျားဟာ ခုတော့ နန်းမရခင်က နန်းကျသွားခဲ့ပါပြီ။
x x x


Friday, July 27, 2007

wish for YeBaw TinShwe

0 comments

(ဘလော့ဂါမှတ်ချက် - ရိုးမ ၃ ၀က်ဆိုက်က ဆောင်းပါးဗျာ။ ပုံကိုတော့ လျှပ်တပြက်ဂျာနယ်(၂၀၀၇ ဇွန် ၈ ရက်နေ့ထုတ်)က ယူတယ်။)


နိုင်ငံရေးသမား ရဲဘော်တင်ရွှေ မှသည် ...


ဝီယ (၂၁-၇-၀၇)


နိုင်ငံရေးသမားတယောက်ဟာ သူယုံကြည်တဲ့အရာကို ယုံကြည်ကြောင်း ပြောပိုင်ခွင့် ရှိသလို မယုံကြည်ရင်လည်း မယုံကြည်ကြောင်း ပြောပိုင်ခွင့်ရှိပါတယ်။ ဒါပေမယ့် သူပြောတဲ့ စကား၊ သူလုပ်တဲ့အလုပ်ရဲ့ အကောင်းအဆိုးကိုတော့ ခံယူရမှာဖြစ်ပါတယ်။

နအဖစစ်အစိုးရက စီစဉ်ထုတ်ဝေပြီး အတိုက်အခံတွေကို စိတ်တိုင်းကျ ရင့်ရင့်သီးသီး ဝေဖန်ရေးသား အပုတ်ချခွင့်ရနေတဲ့ မြန်မာ့အလင်းသတင်းစာမှာ ‘ရဲဘော်တင်ရွှေ’ ဆိုတဲ့ ဆောင်းပါးရှင်က “ကျွန်တော်နိုင်ငံရေးသမား”ဆိုတဲ့ ဆောင်းပါးတစ်စောင် ရေးသားထားပါတယ်။


ဆောင်းပါးကို ဖတ်လိုက်တဲ့အခါ ‘ရဲဘော်တင်ရွှေ’က သူဟာ သာကူးသမားမဟုတ်ရပါ ဘူးဆိုတာကို အချက်အလက်အမျိုးမျိုးနဲ့ ဆင်ခြေတက်ရင်း ရှင်းနေရတာကိုကြည့်ကာ ဆောင်းပါး ရှင်ကို သနားလာရတယ်။ ဆောင်းပါးရှင် ‘ရဲဘော်တင်ရွှေ’က သူဟာ ဆယ့်ခြောက်နှစ်သား ကတည်းက ကိုလိုနီလက်အောက် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ခဲ့သူ၊ ဖက်ဆစ်တော်လှန် ရေးသမား၊ ဖဆပလခေတ်မှာလည်း ပုဒ်မ(၅)နဲ့ ထောင်ထဲဝင်ခဲ့သူ၊ ခေတ်အဆက်ဆက် နိုင်ငံရေး လုပ်လာသူလို့ ဆိုထားတာကြောင့် ဘ၀နေ၀င်ချိန်နီးပြီဖြစ်တဲ့ အဘိုးအရွယ် နိုင်ငံရေးသမားကြီး တယောက်ရဲ့ ကျဆုံးခန်းဟာ ကြေကွဲစရာပါ။

ဆောင်းပါးထဲမှာ ‘ရဲဘော်တင်ရွှေ’က “NLD ခေါင်းဆောင် ဒေါ်စုကြည်က နိုင်ငံ တော်အတွက် သူရေးဆွဲတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေကိုသာ သုံးရမယ်။ ဒီမိုကရေစီနိုင်ငံ ဆိုတာလဲ သူဦးစီးမှဖြစ်မယ်။ တပ်မတော်ကလုပ်တာ မလိုချင်ဘူးတဲ့လေ။ အဲဒါ ကိုယ်ကျိုးနဲ့ ပြည်သူ့အကျိုးယှဉ်လာရင် ပြည်သူ့အကျိုးကို ဦးစားပေးရမယ်ဆိုတဲ့ နိုင်ငံရေးသမားပီသသူရဲ့ ကျင့်စဉ်ကို လုံးဝဖေါက်ဖျက်လိုက်တာပဲ” လို့ စွပ်စွဲရေးသား ထားတာ တွေ့ရတယ်။

ဒီစာပိုဒ်ထဲက ရေးသားစွပ်စွဲချက်တွေဟာ အမှန်တရားနဲ့ အလွန်ဝေးကွာလှပြီး ဒေါ်အောင်ဆန်းစုကြည်ကို အပုတ်ချချင်၊ နအဖစစ်အစိုးရကို မျက်နှာလုပ်ချင်တဲ့ စိတ်တွေ လွန်ကဲ ပြီး ရေးသားထားတာဆိုတာ သိသာလွန်းပါတယ်။ ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်အင်တာဗျူး မှာ၊ ဘယ်ဆုံးဖြတ်ချက်မှာ ကျမရေးထားတဲ့ ဖွဲ့စည်းပုံကိုသာ သုံးရမယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောခဲ့သလားဆိုတာ အတိအကျ ထောက်ပြစေချင်တယ်။ အခုလို ငါ့စကားနွားရ ပြောတာဟာ စစ်တပ်ဝါဒဖြန့်ချိရေးသမား ဆောင်းပါးရှင်တွေနဲ့ ထပ်တူဖြစ်နေပါတော့တယ်။

နအဖကျင်းပနေတဲ့ အတုအယောင် အမျိုးသားညီလာခံကနေ NLD ထွက်သွားတာ တခု တည်းနဲ့ ဒီလိုစွပ်စွဲရင်တော့ အကျင့်သိက္ခာမရှိတဲ့ စစ်အစိုးရလို ငါ့စကားနွားရ ပြောတာပဲဖြစ်မှာပါ။ နိုင်ငံရေးသမားဆိုတာ အကျင့်သိက္ခာရှိရပါ့မယ်။ သူတပါးကို မဟုတ်မမှန် ကိစ္စရပ်တွေနဲ့ ပုံဖေါ် စွပ်စွဲ မတိုက်ခိုက်ရဘူးဆိုတာ ‘ရဲဘော်တင်ရွှေ’ သိပြီးဖြစ်ပါလိမ့်မယ်။


နအဖရဲ့ ညီလာခံကနေ NLD ထွက်သွားခဲ့ရတာဟာ ဆွေးနွေးမှုတွေကို ဘောင်ခတ်ထား တဲ့အပြင် ဒီမိုကရေစီနည်းလမ်းမကျတာကြောင့် ဖြစ်ပါတယ်။ နအဖညီလာခံအတွင်းမှာ ကိုယ်စား လှယ်တွေအကြား၊ အစုအဖွဲ့ တခုနဲ့တခုအကြား လွတ်လွတ်လပ်လပ် ဆွေးနွေးခွင့်မရှိပါဘူး။ ညှိနှိုင်းခွင့်မရှိပါဘူး။ ညီလာခံအတွင်း စာရွက်စာတမ်းဝေငှတဲ့အတွက် NLD ကိုယ်စားလှယ်တဦး ဖြစ်ခဲ့တဲ့ ဒေါက်တာ အောင်ခင်ဆင့် ထောင်ကျတာကိုကြည့်ရင် အခုကျင်းပနေတဲ့ ညီလာခံရဲ့ လွတ်လပ်ခွင့်ကို သိနိုင်ပါတယ်။
၂၀၀၄ ခုနှစ်မှာ ပြန်လည်စတင်တဲ့ နအဖရဲ့ညီလာခံကို တက်ရောက်ဖို့ NLD က ပြင်ဆင် ခဲ့ပါသေးတယ်။ ဒီလို တက်နိုင်ဖို့အတွက် အချက် (၅)ချက် ဖြည့်ဆီးပေးဖို့ နအဖစစ်အစိုးရကို တောင်းဆိုခဲ့ပါတယ်။
ဒီတောင်းဆိုချက်ထဲမှာ ‘ရဲဘော်တင်ရွှေ’ပြောတဲ့ ဒီမိုကရေစီနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်က ဦးစီးရမယ်ဆိုတဲ့အချက် မတွေ့ရပါဘူး။

တောင်းဆိုချက်တွေထဲမှာ ဒီပဲယင်းအရေးအခင်းအပြီး အသက်အန္တရာယ်ကို လုပ်ကြံ မယ့်သူတွေရဲ့ရန်ကနေ ကာကွယ်ပေးထားတာပါလို့ နအဖကဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးကို ပြန်လွှတ်ပေးဖို့၊ ချိတ်ပိတ်ခံထားရတဲ့ NLD ရုံးခန်းတွေကို ပြန်ဖွင့်ခွင့်ပေးဖို့၊ NLD ကိုယ်စားလှယ်တွေကို ရွေးချယ်ခွင့်ပေးဖို့တွေပဲ ပါဝင်တာ တွေ့ရပါတယ်။ ကျန်တဲ့ အချက် (၂)ချက်ကလည်း ညီလာခံမှာ ဒီမိုကရေစီနည်းလမ်းတကျ ဆွေးနွေးခွင့်ပေးဖို့ တောင်းဆိုထားတာပဲ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံရေးဆွဲမယ့် ညီလာခံကို တက်ရောက်ပါ့မယ်လို့ ဆိုနေမှတော့ ‘ရဲဘော်တင်ရွှေ’ ပြောတဲ့ “NLD ခေါင်းဆောင် ဒေါ်စုကြည်က နိုင်ငံတော်အတွက် သူရေးဆွဲတဲ့ ဖွဲ့စည်း အုပ်ချုပ်ပုံဥပဒေကိုသာ သုံးရမယ်။ ဒီမိုကရေစီနိုင်ငံဆိုတာလဲ သူဦးစီးမှဖြစ်မယ်။” ဆိုတာဟာ နအဖစစ်အစိုးရလုပ်နေသလို လုပ်ကြံစွပ်စွဲချက်သာ ဖြစ်တယ်ဆိုတာ သိသာနေပါ တယ်။ တကယ်က စစ်အစိုးရကသာ ဖွဲ့စည်းပုံအတွင်း တပ်မတော်ရဲ့ ဦးဆောင်မှုအခန်း ပါဝင်ရမယ်ဆိုတဲ့အချက်ကို အတင်းအဓမ္မ တောင်းဆိုနေတာပါ။ အဖြစ်မှန်ကို မျက်ကွယ်ပြုပြီး ပြောတာဟာ ‘ရဲဘော်တင်ရွှေ’ ရဲ့ အဆင့်အတန်းကို ဖေါ်ပြလိုက်တာဖြစ်ပါတယ်။
‘ရဲဘော်တင်ရွှေ’က ကိုယ့်အရေးထက် ပြည်သူ့အရေးကို ဦးစားပေးပြီး နအဖစစ်အစိုးရ ကို အခုလို ထောက်ခံတာဟာ ဒုတိယအကြိမ်ဖြစ်တယ်လို့ သူ့ဆောင်းပါးမှာ ကိုယ်ရည်သွေးထား ပါတယ်။ ပထမအကြိမ်က ၁၉၆၂ ခုနှစ်က တော်လှန်ရေးကောင်စီကို ထောက်ခံတာလို့ ဂုဏ်ယူ ထားခဲ့ပါသေးတယ်။

ဗိုလ်နေ၀င်းဦးဆောင်တဲ့ စစ်တပ်က ပြည်သူလူထုရွေးကောက်ထားတဲ့ ပထစအစိုးရကို ဖြုတ်ချပြီး ၁၉၆၂ ခုနှစ်မှာ တော်လှန်ရေးကောင်စီနာမည်နဲ့ တိုင်းပြည်အာဏာကို သိမ်းယူလိုက် ပါတယ်။ ဒီအာဏာသိမ်းစစ်ကောင်စီက အဲဒီအချိန်က ကမ္ဘာမှာ ခေတ်စားနေတဲ့ ဆိုရှယ်လစ်စနစ် ကို တည်ဆောက်မယ်လို့ ပြောဆိုခဲ့ပါတယ်။
အဲဒီအချိန်မှာ နိုင်ငံရေးသမား အတော်များများ မျက်စေ့လည်ကုန်ပြီး စစ်အာဏာသိမ်းမှု ကို ထောက်ခံခဲ့ကြပါတယ်။ သူတို့ခေါင်းဆောင်ဖြစ်တဲ့ ၀ိဓူရ သခင်ချစ်မောင်က ‘ရဲဘော်တင်ရွှေ’ တို့ကို “အခု တပ်မတော်က ဆိုရှယ်လစ်နိုင်ငံထူထောင်ဖို့ ကြေညာလိုက်ပြီ။ အရေးကြီးတာက ဘယ်သူလုပ်လုပ် ဒို့လိုချင်တဲ့ ဆိုရှယ်လစ်နိုင်ငံဖြစ်ဖို့က အဓိကပဲ။ ဒို့တတွေ ၀ိုင်းဝန်းကြိုဆို ထောက်ခံပြီး ပူးပေါင်းဆောင်ရွက်ကြရမယ်”လို့ ရှင်းပြခဲ့ကြောင်း ဆောင်းပါးမှာ ဖေါ်ပြထား ပါတယ်။

ဒီနေရာမှာ ‘ရဲဘော်တင်ရွှေ’တို့ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ၀ိဓူရ သခင်ချစ်မောင်နဲ့ ပတ်သက် ပြီး သတိသံဝေဂရစရာ အကြောင်းလေး ပြောချင်ပါတယ်။ ဗိုလ်နေ၀င်းဟာ အိမ်စောင့်အစိုးရ အမည်နဲ့ အာဏာသိမ်းဖို့လုပ်ဆောင်တဲ့ ၁၉၅၈ ခုနှစ်မှာ သခင်ချစ်မောင်ဟာ အပြင်းအထန် ကန့်ကွက်ခဲ့တယ်။ ပါလီမန်လွှတ်တော်အတွင်း စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ကြောင်း ပြောကြားတဲ့ မိန့်ခွန်းကို အစွဲပြုပြီး ပြည်သူတွေက ၀ိဓူရ သခင်ချစ်မောင်လို့ ဂုဏ်ပြုခေါ်ဝေါ်ခဲ့တာ ဖြစ်ပါတယ်။ ကာယကံရှင်ကိုယ်တိုင် လေးစားတန်ဖိုးထားပြီး သူ့နာမည်ရှေ့မှာ ၀ိဓူရလို့ ထည့်သွင်းခဲ့ပါတယ်။
ဒါပေမယ့် ၁၉၆၂ ခု စစ်အာဏာသိမ်းချိန်မှာတော့ ၀ိဓူရ သခင်ချစ်မောင်ဟာ စစ်အာဏာ သိမ်းမှုကို ထောက်ခံခဲ့ပြီး ‘ခွေးကတက်မှာပဲ နေရနေရ’လို့ ပြောခဲ့တဲ့အခါ ပြည်သူတွေက သခင် ချစ်မောင်ကို ဘာဘွဲ့ပေးလိုက်တယ်ဆိုတာ ‘ရဲဘော်တင်ရွှေ’ သိပြီးဖြစ်ပါတယ်။

ဒီအကြောင်းပြန်ဖေါ်ရေးရတာက ခေတ်အဆက်ဆက် ပြည်သူတွေဟာ စစ်အာဏာရှင် စနစ်ကို ထောက်ခံတဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပေါ် ထားတဲ့အမြင်နဲ့ ထားတဲ့တန်ဖိုးကို သိစေ ချင်တဲ့ စေတနာနဲ့ပါ။
‘ရဲဘော်တင်ရွှေ’တို့ အားရ၀မ်းသာ ပူးပေါင်းဆောင်ရွက် ထောက်ခံခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ (၂၆)နှစ်ကြာ ‘စစ်တပ်နည်း စစ်တပ်ဟန် ဆိုရှယ်လစ်စနစ်’ တည်ဆောက်မှုရဲ့ အသီးအပွင့်အဖြစ် မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားခဲ့ရပါတယ်။ ‘ရဲဘော်တင်ရွှေ’ တို့ ထောက်ခံခဲ့တဲ့ ဗိုလ်နေ၀င်းရဲ့ မဆလစစ်အစိုးရကို ၁၉၈၈ ခုနှစ်မှာ မြန်မာပြည်သူ ထောင် ပေါင်းများစွာက အသက်ပေးပြီး ဖြုတ်ချခဲ့ကြရပြီး ဖြစ်ပါတယ်။

ကမ္ဘာမှာ ဒီမိုကရေစီခေတ်စားနေတဲ့ အချိန်ဖြစ်တဲ့အတွက် အခုလည်း စစ်တပ်က စစ်တပ်နည်း စစ်တပ်ဟန်နဲ့ သူတို့အခေါ် ‘စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်’ ထူထောင်ဖို့ လုပ်ဆောင်နေပြန်ပါပြီ။ ဒါကိုလည်း ‘ရဲဘော်တင်ရွှေ’က နောက်တခါထပ်ပြီး အားရ၀မ်းသာ ပူးပေါင်းဆောင်ရွက် ထောက်ခံတာလည်း သိပ်ပြီး ထူးထွေတည့် အံ့ရာသော မဟုတ်ပါဘူး။

ဒါပေမယ့် ဆောင်းပါးတစောင်လုံးကို ဖတ်ပြီးချိန်မှာတော့ ‘ရဲဘော်တင်ရွှေ’ဟာ သူ့ဆောင်းပါးခေါင်းစဉ်လို ‘ကျွန်တော်နိုင်ငံရေးသမား’ မဟုတ်တော့ဘဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို မဟုတ်မမှန် လုပ်ကြံတိုက်ခိုက်ရင်း စစ်တပ်က မျက်နှာသာပေးမယ်လို့ မျှော်မှန်းပြီး စစ်တပ်ကို မျက်နှာလိုမျက်နှာရ လုပ်နေတဲ့ ‘စစ်တပ်ရဲ့ ကျွန်…တော်’ တယောက် ဖြစ်နေတယ် ဆိုတာကို တွေ့ရှိလိုက်ရပါတော့တယ်။
‘ရဲဘော်တင်ရွှေ’တယောက် စစ်တပ်ရဲ့ ကျွန်...တော်ဘ၀ကနေ ကျွန်တော်နိုင်ငံရေး သမားစစ်စစ် ပြန်ဖြစ်ပါစေ။
x x x x x


small talk with Zinn Mel god ( part 180 )

0 comments
(ဧရာဝတီစာပြောင်)


ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၀)


ရန်ကုန်သားတာတေ ဇူလိုင် ၂၅၊ ၂၀၀၇



ချင်းမိုင်ကဲ့သို့သော အမြင့်မြို့ကလေးကို ရောက်ရှိနေထိုင်သူ မည်သူမဆို နှစ်ခြိုက်မိမည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့် အားပေးသည့်အလား…ကျေနပ်နေသယောင်…သို့မဟုတ် ဘ၀ကိုအကောင်းမြင်သူတဦးပမာ ဖြည့်စွက် စဉ်းစားတတ်သည့် အလေ့အကျင့် ရရှိနေ၍ပဲလား …၊ မြန်မာပြည်တွင်းနေစဉ်ကကဲ့သို့ မဟုတ်သည်က သေချာ သည်…၊ ပြည်တွင်းမှာ ကိုယ့်ဝန်းကျင်ရှိ နေ့စဉ်ဘ၀ ဖြစ်စဉ်တွေကပဲ အမြင်မကောင်း၍ လား…….၊……လား…၊ …..လား…၊ ယခုလည်း မြန်မာ ပြည်က ဘာတွေ ဘယ်လောက်ကောင်းနေလို့လဲ…၊ စစ်တပ်အစိုးရကတော့ အမျိုးသား ညီလာခံကို အလောသုံးဆယ် တက်သုတ် ရိုက်နေသည်… စသဖြင့်… စသဖြင့်…စသဖြင့်…။

ရုက္ခစိုးက သတိတရရှိ၍ ဥရောပတွင်ရောက်ရှိနေသော မြန်မာ မိတ်ဆွေတဦးထံ သူ့ဘ၀ တစိတ်တပိုင်း…၊ မြန်မာပြည် အကြောင်း… ရောက်တတ်ရာရာ ထွေရာလေးပါး အီးမေးလ် တစောင်ပို့ရန် ကြံစည်အားထုတ် နေခြင်းဖြစ်သည်။


သောင်းပြောင်းထွေလာစာကို အဆုံးသတ်၍ အီးမေးလ်ပို့ရန် ရုက္ခစိုးက ဂျီမေးလ်ကိုဖွင့်လိုက်ရာတွင် အီးမေးလ် အသစ် တစောင်ရောက်ရှိနေသည်ကို တွေ့သောကြောင့် အရင်ဖွင့်ကြည့်လိုက်သည်။

ရုက္ခစိုး။ ။ ဟင် … ကြော်ငြာကြီး…ဒီလူကလည်း…ကြော်ငြာများပို့နေရသေးတယ်…
ရုက္ခစိုးက ယင်းမေးလ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။ ထိုစဉ် ကြွက်စုတ် တဦးတည်းရောက်လာပြီး ရုက္ခစိုးကိုနှုတ်ဆက် လိုက်သည်။

ကြွက်စုတ်။ ။ ဗျိုး…ဦးရုက္ခစိုး…မာမာချာချာ ပဲလား…အံမယ် နုတ်ဘွတ်တွေ ဘာတွေနဲ့…ကြီးပွားနေပါလား…

ရုက္ခစိုး။ ။ ဘာမှ မကြီးပွားပါဘူးကွာ…မိတ်ဆွေ တယောက်က လူကြုံနဲ့ ဘတ်ဒေး ပရဲဆင့် ပေးလိုက်လို့ ပါကွာ…

ကြွက်စုတ်။ ။ ကောင်းပါ့ဗျာ...ကွန်ပျူတာရှိတော့ ခေတ်မီရုက္ခစိုး ဖြစ်သွားတာပေါ့နော်…

ရုက္ခစိုး။ ။ ဟေ့ ကောင်…စကားပြောတာ အနှောင့်အသွား လွတ်အောင်ပြော…ကွန်ပျူတာရှိမှ မဟုတ်ဘူး… မရှိလည်း ခေတ်မီအောင်လုပ်လို့ ရတယ်...
ရုက္ခစိုးနှင့် ကြွက်စုတ်တို့ ထုံးစံအတိုင်း စကားပြော၍မှ မကြာသေးခင်ပင် ကီးမကိုက်ချင်တော့…။ သို့သော် ကြွက်စုတ်က ရုက္ခစိုးကို ပြန်၍ ချော့လိုက်သည်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်း…စိတ်တိုတော့မလို့လား…ကျနော်ပြောတာက ဒီလိုလေ…ကွန်ပျူတာနဲ့ဆိုတော့ ပိုပြီး ခေတ်နဲ့ တပြေးတည်း…တချိန်တည်း..ကမ္ဘာအရပ်ရပ်က သတင်းပလင်းတွေ အစုံသိအောင် လုပ်လို့ရတယ် မဟုတ်လား… မာလ်တီ မီဒီယာ တို့ ဘာတို့ပါ သုံးလို့ ရတယ်မဟုတ်လား…
ထိုစဉ် ဖိုးရှုပ်လည်း ရောက်လာပြီး ရောက်မဆိုက်ပင် စကားဝိုင်းသို့ တန်းဝင်လိုက်သည်။

ဖိုးရှုပ်။ ။ မာလ်တီမီဒီယာတွေ ဘာတွေလုပ်မနေနဲ့ဟေ့…အစိုးရတပိုင်း မီဒီယာတဖွဲ့တော့ အကျယ်တ၀င့်ကို အကွက်ရှဲတာ သိပြီးပလား…အံမယ် ကွန်ပျူတာနဲ့ဘာနဲ့…

ရုက္ခစိုး။ ။ လာပြန်ပြီ အူကြောင်ကျား တကောင်…ဘာ အကွက်ရှဲတာလဲ…
ရုက္ခစိုးကလည်း မြင်မြင်ခြင်းဆောက်နှင့်ထွင်း ဆိုသကဲ့သို့ပင် ဖိုးရှုပ်ကို ဆီး၍ ငေါက်လိုက်သည်။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း လူမမြင်သေးဘူး…ဟောက်တာက အရင်ပဲ… အခုနလေးတင်ပဲ ကျနော့်ဆီ ဘရိတ်ကင်း နယူးစ် ၀င်လာတာလေ...ဟို သြစတေးလျား ကတုံးကြီး ဦးစီးလုပ်နေတဲ့ မြန်မာတိုင်းမ် ဂျာနယ် မှာတဲ့…ဘ၀ရှင်မင်းတရားကြီးကို လူသတ်သမားလို့ ရေးထားတဲ့ ကြော်ငြာတခုပါလာလို့ မီးတောက်နေ ကြတယ်တဲ့…ပါသွားတာဘယ်သူမှ မသိလိုက် ဘူးတဲ့…မင်းတရားကြီးပါ အရှက်ကွဲတာလေ…
ဖိုးရှုပ်ပြောလိုက်မှပင် ရုက္ခစိုး အီးမေးလ်ထဲက ကြော်ငြာကို သတိရသွားသည်။

ရုက္ခစိုး။ ။ ဟာ…ဒါဆို…ဟို…ငါ့ဆီက…ဟိုကြော်ငြာ…

ကြွက်စုတ်။ ။ သူများကြော်ငြာပြောမှ…ဦးရုက္ခစိုးကလည်း…ဘာကြော်ငြာလည်း…ငန်းဆေးကြော်ငြာလား…

ရုက္ခစိုး။ ။ ဘာ ငန်းဆေးလည်း…နင့်ဂျီးဒေါ်ကို ငန်းဖို့ဆေးလား…ငါ့ အီးမေးလ်ထဲကို ၀င်လာတာကွ…မိတ်ဆွေ တယောက်ပို့လိုက်တဲ့ ကြော်ငြာတခု…ငါ ဖွင့်မကြည့်ဘဲနဲ့ထားလိုက်တာကို သတိရလို့ကွ… အခုပြန်ဖွင့်လိုက်ဦးမယ်…
ရုက္ခစိုးက ပြောပြောဆိုဆို သူ့ ကွန်ပျူတာကို တဆင့်ခြင်းဖွင့်နေသည်ကို ဖိုးရှုပ်က အသေအချာကြည့် လိုက်ပြီး…

ဖိုးရှုပ်။ ။ ဦးရုက္ခစိုး ကြည့်ရတာ… ဒေးဗစ်ကော့ပါးဖီး မျက်လှဲ့ပြတော့မယ့် အတိုင်းပဲ…
ရုက္ခစိုးက ဘာမှပြန်မပြောဘဲ မျက်လုံးစွေကြည့်ရင်း ကွန်ပျူတာနှင့် အလုပ်ရှုပ်နေလိုက်သည်။

ရုက္ခစိုး။ ။ ဟာ ပွင့်ပြီကွ…လာကြည့်ကြစမ်း ဒီကြော်ငြာကို…ခရီးသွားလုပ်ငန်းကြော်ငြာကွ…စာတွေက အင်္ဂလိပ်လိုတွေ…

ဖိုးရှုပ်။ ။ ဟုတ်တယ်…ဟုတ်တယ်…ကျနော့် ဆို့စ် ရဲ့ပြောပြချက် အရ အဲဒီကြော်ငြာပဲ… အုန်းပင်လေး တပင်ရယ်… နေလုံးရယ်ပါတယ်…အဲဒီ အင်္ဂလိပ်လို ရေးထားတဲ့ စာသားတွေရဲ့ အောက်ဆုံးအကြောင်းမှာ ပါတာ… စာလုံပြောင်းပြန်တွေ တွေ့တယ်မို့လား…မြန်မာလို သန်းရွှေလူသတ်သမားလို့ အဓိပ္ပာယ်ရတယ်လေ…

ကြွက်စုတ်။ ။ အေး ဟုတ်တယ်ကွ… ကောင်းလိုက်တဲ့ အိုင်ဒီယာကွာ…ဒီလို စစ်အစိုးရနဲ့ ပလူးပလဲ ဂျာနယ်ကို မှရွေးထည့်တာ…ဟား…ဟား…ဟား…ကွဲတာပဲ…အရှက်…
ရုက္ခစိုးက ကြွက်စုတ်အားပါးတရ ရယ်နေသည်ကိုကြည့်နေရင်း…

ရုက္ခစိုး။ ။ အေး…အခုတလော ပြည်တွင်း မီဒီယာတွေ တော်တော်လှုပ်တယ်နော်…တရားစွဲသံတွေလည်း ထပ်ကြား ရတယ်…၊ အံမယ် ဟိုတနေ့က လည်း…အစိုးရသတင်းစာကို ဝေဖန်အကြံပြုဖို့ ဖိတ်ခေါ်တယ် ဆိုလား…သူတို့က ဆုငွေတောင်ပေးဦးမယ်တဲ့…

ဖိုးရှုပ်။ ။ သတင်းစာကို တကယ် ဝေဖန်တဲ့ သင်္ကန်းကျွန်းက ဦးသိန်းဇံကျတော့ ဖမ်းတယ်လေ…ဒါကြောင့် ရန်ကုန်က ဂျာနယ်လစ် တယောက်က အစိုးရအကြိုက်ပဲလုပ်နေတာလို့ ပြောတာ…ကြားကောင်းရုံ ဟန်ပြပဲဖြစ်မှာ တဲ့…မယုံဘူးတဲ့ တကယ်ပြောင်းမယ်ဆိုရင် လွတ်လွတ်လပ်လပ် ရေးခွင့်ပြုဖို့နဲ့ သတင်းတွေကို ဘက်မလိုက်ဘဲ တင်ပြတာမျိုး ပြောင်းပါလားတဲ့လေ…
ကြွက်စုတ်က ရယ်လိုက်ပြန်သည်။

ကြွက်စုတ်။ ။ ဟား…ဟား…ဟား…ဖိုးရှုပ်ကလည်း… လွတ်လပ်ပြီး ဘက်မလိုက်ရဘူးဟုတ်လား…ငါ ကာတွန်း ငွေကြည်ရဲ့ကာတွန်းတခုကိုတောင် သတိရသေး…တိုတိုပြောရရင်ကွာ ကာတွန်းစာသားက “သူတို့ ရယ်စရာ ကလည်းတဲ့ မရယ်ရတဲ့အပြင် ရယ်တောင် ရယ်ရသေးတယ်”လို့ရေးထားတာ…မင်းစကားက တော့ ရယ်စရာ မဟုတ်ဘဲ ရယ်ရတယ် ကွာ…ဟား…ဟား…ဟား…
ဖိုးရှုပ်က ကြွက်စုတ်ကို အမြင်ကပ်သည့် ပုံမျိုးနှင့်ကြည့်နေသည်။ ရုက္ခစိုးကတော့ ကြွက်စုတ်ကို တကယ်အမြင် ကပ်သွားပုံရသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် ငကြွက် မင့် အပေါက်ကို ပိတ်လိုက်တော့…စာပေ လွတ်လပ်ခွင့် မရှိတာ သိတယ်… ရယ်မနေနဲ့… အခုရက်ပိုင်းလေးတင်ပဲ စာရေးဆရာမ နုနုရည် (အင်းဝ) ရဲ့ ၀တ္ထုတပုဒ်ကိုလည်း ရုပ်ရှင် ရိုက်ဖို့ စီစဉ်ထားတာကို ရိုက်ခွင့်မပေးဘဲ..လုံးဝပယ်လိုက်တယ်တဲ့…

ဖိုးရှုပ်။ ။ အဲဒါ ဟုတ်တယ်…အချက် ၄ ချက်နဲ့ ပယ်လိုက်တာတဲ့…

ကြွက်စုတ်။ ။ ၀တ္ထုက ဘာအကြောင်းမို့လို့…ဘယ်လို အချက်တွေနဲ့ပယ်လိုက်တာလဲ…

ဖိုးရှုပ်။ ။ ၀တ္ထုကို ငါအသေအချာတော့ မဖတ်ရသေးဘူးကွ…နတ်ကတော်တွေ…မိန်းမလျှာတွေအကြောင်း ရေးထား တာတဲ့…သတင်းအရကတော့…ဘာသာရေးနဲ့ဆန့်ကျင်လို့ဆိုတာရယ်…လိင်ပြဿနာနဲ့ နတ်ကတော်တွေ အကြောင်း ဖြစ်တာရယ်…၊ တောင်ပြုံးနတ်ပွဲဟာ အမှန်ရှိပေမယ့်တဲ့ သိသာသိစေ မမြင်စေနဲ့ ဆိုသလိုသဘော ထားရမယ်တဲ့…၊ အံမယ်…နောက် မှတ်ချက်တခုက ရခဲတဲ့ လူ့ဘ၀မှာတဲ့ ယောက်ျားစင်စစ် ဧကန် ဖြစ်ရက်နဲ့ မိန်းမလျှာဘ၀ ခံယူပြီး နိမ့်ကျစွာ လုပ်ကိုင် စားသောက်နေတာကို ပြသဖို့မသင့်ဆိုတဲ့ အချက်တွေပါတယ်တဲ့ကွ…
ကြွက်စုတ်က ရယ်ပြန်သည်။ ရုက္ခစိုးကလည်း ငေါက်ပြန်သည်။

ရုက္ခစိုး။ ။ ဟေ့ ကောင် ဘာရယ်ပြန်တာလဲ…မိန်းမရွှင်ပဲ ငါ ကြားဖူးတယ်…ဒီနေ့ မင်းက ယောက်ျားရွှင် ဖြစ်နေပါလား… အဲဒီ ၀တ္ထုက အာရှစာပေဆုအတွက် ပဏာမ ရွေးထားတဲ့ ၀တ္ထုကွ…
ကြွက်စုတ်ကလည်း ရုက္ခစိုးကိုပြန်၍ နောက်ပြော ပြောလိုက်သည်။ကြွက်စုတ်။ ။ အံမယ်… ဦးရုက္ခစိုး က သူတို့အဆက်အနွယ်တွေအကြောင်း စာအုပ်ဆုချိတ်လို့ ဂုဏ်ယူနေပုံရတယ်…ဒါနဲ့ ဦးရုက္ခစိုးရော ယောက်ျားစင်စစ် ဧကန် ဖြစ်ရဲ့လား….

ရုက္ခစိုး။ ။ ဟာ… ဒီ တိရစ္ဆာန် အကောင်တော့… အ၀ီစိ သွားချင်ပြီထင်တယ်…ငါ တယ်….
ဤတွင် ရုက္ခစိုး၏ ဒေါသ အမြင့်ဆုံးသို့ရောက်ရှိသွားပြီး သတိလက်လွတ်ဖြစ်ကာ ကွန်ပျူတာကိုမ၍ ကြွက်စုတ်အား ပစ်ပေါက်ရန်ပြင်လိုက်စဉ် ဖိုးရှုပ်ဝင်ထိန်းလိုက်သောကြောင့် ကွန်ပျူတာ ပျက်ဆီးမည့်ဘေးမှ လွတ်မြောက်သွားရသည်။

ကြွက်စုတ်လည်း ကြွက်ပြေးပြေးပါလေရာ...နောက်တွင် ရုက္ခစိုးနှင့် ဖိုးရှုပ်တို့ နှစ်ဦး ရုန်းရင်း ဆန်ခတ်ကျန်ရစ်ခဲ့ လေတော့သည်….။ ။

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)


force donation & NC

0 comments
(ဧရာဝတီသတင်း)

အမျိုးသားညီလာခံ စရိတ် ကုန်သည်များ မဖြစ်မနေလှူရ
ကြည်ဝေ ဇူလိုင် ၂၇၊ ၂၀၀၇

ကျင်းပနေဆဲ အမျိုးသားညီလာခံ ကုန်ကျစရိတ်များအတွက် စစ်အစိုးရက ကုန်သည်စီးပွားရေး လုပ်ငန်းရှင်များကို ဖိအားပေး လှူဒါန်းခိုင်းကြောင်း သိရသည်။

အမျိုးသားညီလာခံအတွက် မဖြစ်မနေလှူဒါန်းရမည် ဟူသည့် အမိန့်စာထုတ်သောကြောင့် လှူဒါန်းကြရသည်ဟု ရန်ကုန်မြို့က ဆန်စပါး ကုန်သည်ကြီးများအသင်း အဖွဲ့ဝင် တဦးကပြောသည်။

“လုပ်ငန်းတော်တော်များများ အဆင်မပြေကြဘူး၊ အခွန် ပြဿနာကိုလည်း အားလုံးရင်ဆိုင်နေကြရတယ်၊ အခုလို မဖြစ်မနေပေးလှူရတဲ့ ကိစ္စတွေကလည်း ရှိသေးတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောဆိုသည်။
လုပ်ငန်းရှင်တဦးလျှင် လုပ်ငန်း ပမာဏအပေါ် မူတည်၍ ကျပ် ၁ သိန်းမှ ကျပ် ၁၀ သိန်း (ငွေ သို့မဟုတ် ကုန်ပစ္စည်း) အထိ လှူခိုင်းကြောင်း လှိုင်သာယာ စက်မှုဇုန် လုပ်ငန်းရှင် များကလည်း ပြောသည်။

ထိုသို့ ဖိအားပေးလှူဒါန်းခိုင်းသောကြောင့် လုပ်ငန်းရှင်များက ၎င်းတို့ လှူဒါန်းငွေ ကာမိစေရန်အတွက် ကုန်ပစ္စည်းများ အပေါ်တွင် ဈေးနှုန်းတိုးယူကြသည်ဟု ကုန်သည် တဦးကပြောပြသည်။

အမျိုးသားညီလာခံအတွက် ငွေကျပ် ၅၃ ၂၆၅ ၅၀၀ တန်ဖိုးရှိ ငွေကြေး နှင့် ဆန်၊ စားသုံးဆီ၊ ကြက်သွန်၊ စာရေး ကိရိယာ စသည့် လူသုံးကုန်ပစ္စည်းများကို ကုန်သည် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ကျော်က လှူဒါန်းကြကြောင်း ကြာသပတေး နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ပြီးခဲ့သည့် ၂၀၀၅ ခုနှစ် ဒီဇင်ဘာ ၅ ရက်တွင် စတင်ပြုလုပ်သော ၂ လကြာ အမျိုးသားညီလာခံ တကြိမ်ကျင်းပသည့် ကုန်ကျစရိတ်မှာ ငွေကျပ် သန်း ၃၀၀ ခန့် ကုန်ကျကြောင်း သိရသည်။

'Wa' says no to SPDC's proposal

0 comments
(ဧရာဝတီသတင်းဗျာ၊ မူးရင်း အဲ - - - - မူရင်းသတ်ပုံအတိုင်း)

ပန်ဆန်းသို့ပြန်ပြောင်းရန် ၀ တပ်ဖွဲ့များလက်မခံ
ကိုသက် ဇူလိုင် ၂၇၊ ၂၀၀၇

ရှမ်းပြည်တောင်ပိုင်းဒေသတွင် အခြေချနေထိုင်သည့် ၀ လူမျိုးများ မူးရင်းဒေသဖြစ်သည့် ပန်ဆန်းဒေသသို့ ပြန်လည် ပြောင်းရွှေ့ရန် ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့က လက်မခံကြောင်း ထိုင်း-မြန်မာ နယ်စပ်ဒေသမှ လာသော သတင်းများကဆိုသည်။

ယခုလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့၏ ဌာနချုပ်ဖြစ်သည့် ပန်ဆန်းတွင် ပြုလုပ်သော ဗဟိုကော်မတီအစည်းအဝေးတွင် မူရင်းဒေသသို့မပြန်ရန်ဆုံးဖြတ်ခဲ့ကြပြီး စစ်အစိုးရက အင်အားသုံး ဖြေရှင်းလာပါက ပြန်လည်ခုခံရန် ၀ တပ်များကိုတပ်လှန့်ထားသည်ဟု ကြားသိရကြောင်း ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော် (တောင်ပိုင်း) ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းလောင်ဆိုင်က ဧရာဝတီကို ပြောဆိုသည်။

“သူတို့ရဲ့ (၀ လူမျိုးများ) ရပိုင်ခွင့်အတွက် တပ်အင်အားတွေတိုးချဲ့တည်ဆောက်သွားမယ်။ အဲဒီအတွက် တရုတ်ယွမ်ငွေ ၅ သန်းနဲ့ညီမျှတဲ့ လက်နက်တွေဝယ်ယူပြီး နအဖ တပ်တွေကိုပြန်လည်ခုခံဖို့ အသင့်ပြင်ထားတယ်လို့ သတင်းရပါတယ်” ဟုလည်း စိုင်းလောင်ဆိုင်က ပြောသည်။

အဆိုပါ ၀လူမျိုးများကို ဇူလိုင်လကုန်နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရန် စစ်အစိုးရကညွှန်ကြားထားပြီး နအဖ ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ညွှန်ကြားစာတွင် လက်မှတ်ထိုးထားသည်ဟု ရှမ်းလက်နက်ကိုင် သတင်းများက ဆိုသည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ညွှန်ကြားချက်တွင် ရှမ်းပြည်တောင်ပိုင်းရှိ ၀ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုလည်း မူရင်းဒေသဖြစ်သည့် ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ ပန်ဆန်း ဒေသသို့ ပြန်လည်အခြေချရန် ပါရှိသည်။

ဝ တပ်ဖွဲ့ဝင်များအခြေစိုက်သည့် မိုင်းတုန်းဒေသတွင် နအဖ တပ်ရင်း ၆ ရင်း အခြေစိုက်လျက်ရှိပြီး ၎င်း ၆ ရင်းအနက် တိုက်ခိုက်ရေးအင်အား ၄ ရင်းခန့်ရှိနေပြီး ယခုအချိန်အထိ နအဖဘက်မှ စစ်ပွဲပြင်ဆင်မှုမျိုး မတွေ့ရသေးကြောင်း ရှမ်းသံတော်ဆင့်သတင်းစဉ်၏ အယ်ဒီတာ ဦးခွန်စိုင်းက ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသတွင် ၀ တပ်ဖွဲ့ဝင်အင်အား ၃၅၀၀ ခန့် အခြေစိုက်လျက်ရှိသည်ဟုလည်း ပြောဆိုသည်။ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့သည် ၁၉၈၉ ခုနှစ်ကတည်းက နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး ၎င်းအချိန်က စ၍ ရှမ်းပြည်တောင်ပိုင်းတွင် အခြေချနေထိုင်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။

Thursday, July 26, 2007

'Wa' army will not go home ( dvb news )

0 comments



ထိုင်းနယ်စပ် တပ်စခန်းများမှနေ ပြန်ဆုတ်ရန် နအဖ အမိန့်ကို ၀ လက်မခံ


ဒီဗွီဘီ ။ ၂၆ ။ ဇူလိုင် ။ ၂၀၀၇ ထက်အောင်ကျော်


ထိုင်းနယ်စပ်တလျှောက်ရှိ အရေးကြီးတဲ့ တပ်စခန်းတွေကနေ တပ်တွေဆုတ်ခွာပြီး တရုတ်နယ်စပ်ဆီ ပြန်ရမယ်ဆိုတဲ့ စစ်အစိုးရရဲ့အမိန့်ကို လက်မခံနိုင်ဘူးလို့ ၀ အဖွဲ့က တုန့်ပြန်လိုက်ကြောင်း သိရပါတယ်၊ ဒီသတင်းကို စဖြန့်လိုက်သူကတော့ ၀ အပါအ၀င် ရှမ်းပြည်နယ်တွင်းရှိ ထူးခြားသတင်းတွေကို အမြဲတမ်း လက်ဦးမှုရှိရှိ တင်ပြနေတဲ့ ချင်းမိုင်အခြေစိုက် ရှမ်းသံတော်ဆင့် သတင်းဌာနပဲ ဖြစ်ပါတယ်၊

အခုလ (၁၉) ရက်ကနေ (၂၂) ရက်နေ့အထိ ပန်ဆန်းဌာနချုပ်မှာ ပြုလုပ်တဲ့ (၆)လပါတ် ဗဟိုကော်မတီ အစည်းဝေးကနေ အရေးကြီးဆုံးဖြတ်ချက် (၄) ခု ချမှတ်ပြီး။ ဒီကိစ္စကတော့ နံပါတ်တစ် ဆုံးဖြတ်ချက် ဖြစ်တယ်လို့ သံတော်ဆင့်က ဆိုပါတယ်၊


ထိုင်းနယ်စပ်တလျောက်ရှိ ၀ တပ်ဖွဲ့တွေကို အခု ဇူလိုင်လ (၃၁) ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာပေးဖို့ နအဖ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် မောင်အေးက အမိန့်ပေးထားပြီး ဒါကို လက်ခံမှာမဟုတ်ဘူးလို့ ၀ အဖွဲ့ ဗဟိုက ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒုတိယ ဆုံးဖြတ်ချက်ကတော့ ဆမ် (၇) လေယာဉ်ပစ် ဒုံးတွေအပါဝင် လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံကို တရုတ်ငွေ (၅) သန်းဖိုးအထိ ထပ်ဝယ်ဖြည့်ဆည်းမယ်လို့ ဆိုပါတယ်၊

တတိယအချက်ကတော့ မိုးရာသီကုန်တာနဲ့ ပန်ဆန်းရှိ ၀ ရွာသားတွေကို ထိုင်းနယ်စပ်ဆီ ထပ်ပြောင်းမယ်လို့ ဆိုပါတယ်။
စတုတ္ထအချက်ကတော့ ဒေါ်လာအတုလုပ်မှု၊ ရှမ်းလက်နက်ကိုင်တွေနဲ့ ဆက်သွယ်မှူတွေနဲ့ ထောင်ဒဏ် (၇၅) နှစ် ချထားသူ တပ်မှူးကြီး ဝေဆိုက်ထန်ကို ကွင်းလုံးကျွတ် လွှတ်ပေးဖို့ ဒီအစည်းဝေးက ဆုံးဖြတ်ခဲ့တယ်လို့ ၀ ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သူတွေက သူတို့ သတင်းဌာနကို ပြောတယ်ဆိုပြီး ရှမ်းသံတော်ဆင့်က အတိအကျ အခိုင်မာ ရေးသားထားပါတယ်၊ ဒီသတင်းနဲ့ ပတ်သက်ပြီး အတည်ပြုချက် ရယူနိုင်ဖို့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်ဆီကိုရော။ လားရှိုးရုံးခွဲနဲ့ ပန်းဆန်း ဌာနချုပ်တွေဆီကိုပါ ဆက်သွယ် မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ အဆင်မပြေခဲ့ပါဘူး။

ဒါကြောင့် တချိန်က ၀တွေနဲ့ အတူတူတွဲပြီး တိုက်ပွဲဝင်ခဲ့ဖူးသူလဲဖြစ်၊ အခု စစ်ရေး အကဲခတ်အဖြစ် ဝေဖန်ချက်ပေးနေသူလဲဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်က ဦးအောင်ကျော်ဇောကို မေးကြည့်ရာ၊
“ဖြစ်နိုင်ပါတယ်၊ သူတို့က မဆုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ ဒီနှစ်ပေါင်းများစွာ ကျနော်တို့ ၀ ရဲဘော်များ သွေးတွေနဲ့ ဒီနေရာက ရင်းနှီးပြီး ရယူထားတာ ဖြစ်ပါတယ်၊ ပြီးတော့ အခိုင်အမာ လုပ်ငန်းအများကြီး။ ၀ ခေါင်းဆောင်ကြီးတွေကိုယ်တိုင်လဲ ဒီမှာအခိုင်အမာ လုပ်ငန်းတွေရှိတယ်၊ ၀ ပြည်နယ်ရဲ့ တပ်ဖွဲ့ကြီးရဲ့ အခိုင်အမာ လုပ်ငန်းကြီးတွေလဲ ရှိတယ်၊ ပြီးတော့ ဒီဟာကို လုပ်တာက ဗမာအစိုးရ သူ့ဒူးသူ့ တဦးစွဲနဲ့သူ ဆုတ်လို့မရဘူး၊ ဘာလို့လဲဆိုတော့ ဒီတောင်ပိုင်းကို ပို့တဲ့အချိန်တုန်းက တရုတ်အစိုးရရဲ့ ထောက်ခံမှူလဲပါတယ်၊ နောက် ယူအင်ကလဲ ပါတယ် အဲဒီအချိန်မှာ၊ တရုတ်ပြည်ကတော့ ဟို သူတို့နယ်စပ်မှာရှိတဲ့ ဘိန်းစိုက်တဲ့သူတွေ ထိုင်းရောက်သွားတယ်ဆိုရင် ကောင်းတာပဲဆိုပြီး။ တရုတ်ပြည်က တက်တက်ကြွကြွ ထောက်ခံတယ်၊ နောက် ဒီဒေသကို သွားတဲ့အထဲမှာ ရာခိုင်နန်းအားဖြင့် လူဦးရေ တရာလောက်ဆိုရင်။ (၂၀) ရာခိုင်နန်းနဲ့ (၃၀) ရာခိုင်နန်းလောက်က တရုတ်တွေ ဖြစ်တယ်၊ ပြည်မကြီးက တရုတ်တွေလဲ ပါတယ်၊ တရုတ်-မြန်မာ နယ်စပ်က တရုတ်တွေလဲ ပါတယ်၊ အဲတော့ ဒါကြီးကို ချက်ခြင်း အကုန်ပြန်ရွေ့မယ်ဆိုတဲ့ ကိစ္စမျိုးကတော့ လက်ခံမှာ မဟုတ်ဘူး။ အဲ ခုန တပ်အင်အား တိုးချဲ့မယ်တို့ ဘာတို့ ဆိုတာကတော့ နဂိုကတည်းက စဉ်းစားချက်တွေ ရှိပြီးသားပဲ၊ (၁) အချက် လက်မခံဘူး၊ မပြန်ဘူးဆိုတာ သေချာတယ်၊ (၂) အချက် အင်အားတိုးချဲ့မယ်ဆိုတာလဲ ကျနော်တို့ ဖြစ်နိုင်တယ်၊ အဲတော့ ဝေဆိုက်ထန်ကို လွှတ်တယ် မလွှတ်ဘူး ဆိုတာကတော့၊ ဝေဆိုက်ထန်က တောင်ပိုင်းမှာတုန်းက အင်မတန်နာမည်ကြီးတဲ့ တပ်မှူးဖြစ်တာကိုး၊ အဲဒီ ခွန်ဆာ့တပ်တွေ လဲကွဲပြိုသွားအောင်တိုက်ပစ်တဲ့ အဲဒီအထဲမှာတော့ ဝေဆိုက်ထန်က ထိပ်ကဖြစ်တော့၊ သူ့ကို ဒီပွဲအတွက် ထုတ်မယ်ဆိုလဲ ဖြစ်ချင်လဲ ဖြစ်နိုင်တယ်၊”
တကယ်လို့ ဒီအချက်တွေသာ အမှန်ဖြစ်မယ်ဆိုရင် စစ်အစိုးရနဲ့ ၀ တွေအကြား ပြသာနာဟာ လက်ရှိကျင်းပဆဲ အမျိုးသား ညီလာခံမပြီးခင်၊ တနည်းအားဖြင့် လက်နက်ဖြုတ်သိမ်းရေးကိစတွေ တရားဝင် မလုပ်နိုင်သေးခင်မှာတောင် ပေါက်ကွဲလာမဲ့ အလားလာမျိုး ဖြစ်နေပါတယ်၊ ဒီလိုဖြစ်လာရင် ၀ တွေဘက်က တောင့်ခံနိုင်တဲ့ အခြေနေ ရှိပါရဲ့လား။
“ကျနော်ထင်တယ်၊ တကယ်လို့သာ ဗမာအစိုးရက အတင်းဖိတယ်ဆိုရင်တော့ ဒါကတော့ ဖြစ်လာမှာ၊ ပြီးတော့ ဟိုတခြား ငြိမ်းချမ်းရေး အဖွဲ့အစည်းတွေနဲ့ မတူတာကတော့ ၀ အမျိုးသားတွေဟာ သူတို့အမျိုးသားစိတ်ဓာာတ် အပြည့်ရှိတယ်၊ သူတို့ဒေသကြီးနဲ့ ကျယ်ပြောတဲ့ဒေသကြီးနဲ့ ပြီးတော့တိုက်ခိုက်ရေး အစဉ်အလာကလဲ အင်မတန်ရှိခဲ့ဖူးပြီ ဖြစ်တဲ့အတွက် သူတို့တပ်မှူးကြီးတွေက ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်သာရှိရင် အောက်ကလူတွေက လိုက်ဖို့အဆင်သင့်ပဲ၊ ၀ရဲ့ အဓိက ကျနော်တို့ တိုက်ခိုက်ရေးအင်အားက နှစ်သောင်းကျော် ရှိတယ်၊ အခု ပြည်သူ့စစ် ထပ်ဖွဲ့ထားတဲ့ ပြည်သူ့စစ်ကလဲ ကျနော်တို့ ပြောမယ်ဆိုရင် နှစ်ထောင်ကျော် သုံးထောင်နီးပါးလောက် ရှိမယ်။ အဲတော့ ၀နယ်ရဲ့မြောက်ဖျားကဆိုရင် အခုပြောတဲ့ ချင်းရွှေဟော်တို့ နမ့်တစ်တို့ပေါ့နော် သူကအစပ်ပေါ့၊ သံလွင်မြစ်ရဲ့ ဟိုးထိပ်ဆုံးအဖျားကနဲ့ ဒီရှမ်းကုန်း သံလွင်မြစ်ပြင် အရှေ့ခြမ်းပေါ့နော်၊ ကျနော်တို့ ဘယ်အထိရောက်လဲဆိုရင်။ ခုနပြောတဲ့ ဒီမိုင်းတုံရဲ့ အထက်ဘက် ဒီကျနော်တို့ မက်မန်းတို့ ဒီမော်ထာတို့ တန်းယန်းဆိုတာက သူ့ရဲ့ အစဉ်အလာ ၀နယ်ကြီးပါ၊ အဲတော့ သူတို့က တော်တော် တောင့်တောင့်တင်းတင်းနဲ့ကို ရှိခဲ့တာ။” အင်အား (၂) သောင်းကျော်ရှိတဲ့ ၀တပ်ဖွဲ့ကို
ဥက္ကဌ ပေါက်ယုချန်းက ဦးဆောင်ကွပ်နေပြီး။
ဒုဥက္ကဌအဖြစ် ရှောင်မင်လန်း၊
စစ်ဦးစီးအဖွဲ့ ပတာဝန်ခံအဖြစ် အိုက်လွန်း၊
ဒုတာဝန်ခံ ကျောက်တိုးထန်းတို့က ချုပ်ကိုင်ထားတယ်လို့ အောင်ကျော်ဇောက ပြောပါတယ်၊ အခု ပြသာနာဖြစ်နေတဲ့ (၁၇၁) စစ်ဒေသ သို့မဟုတ် ထိုင်းနယ်စပ်တကျောရှိ တောင်ပိုင်းတပ်ဖွဲ့တွေကို ဦးဆောင်နေသူတွေကတော့ တပ်မှူးကြီး ဝေရှုခန်၊ ဒုတပ်မှူး ဝေရှေရင်းနဲ့ နိုင်ငံရေးမှူးကတော့ ဥက္ကဌ ပေါက်ယုချန်းရဲ့ညီ ပေါက်ယုယိ ဖြစ်တယ်လို့လဲ အောင်ကျော်ဇောက ပြောပါတယ်၊ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ၀ တာဝန်ရှိသူတွေ ဘက်ကရော၊ နအဖ ဘက်ကပါ အခုချိန်ထိဘာမှ ထုတ်ပြောခြင်း မရှိသေးပါဘူး။

Khun Sa related feature writing

0 comments



(ဧရာဝတီ ၀က်ဆိုက်က ဆောင်းပါး)



တောင်ပေါ်မြေ၏ ဧကရာဇ်ဟောင်း


ကျော်စွာမိုး ဇူလိုင် ၂၅၊ ၂၀၀၇


ဤနေရာတွင် လူမနေတော့သည်မှာကြာလှပြီ။ သို့သော်လည်း အိမ်ကြီးမှာ အိမ်ကြီးရှင်ဟောင်း၏ ဓာတ်ပုံကြီးများဖြင့် အသက်ဝင်နေဆဲ ဖြစ်သည်။ နေ့လယ်နေ့ခင်း သစ်ပင်အောက်၌ အနားယူနေပုံ၊ အမ်-၁၆ မောင်းပြန်ရိုင်ဖယ်ဖြင့် ပစ်ခတ် ရန်ချိန်ရွယ်နေပုံ၊ သူ၏လှပသော မျိုးကောင်းမြင်းကြီးကို စီးနေပုံ၊ လက်နက်တစ်မျိုးကို စမ်းသပ်ပစ်ခတ်နေပုံ၊ ဆေးပြင်းလိပ် ခဲပြီး တစုံတခုကို လေးလေးနက်နက် စဉ်းစားနေပုံ စသည်ဖြင့် ဓာတ်ပုံများကို စနစ်တကျချိတ်ဆွဲထားပါသည်။ ပစ္စတို ခါးကြားထိုးပြီး စစ်ယူနီဖောင်းကို သပ်ရပ်စွာဝတ်ဆင်ထားသော ဓာတ်ပုံကြီး ထောင့်တထောင့်တွင် ဓာတ်ပုံ၏အမည်ကိုပါ ရေးထိုးထားပါသေးသည်။ “တောင်ပေါ်မြေ၏ ဧကရာဇ်”ဟူသတည်း။


အများ၏အမြင်တွင် သူသည် “ဘုရင်တပါး” သဖွယ် ဖြစ်ခဲ့ပါသည်။ သူသည် သစ္စာရှိနောက်လိုက်ငယ်သားများအတွက် ပြိုင်ဖက်ကင်း ခေါင်းဆောင်ဖြစ်ခဲ့သည်။ ထို့အတူ ရွှေတြိဂံဒေသ၏ ဘိန်းဘုရင်လည်း ဖြစ်ခဲ့ပါသည်။ အမေရိကန်အစိုးရ အတွက်မူ သူသည် အရှေ့တောင်အာရှဒေသ၏ ရှာရအခက်ဆုံးနှင့် အဖမ်းချင်ဆုံးသော ဘိန်းဘုရင် ဖြစ်ပါသည်။ ခွန်ဆာ သည် ရှမ်းတရုတ်ကပြားဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် မြန်မာစစ်အစိုးရထံ၌ လက်နက်မချမီအချိန်အထိ အင်အား ၁၅,၀၀၀ ခန့် ရှိသော သူ၏ကိုယ်ပိုင်စစ်တပ်ဖြင့် ရွှေတြိဂံဒေသကို အုပ်စိုးချယ်လှယ်ခဲ့သူ ဖြစ်ပါသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းတွင်ရှိသော အဆောက်အဦးသုံးလေးလုံးခန့်သာရှိသည့် သူ၏စခန်းဟောင်းတခုကလည်း “ခွန်ဆာ စခန်းဟောင်း” ဟုပင်အမည်တွင်နေဆဲ ဖြစ်ပါသည်။ ထိုရွာမှာ ထိုင်းနိုင်ငံမြောက်ပိုင်းစွန်း ချင်းရိုင်ခရိုင်တွင်တည်ရှိပြီး မြန်မာ နိုင်ငံ၏ ရှမ်းပြည်နယ်အရှေ့ပိုင်း နယ်စပ်နှင့် ၆ ကီလိုမီတာသာ ကွာဝေးပါသည်။ ဘန်းသို့ဝက်ထိုင်းရွာကလေးရှိ ပျက်စီးယို ယွင်းနေသော ဤအဆောက်အဦးဟောင်းများက ယခုတိုင် ခွန်ဆာပြတိုက်အဖြစ် အသုံးတော်ခံလျက်ရှိနေပါသေးသည်။

သူ၏ နောက်လိုက်အချို့နှင့် ၎င်းတို့၏ မိသားစုဝင်အချို့မှာ ဤပြတိုက်အနီးဝန်းကျင်တွင် နေထိုင်နေကြဆဲဖြစ်သည်။ သို့သော်လည်း ခွန်ဆာအကြောင်းကို ပြောဆိုရန် ၀န်လေးနေကြပါသည်။ မပြောလိုကြပါ။ ပြတိုက်ဝင်းအတွင်းရှိ အဆောက် အဦးတခုတွင် နေထိုင်လျက်ရှိသော သူ၏ထမင်းချက်ဟောင်းက “အဲဒါခွန်ဆာနေတဲ့အိမ်ပဲ၊ ကိုယ့်ဘာသာသွားကြည့်” ဟု ပြောပါသည်။
ပြတိုက်တွင် ကျနော့်ကို လမ်းညွှန်အဖြစ်လိုက်ပေးသော မိန်းကလေးက သူမ၏အဖေသည် တချိန်က ခွန်ဆာ၏တပ်ဖွဲ့ဝင် ဟောင်းတစ်ဦးဖြစ်ကြောင်း ပြောပြပါသည်။ ကျနော်က စကားပြောလို့ရမလားဟုမေးသောအခါ သူမက “အဖေက ဘယ်လူစိမ်းနဲ့မှ စကားမပြောဘူး၊ အတိတ်ကအကြောင်းတွေကိုလည်း ဘယ်တော့မှပြန်မပြောဘူး”ဟု ဖြေပါသည်။
ခွန်ဆာနှင့် သူ၏တပ်ဖွဲ့များသည် ၁၉၈၂ ခုနှစ်မတိုင်ခင်အထိ တောင်ပေါ်ရွာကလေးတွင် အခြေစိုက်နေထိုင်ခဲ့ကြသည်။ ထိုင်းတပ်ဖွဲ့ဝင်များက သူ၏စခန်းဟောင်းကို ၀င်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အချိန်တိုင်နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ ထို့နောက်တွင် ၎င်းတို့က ရှမ်းပြည်နယ်အတွင်းရှိ ဟိုမိန်းစခန်းသို့ ပြောင်းရွှေ့သွားကြပါသည်။ မောင်ထိုင်းတပ်မတော် သို့မဟုတ် အမ်တီအေ (MTA) ဟု လူသိများသော သူ၏လက်နက်ကိုင်တပ်ဖွဲ့သည်လည်း အထူးလေ့ကျင့်ထားသော စစ်သား အင်အား ၁၅၀၀၀ ခန့်အထိရှိသော တပ်အဖြစ် ကြီးထွားလာခဲ့ပါသည်။

“ခွန်ဆာဦးဆောင်သော အမ်တီအေအဖွဲ့ ဘာကြောင့်လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ရသလဲ” ဟူသော စာအုပ်တွင် ဖော်ပြထားချက်များအရ ဟိုမိန်းဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုးချဲ့ရေးအတွက် ခွန်ဆာသည် ထိုင်းဘတ်ငွေ သန်း ၃၀၀ (အမေရိကန်ဒေါ်လာ ၉.၃ သန်း) အထိ ရင်းနှီးမြှုပ်နှံခဲ့သည်ဟု ဆိုပါသည်။ ထိုစာအုပ်ကို မြန်မာအစိုးရက မြန်မာဘာသာဖြင့် ပုံနှိပ်ထုတ်ဝေခဲ့ခြင်းဖြစ်ပါသည်။

၁၉၉၃ ခုနှစ်တွင် ၎င်း၏ အမ်တီအေတပ်ဖွဲ့နှင့် ဒေသတွင်းသြဇာရှိသူများ၏ထောက်ခံမှုဖြင့် သီးခြားလွတ်လပ်သော ရှမ်းနိုင်ငံ ထူထောင်ကြောင်း ကြေငြာခဲ့သည်။ ကိုယ်စားလှယ် ၃၅ ဦးပါဝင်သော ပါလီမန်တရပ်ကို ဖွဲ့စည်းခဲ့ပြီး ထိုပါလီမန်က ခွန်ဆာ ကို သမ္မတအဖြစ်တင်မြှောက်ခဲ့ပါသည်။ သို့သော် နောက်သုံးနှစ် မပြည့်ခင်မှာပင် ခွန်ဆာနှင့်သူ၏ အမ်တီအေတပ်ဖွဲ့တို့ မြန်မာစစ်အစိုးရထံ လက်နက်ချခဲ့ကြပါသည်။

ယခုအခါ အသက် ၇၀ ၀န်းကျင်ခန့်ရှိနေပြီဖြစ်သော ခွန်ဆာမှာ သူရဲကောင်းအဖြစ် အများက မျှော်လင့်တောင့်တကြ သော်လည်း ဖြစ်မလာနိုင်တော့သော လူစွမ်းကောင်းအဖြစ်သို့ ရောက်ရှိနေပါတော့သည်။ လျှို့ဝှက်တနေရာတွင် နေထိုင် လျှက်ရှိသော်လည်း သူနှင့်ပတ်သက်သည့်အရိပ်ဟောင်းများက မေ့ဖျောက်၍မရနိုင်သော အတိတ်ပုံရိပ်များစွာကို ချန်ထား ရစ်ခဲ့ပြီး ဖြစ်ပါသည်။ ခွန်ဆာစခန်းဟောင်းအနီးတွင် ထိုင်းသင်္ဘောသီးထောင်းရောင်းနေသော ဈေးသည်တဦးက “ခွန်ဆာ အခု ဘယ်မှာနေတယ်ဆိုတာ ဘန်းသို့ဝက်ထိုင်းက ဘယ်သူမှ မသိကြဘူး” ဟုပြောပြပါသည်။

သို့သော်လည်း ဇင်းမယ်မြို့အခြေစိုက် ရှမ်း (SHAN) သတင်းဌာန၏ လက်ထောက်အယ်ဒီတာတဦးဖြစ်သော ဦးစိန်ကြည်က ရေကြည်အိုင်ဒေသအနီးတွင် နေထိုင်နေသည်ဟု ပြောပါသည်။ ရေကြည်အိုင်ဆိုသည်မှာ မင်္ဂလာဒုံမြို့နယ်ရှိ နာမည်ဆိုးဖြင့် ကျော်ကြားလှသော စစ်ကြောရေးစခန်းတခု ဖြစ်သည်။ သူက မြန်မာစစ်အစိုးရ၏ စောင့်ရှောက်ကာကွယ်ပေးမှုဖြင့် နေနေသည်ဟု ဆိုသည်။

အချို့သတင်းများကလည်း ၀န်ကြီးချုပ်ဟောင်းနှင့် တပ်မတော်ထောက်လှမ်းရေးအကြီးအကဲဟောင်းဖြစ်သူ ဒု ဗိုလ်ချုပ်ကြီး ခင်ညွန့် ၂၀၀၄ ခုနှစ်တွင် အဖြုတ်ချခံရပြီးနောက်၊ နေအိမ်အကျယ်ချုပ်ချထားခံရချိန်မှစ၍ ခွန်ဆာကို အနီးကပ်စောင့်ကြပ် ခံနေရသည်ဟု ဆိုကြပါသည်။ ဒု ဗိုလ်ချုပ်ကြီးခင်ညွန့်သည် ခွန်ဆာအပါအ၀င် လက်နက်ကိုင်လူမျိုးစုခေါင်းဆောင်များနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိရန် စေ့စပ်ညှိနှိုင်းရာတွင် အဓိကအခန်းမှ ပါဝင်ခဲ့သူလည်း ဖြစ်သည်။

ဦးစိန်ကြည်က ပြောပြရာတွင် ခွန်ဆာသည် ၎င်းအနေဖြင့် အမေရိကန်ထောက်လှမ်းရေးတို့လက်တွင်အပ် အဖမ်းခံပြီး အမေရိကန်တွင် ထောင်ကျမခံမိခြင်းအတွက် နောင်တရနေသည်ဟု သိရကြောင်းဆိုပါသည်။ လူအများကြား ကျော်ကြား လှသော ဘိန်းဘုရင်ကြီးက အကယ်၍ သူသာ အမေရိကန်တွင်ထောင်အကျခံခဲ့ပါက မန်နျူယယ် နိုရီရေးဂါး (Manuel Noriega) ကဲ့သို့ပင် သံတိုင် နောက်ကွယ်၌ ရှိနေသော်လည်း အသိအမှတ်ပြုလေးစားခံရမှု အဆင့်အတန်းကို သူလည်း ရလိမ့်မည်ဟု တွေးထင်နေပါသည်။ နိုရီရေးဂါးသည် ပနားမားမှ စစ်ခေါင်းဆောင်တစ်ဦးဖြစ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားမှုဖြင့် အမေရိကန်သို့ဖမ်းဆီးခေါ်ဆောင်လာကာ အမေရိကန်တွင်ပင် ရုံးတင်စစ်ဆေး ထောင်ဒဏ်အပြစ်ပေး ခံထားရသူ ဖြစ်သည်။

“ခွန်ဆာဦးဆောင်သော အမ်တီအေအဖွဲ့ ဘာကြောင့် လက်နက်နဲ့ငြိမ်းချမ်းရေးလဲလှယ်ရသလဲ” ဟူသော စာအုပ်တွင် အမ်တီအေ ဗဟိုကော်မတီဝင်တဦးက ခွန်ဆာသည် “အမေရိကန်အစိုးရလက်သို့ လွှဲပြောင်းပေးခြင်း မခံရနိုင်” ဟူသော ယုံကြည်ချက်ဖြင့် မြန်မာအစိုးရနှင့် စေ့စပ်ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု အခိုင်အမာဆိုထားပါသည်။

ဖြစ်ပျက်လာခဲ့သည့်အတိုင်း သူ၏တွက်ကိန်းက မှန်သွားပါသည်။ ၁၉၉၆ ခုနှစ်တွင် လက်နက်ချပြီးနောက် ခွန်ဆာသည် ရန်ကုန်သို့ ပြောင်းရွှေ့ခဲ့ပြီး စစ်အစိုးရ၏ အကာအကွယ်ဖြင့် ရန်ကုန်တွင်ပင် ယနေ့တိုင် နေထိုင်လျှက်ရှိပါသည်။

ရန်ကုန်ရှိ အမေရိကန်သံရုံးက သံတမန်ဆိုင်ရာ အရေးဆိုမှုများပြုခဲ့ပါသည်။ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုအတွက် အမေရိကန်နိုင်ငံတွင် ရုံးတင်စစ်ဆေးနိုင်ရန် ရာဇ၀တ်သားလွှဲပြောင်းပေးရေးကိုလည်း တရားဝင်တောင်းဆိုခဲ့ကြပါသည်။ သို့သော်လည်း မြန်မာအစိုးရက မသိကျိုးကျွံပြုနေခဲ့ပြီး မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံကြားတွင် ရာဇ၀တ်သား လွှဲပြောင်း ပေးရေးသဘောတူစာချုပ် မရှိကြောင်းသာ ပြန်လည်အကြောင်းကြားခဲ့ပါသည်။

သို့သော်လည်း အနည်းဆုံးခွန်ဆာ၏ နောက်လိုက် ၇ ယောက်ခန့်မှာ ထိုင်းနိုင်ငံတွင်အဖမ်းခံရပြီးနောက် အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးပို့ အပြစ်ပေးခြင်းခံခဲ့ကြရပါသည်။ အမေရိကန်ထောင်များတွင်ပင် တချို့က နှစ်အတန်ကြာ ကျခံရပြီးနောက် ပြန်လွတ်လာကြကာ တချို့လည်း အမေရိကန်တွင်လည်းကောင်း၊ ထိုင်းနိုင်ငံတွင်လည်းကောင်း အခြေချနေထိုင်လျှက် ရှိကြပါသည်။

သူ မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ ခွန်ဆာ၏အတိတ်ပုံရိပ်များက ဤပြတိုက်တခုမျှနှင့်သာ ရပ်တန့်မနေရစ်ပါ။ ဘိန်းဘုရင်အိုကြီး၏ တပ်ဖွဲ့ဝင်များက ၎င်းကိုသစ္စာခံနေကြဆဲဖြစ်ပြီး မြန်မာအစိုးရ၏ ထိန်းချုပ်မှုဖြင့် ဟိုမိန်းဒေသတွင် လှုပ်ရှားနေကြဆဲ ဖြစ်ပါသည်။ ထိုမျှသာမက သူ့ကိုဖမ်းဆီးရန် အမေရိကန်ပြည်ထောင်စု၏ ဖမ်းမိန့်စာချွန်သည်လည်း စားပွဲပေါ်တွင်သာ ရှိနေရဆဲ ဖြစ်ပါသည်။ ထိုင်းနိုင်ငံရှိ ရွာတရွာကပင် သူ၏အမည်ကို ယခုတိုင် အမြတ်တနိုးထား လေးစား နေကြဆဲ ဖြစ်ပါသည်။

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ကျော်စွာမိုးရေးသားသော LETTER from Bann Thoed Thai: King of the Highlands ကို ဆီလျော်အောင် ဘာသာပြန် ဆိုရေးသားခြင်း ဖြစ်ပါသည်။

afraid of Ewhsnahtrellik ad? :D

0 comments

ဧရာဝတီ သတင်း
ဂျာနယ်၊ မဂ္ဂဇင်းများတွင် နိုင်ငံခြားကြော်ငြာများ ဖော်ပြခွင့်မရ
ကိုသက် ဇူလိုင် ၂၆၊ ၂၀၀၇

မြန်မာနိုင်ငံမှ တရားဝင်ထုတ်ဝေသည့် ဂျာနယ်နှင့် မဂ္ဂဇင်းများ၏ ကြော်ငြာကဏ္ဍများ၌ နိုင်ငံခြားကြော်ငြာများကို မဖော်ပြ ရန်နှင့် ပြည်တွင်းကြော်ငြာများတွင်လည်း ပြဿနာတစုံတရာဖြစ်လာပါက သက်ဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းက တာဝန်ယူ ဖြေရှင်းရမည်ဟု စာပေစိစစ်ရေးကပြောဆိုကြောင်း ရန်ကုန်အခြေစိုက် အယ်ဒီတာတဦးက ပြောသည်။

“တရားဝင်တော့စာမထွက်သေးဘူး။ ဂျာနယ်တိုက်တွေကို နှုတ်နဲ့တော့ လှမ်းပြောတယ်။ လောလောဆယ် စိစစ်ရေးတင်ထားတဲ့ဂျာနယ်တွေ ပြန်ကျလာရင်တော့ ဘယ်ကြော်ငြာတွေဖြုတ်လိုက်တယ်ဆိုတာ သိရမယ်” ဟု အဆိုပါအယ်ဒီတာကပြောသည်။

ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ် (အင်္ဂလိပ်) တွင် နအဖ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား စကားဝှက်ဖြင့် လူသတ်သမားဟု ရေးသား ထားသည့်ကြော်ငြာကြောင့် နိုင်ငံခြားကြော်ငြာများ ဖော်ပြခွင့်ကို တားဆီးလိုက်ခြင်း ဖြစ်သည်။

ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက “အခြေအနေတွေက ပိုပြီးတင်းကျပ်လာမယ့် သဘောရှိတယ်။ နိုင်ငံခြားက ကျောင်း ကြော်ငြာတောင် ထည့်လို့မရတော့ဘူး” ဟု ပြောသည်။

မြန်မာတိုင်းမ်ကြော်ငြာနှင့်ပတ်သက်၍ ယမန်နေ့က စာပေစိစစ်ရေးမှ ညွှန်ကြားရေးမှူး ဗိုလ်မှူးတင့်ဆွေနှင့် စစ်ဆေးရေးမှူး ၃ ဦးကို စစ်ဖက် ရေးရာလုံခြုံရေးတပ်ဖွဲ့က ခေါ်ယူမေးမြန်းခဲ့ပြီး ထုချေလွှာတင်ရန်လည်း ညွှန်ကြားထားသည်ဟု အဆိုပါသတင်းထောက်က ပြောသည်။

“ဒီကိစ္စမှာ ၂ ပိုင်းရှိတယ်။ တခုက ကျနော်တို့ရပ်တည်ရေးကို ထိခိုက်တယ်။ ဘာလုပ်လုပ် ၀က်အူရစ်သလို အရစ်ခံရမယ်။ တဘက်ကလည်း ကြော်ငြာရဲ့ စိတ်ကူးစိတ်သန်းကို သဘောကျတယ်။ လူတွေကလည်း မိတ္တူကူးပြီး အရပ်ထဲမှာ အချင်းချင်းဖြန့်နေကြတယ်” ဟု ရန်ကုန်ရှိ အယ်ဒီတာက ပြောသည်။

အဆိုပါကြော်ငြာကို ဒိန်းမတ်အခြေစိုက် Surrend အဖွဲ့က ထည့်သွင်း ကြော်ငြာခြင်းဖြစ်ပြီး ဖိနှိပ်တင်းကျပ်သော စစ်အစိုးရ လက်အောက်တွင် ယခုကဲ့သို့ လျှို့ဝှက်စွာလုပ်ဆောင်နိုင်သည်ဟူသော အတွေ့အကြုံကို ယူခြင်းဖြစ်သည်။အာဏာပိုင်တို့က ၎င်းကြော်ငြာကိုဖော်ပြသည့် မြန်မာတိုင်းမ်ဂျာနယ်အပေါ် မည်သို့အရေးယူဆောင်ရွက်မည်ကို ရန်ကုန်ရှိ စာနယ်ဇင်းသမားများအကြား ပြောဆိုဝေဖန်နေကြကြောင်း စုံစမ်းသိရှိရသည်။

Wednesday, July 25, 2007

myanmar times latest news

0 comments



ဒီဗွီဘီ သတင်းဗျာ။ ကလစ်ပေးပြီး ဖတ်ရုံသာ။

Wa ethnic to be relocate

0 comments
ဝ လူမျိုးများကို မူရင်းဒေသသို့ ရွှေ့ပြောင်းရန် အမိန့်ထုတ်
ဧရာဝတီ ဇူလိုင် ၂၅၊ ၂၀၀၇

ရှမ်းပြည်တောင်ပိုင်းရှိ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့မှ ၀ လူမျိုးများအား ၎င်းတို့၏မူရင်းဒေသဖြစ်သည့် တရုတ်နိုင်ငံ နယ်စပ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရန် စစ်အစိုးရကအမိန့်ထုတ်သည်ဟု ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော် (တောင်ပိုင်း) ခေါင်းဆောင် ဗိုလ်မှူးကြီး ယော့ဆတ်က ပြောဆိုကြောင်း ရှမ်းသံတော်ဆင့်သတင်းစဉ်တွင် ဖော်ပြထားသည်။

အဆိုပါ ၀လူမျိုးများကို သြဂုတ်လ ၁ ရက်နေ့နောက်ဆုံးထားပြီး ပြောင်းရွှေ့ပေးရန်ညွှန်ကြားထားပြီး နအဖ ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးက ညွှန်ကြားစာတွင် လက်မှတ်ထိုးထားကြောင်းဗိုလ်မှူးကြီး ယော့ဆတ်က ဘန်ကောက်ပို့စ် သတင်းစာကို ပြောဆိုသည်။

စစ်အစိုးရက သဘောတူညီမှုတခုကို လိုက်လျောရန်ရည်ရွယ်ချက်ကြောင့် ၀လူမျိုးများအား ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ပြီး ၎င်းသဘောတူညီချက်သည် မြန်မာနိုင်ငံတွင် စစ်တပ်တတပ်တည်းထားရှိရန် ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီး ယော့ဆတ်က သုံးသပ်သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ညွှန်ကြားချက်တွင် ရှမ်းပြည်တောင်ပိုင်းရှိ ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့မှ လက်နက်ကိုင်တပ်ဖွဲ့ဝင်များကိုလည်း မူရင်းဒေသဖြစ်သည့် ရှမ်းပြည်နယ် အရှေ့မြောက်ဘက်ရှိ ပန်ဆန်း ဒေသသို့ ပြန်လည်အခြေချရန် ပါရှိသည်။

ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့သည် ၁၉၈၉ ခုနှစ်ကတည်းက နအဖ စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး လွန်ခဲ့သည့် ၅ နှစ်ခန့်ကစ၍ ရှမ်းပြည်တောင်ပိုင်းတွင် အခြေချနေထိုင်ခွင့် ရခဲ့ကြသည်။
၎င်းဒေသတွင် ၀ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့မှ လက်နက်ကိုင်အင်းအား ၃၅၀၀ မှ ၄၅၀၀ အထိ အခြေစိုက်ပြီး ရှမ်းပြည် လွတ်မြောက်ရေးတပ်မတော် (တောင်ပိုင်း) အခြေစိုက်ရာဒေသလည်း ဖြစ်သည်။တရုတ်-မြန်မာ နယ်စပ်အခြေစိုက် မြန်မာ့အရေးလေ့လာသူ ဦးအောင်ကျော်ဇောက ရှမ်းပြည်တောင်ပိုင်းတွင် ၀လူမျိုးများ သည် စီးပွားရေး၊ စိုက်ပျိုးရေးကအစ အခြေကျနေပြီဖြစ်သောကြောင့် မူရင်းဒေသသို့ ပြန်လည် ပြောင်းရွှေ့ရန်မှာ မဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုသည်။

U Tay Za's next step

0 comments

(မှတ်ချက် - ဧရာဝတီ ၀က်ဆိုက်က သတင်းဗျာ။
သူတို့ဝက်ဆိုက်မှာတော့ ပုဂံလေကြောင်း လေယာဉ်နောက်ခံနဲ့ ဦးတေဇပုံ တင်ထားတယ်။ ပုံက နည်းနည်းလေးတာကြောင့် ကျနော့်မှာရှိတဲ့ ခပ်ပေါ့ပေါ့ပုံနဲ့ အစားထိုးလိုက်ပါတယ်။ myanmar times ကပုံဟောင်း။)
ပင်လယ်ကူးသင်္ဘောလိုင်း ဦးတေဇ ထူထောင်မည်
ကိုသက် ဇူလိုင် ၂၅၊ ၂၀၀၇

မြန်မာနိုင်ငံတွင် ပထမဆုံးပုဂ္ဂလိကပိုင် ပင်လယ်ကူးသင်္ဘောလိုင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်နီးစပ်သူ ဦးတေဇ၏ ထူး ကုမ္ပဏီက စတင်ထူထောင်မည်ဟု ရန်ကုန်မြို့ရှိ စီးပွားရေးအသိုင်းအ၀န်းတွင် ပြောဆိုနေကြသည်။

တန်ချိန်လေးထောင်ရှိ ကုန်တင်သင်္ဘောနှင့် ဆီတင် သင်္ဘော စုစုပေါင်းအဟောင်းနှစ်စီးကို စင်ကာပူနိုင်ငံမှ ၀ယ်ယူရန် ဦးတေဇအား ကျပ်ငွေသန်းပေါင်း တသိန်းကို စစ်အစိုးရက ထုတ်ချေးထားသည်ဟုလည်း ရန်ကုန်ရှိ စီးပွားရေးသမားတဦးက ပြောဆိုသည်။

လွန်ခဲ့သည့်လကုန်ပိုင်းက ပို့ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေနှင့် စီးပွားရေးလုပ်ငန်းရှင်များ နေပြည် တော်တွင်ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ ဗိုလ်ချုပ် သိန်းဆွေက “ပုဂ္ဂလိကပိုင် သင်္ဘောလိုင်းတွေ ပေါ်ပေါက် လာမှာကို ကျနော်တို့ အထူးပဲကြိုဆိုပါတယ်”ဟု ပြောဆိုသည်။

ထူး ကုမ္ပဏီက ပြေးဆွဲမည့် ပင်လယ်ကူးသင်္ဘောများတွင် ခရီးသည်တင် ဇိမ်ခံသင်္ဘောများလည်း ပါဝင်မည်ဖြစ်ပြီး ၎င်းဇိမ်ခံသင်္ဘောများကို စတင်ပြေးဆွဲမည်ဟု ထူး ကုမ္ပဏီနှင့် နီးစပ်သူတဦးက ပြောသည်။
ဦးတေဇအား ရန်ကုန်စီးပွားရေးအသိုင်းအ၀ိုင်းက လက်ရှိမြန်မာနိုင်ငံ၏ အကြွယ်ဝဆုံးစီးပွားရေးသမားဟု သုံးသပ်ကြပြီး စစ်အစိုးရက ရုရှားနိုင်ငံလုပ် တိုက်လေယာဉ်များဝယ်ယူရာတွင် ပွဲစားလုပ်ပေးခဲ့ရာမှ ၎င်းအား လူသိများလာခဲ့သည်။

ထူး ကုမ္ပဏီသည် ဆောက်လုပ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလာရေး၊ သစ်နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများကို လုပ်ကိုင် နေသည့်အပြင် လမ်းတံတားဆောက်လုပ်ရေးသုံး အကြီးစားစက်ပစ္စည်းများကိုလည်း ငှားရမ်းသည်။ ဦးတေဇသည် ၂၀၀၄ ခုနှစ်တွင် အဲပုဂံလေကြောင်းလိုင်းကို တည်ထောင်၍ ပြည်တွင်းခရီးစဉ်များ စတင်ပြေးဆွဲခဲ့ပြီး ယခုနှစ် မေလမှစ၍ နိုင်ငံခြားခရီးစဉ်များကို တိုးချဲ့ပြေးဆွဲခဲ့သည်။

ထူး ကုမ္ပဏီက ပုဂ္ဂလိကပိုင် ပင်လယ်ကူးသင်္ဘောလိုင်း တည်ထောင်ရခြင်းမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ဆန္ဒကို အကောင် အထည် ဖော်ပေးရခြင်းဖြစ်သည်ဟုလည်း ရန်ကုန်ရှိ စီးပွားရေးသမားက ဆိုသည်။မြန်မာနိုင်ငံတွင် ပင်လယ်ကူးသင်္ဘောလိုင်းအနေဖြင့် နိုင်ငံတော်ပိုင်ဖြစ်သည့် မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတခုသာ ရှိခဲ့ပြီး နိုင်ငံခြားနှင့် ကမ်းရိုးတန်းတလျှောက် ပြေးဆွဲသည့်သင်္ဘော ဆယ်စီးကျော်ရှိသည်။

a young student arrested & forced to protect the country

0 comments

စီမံချက်ကြောင့် အဓမ္မစစ်မှုထမ်းရန် ကျောင်းသားတဦးအဖမ်းခံရ
ရိုးမ ၃။ ဇူလိုင် ၂၅၊ ၂၀၀၇

စစ်သားစုဆောင်းရေးစီမံချက်ကြောင့် ကျောင်းနေအရွယ်ကလေးငယ်တဦး အဓမ္မစစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရသည်။

ပဲခူးတိုင်းအတွင်း ယခုလတွင် စစ်သားစုဆောင်းရေးအတွက် စီမံချက်ချမှတ်ကာ လုပ်ဆောင်နေ ခြင်းကြောင့် ဇီးကုန်းမြို့မှ ကျောင်းသားတဦး စစ်မှုထမ်းခိုင်းစေရန် အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ ရခြင်းဖြစ်သည်။
ဇီးကုန်းမြို့၊ မြို့မအလယ်တန်းကျောင်းမှ သတ္တမတန်းတွင် ပညာသင်နေသည့် အသက် (၁၅)နှစ် ရှိ မောင်သန့်ဇင်ဦးသည် နေအိမ်မှ ဗွီဒီယိုကြည့်ရန်သွားစဉ် ယခုလ (၉) ရက်နေ့က ပျောက်ဆုံး သွားခဲ့ခြင်းဖြစ်သည်။

“ထမင်းစားပြီးတော့ အမေဆီက ငွေသုံးဆယ်တောင်းပြီး ဗွီဒီယိုကြည့်ဖို့သွားတာ မိုးချုပ်လည်း ပြန်မရောက်တော့ ညတွင်းချင်းရှာကြသေးတယ်၊ ဘယ်မှာမှမတွေ့ဘူး။ နောက်နေ့ထပ်ရှာမှ မြင်လိုက်တဲ့လူတွေက နင်တို့သား စစ်သားစုဆောင်းရေးက အတင်းခေါ်သွားတာတွေ့တယ်လို့ ပြောကြတယ်”ဟု မိသားစုဝင်တဦးက ဆိုသည်။

စစ်သားစုဆောင်းရေးတပ်တွင် သွားရောက်မေးမြန်းသည့်အခါတွင်လည်း မရှိကြောင်း၊ အဆိုပါ အမည်လည်းမရှိကြောင်း ပြောဆိုခဲ့သဖြင့် ပြန်လာခဲ့ရပြီး ယခုလ (၂၂) ရက်နေ့က အင်းမမြို့ အခြေစိုက် အမှတ် (၄) ခြေမြန်တပ်ရင်းတွင် ရောက်ရှိနေကြောင်း သိရသည်ဟုဆိုသည်။

သတ္တမတန်းတွင် ပညာသင်ကြားနေသည့် မောင်သန့်ဇင်ဦးသည် အဖ ဦးမြင့်ကျော်၊ အမိ ဒေါ်ရွှေလုံး (ခ) ဒေါ်စိုးသိန်းတို့နှင့်အတူ ဇီးကုန်းမြို့၊ ကျွန်းတောလမ်း၊ အမှတ် (၄) ရပ်ကွက်တွင် နေထိုင်သူတဦးဖြစ်သည်။
“စစ်သားတယောက်စုပေးလျှင် ငွေ(၃၀,၀၀၀)နဲ့ ဆန်တအိတ်ပေးတယ်။ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပေါင်းတည်မြို့နယ်တွေဘက်မှာ အခုလအတွင်း စီမံချက်နဲ့ကို စစ်သား စုဆောင်းနေတာ”ဟု ဒေသခံတဦးက ဆိုသည်။

စစ်အစိုးရအနေဖြင့် တနှစ်လျှင် တပ်သားသစ်စုဆောင်းမှုများကို သက်ဆိုင်ရာ တိုင်းအလိုက် ဦးရေသတ်မှတ်ချက်ပြည့်မီအောင် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များကို ညွှန်ကြားချက်များ ပေးပို့၍ စစ်သားသစ်များစုဆောင်းစေမှုကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ်များစွာ နှစ်စဉ် အဓမ္မ စစ်မှုထမ်းစေခိုင်းခြင်းကို ခံခဲ့ရသည်။

ပြီးခဲ့သည်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့ထိ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် မစ္စ ရာဒီကာကုမာရဆွာမိ မြန်မာနိုင်ငံသို့ရောက်ရှိခဲ့ပြီး စစ်အစိုးရတပ်တွင်း ကလေးငယ်များ စစ်မှုထမ်းဆောင်နေခြင်းနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို စစ်အစိုးရအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

အဆိုပါ အထူးကိုယ်စားလှယ်က စစ်အစိုးရဖွဲ့စည်းထားသည့် ကလေးသူငယ်များအား စစ်မှုထမ်း ခြင်းမှ ကာကွယ်တားဆီးရေးကော်မတီဝင်များနှင့်လည်း တွေ့ဆုံခဲ့ကာ စစ်အခြေခံ လေ့ကျင့်ရေး ကျောင်းများသို့လည်း သွားရောက်လေ့လာခဲ့သည်ဟု ဆိုသည်။

စစ်အစိုးရအနေဖြင့် ၄င်းတို့လက်နက်ကိုင်တပ်ဖွဲ့များအတွင်း အရွယ်မရောက်သေးသူ ကလေး ငယ်များအား စစ်မှုထမ်းခိုင်းစေခြင်းမရှိကြောင်း ငြင်းဆိုနေသော်လည်း နိုင်ငံအနှံ့ ကလေးငယ် များ စစ်သားအဖြစ် အဓမ္မ စုဆောင်းခံနေရဆဲဖြစ်သည်။ လူ့အခွင့်အရေးအဖွဲ့များကလည်း စစ်အစိုးရတပ်များအတွင်း ကလေးငယ် (၇၀၀၀၀)ခန့် စစ်မှုထမ်းနေကြရသည်ဟုဆိုသည်။

Tuesday, July 24, 2007

victims receive imprisonment :(

0 comments
(ဘေလာ့ဂ္ဂါမွတ္ခ်က္မ်ား
၁။ ဧရာဝတီ ၀က်ဆိုက်က သတင်းဗျာ။
၂။ ပုံကို ရိုးမ၃ ၀က်ဆိုက်မှာတွေ့လို့ ယူထည့်ပေးလိုက်တယ်။ ပုံပိုင်ရှင်က နိုင်ငံရေးအကျဉ်းသားကူညီရေးအသင်း။
၃။ ရိုးမ၃ က ဒီအုပ်စုရဲ့သတင်းတွေကို အထူးလေ့လာစုဆောင်းတဲ့ ၀က်ဆိုက်ပဲ။ သို့ပေမယ့် သူ့သတင်းက ရှည်လွန်းလို့ ဧရာဝတီ သတင်းကိုပဲ ရွေးလိုက်တယ်။ အချိန်ဆင်းရဲတဲ့ခေတ် ရောက်ပြီဗျာ။ လိုတိုရှင်းလေ ကောင်းလေ။
၎။ ၀က်ဆိုက် ၂ခုမှာ လူတစ်ယောက်ရဲ့နာမည်ကို ၂ မျိုးပေါင်းထားတယ် မတူဘူး။ ကိုမြင့်နိုင်၊ ကိုမြင့်လှိုင် တဲ့။
၅။ ဘယ်ဟာမှန်သလဲတော့ မသိ။ သေချာတာကတော့ အဲဒီလူနဲ့လုပ်ဖော်ကိုင်ဖက်တွေက အရိုက်လည်း ခံရ၊ လုပ်ကြံတာလည်း ခံရ။ ခုတော့လည်း ထောင်ချခံရ။)
-------------------

လူ့အခွင့်အရေးလှုပ်ရှားသူများ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရ


ကိုစိုး ဇူလိုင် ၂၄၊ ၂၀၀၇



ဟင်္သာတထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားခြင်းခံရသည့် လူ့အခွင့်အရေးကာကွယ် မြှင့်တင်သူ (HRDP) အဖွဲ့ဝင် ကိုမြင့်နိုင်နှင့် ၅ ဦး တို့ကို အာဏာပိုင်များက ယနေ့ ပြစ်ဒဏ်များချမှတ်လိုက်ကြောင်း သိရသည်။
ဟင်္သာတမြို့နယ် တရားရုံးက ယနေ့ အမိန့်ချမှတ်ရာတွင် ပုဒ်မ (၅၀၅/ခ) (၅၀၅/ဂ) တို့ဖြင့် အာဏာပိုင်များက တရားစွဲဆို ထားသော ကိုမြင့်နိုင်တို့ ၆ ဦးအား ထောင်ဒဏ် ၄ နှစ်မှ ၈ နှစ် ချမှတ်လိုက်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) ကပြောသည်။
ပြစ်ဒဏ်ကျခံရသူများမှာ ကိုမြင့်နိုင်၊ ကိုကျော်လွင်၊ ကိုမြစိန်၊ ကိုလှရှိန်၊ ဦးမြင့်နှင့် ဦးဝင်းတို့ဖြစ်ကြောင်း သိရသည်။


အဆိုပါ HRDP အဖွဲ့ဝင်များသည် ဧပြီလ ၁၈ ရက်နေ့က ဟင်္သာတ မြို့နယ်တွင်း လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို လှည့်လည်ရှင်းလင်းစဉ် အုတ်ပုံကျေးရွာ၌ ကြံ့ဖွံ့အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် HRDP အဖွဲ့ဝင် ကိုမြင့်နိုင်နှင့် ကိုမောင်မောင်လေးတို့ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရကြ၍ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် တပတ်ခန့် ဆေးကုသမှု ခံယူကြရသည်။

ယင်းတိုက်ခိုက်မှုကို ဟင်္သာတမြို့နယ် တလုပ်ထော် ကျေးရွာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း အတိုက်ခိုက်ခံရ သူများ ဆေးရုံကဆင်းသည်အထိ တာဝန်ရှိသူများက လာရောက် စစ်ချက်ယူခြင်းမရှိသောကြောင့် ကိုမြင့်နိုင်က တရားရုံးသို့ ဦးတိုက် လျှောက်ထားခဲ့သည်။
ထို့နောက် ကိုမြင့်နိုင်အပါအ၀င် HRDP အဖွဲ့ဝင်များဖြစ်သော ဦးဝင်း၊ ကိုမြစိန်၊ ကိုလှရှိန်၊ ဦးမြင့် နှင့် ကိုကျော်လွင်တို့ ၆ ဦးကို အုတ်ပုံရွာ ရယက ဥက္ကဌ ဦးအောင်သန်းက ဥပဒေ ပုဒ်မ (၅၀၅/ခ) (၅၀၅/ဂ) တို့ဖြင့် ပြန်လည်တရားစွဲဆိုခဲ့ပြီး မေလ ၂ ရက် နေ့က ရုံးချိန်းအတွင်း ၎င်းတို့ ၆ ဦးအား အာဏာပိုင်များက ဖမ်းဆီးချုပ်နှောင်၍ ဟင်္သာတထောင်သို့ ပို့ဆောင်ခဲ့သည်။

ယင်း အုပ်ပုံရွာ ရယက ဥက္ကဌ ဦးအောင်သန်းသည် အုပ်ပုံရွာတွင် ၎င်းတို့အား အကြမ်းဖက်တိုက်ခိုက်စဉ်က ပါဝင်ခဲ့သူ တဦးဖြစ်သည်ဟု HRDP အဖွဲ့ဝင်များက ပြောသည်။

ပုဒ်မ (၅၀၅/ခ)သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေရန် လှုံ့ဆော်သည့်ပုဒ်မဖြစ်ပြီး (၅၀၅/ဂ)သည် လူမျိုးစု အချင်းချင်း (သို့မဟုတ်) လူအုပ်စုအချင်းချင်း ပြဿနာဖြစ်စေရန် လှုံ့ဆော်သည့်ပုဒ်မဖြစ်သည်ဟု သိရသည်။

ရန်ကုန်အခြေစိုက် ယင်း HRDP အဖွဲ့အား ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး မြှင့်တင်ရေးလုပ်ငန်းများကို တနိုင်ငံလုံးအတိုင်းအတာဖြင့် လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သည်။

killer ThanShwe cartoon & news by irrawaddy org

0 comments

“သန်းရွှေ လူသတ်သမား” ကြော်ငြာ မြန်မာတိုင်းမ်မှာပါ
ကိုစိုး ဇူလိုင် ၂၄၊ ၂၀၀၇

မြန်မာပြည်တွင်း၌ ထုတ်ဝေနေသော နောက်ဆုံးထုတ် မြန်မာတိုင်းမ်ဂျာနယ် (အင်္ဂလိပ်) တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လူသတ်သမားဟု စကားဝှက်ထည့်ထားသည့် ကြော်ငြာတခု ပါဝင်ကြောင်း သိရသည်။

အဆိုပါကြော်ငြာကို ဒိန်းမတ်အခြေစိုက် Surrend အဖွဲ့က ထည့်သွင်း ကြော်ငြာခြင်းဖြစ်ပြီး ဖိနှိပ်တင်းကြပ်သော စစ်အစိုးရ လက်အောက်တွင် ယခုကဲ့သို့ လျှို့ဝှက်စွာ လုပ်ဆောင်နိုင်သည်ဟူသော အတွေ့အကြုံကို ယူခြင်းဖြစ်သည်ဟု ယင်းအဖွဲ့ဝင်တဦးဖြစ်သူ ပီယာ ဘာတယ်လ်ဆန် က အေပီသတင်းဌာနသို့ ပြောသည်။
ကြော်ငြာ ဒီဇိုင်းမှာ အုန်းပင် တပင်၊ နေရောင်တောက်နေသည့် နေလုံး တခုပါဝင်ပြီး “ခင်မင်နှစ်လိုဖွယ်ရာ မိတ်ဆွေများနှင့် လှပသောနိုင်ငံ” စာတန်းပါ စကင်ဒီနေးဗီးယား နိုင်ငံများက ဧည့်သည်များကို မြန်မာ နိုင်ငံသို့ အလည်လာရောက်ပါရန် ဖိတ်ခေါ်ထားသည့် ခရီးသွားလုပ်ငန်း ကြော်ငြာပုံစံမျိုး ဖြစ်သည်။

ကြော်ငြာဒီဇိုင်း၏ အောက်ခြေရှိ The Board of Islandic Travel Agencies Ewhsnahtrellik and the Denish Industry BesoegDanmark ဟူသော စာတန်းတွင် Killerthanshwe ဟု ပြောင်းပြန်ရေးထားသော စာလုံးများကို ထည့်သွင်းထားခြင်း ဖြစ်သည်။
စစ်အာဏာရှင်များကို ဝေဖန်တိုက်ခိုက်နိုင်သော နည်းလမ်းတခုကို ထုတ်ဖော်ပြသခြင်းဖြစ်သည်ဟုလည်း ပီယာ ဘာတယ်လ်ဆန်က ပြောသည်။

“ဖိနှိပ်တင်းကြပ်တဲ့ စိစစ်ရေးအောက်မှာ အလွန်ဆိုးဝါးတဲ့ စစ်အစိုးရအကြောင်းကို ထုတ်ဖော်ပြသနိုင်ဖို့ အနုပညာ နည်းလမ်း တွေကို ရှာဖွေအသုံးပြုနိုင်တယ်ဆိုတာကို ပြသခြင်းဖြစ်ပါတယ်”ဟု လည်း ၎င်းက ပြောသည်။

ယင်းကြော်ငြာနှင့်ပတ်သက်၍ မြန်မာတိုင်းမ်ဂျာနယ်သို့ မေးမြန်းစုံစမ်းရာတွင် ချက်ခြင်းအကြောင်း မပြန်ကြားနိုင်ကြောင်း ပြောသည်ဟုလည်း ဆိုသည်။
“သူတို့ကို အရေးယူလိမ့်မယ်လို့ မထင်ဘူး၊ မြန်မာတိုင်းမ် ဂျာနယ်ကလည်း စစ်အစိုးရလိုလားတဲ့ ကျမတို့က ဝေဖန်နေတဲ့ စစ်အစိုးရရဲ့ ဂျာနယ် ဖြစ်နေတာမဟုတ်လား”ဟု ၎င်းက ဆိုသည်။

Surrend အဖွဲ့သည် ယခုကြော်ငြာ မတိုင်ခင် ပြီးခဲ့သည့် ဒီဇင်ဘာလက အစိုးရအထိန်းချုပ်ခံ တဟီရန် တိုင်းစ် သတင်းစာ၌ အီရန်သမ္မတ မာမွတ် အာမက်၏ ဓာတ်ပုံအောက်တွင် “လူယုတ်မာ”ဟု အမည်ရသော စာတန်းထိုး၍ ထည့်သွင်းဖော်ပြ ခဲ့ဖူးသည်။

အလားတူ အမေရိကန်သမ္မတ ဂျော့ဘုရှ်ကိုလည်း ဝေဖန်ခဲ့သည်ဟု ဆိုသည်။“အနုပညာနဲ့ တော်လှန်ရေးလုပ်တာတော့ မဟုတ်ပါဘူး၊ အာဏာရှင်တွေကို ရယ်စရာဖြစ်အောင် လုပ်ချင်တဲ့သဘောပါ”ဟု ပီယာ ဘာတယ်လ်ဆန်က ပြောသည်။

Monday, July 23, 2007

Hidden message for The King ThanShwe :D

0 comments






စစ်အစိုးရကိုသရော်တဲ့ကြော်ငြာ
စကားဝှက်နဲ့ မြန်မာတိုင်းမ်စ်ဂျာနယ်မှာ ဖော်ပြ



ဗွီအိုအေမြန်မာပိုင်း၊ ၂၃ ဇူလိုင် ၂၀၀၇


အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ အခုနောက်ဆုံးအပတ်ထုတ် မြန်မာတိုင်းမ်စ်ဂျာနယ်ထဲက စကန်ဒီနေးဗီးယား ခရီးသွားကြော်ငြာတခုမှာ မြန်မာစာအစိုးရကို လှောင်ပြောင်ထားတဲ့ စကားဝှက်တွေ ထည့်သွင်းထားတယ်လို့ ဒီကြော်ငြာကို ထည့်သွင်းခဲ့တဲ့ ဒိန်းမတ်အနုပညာအဖွဲ့တခုက ဖွင့်ချလိုက်ပါတယ်။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်တွေ ပိတ်ပင်ခံထားရတဲ့နိုင်ငံ၊ စာပေစိစစ်ရေးတင်းကြပ်မှုတွေလုပ်ထားတဲ့နိုင်ငံ ဖြစ်ပေမယ့်လို့ လွတ်လပ်စွာပြောဆိုဖော်ထုတ်နိုင်ဖို့ အနုပညာနည်းလမ်းတွေ ရှိတယ်ဆိုတာ ပြသလိုခြင်းဖြစ်တယ်လို့ ဒီအစီအစဉ်ကို လုပ်ခဲ့တဲ့ ဒိန်းမတ်အခြေစိုက် Surrend အနုပညာအုပ်စုက ပြောပါတယ်။ ဒီအကြောင်း ဦးသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ကြော်ငြာပုံကတော့ အုံးပင်တပင်နဲ့ ပင်လယ်ရေပြင်ပုံ အပေါ်မှာတော့ နေရောင်တောက်နေတဲ့ ပုံကြမ်းကို ဖော်ပြထားပြီး စကန်ဒီနေးဗီးယားက ကမ္ဘာလှည့်ခရီးသွားများ ဆိုတဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကြော်ညာ ဖြစ်ပါတယ်။ အဲဒီစကားဝှက်တွေကတော့ ကြော်ငြာစာထဲမှာ ထည့်သွင်းထားတာပါ။ ဒီကြော်ငြာထည့်ခဲ့တဲ့ ဒိန်းမတ်အခြေစိုက် အနုပညာအုပ်စုက ဂျမ်အီဂက်စ်ဘော့ဂ် က အခုလို ရှင်းပြပါတယ်။
“ကြော်ငြာကတော့ လှပတဲ့မြန်မာနိုင်ငံကို လာဖို့ ဖိတ်ခေါ်တဲ့ ခရီးသွားကြော်ငြာပါ။ ဒီအထဲ အဓိက စကားဝှက် ၂လုံး ထည့်ထားပါတယ်။ မြန်မာစစ်အစိုးရခေါင်းဆောင်ကို သရော်ထားတဲ့ Killer
Than Shwe လူသတ်သမားသန်းရွှေ ဆိုတဲ့ စကားနဲ့ နောက်တခုကတော့ Freedom မြန်မာပြည်သူတွေအတွက်လွတ်မြောက်ရေး ဆိုတဲ့ စကားလုံး ၂လုံးပါ။ Killer Than Shwe ဆိုတဲ့ စကားလုံးကတော့ ကြော်ငြာရဲ့ အောက်ဆုံးစာကြောင်း ဒိန်းမတ်စာလိုလိုဖြစ်နေတဲ့ Ewhsnahtrellik ဆို တဲ့ စကားလုံးကို ပြောင်းပြန်လှန်ရင် တွေ့ရပါမယ်။ နောက်တလုံး Freedom ဆိုတာကတော့ ဒိန်းမတ်ကဗျာဟောင်း လို့ဆိုတဲ့ အပိုဒ်က Feel Relaxed, Enjoy Everthing, Dance On Minutes ဆိုတဲ့ စာကြောင်းက အစ စကားလုံးတွေအားလုံးကို ပေါင်းလိုက်ရင် Freedom ဆိုတာ တွေ့ပါလိမ့်မယ်။ အဓိက ကျနော်တို့ ပြောချင်တဲ့ စကားက မြန်မာစစ်ခေါင်းဆောင်ဆိုတာ လူသတ်သမား၊ နောက် မြန်မာပြည်သူတွေအတွက် လွတ်မြောက်စေလိုတယ် ဆိုတာကို ဖော်ပြလိုက်တာပါ။”
အခု ဒီကြော်ငြာ မြန်မာတိုင်းမ်စ်ဂျာနယ်မှာ ပါလာတယ်ဆိုတာကိုသိရတော့ သူတို့အနေနဲ့ အလွန်တရာ ကျေနပ် ပျော်ရွှင်မိတယ်လို့လည်း ဗီအိုအေကို အခုလို ပြောပြပါတယ်။

“ကျနော်တို့ အလွန်ဝမ်းသာပျော်ရွှင်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ဖော်ပြနိုင်ဖို့ဆိုတာ အတော့်ကို ခက်ခဲခဲ့တာပါ။ တခြားသူတွေကိုလည်း ဒီလိုအလားတူဖော်ပြချက်မျိုးတွေ လုပ်နိုင်တယ်ဆိုတာလည်း ကျနော်တို့က အားပေးချင်တယ်လေ။”

အခုလို မြန်မာနိုင်ငံမှာ ဒီလို စစ်အစိုးရကို လှောင်ပြောင်တဲ့ ကြော်ငြာမျိုး ထည့်သွင်းနိုင်အောင် ဘယ်လိုစဉ်းစားမိတာလဲလို့ ကျနော် ဆက်မေးကြည့်ပါတယ်။

“ကျနော်တို့က အနုပညာနဲ့ သရော်လှောင်ပြောင်တာတွေကိုလုပ်ဖို့ စုဖွဲ့ထားတဲ့ အနုပညာအဖွဲ့ပါ။ ဒီလို အလားတူ ပြောင်လှောင်ဖော်ပြချက်တွေကို ကျနော်တို့ ကမ္ဘာအနှံ့မှာ လုပ်ခဲ့ပြီးပါပြီ။ ဒီနေရာမှာ ကျနော်တို့တွေ့လာတာက မြန်မာအစိုးရဟာ အတော့်ကို ဖိနှိပ်ရက်စက်တဲ့ အစိုးရဖြစ်တယ်၊ ဒါကြောင့် မြန်မာအစိုးရကို ပစ်မှတ်ထားလုပ်ဖို့ ရွေးခဲ့တာပါ။ ဒါပေမယ့် အခုလို စဉ်းစားချက်ရဖို့ အချိန်အတော်ယူခဲ့ရပါတယ်။ အခုဆိုရင် ကျနော်တို့က စစ်အစိုးရရဲ့ ၀ါဒဖြန့်စာတွေဖော်ပြလေ့ရှိတဲ့ မြန်မာတိုင်းမ်စ်ကို အသုံးချခဲ့ပါတယ်”

Surrend အဖွဲ့ ဆိုတာကတော့ ဒိန်းမတ်နိုင်ငံ ကိုပေဟေဂဲန်မြို့ အခြေစိုက်တဲ့ လွတ်လပ်တဲ့အနုပညာအဖွဲ့အစည်းတခု ဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ အလားတူ သရော်လှောင်ပြောင်တာတွေကို အခြားကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း လုပ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကပဲ အီရန်နိုင်ငံက သတင်းစာတစောင်မှာ အီရန်ခေါင်းဆောင်တွေကို ဝေဖန်သရော်တဲ့စာ အလားတူ ဖော်ပြခဲ့ဖူးပါတယ်။ ဒီသတင်းဟာလည်း ကမ္ဘာပေါ်မှာ အတော်လေးကို ကျော်ကြားသွားတယ်လို့ သိရပါတယ်။ - - -
---------------------------------------------------------------------------------------------------------

( ဘလော့ဂါရဲ့ မှတ်ချက် - မင်းတရားကြီးသန်းရွှေ လိုပဲ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလည်း အီရန်ခေါင်းဆောင်ဂျီး ခံစားခဲ့ရပါတယ်။ သူ့ပုံအောက်မှာ "swine" ဆိုတဲ့ စကားလုံးမိုင်း ကို ပေါ်တင်ကြီး ထောင်ထားတယ်။ ရုတ်တရက်ကြည့်ရင်တော့ အမေရိကန်ဆန့်ကျင်ရေးကြော်ငြာပါပဲ။ ရှေ့ဆုံး စာလုံးတွေကို ပေါင်းလိုက်မှ "swine" ဖြစ်သွားတာပါ။ အဘိဓာန်မှာတော့ "swine" ကို ၀က်သတ္တ၀ါ လို့ ဖော်ပြထားပါတယ်။ ပြီးတော့ "ယုတ်မာ ရက်စက်၍ စက်ဆုပ်ဖွယ်ကောင်းသူ" လို့လည်း ဖွင့်ဆိုနိုင်ပါသတဲ့။ ဘယ်လိုပဲ ဘာသာပြန်ပြန် အီရန်ခေါင်းဆောင်ဂျီးအဖို့ မသက်သာပါ။ သြော် - - - Surrend အနုပညာအုပ်စုရဲ့ လက်သံပြောင်ချက်ကတော့ - - - :D )