Tuesday, July 10, 2007

flood in Rgn again


ငမိုးရိပ်ရေလှောင်တမံ ဖောက်ချသဖြင့် လှည်းကူးတွင်ရေကြီး
NEJ / ၁၀ ဇူလိုင် ၂၀၀၇

မိုးအဆက်မပြတ်ရွာသွန်းပြီး ရေပြည့်လာသောကြောင့် ရေလှောင်တမံ ကျိုးပေါက်မည်ကို ကာကွယ် သည့်အနေဖြင့် ငမိုးရိပ်ဆည်ရေဖောက်ချခဲ့သည့်အတွက် ရန်ကုန်တိုင်း လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာအများအပြား ရေလွှမ်းခံရပြီး အိမ်ထောင်စုအမြောက်အမြား အိုးမဲ့အိမ်မဲ့ ဖြစ်နေကြသည်။

ရေဘေးဒုက္ခသည်တဦးက “မိုးရွာတာ သက်သက်ဆိုရင်တော့ ရေဒီလောက်မကြီးဘူး။ ငမိုးရိပ် ရေလှောင်တမံ ဖောက်ချလိုက်လို့ ဒီလောက်ရေကြီးတာ။ ဒါပေမယ့် ရေကို တခါတည်း ဖောက်ချ တာမဟုတ်ဘဲ တဖြည်းဖြည်း ဖောက်ချတာဖြစ်တဲ့အတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းဖို့တော့ အချိန်ရခဲ့တယ်။ သက်ဆိုင်ရာကလည်း ရေတွေ တဖြည်းဖြည်း ဖောက်ချနေတယ်၊ ဘေးလွတ်ရာကို ရွှေ့ပြောင်းပါလို့ ကြိုတင်သတိပေးတာကြောင့်လည်း နည်းနည်းသက်သာတယ်” ဟု ပြောသည်။

ယခုကဲ့သို့ရေကြီးမှုကြောင့် လူအသေအပျောက်မရှိသော်လည်း နေအိမ်အများအပြား ပျက်စီးဆုံးရှုံး ကြရသည့်အပြင် ၎င်းတို့လုပ်ကိုင်နေသည့် လယ်မြေဧကပေါင်းများစွာ ပျက်စီးဆုံးရှုံးကြရကြောင်း အဆိုပါရေဘေးဒဏ်ခံရသူက ပြောသည်။

စန်းကြီးကျေးရွာ၊ မှန်ကန်ကျေးရွာ၊ ကလီဒေါင်ကျေးရွာ၊ ကုတင်ကြီးကျေးရွာ၊ ဒရယ်ခိုကျေးရွာတို့မှ အိမ်ထောင်စုပေါင်း (၂၂၀) ကျော် အိုးအိမ်မဲ့ဖြစ်သွားကြောင်း သိရသည်။

အဆိုပါ ရေဘေးဒုက္ခသည်များကို လှည်းကူးမြို့နယ် ငါးထပ်ကြီး၊ ကန်ဦးနှင့် ကန်သာ ဘုန်းတော်ကြီး ကျောင်းဝင်းတို့တွင် နေရာချပေးထားပြီး ငါးထပ်ကြီးကျောင်းကို ကယ်ဆယ်ရေး ဗဟိုစခန်းအဖြစ် သတ်မှတ်ကာ လောလောဆယ် အာဏာပိုင်များက ထမင်းထုပ်များ အလှူခံပေးနေသည်။
ရေလွှမ်းမိုးမှုကြောင့် ထောက်ကြံ့-လှည်းကူးကားလမ်းတလျှောက် သုံးနေရာလောက်တွင် ရေကျော် နေသော်လည်း ကားအသွားအလာ ပြတ်တောက်ခြင်းမရှိဟု သိရသည်။

ငမိုးရိပ် ရေလှောင်တမံသည် ရန်ကုန်မြို့သို့ ရေပေးဝေနေသည့် ဖူးကြီး၊ လှော်ကားတို့ကဲ့သို့ ရေလှောင်တမံတခုဖြစ်သည်။
စစ်အစိုးရ၏ ယမန်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ရန်ကုန်တိုင်း သာကေတ၊ လှည်းကူး၊ မှော်ဘီနှင့် တိုက်ကြီးမြို့နယ်တို့တွင် ရေကြီးရေလွှမ်းမိုးမှုဖြစ်ပေါ်ပြီး စာသင်ကျောင်းများကို ခေတ္တ ပိတ်ထားရကြောင်း၊ ရေဘေးသင့် အိမ်ထောင်စုများအတွက် မြို့နယ်မှ တာဝန်ရှိသူများ၊ စေတနာ ရှင်များက ထမင်းထုပ်များ ထောက်ပံ့ပေးခဲ့ကြောင်းမျှသာ ဖော်ပြခဲ့သည်။ ။

No comments:

Post a Comment