Monday, June 7, 2010

news from NEJ

1 comments
HIV ဝေဒနာရှင်များအတွက် အလှူရှင်များ အရေးပေါ် လိုအပ်
အောင်ထက် / ၀၇ ဇွန် ၂၀၁၀ ခေတ်ပြိုင်တနေ့တခြား တိုးပွားလာသော HIV/ AIDS ဝေဒနာရှင်များအတွက် ဆေးဝါးစရိတ်ကုန်ကျမှု ငွေကြေးအခက်အခဲ ရှိနေသည့်အတွက် ART ဆေးဝါးများ ဆက်လက်ပေးဝေနိုင်ရန် မလွယ်ကူတော့ကြောင်း HIV အရေး ဆောင်ရွက်နေသူ မဖြူဖြူသင်းက ပြောကြားသည်။

ပြည်တွင်း အန်ဂျီအိုများစွာမှ ART (ARV) ဆေးဝါးများ ဖြန့်ဝေမပေးနိုင်တော့ခြင်း၊ မီးလောင် မင်္ဂလာဈေး၏ လတ်တလော ဆေးဈေးကွက် ပျက်သွားခြင်းတို့ကြောင့် HIV အပါအ၀င် ၎င်းနှင့် ဆက်စပ်ဆေးဝါးများ တန်ဖိုးမြင့်တက်လာက ငွေအကုန်အကျ ပိုမိုများလာသည့်အတွက် ART ဆေးဝါးများ ဆက်လက်ဖြန့်ဝေရန် အခက်အခဲ ရှိလာခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

“ကျမတို့က ဆေးယူထား၊ အလှူရှင် ရလာရင် ငွေသွားရှင်း၊ အဲလိုရှိတယ်။ အခု ဆေးပစ္စည်းတွေ မီးလောင်ဆုံးရှုံးကုန်တော့ သူတို့လည်း ဆိုင်တွေကို အသစ်ကနေ ပြန်စနေရတယ်။ ART ကို တခြားဆိုင်တွေမှာ လက်လီဝယ်ယူဖို့ကျတော့ ကျမတို့ ငွေလက်ငင်း မတတ်နိုင်ဘူးဖြစ်နေတယ်” ဟု မဖြူဖြူသင်းက ပြောသည်။

HIV/AIDS ဝေဒနာရှင်များ သောက်သုံးရသည့် ART (ARV) ဆေးများကို ပြင်ပဆေးဆိုင်များမှ ၀ယ်ယူပါက တလစာ (ပျမ်းမျှ) (၃၀,၀၀၀) မှ (၃၅,၀၀၀) ကျပ် ၀န်းကျင်ခန့်ရှိကြောင်း၊ ထို့ပြင် HIV/AIDS နှင့် ဆက်စပ်နေသော အခြားရောဂါများအတွက် ကာကွယ်ဆေးများဖြစ်သော Forcan, Septrim, Imodium ဆေးများ၊ ပိုးသတ်ဆေးများ၊ ၀မ်းပျက်ဝမ်းလျှောအတွက် ဓာတ်ဆားထုပ်များပါမကျန် ယခင်ထက် ဈေးတက်နေသည့်အတွက် ဆေးဝါးဝယ်ယူမှုစရိတ် ပျမ်းမျှ လစဉ် (၂၀-၂၅) သိန်းခန့် ကုန်ကျနေကာ ဆက်လက်ဝယ်ယူနိုင်ရန် ငွေကြေးအခက်အခဲ ရှိနေသည်ဟု သိရသည်။

“သဇင် ဆေးခန်းကြီး အပါအ၀င် အန်ဂျီအိုတွေအနေနဲ့ HIV လူနာသစ်တွေကို သွေးစစ်ပေးရုံကလွဲလို့ ART လုံးဝ မပေးနိုင်တော့ဘူး။ အရင်က အန်ဂျီအို အတော်များများ (မှို၊ ရေယုန်၊ ၀မ်းပျက်ဝမ်းလျှော စတဲ့ အခြား အခွင့်အရေးယူရောဂါ) (OI) ဆေးတွေ ပေးနိုင်သေးတယ်။ အခု သူတို့ဆီမှာ OI တောင်ပြတ်နေပြီ။ အန်ဂျီအိုတွေမှာ ခုလို ART ရော၊ OI ရော ပြတ်နေတော့ ကျမတို့ဆီကို လူနာတွေ ပိုတိုးဝင်နေတယ်” ဟု လည်း မဖြူဖြူသင်းက ပြည်တွင်း အန်ဂျီအိုအဖွဲ့အစည်းများ၏ လက်ရှိရပ်တည်မှုကို ရှင်းပြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်လုပ်ကိုင်နေသူ မဖြူဖြူသင်းက ၎င်းတို့အနေဖြင့် လက်ရှိတွင် လူနာ (၁၀၀) ဦးခန့်အား ART ဆေး လစဉ် ပေးဝေနေရပြီး OI အဆင့် လူနာသစ်များလည်း (၃-၄) ဦးမျှ နေ့စဉ် ရောက်ရှိနေသည့်အတွက် နယ်လူနာ (၁၀၀) ခန့်ကို တောင်ဒဂုံ (၁၈) ရပ်ကွက်၌ (၂) အိမ်၊ မြောက်ဒဂုံ၌ (၂) အိမ် စုစည်းနေထိုင်စေကာ ART, TB, OI ဆေးများသာမက ၀မ်းရေးအခက်အခဲကိုလည်း တတ်နိုင်သမျှ ဖြေရှင်းပေးနေရသည်ဟု ပြောဆိုသည်။

“လတ်တလော အခက်အခဲအရ လူနာနဲ့ ကျမတို့ ငွေကြေး တယောက်တ၀က် ကျခံစေတဲ့ ပုံစံမျိုး၊ လူနာအချင်းချင်း ART လှည့်ပေးနေရတဲ့ ပုံစံမျိုးတွေ လုပ်နေရတယ်။ ဒါပေမယ့် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေအရ စားဖို့တောင် အနိုင်နိုင်ဆိုတော့ ဆေးဝါးကို အပြင်ဈေးနဲ့ ၀ယ်သုံးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အများစုကို အခမဲ့ ပေးဝေနေရတယ်။ လူနာတွေ ဆေးပြတ်ရင် အသက်တိုလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ပြည်တွင်း အန်ဂျီအိုများသည် 3D Funds, Global Funds တို့မှ ပေးဝေသော ART ဆေးများဖြင့်သာ ရပ်တည်နေရကြောင်း၊ လာမည့် ၂၀၁၁ တွင် Global Funds မှ မြန်မာပြည်တွင်းသို့ ART အလုံအလောက် ဖြန့်ဝေမည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် များစွာ မျှော်လင့်နေရကြောင်း မဖြူဖြူသင်းက ပြောသည်။

၎င်းက “HIV လူနာတွေအတွက် အရေးပေါ် ငွေကြေးလိုအပ်နေပါတယ်။ ဒါကြောင့် နိုင်ငံတကာက ဖြစ်စေ၊ တရားမ၀င် ငွေကြေးဖြစ်စေ၊ ဘယ်အဖွဲ့အစည်းက လှူလှူ အားလုံးကို လက်ခံမယ်။ ဒီနည်းပဲ ရှိတော့တယ်။ အဲလိုလုပ်လို့ ပြဿနာ တစုံတရာ ရှိလာရင် ကျမ ဖြေရှင်းမယ်။ HIV လူနာတွေကို ART ဆေးဖြန့်ဝေလို့ ထောင်ချမယ်ဆိုလည်း ကျမခံမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

မင်္ဂလာဒုံဆေးရုံနှင့် ဝေဘာဂီဆေးရုံတို့တွင်လည်း ဆေးမပေးနိုင်သည့်အတွက် HIV/AIDS လူနာသစ်များကို လက်မခံတော့ကြောင်း၊ ဆေးပေးနေကျ လူနာဟောင်းများကို တလတကြိမ် ဆေးပေးသော်လည်း ရက်ချိန်းမမှန် ဖြစ်နေကြောင်း သိရသည်။

စစ်အစိုးရကမူ မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့သည်ဟု ၂၀၀၉ ခုနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့တွင် ကြေညာခဲ့သော်လည်း အရေအတွက် အတိအကျကိုမူ ဖော်ပြခြင်းမရှိပေ။

Sunday, May 16, 2010

moemaka

1 comments
မသေချင်ကြသူများ
ဖြူဖြူသင်း
မေ ၁၆၊ ၂၀၁၀
[IMG_0218.JPG]
ကျမဆီကို ရောက်လာကြသူ တော်တော်များများပဲ မသေချင်ကြပါဘူး။ ဒါလည်း အထူးအဆန်း မဟုတ်ပါဘူး။ ဘယ်လူမျိုးမဆို မသေချင်ကြတာ မဆန်းဘူး ပြောရမလားပဲ။ ဒါပေမယ့် ကျမဆီ ရောက်လာပြီး မသေချင်ကြသူတွေကျတော့ တခြား မသေချင်သူတွေနဲ့ သိပ်မတူသလို ခံစားရပါတယ်။ သူတို့ မသေချင်ကြပုံတွေက ရှက်ရွံ နာကျည်းမှု တွေနဲ့ အတူ ရှင်သန်စဉ် ကျဆင်းခဲ့ရတဲ့ ဂုဏ်သိက္ခာတွေ အတွက် နောင်တတွေနဲ့ ရောပြွမ်းနေတယ် လို့ ကျမစိတ် ထဲမှာ ထူးထူး ဆန်းဆန်း ခံစားနေရတာပါ။ ပထမဆုံး မကွေးက ရောက်လာတဲ့ ညီအစ်ကို နှစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။
ညီအစ်ကို နှစ်ယောက်က အကြီးဆုံးနဲ့ အငယ်ဆုံး ဆိုတော့ သားအဖတွေလို ဖြစ်နေတာပါ။ ညီဖြစ်သူက ပက်လက် ကလေးနဲ့ ဆေးရုံ တက်ရပါတယ်။ ထုံးစံအတိုင်း လူနာစောင့်က လွဲလို့ ကျန်တာ ကျမ စိုက်ထုတ် ကျခံရပါတယ်။ ဒီကလေးက ၄ လ လောက် အတွင်းမှာ ကံကောင်း ထောက်မစွာနဲ့ ဆေးသောက်ရတယ်။ မြန်မာပြည်မှာက သိတဲ့အတိုင်း အေအာတီဆေးက ဝေဒနာသည်တိုင်း မရပါဘူး။ သူက ဆေးသောက်ပြီးတော့ တဖြည်းဖြည်း ပြန်လည် ကျန်းမာလာပါတယ်။ ခုထက်ထိလည်း ကျန်းမာနေတုန်းပါပဲ။
ဒီကလေး ထူထူထောင်ထောင် ဖြစ်လာချိန်မှာ အစ်ကိုဖြစ်သူက သူ မကွေးပြန်ပြီးတော့ ငွေအနည်းငယ် ရှာလိုကြောင်း ပြောပါတယ်။ ကျမကို အားနာလာတယ် ထင်ပါရဲ့။ ကျမကလည်း သူ့ ညီလေး ကျန်းမာရေးက စိတ်ချရတဲ့ အခြေအနေမို့ ပြန်လွှတ်လိုက်ပါတယ်။
ဒါပေမယ့် တလလည်း ပြန်မလာ၊ နှစ်လလည်း ပြန်မလာ ဖြစ်လာလို့ ကောင်လေးကို မေးပြီးတော့ ဖုန်းနံပါတ် တောင်းတော့လည်း ဖုန်းက မရှိ၊ ဒါနဲ့ လိပ်စာ တောင်းပြီး မကွေးက အဖွဲ့ဝင်တွေကနေ တဆင့် စုံစမ်းခိုင်းတော့ လွန်ခဲ့တဲ့ တလကျော်ကပဲ ဆိုက်ကား နင်းနေတုန်း အဝေးပြေး ကားတစီးနဲ့ တိုက်မိပြီး ကွယ်လွန်သွားပြီလို့ ဆိုပါတယ်။
သေခြင်းတရားဟာ ထူးဆန်းတဲ့အရာ မဟုတ်ပေမယ့် ဒီတယောက် ကွယ်လွန်တဲ့ အခါမှာတော့ အံ့သြရပါတယ်။ အမှန်တကယ် သေရမှာက သေကောင် ပေါင်းလဲ ဖြစ်နေတဲ့ ရောဂါသည် ညီငယ်။ ဒါပေမယ့် ဘာရောဂါမှလည်း မရှိသူ၊ သူ့ကိုယ်သူ အပါအ၀င် ကျမတို့ အားလုံး ထင်မှတ် မထားတဲ့ အစ်ကို ဖြစ်တဲ့လူက မမျှော်လင့်ဘဲ သေပါရောလား။
နောက်တယောက်က ကျောက်ပန်းတောင်းနယ်ကပါ။ အသက် ၅၈ နှစ် ရှိပါပြီ။ သူ ရောဂါ ဖြစ်ပုံကလည်း မထူးဆန်းပါဘူး။ သွေးသွင်းရာက ဖြစ်တာပါ။ သူက အသက်ကလည်း ကြီးတော့ ကျမလည်း အတော်လေး ဂရုတစိုက် ပြုစုပေးပါတယ်။ သူ့ကို အားလုံးက အမေမြိုင် လို့ပဲ ခေါ်ကြပါတယ်။ ကျမလည်း အဲ့ဒီလိုပဲ ခေါ်ပါတယ်။ သူက အသက်ကြီးတာက တကြောင်း၊ ရောဂါကြောင့် ရှက်တာက တကြောင်း ဖြစ်မယ် ထင်တယ် ဘယ်သွားသွား တဘက်ကြီး ခေါင်းပေါ် ခြုံပြီးတော့မှ အပြင် ထွက်ပါတယ်။ သူတို့ အညာဓလေ့အရ လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ ပြောမရတာနဲ့ ကျမလည်း ဒီအတိုင်းပဲ သွားလေရာ ခေါ်သွားရတယ်။ သူ ရန်ကုန်မှာနေတော့ ကျမက ယုဇနအိမ်ယာမှာ အိမ်ခန်း ငှားထားပေးတာပါ။ သူနဲ့ အတူနေတဲ့ သူတွေလည်း ရှိပါတယ်။
သူ့ခံနိုင်ရည်ကလည်း ကြောက်စရာ ကောင်းလှတယ်။ သူ ရန်ကုန်မှာ နေစဉ် သုံးလလောက် အတွင်းမှာပဲ ပြန်လည် ကျန်းမာလာပါတယ်။ အေအာတီဆေးလည်း အမြန် သောက်ရတယ်။ တခြားလူတွေလို စောင့်စရာ မလိုဘူး။ သူ ပြန်လည် ကျန်းမာလာတော့လည်း အသက်အရွယ်နဲ့ မလိုက်အောင် ခံနိုင်ရည် ရှိတာ တွေ့ရပါတယ်။ ဒါနဲ့ သူ တရက်ကျတော့ သားသမီး မြေးများနဲ့ ပြန်တွေ့မယ် ဆိုပြီး ကျမကို လာနှုတ်ဆက်ပါတယ်။ သူ့အခြေအနေက ပြောစရာ မရှိအောင် ကောင်းမွန်နေတော့ ကျမကလည်း ပြန်ပါလို့ ပြောလိုက်ပါတယ်။
သူ ကျမကို လာနှုတ်ဆက်ပြီး ပြန်သွားတဲ့ ညမှာပဲ သူနဲ့ အတူနေတဲ့ ၄ ယောက်ထဲက ၁ ယောက်က ဖုန်းဆက်လာပါတယ်၊ အမေမြိုင် တယောက် ဗိုက်အောင့်တယ်၊ ပြောနေတယ် ဆိုတော့ ကျမလည်း သာမန် ဗိုက်အောင့်တယ် လောက်ပဲ ထင်ပြီးတော့ အနီးစပ်ဆုံး ဆေးခန်း ပြလိုက်ပါ လို့ ပြောလိုက်ပါတယ်။
၁၂ နာရီလောက် ကျတော့ ဖုန်းထပ်လာ ပါတယ်။ အမေမြိုင် တယောက် ဆေးရုံကြီး အရေးပေါ် ရောက်နေတယ်၊ အရေးတကြီး ဖြစ်နေတယ် ပြောတော့ ကျမလည်း ကားငှားပြီးလိုက်ရပါတယ်။ ဆေးရုံကြီးရောက်တော့ အမေမြိုင်က ပူတယ်ချည်း အော်နေတော့ ကျမလည်း ယပ်တောင် ထိုင်ခတ်ပေးနေရုံက လွဲပြီး ဘာမှ လုပ်မပေးတတ်ဘူး ဖြစ်နေတာပါ။ မနက်ကျတော့ လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ရပါတယ်။ နောက်တရက်မှာ ဗိုက်ခွဲရမယ်လို့ မှတ်ချက်ပြုပါတယ် ကျမလည်းသူ့ ဘေးနားနေပြီး တချိန်လုံး လိုအပ်တာတွေ လုပ်ပေးနေပြီး အိမ်မပြန်ဖြစ်ပါဘူး။ နောက်တရက် ခွဲစိတ်ခန်း သွင်းပါတယ်။ အဆင်မပြေပါဘူး။ အတွင်းမှာ အစာအိမ် ကင်ဆာဆဲလ်တွေက ဘယ်လိုမှ ဖြတ်ထုတ်လို့ မရအောင် ပျံ့နေပြီလို့ ဆရာဝန်တွေက ပြောပါတယ်။ ဆေးရုံမှာ အမေမြိုင် တယောက် ညည်းညူနေရင်း ကျမလက်ပေါ်မှာပဲ အသက်ပျောက်သွားပါတယ်။ ကျမအနေနဲ့ သေခြင်းတရားကို ဒုတိယအကြိမ် ထူးဆန်းစွာ ခံစားလိုက်ရတာပါ။
နောက်တယောက်က သန်လျင်ဘက်ကပါ။ ကိုထွန်းစိန် ဆိုသူ ကားနောက်လိုက်တယောက်။ မျက်လုံး တဘက်က ဖန်မျက်လုံး တပ်ထားရပါတယ်။ ကျမဆီလာတော့ အသိ တယောက်က လိုက်ပို့တာပါ။ မိသားစုက ပစ်ပယ်ထားတာလည်း လ အနည်းငယ် ကြာနေပါပြီ။ ဒီတော့ စိတ်ဓာတ်ကျနေတာကော၊ စိတ်မကောင်းဖြစ်နေတာကော ပေါင်းပြီးတော့ လူက အတော်လေး ကျနေပါပြီ။ သူက တီဘီလည်း ဖြစ်နေလို့ ဒီလောက် ကျနေတာပါ။ ဒီတော့ တီဘီဆေး ၂ လ စားပြီးတဲ့အခါမှာ သူ လူကောင်း ပကတိ နီးပါး ပြန်ဖြစ်လာပြီးတော့ ၀ဖြိုး စိုပြေလာပါတယ်။ တီဘီဆေး သုံးလ သောက်ပြီးတော့ ကျမဆီ တခါ ထပ်ရောက်လာပါတယ်။ သူ ကားပြန်လိုက်နေပြီး မိသားစုကလည်း ပြန်လက်ခံပြီ ဖြစ်ကြောင်း ၀မ်းသာ အားရ လာပြောရှာတာပါ။
နောက် ၄ ရက် အကြာမှာတော့ ကျမဆီ နာရေး ဖိတ်စာ တစောင် ရောက်လာတယ်၊ ကိုထွန်းစိန် ကွယ်လွန်ရှာပြီ တဲ့။ ကျမလည်း မေးကြည့်ပါတယ် ရောဂါက ပြန်သက်သာလာပြီ မဟုတ်လား ဆိုတော့ ရောဂါကြောင့် သေတာ မဟုတ်ဘူး တဲ့။ ကားနောက် လိုက်နေရင်း ကားက မြေပြိုတဲ့ အထဲ ပါသွားလို့ လူလည်း တစစီ ဖြစ်ပြီးတော့ အလောင်းတောင် မနည်း ပြန်မှတ်မိအောင် ဆက်ထားရတယ် ဆိုတဲ့ အကြောင်း ပြောပြပါတယ်။ ကျမ တော်တော်လေး အံ့သြ ၀မ်းနည်းမိပါတယ်။
မွေးဖွားရာကနေ သေဆုံးမယ် ဆိုတဲ့ သစ္စာတရားကို ကျမ အပြည့်အ၀ လက်ခံပါတယ်။ ဒါပေမယ့် ထင်မှတ်ထားသလို မဟုတ်ဘဲ မမျှော်လင့်တဲ့ ပုံစံတွေနဲ့ သေသွား ရရှာတဲ့ ကျမ လူနာတွေ၊ လူနာစောင့်တွေ ကောင်းရာ သုဂတိ လားပါစေ လို့ ဆုတောင်းပေးရုံက လွဲပြီး ကျမအနေနဲ့ ဘာမှ မတတ်နိုင်သလို ဒီလို အဖြစ်မျိုးတွေ ထပ်မံ မကြုံတွေ့ချင်တော့ပါဘူး။

Monday, April 5, 2010

article in Irrawaddy

0 comments
အပြုအမူ ပြောင်းလဲသွားသူ ၂ ဦး
ဖြူဖြူသင်း Monday, April 05, 2010

မူရင်း - http://irrawaddy.org/bur/index.php/articles/2-articles/2939-2010-04-05-07-01-12

ကျမတို့ဆီ လာရောက် ဆက်သွယ် ဆေးကုသ ကြသူတွေဟာ နယ်အသီးသီးက လာတာ များပါတယ်။ လူနာတွေ နေတဲ့နေရာကို လူသစ် ရောက်လာတယ် ဆိုရင်တော့ သူတို့အချင်းချင်း နာမည်ရင်းကို မခေါ်ဘဲ သူတို့ လာရာ ဒေသကို အစွဲပြုပြီး ဖျာပုံ၊ သာပေါင်း၊ ဒေးဒရဲ၊ ပုပ္ပား အစရှိသဖြင့် ခေါ်ဝေါ်ကြပါတယ်။

တချို့ကိုတော့ သူတို့ အလုပ် အကိုင်ကို အစွဲပြုပြီးတော့ အမည်ပေး ကင်ပွန်း တပ်ပါတယ်။ ဥပမာ တပ်ထဲက လာတဲ့ အရာခံ တယောက်ကို နာမည်တပ် မခေါ်ဘဲ ရဲဘော်ကြီး ဆိုပြီး ခေါ်သလို ကျောက်ပန်းတောင်း ဘက်က ရဲဝန်ထမ်းကို ရဲပြုတ်၊ ရဲပြုတ်နဲ့ ခေါ် နေကြလို့ ဒီလို မခေါ်ဘဲ ရဲဟောင်းလို့ ခေါ်ပါဆိုပြီး ကျမက သင်ပေးရပါတယ်။

ဒါပေမယ့်သူက “ရဲက ပြုတ်တာလည်း မဟုတ်ဘူး၊ အဟောင်းလည်း မဟုတ်ဘူး ရဲဘ၀ကို မလိုချင်လို့ ကျော်လာတာ၊ ကျနော့်ကို ရဲကျော်လို့ ခေါ်ပါ” ဆိုပြီး ပြောပါတယ်။ ဒါနဲ့ပဲ သူ့နာမည်က ရဲကျော် ဖြစ်သွားပါတယ်။

ရဲကျော် ဆိုတဲ့ ဒီကလေး ရန်ကုန် လာပြီးတော့ ဆေးဝါးကုသတုန်းက ကျောက်ပန်းတောင်းမြို့က အဖွဲ့ဝင်များက ကျမကို အထူး သတိပေးပါတယ်၊ ဒီကလေးဟာ လူမိုက်ဖြစ်ပြီးတော့ အတော်လေး ဆိုးသွမ်းတယ်၊ လူရိုက်တယ်၊ မြို့လယ်ခေါင်မှာတောင် ငှက်ကြီးတောင်ဓား လွယ်ပြီးတော့ မိုက်တိမိုက်ကန်း လုပ်လို့ အချုပ် ခဏခဏ ကျတယ်၊ ရဲသား ဘ၀မှာလည်း သူနဲ့ ဆက်စပ်ရာ ပတ်ဝန်းကျင်ကို အတော်လေး ဒုက္ခပေးတယ် ဆိုတဲ့ အကြောင်း ပြောပြကြပါတယ်။

ကျမဆီ စတင် ရောက်လာစဉ်ကတော့ တီဘီဆေး ပထမအဆင့် ယဉ်ပါးနေပြီးတော့ ပက်လက်လှန်ပြီး ရောက်လာတာပါ။ မိတ်ဆွေများ သတိပေးသလိုပဲ အင်မတန် ရိုင်းစိုင်းပါတယ်။ လူကသာ ပက်လက်လှန်နေတာပါ၊ ဘ၀တူတွေကို မစာနာပါဘူး။ ဆဲဆိုလိုက်၊ ကြိမ်းမောင်းလိုက် လုပ်နေတာပါ။ သူလည်း တီဘီဆေး မတည့်တဲ့ စာရင်းမှာ ပါပါတယ်။ ဒါ့ကြောင့် ဒေါသ ပိုကြီးနေသလား ဒါမှမဟုတ် မူလ ကတည်းကပဲ ရိုင်းစိုင်းသလား ဆိုတာတော့ သူကိုယ်တိုင်ပဲ သိပါလိမ့်မယ်။

ဒဂုံမြို့သစ် တောင်ပိုင်းမှာ ကျမ မိသားစုက လူနာတွေ အတွက် ပေးထားတဲ့ အိမ်တလုံးမှာ ရဲကျော်က နေပါတယ်။ ခုချိန်ထိ လူနာတွေ အများအပြား အဲဒီမှာ ခိုလှုံနေကြပါတယ်။ တောင်ဒဂုံ ၁၈ ရပ်ကွက်မှာ ရှိတဲ့အိမ် ဖြစ်လို့ လူနာတွေ ကြားထဲမှာတော့ ၁၈ အိမ်ရယ်လို့ လူသိများပါတယ်။

အဲ့ဒီအိမ်က လူနာတွေဟာ ကျမကို လာလာတိုင်ပါတယ်၊ ရဲကျော်က ဘယ်လို ဆဲကြောင်း၊ ဘယ်လို မိုက်ရိုင်းကြောင်း အစရှိသဖြင့် ပြောပါတယ်။ ကျမလည်း သူ့ကို အိမ်ခေါ်ပြီး အေးအေးသက်သာ ဆုံးမပါတယ်။ ထုံးစံအတိုင်း ကျမရှေ့မှာ ဟုတ်ကဲ့၊ ဟုတ်ကဲ့ ပါပဲ။ ကွယ်ရာမှာတော့ ဆိုးမြဲ ဆိုးပါတယ်။ ကျမကို ကူညီနေတဲ့ လူငယ်တွေကဆို “ဒီကောင် သေချင် သေပါစေ၊ ပြန်လွှတ်ပစ်လိုက်” ဆိုပြီး ပြောတာတောင် ရှိပါတယ်။ ဒါပေမယ့် ကျမ စိတ်ရှည်ခဲ့ပါတယ်။

နောက်ဆုံးတော့ ကျမ သူ့ကို နာမည်ကျော် မဂ္ဂင်ကျောင်းမှာ ကိုရင်ကြီး ၀တ်ဖို့ စီစဉ်ပေးလိုက်ပါတယ်။ လူ့စိတ်က ဆန်းကျယ်တယ် ဆိုတာ ကျမ လက်တွေ့ သိလိုက်ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုရင်ကြီး ၀တ်ပေးပြီးတော့ သူဟာ တကယ့်ကို သိမ်မွေ့သွားလို့ပါ။ တခုခု လိမ်ချင်လို့များ လိမ်မာချင် ယောင်ဆောင်နေတာလား လို့တောင် သူ့မိသားစုက ထင်ကြပါတယ်။ ဒါပေမယ့် ၂နှစ် အတွင်း သူ ကွမ်းယာ ပြန်စားတာက လွဲပြီး ကျန်တာတွေ မလုပ်တော့ပါဘူး။ တရား သဘောတွေ၊ ဘာတွေကို နားလည်လို့တော့ မဟုတ်ပါဘူး တဲ့၊ လူတယောက် ကျင့်ဝတ် ဆိုတာကို သူ နားလည်သွားလို့ပါ တဲ့။

ကျမလည်း ခုထက်ထိ ဒီကလေး အကြောင်း ကြားလိုက်ရင် ကောင်းကြောင်းချည်းပဲ ကြားပါတော့တယ်။ ရဲကျော်က ဘယ်လူနာကို ဘယ်လို ကူညီတာ၊ ဘယ်လို ပြုစု စောင့်ရှောက်ပေးတာ ဆိုတာချည်းပဲ ကြားရတော့ သူ တကယ် ပြောင်းလဲသွားပြီ ဆိုပြီးတော့ ခုချိန်ထိ ၀မ်းသာတုန်းပါပဲ။

နောက်တယောက်က သာပေါင်းမြို့က လာလို့ သာပေါင်းလို့ အလွယ် ခေါ်ကြပါတယ်။ ဒီကလေးကျတော့ လိုချင်လောဘ များတယ် ပြောရမလား၊ ဘယ်လိုပြောရမယ် မသိပါဘူး၊ အတော် များများကတော့ ဒီကလေးရဲ့ အပြုအမူကို မကြိုက်ကြပါဘူး။ ဥပမာ သူက ဘယ်သူ ဟင်းကောင်းချက်သလဲ ကြည့်ပြီးတော့ အဲ့ဒီ ဟင်းကောင်းချက်တဲ့လူ စားမယ့်အချိန်ကို စောင့်တတ်တယ်၊ အဲ့ဒီလူတွေ စားတော့ သူပါ ထမင်းခူးပြီး ရောစား အစရှိသဖြင့် လုပ်တတ်ပါတယ်။

နောက်ထပ်တခုက ကျမ အဲ့ဒီကို သွားရင် အမြဲပဲ သူ့ကို အိပ်နေတာပဲ မြင်တယ်။ ကျမကတော့ သူ မသက်သာလို့ ထင်ပြီး မုန့်ဖိုး ပေးရင်လည်း သူ့ကိုပဲ များများပေးတာပေါ့။ နောက်ပိုင်းမှာတော့ တခြား လူတွေနဲ့ အဲ့ဒီမှာ နေနေတဲ့ ကျမတို့ အဖွဲ့ဝင် ကိုရာဇာ ကိုယ်တိုင် ပြောပြတယ်၊ ဒီကလေးက ကျမ မလာဘူး ဆိုရင်တော့ ပုံမှန် သွားလာနေတာပါပဲ တဲ့။ ကျမ ရောက်လာပြီး ဟိုလူ့ နှုတ်ဆက်၊ ဒီလူ့ နှုတ်ဆက် လုပ်နေပြီဆိုရင် သူက ကြုံတဲ့နေရာ အိပ်ချလိုက်တာပါပဲ တဲ့။ ကျမလည်း နောက်တော့ သတိ ထားမိသွားပါတယ်။

သူ့ကို ဘယ်လို ဆုံးမရမလဲ ဆိုတာ စဉ်းစားနေတုန်း နောက်ရက်တွေမှာ သူ အတော်လေး ပြောင်းလဲသွားပါတယ်၊ မရှိ ရှိတာနဲ့ စားတယ်၊ နောက် သူတပါးကိုလည်း တော်တော်လေး ကူညီလာတာ တွေ့တော့ ကျမ အံ့သြသွားပါတယ်။ ရက်ပိုင်းအတွင်း ပြောင်းလဲသွားတာ ဆိုတော့ ကျမလည်း သိပ်တောင် မယုံချင်ဘူး။ သူ့ကိုလည်း မေးမကြည့်မိဘူး။

လူတိုင်းကလည်း “သာပေါင်း၊ သာပေါင်း” ဖြစ်လာပါတယ်။ အယင်ကလည်း ဖြစ်တာပါပဲ၊ ဒါပေမယ့် ဆဲဆိုပြီးတော့ ဖြစ်တာပါ။ ခုဖြစ်တာကျတော့ ချစ်လို့ တမ်းတတာပါ။ ဒီကလေး ပြန်မယ် ဆိုရင် လမ်းစရိတ် စုပေးတာမျိုးက အစ လုပ်ပြီးတော့ တော်တော်လေးကို ချစ်ခင်သွားတာ တွေ့ရတော့ ဘယ်လိုများ စည်းရုံးထားသလဲတောင် စဉ်းစားမိပါတယ်။ တခြားလူတွေကလည်း သာပေါင်း ပြောင်းလဲသွားတာတော့ သိတယ်၊ ဘယ်လို ပြောင်းလဲသွားသလဲ ဆိုတာ ကျမကို မပြောပြတတ်ကြပါဘူး။

နောက်ဆုံးတော့ ကျမ မနေနိုင်ဘူး၊ မေးကြည့်လိုက်တော့မှ သူက “ကျနော်က အရင် အဲ့ဒီလို လုပ်နေတာ လိုချင် လောဘလည်း ပါပါတယ်၊ ရောဂါ သည်းနေတာလည်း ပါတယ်။ ဒါပေမယ့် ကျနော့်ကို ကိုရာဇာက တရက် ခေါ်ပြောပါတယ်၊ ဟေ့ယောင် - ငါအမုန်းဆုံးက လူတွေရဲ့ ကရုဏာတရားကို လိမ်လည်တာကိုပဲ။ မင်းက အဲ့ဒီလို လုပ်နေတာ ကြာပြီ။ ဒီတော့ ပြင်ရင် ပြင်၊ မပြင်ရင်တော့ မင်းကို ငါ စကား မပြောတော့ဘူး၊ မင်းဖာသာ နေချင်သလို နေလို့ ပြောတော့ ကျနော်လည်း စဉ်းစားရင်း ရှက်လာတယ်။ နောက် - မျက်ရည်လည်း ကျမိတယ်” တဲ့။

အရင်တုန်းက ကိုရာဇာက သူ့ကို ဘာတခုမှ မပြောတာဟာ အကြောင်း မသိလို့ မဟုတ်ဘဲ သူ ဘယ်အချိန် ပြုပြင် ပြောင်းလဲသွားမလဲ ဆိုပြီး စောင့်ကြည့်နေတာကို သိလိုက်ရလို့ လိပ်ပြာမလုံ ဖြစ်သွားတယ်လို့ ဆိုပါတယ်။

“အဲ့ဒီ အချိန်က စပြီးတော့ ကျနော့်ကိုယ် ကျနော် မေးခွန်းထုတ်တယ်၊ လူဆိုတာ ဘာလဲပေါ့။ ငါလည်း သေမယ်၊ သူလည်း သေမယ်၊ နေရတုန်း လူတွေ မုန်းတာ ခံမလား၊ ဒါမှမဟုတ် တခြား လူတွေကို ကူညီပြီးတော့ အသက် ရှင်မလား ဆိုပြီး စဉ်းစားတယ်။ ပြီးတော့ လူပီသအောင် နေလိုက်တာပါ” တဲ့။ သူရှင်းပြတာကို ကြားလိုက်ရတဲ့ ကျမ အံ့သြပြီးတော့ သူ့ကို လေးစားသွားပါတယ်။

လူနာတွေက ကျမကို ချစ်ကြပြီးတော့ ပြတ်ပြတ်သားသား ပြောတတ်ကြတဲ့ ကျမတို့ အဖွဲ့ထဲက ကိုရာဇာ၊ ကိုသန်းထိုက်အောင်တို့ကို ကြောက်ကြပါတယ်။

အပြုအမူ လုံးဝ ပြောင်းလဲသွားတဲ့ သာပေါင်းက ပြောပါသေးတယ် “ကျနော်က ကိုရာဇာ့ကို အစ်ကို တယောက်လိုလည်း ချစ်တယ်၊ လေးလည်း လေးစားပါတယ်” တဲ့။

ကျမတို့ အဖွဲ့ရဲ့ အောင်မြင်မှုလေးတခု ဖြစ်တဲ့ ဒီဖြစ်ရပ်ကလေးကို ကြည်နူးစဖွယ် အမြဲတမ်း သတိရမိနေမှာပါ။ တကယ် ပြောင်းလဲသွားတဲ့ ဒီကလေး နှစ်ယောက်လည်း ကျန်းမာစွာနဲ့ လူ့သက်တမ်းစေ့စေ့ နေထိုင်နိုင်ပါစေ၊ တခြားသူများကို ကူညီပေးနေသူတွေ ဖြစ်ကြပါစေလို့ ကျမ ဆုတောင်းလိုက်ပါတယ်။

Thursday, January 7, 2010

Network of People living with HIV/AIDS

0 comments
from irrawaddy magazine

လူနာကွန်ရက် မြို့ကလေး

ဖြူဖြူသင်း

အညာဒေသ ကျောက်ပန်းတောင်းမြို့ကလေးဟာ စီးပွားရေး အချက်ချာကျပြီးတော့ အတော်လေးပဲ စည်ကားတယ် ဆိုရမှာပါ။ ပုပ္ပားတောင် အရိပ်ကြောင့်လည်း အခြားမြို့တွေထက် စာရင် အပူသက်သာတယ် ပြောရမှာပါ။ ချမ်းသာ ကြွယ်ဝ သူတွေလည်း လာရောက် စီးပွားရေးတွေ မြှုပ်နှံပါတယ်။

ဒီမြို့ကလေးမှာ လုပ်ငန်းရှင် တချို့က ဆယ်ဘီးကား ဘယ်နှစ်စီး ပိုင်တယ် ဆိုတာနဲ့ သူတို့ကြွယ်ဝမှုကို တိုင်းတာလေ့ ရှိတာက တော့ ထူးခြားနေပါတယ်။ တချို့ဆိုရင် ဒီလို ကုန်တင်ယာဉ် အစီး ငါးဆယ်၊ တရာလောက်ထိ ရှိတယ်လို့ ဆိုပါတယ်။ ဒီတော့ ဒီမြို့သား အတော်များများဟာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်အဖြစ်နဲ့ အသက်မွေးမှု လုပ်ကြပါတယ်။ အဲ့ဒီမှာတင် နယ်အနှံ့ကို ခြေဆန့်ဖို့ အကြောင်းဖန်လာတော့ပါတယ်။

သူတို့က တခါတရံ ကားမောင်းထွက်သွားလိုက်ပြီဆိုရင် ကုန်တွေကို ဟိုကနေ ဒီကို၊ ဒီကနေ ဟိုကိုပို့ ဆိုတာမျိုးတွေရှိတော့ လပေါင်းများစွာ ကြာအောင် အိမ်ပြန်မရောက်တဲ့ရက်တွေ ရှိပါတယ်။

သူတို့က သုံးဖြုန်းနိုင်တဲ့ ဝင်ငွေလည်း ရှိတော့ သူတို့ သွေးသား တောင့်တမှု ဖြစ်လာပြီ ဆိုရင် အဆင်ပြေတဲ့ မိန်းမနဲ့ အိပ်ကြတော့ တာပဲ။ ဒီတော့ ကျန်းမာရေးအသိကလည်း မရှိ၊ ကွန်ဒုံ ဆိုတာလည်း အလွယ် မရနိုင်တဲ့ လမ်းခရီးလို နေရာမျိုးမှာ အကာကွယ် မပါဘဲ ဆက်ဆံကြတယ်။ ခုခံကျရောဂါ ကူးစက်ပျံ့ပွားဖို့ သိပ်လွယ်တာပေါ့။ အိမ်ပြန်ရောက်ချိန်မှာ သူတို့က ကိုယ့်အမျိုးသမီးနဲ့ လည်း အကာအကွယ် မပါဘဲ ဆက်ဆံကြတယ်ဆိုတော့ ရောဂါပိုး ရှိရင် ကူးပြီပေါ့။ ကူးတာတွေလည်း အများကြီး ရှိပါတယ်။ အလုပ်တွေ ပင်ပင် ပန်းပန်း လုပ်ကိုင်၊ အိပ်ရာထဲ လဲ၊ အဲ့ဒီလို အဖြစ်များပါတယ်။

အရင်ကဆို ကလေးတွေကိုပါ ကူးတယ်။ အခုတော့ အသိရှိရှိ သတိရှိရှိနဲ့ နေထိုင်ကြဖို့ ကျမတို့က တပ်လှန့်ထားပေးတော့ သူတို့ရဲ့ ရင်သွေးတွေကို မကူးစက်အောင် အတော်အတန် ထိန်းသိမ်းနိုင်ပါပြီ။ ပွင့်ပွင့် လင်းလင်း ပြောဆိုဖို့ကိုလည်း ပညာပေးလိုက်တော့ သူတို့အတွက် အေကိုက်နေတယ် ဆိုတဲ့စကားကို နောက်ပြောင်စရာလိုလိုနဲ့ အတည်ပြောနေကြပါတယ်။ အေကိုက်တယ် ဆိုတာ အေအိုင်ဒီအက်စ် လို့ခေါ်တဲ့ ခုခံအားကျရောဂါရရှိတာကို ပြောတာပါ။

အဲ့ဒါကြောင့်လည်း ဒီမြို့က ဝေဒနာသည်တွေဟာ တခြားမြို့တွေထက် များနေသလားလို့ စဉ်းစားမိပါတယ်။ သူတို့တွေဟာ မီဒီယာ မှာ ပြောရမှာလည်း မကြောက်ကြပါဘူး။ သတင်းဌာနများက စာနယ်ဇင်းကျင့်ဝတ်အရ အမည်နာမ မတပ်ဘဲ အသံလွှင့်ရင် သူတို့ က တအား စိတ်ဆိုးကြပါတယ်။ မြို့ကလူတွေသိအောင်လို့ သတင်းဌာနနဲ့ အင်တာဗျူးတာ ဆိုပြီး သူတို့က ပြောချင်တာပါ။

ဒါဆိုရင် ပူပြင်းခြောက်သွေ့မိုးခေါင်တတ်တဲ့ ဒီမြို့ကလေးက ဝေဒနာသည်တွေ ဘယ်လောက် ပွင့်လင်းမှု ရှိသလဲ ဆိုတာ သိလောက် ပါပြီ။

အခြားမြို့တွေမှာ စီစဉ်ရ မလွယ်ကူတဲ့ လူနာကွန်ရက်တခုကို အဲ့ဒီမြို့မှာ ကျမတို့ လုပ်ထားပါတယ်။ လူနာတွေဟာ တဦးနဲ့ တဦး သိယုံမကပါဘူး။ သူတို့ အေကိုက်နေပြီ ဆိုပြီး တမြို့လုံးကိုလည်း သူတို့က ကြွေးကြော်ပါတယ်။ ဒါဟာ တစုံတရာ လိုချင်လို့ မဟုတ်ပါဘူး တဲ့၊ အကြောင်း အမျိုးမျိုးနဲ့ ရောဂါကူးစက်ခံရတယ် ဆိုရင် သူတို့ဆီ လာရောက် ဆက်သွယ်နိုင်အောင်လို့ပါ တဲ့။

တကယ်ကို မွန်မြတ်တဲ့ စိတ်ဓာတ်ပါ။ သူတို့ချင်း နားလည်မှု ကောင်းကောင်း ထားကြပါတယ်။ ဥပမာ ကျမတို့က သောက်ရမယ့် ဆေးတော့ ပို့လိုက်ပါရဲ့၊ အကြောင်း အမျိုးမျိုးကြောင့် ဆေးကမရောက်ဘူး၊ ကားက ပျက်နေတယ် ဆိုရင် သူတို့တွေက ကျမဆီ ဖုန်းဆက်ပါတယ်။ ဒီအခါမျိုးမှာ သူနဲ့ ထပ်တူညီမျှတဲ့ဆေး သောက်နေတဲ့တယောက်ဆီ လွှတ်လိုက်ပြီး ယူသောက်ခိုင်းလိုက်တာပဲ။ နောက် သူ့ဆေးရောက်တော့မှ သူက ပြန်ပေးပေါ့လေ။ အဲ့ဒါကြောင့် အတော်လေး အဆင်ပြေပါတယ်။

တယောက်နဲ့တယောက် ဖေးဖေးမမလည်း ရှိကြပါတယ်။ တယောက်ယောက်က ၀မ်းပျက် ၀မ်းလျှောနေတယ်၊ ညီအစ်ကို မောင်နှမတွေက ရွံတယ် ဆိုပြီး မလုပ်ပေးရင် သူတို့ထဲက တယောက်ယောက်က အဲ့ဒီလို အခြေအနေဆိုးနေတဲ့လူကို အားပေး စကား သွားပြောပေးတာ ပုဆိုး ထဘီ လျှော်ပေးတာမျိုး၊ ဓာတ်ဆား ၀ယ်ပြီးတော့ ဖျော်တိုက်တာမျိုး တနေကုန် လုပ်ကိုင်ပေးပြီး ညအိပ်ချိန်ရောက်မှ ကိုယ့်အိမ်ကိုယ် ပြန်အိပ်တာပါ။

တကယ်လို့များ မြန်မာနိုင်ငံ မြို့တော်တော် များများကသာ ဒီလောက် ပွင့်လင်းမယ်ဆို ရောဂါဆိုး တိုက်ဖျက်ရေးမှာ ပိုမို ထိရောက် မယ်လို့ ကျမတော့ ထင်မြင်နေမိပါတယ်။ အခုဆို ကျောက်ပန်းတောင်းမြို့လေးကနေ စလိုက်တဲ့ လူနာကွန်ရက်ဟာ အောင်လံ၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ မကွေး၊ ၀မ်းတွင်း နောက် ဒီရန်ကုန်မှာပါ အောင်မြင်နေပြီ။ နောက်လည်း လူနာများတဲ့ နေရာတွေမှာ အောင်မြင်အောင် လုပ်ကိုင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

နောက်တခုက မြန်မာပြည်က စီးပွားရေးက အင်မတန် ကျပ်တည်းပါတယ်။ ဒီတော့ လူနာအသစ်တွေ ဆေးဝါးကုသမှု ခံယူချင် တယ်ဆို ကျောက်ပန်းတောင်းက လူနာဟောင်းတွေက အလှူငွေ လိုက်ကောက်ပြီး အင်တိုက် အားတိုက်လုပ်ပါတယ်။

ရန်ပုံငွေကို များများ တခါ ကောက်လိုက်ပြီးတော့ မသုံးပါဘူး။ ဈေးထဲမှာ ကုန်စုံဆိုင်လေး ဖွင့်ပြီး လူနာတွေ အလှည့်ကျ ထိုင်ပါ တယ်။ ကြီးကြပ်တာကတော့ ကျမတို့ အဖွဲ့ဝင် နှစ်ယောက်ပါ။ သူတို့ဆီမှာ ငွေအပ်၊ နောက် ဒီကို မလာနိုင်တဲ့လူနာတွေကို သူတို့ နှစ်ယောက်ဆီ လွှတ်ပြီး လမ်းစရိတ် တောင်းခိုင်းပြီး ရန်ကုန်ကို လွှတ်တတ်ကြပါတယ်။ ဒါကိုတော့ ရေနံချောင်း တမြို့တည်းပဲ လိုက်လုပ်နိုင်ပါသေးတယ်။

တောင်တွင်းကြီးလည်း ရံဖန်ရံခါတော့ လုပ်ပါတယ်။ ဒါပေမယ့် ကျောက်ပန်းတောင်းလောက် စိတ်ကူး စိတ်သန်း မကောင်းသေးပါ ဘူး။ ကျမကလည်း ကျောက်ပန်းတောင်းကို စံထားပြီး အခြားမြို့လေးတွေကို ပြုပြင်စရာရှိတာ လိုက်ပြုပြင်ပေးနေတာပါ။ ကျမ ဆရာလို ဖြစ်နေတာပေါ့။ ကျမ သွားလို့ ရဲရဲတင်းတင်း ကြိုဆိုရဲတာလည်း ဒီတမြို့ပဲ ရှိပါသေးတယ်။

ကျမ အဲ့ဒီကို နှစ်ခေါက် ရောက်ပါတယ်။ တခေါက်က ပညာပေး စည်းရုံးရေး ထွက်တာပါ။ နောက်တခါကတော့ ကျမ တိမ်းရှောင် နေရင်းနဲ့ ဘုရားဖူး ခရီးစဉ်တခုမှာ ရောက်သွားတာပါ။ ကျမကို နေရာအနှံ့ သူတို့ကိုယ်တိုင် လိုက်ပို့ပါတယ်။ မြို့ပေါ်က နာမည်ကြီး သူဌေးတွေဆီလည်း ခေါ်သွားပြီးတော့ မိတ်ဆက်ပေးတာပေါ့လေ။ သူတို့ အလှူခံကောင်းအောင်လားတော့ ကျမ မပြောတတ်ပါ ဘူး။

အဲ့ဒီမြို့ကနေ ပြန်ထွက်တော့ ညပိုင်းပေါ့။ မီးရောင် တထိန်ထိန်အောက်မှာ လက်ဖက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေ ကာရာအိုကေ ခန်းတွေမှာ လူငယ်လေးတွေ ကွန်ဒုံ ဆောင်ပြီး နောက်ပြောင်နေတာတွေကို ကျမ မြင်ရ ကြားနေရပါတယ်။ မြို့လေးက နှုတ်ခွန်း ဆက်သပါတယ် ဆိုတဲ့ ဆိုင်းဘုတ်လေးကို ကြည့်ပြီး ကျမ လူနာတယောက် ပြောတာ သွားသတိရမိတယ်။ သူကတော့ အားပါးတရကြီးကို ပြောတာပါ၊

"မမဖြူရေ ကျမတို့ ရပ်ကွက်မှာတော့ တအိမ်ကျော် မုဆိုးမတွေချည်းပဲ" တဲ့။

interview with NEJ

0 comments
HIV ဝေဒနာသည်တွေ သေဆုံးသွားလို့သာ လျော့နည်းသွားတာ ဖြစ်နိုင်တယ်
NEJ / ၂၂ ဒီဇင်ဘာ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်လုပ်ကိုင်နေသူ မဖြူဖြူသင်းနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။

မေး။ ။ မဖြူဖြူသင်းအနေနဲ့ HIV/AIDS ဝေဒနာရှင်တွေ ကူညီရေး လုပ်ငန်းစဉ်မှာ ဘယ်အချိန်က စတင်ပါဝင်လုပ်ဆောင်ခဲ့ပြီး ဘာကြောင့် ဒီလိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။

ဖြေ။ ။ ၂၀၀၂ ခုနှစ်ကစပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်ရေးရာတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က HIV နဲ့ ပတ်သက်တဲ့သင်တန်းကို UNDP မှာ လူငယ် (၁၉) ဦးကို သင်တန်း တက်ခိုင်းတယ်။ သင်တန်းပြီးတဲ့အချိန်ကစပြီးတော့ ရုံးမှာ HIV-AIDS prevention and care ဆက်ရှင်လေးတခု ဖွင့်လိုက်တယ်။ လွန်ခဲ့တဲ့ (၇) နှစ်ကပေါ့။ ဒီလို ဆက်ရှင်လေး ကျမတို့ စဖွင့်လိုက်တယ်ဆိုကတည်းက လူနာတွေကလာရောက်ပြီး အကူအညီတောင်းကြတယ်။ ကျမတို့ကလည်း အဲဒီအချိန်က ပညာပေးဖို့ပဲ တတ်တယ်လေ။ ဆေးဝါးကုသမှုအပိုင်းဆိုတာ ကိုယ်နဲ့ စိမ်းနေတဲ့အနေအထားမှာ ရှိပါတယ်။ ဒါပေမယ့် သူတို့ကြုံလာတာက ဆေးဝါးကုသမှုအပိုင်း။ အဲဒီအချိန်မှာ ဒီလူနာတွေကို မြင်ပြီးတဲ့နောက် ကျမတို့ဘာလုပ်ရမလဲဆိုတာ စပြီးသိသွားပြီးနောက် သူတို့ရဲ့ ဆေးဝါးကုသမှုအခက်အခဲတွေ၊ သူတို့မိသားစုအခက်အခဲတွေကို ကူညီဖြေရှင်းပေးရင်းနဲ့ပဲ ဒီအလုပ်ကို လုပ်ကိုလုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချ လုပ်ခဲ့တာပါ။

မေး။ ။ ဒီအကူအညီပေးမှု လုပ်ငန်းကို ဘယ်လိုရပ်တည်နေပါသလဲ။

ဖြေ။ ။ ကျမတို့ ၂၀၀၂ ခုနှစ်ကစပြီး ဒီလုပ်ငန်းကို လုပ်ကတည်းက အချိန်တော်တော်များများထိ ၂၀၀၆၊ ၂၀၀၇ ခုနှစ်လောက်အထိ ကျမတို့တွေ စုပြီး ကိုယ့်အားကိုယ်ကိုး ကိုယ့်ငွေကြေးကိုယ် အကုန်လုံးရပ်တည်ရတယ်။ ကျမတို့ ဒီသင်တန်းတက်ထားတဲ့ သူတွေထဲက တတ်နိုင်တဲ့သူတွေရော၊ မတတ်နိုင်တဲ့သူတွေလည်း ဆွဲခေါ်ပေါ့။ အဲလိုနဲ့ ကိုယ့်ဘာသာစုပေါင်းပြီး ကိုယ့်ဘာသာ အကုန်ကျခံလုပ်လာတာပါ။ အခုနောက်ပိုင်း ဒီနှစ်ပိုင်းလေးကျမှသာ ကျမတို့ လုပ်ကိုင်ဆောင်ရွက်လာတာကို သိလာတဲ့ မိတ်ဆွေအပေါင်းအသင်းတွေက စိတ်ဝင်စားလာကြပြီး လှူကြတာမျိုးရှိလာတာပါ။

မေး။ ။ အစိုးရအနေနဲ့ရော ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။

ဖြေ။ ။ သူတို့ပူးပေါင်းဆောင်ရွက်ဖို့မပြောနဲ့ ကျမတို့ စလုပ်တဲ့ ၂၀၀၂ ခုနှစ်ကစပြီး ဒီနေ့အချိန်ထိပေါ့၊ တချိန်လုံး အနှောင့်အယှက် အမြဲတမ်းခံနေရတယ်။ ဝေဒနာသည်တွေကို ကျမတို့ စုပြီး အိမ်တွေငှားထားပေးရင်လည်း အိမ်တွေမှာ မနေရအောင် အမျိုးမျိုးနှောင့်ယှက်တာမျိုးတွေ၊ လူနာတွေအလှူအတန်းလုပ်ရင် လုပ်ခွင့်မပေးဘဲ အလှူအတန်းကို ပိတ်ပစ်တာမျိုးတွေ၊ ကျမတို့ ပညာပေးသူတွေကို ဖမ်းတာဆီးတာတွေ တလျှောက်လုံးလုပ်လာခဲ့တာပါ။ အခု ဒီနှစ်ပိုင်းလေးကျမှာပဲ သူတို့သိပ်အနှောင့်အယှက် မပေးတော့တာ။ အဲဒါတောင် သူတို့ဧည့်စာရင်းစစ်တာမျိုးတွေ လူနာတွေအိမ်ကို အမြဲတမ်းစောင့်ကြည့်တာမျိုးတွေကတော့ လုပ်နေဆဲပဲဆိုတော့ ပူးပေါင်းဆောင်ရွက်ဖို့ကတော့ ပိုဝေးတာပေါ့။

မေး။ ။ အစိုးရတရပ်အနေနဲ့ ဘာကြောင့် ပူးပေါင်းကူညီမှု မလုပ်တာလို့ မြင်ပါသလဲ။

ဖြေ။ ။ ကျမအမြင်ပေါ့နော်၊ အခု HIV/AIDS ကိစ္စမှ မဟုတ်ပါဘူး။ မြန်မာပြည်တွင်းမှာ ဘယ်ဟာနဲ့မှပတ်သက်ပြီး ဘာကိုမှ အကူအညီပေးတာ သိပ်မတွေ့ရဘူးလေ။ မြန်မာပြည်မှာဖြစ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အကုန်လုံးပါပဲ။ အားလုံးမှာ သူတို့ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလေ။ တခြားကိစ္စတွေမှာလည်း အစိုးရတရပ်အနေနဲ့ သူတို့က လုပ်ဆောင်ချက်က သိပ်မရှိဘူး။

မေး။ ။ ဒါပေမယ့် စစ်အစိုးရက မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့တယ်လို့ ဒီနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ ကြေညာခဲ့ပါတယ်။ ဒီလိုပြောဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ကျမတို့မြန်မာပြည်မှာ HIV/AIDS နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း အခုအချိန်အထိ ဆွေးနွေးတာမျိုးတွေ၊ ပညာပေးတာမျိုးတွေ၊ သွေးစစ်တာမျိုးတွေ၊ နောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းဇယား သေချာကောက်ယူတာမျိုးတွေ၊ စနစ်တကျ ဆေးဝါးကုသမှု ပေးနေတာမျိုးတွေက လုံးဝမရှိသေးဘူး။ မရှိသေးတဲ့အတွက် HIV နဲ့ ပတ်သက်ပြီး လျော့နည်း သွားတယ်ဆိုရင် HIV ဝေဒနာသည်တွေ သေဆုံးသွားလို့သာ လျော့နည်းသွားတာ ဖြစ်နိုင်တယ်။ သူတို့က ဘယ်စာရင်းကို ယူပြီးတော့ ဘယ်လိုလျော့နည်းသွားတယ်လို့ ပြောသလဲဆိုတာတော့ ကျမနားမလည်ဘူးပေါ့နော်။ ဒါက ကျမတို့ တကယ်လက်တွေ့ ဆောင်ရွက်လုပ်ကိုင်နေတဲ့ ပြည်တွင်းက လူတွေအမြင်ပါ။ ရန်ကုန်နဲ့ အနီးစပ်ဆုံးဒေသတွေ ခရမ်း၊ သုံးခွလို ဒေသမျိုးမှာတောင် ကွန်ဒုံသုံးစွဲရမှန်းမသိဘဲ ရောဂါကူးစက်နေတာတွေ အများကြီးရှိနေပါသေးတယ်။ အဲဒါတွေကို ကြည့်ခြင်းဖြင့် လျော့နည်းသွားတယ်လို့ မမြင်မိဘူး။

မေး။ ။ ဒါဆို အခုလက်ရှိ မြန်မာနိုင်ငံတွင်းမှာ HIV/AIDS ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖို့ လိုအပ်နေပါသလဲ။

ဖြေ။ ။ အစိုးရအနေနဲ့ ဒီရောဂါနဲ့ပတ်သက်လို့ ပညာပေးမှုတွေကို သတ်မှတ်တဲ့ နေရာလေးမှာပဲ လုပ်နေလို့ကတော့ အဆင်မပြေဘူး။ ဒါကို သူတို့ စီမံချက်တရပ်အနေနဲ့ ရေးဆွဲပြီးတော့ တိုင်းနယ်ပြည်နယ်အသီးသီးကိုရော ပညာပေးဖို့လိုတယ်။ ဒါပေမယ့် ကျမတို့မြန်မာပြည်က ပညာပေးမှုတခုတည်းနဲ့ သွားလို့မရတော့ဘူး။ ဘာဖြစ်နေလဲဆိုတော့ HIV နဲ့ပတ်သက်ပြီး မြန်မာပြည်မှာ လူတော်တော်များများ သေဆုံးနေကြတယ်။ ဒီလူတွေ အသက်ကယ်ဖို့အတွက်က ဆေးဝါးက လိုအပ်နေပြီ။ ပညာလည်းပေး၊ ဆေးဝါးလည်းကုမယ်ဆို တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိထိရောက်ရောက်လုပ်မှပဲ အောင်မြင်မှာပါ။ အစိုးရတရပ်အနေနဲ့ ဦးဆောင်ပြီးလုပ်ဖို့ လိုအပ်နေသလို လုပ်လည်းလုပ်သင့်နေပါပြီ။ လုပ်မှလည်း ဒီရောဂါအခြေအနေကို ထိန်းချုပ်လို့ရပြီး လျော့နည်းသွားမှာပါ။

ဘိုကလေးဘက်တွေမှာဆို အပ်ပုန်းဆေးထိုးအပ်တွေကနေ HIV ကူးစက်မှုတွေ ဖြစ်နေတယ်။ ဒါမျိုးတွေကို ဥပဒေပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ နောက်ပြီး လိင်ပိုင်းဆိုင်ရာကူးစက်မှုတွေ ရှိနေသေးတယ်။ ဆေးဝါးသုံးစွဲမှုကြောင့်၊ နောက်ပြီး မိခင်ကနေ ကလေးကို ကူးစက်မှု စတဲ့ အဆင့်ဆင့်ကူးစက်မှုတွေ အများကြီးရှိနေပါသေးတယ်။ တချို့ဒေသတွေမှာဆို အပ်ပုန်းသမားတွေက အာဏာပိုင်တွေနဲ့ပေါင်းပြီး ဆေးထိုးအပ်တချောင်းတည်း သုံးတာမျိုးတွေရှိနေပါတယ်။ sex worker တွေကို ဆေးစစ်ဆေးမှု လုပ်ပေးဖို့၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွန်ဒုံသုံးစွဲဖို့ ပညာပေးမယ်ဆိုတာမျိုးတွေကို အာဏာပိုင်တွေက လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ HIV/AIDS နဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ဆိုရင် အစိုးရတရပ်အနေနဲ့ရော၊ အန်ဂျီအိုတွေအနေနဲ့ရော၊ ပြည်သူလူထုအားလုံးရော အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မှာပဲ ထိန်းချုပ်လို့ရမှာပါ။ HIV/AIDS ကိစ္စဟာ တကယ့်အမျိုးသားရေးကိစ္စ၊ လူသားတွေရဲ့ကိစ္စဖြစ်နေပါတယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။

မေး။ ။ အခု အဖွဲ့ချုပ်ရဲ့ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနဲ့ ပညာပေးရေး လုပ်ငန်းစဉ်အရ လုပ်ကိုင်ဆောင်ရွက် နေတဲ့အခါမှာ တွေ့ကြုံရတဲ့ ဝေဒနာရှင်တွေရဲ့ လက်ရှိအခြေအနေကို သိပါရစေ။

ဖြေ။ ။ ကျမတို့တွေ့တာတော့ ဧရာဝတီတိုင်းဘက်က တောချုံအုံကြား ရန်ကုန်နဲ့လည်း အလှမ်းဝေးတဲ့ နေရာတွေမှာ ဆေးထိုးအပ်တွေနဲ့ ကူးစက်နှုန်း အရမ်းများတာ တွေ့နေရတယ်။ မြန်မာပြည်အလယ်ပိုင်းတလျှောက်ဆိုလို့ရှိရင် လိင်နဲ့ပတ်သက်ပြီးတော့ အပျော်အပါးလိုက်စားရာကနေ ကူးစက်မှုနှုန်းတွေကို အများအပြားတွေ့နေရတယ်။ အရင်က အမျိုးသားတွေ ဖြစ်တာပိုများတယ်။ အခုနောက်ပိုင်းတော့ အမျိုးသား၊ အမျိုးသမီး တန်းတူလောက်ပဲ တော်တော်များမှာ တွေ့လာတယ်။ နောက် ကိုယ်ဝန်ဆောင်သယ်တွေရော၊ ကလေးတွေမှာပါ တော်တော်များများ တွေ့လာရတယ်။ ကျမတို့ဆီမှာ လူနာအသစ်တွေကတော့ နေ့စဉ်နဲ့အမျှ ရောက်နေတာပါပဲ။ ဖျာပုံတို့၊ ကျောက်ဆည်ဘက်တို့ စတဲ့ဒေသအသစ်တွေကပါ အခုလာနေကြတယ်။ တနေ့ကို (၂) ဦး၊ (၃) ဦး အနည်းဆုံးကတော့ ပုံမှန်ကိုရောက်တယ်။ အခုနောက်ပိုင်းဆို ကယားပြည်နယ်တို့၊ ချင်းပြည်နယ်တို့ဘက်တွေကတောင် လာကြတယ်။

မေး။ ။ မဖြူဖြူသင်းတို့အနေနဲ့ လာရောက်တဲ့ HIV/AIDS ဝေဒနာရှင်တွေကို ဘယ်လိုအကူအညီမျိုးတွေ ဆောင်ရွက်ပေးတာပါလဲ။

ဖြေ။ ။ ကျမတို့လက်ရှိလုပ်နေတာက ကုသမှုအပိုင်းကို ဦးစားပေးပြီတော့မှ ပညာပေးမှုအပိုင်းက နောက်ကလိုက်တာပါ။ ကျမတို့ မြန်မာနိုင်ငံကတော့ တခြားနိုင်ငံတွေနဲ့မတူဘူး။ ကျမတို့က ပညာပေးမှုက အရမ်းကိုနောက်ကျနေပြီ။ အခုလက်ရှိ အခြေအနေမှာ ကျမတို့က ပညာပေးတာကို ဦးစားပေးလုပ်နေမယ်ဆိုရင် အခု HIV ဝေဒနာခံစားနေရတဲ့သူတွေက သေဆုံးကုန်တော့မယ်။ ဒါကြောင့် ကျမတို့က ဒီလူနာတွေရဲ့အသက်ကို ကယ်ပြီး ပညာပေးမှုကို လုပ်နေမယ်ဆိုရင်တော့ အဆင်ပြေမယ်။ ပညာပေးမှုချည်း သွားလုပ်နေမယ်ဆိုရင်တော့ HIV နဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ သိပ်ထိရောက်မှု ရှိလိမ့်မယ်လို့ မမြင်ဘူး။ ဆေးဝါးကုသမှုကနေ ပညာပေးသွားလို့ရပါတယ်။ ကျမတို့ ဖွင့်ထားတဲ့ အိမ် (၃) အိမ်မှာ လက်ရှိ လူနာအယောက် (၁၀၀) နီးပါးရှိပါတယ်။

နယ်ကလူနာတွေ တည်းခိုဖို့ နောက်ကုသမှုနဲ့ပတ်သက်လို့ ဆရာဝန်တွေ ရှိတယ်။ ဆက်သွယ်ပေးတယ်။ နောက်လိုအပ်တာတွေ ဆေးဝါးပေးနိုင်သလောက်ပေးတယ်။ ဆေးဝါးကုသရာမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ဖို့ရော အားလုံးကို ကူညီဆောင်ရွက်ပေးပါတယ်။ အန်ဂျီအိုတွေဆီလည်း ပို့ပေးပါတယ်။ ARV ဆေးရနိုင်တဲ့ နေရာတွေကိုပေါ့နော်။ သူတို့ ဆေးဝါးကုသမှုအပိုင်းကို ကျမတို့အားလုံး ပူးပေါင်းဆောင်ရွက်ပေးပါတယ်။ ကျမတို့ဆီရောက်လာသူတွေက
ရောဂါတွေကလည်း အနည်းဆုံး သုံးလေးမျိုးလောက် ဖြစ်နေကြတယ်။ မိသားစုက စွန့်ပစ်လိုက်တဲ့သူတွေတောင်ရှိပါတယ်။ အဲဒါမျိုးဆို သေဆုံးသွားတဲ့အထိ ကျမတို့က အားလုံးတာဝန်ယူ လုပ်ဆောင်ပေးပါတယ်။

သူတို့က ဒီမှာ ဆေးဝါးကုသမှုယူတယ်။ သက်သာသွားရင်၊ ကျန်းမာရေးကောင်းရင် သူတို့ဒေသပြန်ပြီး လုပ်လက်စအလုပ်တွေ ပြန်လုပ်ကြပါတယ်။ သူတို့ကို လက်ရှိတော့ ကျန်းမာရေးကောင်းတဲ့အထိ ဒီမှာထားထားတယ်။ နောက် အန်ဂျီအိုတွေ၊ ဆေးခန်းတွေ၊ ဆေးရုံတွေကို ကျမတို့လိုအပ်သလို ပို့ပေးပြီး ARV ဆေးသောက်ပြီး စိတ်ချရပြီဆိုရင် သူတို့နေရပ်ကို ပြန်ကြတာပေါ့။ ကျမတို့ အကူအညီပေးခဲ့တဲ့ ဝေဒနာရှင်ပေါင်းဟာ အခုအချိန်ထိဆို (၃) ထောင်နီးပါးရှိနေပါပြီ။ ဒါက ကျမတို့နဲ့ တိုက်ရိုက်ထိတွေ့ပြီး ဆက်သွယ်မှုယူတာကို ပြောတာပါ။

မေး။ ။ အခုလုပ်ဆောင်နေတဲ့ လုပ်ငန်းမှာ ၀န်ထမ်းအင်အားနဲ့ ထိရောက်မှုအတိုင်းအတာကို သိပါရစေ။

ဖြေ။ ။ အခုလောလောဆယ်တော့ အဖွဲ့ချုပ်က လူငယ်တွေ ရှိပါတယ်။ တိုင်းနယ်ပြည်နယ်အသီးသီးက လူငယ်တွေ (၅၈) ယောက်ရှိပါတယ်။ ဆရာဝန်အနေနဲ့ စေတနာ့ဝန်ထမ်းဆရာဝန်နဲ့ အဖွဲ့ထဲက ဆရာဝန်တွေရှိပါတယ်။ လူနာပြုစုစောင့်ရှောက် တာကတော့ ကျမတို့အဖွဲ့ဝင်တွေက လူနာရှင်တွေနဲ့ ပေါင်းပြီး လုပ်ကိုင်ဆောင်ရွက်ကြတယ်။ အခုလက်ရှိအခြေအနေမှာ လူနာတွေနဲ့ပတ်သက်လို့ ကျမတို့အနေနဲ့ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက် တတ်လာတဲ့အခါကျတော့ စလုပ်တဲ့အချိန်က အခုချိန်ထိ လူနာတွေအတွက် ပိုအဆင်ပြေလာတယ်လို့ မြင်ပါတယ်။

မေး။ ။ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိပါသလား။

ဖြေ။ ။ ကျမတို့ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲကတော့ ငွေကြေးအခက်အခဲပါပဲ။ ငွေကြေးမလုံလောက်တဲ့အခါကျ ကျမတို့အရမ်းပင်ပန်းတယ်။ လူနာတွေအတွက် ပင်ပန်းတာပါ။ ဒိထက်ပိုလုပ်ရမယ့်အလုပ်တွေ၊ လုပ်နိုင်တာတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ထင်သလောက် မလုပ်နိုင်ဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျလုပ်မယ်ဆိုရင်တော့ အများကြီး လိုအပ်နေပါသေးတယ်။

မေး။ ။ ဒီ HIV/AIDS နဲ့ပတ်သက်ပြီး အဓိက ဘာပြောချင်ပါသလဲ။

ဖြေ။ ။ ခြုံငုံသုံးသပ်ရရင် ဒီရောဂါနဲ့ပတ်သက်လို့ လျော့ပါးသွားတယ်မဟုတ်ဘဲ ဆက်ပြီးကူးစက်နှုန်းရှိနေတယ်လို့ မြင်တယ်။ လက်ရှိမှာတော့ ARV ဆေးရသူတွေ သောင်းချီရှိပေမယ့် လိုနေတာက သိန်းချီလိုအပ်နေတာပါ။ ဒီရောဂါကူးစက်နှုန်းရော၊ သေဆုံးနှုန်းရော အခုထိ မြင်တွေ့နေရသေးတယ်။ ဒီရောဂါနဲ့ လူတော်တော်များများက သေဆုံးနေကြတယ်။

အစိုးရပိုင်းဆိုင်ရာကတော့ သတင်းစာတွေထဲမှာ ဘာတွေလုပ်တယ်၊ ဘယ်လိုလုပ်တယ်ဆိုတာ ပြောတာပေါ့။ ကျမတို့ မြင်တာကတော့ ထိရောက်မှုမရှိဘူးလို့မြင်တာပဲ။ အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်တယ်ဆိုရင် ဒီရောဂါဟာ တန့်သွားရမှာ။ အခုက ရောဂါလည်း တန့်မနေဘူး၊ ရောဂါဖြစ်တဲ့သူတွေကလည်း များလာတယ်။ နောက်နှစ်တွေမှာ ဘယ်လောက်ထိ တိုးလာမယ်ဆိုတာ ခန့်မှန်းလို့မရသေးဘူး။ ဒါကြောင့် မြန်မာပြည်မှာ ဒီရောဂါအခြေအနေဟာ ဒီအတိုင်း ဆက်သွားနေရင် အတော်ကို စိုးရိမ်ရတဲ့အခြေအနေမှာ ရောက်နေပါတယ်။