Sunday, May 29, 2011
သံလွင်အိပ်မက်မှ အမေးအဖြေ
www.thanlwin.com
AIDS လို့ခေါ်တဲ့ ခုခံအားကျဆင်းမှု ကူးစက်ရောဂါဟာ မြန်မာနိုင်ငံကို နှိပ်စက်နေတဲ့ ရောဂါကြီးတွေထဲက တစ်ခုဖြစ်ပါတယ်။ တတိယကမ္ဘာ့နိုင်ငံ တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့ ရောဂါတိုးပွားမှုနှုန်း မြင့်တက်လာနေတာကို ထိမ်းသိမ်းနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ သနားစရာကောင်းတဲ့ ဝေဒနာရှင်တွေကို စောင့်ရှောက်ကြဖို့အတွက် အစိုးရကိုချည်း မှီခိုမနေဘဲ ပရဟိတသဘောနဲ့ အဖွဲ့အစည်းလေးတွေဖွဲ့ပြီး တတ်နိုင်သလောက် ဆောင်ရွက်နေကြသူတွေထဲမှာ တောင်ဒဂုံမြို့နယ်က မဖြူဖြူသင်းနဲ့ အဖွဲ့လည်း အပါအဝင်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့အတူ အခက်အခဲတွေကို ရင်ဆိုင်ပြီး ဝေဒနာရှင်တွေကို စိတ်ရောကိုယ်ပါ နွေးထွေးကျန်းမာလာအောင် စောင့်ရှောက်မှုပေးနေတဲ့ မဖြူဖြူသင်းက သံလွင်အိပ်မက်ရဲ့ မေးခွန်းတွေကို အခုလို ဖြေကြားပေးခဲ့ပါတယ်။
မေး - အစ်မတို့ ဒီလုပ်ငန်းလေး ဖြစ်ပေါ်လာစေတဲ့ အကြောင်းအရင်းကို သိပါရစေ။
ဖြေ - ဒီလုပ်ငန်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၂ ခုနှစ်မှာ ကျမတို့ လူငယ် ၂၀ ကို UNDP က ပြုလုပ်တဲ့ ခုခံအားကျဆင်း ကာကွယ်တားဆီးတိုက်ဖျက်ရေး သင်တန်းစေလွှတ် တက်ခိုင်းကတည်းက စတင်လုပ်ကိုင်ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
မေး - ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ သူ အထိန်းသိမ်းခံကာလ ပြီးဆုံးတော့ အစ်မတို့ဆီကို အလည်လာပြီး အားပေးစကားတွေ ပြောခဲ့တယ်နော်။ ဒေါ်အောင်ဆန်းစုကြည် လာပြီးတဲ့ အချိန်နဲ့ အရင်က အချိန်တွေ ဘာကွာခြားသွားသေးလဲခင်ဗျ။
ဖြေ - ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်သေးချိန်နဲ့ လွတ်မြောက်ပြီး အစ်မတို့အိမ်ကိုလာတဲ့ အခြေနေဟာ အစစအရာရာ ကွာခြားတယ် ပြောရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် မလာခင်ကအခြေနေက ပတ်ဝန်းကျင်ကလည်း မကြည်ဖြူ၊ လှုဒါန်းမယ့်သူကလည်း နည်းပါးဆိုသလို ဒုက္ခအမျိုးမျိုးတွေကို ရင်ဆိုင်ကြုံတွေ့ရတာ ဖြစ်ပါတယ်။ အခုတော့ အနည်းငယ် အသက်ရှုချောင်လာပြီလို့ ပြောရင်ရပါတယ်။ ဒါပေမယ့် လိုအပ်ချက်တွေကတော့ ရှိမြဲရှိနေတာပဲ ဖြစ်ပါတယ်။
မေး - ဟုတ်ကဲ့ပါ။ အစ်မတို့က ဝေဒနာရှင်တွေကို လက်တွေ့ကူညီနေတာဆိုတော့ မြန်မာနိုင်ငံမှာ AIDS ဝေဒနာရှင် ဘယ်လောက်လောက်ရှိပါသလဲ။ တစ်နှစ်ကို ဘယ်လောက်နှုန်းနဲ့ တိုးပွားလာနေပါသလဲ သိပါရစေ။
ဖြေ - ဒီမေးခွန်းဟာ အင်မတန်ဖြေရခက်တဲ့မေးခွန်းပါ။ လက်ရှိတိုင်းပြည်ကို ချုပ်ကိုင်အုပ်စိုးထားတဲ့ အာဏာပိုင်များတောင် ဒီစာရင်းကို သေချာမကောက်ယူနိုင်ပါဘူး။ ပျမ်းမျှကို ပြောပါဆိုရင်တော့ အစိုးရက ထုတ်ပြန်တဲ့စာရင်းကိုပဲ ပြောရမှာ ဖြစ်နေပါတယ်။ အစိုးရကလည်း အမြဲတစေ လျော့ပါးနေပြီလို့ ပြောသလို အစိုးရဖက်လိုက်ပြီး လျော့သွား ပြီပြောတဲ့ အန်ဂျီအိုတွေလည်း ရှိနေပါသေးတယ်။ ဒါကြောင့် တိကျခိုင်လုံမှုနည်းပါးလို့ မဖြေပါရစေနဲ့။
မေး - ကျွန်တော်တို့ သိရသလောက်တော့ နိုင်ငံတကာအနေနဲ့ ရောဂါဖြစ်နှုန်းလျော့သွားပြီပေါ့နော်။ မြန်မာပြည်မှာတော့ ဆက်ပြီးတိုးပွားလာတာ ဘာကြောင့်လို့ ထင်ပါသလဲ။
ဖြေ - ဒါက သက်ဆိုင်ရာ အစိုးရတွေနဲ့သာ ဆိုင်တယ်ထင်ပါတယ်။ အစိုးရက ပိတ်ပင်ထားလေ ဒီရောဂါဖြစ်နှုန်း တိုးလာလေ ဖြစ်မှာပါ။ အခြားအချင်းအရာတွေကို ပြောရရင်တော့ အချက်လက် တော်တော်လေးများပါတယ်။ မိရိုးဖလာယဉ်ကျေးမှု အရှက်တရား၊ စီးပွားရေးကျပ်တည်းမှု၊ အသိပညာနည်းပါးမှု၊ အထူးသဖြင့်တော့ ကျန်းမာရေး အသိညဏ် မပွင့်လင်းမှုတွေဟာ ဒီရောဂါကို လက်ဆင့်ကမ်းစေတာ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ရောဂါဖြစ်နှုန်း လျော့သွားပြီဆိုပေမယ့် မြန်မာပြည်မှာ ဆက်လက်တိုးပွားနေတာ ဖြစ်ပါတယ်။
မေး - ဒီလိုဆို အခုလို တိုးပွားလာနေတာကို ဘယ်လို ကာကွယ်ရပါမလဲ။
ဖြေ - ဒါကတော့ လူသားမျိုးနွယ်တစ်ခုလုံးနဲ့ကို သက်ဆိုင်ပါတယ်လို့ပဲ ပြောပါရစေ။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်သူတွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ တံခါးမရ၊ှိ ဓားမရှိဆိုသလို သွားရောက် အလုပ်လုပ်ကိုင်နေရလို့ပဲ ဖြစ်ပါတယ်။ ရောဂါကာကွယ်ဖို့ဆိုတာ အဓိကတာဝန်အရှိဆုံး အစိုးရက စနစ်တကျ လုပ်ကိုင်မှသာ လျော့နည်းသွားမှာပါ။ ဒါပေမယ့် ဒီတိုင်းပြည်မှာတော့ အစိုးရကလုပ်မှာ မဟုတ်တဲ့အတွက် ကျမတို့ပြည်သူလူထု၊ ပြည်သူလူုထုဆိုရာမှာ ပြည်ပရောက်နေသူများကိုလည်း ဆိုလိုပါတယ်။ လူမှုဝန်ထမ်း အဖွဲ့စည်းတွေ အသိသတိရှိရှိ တိုက်ဖျက်ပါလေမှ လျော့နည်းကျဆင်းသွားလိမ့်မယ်လို့ ပြောပါရစေ။
မေး - မြန်မာနိုင်ငံအတွင်းမှာ အစ်မတို့လို လုပ်နေတဲ့ အဖွဲ့အစည်းပေါင်း ဘယ်လောက် ရှိပါသလဲ။
ဖြေ - မြန်မာပြည်မှာ HIV နဲ့ပတ်သက်လို့ လုပ်နေတဲ့အဖွဲ့စည်း နှစ်ရာနီးပါးရှိပါတယ်။ ဒါပေမယ့် အစ်မတို့လို အစိုးရနဲ့ အကင်းဆုံးအဖွဲ့ကို ပြပါဆိုရင်တော့ ကျမတို့အဖွဲ့ရယ်၊ ကိုကျော်သူ၊ မရွှေဇီးကွက်မသန်းမြင့်အောင်တို့ပဲ ရှိတယ်ပြောရမှာပါ။
မေး - ခုလောလောဆယ် အစ်မတို့ဆီမှာ လူနာ ဘယ်နှယောက်လောက် ရှိပါသလဲ။
ဖြေ - ၂၀၀၂ ကနေ ဒီကနေ့ အထိလူနာ ငါးထောင်ကျော် ရှိသွားပါပြီ။ ဒါပေမယ့် ရန်ကုန်မှာရှိတဲ့ ဂေဟာတွေမှာ လာရောက်ဆေးကုသသူ၊ ဆေးထုတ်သူ အရေတွက်ကတော့ နေ့စဉ် တစ်ရာ့နှစ်ဆယ်ကနေ တစ်ရာ့ငါးဆယ်ကြားရှိပါတယ်။www.thanlwin.com
မေး - မနည်းလှတဲ့ အရေအတွက်ပါ အစ်မရေ။ ဒီလူမှုကူညီရေးလုပ်ငန်းလေးအတွက် တစ်လတစ်လကုန်ကျစရိတ်က ဘယ်လောက်လောက် ရှိပါသလဲ။
ဖြေ - လူနာဆေးဖိုး၊ အာဟာရ၊ လမ်းစရိတ်၊ ဆေးခန်းပြခ အစရှိတာတွေ ပေါင်းလိုက်ရင် တစ်လကို သိန်းတစ်ရာ့သုံးဆယ်ကျော်ကုန်ပါတယ်။
မေး - ဒီတော့ အဓိက ဘယ်က ၀င်ငွေတွေနဲ့ လည်ပတ်နေပါသလဲ။ တကယ်လို့ အလှူငွေတွေ ရပ်တန့်သွားမယ်ဆိုရင် ဘယ်လိုဆက်လက် ရပ်တည်မယ်မှန်းထားပါသလဲဗျာ။
ဖြေ - ကျမတို့ အဓိက အလေးထားတာကတော့ ပြည်တွင်းပြည်ပ အလှူရှင်တွေပဲ ဖြစ်ပါတယ်။ အလှုငွေရပ်တန့်သွားမယ်ဆိုတဲ့ အတွေးမျိုးကိုတော့ မတွေးမိသေးပါဘူး။ မေးခွန်းကို ဖြေရရင်တော့ ကျမတို့ အခြားသော လူနာဖွံ့ဖြိုးရေးတွေ လုပ်ထားတာတော့ ရှိပါတယ်။ ဒီလိုနည်းနဲ့ပဲ ရပ်တည်သွားမယ် စိတ်ကူးထားပါတယ်။
မေး - အလုပ်လုပ်နိုင်စွမ်းရှိနေသေးတဲ့ လူနာတွေအတွက် အသေးစား လက်မှုလုပ်ငန်းလေးများ ဖန်တီးပြီး အဖွဲ့အတွက် ရန်ပုံငွေရှာမယ့် အစီအစဉ်မျိုး ရှိပါသလား။
ဖြေ - အဲ့ဒီအစီစဉ်ကို အစောကြီးကတည်းက လုပ်ထားပေးပါတယ်။ ဥပမာ စိုက်ပျိုးရေးလုပ်ငန်းလိုဟာမျိုး၊ ဥပမာစက်ချုပ်သင်ပေးပြီး အလုပ်ရှာပေးတာမျိုးတွေ၊ မွေးမြူရေုးလုပ်ငန်းတွေ အရင်းနှီးထုတ်ပြီး ဈေးရောင်းစေတာမျိုးတွေကို မပြတ်လုပ်ဆောင်ထားပေးပါတယ်။
မေး - ဟုတ်ကဲ့ပါ။ နောက်တခုက လူနာတစ်ယောက်အတွက် တစ်ရက်စာ ဆေးဖိုးဝါးခက ဘယ်လောက်ရှိပါသလဲ။
ဖြေ - ရောဂါအလေးပေါ့ပေါ် မူတည်ကုန်ကျနေတာဖြစ်လို့ ဒီမေးခွန်းကို တိတိကျကျ ဖြေလို့မရပါဘူး ဒါပေ မယ့် အကြမ်းဖျင်း ကုန်ကျစရိတ် အမြင့်ဆုံးလူနာအတွက် စရိတ်က သိန်းနဲ့ချီ ကုန်ကျပြီးတော့ အနည်းဆုံး လူနာကတော့ သောင်းဂဏန်းရှိပါတယ်။
မေး - AIDS ထိန်းဆေးအကြောင်းလေး အတိအကျ ပြောပြပေးပါလား။
ဖြေ - ဒီဆေးကို ဗမာပြည်မှာတော့ အလွယ် သုံးမျိုးပေါင်းလို့ ခေါ်ဆိုနေကြတာပါ။ ရောဂါဖြစ်ပြီး စီဒီဖိုး အကောင့်နည်းတဲ့ လူနာတွေ သောက်ရတာပါ။ lamivudine 30mg + stavudine150mg + nipravine200mg ပါဝင်တဲ့ဆေးကို စတင် သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးတန်ဖိုးက သုံးသောင်းဝန်းကျင်ရှိပြီး မြန်မာပြည်မှာ အလွယ်တကူ ၀ယ်လို့ရပါ တယ်။ ဒီဆေးဝါးအာနိသင်ဟာ တစ်လုံးကို ဆယ့်နှစ်နာရီခံတာဖြစ်ပြီး အချိန်တိတိကျကျ သောက်သုံးရတာဖြစ်ပါတယ်။ ဒီဆေးဝါးသောက်သုံးမှု နှစ်ကြိမ်ထက် ပိုပြီးပျက်ကွက်ရင် ဒုတိယအဆင့်ဖြစ်တဲ့ ဆေးဝါးတွေကိုသောက်သုံးရမှာပါ။ ဒီဒုတိယအဆင့်ဆေးဝါးတွေကိုလသောက်သုံးရရင်တော့ သုံးသိန်းအထက်ဖြစ်ပြီးတော့ ဆေးကလည်း ၀ယ်ဖို့မလွယ်ကူပါဘူး။
မေး - လူနာတွေ အတွက် အဓိက လိုအပ်ချက်တွေက ဘာတွေပါလဲ။
ဖြေ - လူနာတွေကတော့ အဓိက၊ သာမည ကွဲပါတယ်။ တော်တော်ဆင်းရဲတဲ့ လူနာဆိုရင်တော့ အစစအရာရာ ကျမတို့က ဖြည့်ဆည်းပေးရတာ ဖြစ်ပါတယ်။ အဓိက လိုအပ်ချက်တစ်ခု ပြောပါဆိုရင်တော့ ဆေးဝါးသာဖြစ်ပါတယ်။
မေး - လူနာတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေတဲ့အရာတွေကရော။
ဖြေ - လူနာအချင်းချင်းအားပေးခြင်းဟာ သူတို့စိတ်ဓာတ်ကို မြှင့်တင်ရာ ရောက်ပါတယ်။ နောက် သူတို့စိတ်ဝင်စားတဲ့ ရုပ်ရှင်ကြည့်တာ၊ သူတို့ကြိုက်တဲ့ အဆိုတော်တွေ သီချင်းနားထောင်တာနဲ့ လူကောင်းတွေက သူတို့အပေါ် နွေးထွေးပေးတာ၊ သူတို့ကို နားလည်မှု အပြည့်ပေးတာမျိုးတွေဟာ သူတို့စိတ်ဓာတ်ခွန်အား တက်စေတဲ့အရာတွေ ဖြစ်ပါတယ်။
မေး - ဟုတ်ပါပြီ အစ်မရေ။ နောက်တစ်ခု မေးချင်တာက ဒီလုပ်ငန်းလေးအတွက် အဓိက အဟန့်အတား အခက်အခဲတွေက ဘာတွေပါလဲ။
ဖြေ - အာဏာပိုင်တွေ ဟန့်တားနှောင့်ယှက်မှုက လုပ်ငန်းလုပ်ရာမှာ အင်မတန် အခက်တွေ့စေပါတယ်။ ကူညီမှုမရတဲ့အပြင် တောက်လျောက် နှောင့်ယှက်နေတာက အကြီးမားဆုံး အခက်ခဲဖြစ်ပါတယ်။
မေး - ပြည်တွင်းက ကူညီချင်တဲ့လူတွေ ရှိရင် အစ်မကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းလို့ ရပါသလား။ ပြည်ပကဆိုရင်ရော ဆက်သွယ်လှူဒါန်းလို့ ရနိုင်မယ့်လူများ ရှိပါလား။
ဖြေ - ကျမ အင်တာဗျူးတစ်ခုမှာ ပြောဖူးပါတယ်။ ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ၊ ကျမ ဒီလူနာတွေ အသက်ဆက်ဖို့ အလှုငွေကို လက်ခံသွားမှာပါ။ ကျမဆီ တိုက်ရိုက်လှူလည်း ရပါတယ်။
မေး - အခုလို သံလွင်အိပ်မက်ရဲ့ အင်တာဗျူးကဏ္ဍမှာ ဖြေကြားပေးခဲ့တဲ့ မဖြူဖြူသင်းကို စာဖတ်ပရိသတ်ကိုယ်စား အရမ်းကျေးဇူးတင်ပါတယ်။ အစ်မတို့လုပ်ငန်းလည်း ကြိုးစားသလောက် အရာထင်အောင်မြင်ပြီး လူနာတွေကို အကောင်းဆုံး စောင့်ရှောက်ပေးနိုင်ပါစေလို့ သံလွင်ဝိုင်းတော်သားတွေက ဆုမွန်တောင်းအပ်ပါတယ်ခင်ဗျာ။
ဖြေ - ဟုတ်ကဲ့။ ကျမကလည်း နိုင်ငံခြားကို ရောက်ရှိနေပေမယ့် မြန်မာပြည်အကြောင်းတွေကို စိတ်ဝင်တစား မေးမြန်းတဲ့အတွက် ကျေးဇူးတင်ပါတယ်။
မဖြူဖြူသင်းနဲ့အဖွဲ့ စောင့်ရှောက်ထားတဲ့ ဝေဒနာသည်တွေအတွက် လှူဒါန်းချင်တယ်ဆိုရင်ဖြင့် ဒီလိပ်စာတွေကို တိုက်ရိုက်ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။
အမှတ် ၆၃၁၊ ၁၁လမ်း၊ ၇ ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
အမှတ် ၃၇၆၊ ကမ္ဘောဇ ၂လမ်း၊ ၁၈ဘီရပ်ကွက်၊ တောင်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း - ၅၆၉ ၃၄၆၊ ၀၉၅၀ ၂၄၀ ၅၆။
Thursday, December 30, 2010
ဧရာဝတီ
မဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ)
ကျမတို့ အဓိကလုပ်တာ နှစ်ပိုင်းရှိတယ်၊ နိုင်ငံရေးပိုင်းနဲ့ လူမှုရေး ဆိုပြီးမှရှိတယ်ပေါ့။ လူမှုရေးနဲ့ ပတ်သက်လို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေကို တိုးချဲ့ပြီး လုပ်သွားဖို့ ရှိတယ်။ တိုးချဲ့တယ်ဆိုတာက အရင်တုန်းက ကျမတို့ဆီမှာ ဆရာဝန်တွေ ဘာတွေမရှိသေးဘူး၊ အခုဆိုရင် ဆရာဝန်တွေပါ ပါလာပြီ။ အန်တီစု လွတ်လာပြီးတဲ့နောက်ပိုင်းမှာ လူနာတော်တော်များ များက ကျမတို့ဆီမှာ ဆေးဝါးကုသမှု ခံယူချင်တဲ့သူတွေပိုများလာတယ်။ အဲဒီအတွက် ကျမတို့ဘက်က တတ်နိုင်သမျှ ကြိုးစားသွားမယ်၊ လူနာတွေအတွက် ဆက်လက် ရပ်တည်သွားမယ်။
နိုင်ငံရေးပိုင်းမှာ ဆိုရင်တော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ အန်တီစု၊ အဘ ဦးတင်ဦးတို့ အဘ ဦးဝင်းတင်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျမတို့က နောက်လိုက်ကောင်းတွေ အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ်၊ မြန်မာ နိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ဆက်လက်ကြိုးစားသွားမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထိ၊ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ကြိုးစားသွားဖို့ ရှိပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျမတို့ မျှော်လင့်တဲ့၊ ကျမတို့ လွတ်မြောက်စေချင်တဲ့သူ လွတ်မြောက်လာတယ်။ လာမယ့် နှစ်သစ်မှာလည်း နောက်ထပ် လွတ်မြောက်မှုတွေနဲ့ အတူ နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။
Tuesday, November 23, 2010
irrawaddy interview
ဧရာဝတီ အင်တာဗျူး
မဖြူဖြူသင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့ဝင်တဦး ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှ စ၍ HIV/ AIDS ဝေဒနာရှင်များကို စောင့်ရှောက် ခဲ့သူဖြစ်သည်။ ယခုအခါ ၎င်းစောင့်ရှောက်ထားသော ဝေဒနာရှင် ၈၀ ကျော်တို့မှာ ရန်ကုန်မြို့ တောင်ဒဂုံရှိ အိမ်တအိမ်တွင် နေထိုင်လျက်ရှိသည်။ လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က အဆိုပါ လူနာများထံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့ပြီး နောက်တနေ့တွင် အာဏာ ပိုင်များက လူနာ ၅၀ ကျော်ကို သာကေတရှိ ဆေးရုံတရုံသို့ ပြောင်းရွှေ့ရန် ဖိအားပေး ပြောဆိုခဲ့ပြီး ထိုလူနာများ အတွက် ဧည့်စာရင်း တိုင်ခွင့်မပေးတော့ကြောင်း သိရသည်။
မေး။ ။ မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့ HIV လူနာတွေကို ဖိအားပေး ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ထပ်ထူးခြားပါသေးလဲ။
Thursday, January 7, 2010
interview with NEJ
NEJ / ၂၂ ဒီဇင်ဘာ၂၀၀၉

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင်လုပ်ကိုင်နေသူ မဖြူဖြူသင်းနှင့် ခေတ်ပြိုင် ဆက်သွယ်မေးမြန်းချက်။
မေး။ ။ မဖြူဖြူသင်းအနေနဲ့ HIV/AIDS ဝေဒနာရှင်တွေ ကူညီရေး လုပ်ငန်းစဉ်မှာ ဘယ်အချိန်က စတင်ပါဝင်လုပ်ဆောင်ခဲ့ပြီး ဘာကြောင့် ဒီလိုလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါလဲ။
ဖြေ။ ။ ၂၀၀၂ ခုနှစ်ကစပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လူငယ်ရေးရာတာဝန်ခံ ဒေါ်အောင်ဆန်းစုကြည်က HIV နဲ့ ပတ်သက်တဲ့သင်တန်းကို UNDP မှာ လူငယ် (၁၉) ဦးကို သင်တန်း တက်ခိုင်းတယ်။ သင်တန်းပြီးတဲ့အချိန်ကစပြီးတော့ ရုံးမှာ HIV-AIDS prevention and care ဆက်ရှင်လေးတခု ဖွင့်လိုက်တယ်။ လွန်ခဲ့တဲ့ (၇) နှစ်ကပေါ့။ ဒီလို ဆက်ရှင်လေး ကျမတို့ စဖွင့်လိုက်တယ်ဆိုကတည်းက လူနာတွေကလာရောက်ပြီး အကူအညီတောင်းကြတယ်။ ကျမတို့ကလည်း အဲဒီအချိန်က ပညာပေးဖို့ပဲ တတ်တယ်လေ။ ဆေးဝါးကုသမှုအပိုင်းဆိုတာ ကိုယ်နဲ့ စိမ်းနေတဲ့အနေအထားမှာ ရှိပါတယ်။ ဒါပေမယ့် သူတို့ကြုံလာတာက ဆေးဝါးကုသမှုအပိုင်း။ အဲဒီအချိန်မှာ ဒီလူနာတွေကို မြင်ပြီးတဲ့နောက် ကျမတို့ဘာလုပ်ရမလဲဆိုတာ စပြီးသိသွားပြီးနောက် သူတို့ရဲ့ ဆေးဝါးကုသမှုအခက်အခဲတွေ၊ သူတို့မိသားစုအခက်အခဲတွေကို ကူညီဖြေရှင်းပေးရင်းနဲ့ပဲ ဒီအလုပ်ကို လုပ်ကိုလုပ်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချ လုပ်ခဲ့တာပါ။
မေး။ ။ ဒီအကူအညီပေးမှု လုပ်ငန်းကို ဘယ်လိုရပ်တည်နေပါသလဲ။
ဖြေ။ ။ ကျမတို့ ၂၀၀၂ ခုနှစ်ကစပြီး ဒီလုပ်ငန်းကို လုပ်ကတည်းက အချိန်တော်တော်များများထိ ၂၀၀၆၊ ၂၀၀၇ ခုနှစ်လောက်အထိ ကျမတို့တွေ စုပြီး ကိုယ့်အားကိုယ်ကိုး ကိုယ့်ငွေကြေးကိုယ် အကုန်လုံးရပ်တည်ရတယ်။ ကျမတို့ ဒီသင်တန်းတက်ထားတဲ့ သူတွေထဲက တတ်နိုင်တဲ့သူတွေရော၊ မတတ်နိုင်တဲ့သူတွေလည်း ဆွဲခေါ်ပေါ့။ အဲလိုနဲ့ ကိုယ့်ဘာသာစုပေါင်းပြီး ကိုယ့်ဘာသာ အကုန်ကျခံလုပ်လာတာပါ။ အခုနောက်ပိုင်း ဒီနှစ်ပိုင်းလေးကျမှသာ ကျမတို့ လုပ်ကိုင်ဆောင်ရွက်လာတာကို သိလာတဲ့ မိတ်ဆွေအပေါင်းအသင်းတွေက စိတ်ဝင်စားလာကြပြီး လှူကြတာမျိုးရှိလာတာပါ။
မေး။ ။ အစိုးရအနေနဲ့ရော ပူးပေါင်းဆောင်ရွက်မှု ရှိပါသလား။
ဖြေ။ ။ သူတို့ပူးပေါင်းဆောင်ရွက်ဖို့မပြောနဲ့ ကျမတို့ စလုပ်တဲ့ ၂၀၀၂ ခုနှစ်ကစပြီး ဒီနေ့အချိန်ထိပေါ့၊ တချိန်လုံး အနှောင့်အယှက် အမြဲတမ်းခံနေရတယ်။ ဝေဒနာသည်တွေကို ကျမတို့ စုပြီး အိမ်တွေငှားထားပေးရင်လည်း အိမ်တွေမှာ မနေရအောင် အမျိုးမျိုးနှောင့်ယှက်တာမျိုးတွေ၊ လူနာတွေအလှူအတန်းလုပ်ရင် လုပ်ခွင့်မပေးဘဲ အလှူအတန်းကို ပိတ်ပစ်တာမျိုးတွေ၊ ကျမတို့ ပညာပေးသူတွေကို ဖမ်းတာဆီးတာတွေ တလျှောက်လုံးလုပ်လာခဲ့တာပါ။ အခု ဒီနှစ်ပိုင်းလေးကျမှာပဲ သူတို့သိပ်အနှောင့်အယှက် မပေးတော့တာ။ အဲဒါတောင် သူတို့ဧည့်စာရင်းစစ်တာမျိုးတွေ လူနာတွေအိမ်ကို အမြဲတမ်းစောင့်ကြည့်တာမျိုးတွေကတော့ လုပ်နေဆဲပဲဆိုတော့ ပူးပေါင်းဆောင်ရွက်ဖို့ကတော့ ပိုဝေးတာပေါ့။
မေး။ ။ အစိုးရတရပ်အနေနဲ့ ဘာကြောင့် ပူးပေါင်းကူညီမှု မလုပ်တာလို့ မြင်ပါသလဲ။
ဖြေ။ ။ ကျမအမြင်ပေါ့နော်၊ အခု HIV/AIDS ကိစ္စမှ မဟုတ်ပါဘူး။ မြန်မာပြည်တွင်းမှာ ဘယ်ဟာနဲ့မှပတ်သက်ပြီး ဘာကိုမှ အကူအညီပေးတာ သိပ်မတွေ့ရဘူးလေ။ မြန်မာပြည်မှာဖြစ်နေတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အကုန်လုံးပါပဲ။ အားလုံးမှာ သူတို့ကိုယ်တိုင်က ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလေ။ တခြားကိစ္စတွေမှာလည်း အစိုးရတရပ်အနေနဲ့ သူတို့က လုပ်ဆောင်ချက်က သိပ်မရှိဘူး။
မေး။ ။ ဒါပေမယ့် စစ်အစိုးရက မြန်မာနိုင်ငံမှာ HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်းခဲ့တယ်လို့ ဒီနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ ကြေညာခဲ့ပါတယ်။ ဒီလိုပြောဆိုတဲ့အပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ကျမတို့မြန်မာပြည်မှာ HIV/AIDS နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း အခုအချိန်အထိ ဆွေးနွေးတာမျိုးတွေ၊ ပညာပေးတာမျိုးတွေ၊ သွေးစစ်တာမျိုးတွေ၊ နောက် တနိုင်ငံလုံးအတိုင်းအတာနဲ့ စာရင်းဇယား သေချာကောက်ယူတာမျိုးတွေ၊ စနစ်တကျ ဆေးဝါးကုသမှု ပေးနေတာမျိုးတွေက လုံးဝမရှိသေးဘူး။ မရှိသေးတဲ့အတွက် HIV နဲ့ ပတ်သက်ပြီး လျော့နည်း သွားတယ်ဆိုရင် HIV ဝေဒနာသည်တွေ သေဆုံးသွားလို့သာ လျော့နည်းသွားတာ ဖြစ်နိုင်တယ်။ သူတို့က ဘယ်စာရင်းကို ယူပြီးတော့ ဘယ်လိုလျော့နည်းသွားတယ်လို့ ပြောသလဲဆိုတာတော့ ကျမနားမလည်ဘူးပေါ့နော်။ ဒါက ကျမတို့ တကယ်လက်တွေ့ ဆောင်ရွက်လုပ်ကိုင်နေတဲ့ ပြည်တွင်းက လူတွေအမြင်ပါ။ ရန်ကုန်နဲ့ အနီးစပ်ဆုံးဒေသတွေ ခရမ်း၊ သုံးခွလို ဒေသမျိုးမှာတောင် ကွန်ဒုံသုံးစွဲရမှန်းမသိဘဲ ရောဂါကူးစက်နေတာတွေ အများကြီးရှိနေပါသေးတယ်။ အဲဒါတွေကို ကြည့်ခြင်းဖြင့် လျော့နည်းသွားတယ်လို့ မမြင်မိဘူး။
မေး။ ။ ဒါဆို အခုလက်ရှိ မြန်မာနိုင်ငံတွင်းမှာ HIV/AIDS ကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ဘာတွေလုပ်ဖို့ လိုအပ်နေပါသလဲ။
ဖြေ။ ။ အစိုးရအနေနဲ့ ဒီရောဂါနဲ့ပတ်သက်လို့ ပညာပေးမှုတွေကို သတ်မှတ်တဲ့ နေရာလေးမှာပဲ လုပ်နေလို့ကတော့ အဆင်မပြေဘူး။ ဒါကို သူတို့ စီမံချက်တရပ်အနေနဲ့ ရေးဆွဲပြီးတော့ တိုင်းနယ်ပြည်နယ်အသီးသီးကိုရော ပညာပေးဖို့လိုတယ်။ ဒါပေမယ့် ကျမတို့မြန်မာပြည်က ပညာပေးမှုတခုတည်းနဲ့ သွားလို့မရတော့ဘူး။ ဘာဖြစ်နေလဲဆိုတော့ HIV နဲ့ပတ်သက်ပြီး မြန်မာပြည်မှာ လူတော်တော်များများ သေဆုံးနေကြတယ်။ ဒီလူတွေ အသက်ကယ်ဖို့အတွက်က ဆေးဝါးက လိုအပ်နေပြီ။ ပညာလည်းပေး၊ ဆေးဝါးလည်းကုမယ်ဆို တနိုင်ငံလုံးအတိုင်းအတာနဲ့ ထိထိရောက်ရောက်လုပ်မှပဲ အောင်မြင်မှာပါ။ အစိုးရတရပ်အနေနဲ့ ဦးဆောင်ပြီးလုပ်ဖို့ လိုအပ်နေသလို လုပ်လည်းလုပ်သင့်နေပါပြီ။ လုပ်မှလည်း ဒီရောဂါအခြေအနေကို ထိန်းချုပ်လို့ရပြီး လျော့နည်းသွားမှာပါ။
ဘိုကလေးဘက်တွေမှာဆို အပ်ပုန်းဆေးထိုးအပ်တွေကနေ HIV ကူးစက်မှုတွေ ဖြစ်နေတယ်။ ဒါမျိုးတွေကို ဥပဒေပြဋ္ဌာန်းရမှာ ဖြစ်ပါတယ်။ နောက်ပြီး လိင်ပိုင်းဆိုင်ရာကူးစက်မှုတွေ ရှိနေသေးတယ်။ ဆေးဝါးသုံးစွဲမှုကြောင့်၊ နောက်ပြီး မိခင်ကနေ ကလေးကို ကူးစက်မှု စတဲ့ အဆင့်ဆင့်ကူးစက်မှုတွေ အများကြီးရှိနေပါသေးတယ်။ တချို့ဒေသတွေမှာဆို အပ်ပုန်းသမားတွေက အာဏာပိုင်တွေနဲ့ပေါင်းပြီး ဆေးထိုးအပ်တချောင်းတည်း သုံးတာမျိုးတွေရှိနေပါတယ်။ sex worker တွေကို ဆေးစစ်ဆေးမှု လုပ်ပေးဖို့၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ကွန်ဒုံသုံးစွဲဖို့ ပညာပေးမယ်ဆိုတာမျိုးတွေကို အာဏာပိုင်တွေက လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ HIV/AIDS နဲ့ ပတ်သက်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ဆိုရင် အစိုးရတရပ်အနေနဲ့ရော၊ အန်ဂျီအိုတွေအနေနဲ့ရော၊ ပြည်သူလူထုအားလုံးရော အသိစိတ်ဓာတ်ရှိရှိနဲ့ ပူးပေါင်းဆောင်ရွက်မှာပဲ ထိန်းချုပ်လို့ရမှာပါ။ HIV/AIDS ကိစ္စဟာ တကယ့်အမျိုးသားရေးကိစ္စ၊ လူသားတွေရဲ့ကိစ္စဖြစ်နေပါတယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။
မေး။ ။ အခု အဖွဲ့ချုပ်ရဲ့ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနဲ့ ပညာပေးရေး လုပ်ငန်းစဉ်အရ လုပ်ကိုင်ဆောင်ရွက် နေတဲ့အခါမှာ တွေ့ကြုံရတဲ့ ဝေဒနာရှင်တွေရဲ့ လက်ရှိအခြေအနေကို သိပါရစေ။
ဖြေ။ ။ ကျမတို့တွေ့တာတော့ ဧရာဝတီတိုင်းဘက်က တောချုံအုံကြား ရန်ကုန်နဲ့လည်း အလှမ်းဝေးတဲ့ နေရာတွေမှာ ဆေးထိုးအပ်တွေနဲ့ ကူးစက်နှုန်း အရမ်းများတာ တွေ့နေရတယ်။ မြန်မာပြည်အလယ်ပိုင်းတလျှောက်ဆိုလို့ရှိရင် လိင်နဲ့ပတ်သက်ပြီးတော့ အပျော်အပါးလိုက်စားရာကနေ ကူးစက်မှုနှုန်းတွေကို အများအပြားတွေ့နေရတယ်။ အရင်က အမျိုးသားတွေ ဖြစ်တာပိုများတယ်။ အခုနောက်ပိုင်းတော့ အမျိုးသား၊ အမျိုးသမီး တန်းတူလောက်ပဲ တော်တော်များမှာ တွေ့လာတယ်။ နောက် ကိုယ်ဝန်ဆောင်သယ်တွေရော၊ ကလေးတွေမှာပါ တော်တော်များများ တွေ့လာရတယ်။ ကျမတို့ဆီမှာ လူနာအသစ်တွေကတော့ နေ့စဉ်နဲ့အမျှ ရောက်နေတာပါပဲ။ ဖျာပုံတို့၊ ကျောက်ဆည်ဘက်တို့ စတဲ့ဒေသအသစ်တွေကပါ အခုလာနေကြတယ်။ တနေ့ကို (၂) ဦး၊ (၃) ဦး အနည်းဆုံးကတော့ ပုံမှန်ကိုရောက်တယ်။ အခုနောက်ပိုင်းဆို ကယားပြည်နယ်တို့၊ ချင်းပြည်နယ်တို့ဘက်တွေကတောင် လာကြတယ်။
မေး။ ။ မဖြူဖြူသင်းတို့အနေနဲ့ လာရောက်တဲ့ HIV/AIDS ဝေဒနာရှင်တွေကို ဘယ်လိုအကူအညီမျိုးတွေ ဆောင်ရွက်ပေးတာပါလဲ။
ဖြေ။ ။ ကျမတို့လက်ရှိလုပ်နေတာက ကုသမှုအပိုင်းကို ဦးစားပေးပြီတော့မှ ပညာပေးမှုအပိုင်းက နောက်ကလိုက်တာပါ။ ကျမတို့ မြန်မာနိုင်ငံကတော့ တခြားနိုင်ငံတွေနဲ့မတူဘူး။ ကျမတို့က ပညာပေးမှုက အရမ်းကိုနောက်ကျနေပြီ။ အခုလက်ရှိ အခြေအနေမှာ ကျမတို့က ပညာပေးတာကို ဦးစားပေးလုပ်နေမယ်ဆိုရင် အခု HIV ဝေဒနာခံစားနေရတဲ့သူတွေက သေဆုံးကုန်တော့မယ်။ ဒါကြောင့် ကျမတို့က ဒီလူနာတွေရဲ့အသက်ကို ကယ်ပြီး ပညာပေးမှုကို လုပ်နေမယ်ဆိုရင်တော့ အဆင်ပြေမယ်။ ပညာပေးမှုချည်း သွားလုပ်နေမယ်ဆိုရင်တော့ HIV နဲ့ ပတ်သက်ပြီး မြန်မာပြည်မှာ သိပ်ထိရောက်မှု ရှိလိမ့်မယ်လို့ မမြင်ဘူး။ ဆေးဝါးကုသမှုကနေ ပညာပေးသွားလို့ရပါတယ်။ ကျမတို့ ဖွင့်ထားတဲ့ အိမ် (၃) အိမ်မှာ လက်ရှိ လူနာအယောက် (၁၀၀) နီးပါးရှိပါတယ်။
နယ်ကလူနာတွေ တည်းခိုဖို့ နောက်ကုသမှုနဲ့ပတ်သက်လို့ ဆရာဝန်တွေ ရှိတယ်။ ဆက်သွယ်ပေးတယ်။ နောက်လိုအပ်တာတွေ ဆေးဝါးပေးနိုင်သလောက်ပေးတယ်။ ဆေးဝါးကုသရာမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်ဖို့ရော အားလုံးကို ကူညီဆောင်ရွက်ပေးပါတယ်။ အန်ဂျီအိုတွေဆီလည်း ပို့ပေးပါတယ်။ ARV ဆေးရနိုင်တဲ့ နေရာတွေကိုပေါ့နော်။ သူတို့ ဆေးဝါးကုသမှုအပိုင်းကို ကျမတို့အားလုံး ပူးပေါင်းဆောင်ရွက်ပေးပါတယ်။ ကျမတို့ဆီရောက်လာသူတွေက
ရောဂါတွေကလည်း အနည်းဆုံး သုံးလေးမျိုးလောက် ဖြစ်နေကြတယ်။ မိသားစုက စွန့်ပစ်လိုက်တဲ့သူတွေတောင်ရှိပါတယ်။ အဲဒါမျိုးဆို သေဆုံးသွားတဲ့အထိ ကျမတို့က အားလုံးတာဝန်ယူ လုပ်ဆောင်ပေးပါတယ်။
သူတို့က ဒီမှာ ဆေးဝါးကုသမှုယူတယ်။ သက်သာသွားရင်၊ ကျန်းမာရေးကောင်းရင် သူတို့ဒေသပြန်ပြီး လုပ်လက်စအလုပ်တွေ ပြန်လုပ်ကြပါတယ်။ သူတို့ကို လက်ရှိတော့ ကျန်းမာရေးကောင်းတဲ့အထိ ဒီမှာထားထားတယ်။ နောက် အန်ဂျီအိုတွေ၊ ဆေးခန်းတွေ၊ ဆေးရုံတွေကို ကျမတို့လိုအပ်သလို ပို့ပေးပြီး ARV ဆေးသောက်ပြီး စိတ်ချရပြီဆိုရင် သူတို့နေရပ်ကို ပြန်ကြတာပေါ့။ ကျမတို့ အကူအညီပေးခဲ့တဲ့ ဝေဒနာရှင်ပေါင်းဟာ အခုအချိန်ထိဆို (၃) ထောင်နီးပါးရှိနေပါပြီ။ ဒါက ကျမတို့နဲ့ တိုက်ရိုက်ထိတွေ့ပြီး ဆက်သွယ်မှုယူတာကို ပြောတာပါ။
မေး။ ။ အခုလုပ်ဆောင်နေတဲ့ လုပ်ငန်းမှာ ၀န်ထမ်းအင်အားနဲ့ ထိရောက်မှုအတိုင်းအတာကို သိပါရစေ။
ဖြေ။ ။ အခုလောလောဆယ်တော့ အဖွဲ့ချုပ်က လူငယ်တွေ ရှိပါတယ်။ တိုင်းနယ်ပြည်နယ်အသီးသီးက လူငယ်တွေ (၅၈) ယောက်ရှိပါတယ်။ ဆရာဝန်အနေနဲ့ စေတနာ့ဝန်ထမ်းဆရာဝန်နဲ့ အဖွဲ့ထဲက ဆရာဝန်တွေရှိပါတယ်။ လူနာပြုစုစောင့်ရှောက် တာကတော့ ကျမတို့အဖွဲ့ဝင်တွေက လူနာရှင်တွေနဲ့ ပေါင်းပြီး လုပ်ကိုင်ဆောင်ရွက်ကြတယ်။ အခုလက်ရှိအခြေအနေမှာ လူနာတွေနဲ့ပတ်သက်လို့ ကျမတို့အနေနဲ့ ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ကိုင်ဆောင်ရွက် တတ်လာတဲ့အခါကျတော့ စလုပ်တဲ့အချိန်က အခုချိန်ထိ လူနာတွေအတွက် ပိုအဆင်ပြေလာတယ်လို့ မြင်ပါတယ်။
မေး။ ။ အဓိက ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ ရှိပါသလား။
ဖြေ။ ။ ကျမတို့ရင်ဆိုင်နေရတဲ့ အဓိက အခက်အခဲကတော့ ငွေကြေးအခက်အခဲပါပဲ။ ငွေကြေးမလုံလောက်တဲ့အခါကျ ကျမတို့အရမ်းပင်ပန်းတယ်။ လူနာတွေအတွက် ပင်ပန်းတာပါ။ ဒိထက်ပိုလုပ်ရမယ့်အလုပ်တွေ၊ လုပ်နိုင်တာတွေ အများကြီး ရှိတယ်။ ဒါပေမယ့် ထင်သလောက် မလုပ်နိုင်ဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ စနစ်တကျလုပ်မယ်ဆိုရင်တော့ အများကြီး လိုအပ်နေပါသေးတယ်။
မေး။ ။ ဒီ HIV/AIDS နဲ့ပတ်သက်ပြီး အဓိက ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ခြုံငုံသုံးသပ်ရရင် ဒီရောဂါနဲ့ပတ်သက်လို့ လျော့ပါးသွားတယ်မဟုတ်ဘဲ ဆက်ပြီးကူးစက်နှုန်းရှိနေတယ်လို့ မြင်တယ်။ လက်ရှိမှာတော့ ARV ဆေးရသူတွေ သောင်းချီရှိပေမယ့် လိုနေတာက သိန်းချီလိုအပ်နေတာပါ။ ဒီရောဂါကူးစက်နှုန်းရော၊ သေဆုံးနှုန်းရော အခုထိ မြင်တွေ့နေရသေးတယ်။ ဒီရောဂါနဲ့ လူတော်တော်များများက သေဆုံးနေကြတယ်။
အစိုးရပိုင်းဆိုင်ရာကတော့ သတင်းစာတွေထဲမှာ ဘာတွေလုပ်တယ်၊ ဘယ်လိုလုပ်တယ်ဆိုတာ ပြောတာပေါ့။ ကျမတို့ မြင်တာကတော့ ထိရောက်မှုမရှိဘူးလို့မြင်တာပဲ။ အမှန်တကယ် ထိထိရောက်ရောက် လုပ်ဆောင်တယ်ဆိုရင် ဒီရောဂါဟာ တန့်သွားရမှာ။ အခုက ရောဂါလည်း တန့်မနေဘူး၊ ရောဂါဖြစ်တဲ့သူတွေကလည်း များလာတယ်။ နောက်နှစ်တွေမှာ ဘယ်လောက်ထိ တိုးလာမယ်ဆိုတာ ခန့်မှန်းလို့မရသေးဘူး။ ဒါကြောင့် မြန်မာပြည်မှာ ဒီရောဂါအခြေအနေဟာ ဒီအတိုင်း ဆက်သွားနေရင် အတော်ကို စိုးရိမ်ရတဲ့အခြေအနေမှာ ရောက်နေပါတယ်။
Tuesday, December 1, 2009
Irrawaddy interview with PPT
Tuesday, 01 December 2009 19:04 ဧရာဝတီ အင်တာဗျူး
ယနေ့သည် ကမ္ဘာ့ HIV/AIDS ရောဂါ တိုက်ဖျက်ရေးနေ့ ဖြစ်သောကြောင့် မြန်မာပြည်အတွင်း အဆိုပါဝေဒနာ ခံစားနေရသူများ၏ ဒုက္ခ၊ မဖြူဖြူသင်း ကိုယ်တိုင် ကြုံတွေ့နေရသော အခက်အခဲများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် အေးချမ်းမြေ့က မေးမြန်းထားပါသည်။
မဖြူဖြူသင်းသည် ပြီးခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှစတင်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်ရေးနှင့် ပညာပေးရေး လုပ်ငန်းစဉ်များတွင် ဦးဆောင် လုပ်ကိုင်နေသူတဦး ဖြစ်သည်။
မေး။ ။ ဒီနှစ် ကမ္ဘာ့ HIV/AIDS ရောဂါတိုက်ဖျက်ရေးနေ့မှာ မြန်မာနိုင်ငံအနေနဲ့ HIV ရောဂါ ဖြစ်ပွားနှုန်း ကျဆင်းတယ်ဆိုပြီး ကြေညာထားတာနဲ့ ပတ်သက်ပြီး မဖြူဖြူသင်း ဘယ်လို ထင်ပါသလဲ။
ဖြေ။ ။ ဖြစ်နှုန်းကျတယ်ဆိုပြီး ကြေညာပေမယ့် ဒီမှာက တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ သေဆုံးတဲ့ သူတွေကော၊ ဒီရောဂါကို သိပ်ပြီးမသိသေးတဲ့သူတွေကော၊ ရောဂါကိုသိပြီး ဆေးဝါးကုသ ခံချင်တဲ့ သူတွေကော ရပ်တံ့သွားတယ် လို့မရှိဘူး။ ကျမတို့ စ လုပ်တဲ့ ၂၀၀၂ ခုနှစ် လောက်ကထက်စာရင် ပိုပိုပြီးတောင် များလာတယ်လို့ ထင်ရတယ်။ ကျမ ဒီကိစ္စကို ကျွမ်းကျင်တဲ့ ဆရာဝန် တဦးနဲ့ ပြောဖြစ်တယ်။ သူက ဘာပြောလဲဆိုတော့ ရောဂါဖြစ်နှုန်းတွေ ကျသွားတယ်ဆိုတာ၊ ရောဂါဖြစ်နေတဲ့သူတွေ သေသွားလို့ သာ ကျသွားတယ်လို့ ပြောလို့ရမယ်လို့ ပြောတယ်။
နောက်တခါ ပညာပေးမှု အပိုင်းကလည်း တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့ခံတွေနဲ့ ပညာပေးနေလို့သာလေ၊ သီးသန့်သွားပေးဖို့ဆိုရင် မလွယ် ဘူး။ NGO တွေအနေနဲ့လည်း အဲဒီလို သွားမယ်ဆိုရင် အဆင့်ဆင့်စာတင်ရတာနဲ့ ခရီးမရောက်ဘူး။ တရားဝင်လုပ်နေတဲ့ NGO တွေ၊ PSI လိုဟာမျိုး တွေလည်း အစိုးရက ခွင့်ပြုမှ သွားလို့ရတယ်။
အရင်က ARV ဆေးမရှိတော့ လူနာတွေကို ဆွေးနွေးနှစ်သိမ့်ရုံပဲ လုပ်ရင်း သေဆုံးသွားကြတာ များတယ်။ အခုတော့ ARV ဆေးရှိလာတော့ သေဆုံးနှုန်းကတော့ နည်းသွားတယ်။ ဒါပေမယ့် မြန်မာပြည် အခြေအနေနဲ့ လုံလောက်မှုကတော့ မရှိသေးတာ အမှန်ပဲ။ အခုလက်ရှိကို ရောဂါအကြောင်း မသိသေးတာတွေ၊ ဆေးကုသလို့ ရတယ်ဆိုတာကို မသိသေးတာတွေ မြန်မာပြည် အနှံ့အပြား ရှိနေတုန်းပဲ။ ကျမတို့တောင် တိုင်းနဲ့ ပြည်နယ်အသီးသီးက ကိုယ့်အဖွဲ့တွေ အကုန်လုံးကို ပညာပေးတဲ့ အစီအစဉ်တွေ လုပ်ထားလို့ ဒီကို လူနာတွေ ရောက်လာကြတာပါ။
မေး။ ။ တိုင်းနဲ့ ပြည်နယ်အသီးသီးကို ပညာပေးဖို့ လိုတယ်ဆိုတော့၊ အခုလက်ရှိအစိုးရက ရုပ်မြင်သံကြားတို့ … လမ်းထောင့်တွေမှာ ဘေလ်ဘုတ်တွေ၊ ပိုစတာတွေ ထောင်တာတို့နဲ့ ပညာပေးတာကကော ထိရောက်တယ် ထင်လား။
ဖြေ။ ။ ထိရောက်လား မထိရောက်လားဆိုတာထက် အစပိုင်း ၂၀၀၂ တုန်းကဆိုရင် သူတို့ လမ်းဆုံ၊ လမ်းခွမှာ ကုရာနတ္ထိ ဆေးမရှိ ဆိုတာမျိုးတင်တာ တွေ့ရတယ်။ အဲဒီတုန်းကဆို လူနာ တော်တော် များများက ဒီဆိုင်းဘုတ်တွေ တွေ့တာနဲ့တင် စိတ်ဓာတ်ကျပြီး သေသွားတာမျိုးရှိတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ် လောက်ကဆိုတော့ ဒီရောဂါအကြောင်းလည်း သိပ်မသိသေးတော့ တော်တော်ကြီး ကြောက်လန့်နေ တုန်းပဲလေ။ တချို့ဆို ဒီဆိုင်းဘုတ်တွေဖတ်ပြီး အိမ်ထဲမှာပဲ အသေခံလိုက်တဲ့သူတွေတောင် ရှိတယ်။ ကျမတို့ လုပ်စ ကပေါ့။
အခုနောက်ပိုင်းမှာတော့ ဝိုင်းဝန်းကူညီတိုက်ဖျက်ရေး ဘာညာဆိုပြီး ဆိုင်းဘုတ်တွေတင်တာရှိတယ်။ ပြည်သူလူထုက ဒီဆိုင်းဘုတ်တွေ ဖတ်ရတာတော့ ရှိတယ်။ ဒါပေမယ့် ဘယ်လိုဆေးဝါး ကုသမှု ခံယူရမယ်၊ ဘယ်သွားကုရမလဲ၊ ဘယ်ဆေးရုံ ဘယ်ဆေးခန်း သွားကုရမလဲ ဆိုတာကအစ အခုအချိန်ထိ မသိသေးတဲ့ သူတွေ အများကြီးပဲ။ ဒါကို ကျမတို့က ကြားထဲကနေ ပြီးတော့ ထိထိရောက်ရောက်၊ လမ်းကြောင်း မှန်မှန်နဲ့ ကုသနိုင်ဖို့ ကူညီရတယ်။
မေး။ ။ ARV ဆေးကို မဖြူဖြူသင်းတို့ ဘယ်လိုပုံစံနဲ့ ရှာဖွေနေရပါသလဲ။
ဖြေ။ ။ ကျမတို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဖြစ်နေတော့ ဘယ်သူကမှလည်း မကူညီဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ NGO တွေက နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတော့ ဘယ် NGO ကမှ ကျမတို့ကို မကူညီရဲဘူး။
ကျမတို့က ကြားကနေပြီး NGO တွေမှာ ဆေးပေးတာတွေ့ရင် ကြိုးစားပေးတယ်။ အဲဒီ NGO တွေက ရပ်သွားတယ်၊ ဆေးဆက် မပေးတော့ဘူး ဆိုရင် ဒီဆေး သောက်မှကို ဖြစ်မယ့်သူတွေ အတွက် ကျမတို့က သူတို့အသက်ဆက်ဖို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆေးကို ရှာဖွေပြီး တိုက်ထားရတယ်။ အဲဒီအခါမျိုးမှာ ကိုယ့်သူငယ်ချင်းအချင်းချင်း ခက်ခက်ခဲခဲ ရန်ပုံငွေရှာရတယ်။ ဆေးသောက် ဖို့တင် မကဘူး သူတို့ရဲ့ နေရေး ထိုင်ရေး၊ စားရေးသောက်ရေး အတွက်ပါပေါ့။
အဲဒီဆေးကလည်း တလစာကို ကျပ် ၂ သောင်းကျော်နဲ့ သုံးသောင်းကနေ ၁ သိန်းနီးပါးတန်အထိ ရှိတယ်။ သူက တသက်လုံး သောက်ရမှာလေ။ လူတယောက်က ၂ သောင်းကျော် ၃ သုံးသောင်းနီးပါးတန် ဆေးနဲ့ တည့်သွားပြီဆိုရင်တော့ ပြဿနာမရှိဘူး။ အဲဒီလိုမဟုတ်ဘဲ အဲဒီဆေးနဲ့ မတည့်ဘူး ဆိုရင်တော့ ဆေးပြောင်းရတယ်။ အဲဒီဆေးက ၇ သောင်းနဲ့ ၁ သိန်းကြားမှာရှိတယ်။ အဲဒီလို လူက ၁၀၀ မှာ ၅ ယောက် လောက်တော့ ရှိတယ်။
လူနာထဲမှာ ကိုယ့်ဘာသာ ငွေကုန်ကြေးကျခံနိုင်တဲ့သူက ၁၀၀ မှာ ၂ ယောက်လောက်ပဲ ရှိတယ်။ ဒီ HIV ရောဂါဆိုတာက ပညာပေးမှုမရရှိတဲ့ သူတွေရယ်။ အသိပညာ ချို့တဲ့တဲ့ သူတွေသာဖြစ်တာကိုး။ အဲဒီလို လူမျိုး ဆိုတာကလည်း စီးပွားရေးကအစ တော်တော်လေးကို ချွတ်ခြုံကျခဲ့တဲ့သူတွေ ဖြစ်တော့ မြန်မာပြည် မှာက ဝယ်သောက်နိုင်တယ် ဆိုတဲ့သူက တော်တော်လေးကို ရှားပါတယ်။ ဘေးက တယောက်ယောက်က ထောက်ပံ့မှ သောက်နိုင်တာလေ။ လူတွေက စားသောက်ဖို့တောင် မနည်း ရုန်းကန် နေရတာ ဆိုတော့ ဒီဆေးဝယ်သောက်ဖို့ ဆိုတာက တော်တော်လေးကို မလွယ်ကူတဲ့ကိစ္စပဲ။
မေး။ ။ အခု မဖြူဖြူသင်း စောင့်ရှောက်နေတဲ့ လူနာတွေနဲ့ ပတ်သက်လို့ ဘယ်လို အခြေအနေရှိလဲ။ လူနာတွေ ထပ်ထပ် တိုးလာလားဆိုတာ ပြောပြပါဦး။
ဖြေ။ ။ တိုးလာတာပေါ့ ..။ လူနာတွေ ထားစရာတောင် နေရာမရှိအောင်ဘဲ။ ကျမတို့က တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ပညာ ပေးနေတာတွေ ဆက်လုပ်တယ်၊ နောက်ပြီး မီဒီယာတွေ ကနေ ပြောတာတွေရှိတယ်။ အဲဒီတော့ ဒါတွေကို နားထောင်မိတဲ့ သူတွေ၊ ကိုယ့်အဖွဲ့အချင်းချင်း ပြောဖြစ်တာတွေကနေ တဆင့် သိကြပြီး အခုနောက်ပိုင်း တော်တော်များများ ရောက်လာကြတယ်။
ကျမတို့ အိမ် ၃ လုံး ရှိတယ်။ လူကအယောက် ၁၀၀ လောက်ရှိတယ်။
တကယ်က အိမ်တလုံးမှာ ၅ ယောက်၊ ၁၀ ယောက် အများဆုံးနေရမှာ။ ဒါပေမယ့် နေရာမရှိတော့ အယောက် ၄၀ လောက်ကို အိမ်တလုံးတည်းမှာ ဖြစ်သလိုပေါ့၊ တချို့ဆို ခြံထဲ နေရာလွတ်ရင် တဲလေးတွေ ထိုးပေါ့ … အဲဒီလိုပဲ နေရတယ်။
မေး။ ။ မြို့ပေါ်မှာဆိုရင် HIV ရောဂါကို လိင်ဆက်ဆံရာကတဆင့်တို့၊ မူးယစ်ဆေးဝါး အကြောထဲ ထိုးသွင်းလို့ဆိုတာမျိုး တို့နဲ့ ကူးစက်တာ အများဆုံးကြားရတယ်။ နယ်ဘက်တွေမှာ ကုလေ့ရှိတဲ့ အပ်ပုန်းထိုးပြီး ဆေးကုပေးသူတွေကြောင့် ကူးစက် တာမျိုးကော ကြားရလား။ ကြုံရလား။
ဖြေ။ ။ ကြုံရတာပေါ့။ ၂၀၀၀ ပြည့်နှစ်ကျော်ကျော် .. အစပိုင်းတုန်းကဆိုရင် လာတဲ့လူနာ ၁၀ ယောက်မှာ ၇ ယောက်၊ ၈ ယောက်လောက်က အပ်ပုန်းကြောင့် ကူးစက်ခံရတာ တွေ့ရတယ်။ မူးယစ်ဆေးကြောင့် မဟုတ်ဘူးနော်။ ရွာတွေမှာ အပ်ပုန်း ဆိုတာက ဆရာဝန်လည်းမဟုတ်ဘူး၊ ဆေးမှူးလည်းမဟုတ်ဘူး ဒီတိုင်း ကုနေကြတာ။ တချို့ရွာတွေမှာ ကြုံနေရတယ်။
ကျမတို့က လူနာတွေကို ပညာပေးရတာပေါ့။ ဒီအပ်က ဘယ်လောက်မှတန်ဖိုးမရှိဘူး၊ တခါသုံးအပ် မသုံးဘဲ ရောဂါ ကူးစက်ရင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုး ပြောရတယ်။
ရန်ကုန်ပတ်ဝန်းကျင်၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက် ပတ်ဝန်းကျင်က မြို့ပေါ်မဟုတ်တဲ့ ရွာတွေ၊ နောက်တော့ ခရမ်း၊ သုံးခွ … မြို့နဲ့ တော်တော်လေးဝေးတဲ့ ဒေသတွေ အကုန်လုံး ပါပဲ။ အစောပိုင်းကပေါ့။ မိသားစုလိုက်တွေတောင် ဒီအပ်ကြောင့် ကူးတာတောင် တွေ့ရတယ်။
၂၀၀၂ ကနေစပြီး တခါသုံးအပ်တွေသုံးဖို့ တခြား NGO တွေကော၊ ကျမတို့ပါ ပညာပေးကြတယ်။ ဆရာဝန်တွေကော၊ ကျန်းမာရေးမှူးတွေကော၊ တချို့ အပ်ပုန်းသမားတွေပါ တခါသုံးအပ်တွေ သုံးလာတာ တွေ့ရတယ်။ ဒါပေမယ့် အဲဒီလို သုံးလာတယ် ဆိုတာတောင် နယ်တွေကလူတွေ တက်လာလို့ မေးကြည့်ရင် တချို့နယ်တွေမှာ ဆရာဝန်တွေကိုယ်တိုင် အပ်ကို ပြန်ပြုတ်ပြီး သုံးနေတုန်းပဲ။ ဒါပေမယ့် ခုနောက်ပိုင်းမှာတော့ အပ်ကကူးတာထက် လိင်ဆက်ဆံရာက ကူးစက်နှုန်းက ပိုများလာတာ တွေ့ရတယ်။
မေး။ ။ အခုနောက်ပိုင်းမှာ လိင်နဲ့ ပတ်သက်တဲ့ အလုပ်လုပ်ကိုင် သူတွေက HIV ဖြစ်နှုန်း ပို အဖြစ်များတယ်လို့ ဆိုချင်တာလား။
ဖြေ။ ။ လိင်အလုပ်သမတွေတင် မကတော့ဘူး သာမန်လက်လုပ်လက်စားတွေ၊ သူ့ရဲ့ မိသားစု၊ သူ့ရဲ့ ကလေးတွေပါ ဖြစ်လာ နိုင်တယ်။ အခုနောက်ပိုင်းမှာက ဒီ လိင်အလုပ်လုပ်စားသူတွေက နေရာဒေသ အတည်တကျ မဟုတ်တော့ဘဲ သွားလာ အလုပ် လုပ်ကိုင် စားသောက်နေကြတာလေ။ ဥပမာ ဘုရားပွဲရှိတဲ့ နေရာမျိုးတွေပေါ့။ အဲဒီလိုမျိုး အခြေအနေကနေ ဒီရွာမှာရှိနေတဲ့ ကာလသားလူငယ်တွေ၊ အသိပညာ မပြည့်ဝသူတွေကို ကူးစက်မယ်၊ အိမ်ထောင်သည်လည်း ဖြစ်ချင်ဖြစ်မယ်။ သူတို့ရဲ့ မိသားစုတွေကို ကူးမယ်။ အဲဒါမျိုးတွေ အများကြီးတွေ့ရတယ်။
အခုဆိုရင် တကယ့်ကိုရိုးသားတဲ့ ဧရာဝတီတိုင်းက လယ်ကွင်းထဲမှာ နေနေတဲ့ သူတွေမှာပါဖြစ်နေတယ်။ သူတို့တွေဆိုရင် တကယ့်ကို ဘာအပျော်အပါးမှ မရှိဘူး။ တနှစ်ပတ်လုံး လယ်ထဲဆင်းနေတဲ့ သူတွေမှာပါ ဖြစ်လာတာ။ သူတို့ကတော့ အဓိက စီးပွားရေးပေါ့။ မြန်မာပြည်မှာ စီးပွားရေး အရမ်းကျလာတော့ အမျိုးသမီးတော်တော်များများဟာ ဒီ လိင်အလုပ်သမ အဖြစ် လုပ်ကိုင် လာရတယ်။ နောက်ပြီး သူတို့တွေဆီ အထိ သွားစရာမလိုဘူး၊ သူတို့က ကိုယ့်ဆီကို ရောက်လာတာမျိုးဆိုတော့ ဒီရောဂါ ကူးစက်ဖို့က တော်တော်လေး လွယ်ကူတာ တွေ့ရတယ်။ အိမ်မှာနေရင်းကို ဒီရောဂါ ကူးစက်နေတာပေါ့။
အခုနောက်ပိုင်းမှာတော့… ၁၀ ယောက်လောက်လာရင်၊ ၉ ယောက်လောက်က လိင်ကနေ တဆင့် ကူးတာ ဖြစ်နေတယ်။ ၉၀ ရာခိုင်နှုန်းပေါ့။ တချို့ကတော့ သွေးသွင်းရာကနေ ကူးတယ်။ အပ်ကြောင့် ကူးစက်တာလည်း ခုထိတော့ ရှိနေတုန်းပဲ။
မေး။ ။ ဒီနှစ် ကမ္ဘာ့ AIDS နေ့ရဲ့ ဆောင်ပုဒ်က လူနာတွေကို ခွဲခြားဆက်ဆံတာနဲ့ ပတ်သက်လို့ လူထုကို ပညာပေးထားတာ တွေ့ရတယ်။ အခုလက်ရှိ မြန်မာပြည်မှာ ဒီလို ရောဂါဖြစ်သူတွေကို ခွဲခြားဆက်ဆံ တာမျိုး ရှိနေတုန်းပဲလား။
ဖြေ။ ။ အများကြီးရှိနေပါတယ်။ ကျမတို့အတွေ့အကြုံအရဆို မိသားစုတွေက လက်မခံချင်လို့ ကျမတို့ဆီ ပို့လိုက်တာ အများကြီးပဲ။ တချို့ဆို ကျမတို့ဆီမှာ လူနာတွေ စုနေကြတယ်။ အဲဒီလို စုနေပြီးရင် မိသားစုဆီကို မပြန်ချင်ကြတော့ဘူး။ ဘာလို့လဲ ဆိုတော့ မိသားစုတွေရဲ့ အကြည့်တွေ၊ နားလည်မှု မပေးနိုင် တာတွေကို ခံနိုင်ရည် မရှိကြဘူး။ အခုအချိန်ထိ ပတ်ဝန်းကျင်နဲ့ မိသားစုက ခွဲခြားဆက်ဆံတာတွေ ရှိနေ တုန်းပဲ။ အဲဒါတွေကိုလည်း ကောင်းကောင်း ပညာမပေးနိုင်သေးဘူး။
ကျမတို့ အိမ်တွေငှားတော့မယ် ဆိုရင် … ဒီဝေဒနာသည်တွေ ထားဖို့လို့ ပွင့်ပွင့်လင်းလင်း ပြောလို့ကို မရနိုင် သေးဘူး။ အဲဒီလို ပြောရင် ငှားလို့ကို မရတာ။ အဲဒီလောက်ထိ ဖြစ်နေသေးတာ။ ပြည်သူလူထုရဲ့ အသိက တော်တော်လေး နည်းနေသေးတယ်လို့ ပြောရမှာပဲ။
မေး။ ။ မဖြူဖြူသင်းအနေနဲ့ အခုလို ကမ္ဘာ့ AIDS တိုက်ဖျက်ရေး နေ့မှာ ထူးထူးခြားခြား ပြောချင်တာများရှိပါသလား။
ဖြေ။ ။ ဒီနေ့လို ကမ္ဘာ့ HIV AIDS တိုက်ဖျက်ရေးနေ့မှာ ပြောချင်တာက၊ ကျမတို့ မြန်မာနိုင်ငံက ဝေဒနာသည်တွေက အကုန်လုံး ဘက်စုံခံစားရတာပါ။ ဒီစစ်အာဏာရှင်ရဲ့ လက်အောက်မှာလည်း နေနေရတယ်။ စားဝတ်နေရေးမှာလည်း ချို့တဲ့ကြတယ်။ ဒီတော့ နိုင်ငံတကာက လျစ်လျှူရှုမထားဘဲ ဝိုင်းဝန်းပြီး ကူညီဖြေရှင်းပေးပါ၊ ကျမတို့လို ပြည်တွင်းကလုပ်နေတဲ့ သူတွေ အနေနဲ့လည်း တတ်နိုင် သလောက် ကြိုးစားပြီး လုပ်ကိုင်သွားမယ်လို့ ပြောချင်ပါတယ်။ ။
Thursday, October 9, 2008
DVB talk
အကြောင်းတရားမှ ကင်းဝေးရေး စကားဝိုင်း
ဒီဗွီဘီ ၊ ၈ ၊ ဇူလိုင် ၊၂ဝဝ၇
အားလုံးသိပြီး ဖြစ်တဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက တောင်းဆိုနေကြသလို မြန်မာနိုင်ငံအတွင်းမှာလဲ ဒီနှစ်အတွင်းမှာ တောင်းဆိုသံတွေ ပိုမို ကျယ်လောင်လာနေတာ တွေ့ရပါတယ်။ ဒီဖြစ်ထွန်းမှုအပေါ်မှာ အခြေပြုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်လာရေးအတွက် ဘယ်လို ချဉ်းကပ်မှုအသစ်တွေ ရှိလာမလဲဆိုတာ သိရအောင် မစုစုနွေးနဲ့ မဖြူဖြူသင်းကို ဒီစကားဝိုင်းကို ဖိတ်ခေါ်ထားပါတယ်။
မစုစုနွေးဟာဆိုရင် အဓမ္မလုပ်အားပေး ခိုင်းစေတဲ့ အာဏာပိုင်တွေကို ရဲရဲဝံ့ဝံ့ တရားစွဲခဲ့တဲ့အတွက် နိုင်ငံအတွင်းမှာသာမကဘဲ နိုင်ငံပြင်ပမှာပဲ ထင်ပေါ် ကျော်ကြားနေသူ တဦးဖြစ်ပါတယ်။ သူဟာ ထန်းမနိုင်ရွာက သတ္တိရှင်မလေးလို့တောင် တင်စားခေါ်ဝေါ်ခံရသူလဲ ဖြစ်ပါတယ်။
မဖြူဖြူသင်းဆိုရင်လဲ အေ့စ်ဝေဒနာသည်တွေကို စေတနာအပြည့်နဲ့ ကူညီနေသူ၊ သူကူညီပေးနေတဲ့ လူနာတွေက လေးစားကြည်ညိုလွန်းပြီး မိခင်ကြီးရယ်လို့တောင် တင်စား ခေါ်ဝေါ်ခံနေရသူပါ။ ထိန်းသိမ်းရေးစခန်းတွေဆီကနေ ပြန်လည် လွတ်မြောက်လာကြတဲ့ သူတို့ဟာ ဒီပဲယင်း အကြမ်းဖက်ခံရကတည်းက နေအိမ် အကျယ်ချုပ် ကျနေတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်ရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဝတ်ပြုဆုတောင်းရင်းနဲ့ ဖမ်းဆီးထိန်းသိမ်း ခံရသူတွေလဲ ဖြစ်ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျဉ်းကျနေတဲ့ ကာလတွေမှာ လူသိများ ထင်ရှားလာတဲ့ အမျိုးသမီး သူရဲကောင်းတွေလို့ ပြောရင်လဲ ရနိုင်ပါတယ်။ တနည်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် လှုပ်ရှားဆောင်ရွက်ခွင့်မရတဲ့ ကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆိုအမိန့်တခုဖြစ်တဲ့ အကြောက်တရားက ကင်းဝေးရေးဆိုတဲ့ ဆောင်ပုဒ်ကို လက်တွေ့ ကျင့်သုံးနေသူလို့ ပြောရမှာပါ။
သူတို့နှစ်ဦးအပြင် ဒီစကားဝိုင်းမှာ ပါဝင်နိုင်ဖို့အတွက် ဖိတ်ကြားထားတဲ့ နောက်တဦးကတော့ (၈) လေးလုံး အရေးတော်ပုံကြီးအပြီး မြန်မာနိုင်ငံ ပြင်ပကို ထွက်ခွာလာသူ ဒီမိုကရေစီအရေးနဲ့ အမျိုးသမီးအရေး ကိစ္စတွေကို ဆောင်ရွက်နေသူ မဆူးပွင့်ပဲ ဖြစ်ပါတယ်။
ဒီဗွီဘီ ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေး ဆိုပြီးတော့ ထောင်မကြောက်၊ တန်းမကြောက်ဘဲ ဘာဖြစ်လို့ အမျိုးသမီးတွေလဲ ဖြစ်တယ်၊ ကျန်မာရေး အခြေအနေကလဲ ကိုယ်စီ ရောဂါ ရှိနေပါလျက်နဲ့ ဒီလှုပ်ရှားမှုမှာ ဘာဖြစ်လို့ ဦးဆောင် လှုပ်ရှားနေရတာလဲ၊ ဒီမေးခွန်းကို မစုစုနွေးက အရင် ဖြေကြားပေးပါ။
မစုစုနွေး။ ။ “ကျမတို့ မြန်မာပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေက အများကြီးပဲ အဲဒီပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းနိုင်မဲ့သူဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲ ရှိတယ်လေ။ အန်တီကို ဖမ်းဆီးထိန်းသိမ်းထားသမျှ ဒီပြဿနာတွေဟာ မပြေလည်နိုင်ဘူးဆိုတာကို ကျမတို့ ယုံကြည်လေ။ အန်တီကို အမြန်ဆုံးလွှတ်၊ တွေ့ဆုံဆွေးနွေးပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး ဖော်ဆောင်မှ ကျမတို့ မြန်မာနိုင်ငံ အတွက်ဟာ ကောင်းစားမှာ ဖြစ်တဲ့အတွက် ကျမတို့ အန်တီကို တောင်းဆိုရခြင်း ဖြစ်ပါတယ်။”
ဒီဗွီဘီ ။ ။ မစုစုနွေး ဆွေးနွေးသွားသလိုမျိုး မဖြူဖြူသင်း အနေနဲ့ကရော မစုစုနွေး ပြောသလို ဒေါ်အောင်ဆန်းစုကြည်ကတော အရေးကြီးပါတယ်။ ကျန်တဲ့ဟာတွေကရော ဘာတွေ အရေးကြီးတယ်လို့ ထင်ပါသလဲ။
မဖြူဖြူသင်း။ ။ “ဒေါ်အောင်ဆန်းစုကြည်ကတော့ အရေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ဒီတိုင်းပြည်အတွက်မှာ သူမပါလို့ရင်ကို တိုင်းပြည်ရဲ့ အပြောင်းအလဲရော၊ တိုင်းရင်းသားတွေ အခွင့်အရေးရော ရရှိအောင် သူပဲ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ အန်တီ အပါအဝင် တခြား လွှတ်တော်ကိုယ်စားတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ထောင်ထဲမှာ မတရား အကျဉ်းချခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အားလုံးဟာလဲ သူ့ဟာနဲ့သူ အရေးကြီးပါတယ်။ တိုင်းပြည်ပြန်လည် ထူထောင်ရေးမှာ အားလုံး စုပေါင်းပြီးတော့ ပြုလုပ်မှပဲ အောင်မြင်နိုင်မှာ ဖြစ်ပါတယ်။”
ဒီဗွီဘီ ။ ။ အခု ဆွေးနွေးသွားတဲ့ မဖြူဖြူသင်းနဲ့ မစုစုနွေးတို့ ဆွေးနွေးချက်တွေ အပြင် မဆူးပွင့်ကရော မြန်မာပြည်ထဲမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့ တချို့ဆိုရင်လဲ အသက် (၇ဝ) ကျော် အဖွားအိုတွေတောင် ပါတယ်ပေါ့နော်။ ဝတ်ပြုဆုတောင်းပွဲတွေ လုပ်နေတဲ့အပေါ် ဘယ်လိုမျိုး ပြည်ပရောက်တဲ့ အမျိုးသမီး တယောက် အနေနဲ့ အမြင်ရှိလဲ
မဆူးပွင့်။ ။ “ကျမ အနေနဲ့ မစုစုနွေးတို့ မဖြူဖြူသင်းတို့ ဦးဆောင်ပြီးတော့ ပြည်တွင်းမှာ အခက်အခဲတွေ၊ ဖိနှိပ်မှုတွေ၊ ဖမ်းဆီးမှုတွေ ကြားထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး လှုပ်ရှားမှုတွေကို လှုပ်ရှားနေတဲ့ အပေါ်မှာ အင်မတန် အားရမိတယ်၊ ဝမ်းသာဂုဏ်ယူမိတယ်ဆိုတာကို ပထမဦးဆုံး ပြောချင်ပါတယ်။ ကျမတို့ နိုင်ငံမှာ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့အတွက် ပထမဆုံး နအဖ အနေနဲ့ အပြုသဘောဆောင်တဲ့ နိုင်ငံရေး လုပ်ငန်းစဉ်ကို ဆက်လုပ်ဖို့ဆိုတဲ့ နေရာမှာ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦးနဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးဖို့ ဆိုတာက ပထမဦးဆုံး လုပ်ငန်းစဉ်ပဲ ဖြစ်ပါတယ်။
ဒီအပေါ်မှာ ပြည်သူထု တရပ်လုံးက ပါဝင်ပြီးတော့ လူထုခေါင်းဆောင်တွေ လွတ်မြောက်ဖို့အတွက် ဆုတောင်းကြတယ်ဆိုတာက ဒီကနေ့ ဒီအချိန်မှာ အင်မတန် သင့်တော်တဲ့ ကိစ္စပါ။ ပြီးတော့ နိုင်ငံတဝှမ်းလုံး အတိုင်းအတာနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဒီလို ဖြစ်ထွန်းလာအောင် ဆက်လက် ကြိုးစားသွားဖို့ လိုအပ်နေတယ်။ အတွင်းရော၊ အပြင်ရော ညီညီညွတ်ညွတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ဖို့အတွက် တက်တက်ကြွကြွ ကြိုးစားသွားဖို့ လိုနေတယ်။ တပြိုင်တည်းမှာပဲ ပြည်တွင်းမှာရှိတဲ့ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်းတို့မှာ လှုပ်ရှားနေတဲ့ တက်ကြွမှုမျိုး၊ တိုင်းရင်းသား ပြည်နယ်တွေမှာလဲ ဒီလို အစပျိုးမှုမျိုးတွေ အစပျိုးနိုင်သလောက် စပြီး အစပျိုးနိုင်ရင် ကောင်းမယ်လို့ ကျမအနေနဲ့ ထင်မြင်ပါတယ်။ အဲဒီအပေါ်မှာလဲ မစုစုနွေးတို့၊ မဖြူဖြူသင်းတို့ အမြင်လေးတွေ သိချင်ပါတယ်။”
“တိုင်းရင်းသားတွေရဲ့ အခန်းကဏ္ဍကလဲ တကယ့်တကယ်ဆိုရင် အရေးကြီးပါတယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ ဒီမှာ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တခြား တိုင်းရင်းသား ကိုယ်စားလှယ်တွေရော၊ အကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးအတွက်လဲ ပါပါတယ်။ အားလုံး လွတ်မြောက်မှ အားလုံး စုပေါင်းပြီးတော့ တိုင်းပြည်အတွက်ကို ကောင်းမွန်အောင် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အခုလက်ရှိ အခြေအနေအရဆိုရင်လဲ တိုင်းနဲ့ပြည်နယ် အသီးသီးမှာလဲ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးရော တိုင်းရင်းသားတွေ အနေနဲ့ရော တက်တက်ကြွကြွတွေ လုပ်ဆောင်လာတာ အခုနောက်ပိုင်းဆို တွေ့နေရပါတယ်။ ဥပမာဆို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲမှာဆို လူအင်အား တော်တော်များများနဲ့ ခမ်းခမ်းနားနားလဲ ကျင်းပနိုင်ခဲ့တယ်၊ အခု အာဇာနည်နေ့လို့ အခမ်းအနားတွေမှာလဲ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ခမ်းခမ်းနားနား စည်စည်ကားကားနဲ့ အားလုံး စဉ်းစားနိုင်ဖို့အတွက်ကို အားလုံး ပြင်ဆင်နေကြပါတယ်။”
“ကျမတို့ ပြည်တွင်းမှာက အခက်အခဲတွေက တအားပဲလေ။ ကျမတို့ ရင်ဆိုင်နေရတာ အားလုံးလဲ အသိပဲလေ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့အခါမှာ တချို့ မြို့နယ်၊ တိုင်းနဲ့ ပြည်နယ် အသီးသီးတွေမှာ အားရဝမ်းသာနဲ့ ညီမတို့ကို လှမ်းပြီးတော့ ဖုန်းဆက်တာတွေ၊ ဘာတွေ ရှိတယ်လေ။”
ဒီဗွီဘီ ။ ။ နောက်တခု ဆက်မေးချင်တာက အခု သတိပြုမိတာက မြန်မာနိုင်ငံထဲက ဝတ်ပြုဆုတောင်းပွဲတွေ လုပ်နေတဲ့အခါမှာ မေလကဆိုရင် ရက်စက်ပေါ့။ အခုဆိုရင် အပတ်စဉ် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ နေရာဒေသ အသီးသီးမှာ လုပ်နေဆဲ ဖြစ်တယ်ပေါ့။ ဒီလို လှုပ်ရှားမှုတွေမှာ ဥပမာအားဖြင့် ပဲခူးတိုင်း ဇီးကုန်းမြို့နယ်မှာဆိုရင် ဝတ်ပြုပွဲ သွားပြီးအပြန်မှာ အမျိုးသမီး (၄) ယောက် ဂွနဲ့ ပစ်ခံရပါတယ်၊ မန္တလေး မတ္တရာမြို့နယ်မှာဆိုရင်လဲ မတ္တရာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်ဟာ သံလက်သီးနဲ့ အထိုးခံရတယ်၊ ပြီးတော့ မကွေးတိုင်းမှာဆိုရင်လဲ အဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းမြင့်ကို ဂွနဲ့ပစ်ခံရတယ်ဆိုတော့ တရားခံတွေကိုတော့ မမိသေးဘူးပေါ့။ ဒါ ပြည်တွင်းက အဖြစ်အပျက်ပါ။ အဲဒီတော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ပြည်ပမှာရောက်နေတဲ့ လူတွေကရော ဝတ်ပြုဆုတောင်းပွဲတွေကို ကိုယ်နည်းကိုယ့်ဟန်နဲ့ ခေါင်းစဉ်တခုထဲအောက်မှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ပုံဖော်လို့ မရနိုင်ဘူးလား။ အဲဒါနဲ့ ပတ်သက်ပြီး ပြည်ပရောက်နေတဲ့ မဆူးပွင့်က နည်းနည်း ရှင်းပြပေးပါလား။
“ကဲ ကျမအနေနဲ့ကတော့ တခုဆွေးနွေးချင်တာက ကျမတို့က ဒီနေ့ ပြောတယ်ပေါ့နော်။ ဒီ ပြည်သူတရပ်လုံးရဲ့ သဘောထားဆန္ဒတွေကို ကျမတို့ ဖော်ထုတ်ဖို့လိုနေတယ်။ ပြည်သူတရပ်လုံးက ဘာပဲပြောပြော နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းဖို့တောင်းဆိုနေတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းကို သွားဖို့အတွက် မျှော်လင့် တောင့်တနေကြတယ်ပေါ့နော်။ ဒီလို အခြေအနေမျိုးတွေမှာ ကျမ အခု အစ်မ မစုစုနွေးတို့၊ မဖြူဖြူသင်းတို့ ဦးဆောင်လှုပ်ရှားနေတဲ့၊ လူထုသဘောထားဆန္ဒဖော်ထုတ်တဲ့ အစီအစဉ်လေးတွေကို ဆန့်ကျင်တဲ့အနေနဲ့ လက်ရှိစစ်အစိုးရဟာ ဆိုလို့ရှိရင် နောက်ထပ် ဒီလုပ်ရပ်တွေကို ဆန့်ကျင်တဲ့ ပြည်သူတွေ ဆိုပြီးတော့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ဝင်တွေ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်တွေ ဒီလို တန်ပြန်လှုပ်ရှားမှုတွေနဲ့ လူထုအချင်းချင်းကို အိမ်ကြက်အချင်းချင်း အိုးမဲသုတ်ပြီးတော့ တိုက်ခိုင်းအခွပ်ခိုင်းတဲ့ ကိစ္စမျိုးတွေ၊ ဖြစ်နေတဲ့အပေါ်မှာ ကျမတို့ ဒီလိုလူတွေကို ဘယ်လို နည်းလမ်းမျိုးနဲ့ စည်းရုံးနိုင်မလဲပေါ့နော်။ ဆိုတော့ သူတို့တွေကို ကျမတို့အနေနဲ့ ဒီလိုမျိုးတကယ့် လူထုသဘောမျိုးအတိုင်း ရပ်တည်ဖို့အတွက် ဒီ စစ်အစိုးရကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်လာအောင် တွန်းပို့နိုင်တဲ့ နေရာတွေမှာ ဖိအားတရပ်အနေနဲ့ ပါဝင်လာနိုင်ဖို့ ဘယ်လိုစည်းရုံးနိုင်မယ်လို့ ကျမတို့ မျှော်လင့်ထားနိုင်ပါသလဲရှင်။”
“ဟုတ်။ အဓိက ကတော့ အခု လက်ရှိအခြေအနေအရ ဆိုလို့ရှိရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတွေရော၊ နောက် စစ်တပ်တွေရော၊ အားလုံးပေါ့နော်။ အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်။ တချို့တတွေတော့ ရှိတာပေါ့နော်။ တချို့တတွေကတော့လဲ ခိုင်းတာလုပ်၊ ပေးတာယူ ကျွေးတာစားပေါ့နော်။ အဲလိုလူမျိုးတွေလဲ ရှိနေသေးတာပေါ့။ အဲဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ အနေနဲ့ စိတ်ရှည်ရှည်ထားပြီးတော့ ကျမတို့လိုချင်တဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာဖြစ်တယ်။ ကျမတို့ဟာ အားလုံးအတွက်လုပ်ဆောင်နေတဲ့ဟာ ဖြစ်တယ်ဆိုတာကို သူတို့တတွေအားလုံးသိအောင် ကျမတို့တတွေ ပိုပြီးလုပ်ပြနိုင်ဖို့လိုပါတယ်။ နောက်အခါကျရင် သူတို့လုပ်ဆောင်ချက်တွေက မှားနေမှန်း သူတို့သိလာတဲ့ အခါကျရင် သူတို့ဟာသူတို့ ပြင်လာမှာဖြစ်ပါတယ်။ အဲဒီလို အခြေအနေအထိရောက်အောင် ကျမတို့က ကြိုးစားဖို့လိုပါတယ်။”
ဟုတ်ကဲ့ အခုဟာက အခုမေးမဲ့ မေးခွန်းလေးကတော့ ဒီအစိုးရထုတ်သတင်းစာတွေမှာပေါ့နော်၊ ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးသမားတွေ လွတ်မြောက်ဖို့အတွက် ဝတ်ပြုဆုတောင်းပြီးတော့ ဖမ်းဆီးထိန်းသိမ်းခံရတဲ့သူတွေ ပြန်လွှတ်တဲ့ သတင်းမှာ ဒီလူတွေဟာ အလုပ်မရှိအကိုင်မရှိ၊ ပေါ့ပေါ့နေပေါ့ပေါ့စားတွေဆိုပြီးတော့ ရေးသားတဲ့အပေါ်မှာရော ကိုယ်တိုင်အတူတူ အဖမ်းဆီးခံရပြီးတော့ အဲဒီလိုမျိုးအပြောခံရတဲ့ အပေါ်မှာရော။ ဘယ်လိုမျိုးတုံ့ပြန်ချင်ပါသလဲခင်ဗျ။
“ကျမတို့ သူတို့စွပ်စွဲသလို အလုပ်မရှိအကိုင်မရှိ မဟုတ်ပါဘူး။ ကျမဆိုရင်လဲ ကျမတို့ရုံးချုပ်မှာ အလုပ်တွေ အများကြီးရှိတယ်။ အဲလိုပဲ ကျမ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်နဲ့ပတ်သက်ပြီးတော့လဲ နေ့စဉ်နှင့်အမျှ ကျမတို့ လုပ်ပေးနေရတာတွေရှိပါတယ်။ မိုးလင်းက မိုးချုပ်လုံးဝမနားရပါဘူး။ ကျမတို့ အခု ဖမ်းဆီးလိုက်တာနဲ့ တလအတွင်းမှာပဲ တော်တော်များများ ပြဿနာတွေ ဖြစ်လာတယ်။ လူနာတွေရဲ့ အခက်အခဲတွေ အများကြီးဖြစ်လာတယ်။ ကျမတို့ အားပြီးထလုပ်တာမဟုတ်ဘူး။ ကျမတို့ လုံးဝမအားတဲ့ ကြားထဲက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်မှသာလျှင် ကျမတို့ တိုင်းပြည်ရဲ့အခြေအနေ ကောင်းမွန်မယ်ဆိုတာ သိတဲ့အတွက်ကို မအားတဲ့ ကြားထဲက ထလုပ်ရတာဖြစ်ပါတယ်။ ကျမတို့ အားနေလို့မဟုတ်ပါဘူး။ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်မို့လို့ ကျမတို့ ထလုပ်တာဖြစ်ပါတယ်။” “ကျမတို့ ရုံးမှာဆိုလဲ ကျမတို့ရဲ့ အဖွဲ့ချုပ်မှာဆိုလဲလေ ရုံးတာဝန်တွေနဲ့သူ့ဟာနဲ့သူ အလုပ်လုပ်နေရတယ်။ သူ့အလုပ်နဲ့သူ ကြပ်နေတယ်။ ကျမဆိုလဲ အဓမ္မလုပ်အားပေးတွေ လယ်သမားကိစ္စတွေ၊ ကျမတို့ကိစ္စအားလုံးအတွက် ကျမတို့ မြန်မာနိုင်ငံမှာ ဆင်းရဲဒုက္ခရောက်နေတဲ့ အထွေထွေ ကြပ်တည်းနေတဲ့ ဘဝတွေက လွတ်မြောက်အောင် အားလုံးအတွက်ကို ကျမတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့အတွက်ကို မအားတဲ့ ကြားထဲကနေပြီးတော့ တောင်းဆိုပေးနေရတာဖြစ်တယ်။ အားလုံးအတွက်ကို လုပ်ပေးနေတာ ကျမတို့က အားလို့လုပ်နေတာမဟုတ်ဘူးဆိုတာမျိုးကိုတော့ ကျမပြောချင်ပါတယ်။”
ဟုတ်ကဲ့ မစုစုနွေးတို့အနေနဲ့က ပြည်သူတွေကို စည်းရုံးနေတယ်ပေါ့နော်။ အခုဟာက အစိုးရကလဲ ဝတ်ပြုဆုတောင်းပွဲတွေကို တားတာဆီးတာ၊ ဖမ်းတာဆီးတာတွေကလဲ ပြည်သူတွေ ငါတို့ ပြည်သူတွေကွဆိုပြီးတော့ ပြောတဲ့အသံတွေလဲ ကျနော်တို့ ကြားနေရတယ်ဆိုတော့ ပြည်သူတွေ ဆိုပြီးတော့ ပြောတယ်ပေါ့နော်။ အဲဒီတော့ ဝတ်ပြုဆုတောင်းပွဲ မတိုင်ခင်ကတည်းက ပြည်သူဆိုတဲ့ အသုံးကို ဒီ ဟင်္သာတ ရိုက်နှက်မှုမှာတုန်းကလဲ ဒီ ပြည်သူတွေကပါဆိုပြီးတော့ အာဏာပိုင်တွေက သတင်းစာကနေပြီးတော့ နောက်လုပ်လို့ရှိရင် ဒီလိုမျိုး အလားတူပုံစံမျိုးတွေ ဖြစ်မယ်ဆိုတော့ ခြိမ်းခြောက်တာမျိုးတွေ ကျနော်တို့ တွေ့ရတယ်ဆိုတော့ အဲဒီလိုမျိုး ပြည်သူဆိုတဲ့ အစ်မတို့ကလဲ ပြည်သူ အစိုးရကလဲ ပြည်သူဆိုတဲ့ အခါမှာ မစုစုနွေးတို့အနေနဲ့ ဘယ်လိုမျိုးရှင်းပြပြီးတော့ ခွဲပြပြီးတော့ စည်းရုံးပါသလဲ ခင်ဗျ။
“ဟုတ်ကဲ့ ကျနော်တို့ ပြည်သူတွေပါဆိုပြီးတော့ ကျမတို့ကို တားတဲ့ အခါမှာပေါ့နော်။ ဒါ ကျမတို့ကို ပထမဦးဆုံး ပြည်သူတွေပါလို့တားတယ်။ တားပြီးတော့ ကျမတို့ကို အတင်း အဓမ္မ ဆွဲအတင်ခံရတယ်။ အဲဒီအချိန်မှာ ပြည်သူတွေပါဆိုပြီးတော့ တားတဲ့လူတွေက ကျမတို့ ကျိုက္ကဆံ စစ်ကြောရေးကို ရောက်သွားတဲ့အခါမှာ ကျမကနေပြီးတော့ သက်ဆိုင်ရာ ကျမတို့ကို လာစစ်ဆေးတဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တွေကို ကျမက ပြောတယ်။ ကျမတို့ ပြည်သူတွေပါဆိုပြီးတော့ တားလိုက်တဲ့လူတွေနဲ့ ကျမတို့နဲ့ မျက်နှာချင်းဆိုင် ဖြေရှင်းခွင့်ပေးပါ။ အဲလို မျက်နှာချင်းဆိုင် ဖြေရှင်းခွင့်ပေးမှသာ တဦးက မှားတယ်၊ တဦးက မှန်တယ်ဆိုတာ နားထောင်ပြီးတော့ အပြစ်ရှိတဲ့လူကို အပြစ်ပေးပါပေါ့။ အဲလိုမျိုးပြောပါတယ်။ အဲလို ပြောတဲ့အခါမှာ ကျမတို့ကို တာဝန်ယူစစ်ဆေးနေတဲ့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေက ဒီလူတွေဟာ ဘယ်သူတွေပါ။ သူတို့က ဘယ်ကပါလို့ ကျမတို့ကို ဖြေရှင်းပြတာမျိုးမပြောပြနိုင်ပါဘူး။ ပြည်သူ့အရေခြုံပြီးတော့ပေါ့နော်။ စစ်မှန်တဲ့ ပြည်သူတွေ၊ ရိုးသားတဲ့ ပြည်သူတွေကို အမည်းရောင်ဆိုးပြီးတော့ ပြည်သူကို ခုတုံးလုပ်ပြီးတော့ ကျမတို့ကို ပြည်သူချင်းတိုက်ခိုက်နေတာကို ကျမတို့က ပြည်သူတွေဆီကို ရောက်တဲ့အခါကျတော့ ကျမတို့ ပြည်သူတွေက ရိုးသားတယ်။ ဖြူစင်တယ်။ အခုလိုမျိုးအလုပ်မျိုးကို ကျမတို့ ပြည်သူတွေက မလုပ်ဘူး။ ဒါကိုလဲ ကျမတို့ ပြည်သူတွေက နားလည်ကြမှာပါလို့ ကျမတို့ ဖြေရှင်းပြပါတယ်ရှင်။ ဖြေရှင်းပြပြီးတော့ ပြည်သူအစစ်နဲ့ အတုကိုပေါ့နော်။ ကျမတို့ ပြည်သူလူထုတွေသိအောင် ဖြေရှင်းပြတယ်။ ဆွေးနွေးတယ်။ သူတို့ကျမတို့အပေါ်မှာထားတဲ့ သဘောထားတွေအပေါ်မှာ ကျမတို့သူတို့ကို ပြန်ပြောပြတယ်။ ပြည်သူအစစ်တွေကို ကျမတို့ပြန်ပြောပြတယ်။”
ဟုတ်ကဲ့ခင်ဗျ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျ။ အခု မဆူးပွင့်က မဖြူဖြူသင်းကို အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်ပြီးတော့ ပြည်ပရောက်အမျိုးသမီးတယောက်အနေနဲ့ သူချင်တဲ့ဟာကို မေးပါလိမ့်မယ်ခင်ဗျ။
“ဟုတ်ကဲ့ ကျမတို့ ဒီနေ့ ပြည်ထဲမှာဆိုလို့ရှိရင် အဓမ္မလုပ်အားပေးစေခိုင်းတဲ့ကိစ္စတွေ အခုနကလိုမျိုး ကျန်းမာရေးစောင့်ရှောက်မှု ကင်းမဲ့နေတဲ့ ကိစ္စတွေ အထူးသဖြင့် အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါ ဝေဒနာသည်တွေအပေါ်မှာ လစ်လျူရှု၊ ဥပေက္ခာပြုထားတဲ့ကိစ္စတွေပေါ့နော်၊ ဒါတွေကို အခြေခံပြီးတော့ ဒီလိုပြဿနာတွေအားလုံးဟာ နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းဖို့တောင်းဆိုနေတယ်ဆိုတဲ့ အဆင့်ကို ရောက်လာအောင် ဒီ မဖြူဖြူသင်းတို့ အနေနဲ့ လူထုထဲမှာ ဘယ်လိုပုံစံမျိုးနဲ့ စည်းရုံးလှုံ့ဆော်မှုတွေ လုပ်ခဲ့သလဲ ဆိုတာ ကျမသိချင်ပါတယ်။”
“အဓိက ကတော့ ကျမအနေနဲ့ ကျန်းမာရေးပြန်လည်စောင့်ရှောက်မှုလုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လူနာတွေ တော်တော်များများဟာ ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရလဲဆိုတော့ ဒီရောဂါအကြောင်းကို ဘာမှမသိရဘူး။ သေဆုံးတဲ့အခါမှာလဲ ဘာကြောင့်သေဆုံးမှန်းကို မသိတဲ့ အခြေအနေတွေရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီးကျမတို့ဆီရောက်လာတဲ့ အခါမှာ ကျမ လူနာတွေကို သေသေချာချာ ပြောပြတယ်။ အဓိက တာဝန်ရှိတာက လက်ရှိတာဝန်ယူထားတဲ့ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်။ အဲလိုပဲ သူတို့မဖြေရှင်းပေးဘူး။ မဖြေရှင်းပေးလို့ရှိရင် ကျမတို့ ဒီလူနာတွေ ကိုယ်တိုင်ကလဲ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ရနိုင်အောင် ကိုယ်ကိုယ်တိုင် ကြိုးစားဖို့လိုတယ်။
နောက်တခုကကျတော့ ကျမတို့ဆေးသောက်တဲ့လူနာတွေ ရှိနေတယ်။ တခြားဆေး မရတဲ့သူတွေ အများကြီးပဲ။ အဲဒီဆေးမရပဲနဲ့ နေ့စဉ်သေဆုံးနေတဲ့ လူတွေအတွက်ကိုလဲ ဆေးရနေတဲ့ လူနာတွေအနေနဲ့က ပြန်ပြီး ကိုယ်ချင်းစာနာနိုင်ဖို့ သူတို့အတွက်ကို ပြန်ပြီးအကူအညီပေးနိုင်ဖို့ သူတို့အတွက် ဆေးဝါးရရှိဖို့အတွက်ကို ကိုယ့်အခွင့်အရေး ကိုယ်ရရှိဖို့အတွက်ကို ကျမ အမြဲတမ်း သူတို့ကို ပြောပြပါတယ်။ အခြားနိုင်ငံတွေမှာ ထိန်းချုပ်ထားလို့ရနေပြီ။ သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ဒီကိစ္စကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်တယ်။ အေအာဗွီဆေးဝါး သုံးလို့ရှိရင် ကျန်းမာရေး ပြန်လည် ကောင်းမွန်မယ်။ အလုပ်ပြန်လည်လုပ်နိုင်မယ်။ အဲလိုဟာမျိုးတွေကို တယောက်မှ အခွင့်အရေးမရဘူး။
ဒီလိုလုပ်ပေးရမှာ ကျမတို့မှာလဲ တာဝန်ရှိသလို လူနာတွေအားလုံးမှာလဲ တာဝန်ရှိတယ်။ လူတိုင်းလူတိုင်းဟာ ကိုယ့်အခွင့်အရေးရရှိဖို့အတွက်ကို ကိုယ်ကိုယ်တိုင် ကြိုးစားဖို့လိုတယ်။ အဲလို ကျမက သေသေချာချာ ပြောပြတဲ့အခါကျတော့ လူနာတွေ တော်တော်များများလဲ သိလာတယ်။ အခုနောက်ပိုင်းဆိုလို့ရှိရင် သူတို့ကိုယ်တိုင် သူတို့သိလာတယ်။ ဆေးရဖို့အတွက် သူတို့ ကြိုးစားကြမယ်။ သူတို့နဲ့ ဘဝတူလူတွေကိုလဲ သူတို့ပြန်ပြီးတော့ သူတို့ရပ်ရွာတွေရောက်တဲ့အခါမှာ သူတို့ ပြန်ပြီးတော့ ကြိုးစားပေးတယ်။ ကျမနဲ့ အမြဲတမ်းအဆက်အသွယ် မပြတ်လုပ်ပေးနိုင်တယ်ဆိုတာ ကျမ အဲလိုနည်းနဲ့ သူတို့ကို ဒါကတော့ လူမှုရေးနဲ့ ဆက်သွယ်ပြီး၊ နိုင်ငံရေးအကြောင်းပေါ့နော်။ သူတို့ကို အမြဲတမ်းကျမ ရှင်းပြပေးပါတယ်။”
ဟုတ်ကဲ့ အခုလိုမျိုး မအားမလပ်တဲ့ ကြားကနေပြီးတော့ အချိန်ပေးပြီတော့ ဒီမိုကရက်တစ် မြန်မာ့အသံ အစီအစဉ်တခုမှာ တက်တက်ကြွကြွနဲ့ ပါဝင် ဆွေးနွေးပေးခဲ့ကြတဲ့ မစုစုနွေးနဲ့ မဖြူဖူသင်း ဒီမိုကရက်တစ် မြန်မာ့ အသံရဲ့ စတူဒီယိုကို လာရောက်ဆွေးနွေးပေးတဲ့ မဆူးပွင့်တို့ သုံးဦးစလုံးကို ကျနော်တို့ ဝိုင်းတော်သား အားလုံးကနေပြီးတော့ ကျေးဇူးတင်ပါတယ်။ ပြီးတော့ ဒီ့ထက်ပိုပြီးတော့ လောကဓံကို ပိုပိုပြီးတော့ ကြံ့ကြံ့ခံနိုင်ပါစေဆိုပြီးတော့လဲ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
Thursday, January 24, 2008
women participation in politic
ဒေါင်းလုတ်လုပ်ပြီး သိမ်းဖို့ ဖတ်ဖို့ ဒီနေရာကို နှိပ်ကြပါ။
ဟောဒီမှာလည်း တင်ထားပါတယ်။
မရရင် ဟောဒီနေရာမှာ စမ်းကြည့်ပါ။ (download ကို နှိပ်၊ ပေါ်လာတဲ့ စာလုံး ၅လုံးလောက်ကို ရိုက်ထည့်၊ ပြီးရင် get ကို ကလစ်နှိပ်လိုက်ရုံပါပဲ။)
ဇာတ်လမ်းအကျဉ်း
ဘီဘီစီမြန်မာဌာနက အဲဒါကို ၃ကြိမ်လွှင့်သွားတယ်။ ( ပထမအကြိမ် အပြည့်အစုံ၊ နောက် ၂ကြိမ် အကျဉ်းချုပ်။ )နိဒါန်းမှာ ဖြူဖြူသင်း၊ စုစုနွေး၊ နီလာသိန်းတို့အသံ ပါတယ်။ နောက်ပိုင်းမှာ မသင်းသင်းအောင်၊ မမေငြိမ်း၊ မောင်သာမညတို့က ဆွေးနွေးသွားတယ်။ တခြားသုံးလေးယောက်ရဲ့ အသံတွေလည်း ပါပါသေးတယ်။ ဖတ်ကြည့်ပါဦး။ မတူတဲ့အမြင်တွေ တွေ့ရမယ်။
ဘီဘီစီက ကိုနေမျိုးသူရိန် ရန်တိုက်ပေးတာလည်း တွေ့ရမယ်။ ရန်တိုက်တာလည်း လွယ်တာမဟုတ်။ ဘယ်သူတွေက ဘယ်လိုသဘောထားရှိတယ်ဆိုတာ ကြိုသိထားဖို့လိုတယ်။ ဘယ်သူ့ကို ဘယ်မေးခွန်းမေးရမလဲ ကြိုပြင်ဆင်ထားလို့ရမယ်။ ရန်တိုက်ပေးမှ ငြင်းကြခုန်ကြမယ်။ ပရိသတ် မပျင်းတော့ဘူးဗျာ။ အားလုံးကောင်းပါသည် ဆိုတဲ့အသံ တညီတည်းထွက်ရင် ပရိသတ်က ပျင်းသွားလိမ့်မယ်လို့ ထင်တာပဲ။ ပရိသတ်က အရေးကြီးတယ် မဟုတ်လား။
ရေဒီယိုအစီအစဉ်တစ်ခုကို တာဝန်ယူတဲ့အခါ ချို့ယွင်းတတ်တဲ့ တယ်လီဖုန်းလိုင်း၊ အဆက်မပြတ်ပြောတတ်တဲ့ လူတွေရဲ့သဘာဝ၊ ကန့်သတ်ထားတဲ့အချိန် စတာစတာတွေက ဒုက္ခပေးတတ်တာ တွေ့ရပါတယ်။ ကိုနေမျိုးတို့က နည်းနည်းဝါရင့်နေပြီမို့ သူကိုင်တွယ်သွားပုံတွေက အတုယူချင်စရာဆိုပါစို့။ အသံလွှင့် ဋ္ဌာနတွေမှာလည်း အလုပ်နေရာတွေ လစ်လပ်နေတယ်နော် စကားမစပ်ပြောရရင်။
ဆရာမမေငြိမ်းက ဘီဘီစီ ၁၅မိနစ် မိနစ် ၂၀ အစီအစဉ်မှာ ပြောရတာ အားမရလို့ သူ့ဘလော့ဂ်မှာလည်း ထပ်ပြီး ဆွေးနွေးထားတာ ဖတ်လိုက်ရပါသေးတယ်။ ဒီအကြောင်းအရာကလည်း ကျနော်တို့နိုင်ငံမှာ အသစ်အဆန်းတစ်ခုလည်းဖြစ်၊ စိတ်ဝင်စားစရာလည်း ကောင်း၊ နိုင်ငံတကာမှာလည်း အငြင်းပွားနေဆဲ အကြောင်းအရာဖြစ်ပါတယ်။ အမျိုးသမီးအရေး ဆောင်ရွက်သူများကလည်း ရုန်းကန်လှုပ်ရှားနေဆဲပါ။ ကဲ- ဖတ်လိုက်ကြပါစို့။
PPT talks about her project
မဖြူဖြူသင်းနဲ့ ဆက်သွယ်မေးမြန်းခန်း
ကိုသိန်းမြတ် BBC Burmese 1-12-2007 8:15 pm
အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါသည်တွေကို စောင့်ရှောက် ကူညီပေးနေသူတစ်ဦးကိုလည်း ကျနော် ဆက်သွယ်ထားပါတယ်။ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် လူနာတွေကို စောင့်ရှောက် ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ချုပ် လူငယ်အဖွဲ့ဝင် မဖြူဖြူသင်းနဲ့ တခြားအဖွဲ့ဝင်တွေဟာ အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ် ရောဂါ ဝေဒနာသည်တွေကို ကူညီ စောင့်ရှောက်ပေးနေ ပေမယ့် သူတို့ရဲ့လူနာတွေထားရှိရာ နေရာတွေထဲက နေရာတစ်ခုဖြစ်တဲ့ မဂ္ဂင်ကျောင်းကိုလည်း အစိုးရက ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ပိတ်ပင်လိုက်တယ် ဆိုတော့ လူနာတွေရဲ့ လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ဘယ်လိုရှိပါသလဲ လို့ မဖြူဖြူသင်းကို ကျနော် မေးမြန်းခဲ့ပါတယ်။
“လူနာတွေရဲ့အခြေအနေကတော့ စက်တင်ဘာ အကုန်လုံးက အများကြီးဒုက္ခတွေ့ရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တည်းခိုနေတဲ့ ဘုန်းကြီးကျောင်းတွေ ပိတ်ပစ်တယ်၊ ချိတ်ပိတ်တာတွေ ခံနေရတော့ လူနာတွေရဲ့ လက်ရှိအခြေအနေကတော့ တော်တော်လေး အခက်အခဲနဲ့ ရင်ဆိုင်နေရတယ်။”
မဂ္ဂင်ကျောင်းကိုပိတ်လိုက်တော့ အဲဒီကျောင်းကလူနာတွေ ဘယ်ကို ရောက်သွားလဲခင်ဗျ။
“အဲဒီကျောင်းကလူနာတွေကတော့ အရင်က လူနာတွေ စုထားတဲ့ နေရာမှာပဲ သူတို့ ကြပ်ကြပ်တည်းတည်းနဲ့ စုပေါင်းပြီး နေထိုင်ကြပါတယ်။”
ဆေးဝါးရရှိမှု အခြေအနေရော ဘယ်လိုရှိပါသလဲ။
“လက်ရှိအခြေအနေက ဒီ အေအာဗွီနဲ့ပတ်သက်လို့ သိပ်ပြီးတော့ မရှိဘူး၊ တချို့ အင်န်ဂျီအိုတွေဆိုလည်း လူနာအသစ်တွေ လက်မခံတော့ဘူးပေါ့နော်၊ ဒီမှာ ဆေးခန်းလာပြဖို့လည်း လူနာအသစ်တွေ ကိုယ်တိုင်ကိုယ်က ရုံးကို နေ့တိုင်းလိုလိုရောက်လာတာပေါ့။”
နယ်က ဝေဒနာသည်တချို့ဆို ရန်ကုန်မှာပဲ ဆေးရနိုင်တဲ့အတွက် အိမ်တွေဘာတွေဘာ ရွှေ့ပြောင်းပြီးတော့ ရန်ကုန်ကို လာနေရတာ အဲသလိုမျိုး ကြားရပါတယ်၊ ဟုတ်သလားခင်ဗျ။
“ဟုတ်ကဲ့ပါ။ လွန်ခဲ့တဲ့ ၂နှစ်လောက်ကတည်းက အင်န်ဂျီအိုတွေမှာ အေအာဗွီဆေးဝါးတွေ၊ အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်တဲ့ ဆေးဝါးတွေ ပေးတယ်၊ ရန်ကုန်တိုင်းမှာ ရှိရင်တောင်မှပဲ သူတို့ သတ်မှတ်တဲ့ ဧရိယာအတွင်းမှာ ပေးတဲ့အခါကျတော့ နယ်ကလူနာတွေဆိုရင် ဆေးရဖို့ အခွင့်အလမ်း မရှိဘူးလေ။ အဲဒါကြောင့် လူနာတွေအားလုံးကို စုပေါင်းပြီးတော့ အိမ်ငှားထားတာမျိုးတွေ၊ မတတ်နိုင်တဲ့လူနာတွေကို ကျမတို့က စီစဉ်ထားတဲ့အိမ်တွေမှာ လူနာတွေအကုန်လုံး စုပေါင်းထားပြီး ဆေးရဖို့အတွက်ကို ကြိုးစားပေးနေပါတယ်။”
ဟုတ်ကဲ့၊မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့လူနာ ဘယ်လောက်အထိ ရှိနေပါသလဲခင်ဗျ။
“ကျမတို့ စပြီးတော့ ၂၀၀၂က စလုပ်တယ်ပေါ့နော်၊ အခုအချိန်ထိဆို လူနာအားလုံး ၁၈၀၀ ကျော်သွားပါပြီ။”
မဖြူဖြူသင်းတို့ လူနာတွေကို စောင့်ရှောက်တဲ့ကိစ္စတွေ၊ ဆေးဝါးရရှိရေးတွေ လုပ်တဲ့အခါမှာ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲခင်ဗျ။
“အခက်အခဲကတော့ အများကြီးပါပဲ၊ အများကြီး ဆိုတာက ကျမတို့ဘက်မှာလည်း အခက်အခဲ ရှိသလို လူနာတွေမှာလည်း အများကြီး အခက်အခဲ ရှိတယ်ပေါ့။ နယ်ကလူတွေ အတွက်က ရန်ကုန်ရောက်လာပြီဆိုရင် နေဖို့ထိုင်ဖို့ စားရေးသောက်ရေးကအစ အရမ်း ခက်ခဲတယ်၊ အဲဒီအတွက် ဒီမှာရှိတဲ့ လူငယ်တွေက အားလုံး ဖြေရှင်းပေးနေရတယ်၊ တော်တော်များများ မတတ်နိုင်တဲ့သူတွေပေါ့နော်။ ဒါပေမယ့် မြန်မာပြည်ရဲ့ အခြေအနေက မတတ်နိုင်တဲ့သူက တော်တော်များတယ်၊ များတော့ အားလုံးကို ဘုန်းကြီးကျောင်းတွေမှာ စီစဉ်ပေးတယ်၊ တချို့ အိမ်တွေငှားပြီး စီစဉ်ပေးတယ်၊ တတ်နိုင်တဲ့သူတွေကျတော့ သူတို့ စုပေါင်းပြီးအိမ်ငှားတယ်ပေါ့နော်။ နောက်တစ်ချက်ကတော့ ဆေးဝါးရရှိဖို့အတွက်ပေါ့နော်၊ ကျမတို့အနေနဲ့ လူနာတွေနဲ့ပတ်သက်ပြီး တတ်နိုင်သလောက် အကုန်လုပ်ပေးတယ်၊ နောက်ပိုင်းကျတော့ ဆေးတွေရပ်လိုက်တဲ့အခါကျတော့ ဆေးမရဘူး၊ ဆေးကလည်း သောက်ဖို့လိုနေပြီ၊ အသက်အန္တရာယ်ကလည်း နီးနေပြီ ဆိုတဲ့ လူနာတွေကိုတော့ ကျမတို့ ဆေးတိုက်ထားတာ ရှိပါတယ်။ အရမ်းကို ခက်ခက်ခဲခဲကြားထဲက လုပ်ရတာပါ။”
မဖြူဖြူသင်းတို့ အခုလို ရှောင်တိမ်းနေရတယ်ဆိုတော့ မဖြူဖြူသင်းတို့ရဲ့ လူနာတွေကို ဘယ်သူတွေက ဆက်ပြီးစောင့်ရှောက်ထားပါသလဲခင်ဗျ။
“အင်န်အယ်လ်ဒီက တာဝန်ယူပြီး လုပ်ဆောင်တဲ့အခါကျတော့ ကျနော်က ရှောင်တိမ်းနေပေမယ့်လည်း ကျန်ခဲ့တဲ့လူငယ်တွေ အများကြီး ရှိပါသေးတယ်။ သူတို့ကနေ ဆက်ပြီးတော့ တာဝန်တွေ ယူပြီးတော့ အားလုံး အရင်အတိုင်းပါပဲ ပြန်ပြီး ဆက်လက်လုပ်ဆောင်နိုင်နေပါတယ်။”
အေအိုင်ဒီအက်စ် လူနာတွေကို စောင့်ရှောက် ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်အဖွဲ့ဝင်မဖြူဖြူသင်း ဖြေကြားပေးခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ။ ။
Thursday, November 29, 2007
PPT's request to int community
ဒီဗွီဘီ ။၂၃ နိုဝင်ဘာ ။ ၂၀၀၇
“အမျိုးသမီးတွေ အပေါ်မှာ သူတို့ မတရားသဖြင့်ပေါ့နော်၊ နှိပ်စက်တယ်၊ ရိုက်နှက်တာတွေ သူတို့လုပ်တာတွေက လူမဆန်ဘူးပေါ့နော်၊ ပြုကျင့်တာတွေ တွေ့ရတဲ့အတွက် တော်တော်ကြီးကို ကျနော့် အနေနဲ့ ခံပြင်းတယ်၊ ကိုယ်တိုင်လည်း ခံစားရတဲ့ အခါကျတော့ ဒါမျိုးတွေ မဖြစ်စေချင်တော့ဘူး။ မဖြစ်စေချင်တဲ့အတွက် ကျမတို့က ဒီဟာကို စာတင်ရခြင်း ဖြစ်တယ်လေ။
မြန်မာပြည်မှာဆိုလို့ရှိရင် ကျမတို့ မြန်မာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ဆိုပြီးတော့ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအသင်းတွေ အဖွဲ့တွေပေါ့နော် သူတို့ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ တကယ့်လက်ရှိ အနေနဲ့ကတော့ မြန်မာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး သူတို့ လုံးဝ အကာအကွယ်မပေးဘူး။ မပေးဘဲနဲ့ တကယ့် တကယ်ကျတော့ နိုင်ငံတကာမှာ လှည့်ပြီးတော့ အစည်းအဝေးတွေ တက်တယ်၊ သူတို့က လှည့်ပြီး ဆွေးနွေးတယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီး ကျမတို့ အနေနဲ့က မြန်မာပြည်မှာဖြစ်နေတဲ့ အမျိုးသမီးတွေဟာ တကယ့်ကို အကာအကွယ် မဲ့နေတယ်လို့ ခံစားရတယ်။ ဘယ်ကိုမှလည်း တိုင်လို့မရဘူး။
အဲဒါကြောင့်မို့လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ပေါ့နော်၊ ဒီ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်တဲ့ အနေနဲ့ မြန်မာပြည်မှာ ခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကိုပေါ့နော် လာပြီးတော့ အခုလည်း စက်တင်ဘာမှာဖြစ်သွားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ တကမ္ဘာလုံးက သိပြီးသား ဖြစ်တယ်။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ မြန်မာပြည်မှာ လာရောက်ပြီးတော့ အမျိုးသမီးတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးစေချင်တဲ့ ဆန္ဒလည်း ရှိပါတယ်။”
talk on violence against women
ဒီဗွီဘီ ၊ ၂၅ ၊ နိုဝင်ဘာ ၊ ၂၀၀ရ
" - - - အမျိုးများရဲ့  အရေးကို အမျိုးသမီးများကိုယ်တိုင်ကြိုးစားဆောင်ရွက်မှ စစ်မှန်တဲ့ အောင်မြင်မှုကို ရနိုင်တယ်လို့ သဘောပေါက်ထားပါတယ်။ အဲဒါကြောင့်မို့လို့ မြန်မာ အမျိုးသမီးများရဲ့  အရေးကိုသာလျှင်မက တကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အရေးကို ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးကို ကျမတို့က ဂုဏ်ပြုထောက်ခံ အပ်ပါတယ်။ အဲဒီအပြင် မြန်မာပြည်တွင်းမှာရှိတဲ့ လုံခြုံမှုကင်းနေတဲ့ အမျိုးသမီးတွေရဲ့ အရေးကိုလဲ တဒေါင့်တနေရာက ထည့်သွင်းပြီး၊ အရေးယူ စဉ်းစားတဲ့အတွက် ကျမတို့အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီးတော့လဲ မြန်မာ့ အမျိုးသမီးများ အားလုံးနဲ့အတူ ကမ္ဘာ့ အမျိုးသမီးတွေ အားလုံး စုပေါင်းပြီးတော့ ဆက်လက်ပြီးတော့ အမျိုးသမီး အခွင့်အရေး ရရှိဖို့ ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားကြပါစို့လို့ ပြောချင်ပါတယ်။- - - "
Wednesday, November 28, 2007
Monday, October 8, 2007
interview: worse than british colonial period
NEJ/ ၈ အောက်တိုဘာ ၂၀၀၇
“- - - - - -အန်အယ်လ်ဒီအဖွဲ့ဝင်တွေ အမျိုးထဲမှာရှိလား၊ နောက်ပြီးတော့ သံဃာတော်တွေနဲ့ ဆက်နွှယ်မှုရှိလား၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဆက်နွှယ်မှုရှိလား၊ အဲ့ဒါ ကျမကိုမေးတယ်။ - - - - -”
ခေတ်ပြိုင် - အဖမ်းခံရပုံကို ပြန်ပြောပြပါလား။
မလှလှမွန် - (၂၇) ရက်နေ့ကဖမ်းသွားတာ။ ဘူတာကြီး ခုံးတံတားမှာအဖမ်းခံရတာ။ ဆန္ဒပြတာ ကတော့ ဆူးလေဘုရားလမ်းမှာပြတာ။ အဲကနေ ပွဲပျက်သွားပြီးတော့ ကျောင်းသားတွေနဲ့ ပြည်သူ လူထုတွေ တက်လာတဲ့လမ်းကို သမီးတို့တွေ ဘူတာကြီးခုံးတံတားလမ်းက နေလိုက်သွားတာ။ အဲဒီမှာ အဖမ်းခံရတာ။
ခေတ် - ဖမ်းတဲ့လူတွေကဘယ်သူတွေလဲ။ ဘယ်လိုဖမ်းသွားတာလဲ။
မွန် - ဖမ်းတာ စစ်သားတွေပါ။ ဖမ်းသွားတုန်းကဆိုရင် အင်းစိန်ကိုမပို့ခင် လမ်းမှာ တီအီးကားတွေနဲ့ အဆင့်ဆင့်ပြောင်းရတယ်။ စစ်သားတွေက လူသတ်ရုံ ဖမ်းရုံတင်မကဘူး ပစ္စည်းပါလုတယ်။ သမီးဆိုရင် နာရီပါသွားတယ်။ မျက်နှာကို လုံးဝမော့ကြည့်မခံဘူး။ ခေါင်းကိုငုံ့ထားရတယ်။ မော့ကြည့်တာနဲ့ တုတ်နဲ့ရိုက်တယ်။ သမီးတော့ ရင်ဝဆောင့်ကန်ခံခဲ့ရတယ်။ ထပြောလို့တဲ့။ ယောက်ျားလေးတွေဆို တော်တော်အနှိပ်စက်ခံရတယ်။ သမီးတို့တွေက မိန်းခလေးတွေဆိုတော့ သက်သာသေးတယ်။ ကားပေါ်မှာလုံးဝ အမော့မခံဘူး၊ မော့တာနဲ့ဗျင်းတာ။ တုတ်တွေနဲ့ရိုက်တယ်။ ဖိနပ်တွေနဲ့ဆောင့်ကန်တယ်။ မကျေနပ်ရင် မကျေနပ်သလို လုပ်တယ်။
ခေတ် - အင်းစိန်ဂျီတီအိုင်မှာရောဘယ်လိုနေရလဲ။
မွန် - အင်းစိန်သင်တန်းကျောင်း ဂျီတီအိုင်မှာ (၄) ရက်လောက်ထားတယ်။ ရောက်တဲ့နေ့ကစပြီး ထမင်း (၃) နပ်ငတ်တယ်။ ထမင်း(၃) နပ်မကြွေးဘူး။ သမီးတို့ မိန်းကလေးတွေချည်းပဲ အဲ့ဒီအခန်းထဲမှာ (၁၅၆) ယောက်ရှိတယ်။ မယ်သီလရှင်တော့မပါဘူး။ သက်ကြီးရွယ်အိုတွေ ခလေးတွေလည်း ပါတယ်။ ကျန်းမာရေးနဲ့ လုံးဝညီညွတ်မှုမရှိဘူး။ အခန်းဘေးမှာ အခန်းတခန်းရှိတယ်။ အဲ့ဒီအခန်းထဲမှာ အညစ်အကြေး စွန့်ရတယ်။ မျက်နှာသစ်ခွင့် မပေးဘူး။ အထဲက အနံ့အသက်တွေ နံတယ်ဆိုတဲ့ အကြောင်း သူတို့ကို သွားပြောတော့ အခန်းတခန်းလဲပေးတယ်။ အဲ့ဒီအခန်းကို သူတို့ စည်ပင်ခေါ်ပြီး ရှင်းတယ်။ အိမ်သာလုပ်ပေးတော့လည်း အိမ်သာက မြောင်းတူးထားတာ။ ရေလုံးဝမပေးဘူး။ မိန်းကလေးတွေ ရေချိုးခွင့်လည်းမပေးဘူး။ တကိုယ်လုံးဆိုတာ နံစော်နေတာပဲ။
ခေတ် - အဲဒီမှာအဖမ်းခံထားရတဲ့ သံဃာတော်တွေကိုရောတွေ့ရလား။
မွန် - သံဃာတွေကိုတွေ့တယ်။ ဆီးသွားတဲ့အခါမျိုးမှာ တွေ့ရတာ။ ဘုန်းကြီးတွေ အပြင်ထွက်လာတာမျိုးပဲ တွေ့ရတယ်။ အခန်းထဲမှာ နေရင်ဘာမှမမြင်ဘူး။ သံဃာတွေကို လူဝတ်တွေ လဲပေးထားတယ်။ သူတို့တွေက တော်တော်ကျပ်တည်းတယ်။ အရုဏ်ဆွမ်း လုံးဝမကြွေးဘူး။ တနပ်ပဲကြွေးတယ်။
ခေတ် - နောက်တော့ဘာဆက်ဖြစ်လဲ။
မွန် - အဲဒီကနေ ကျိုက္ကဆံကို ပြောင်းတယ်။ ကျိုက္ကဆံရောက်တော့ ရေချိုးခိုင်းတယ်။ ရေချိုး ခိုင်းပြန်တော့လည်း ၀ုန်းဝုန်းဝုန်းဝုန်းဆို ရေကမန်းကတမ်းလောင်း၊ လောင်းပြီးသွားရင် ဆပ်ပြာတိုက်၊ တိုက်ပြီးရင် ရေထပ်လောင်း၊ လောင်းပြီးရင် ပြန်တက်တော့၊ အ၀တ်အစားလည်း လဲခွင့်မပေးဘူး။ ကျမဆိုရင် ခါးဝတ်နဲ့ပါသွားတဲ့ဟာ အဲ့အတိုင်းပဲ ရေလောင်းချိုးပြီးတော့ အ၀တ် အစားတွေ ရေညှစ်ပြန်ဝတ်ပြီးတော့ အဲအတိုင်းပဲရေစိုနဲ့နေရတာ။ ပိုက်ဆံပါလာတဲ့လူတွေကျတော့ အပြင်ကနေ၀ယ်ပေးတယ်။ ကျမတို့က ပိုက်ဆံမပါလာတော့ ၀ယ်မပေးဘူး။ ပစ္စည်းလည်းမပေးဘူး။
ခေတ် - အိပ်တော့ရော ဘယ်လိုအိပ်ရလဲ။
မွန် - အင်းစိန်မှာထားတုန်းကဆိုရင် သမံသလင်းပေါ်မှာအိပ်ရတယ်။ ကျိုက္ကဆံရောက်တော့လည်း အပေါ်ထပ် နှစ်ထပ်ရှိတယ်၊ အဲဒီပျဉ်ပြားပေါ်မှာ ဒီအတိုင်းအိပ်ရတာ။ လွှတ်ခါနီးတရက်လောက်အလိုမှာ စောင်လာပေးတယ်။ သမီးတို့ အဲဒီဆောင်ကို ခေါင်းအုံးအိပ်တယ်။ အောက်မှာအခင်း ဘာမှမရှိဘူး။
ခေတ် - ဖမ်းထားတဲ့အချိန်မှာ စစ်ဆေးမေးမြန်းတာတွေ လုပ်သေးလား။ ဘာတွေမေးလဲ။
မွန် - ကိုယ်ရေးရာဇ၀င်တွေ ရေးယူတယ်။ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ အမျိုးထဲမှာရှိလား၊ နောက်ပြီးတော့ သံဃာတော်တွေနဲ့ ဆက်နွှယ်မှုရှိလား၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဆက်နွှယ်မှုရှိလား၊ အဲ့ဒါ ကျမကိုမေးတယ်။ ကျမကမရှိဘူးလို့ ပြောလိုက်တယ်။ အဲဒါကြောင့်မို့လို့ ကျမကိုပြန်လွှတ်တာ။ သမီးတို့ကို ပြန်လွှတ်တုန်းကတော့ သင်္ကန်းကျွန်း မယကရုံးမှာ လက်မှတ် ထိုးရတယ်။ အိမ်ကအုပ်ထိန်းသူ လာပြီးတော့ထုတ်ရတယ်။ အုပ်ထိန်းသူလည်း လက်မှတ်ထိုးရတယ်။ သမီးတို့လည်း လက်မှတ်ထိုးရတယ်။
ခေတ်- ခုလိုမျိုးဆန္ဒပြပြီး အဖမ်းခံရတဲ့အပေါ်မှာ ဘာပြောချင်ပါသလဲ။
မွန် - အာဏာပိုင် စစ်အစိုးရရိုင်းတယ်ဆိုတာ ကိုယ်ကိုယ်တိုင်တွေ့မှ ကြုံမှသာ တကယ်သိတော့တယ်။ အဲ့သလောက်ထိ ရိုင်းစိုင်းလိမ့်မယ်လို့ ကျမတို့မထင်ထားဘူး။ ဘာလို့လဲဆိုတော့ မြန်မာ လူမျိုးတွေလေ။ ဗုဒ္ဓဘာသာတွေ။ ဘုန်းကြီးသံဃာတွေကိုလည်း ကိုယ့်ရှေ့မှာ လုပ်နေတာကိုမြင်ရတဲ့အခါကျတော့ စိတ်ထဲမကောင်းဘူး။
သမီးတို့ငယ်ငယ်တုန်းက အမေတို့ကပြောဘူးတယ်၊ အင်္ဂလိပ်လက်ထက်တုန်းက အဲ့ဒီလောက်မဆိုးဘူးတဲ့။ အခုမြန်မာလူမျိုးစစ်စစ်က ကျမတို့ဘုန်းကြီး တွေကို ပါးတွေချတယ်၊ နားတွေချတယ်၊ ဆောင့်ကန်တယ်၊ ရက်ရက်စက်စက် သတ်ပြစ်ကြတယ်။ ဒါတွေကိုရပ်တန်းက ရပ်ပေးရင်ကောင်းပါလိမ့်မယ်။ ကျမတို့ပြည်သူလူထုတွေဟာ တကယ်ကို ဒုက္ခရောက်နေပြီ။
မူရင်း
khitpyaing.orgWednesday, September 12, 2007
a good interview with a monk in PaKhoKu city
အေးနိုင် ။ ဒီဗွီဘီ သတင်းထောက်၊ ထိုင်း စက်တင်ဘာ ၁၁။
မှတ်ချက် (၁)
မြန်မာပြည်အရေး အဆက်မပြတ်လိုသူများဖတ်ဖို့။ ပြီးတော့
ရဟန်းသံဃာတွေနဲ့ စကားမပြောတတ်ဘူး ဆိုသူများ ဖတ်ဖို့။
သတင်းထောက်လုပ်ဖို့ စိတ်ကူးယဉ်နေသူများလည်း ဖတ်သင့်ပါတယ်။
အင်တာဗျူးတဲ့သူက ၀ါရင့်သတင်းထောက်ကြီးမဟုတ်ပေမယ့် ပရိသတ်သိချင်တာတွေကို ထွက်လာအောင် မေးထားတာ တွေ့ရမှာပါ။
မှတ်ချက် (၂)
ဒီအင်တာဗျူးကို http://burmese.dvb.no/textonly/ ကနေ ယူတယ်။
အခုလ (၅) ရက်နေ့က ပခုက္ကူမြို့မှာ ဖြစ်ပွားခဲ့တဲ့ သံဃာတော်တွေရဲ့ ဆန္ဒပြပွဲကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းခဲ့တဲ့အတွက် သံဃာတော်တချို့ ဖမ်းဆီးရိုက်နှက်ခံရ၊ တချို့ထောင်သွင်း အကျင်းချခံကြရပါတယ်။ ဒါပေမဲ့ စစ်အစိုးရပိုင် မီဒီယာတွေကတော့ ဒီအချက်တွေကို ငြင်းဆိုပြီး ပခုက္ကူမှာ ဘာမှမဖြစ်ပါဘူးလို့ ပြောဆိုနေပါတယ်၊ ဒါကြောင့် (၅) ရက်နေ့က အမှန်တကယ် ဘာတွေဖြစ်ခဲ့သလဲဆိုတာကို သိရှိနိုင်ဖို့အတွက် ဓာတ်တိုင်မှာ ကြိုးချည်ပြီး (၅) မိနစ်ကြာ နေလှန်းခံခဲ့ရတဲ့ အရှင် ဦးစန္ဒိမာကို လျှောက်ထား မေးမြန်း ထားပါတယ်။
တင်ပါ့ ဘုရား၊ ပခုက္ကူအရေးခင်းတုန်းကလေ ဦးပညာစက္ကရဲ့ လျှောက်ထားချက်တွေဟာ မှားယွင်းပါတယ် ဆိုပြီးတော့ အစိုးရပိုင် သတင်းစာတွေက ရေးလို့ ဦးစန္ဒိမာကို ထပ်ခေါ်လိုက်တာပါ ဘုရား။
“သြော် ဟုတ်လား၊ ”
တင်ပါ့ဘုရား၊
ဦးဇင်းကို ဘာမေးစရာရှိလဲ။
ဒီလိုပါ ဦးဇင်းဘုရား၊ အဲဒီနေ့တုန်းကလေ၊ ငါးရက်နေ့တုန်းက ဘယ်လို ဖြစ်ခဲ့တာလဲ ဆိုတာ တပည့်တော်ကို အကျဉ်းချုံးပြီး ပြောပြပါဘုရား။
“အဲဒီနေ့တုန်းက ဦးဇင်းတို့ အနောက်တိုက်ကနေ ကြွလာတယ်လေ၊ အဲဒီကနေ အလယ်တိုက်ရှေ့ကို ရောက်တယ်။ အဲ - အလယ်တိုက်ရှေ့ကို ရောက်တော့ အဲဒီမှာ မေတ္တာပို့ပြီးတော့ ဒီလမ်းအတိုင်း ရှေ့ကို ဆက်ပြီး ကြွလာခဲ့တယ်။ အဲဒီရှေ့ကို ဦးဇင်းတို့ ရောက်တော့ ဦးဇင်းတို့ ကျောင်းဖက်ကို ၀င်လာခဲ့တယ်။ ဦးဇင်းတို့ ကျောင်းကနေ တခါ တောင်ဖက် ထွက်ပြီးတော့ မေတ္တာပို့တယ်ပေါ့။ မေတ္တာပို့ရင်းနဲ့ အရှေ့ကို တခါ ဦးဇင်းတို့ ပြန်ကြွ၊ တောင်ဖက် အဲဒီ ဗိုလ်ချုပ်လမ်းပေါ့နော်၊ အဲဒီဗိုလ်ချုပ်လမ်းကနေ တခါ ရှေ့ဆက်ကြွ၊ အရှေ့ဖက်ရောက်တော့ ဦးဇင်းတို့ တခါ အရှေ့တိုက်ကို တောင်ဖက်က ၀င်တယ်၊ အဲဒီမှာ မေတ္တာပို့တယ်။ တလမ်းလုံးပေါ့ မေတ္တာပို့တာကတော့။ အဲဒီကနေမှ တခါ ဦးဇင်းတို့ အရှေ့တိုက်ကနေ တောင်ဖက်က၀င်၊ မြောက်ဖက်က ထွက်ပြီး ဦးဇင်းတို့ မေတ္တာပို့လာခဲ့တာ။ အဲဒီကနေ ဦးဇင်းတို့ ပေါက်လမ်းဖက်လည်း ရောက်ရော အဲဒီဖက်မှာ သေနတ်တွေ ဖောက်ပြီးတော့ လူစုခွဲခံခဲ့ရတယ်လေ။ အဲဒီကနေမှ ဦးဇင်းတို့လည်း အဖမ်းခံလိုက်ရတယ်။ အဲဒီတော့ ဦးဇင်းတို့ သုံးပါးပေါ့ အဖမ်းခံလိုက်ရတာ။”
ဘယ်သူတွေလဲ ဘုရား။
“ဦးပညာစက္ကရယ်၊ ဦးပညာနန္ဒရယ်။ အဲဒီ အနောက်တိုက်က နှစ်ပါး။ ကျုပ်ကောပေါ့ အဖမ်းခံရတာ။”
ဦးဇင်းဘုရား တပည့်တော် တစ်ခု မရှင်းလို့ ဘုရား။ ဒီ သံဃာ့နာယက ဆရာတော် ဦးတေဇောက ဖမ်းတာ ဦးစန္ဒိမာကို ဖမ်းတာလား၊ ဘယ်သူ့ကို ဖမ်းတာလဲ ဘုရား။
“သူတို့ ဖမ်းတာတော့ ဘယ်သူရယ် ဘယ်ဝါရယ်လို့တော့ မရွေးဘူး၊ ခေါင်းဆောင် ဖမ်းတာပဲ၊ ဖမ်းတာကတော့။ ဒါပေမဲ့လို့ အဲဒီတုန်းက အကုန်လုံး သံဃာတွေကလည်း ဦးတေဇောက အမိန့်ပေးတော့လေ သေနတ်တွေ ပစ်ဖောက်ပြီးတော့ အကုန်လုံး ၀င်ပြီးတော့ ဆွဲတာကိုး၊ အဲဒီမှာ ပြေးရင်းလွှားရင်းနဲ့ အကုန်လုံး ပြေးကြတာပေါ့၊ ဦးဇင်းတို့လည်း ပြေးတော့ ပြေးပါသေးတယ်။ ဒါပေမဲ့လည်း ဒီလောက် ရဟန်းတော် တစ်ပါး အနေနဲ့ ဒီလောက်ကြီးပြေးတာ မသင့်လျော်ဘူး ဆိုပြီး အေးအေး ဆေးဆေးနဲ့ အဲဒီ အခန်းလေး တစ်ခန်းထဲကို ၀င်ခဲ့တယ်။ အဲဒီမှာ သံဃာတွေလည်း ပြည့်လို့။ ဦးဇင်းလည်း သံဃာတွေကိုငဲ့သော အားဖြင့်ပေါ့၊ အပြင်ဖက် ထွက်ပြီးတော့ ဦးဇင်း အေးအေး ဆေးဆေး အဖမ်းခံလိုက်ပါတယ်၊”
ဘယ်သူက ဖမ်းတာလဲ ဘုရား၊ တပည့်တော်ကို ရှင်းပြပါလားဘုရား။
“အဲဒါတော့ ဦးဇင်းလည်း သူတို့ကို သေသေချာချာ ဂရုမစိုက်မိတော့ ပြောလို့ မရဘူးပေါ့ ဒကာကြီးရာ။ သူတို့ အဖွဲ့ကလည်း အများကြီးကိုး။”
တင်ပါ့ ဘုရား အဲဒီမှာ သေနတ်က ဘယ်နှစ်ချက်လောက် ဖောက်လဲ ဘုရား။
“သေနတ် ဖောက်တာတော့ များတယ် ဒကာကြီးရ။ ဦးဇင်းတို့ ဟို သေသေချာချာလည်း ရေမထားတော့လေ၊ အတိအကျတော့ ပြောလို့ မရဘူးပေါ့ ဒကာကြီးရာ။”
ဒီလိုပါဘုရား သတင်းစာတွေမှာ ရေးတာက သုံးချက်လို့ ပြောလို့ပါဘုရား။
“သုံးချက်တော့ ဘယ်ကမလဲ ဒကာကြီးရာ၊ သုံးချက်တော့ မကဘူး ဒကာကြီး။”
ဦးဇင်းတို့ကို ဖမ်းတယ်ဆိုတာ ဓာတ်တိုင် ကြိုးချည်တယ်ဆိုတာ ဟုတ်လားဘုရား။ ကြိုးနဲ့ တုပ်တယ်ဆိုတာ ဟုတ်လားဘုရား၊ အဲဒါရှင်းပြပေးပါ ဘုရား။
“ဟုတ်တာပေါ့ ဒကာကြီးရာ။ ကြိုးနဲ့ ချည်ဖမ်းတာပေါ့၊ အဲဒီ အနောက်တိုက်က နှစ်ပါးကို ကြိုးကွင်းပစ်တယ်လို့ ပြောတယ်လေ၊ ဦးဇင်းကတော့ အေးအေးဆေးဆေး အဖမ်းခံလိုက်တော့ လက်ကို ထိုးပေးလိုက်တော့ တိရိစ္ဆာန်
တစ်ကောင် တုပ်သလို တုပ်တာပေါ့၊ ဦးဇင်းကို လက်ကိုလေ။ နှစ်ချောင်းစလုံးလေ၊ ရှေ့ထိုးပြီးတော့။ အဲဒီကနေမှ ဦးဇင်းကို ပါးရိုက်တယ်၊ ဆက်ရိုက်။ နောက်ပြီးတော့ ခေါင်းကို သေနတ်ဒင်နဲ့ အဆောင့် ခံလိုက်ရသေးတယ်။ အဲဒီကနေမှာ သူတို့ တခါ ဓာတ်တိုင်ကို နေပူ လှမ်းဖို့ ရှိသေးတယ်၊ အဲဒီမှာလဲ ငါးမိနှစ် ခန့်တော့ ကြာမှာပေါ့ ဒကာကြီးရာ။”
ဦးဇင်းဘုရား သက်တော် ဘယ်လောက်ရှိပြီလဲ ဘုရား၊ တပည့်တော်ကို ပြောပြပေးပါလား။
“ဦးဇင်းအသက်တော်က (၂၉) ထဲကို ရောက်နေပြီ။”
ဦးဇင်းဘုရား အဲဒီမှာ ဓာတ်တိုင်မှာ ဦးဇင်းကိုယ်တိုင် အချည်ခံရတာလားဘုရား၊ အဲဒါကို ရှင်းပြပေးပါလားဘုရား။
“ဟုတ်တယ် ဒကာကြီး ကျုပ်ကိုယ်တိုင် အချည်ခံရတာ၊ အဲဒီ ဓာတ်တိုင်ချည် နောက်ပြီးတော့ အချုပ်ကားပေါ် တင်ပေါ့။ အချုပ်ကားပေါ် တင်ပြီးတော့ အချုပ်ခန်းကိုခေါ်။ အချုပ်ခန်းကိုရောက်တော့ ဦးဇင်းတို့ကို အချုပ်ခန်းထဲကို ၀င်ပို့ပြီးတော့ ပုဆိုး လှဲခိုင်းသေးတယ်၊ ဒါပေမဲ့ ဦးဇင်းတို့လည်း သူတို့ လုပ်ချင်တာ လုပ်ပါစေဆိုပြီးတော့ သင်္ကန်းလှဲခိုင်းလို့ သူတို့ပေးတဲ့ ပုဆိုးယူပြီးတော့ အခန်းထဲမှာ အချုပ်ခန်းထဲမှာပေါ့၊ ဆယ်မိနစ်ခန့်တော့ ကြာမယ်ထင်တယ်၊ အဲဒီကနေမှ တစ်ခါ ဦးဇင်းတို့ ပြန်ထွက်၊ ပြန်ထွက်၊ ဆိုပြီးတော့ တခါ ပြန်ပြီးထွက်လာခဲ့တယ်။”
တင်ပါ့ဘုရား၊ ဒီမှာ တစ်ခု ထပ်မေးချင်တာက ဦးဇင်း အခုနက ပြောတဲ့ အထဲမှာ ပါတာက ဓာတ်တိုင်မှာ ကြိုးချည်ပြီးတော့ ရိုက်တယ်ဆိုတာကလည်း ဘယ်သူက ရိုက်တာလဲ ဘုရား။
“အဲဒါ ဦးဇင်းလည်း ပြောလို့တော့ မရဘူးဗျ၊ ဦးဇင်းလည်း သူတို့ကို သေသေချာချာ မသိတော့လေ ဘယ်သူရိုက်တယ်လို့ ဦးဇင်းလည်း မသိဘူး၊ အဲဒါ သူတို့ အဖွဲ့အစည်းတွေ နေမှာပါ။”
ဘယ်နှစ်ချက်လောက် ရိုက်လဲ ဘုရား။
“ဦးဇင်းကိုတော့ ပါးကိုတစ်ချက်၊ ပါးစပ်ကို တစ်ချက်ရိုက်တယ်၊ ခေါင်းကိုလည်း သေနတ်ဒင်နဲ့ အရိုက်ခံလိုက်ရတယ်ပေါ့။ ဦးဇင်းတော့ အဲဒါပဲ ခံလိုက်ရပါတယ်။”
အစိုးရပိုင် သတင်းစာတွေမှာ လေးငါးရက် ဆက်တိုက် ရှိပါပြီဘုရား၊ ပခုက္ကူသံဃာတွေရဲ့ မေတ္တာပို့ ဆန္ဒပြပွဲမှာ ရိုက်နှက်ခြင်း လုံးလုံး မရှိဘူး၊ ပြီးလို့ရှိရင် ဓာတ်တိုင်မှာ ကြိုးနဲ့ တုတ်တယ်ဆိုတာကလဲ မဟုတ်ဘူးလို့ သူတို့ရေးတယ်၊ ပြည်ပ မီဒီယာတွေက ချဲ့ကားပြီးတော့ ရေးတယ်လို့ ပြောတယ်ဆိုတော့ ဦးဇင်းအနေနဲ့ ဘာပြောချင်လဲ ဘုရား၊ တပည့်တော်တို့ လွှင့်တာ မှန်လားဘုရား၊ အဲဒါရှင်းပြပါ၊ အစိုးရပြောတာ မှန်လားဘုရား။
“ခင်ဗျားတို့ ပြောတာ မှန်ပါတယ်၊ ဦးဇင်းတို့ တကယ် လက်တွေ့ခံရတာပါ၊ သူတို့ပြောတာတွေ တခုမှကို မဟုတ်ဘူး၊ ဦးဇင်း အမှန်တိုင်း ပြောတာ၊ ဦးဇင်းက ရဟန်း တပါးပါ၊ ဦးဇင်းက မလိမ်ပါဘူး။”
ဦးဇင်းကို သေနတ်ဒင်နဲ့ ထုတာ စစ်သားပေါ့ဘုရား။
“အဲလိုပဲ ယူဆရမလို ဖြစ်နေတယ်၊ ဦးဇင်းလည်း အဲဒီတုန်းက ဦးဇင်း ဂုတ်ကို နှိမ့်ထားတယ်၊ ဦးဇင်းလည်း ဘယ်သူ ဆောင့်တယ်လို့ မသိရဘူးပေါ့၊ သူတို့ လက်နက်ကိုင်ခွင့်ရှိတဲ့သူပဲ၊ ဆောင့်မှာပါ။”
ဦးဇင်းက သေနတ်မှန်း ဘယ်လိုသိလဲ ဘုရား။
ဦးဇင်းကို ထိပ်ကိုချတာ ဦးဇင်းထိပ်မှာ ဂွရာ၊ ဦးဇင်း ခံလိုက်ရတယ်လေ။ ဂွနဲ့ ဆောင့်တာ ခံလိုက်ရတယ်။ ဒင် သဘောမျိုးကျမှာပေါ့ ဦးဇင်းအမြင်ကတော့။”
ဦးဇင်းအနေနဲ့ အခုလိုမျိုး သံဃာတော် ဖြစ်ရဲ့သားနဲ့ ပြည်သူတွေရဲ့ ရှေ့က မေတ္တာပို့တဲ့ အခါမှာ ကြမ်းကြမ်းတမ်းတမ်းနဲ့ အကိုင်အတွယ် ခံရတဲ့ အပေါ်မှာကိုရော အစိုးရအပေါ်မှာ ဘာပြောချင်လဲ ဘုရား။
“ဦးဇင်း အဲလိုတော့ မပြောလိုပါဘူး၊ ဒါပေမဲ့လို့ မည်သူ မဆို မေတ္တာပွား သင့်တယ်လေ၊ မဟုတ်ဘူးလား၊ မေတ္တာဆိုတာကတော့ အားလုံးထားသင့်တယ်လေ၊ မေတ္တာဆိုတာက အားလုံးထားမှ သင့်လျော်မှာကိုး၊ အသက်ကြီးလည်း အသက်ကြီးတဲ့ အလျောက် မေတ္တာမရှိလို့ရှိရင်တော့ တိရိစ္ဆာန်
တစ်ကောင်လိုပါပဲ၊ မဟုတ်ဘူးလား၊ အမှန်တကယ်က မည်သူ၊ ဘယ်လိုပြောရမလဲ၊ ဦးဇင်းအနေနဲ့ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစားဆိုတဲ့ စကားလေးလိုပေါ့၊ အဲလိုတော့ ဦးဇင်းအနေနဲ့ ဖြစ်စေချင်တာပေါ့ဗျာ၊ မည်သူမဆိုပေါ့ ဟုတ်ဘူးလား။”
အခုလ (၅) ရက်နေ့က ဆန္ဒပြပွဲအတွင်း အာဏာပိုင်တွေရဲ့ ဖမ်းဆီးရိုက်နှက်မှု ခံခဲ့ရသူ ဦးစန္ဒိမာကို လျှောက်ထား မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
Friday, September 7, 2007
what the UN is waiting for ??
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုဌေးကြွယ် နှင့် ဆက်သွယ်မေးမြန်းခြင်း
ဘီဘီစီ
စက်တင်ဘာ ၆၊ ၂၀၀၇
“ပြည်သူတွေဟာ တချိန်မှာ သီးမခံနိုင်တော့ဘဲနဲ့ ပေါက်ကွဲပြီ ဆိုလို့ရှိရင် ဒီ ပဋိပက္ခဟာပိုပြီးတော့ ကြီးထွားလာနိုင်စရာရှိတယ်၊ ဒီလို အဖြစ်အပျက်မျိုးတွေဟာ ကမ္ဘာပေါ်မှာလည်း အရှေ့တီမောမှာလိုမျိုး၊ ရ၀မ်ဒါမှာလိုမျိုး ဖြစ်ခဲ့ဖူးပါတယ်။ လူတွေ သိန်းနဲ့ချီပြီးတော့ သေဆုံးပြီးတော့မှ နိုင်ငံတကာကနေပြီးတော့ ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းကြတယ်၊”
အပြည့်အစုံဖတ်ဖို့ Read moreကို နှိပ်ပါ
(၈၈) မျိုးဆက်ကျောင်းသားအဖွဲ့က ယနေ့ ကြေညာချက်တစောင်ထုတ်ပြန်ပြီး မြန်မာနိုင်ငံအတွင်းက တစတစ ဆိုးလာနေတဲ့ အခြေအနေတွေကို အမြန်ဆုံး ကြားဝင်ဆောင်ရွက်ပေးဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပန်ကြားလိုက်ပါတယ်၊ ဒီအကြောင်းကို အခု တိမ်းရှောင်နေရတဲ့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ်ကို ဆက်သွယ်မေးကြည့်ခဲ့ပါတယ်၊ သူတို့ “ကြေညာချက်ရဲ့လိုရင်းက ဘာပါလဲ” ဆိုတော့
ကိုဌေးကြွယ် ၊ ၊ ယနေ့မြန်မာနိုင်ငံရဲ့ ပြည်တွင်းမှာဖြစ်နေတဲ့ အခြေအနေတွေအပေါ်မှာ နိုင်ငံတကာ မိသားစုကလည်း ၀ိုင်းဝန်းပြီးတော့ တကယ့်ဖြေရှင်းမှုတွေဖြစ်နိုင်အောင်လို့ ၀ိုင်းဝန်းပြီးဆောင်ရွက်နိုင်ဖို့ ကို ကျနော်တို့ တိုက်တွန်းထားခြင်းပါ။
ဘီဘီစီ ၊ ၊ ဟုတ်ကဲ့။ မနေ့တုန်းကပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီက မြန်မာနိုင်ငံကို သူ အောက်တိုဘာလလယ်ကြရင် သွားပါမယ်လို့ ပြောပါတယ်၊ သူတို့ စိတ်ပူတယ်လို့လည်း ပြောပါတယ်၊ ကုလသမဂ္ဂကလည်း တတ်နိုင်သလောက် လုပ်ပေးနေတာပဲ မဟုတ်လားခင်ဗျ။
မစ္စတာ ဂမ်ဘာရီရဲ့ ပုံမှန်ခရီးစဉ် အောက်တိုဘာလအထိတောင်မှ မြန်မာနိုင်ငံ အခြေအနေဟာ ဒီကြားထဲမှာ ဘာဖြစ်မလဲဆိုတဲ့ဟာကို ကျနော်တို့ တွေးဆလို့ မရနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်မှုတွေက ပိုပြီးတော့ များလာတယ်။ အခုဆိုရင် ကျနော်တို့ ၈၈ ခေါင်းဆောင်တွေ အပါအ၀င် ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ လူ ၁၅၀ ကျော်လောက်ကို ဖမ်းဆီးထားပြီ၊ အစိုးရရဲ့ လက်သပ်မွေးထားတဲ့ ဂိုဏ်းဆန်ဆန် အဖွဲ့အစည်းတွေကလည်း အကြမ်းဖက်မှုပေါင်းစုံကို ဥပဒေဘောင်အတွင်းကနေ လုပ်ခွင့်ရှိတဲ့ပုံစံမျိုးဖြစ်နေပြီ။ ပိုပြီးတော့ ဆိုးလာတာက ရဟန်းသံဃာတွေ ကို ရုက်နှက်တာတွေ ဖမ်းဆီးတာတွေကို ပြုလုပ်နေပြီ။ အဲဒီအခြေအနေကို တကယ်ဖြေရှင်းနိုင်တဲ့ ပုံစံ တခုကို ကျနော်တို့ လိုချင်ပါတယ်။
အဲတော့ ဒီ ကုလသမဂ္ဂကလည်း သူတို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုယ်တိုင် ကနေစပြီးတော့ပေါ့နော်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ စိတ်ပူပါတယ် ဆိုတာမျိုးတွေ ပြောခဲ့ပြီးပြီ၊ ကိုဌေးကြွယ်တို့က အခုလောလောဆယ်မှာ ကုလသမဂ္ဂကို ဘာလုပ်ပေးစေချင်တာလဲ။ တိတိကျကျပြောရရင် သူတို့အနေနဲ့ အခုလောလောဆယ် ဘာလုပ်ရမှာလဲ၊ ဘယ်အခြေအနေမျိုးကို ဖြစ်စေချင်တာလည်း ခင်ဗျ။
လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်စေချင်ပါတယ်၊ မြန်မာနိုင်ငံ နဲ့ ပတ်သက်တဲ့ ဖြေရှင်းချက်တစ်ခု၊ ဆုံးဖြတ်ချက်တစ်ခုကို အားလုံး ၀ိုင်းဝန်းပြီးတော့ ချမှတ်စေချင်ပါတယ်၊ အေးအေးချမ်းချမ်း အဖြေရှာနိုင်အောင်လို့ နည်းလမ်းရှာဖို့ပါ။
ဟုတ်ကဲ့။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက တခါတုန်းကလည်း မြန်မာ့အရေးကို ဆွေးနွေးခဲ့ဖူးတယ်၊ ဒါပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီက စဉ်းစားဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်ရမယ်။ အခု အဲဒီလိုမျိုးမရှိလို့ မစဉ်းစားနိုင်ပါဘူး ဆိုတော့ အခု ဘာကြောင့်မို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက အရေးတကြီး ဆွေးနွေးဖို့လိုတယ်လို့ ကိုဌေးကြွယ် ပြောမလဲခင်ဗျ။
အစိုးရရဲ့ လက်သပ်မွေးထားတဲ့အုပ်စုတွေက ရမ်းကားမှုတွေဟာ ပို ပိုပြီးတော့ များလာပါတယ်၊ ဒါကို ကျနော်တို့ပြည်သူတွေဟာ တချိန်မှာ သီးမခံနိုင်တော့ဘဲနဲ့ ပေါက်ကွဲပြီ ဆိုလို့ရှိရင် ဒီ ပဋိပက္ခဟာပိုပြီးတော့ ကြီးထွားလာနိုင်စရာရှိတယ်၊ ဒီလို အဖြစ်အပျက်မျိုးတွေဟာ ကမ္ဘာပေါ်မှာလည်း အရှေ့တီမောမှာလိုမျိုး၊ ရ၀မ်ဒါမှာလိုမျိုး ဖြစ်ခဲ့ဖူးပါတယ်။ လူတွေ သိန်းနဲ့ချီပြီးတော့ သေဆုံးပြီးတော့မှ နိုင်ငံတကာကနေပြီးတော့ ၀ိုင်းဝန်းပြီးတော့ ထိန်းသိမ်းကြတယ်၊ ၀ိုင်းဝန်းပြီးတော့ ၀င်ရောက် ပူးပေါင်းဆောင်ရွက်ကြတယ်၊ အဲ့ဒီအခြေအနေမျိုးအထိကိုရောက်မှ နိုင်ငံတကာက ၀င်စရာမဟုတ်ပါဘူး၊ ဒီအခြေအနေမှာ ဒီလိုဖြစ်လာနိုင်တဲ့ အလားအလာတွေ ကျနော်တို့ မြင်နေရပါပြီ။ အထူးသဖြင့် ရဟန်းသံဃာတွေကို ထိပါး စော်ကားပြီ ဆိုတဲ့အခါမျိုးမှာ ကျနော်တို့ ပိုပြီးတော့ စိုးရိမ်ပါတယ်။
အခု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအုပ်စုက မကြာသေးခင်ကပဲ ကုလသမဂ္ဂကို စာပို့တာနဲ့ပတ်သက်လို့လည်း သတင်းစာတွေထဲမှာ ဝေဖန်တိုက်ခိုက်ထားတယ်ပေါ့ နော်။ ဒါတွေဟာ တိုင်းပြည်ကို အန္တရာယ်ဖြစ်အောင်လို့ ဖိတ်ခေါ်ရာရောက်တယ်တို့ ဘာတို့ ပြောနေကြတယ်။ အခုတခါ ကိုဌေးကြွယ်တို့က ကုလသမဂ္ဂကို ကြားဝင်ပေးဖို့ဆောင်ရွက်ရင်ကော အစိုးရဘက် ကနေမှ ဒီဟာမျိုး ပိုပြီးတော့ တုံ့ပြန်စရာအကြောင်း မရှိဘူးလား၊ ကိုဌေးကြွယ်အနေနဲ့ ပိုပြီး အန္တရာယ် မကြီးလာနိုင်ဘူးလားခင်ဗျ၊
ကျနော်တို့အတွက် အန္တရာယ် ကြီးခြင်း မကြီးခြင်းထက် ကျနော်တို့နိုင်ငံ ကျနော်တို့လူမျိုး ကောင်းစားရေးအတွက်ကို ကျနော်တို့ အတတ်နိုင်ဆုံး နည်းလမ်းရှာဖွေမယ်။ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမယ်၊ ဒါကို မည်သည့် ပုဒ်ထီး ပုဒ်မနဲ့ ဟန့်တား ဟန့်တား၊ ခြိမ်းခြောက် ခြိမ်းခြောက် ကျနော်တို့ ရင်ဆိုင်သွားဖို့ အဆင်သင့်ရှိပါတယ်။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် ဖြေကြားသွားတာဖြစ်ပါတယ်။ ။
Sunday, July 22, 2007
talk with aapp

ရိုးမ ၃။ ဇူလိုင် ၂၁၊ ၂၀၀၇
ယနေ့ မြန်မာနိုင်ငံမှာရှိတဲ့ အကျဉ်းထောင်တွေမှာ ကျနော်တို့ အေအေပီပီက စုဆောင်းရရှိသမျှ အနည်း ဆုံး (၁၁၉၇)ဦး ရှိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဒီအရေအတွက်လောက် ရှိနေတာကိုက ကျနော်တို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ယေဘုယျ ခန့်မှန်းလို့ရနိုင်ပါတယ်။ ဒီ ၂၀၀၇ ခုနှစ်ထဲမှာ ဒီမိုကရေ စီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူပေါင်း (၁၄၂)ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ဟိုဘက်နှစ်များနဲ့စာရင် ဖမ်းဆီးတာ တွေ ပိုများလာတယ်လို့ ဆိုရမှာပါ။
ဒါ့အပြင် စစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားတွေကို ကမ္ဘာနဲ့ အဆက်အသွယ်ပြတ်အောင် နည်းမျိုးစုံနဲ့ ဟန့်တားခဲ့ပါတယ်။ ဥပမာ- လူ့အခွင့်အရေးအဖွဲ့တွေကို ပြည်ဝင်ခွင့်ဗီဇာပိတ်တာတို့၊ အိုင်စီအာစီလို အဖွဲ့မျိုးကို ကန့်သတ်မှုတွေ၊ အကျဉ်းထောင်အတွင်း သွားရောက်လေ့လာခွင့်၊ ကူညီခွင့်မရအောင် တားဆီးတာတို့ ပြုလုပ်ခဲ့တယ်။ နောက် နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုနဲ့ဝေးကွာတဲ့ ဒေသများကို ပို့ပစ်တာတို့ အငြိုးအတေးကြီးစွာနဲ့ တစိုက်မတ်မတ် လုပ်ဆောင်နေခဲ့ပါတယ်။
ဆိုတော့ အကျဉ်းသားများရဲ့ အခြေအနေတွေကို တော်ရုံနဲ့ ကမ္ဘာက သိခွင့်မရတာတွေ၊ မိသားစု တွေက ထောင်ဝင်စာသွားတွေ့နိုင်ဖို့ အခက်အခဲတွေ များစွာ ရင်ဆိုင်နေရပါတယ်။ အဓိက ကျမ္မာ ရေးနဲ့ပတ်သက်ပြီး စိုးရိမ်ရပါတယ်။ အကျဉ်းထောင်တွင်း ဆေးရုံများမှာ ဆရာဝန်မရှိတာတွေ၊ ဆေးမရှိတာတွေ၊ ပြင်ပက ဆေးဝါးများ သွင်းခွင့်မပေးတာ၊ လိုအပ်တဲ့အချိန်မှာ အချိန်မီ ဆေး ကုသခွင့်မရတာတွေနဲ့ ကြုံနေရပါတယ်။ အခုဆိုရင် ကျမ္မာရေးအရ အသက်အန္တရာယ်ကို ထိခိုက် လာနိုင်တဲ့ နိုင်ငံရေးအကျဉ်းသား (၈၀)ကျော် ရှိနေပါတယ်။
ဒေါက်တာသန်းငြိမ်း၊ ဒေါက်တာမေ၀င်းမြင့်တို့ကို လွတ်ရက်စေ့ပေမယ့် ၁၀(က) ဆိုတဲ့ အခြေ အမြစ်မရှိတဲ့ ပုဒ်မနဲ့ အကျဉ်းထောင်ထဲမှာ ဆက်လက်ချုပ်နှောင်ထားတယ်။ သူတို့တွေဟာ ဆရာဝန်ဖြစ်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ကုသခွင့်မရတာ၊ အာဏာပိုင်များက ဆေးကုသခွင့် မပြု တာတွေကြောင့် သူတို့ရဲ့ ကျမ္မာရေးဟာ အထူးစိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်။
ဦးဝင်းတင်ကိုလည်း ပြန်လွှတ်ပေးမယ်ဆိုတဲ့ နှုတ်ကတိတွေပေးပြီး အကျဉ်းထောင်ထဲက ထုတ် သွားလိုက်၊ ပြန်ထည့်လိုက်လုပ်တာ (၃)ကြိမ်ရှိပါပြီ။ ဒါဟာ လူတယောက်ကို စိတ်ပိုင်းဆိုင်ရာအရ အမြင့်ဆုံး ညှဉ်းပန်းနှိပ်စက်တဲ့ လုပ်ဟန်ပါပဲ။ ဦးခင်မောင်ဆွေဟာ လွတ်ရက်စေ့ပေမယ့် အရင် တခါချမှတ်ထားတဲ့ ပြစ်ဒဏ်ကို နောက်ကြောင်းပြန် ခံစားနေတာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေအနေနဲ့ကတော့ သူတို့တတ်စွမ်းသရွေ့တော့ လုပ်နေ ကြတာပါ။ သက်ဆိုင်ရာ ဘာသာအလိုက် ဆုတောင်းပွဲလုပ်တာမျိုးတွေ၊ မီဒီယာကတဆင့် ပြောဆိုနေတာတွေ၊ အာဏာပိုင်တွေဆီကို စာပို့တာတွေ စသဖြင့် လုပ်နေကြတာရှိပါတယ်။ ဒီထက်ပိုလုပ်နိုင်တဲ့ အခြေအနေမျိုးရှိရင်၊ သိရင် ပိုလုပ်ကြမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါ တယ်။ အိမ်မလည်တတ်တဲ့ သားတယောက် အချိန်တန် အိမ်ပြန်မရောက်လို့ မျက်ရည်နဲ့ အဖော် ပြုနေရတဲ့ အမေတွေလည်း ထောင်သောင်းချီခဲ့ပါပြီ။
ဒါတွေ အဆုံးသတ်နိုင်ဖို့ ကျနော်တို့ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်လို့ ခံစားရပါတယ်။ ကျနော်တို့ အားသွန်ခွန်စိုက် လုပ်ကြရပါလိမ့်မယ်။
Talk with MKN 1
မင်းကိုနိုင်နှင့် စကားပြောခြင်း
ဧရာဝတီ မေ ၂၄၊ ၂၀၀၇
မေး။ ။ အိုးပင်းဟတ် ကန်ပိန်းကြောင့် ရန်ကုန်မှာ လူတွေ မကျေနပ် တာတွေကို ဖော်ထုတ်တင်ပြရဲလာကြတယ်လို့ သုံးသပ်နေကြတယ်။ အိုးပင်းဟတ်ကန်ပိန်းရဲ့ နောက်ဆုံးအနေအထားက ဘယ်လိုရှိသလဲဗျ။
ဖြေ။ ။ ကျနော်တို့ ရည်ရွယ်ကတည်းကိုက ပြည်သူတွေမှာရှိတဲ့ နဂိုမူလအခွင့်အရေးဖြစ်တဲ့ လွပ်လပ်စွာ ဖော်ထုတ်ရေးသားခွင့် ကိုယ့်ရဲ့ သဘောထားတွေကို တင်ပြခွင့်ဆိုတဲ့အတိုင်းကို ကျနော်တို့ကပြောတာ၊ အဲဒီဥစ္စာတွေကို သုံးကြပါဆိုပြီးတော့ ကျနော်တို့က နှိုးဆော်တာ၊ အဲဒီတော့ ရင်ဖွင့်လွှာတွေလုပ်လာတဲ့ နောက်ပိုင်းမှာတော့ ဟုတ်ပါတယ်၊ ပြန်လည်ပြီးတော့ နိုးကြားမှုတွေဖြစ်လာတယ်။
အဲဒီကနေ တဆင့်ပြီးတော့ သဘောထားဆန္ဒတွေ စာရေးပြီးတော့ တင်ပြတာမဟုတ်ဘဲနဲ့ ပုံစံမျိုးစုံနဲ့ ငြိမ်းချမ်းစွာ ဖော်ထုတ်တာတွေ ရှိလာတယ်။ ဒီလိုပဲ တချို့ဆိုလို့ရှိရင် မိမိအိမ်မှာ မိမိ ခြံတံခါးမှာ ကပ်ထားတာမျိုးတွေလည်း ရှိတယ်။ ဒါကတော့ ကျနော်တို့မျိုးစုံ တွေ့နေရတယ်။ နောက်ဆုံးအနေအထားကို ပြောရမယ်ဆိုလို့ရှိရင် တပြည် လုံးက နယ်အနှံ့ တောအနှံ့ တောင်အနှံ့ကရလာတဲ့ စာတွေအပေါ်မှာ မူတည်ပြီးတော့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒ အစစ်အမှန်ဟာ ဘာလဲဆိုတာကို ကျနော်တို့ ပုံဖော်လို့ရနေပြီဖြစ်တယ်။
ကျနော်တို့က စနစ်တကျ အမျိုးအစားတွေ ခွဲထုတ်တယ်။ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး … သူ့ကဏ္ဍ အလိုက်နဲ့သူ ကျနော်တို့ခွဲကြည့်လိုက်တဲ့အခါမှာ သုတေသနစာတမ်းတစောင်ကို ကျနော်တို့ ပြုစုနိုင်နေပြီ ဖြစ်တယ်။ အဲဒီအပေါ်မှာ ရလာတဲ့အခြေခံကို ကျနော်တို့ တကမ္ဘာလုံးသိအောင် တင်ပြမယ်။ ကျနော်တို့ တိုင်းပြည်ရဲ့အခြေအနေ၊ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ ပြည်သူပြည်သားတွေရဲ့ သဘောထားဆန္ဒ အစစ်အမှန် ဘာဖြစ်တယ်ဆိုတာကို ကျနော်တို့ တင်ပြဖို့ အတွက် အခြေခံကောင်းတခု ရသွားပြီဖြစ်ပါတယ်။
မေး။ ။ ဆိုတော့ အဲလိုမျိုး လူတွေဖွင့်ဟဖော်ထုတ်လာတဲ့အခါကျတော့ စစ်အစိုးရက ဆူပူအုံကြွမယ် စိုးရိမ်ပြီး ခင်ဗျား တို့ကို ဖမ်းခဲ့တယ်၊ နောက်ပြီး ပြန်လွှတ်တယ်။ ဒီလိုမျိုးပဲ ကျန်တဲ့ ဆန္ဒပြတဲ့လူတွေကိုလည်း ဖမ်းလိုက် လွှတ်လိုက်ဆိုတဲ့ ပုံစံမျိုးတွေ ရှိနေတယ်လေ။ ဒါ့အပြင်ကို ဥပဒေမဲ့ လွန်လွန်ကျူးကျူး ကိုင်တွယ်ပြုမူတာတွေ လည်းကြားရတယ်။ နောက်ပြီးတော့ လုံထိန်းတပ်တွေကို ပြင်ဆင်တာတွေလည်း ကြားရတယ်။ ဆိုတော့ကာ နိုင်ငံရေးအငွေ့အသက်က သွေးထွက်သံယိုမှုကို ဦးတည်နေတယ်လို့ ခင်ဗျားတို့အနေနဲ့ ခံစားရလားဗျ။
ဖြေ။ ။ အခြေအနေက ဒီကနေ့ စစ်အစိုးရရော ကျနော်တို့ ဒီမိုကရေစီသမားတွေရော နှစ်ဦးနှစ်ဘက်လုံး အပေါ်မှာ မူတည်နေပါတယ်။ ကျနော်တို့တတွေဟာ ခံစားချက်ကို ဦးစားပေးပြီးတော့ လက်လွတ်စပယ် လုပ်မိ တာမျိုးမဖြစ်ဖို့ကတော့ ပထမပါ။ ကျနော်ဆိုလိုတာက ကျနော်တို့သဘောထားတွေ ဖော်ထုတ်တဲ့နေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်တာမျိုး၊ အကြမ်းဖက် ဆန်တဲ့ ပုံစံမျိုးမဖြစ်အောင် ကျနော်တို့ဘက်က ထိန်းတယ်။ ကျနော်တို့ဘက်က တင်ပြတဲ့ ရိုးရိုးသားသား သဘောထားဆန္ဒ အစစ်အမှန်တွေကို နားထောင်နိုင်တဲ့ နားတွေ လည်း လိုတယ်။
ကျနော်တို့ တင်ပြသမျှ ပြည်သူတွေ ပြောဆိုသမျှအပေါ်မှာ သံသယအမြင်နဲ့ မချဉ်းကပ်ဖို့ အရေးကြီးတယ်။ သဘောကတော့ အာဏာကိုလာပြီးတော့ ထိပါးတော့မလားဟဲ့ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှု အခြေခံနဲ့ တုန့်ပြန် မယ်ဆိုရင်တော့ သွေးထွက်သံယို တင်မကဘူး၊ တော်တော်ကို ကြေကွဲစရာတွေ ဖြစ်လာမယ့်အခြေအနေမျိုးတွေ ရောက်သွားမှာပေါ့။ အဲဒီတော့ အဓိက အချက်ဟာ ကျနော်တို့ပြည်သူတွေအနေနဲ့ တကယ်တမ်း ကိုယ့်ဆန္ဒကို ငြိမ်းချမ်းစွာ ဖော်ထုတ်ပါ။ အဲဒီဖော်ထုတ်မှုဟာ အကြမ်းမဖက်ဘဲ ဖြစ်ရပါမယ်။ စည်းကမ်းသေ၀ပ်စွာနဲ့ ဖော်ထုတ် ကြရမယ်။ ရဲရဲရင့်ရင့် ဖော်ထုတ်ရမယ်။
တဘက်က အာဏာပိုင်တွေကလည်း ဒါတွေကို အပြုသဘောနဲ့ နားလည် နိုင်ရမယ်။ ပြီးတော့မှ ဘယ်လိုတွေပြုပြင်နိုင်သလဲဆိုတဲ့ နည်းလမ်းကို ရွေးချယ်ရမှာဖြစ်တယ်။
အဲဒီလိုမဟုတ်ဘဲ လူတွေက သဘောထားတွေဖော်ပြီး ဆန္ဒတွေထုတ်ကြပြီ ဆိုတာနဲ့ကိုတင် အာဏာဆိုတဲ့ အချက် တခုတည်း ကြည့်ပြီးတော့ ဒီကုလားထိုင်ကို လှုပ်မလား၊ ဒီပုလ္လင်ကိုထိပါးလေမလားဆိုတဲ့ အတွေးမျိုးနဲ့ တုန့်ပြန်မယ်ဆိုရင် တော့ အနာဂတ်လည်း မကောင်းဘူး၊ သမိုင်းကြောင်းလည်း မလှဘူးဖြစ်သွားတော့မယ်။ ကျနော်တို့ ဒါကို စိုးရိမ်တယ်။ ဒါကြောင့်မို့ ထပ်ခါတလဲလဲ သတိပေးနေရခြင်းဖြစ်တယ်။
မေး။ ။ ဆိုတော့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းက အခုထက်ထိ တံခါးပွင့်နေတုန်းပဲလို့ ခင်ဗျားတို့အနေနဲ့ မြင်လား။
ဖြေ။ ။ ဒီလိုဗျ … သူက တံခါးတချပ်တည်းတော့ မဟုတ်ဘူး။ ကျနော်တို့ဘက်က တချပ်ဖြစ်မယ်၊ လက်ရှိအစိုးရဘက်က တချပ်ရှိမယ်။ ကျနော်တို့ဘက်က တံခါးကိုတော့ ကျနော်တို့က ဖွင့်ထားဆဲပဲ။ ကျနော်တို့က ရှိနေတဲ့ ဖိနှိပ်ခံရမှု၊ မတရားမှု တွေကို တွန်းလှန်ရင်း တဘက်ကလည်း ပြဿနာတိုင်းကို ဖြေရှင်းတဲ့အခါမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ စိတ်နှလုံးအခံနဲ့ပဲ ဖြေရှင်းဆဲပဲ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ဘက်ကတံခါးကို ဖွင့်ထားတာ။ တဘက်ကတံခါးပဲ ကျန်နေတာပါ။
အဲဒါကိုလည်း ကျနော်တို့က မှန်ကန်တဲ့ ဖြေရှင်းမှုပုံစံဖြစ်တဲ့ ကိုယ့်အမျိုးသားချင်းပဲဆိုတဲ့ အတွေးနဲ့ပေါ့၊ ဒီဟာတွေကို ချေမှုန်းပစ်မယ်ဆိုတဲ့အစား ဒါ ကိုယ့်ရဲ့အင်အားတွေပဲ၊ ကိုယ့်တိုင်းပြည်တည်ဆောက်ရေးမှာ ပေါင်းရမယ်၊ လက်တွဲရမယ့် အင်အားတွေပါဆိုတဲ့ အသိမျိုးကို ပေးနိုင်ဖို့အတွက် အဲဒီတံခါးကို ဆက်ပြီးတော့ ကျနော်တို့ ခေါက်နေရမှာ ဖြစ်တယ်။
မေး။ ။ လက်ရှိ အနေအထားအရဆိုရင် စစ်အစိုးရအနေနဲ့ သူ့ဟာသူ အမျိုးသားညီလာခံလုပ်ပြီးတော့ လမ်းပြမြေပုံ အဆင့်ဆင့်နဲ့ ဇွတ်သွားမယ်ဆိုတဲ့ အနေအထားဗျာ။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ မပါဘဲနဲ့ ဆက်သွားမယ်ဆိုလည်း တချို့တွေက လိုက်သွားမယ့်အနေအထားမျိုးတွေ တွေ့နေရတယ်ဆိုတော့ ခင်ဗျားတို့အနေနဲ့ရော ဘယ်လိုမျိုး ရင်ဆိုင်ဖြတ်သန်းဖို့ပြင်ဆင်ထားသလဲခင်ဗျ။
ဖြေ။ ။ ကျနော်တို့က နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ဒီလိုပုဂ္ဂိုလ်အစွဲ၊ အဖွဲ့အစည်းအစွဲ ဆိုပြီးတော့ စဉ်းစားတဲ့ ပုံစံမျိုး ကျနော်တို့ မချဉ်းကပ်ဘူးခင်ဗျ။ တခုတော့ရှိတာပေါ့၊ ရွေးကောက်ပွဲတခုရဲ့ ဂုဏ်သိက္ခာကို သေးသိမ်အောင် အင်အား သုံးပြီးတော့ ဖန်တီးပြီးတော့မှ အင်အားရှိတဲ့လူက တဖက်သတ် ဖြေရှင်းတာမျိုးကို တော့ ကျနော်တို့လက်ခံလို့မရဘူး။ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ပြောထားတယ်။
အဲဒီတော့ ရွေးကောက်ပွဲတခုကို အသိအမှတ်ပြုပြီးတော့ ဖြေရှင်းတဲ့ပုံစံကိုတော့ ကျနော်တို့က တောင်းဆိုရလိမ့်မယ်။ အဲဒီဲလိုမှ မလုပ်ဘူးဆိုရင် နောက်ထပ် ရွေးကောက်ပွဲဆိုတာတွေကို ပြည်သူတွေက ဘယ်လိုယုံကြည်ကြမလဲ။ ဘယ်လိုမှ အာမခံချက်မရှိဘူးဆိုတာကို ဖော်ပြနေတယ်။ ဒါ အရေးကြီးတဲ့ အချက်ပါ။
ကျနော်တို့ဘက်ကတော့ အကြမ်းမဖက် ငြိမ်းချမ်းတဲ့နည်းနဲ့ လူထုတရပ်လုံး ပါဝင်တဲ့နည်းကိုပဲ ရွေးတယ်ဆိုတာ ကျနော်တို့ ဖော်ပြပြီးပါပြီ။ တိုင်းပြည်တခုရဲ့ အနာဂတ်ကို့ အစိုးရကချည်း ရွေးလို့တော့မရဘူးပေါ့ခင်ဗျာ။ နိုင်ငံသားအားလုံးရဲ့ သဘောတူညီမှု ဖြေရှင်းမှုက အရေးအကြီးဆုံးပါပဲ။
မေး။ ။ ဟုတ်ပြီ၊ ခင်ဗျား ခုနကပြောသလိုမျိုး နိုင်ငံရေးမှာ လူထုပါဝင်ပတ်သက်ခွင့်ဆိုတဲ့ ဥစ္စာပေါ့ဗျာ။ ပြောကြကြေးဆိုလို့ ရှိရင် ဒီစစ်အစိုးရလက်ထက်မှာ ဘယ်လောက်ထိ လူထုပါဝင်ပတ်သက်ခွင့်ရှိလို့လဲ၊ နောက်ပြီးတော့ လူထုကနေပြီးတော့ သူတို့လိုလားတဲ့ ဒီမိုကရေစီစနစ်ကို တည်ထောင်တဲ့နေရာမှာ လူထုပါဝင်ပတ်သက်လာအောင်လို့ ခင်ဗျားတို့ အဖွဲ့ကရော ဘယ်လောက်လုပ်ပေးနိုင်သလဲ။
ဖြေ။ ။ ကျနော်တို့ ပြီးခဲ့တဲ့လှုပ်ရှားမှုတွေရှိပါတယ်၊ ကျနော်တို့ရဲ့ ကန်ပိန်းတွေပေါ့။ ဆစ်ကနေချာ ကန်ပိန်း ကစပြီးတော့ အဖြူရောင် ကန်ပိန်း၊ ပြီးတော့ အိုးပင်းဟတ်လက်တာကန်ပိန်း၊ အခု အဖြူရောင် တနင်္ဂနွေ ကန်ပိန်း အသီးသီးကိုကြည့် လိုက်ပါ။ ကျနော်တို့ဟာ ပြည်သူလူထုပါဝင်လာနိုင်မယ့် နည်းလမ်းကို ကျနော်တို့က ရွေးတယ်။
ပြည်သူလူထုက နှစ်ပေါင်းများစွာကြီး အပစ်ခံ၊ အချိုးခံထားရတဲ့ အခါကျတော့ ခေါက်ရိုးကျိုးနေတဲ့ သဘောကတော့ရှိတယ်။ ဒါ ကျနော်တို့ ပြန်မထွက်လာခင်အထိ။ ကျနော်တို့ ထွက်လာကြပြီးတော့ အတူတကွ ရပ်တည်ကြပြီးတော့ ကျနော်တို့စပြီး အလုပ်လုပ်ကြပြီဆိုတဲ့အခါမှာ ပြည်သူဟာ ဘယ်လမ်းနဲ့ ဘယ်ပုံနဲ့စပြီးတော့ လိုက်နိုင်မလဲဆိုတာကို ကျနော်တို့ စနစ်တကျ ရွေးချယ်တယ်။
အဲဒီအခါကျတော့ ခေါက်ရိုးကျိုးထားပြီးသားဖြစ်တဲ့ ဒီ ချုံးချုံးကျထားတဲ့ ပြည်သူတွေရဲ့အခြေအနေကို ကျနော်တို့က ပြန်ပြီးတော့ အင်အားသွင်းရတယ်။ တဖြည်းဖြည်းနဲ့ ထထိုင်လာနိုင်အောင်၊ ထိုင်ရာကနေ မတ်တပ်ရပ်နိုင်အောင်၊ ပြီးရင် ဖြည်းဖြည်းတွဲပြီးတော့ လျှောက်နိုင်အောင်ပေါ့။
အဲဒီလိုရွေးကြတယ်ဆိုတဲ့နေရာမှာ ကျနော်တို့ အကြမ်းမဖက်တဲ့နည်းကိုပဲ ကျနော်တို့ သုံးရသေးတယ်။ ဆိုတော့ ဒီနှစ်ခုကြားထဲမှာ ကျနော်တို့လှုပ်ရှားရတာ အင်မတန်ခက်ခဲပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တဘက်က အဆင့်ဆင့်သော အာဏာပိုင်တွေက စိတ်မထင်ရင် မထင်သလို အပေါ်တမျိုး အောက် တမျိုးတွေနဲ့ ကျနော်တို့ ကြုံရတယ်။ ဟိုတနယ်မှာ တနည်း၊ ဒီဘက်နယ်မှာ တဖုံဆိုတာ ကျနော်တို့ ကြုံရတယ်။ ဆိုတဲအခါ ကျတော့ ပြည်သူလူထုလိုက်ပါလာနိုင်တဲ့နည်းကို ကျနော်တို့ရွေးတဲ့နေရာမှာ ကျနော်တို့ဟာ ကိုယ်ကိုယ်နှိုက်ကတော့ စိတ်ရောကိုယ်ပါ ပေးဆပ်နိုင်မှုအားလုံး ရယ်ဒီဖြစ်ရင် ဖြစ်မှာပေါ့။ ဒါပေမယ့် ပြည်သူ့ဘက်က လိုက်နိုင်မှုဆိုတာရော ရှိသေးတာကိုး။
အဲဒါကြောင့် ကျနော်တို့က ကျနော်တို့ရှေ့တလှမ်းလေး ဦးဆောင်လိုက်၊ ပြည်သူလူထုလိုက်နိုင်တဲ့အခါကျရင် နောက် တလှမ်းကိုတက်လိုက်၊ ဒီနည်းကိုပဲ သွားရမှာ။ နောက်လာမယ့် ကျနော်တို့ရဲ့ ကန်ပိန်းတွေမှာလည်း ဒီထက်ပိုပြီးတော့ ကျယ်ပြန့်ရမယ်၊ ထိရောက်မှုရှိရမယ်၊ ပြည်သူတွေရဲ့ တကယ့်သဘောထားအစစ်အမှန်ကို ထင်ဟပ်နိုင်တာမျိုးကို နည်းမျိုး စုံနဲ့ ကျနော်တို့သုံးမယ်။ တကယ့် အရေးကြီးတဲ့ သမိုင်းအချိုးအကွေ့မှာ ပြည်သူလူထုရဲ့ ပူးပေါင်းမှုဟာ အင်မတန် လိုအပ်တာမို့ လိုအပ်သလို ထုတ်ပြီးတော့ သုံးနိုင်တဲ့အနေအထားရောက်တဲ့ အထိ ကျနော်တို့ စနစ်တကျ အလုပ်လုပ် သွားမှာဖြစ်တယ်။
မေး။ ။ နောက်ဆုံးအနေနဲ့ ဒေသတွင်းနိုင်ငံ အစိုးရတွေနေနဲ့ ဒီမိုကရေစီရေးကို မထောက်ခံဘဲနဲ့ စစ်အစိုးရနဲ့ပေါင်းပြီး စီးပွားဖြစ်ဖို့ အဓိကဆိုတဲ့ ပေါ်လစီပေါ်မှာရော ဘယ်လိုမြင်လဲဗျ။
ဖြေ။ ။ ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ဂုဏ်သိက္ခာဆိုတဲ့ ကိုယ်ကျင့်တရားနဲ့ နောက်တခုက ကိုယ်ကျိုး စီးပွားဆိုတာ အမြဲတမ်းရှိကြပါတယ်။ ဆိုတော့ လူပဲဖြစ်ဖြစ်၊ နိုင်ငံပဲဖြစ်ဖြစ် ကိုယ်ကျိုးစီးပွားပေါ်တော့ အခြေခံကြတယ်။ ဒါပေမယ့် ဂုဏ်သိက္ခာမဲ့၊ ကျင့်ဝတ်မဲ့တဲ့ အကျိုးစီးပွားသက်သက်တော့ မဖြစ်သင့်ဘူး။ အဲဒီတော့ ဂုဏ်သိက္ခာလည်း ရှိတယ်၊ အကျိုးစီးပွားလည်း မှန်မှန်ကန်ကန်ပါမယ်ဆိုတဲ့ နှစ်ဘက်လွှဖြစ်တဲ့ ကြိုးပမ်းမှုမျိုးကို စဉ်းစားဖို့သင့်ပါတယ်။
အစိုးရတွေဟာ ပြည်သူလူထုတွေရဲ့ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမဟုတ်ရင်တော့ ဆိုးတာပေါ့ဗျ။ သူတို့နည်း သူတို့ဟန်နဲ့ အင်အားတွေနဲ့ အာဏာယူထားကြတဲ့ အစိုးရ အစိုးရချင်း ဆက်ဆံရေးဆိုတာ တကယ်တော့ ကျဉ်းမြောင်း လွန်းပါတယ်ဗျ။ တကယ့်တကယ်က နိုင်ငံသားအချင်းချင်း ဆက်ဆံရေးသာလျှင် ရေရှည် အကျိုးစီးပွားဖြစ်မယ်လို့ ကျနော် ယုံကြည်တယ်။ အဲဒီတော့ ကျင့်ဝတ်ဂုဏ်သိက္ခာအရကော ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး၊ နိုင်ငံတခုစီရဲ့ အကျိုးစီးပွား တွေရောရှိတဲ့ ဆက်ဆံရေးမျိုးကို ကျနော်တို့က ကြိုဆိုပါတယ်။ အဲဒီလိုပဲ ဖြစ်စေချင်တယ်။
ကျနော်တို့ တိုင်းပြည်ရဲ့ ပြဿနာကို ဖြေရှင်းကြတဲ့နေရာမှာ ကျနော်တို့တိုင်းပြည်မှာ တကယ်ပြဿနာတွေ ရှိနေတယ် ဆိုတာကို လုံခြုံရေးကောင်စီမှာ ဗီတိုအာဏာနဲ့ ပယ်ချခဲ့တဲ့ နိုင်ငံကြီးတွေကတောင် ၀န်ခံထားရတယ်။ ကောင်းပြီ၊ ဒီတော့ ကျနော်တို့ရဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတဲ့နေရာမှာ အငြင်းပွားမှုတွေကိုဖယ်ပြီးတော့ အားလုံးကို ဘုံလုပ်လို့ရတဲ့ လုပ်ငန်းစဉ်တခုကို ရှာလို့ရပါတယ်။အဲဒါက ဘာလဲဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ လတ်တလော စိတ်ကြိုက်ခြယ်လှယ်နေတဲ့ အင်အားရှိတဲ့လူက စိတ်ကြိုက် လုပ်စတမ်းဆိုတဲ့ ရလဒ်မျိုးကို လက်မခံဘူး။ အများရဲ့ သဘောတူညီမှုကို ယူပါဆိုတဲ့ အချက်မျိုးဟာ ဘုံသဘောတူညီချက်၊ ဘုံလုပ်ငန်းစဉ်အနေနဲ့ ပူးပေါင်းပြီးတော့ လုပ်လို့ရတယ်။ အဲဒီတော့ တကယ်တမ်း မှန်မှန်ကန်ကန် စေတနာရှိတယ်ဆိုရင် ကျနော်တို့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားမျက်နှာကိုလည်း ကြည့်ပါ။
အစိုးရ အစိုးရချင်း ပြေလည်ရေးဆိုတာက ယာယီပဲ ဖြစ်ပြီးတော့ သမိုင်းမှာ အားနည်းပါတယ်။ အဲဒီလို အားနည်းမှုတွေ ဖြစ်သွားနိုင်တယ်ဆိုတာ ကျနော်ကြိုပြီးတော့ ပြောထားချင်တယ်။ ။