ကိကိရဲ့ ဘလော့မှာ မဖြူဖြူသင်း အကြောင်း ရေးထားပါတယ်။
လိပ်စာက http://www.kiki-idiotlove.com/2009/07/blog-post_07.html ဖြစ်ပါတယ်။
အဲဒီကို သွားလို့မရရင် http://moemaka.com/index.php?option=com_content&task=view&id=4456&Itemid=1 မှာလည်း တင်ထားပါတယ်။
အပြည့်အစုံ ဖတ်ဖို့ read more ကို နှိပ်ပါ။ read more ပျက်နေရင် ခေါင်းစဉ်ကို နှိပ်ပါ။
အမှတ်တရများထဲမှ အမှတ်တရတခု ...
Posted by kiki Jul 7, 2009
ရောက်ခဲ့ ရပြန်ပြီပေါ့ ဇူလိုင်လ ၇ ရက်နေ့ ။
ဇူလိုင် လ မှာ မြန်မာနိုင်ငံတော် အတွက် သမိုင်းတွင် ရတဲ့  ဝမ်းနည်းကြေကွဲ စရာ အဖြစ်အပျက် ဖြစ်ခဲ့ ရတဲ့ရက် နှစ်ရက် ရှိတာ အတိတ် မမေ့တတ်ကြသူများ မှတ်မိကြမယ်လို့ မျှော်လင့် ပါတယ် ။
နိုင်ငံ တခုရဲ့  စစ်မှန်သော အစိုးရ ဆိုတာ မိမိတို့ တိုင်းသူပြည်သားတွေရဲ့ အသက် အိုးအိမ် ကို ကာကွယ် စောင့်ရှောက်ပြီး နိုင်ငံသားတွေရဲ့  စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေး အစရှိသည်တို့ ကို အဆင်ပြေ ချောမွေ့ စေအောင်
လုပ်ဆောင်ပေးကြရ မှာ ဖြစ်တယ် ။ အကယ်၍ ဒီ အစိုးရ အနေဖြင့် ထို ကိစ္စ အဝဝ တို့ ကို ရာနှုန်းပြည့် မလုပ်ဆောင် ပေးနိုင်ပါက ကူညီလုပ်ဆောင်ပေးမည့် အဖွဲ့ အစည်း တို့ ၏ ကမ်းလှမ်းချက်များကို လက်ခံ ပြီး ပြည်သူ့ အကျိုးကို ရှေးရှု ဆောင်ရွက်ပေးသင့်ပါတယ် ။
ပြည်သူ့ အကျိုးကို လုံးဝ ဥပက္ခာ ပြုကာ မိမိတို့၏ ကိုယ်ကျိုးစီးပွားကိုသာ ရှေးရှု နေကြသော အစိုးရတို့မှာ မိမိတို့ အာဏာ တည်မြဲရေးအတွက် ကိုယ့်လူမျိုး ကိုယ့်ပြည်သားများကို မတရားတဲ့ အမိန့်  အာဏာများဖြင့် ဖိနှိပ်ချုပ်ချယ်ကြတာတွေကြောင့် ဒီလို အခြေအနေမျိုးမှာ အုပ်ချုပ်သူ နှင့်  အုပ်ချုပ်ခံသူ လူတန်းစား ၂ ရပ်အကြား မှာ ပဋိပက္ခတ်များ ဖြစ်ပေါ်ခဲ့ ရတာ မထူးဆန်း လှပါဘူး ။
ဒါပေမဲ့ ထူးဆန်းတာ တချက်ကတော့ ဒီလို ဖိနှိပ်အုပ်ချုပ်ရုံမျှမကသေး ၊ နင်းပြားဘဝဖြင့် အတိဒုက္ခရောက်နေကြသူများအား လူသားချင်းစာနာစိတ် ကင်းမဲ့ စွာ လျှစ်လျှုပြုထားခြင်းအပြင် ၊ မေတ္တာစိတ် ၊ လူစိတ် အပြည့်ဖြင့် အိတ်စိုက် ကူညီ ပေးကြသူများ ကိုပါ ဖမ်းဆီး ချုပ်ချယ် နှိပ်ကွပ်ခြင်း ပြု ကြတာ ၊ ဘယ်လို ခံယူချက်မျိုးဖြင့် ပါလဲ ဟု အဖြေမရှိတဲ့ မေးခွန်း တခု ကို ထုတ်မိပါတယ် ။
ဒီနေ့ မှာ လွန်ခဲ့တဲ့  ၄၇ နှစ်က အဖြစ်အပျက်ကြောင့် မြန်မာပြည်ရဲ့  သမိုင်းမှာ ဖျောက်ဖျက်လို့ မရတဲ့ အမည်းစက် စွန်းထင်းစေခဲ့တဲ့  အာဏာရှင် စစ် အစိုးရ ရဲ့  လူမဆန်တဲ့ လုပ်ရပ်တွေ များလှစွာ ထဲ မှ ခု ဒီဖက်ခေတ် က လတ်တလော အကြောင်း အရာလေး တခု ကို ဖေါ်ပြ ပေးလိုပါတယ်။
၇.၇.၁၉၆၂ မှာ ဖြစ်ပေါ်ခဲ့ ရတဲ့ ဥဒါန်းမကြေ အဖြစ်မှန်တွေကို ကြည့်လို ဖတ်လိုပါက ကိုလူထွေး နှင့် မသဒ္ဒါ တို့ ရဲ့ ဘလောဂ် များမှာ သွားရောက် ဖတ်ရှု နိုင်ပါတယ် နော် ။
AIDS ခေါ် ကိုယ်ခံနိုင်စွမ်းအားကျဆင်းမှုရောဂါ ကြီး ဟာ လွန်ခဲ့ သော ဆယ်စုနှစ် နှစ်ခုကျော်အချိန်မှ ၍ လူသားများကို ခြိမ်းခြောက်လျှက်ရှိတဲ့ ရောဂါဆိုးကြီး ဖြစ်ပြီး ကမ္ဘာ နိုင်ငံ အသီးသီး၌ တာဝန် ရှိ ပြီး တာဝန်သိတတ်ကြသော အစိုးရ အဖွဲ့ အစည်း များမှ အင်တိုက်အားတိုက် ကာကွယ် တိုက်ဖျက်ရင်း ဝေဒနာ သည်များကို စောင့်ရှောက် ကုသပေးနေကြပါတယ် ။
မြန်မာတပြည်လုံးအတိုင်းအတာဖြင့် ပြောရလျှင် AIDS ရောဂါ ခံစားနေရသူပေါင်း ၂၅၀၀၀၀ အနက် ဆေးကုသမှုခံယူနိုင်သော လူနာပေါင်းမှာ ၁၅၀၀၀ ခန့် သာ ရှိပါတယ် ။အစိုးရ မဟုတ်သော အဖွဲ့ အစည်း NGO အကူအညီ ရရှိသူမှာ ၄၀၀၀ ခန့် သာ ရှိပါတယ် ။
ရောဂါကြောင့်သေဆုံးရသူ အရေအတွက် မှာ တနှစ်ထက်တနှစ် မြင့် မားလာရာ ယခုနှစ်တွင် ၂၅၀၀၀ ရှိမည်ဟု ခန့် မှန်းထားကြပါတယ် ။
အဆိုပါ ARV ဆေးတွဲတန်ဖိုး မှာ တလစာ ရောဂါပထမအဆင့် (၂၅,၀၀၀၊ ၃၀,၀၀၀) ကျပ်၊ ဒုတိယအဆင့် (၅၀,၀၀၀) ကျပ်ခန့်ရှိပြီး ပြည်တွင်းကုမ္ပဏီ လေးငါးခုအပြင် ဆေးဆိုင် တိုင်း၌ လိုသမျှ ၀ယ်ယူရရှိနိုင် ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံအတွင်းရှိ ရောဂါဝေဒနာ ခံစားနေရသူ အများစုမှာ ဒီလို ဈေးကြီးသော ဆေးများကို ဝယ်ယူသုံးစွဲ ဖို့ မတတ်နိုင်ကြ တဲ့အတွက် ရောဂါ ဆိုးကို အရှုံးပေးကာ အသက်ဆုံးရှုံး ရသူပေါင်း မနဲလှပါ ။
အဲဒါတွေက တော့ ခု လောလောဆယ် မြန်မာပြည်မှာ ရင်ဆိုင် နေရတဲ့ ရောဂါ အခြေအနေ ၊ ကုသရေး အခက်အခဲ တွေနဲ့ ရောဂါသည်တို့ ရဲ့  လျှစ်လျှု ရှု ခံစား နေရတဲ့  အကြောင်းများ ထဲ က တစိတ်တဒေသပါ။
ဒီအကြောင်းတွေ ကို ပြောမယ်ဆိုရင် သူ မ အကြောင်းကို ချန်လှပ်ထားလို့ မရ နိုင်ပါဘူး ။
အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ကူညီစောင့်ရှောက်သူအဖြစ် ထင်ရှားတဲ့ မဖြူဖြူသင်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ လူငယ်အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဘက်များနှင့်အတူ အေအိုင်ဒီအက်စ်ရောဂါ ကာကွယ်တိုက်ဖျက်ရေး၊ ပညာပေးရေးလုပ်ငန်းများကို ၂၀၀၂ ခုနှစ်မှစပြီး တစိုက်မတ်မတ် လုပ်ကိုင်နေသူ ဖြစ်ပါတယ် ။ ရ နှစ်အတွင်း လူနာပေါင်း ၁၈၀၀ ကျော်ကို ကူညီခဲ့ တဲ့ မဖြူဖြူသင်း ဟာ ၂၀၀၀ ခုနှစ်က ဒေါ် အောင်ဆန်းစုကြည်ရဲ့  ရွေးကောက်ပွဲ ခရီးစဉ်ကို လိုက်သွားတာရင်းနဲ့  ဦးဆုံး အကြိမ် အဖမ်း ခံရပြီး ထောင်ထဲရောက်သွားတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ သူသွားမြင်လိုက်ရာမှ စိတ်ထဲမှာ တော်တော်ခံပြင်းသွားပြီး အဲ့ဒီထောင်ထဲမှာ တင် သူမ နိုင်ငံရေးဆက်လုပ်မယ် ဆိုတဲ့ အဲ့ဒီလိုမျိုးစိတ်ဓါတ်ကို ချခဲ့တယ်။ လေးလကျော်ထောင်ကျပြီးပြန်ထွက်လာပြီး ကတည်းက အေအိုင်ဒီအက်စ် ဝေဒနာသည်များကို ကူညီစောင့်ရှောက် တဲ့လုပ်ငန်းကို စပြီးလုပ်လာခဲ့ ပါတယ်။
အန်အယ်ဒီပါတီက ဖွင့်လှစ်ပို့ချတဲ့ HIV/AIDS ကာကွယ်စောင့်ရှောက်ရေးသင်တန်းတွေ UNDB ကုလသမဂ္ဂဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေက ဖွင့်လှစ်တဲ့သင်တန်းတွေကို တက်ရောက် ခဲ့ပြီးတော့ တစိုက်မတ်မတ် စေတနာ့ဝန်ထမ်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ရောဂါ ကြွမ်း နေတဲ့ လူနာတွေ ကို မရွံမရှာ ကိုယ်ဖိရင်ဖိ ပြုစု စောင့်ရှောက်ပေး တဲ့ အတွက် လူနာတွေရဲ့ အားကိုးခြင်း ကို ခံခဲ့ ရတယ် ၊ တချို့ လူနာတွေ ဆို သူမ ကိုတွေ့ တာနဲ့  တင် ရောဂါ တဝက်လောက် သက်သာ တယ်လို့ ပြောဆို ကြပါတယ်။
သူမ ဟာ ၂၀၀၇ ခုနှစ် မတ်လက Czech သမ္မတနိုင်ငံ၊ People in Need ဖောင်ဒေးရှင်းက ပေးအပ်သော Homo Homini ဆုကို ချီးမြှင့်ခံရခဲ့ရပါတယ်။ မြန်မာပြည်နိုင်ငံရေး လှုပ်ရှားမှုထဲမှ ထင်ရှားသည့် အမျိုးသမီးများဖြစ်ကြတဲ့ မစုစုနွေး၊ မနီလာသိန်းတို့နှင့်အတူ ပူးတွဲချီးမြှင့်ခံရခြင်းဖြစ်ပါတယ်။ ထိုဆုမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလုပ်ငန်းများမှာ စွမ်းစွမ်းတမံဆောင်ရွက်သူတွေ ၊ နိုင်ငံရေး ပဋိပက္ခများတွင် အကြမ်းမဖက်သည့်နည်းဖြင့် လှုပ်ရှားသူတွေ ကို ပေးအပ်သည့်ဆုဖြစ်ပါတယ်။
ဒီဆု ကို ချီးမြှင့်ခံရကြောင်း သိရတော့ သူ ပြောခဲ့တဲ့ စကားလေးများက ဒီလိုပါ ။ ..
“ ဒီဆုကို ပေးလိုက်တယ် ဆိုကတည်းကလေ ကျမတို့ မြန်မာပြည်မှာ လူ့အခွင့်အရေးရော၊ ဒီမိုကရေစီအရေးရော ဆုံးရှုံး နေတာ ဆိုတာပေါ့နော်၊ ဟိုး ရှေး တော်တော်ကြာကြာကတည်းက ကျမတို့ ကြိုးစား လာခဲ့ကြတာပေါ့နော်၊ လွတ်လပ်ရေးအတွက်ရော၊ ဒီမိုကရေစီအတွက်ပေါ့နော်၊ အဲဒီအတွက်ကို၊ ကြိုးပမ်းလာတဲ့ လူတွေအတွက်ကို ရည်စူးပြီးတော့ ပေးတယ်လို့ ကျမ ခံယူတယ် လေ၊ အခု(၃)ယောက်ကို ပေးတယ်ပေါ့လေ၊ ဒီ(၃)ယောက်ကို ပေးတယ်လို့လည်း ကျမ မခံယူဘူး၊ အဓိကကတော့ ဒီစက်တင်ဘာမှာ ဖြစ်သွားတဲ့ ကိစ္စပေါ့နော်၊ ဒီမိုကရေစီရေးရယ်၊ လူ့အခွင့်အရေး ရယ်၊ လွတ်လပ်ရေးအတွက်ကို ရဟန်း သံဃာတွေရော ၊ ကျောင်းသား ပြည်သူလူထုတွေရော သူတို့ အသက်စွန့်ပြီး ကြိုးပမ်းခဲ့ကြတယ်၊ အဲလို လူတွေ အားလုံးအတွက်၊ ရဟန်းသံဃာတွေ၊ အဖမ်းဆီး နှိပ်စက်ခံပြီး လုပ်ထားသူတွေ အတွက် ရည်ရွယ် ပြီးပေးတာလို့လည်း ကျမအနေနဲ့ ခံယူတယ်လေ၊”
ဒီအမျိုးသမီး(၃)ဦးစလုံးရဲ့ ကိုယ်စား ရရှိခဲ့ဆုကိုတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက နိုင်ငံရေး အကျဉ်းသူဟောင်း မလဲ့လဲ့နွယ်ကနေ သွားရောက် ရယူ ခဲ့ ပါတယ်၊ ဒီဆုဟာ (၂၀၀၀)ခုနှစ်က ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်ကို ပေးအပ်ခဲ့တဲ့ ဆုလည်း ဖြစ်ပါတယ်၊ ဒီဆုဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေသူတွေ။ နိုင်ငံရေး ပဋိပက္ခတွေမှာ တစိုက်မတ်မတ် ရင်ဆိုင်ဖြေရှင်းနေသူတွေကို ချီးမြှင့်တဲ့ ဆုလည်းဖြစ်ပါတယ်။
သူမ ဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းပွဲ များကို ဦးဆောင်ပြုလုပ်သောကြောင့် ၂၀၀၇ ခု မေလ ၂၁ ရက်က အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ထပ်မံ ခံခဲ့ရပါတယ် ။
သူမ မှာ ပန်းနာရင်ကျပ်ရောဂါ ရှိနေပေမဲ့ သူ့ ကျန်းမာရေး ကိုတောင် အလေးမထားဘဲ ထောင်ထဲမှာ အစာ ငတ်ခံ ဆန္ဒပြ ခဲ့ ပါသေးတယ် ။
အဲဒီနောက် ပြန်လွတ်လာပြီး စေတနာ့ဝန်ထမ်း အလုပ်တွေကို အားကြိုးမန်တက် ဆက်လက် လုပ်ကိုင် နေခဲ့ပါတယ် ။
ဒီလိုနဲ့ ၂၀၀၇ သြဂုတ်လအတွင်း နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သော ထင်ရှားသည့် လူငယ်များ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရချိန်မှစပြီး အခြေအနေ အရ လူမြင်ကွင်းမှ ပျောက်ကွယ်အောင် တိမ်းရှောင် နေထိုင် ခဲ့ ရပါတယ် ။
ဤအချိန်အတွင်း သူ၏လူနာအချို့တည်းခိုနေထိုင်သည့် ရန်ကုန်မှ မဂ္ဂင်ကျောင်းတိုက် ချိတ်ပိတ်ခံခဲ့ရပြီး၊ ဖခင်ဖြစ်သူလည်း ရုတ်တရက် ကွယ်လွန်ခဲ့ ရ ပါတယ် ။
ဤသို့  အများအကျိုး ၊ အေအိုင်ဒီအက်စ် ရောဂါ သည်များ အား ကိုယ်ထိလက်ရောက် ပြုစု စောင့်ရှောက်ပေးခဲ့သူ
မဖြူဖြူသင်းကိုယ်တိုင် ရေးသားခဲ့သော အောက်ပါ ကဗျာလေးကို ( ဖြူဖြူသင်းဘလော့ဂ် မှ ကူးယူဖော်ပြပါသည်)
ဝေးမျက်ရည်
နိုင်ငံခြားသွား သားက
ပြန်ရောက်လာတယ်၊
ဗမာပြည်တွင်းရှိရင်း သမီးက
အဖေ့ရဲ့ နောက်ဆုံးခရီးအတွက်
ထွက်မလာနိုင်ခဲ့ဘူး။
ဒီတိုင်းပြည် စနစ်ဆိုးမှာ
ဒီအဖြစ်မျိုးတွေ ဘယ်လောက်ကြုံနေရပြီလဲ။
အဖေမျှော်တဲ့ သမီး
သမီးတွေ့ချင်တဲ့ ဒီအဖေ
ဘယ်ကြမ္မာဆိုးတွေက ခြားထားသလဲ။
သမီးမရောက်နိုင်တဲ့ အဖေ့ဈာပန
သမီးအမျှဝေသမျှ အဖေရပါစေ
သေခြင်းတရားကြောင့် ဘ၀ခြားလည်း
အဝေးကရှိုက်တဲ့ သမီးမျက်ရည်
ကြားမယ်ထင်တယ် အဖေ …။ ။
(့ ဖြူဖြူသင်း )
သူမလို လူများ အမြောက်အများ ပေါ်ထွက် ပြီး မြန်မာ ပြည်သားတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကို ပံ့ ပိုး ပေးနိုင်ကြပ်ါစေ ။
အာဏာရှင် စစ်အစိုးရ အမြန်ဆုံး ကျဆုံး ပါစေ ။
သွေးမြေကျ ရသော အဖြစ်ဆိုးများ နောင် ခေတ် အဆက်ဆက်မှာ မရှိ ပါရစေနဲ့  ။
အောက်ပါ နေရာများမှ အချက်အလက်များ ကိုးကား ပြီး ရေးသားဖေါ်ပြ အပ်ပါတယ် ။
http://burmese.bnionline.net,
http://www.khitpyaing.org
http://www.drlunswe.blogspot.com/
မှတ်မှတ်ရရ | edit post
11 comments:
1.
ဂျူနို Says:
July 7, 2009 2:23 AM
2.
ဟုတ်တယ် ကိုယ့်ဖခင်နေမကောင်းလို့တောင် ဆေးရုံမှာလာကြည့်ခွင့်မရအောင် ဂူဝမှာ မြေခွေးတွေ ဝိုင်းစောင့်နေကြတယ်
ကဗျာဖတ်ရတာ မျက်ရည်တောင်ဝဲရတယ်
3.
ကိုလူထွေး Says:
July 7, 2009 2:40 AM
4.
ဖြူ...စင်မြင့်မြတ်တဲ့ စိတ်ထား
ဖြူ...လွင်တောက်ပတဲ့ စိတ်ဓာတ်အားနဲ့
သင်း...ရနံ့တို့ မွှေးပျံ့ကြိုင်
5.
မြူးသျှရီ Says:
July 7, 2009 4:06 AM
6.
ဖြူ...စင်မြင့်မြတ်တဲ့ စိတ်ထား
ဖြူ...လွင်တောက်ပတဲ့ စိတ်ဓာတ်အားနဲ့
သင်း...ရနံ့တို့ မွှေးပျံ့ကြိုင်
ဖွားကိးးးးးး
မြူးလေးကလေရေးချင်တာကလေ
အမျိုးမျိုးလေ ဒါပေမဲ့ရေးတတ်ဖူးရယ်လေ
ဒါကြောင့်ဦးလူထွေးကော်ပီနော်ချိတ်ချိုးနဲ့နော်
ခင်တဲ့
မြူးလေး
7.
အောင်သာငယ် Says:
July 7, 2009 4:59 AM
8.
လွတ်မြောက်ရေးသူရဲကောင်းများ ကိုယ်ရောစိတ်ပါကျန်းမာပါစေ...
9.
ခြေလှမ်းသစ် Says:
July 7, 2009 12:23 PM
10.
ဒီမှာကြည့်လေဗျာ ပြည်သူကို ချစ်တယ်ဆိုတာ ငွေမလို အာဏာ မ မက် ပေးချင်တာက အသက် ... ဒါတွေကို ခေါင်းဆောင်လို့ ခေါ်တယ်ဗျ ... ဤနေ၇ာကနေ မဖြူဖြူ သင်းကို ဂါရ၀ ပြုလိုက်ပါတယ်..
ကိုဇော်
11.
Moe Cho Thinn Says:
July 7, 2009 1:39 PM
12.
သူကတော့ အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ မေတ္တာရှင်မလေးပဲ။
“ထောင်ထဲရောက်သွားတဲ့အချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေ သူသွားမြင်လိုက်ရာမှ စိတ်ထဲမှာ တော်တော်ခံပြင်းသွားပြီး အဲ့ဒီထောင်ထဲမှာ တင် သူမ နိုင်ငံရေးဆက်လုပ်မယ် ဆိုတဲ့ အဲ့ဒီလိုမျိုးစိတ်ဓါတ်ကို ချခဲ့တယ်” တဲ့။
ထောင်ထဲရောက်သွားတဲ့အချိန်မှာ တချို့က ကြောက်သွားတယ်၊ တချို့က ငြိမ်သွားတယ်၊ တချို့က ပိုရဲလာတယ်။ မဖြူဖြူသင်းကတော့ လေးစား အားထားရတဲ့ ပြည့်သူ့ သမီးကောင်းပါပဲ။
13.
မေဇင် Says:
July 7, 2009 1:51 PM
14.
မမ ရေ...မဖြူဖြူသင်း ကိုသတင်းကြားထဲက လေးစား ချစ်ခင်နေခဲ့တာပါ..သူဘလော့လေး ရှိမှန်းမသိဘူး..ကျေးဇူး အထူးတင်ပါတယ်ရှင်..။ သူတို့လို လူဖြစ်ချင်ပါတယ်..။
15.
ခင်မင်းဇော် Says:
July 7, 2009 11:05 PM
16.
သူရဲကောင်းတွေဆိုတာ ... အာဏာရှင်ကို ဘယ်တော့မှ ဒူးမထောက် .. ထောင်ဆိုတာ ရဲဝံ့သူတို့အတွက်တော့ သံမဏိဖြစ်စေတဲ့ ပန်းပဲဖိုပေါ့....
17.
Aung San Says:
July 8, 2009 12:50 AM
18.
လေးစားပါတယ် မဖြူဖြူသင်း။
ကျေးဇူးတင်ပါတယ် မကိကိ။
ဦးညွှတ်ပါတယ် အမှန်တရားချစ်သူ သတ္တိရှင်အပေါင်း။
19.
ငှက်ကလေး Says:
July 8, 2009 1:06 AM
20.
ဖတ်ရတာ စိတ်မကောင်းဘူး ဖွားကိရယ် ဂနေ့ တနေ့လုံး လူလဲ သိပ်စိတ်မကြည်ဘူးရယ် သက်ပြင်းပဲ ခဏ ခဏ ချနေရတယ် လူလဲ ကြာရင် မြန်မြန် အသက်တိုတော့မယ် ထင်ပါရဲ့ကွယ် ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
21.
မိုးခါး Says:
July 13, 2009 12:39 PM
22.
ဖတ်ရတာစိတ်မကောင်းလိုက်တာ ..း(
Showing posts with label portrait. Show all posts

Tuesday, July 14, 2009
Saturday, September 15, 2007
ba swe lay ( by tin moe )
[ဘဝရုပ်ပုံလွှာကဏ္ဍတွင် ဆရာကြီးဦးတင်မိုးက သူ့ဘဝတလျောက်တွေ့ကြုံသိကျွမ်းခဲ့ရသည့် လူပုဂ္ဂိုလ်များအကြောင်းကို ရေးသားတင်ပြ ပါမည်။ အားကျဖွယ် လေးစားဖွယ် အတုယူဖွယ် သင်ခန်းစာယူဖွယ်ကောင်းသော လူပုဂ္ဂိုလ်များအကြောင်းကို ဖတ်ရှုရင်း သမိုင်းနောက်ခံ ကားချပ်များကိုလည်း တစေ့တစောင်း သိနိုင်မည်ဖြစ်ရာ စာဖတ်သူများအတွက် အကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း]
ဘ၀ရုပ်ပုံလွှာ (၃)
ဗဆွေလေး (သို့မဟုတ်) လက်ဝဲစာလုံးတီထွင်သူ
တင်မိုး
ကျွန်တော်တင်ပြချင်တဲ့ ရုပ်ပုံလွှာတချပ်ကတော့ ရန်ကုန်တက္ကသိုလ်ရဲ့ နောက်ဆုံးတကသဥက္ကဌဖြစ်တဲ့ ကိုဗဆွေလေးပါ။ သူက ဘိုကလေးသား။
ကိုဗဆွေလေးကိုမြင်ရရင် မျက်နှာကလေးချောင်ပြီး ပင်ပန်းနွမ်းနယ်နေဟန် ပုံသဏ္ဌာန်ပါ။ အိပ်ရေးမ၀တဲ့ အခြေအနေနဲ့ တူပါတယ်။ သူ့အပြုံးကလေး လျော့ရဲရဲအပြုံးလို့ ဆိုနိုင်ပါတယ်။ ဆံပင် သပ်သပ်ရပ်ရပ် ဖီးသင်ထားခြင်းမရှိ။
သူ့ကို နာမည်သာကြားဖူးပေမဲ့ လူချင်းမတွေ့ဖူးပါ။ ၁၉၆၀ - ၆၁ ခုနှစ် ကျွန်တော် ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဂုဏ်ထူး သင်တန်း လာတက်စဉ်က တ.က.သ လက်ဖက်ရည်ဆိုင်မှာ စတင်တွေ့ဖူးခြင်းပါပဲ။
ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနမှာ ဆရာမင်းသုဝဏ် ပါမောက္ခဖြစ်ပြီလို့ သတင်းစာထဲမှာ တွေ့လိုက်ရတော့ ကျွန်တော်ဟာ ဆရာမင်းသုဝဏ်ရဲ့ ပို့ချက်မှုကိုခံယူချင်တာနဲ့ ရန်ကုန်တက္ကသိုလ် ပြောင်းခဲ့တာပါ။
အရင်နှစ်က မန္တလေးတက္ကသိုလ် မြန်မာစာဌာနမှာ ပထမနှစ် မြန်မာစာဂုဏ်ထူးသင်တန်း တက်ခဲ့ပါတယ်။ မန္တလေး သီးခြား တက္ကသိုလ်နှစ်ရဲ့ ပထမဦးဆုံး စာမေးပွဲပါ။ ကျွန်တော် ဂုဏ်ထူးတန်းပထမနှစ် ကျခဲ့ပါတယ်။ သမိုင်းဘာသာမှာ စာမေးပွဲ ကျခဲ့ခြင်း ဖြစ်ပါတယ်။
ယခင့် ယခင်နှစ်များက သမိုင်းဘာသာကျရှုံးသူ မရှိသလောက်ပါပဲ။ ၀ိဇ္ဇာ ပထမနှစ်ဆိုရင် အေးအေးဆေးဆေး အောင်ကြတာများပါတယ်။ ရန်ကုန်တက္ကသိုလ်က ဘာသာရပ်အားလုံး စစ်ဆေး အအောင်ပေးလေ့ ရှိပါတယ်။
မန်းသီးခြားတက္ကသိုလ်နှစ်မှာ သမိုင်းပါမောက္ခက ဒေါက်တာမောင်မောင်ကြီးပါ။ ယခု အမေရိကမှာ ထင်ပါရဲ့ … ပါမောက္ခက သမိုင်းကို လေးစားအောင်လုပ်မယ်လို့ ရည်ရွယ်တယ်ကြားတာပဲ။ အများအပြား အတုံးအရုံး ကျရှုံးကုန်ကြပါတယ်။ (နောင် ကျောင်းသားတွေ ဆူပူဆန္ဒပြလို့ နောက်ဆက်တွဲ အောင်စာရင်း ထုတ်ပြန်ရပါတယ်။ ကျွန်တော်လဲ အောင်ပါတယ်)။
ကျွန်တော့်ဆရာ ပါမောက္ခဦးချမ်းမြက ကျွန်တော့်အတွက် အသနားခံပေးသေးတယ်လို့ တဆင့်စကားကြားရဖူးပါတယ်။ ဒါပေမဲ့ မရပါ။ သမိုင်းပါမောက္ခက စာမေးပွဲချလိုက်တော့ ကျွန်တော့်ဂုဏ်ထူးတန်း ပြုတ်ခဲ့ရပါရော။ ဒီလိုနဲ့ …
ဒီမှာ ရန်ကုန်ရောက်လာပြီး ရဲဘော် ကိုဗဆွေလေး၊ ရဲဘော် မောင်မောင်ညွန့် (ညွန့်ကြူး)၊ ဦးစိုးသိန်း၊ ကိုလှရွှေ စတဲ့ တ.က.သ ရဲဘော်ကြီးများနဲ့ အကျွမ်းတ၀င် ခင်မင်သွားသဗျ။ အဲဒီနှစ်က တ.က.သ ဥက္ကဌ မြို့မဦးတင်အေး (နောင်အခါ ကျွန်တော်နဲ့ မယားညီအကို) နဲ့လဲ ရင်းနှီးကြတယ်။ ကိုဗဆွေလေးက တ.က.သ အတွင်းရေးမှူးကိုး။
သူက ကဗျာချစ်တယ်။ `ထွန်းသစ်´ဆိုတဲ့ နာမည်နဲ့ တက္ကသိုလ်စာစောင်တွေမှာ ကဗျာရေးတယ်။ လူသိခံပုံမရဘူး။ ပန်းချီလဲချစ်တယ်။ လက်ဝဲစာလုံး၊ တပ်ဦးစာလုံးလို့ နာမည်ကျော်တဲ့ လက်ရေးစတိုင်ဟာ သူထွင်ခဲ့တဲ့ ပိုစတာလက်ရေးပေါ့။
ကျွန်တော်သိသလောက် ကိုဗဆွေလေးဟာ တ.က.သ အလုပ်တွေကို အောက်ခြေသိမ်း ကုန်းရုန်းပြီး မအိပ်မနေလုပ်ရုံမက ရဲဘော်တွေကိုကျွေးဖို့၊ သူ့မိသားစုထောက်ပံ့ဖို့၊ သူ့ဇာတိဘိုကလေးမှာရှိတဲ့ ကျောင်းသားသမဂ္ဂရဲဘော်တွေ ရပ်တည်ဖို့ မနားမရပ် လှုပ်ခတ်တောင်ပံ အားမာန်အပြည့်နဲ့ လုပ်ကိုင်တာကို တွေ့ရတယ်။
ဒီအတောအတွင်း ပညာရေးတက္ကသိုလ်မှာ မနက် ၇ နာရီတက်ရတဲ့ ပညာရေးဒီပလိုမာလဲ မှန်မှန်တက်နေသေးတယ်။ အဲဒီတုန်းက ရန်ကုန် အလွတ်ပညာရေးကျောင်းတွေမှာ ဦးဗဆွေလေးက ပထ၀ီဘာသာ နာမည်ကျော်ဆရာ။ ဟိုကျောင်းကခေါ် ဒီကျောင်းကခေါ် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်။ လက်မလည်နိုင်။ ဒါလဲ တာဝန်ကျေပါပေ့။
တ.က.သမှာ ပိုစတာရေးရင်း ညအိပ်၊ ဖြစ်သလိုစား၊ ကျောင်းတွေလဲမပျက်၊ အလုပ်နဲ့လက် ဒရစပ်အလုပ်လုပ်တဲ့အပြင် ဘိုကလေးက ရဲဘော်တွေဖို့ ဖွင့်ပေးထားတဲ့ စာအုပ်ဆိုင်အတွက် လေဟာပြင်ဈေးက စာအုပ်ဆိုင်မျိုးစုံသွားပြီး စာအုပ်တွေ ၀ယ်ပို့ပေးရသေးတယ်။ ကျွန်တော့်ကို ရဲဘော်တွေဖတ်သင့်တဲ့ စာအုပ်တွေရွေးပေးဖို့ အကူအညီတောင်းတယ်။ ဒါနဲ့ သူနဲ့ ခင်သွားကြတာပဲ။ ဆဲဗင်းဂျူလိုင် အရေးတော်ပုံအထိ တာဝန်ထမ်းဆောင်သွားခဲ့တယ်။ တောထဲမှာ ကျဆုံးသွားသတဲ့။ ဖြစ်ရလေ ရဲဘော်ကြီးရယ် …။
နိုင်ငံ့အတွက် အဖိုးတန်သားကောင်းရတနာ အစစ်ပါ။ စံပြကျောင်းသားခေါင်းဆောင် မီးရှူးတန်ဆောင်ပါ။ ။

မူရင်း
Thursday, September 13, 2007
who is Kyaw Min Yuu?

ဝက်လက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်ရဲ့ မင်္ဂလာပွဲမှာတွေ့ရတဲ့ ကိုဂျင်မီ။)
ညစ်ညို့ညို့ အုတ်ရိုးနှစ်ထပ်နောက်က သက်တန့်ရောင် ကဗျာ
ဇွန်မှိုင်း
" - - - လည်ကတုံး ရှပ်အင်္ကျီအဖြူ လက်ရှည်ကို လက်ခေါက်တင်ထားတတ်သူ၊
ပုဆိုး (ကချင်လုံချည်) ကို ခြေသလုံးလယ်လောက်ထိ တိုတိုဝတ်တတ်သူ၊
လွယ်အိတ်ကို ထုံးထားပြီး ကိုယ်နှင့် ချပ်ချပ်ရပ်ရပ် လွယ်တတ်သူ၊
လွယ်အိတ်ထဲမှာ ဖတ်စရာစာအုပ် တအုပ် နှစ်အုပ် ထည့်ထားတတ်သူ၊
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ စည်းရုံးရေးကော်မတီမှာ အမြင့်ဆုံးတာဝန်ရှိသူ၊
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်နေတဲ့အချိန်မှာ အသက် (၁၉) နှစ်သာ ရှိသေးသူ။ - - - -"
(၁)
“အခုတခါအလှည့်ကျသူကတော့ ဆရာဗဟုလွင်ပြင်ဖြစ်ပါတယ်။ ဆရာဗဟုလွင်ပြင်ခင်ဗျား...
ဆရာ့ရဲ့ ‘ရေသံသရာ’ လို့ အမည်ပေးထားတဲ့ ကဗျာကို ရွတ်ဆိုပေးဖို့ ပန်ကြားအပ်ပါတယ်”
အခမ်းအနားမှူးရဲ့ ဖိတ်ခေါ်မှုအပြီးမှာ...
ဆရာဗဟုလွင်ပြင်ဟာ ထိုင်ရာမှ ထလိုက်ပါတယ်။
အခမ်းအနားကိုရော တက်ရောက်လာသူများကိုရော လေးစားတန်ဖိုးထားကြောင်းကို ပြသတဲ့
သဘော ပြုံးတယ်ဆိုရုံ အပြုံးနှင့် ကိုယ်ကိုအနည်းငယ်ကိုင်းညွတ်ပြီး အရိုအသေပြုပါတယ်။
ပြီးတော့ မျက်နှာဟာ တဖြည်းဖြည်းတည်လာတယ်။
ကဗျာစာရွက်ကလေးကို ဖြန့်လိုက်တယ်။
စာရွက်ကိုင်ထားတဲ့သူ့လက်ဟာ သိသိသာသာပဲ တုန်နေတယ်။ ဆရာဗဟုလွင်ပြင်ဟာ သူ့ကဗျာ
ထဲကို တိုးပြီးတိုးပြီး ၀င်သွားနေတာကို ကျနော်တို့မြင်နေကြရသလိုပဲ။ (၅) စက္ကန့်လောက်ငြိမ်သက် သွားပြီးတဲ့နောက်မှာ...
“ခေါင်းစဉ်ကို ‘ရေသံသရာ’ လို့ပေးထားပါတယ်။ အကျဉ်းထောင်ထဲမှာ ဘ၀တွေကို ပေးဆပ်နေ
ကြတဲ့၊ အကျဉ်းထောင်ထဲမှာ အသက်တွေကို ပေးဆပ်သွားကြတဲ့ ကျနော်တို့ရဲ့ ရဲဘော်တွေ
အားလုံးကို အလေးအမြတ်ပြုရင်း ကျနော် ဒီကဗျာကို ရွတ်ပါမယ်”
“ဖျောင်းဖျလို့မရတဲ့ မြားတွေကို
မူးမိုက်လဲကျ ရင်ဆိုင်ရင်း
သေဆုံးရပြန်ပြီ... အချစ်။
ခါးမှာ ချပ်ထားတဲ့
နည်းပညာတွေနဲ့
ရွက်မပါလှေကို ထိန်းကျောင်းလို့
အသက်ပြင်းပြင်းတော့ ရှုနိုင်ပါသေးတယ်။
မုန်တိုင်းအိုကြီးရဲ့ အမြီးကို ဆွဲမိတော့
ဥဒဟို တယောသံတွေ
ရေနစ်သေဆုံး
ကြားခဲ့ဖူးတဲ့ မင့် စကားလုံးတွေ
တံခါးညပ်တဲ့ အိမ်မြှောင်ဖြစ်သွား
တို့နှစ်ယောက်ရဲ့ မတူညီမှုတွေက
အမှန်တရားဖြစ်လာတော့တယ်။”
အခမ်းအနားဟာ ငြိမ်သက်နေတယ်။ ကဗျာရွတ်သံကလွဲလို့ ဘာဆိုဘာသံကိုမှ မကြားရဘူး။ ကဗျာတပိုဒ် ပြီးသွားတိုင်း၊ ပြီးသွားတိုင်း ကဗျာဆရာဟာ ကဗျာထဲကို ပိုပိုပြီးနစ်ဝင်သွားတယ်။ ဆရာပွင့်၊ ဆရာဒေါင်းဝေဇော်၊ ဆရာရိုးမဆောင်း၊ ဆရာသူရိန်၊ ဆရာတြိငြိမ်းနှင့် ဆရာစစ်ငြိမ်းလူ။ သူတို့လည်း ဆရာဗဟုလွင်ပြင်ရဲ့ ကဗျာနှင့်အတူ မင်သက်လို့။
(၂)
ကျနော်တို့ အခမ်းအနားတခု ကျင်းပနေကြတာပါ။
အခမ်းအနားက... စာဆိုတော်နေ့လည်းဟုတ်တယ်။ အမေနေ့လည်း ဟုတ်တယ်။ လူထုဒေါ်အမာရဲ့ (၈၆) နှစ်မြောက် မွေးနေ့လည်းဟုတ်တယ်။ ဒီ (၃) နေ့ကိုပေါင်းပြီး အခမ်းအနားတခု ကျင်းပနေကြ တာပါ။ ဒီအခမ်းအနားမှာ ကိုယ်တိုင်ဖန်တီးထားတဲ့ ကဗျာတွေ၊ ဆောင်းပါးတွေ၊ စာတမ်းတွေ၊
ဝတ္ထုတိုတွေနဲ့ အမေများကို ပူဇော်နေကြတာလည်းဖြစ်ပါတယ်။ အခမ်းအနားကျင်းပတဲ့ ခန်းမ
ကတော့... သာယာဝတီအကျဉ်းထောင်၊ သီးသန့် (ခ) တိုက်ရဲ့ အခန်းနံပါတ် (၄)။ အခမ်းအနား ကျင်းပတဲ့သူတွေက သီးသန့်တိုက်ဝန်းထဲက နိုင်ငံရေးအကျဉ်းသားတွေ။ ကဗျာရွတ်နေတဲ့ ဆရာ ဗဟုလွင်ပြင်ဆိုတာကတော့...
(၃)
ကျနော်ကတော့ ဆရာဗဟုလွင်ပြင်ကို ငေးကြည့်နေရင်း...
ဆရာဗဟုလွင်ပြင်ရဲ့ ကဗျာကိုခံစားနေရင်း...
ကျနော်သိခဲ့တဲ့ ဆရာဗဟုလွင်ပြင်ကို မျက်စေ့ထဲမှာ မြင်ယောင်နေမိတယ်။
ကျနော့်အတွေးတွေဟာ ၁၉၈၈ ခုနှစ်ဆီကို ပြန်ပြေးနေတော့တယ်။
(၄)
ဆရာဗဟုလွင်ပြင်ဆိုတာ ကျနော်တို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ရှစ်ဦးထဲက တဦး။ သူ့အမည်ရင်းက ဂျင်မီခေါ် ကိုကျော်မင်းယု။
အဲဒီတုန်းက... သူ့မျက်နှာက ကြည်ကြည်ရှင်းရှင်းလေး။ တိုင်းရင်းသားတယောက်ရဲ့ ကြည်ရှင်းပုံမျိုး။ နောက်မှ သိရတာ သူက အင်းသားတယောက်ပဲ။ သူငယ်ငယ် ရန်ကုန်ရောက်စက အင်းသံဝဲ၀ဲနှင့် အတန်းထဲမှာ အရမ်းအစခံရတဲ့အကြောင်း သူပြန်ပြောပြဖူးတယ်။
သူ့ကို ကျနော်မှတ်မိနေတာက...
လည်ကတုံး ရှပ်အင်္ကျီအဖြူ လက်ရှည်ကို လက်ခေါက်တင်ထားတတ်သူ၊
ပုဆိုး (ကချင်လုံချည်) ကို ခြေသလုံးလယ်လောက်ထိ တိုတိုဝတ်တတ်သူ၊
လွယ်အိတ်ကို ထုံးထားပြီး ကိုယ်နှင့် ချပ်ချပ်ရပ်ရပ် လွယ်တတ်သူ၊
လွယ်အိတ်ထဲမှာ ဖတ်စရာစာအုပ် တအုပ် နှစ်အုပ် ထည့်ထားတတ်သူ၊
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ စည်းရုံးရေးကော်မတီမှာ အမြင့်ဆုံးတာဝန်ရှိသူ၊
ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်ဖြစ်နေတဲ့အချိန်မှာ အသက် (၁၉) နှစ်သာ ရှိသေးသူ။
သူဟာ ရုံးခန်းထဲကို ၀င်လာရင်လည်း ခြေလှမ်းခပ်ကျဲကျဲနှင့် ခပ်သွက်သွက်။ ရုံးခန်းက ပြန်ထွက် သွားရင်လည်း ခြေလှမ်းကျဲကျဲနှင့် ခပ်သွက်သွက်။ ရန်ကုန်ထဲက ရုံးခန်းဟူသမျှကို လှည့်ပတ်သွား။ နယ်ကိုထွက်တဲ့အခါထွက်။ စည်းရုံးရေးလုပ်ငန်းကို မနားတမ်း လှုပ်ရှားသွားလာလုပ်ကိုင်နေတတ်သူ။
သူဟာ တခြားလူငယ်တွေလိုပဲ စိန်ခေါ်ချက်တွေ အမျိုးမျိုးကို ဘယ်လိုရင်ဆိုင် ကျော်လွှားခဲ့ရသလဲ ဆိုတာတွေကို အခါအားလျော်စွာ ကျနော့်ကို ပြောပြတတ်သူ။
(၅)
လှိုင်ကောလိပ်မှာ သတ္တဗေဒဘာသာတွဲနှင့် သူ တတိယနှစ်ကျောင်းသားအဖြစ် တက်နေတဲ့နှစ်မှာပဲ ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကျဆုံးရတဲ့ ပြဿနာပေါ်လာတယ်။ ရိုးရိုးသားသား အေးအေးချမ်းချမ်း ဖြေရှင်းရမယ့်ကိစ္စလေးကို ကြမ်းကြမ်းတမ်းတမ်းကိုင်တွယ်ရမည့် ပြဿနာကြီး တခုအဖြစ် မရိုးမသား ပုံကြီးချဲ့လာတာ။
မျက်ရည်ယိုဗုံး ဒါမှမဟုတ် မီးသတ်ကားလောက်နဲ့ လူစုခွဲပေးလို့ရပါလျက်နဲ့ ဂျီသရီးတွေ ဂျီဖိုးတွေ သုံးပြီး ကျောင်းသားအုပ်စုထဲကို ဒရစပ်ပစ်ခတ်လိုက်တာ။ ကျောင်းသားတွေရဲ့ စက်မှုတက္ကသိုလ်ဝန်းကို ရန်သူရဲ့ အခိုင်အမာစခန်းကုန်းတခုလို သဘောထားပြီး ကျားတက်ထိုးရင်း ပစ်ခတ်တိုက် ခိုက်သိမ်းပိုက်လိုက်တာ။
ကျဆုံးသွားတဲ့ ကျောင်းသားအလောင်းကို လွတ်လပ်စွာသဂြိုလ်ခွင့်တောင်မပေးဘဲ ကျောင်းသားတွေ ဆီက အတင်းညတွင်းချင်း လုယက်ယူသွားတာ စတဲ့အချက်တွေဟာ... ငြိမ်းငြိမ်းချမ်းချမ်း ပညာ သင်ကြားလိုတဲ့ ကျောင်းသားတွေရဲ့ ရင်ကို ပြီးတော့... သူ့ရင်ကို တိုက်ရိုက်ကြီးကိုပဲ တည့်တည့် ထိမှန်ခဲ့ပါတယ်။
(၆)
ဒီလိုနဲ့ တံတားနီလှုပ်ရှားမှုထဲ သူရောက်လာခဲ့တယ်။ တဖြည်းဖြည်း တရွေ့ရွေ့… ပြည်လမ်းတလျှောက် ချီတက်လာတဲ့ ကျောင်းသားတွေရဲ့ တပ်ဦးကို သူရောက်သွားတယ်။
‘ကျနော် အဲဒီတုန်းက ခေါင်းဆောင်လုပ်ရလိမ့်မယ်လို့လည်း ထင်မထားဘူး။ ကျောင်းသား လှုပ်ရှားမှု တခုကို ဦးဆောင်လှုပ်ရှားနိုင်လိမ့်မယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ယူဆမထားဘူး။ ဒါပေမယ့် ပြောကြဆိုကြရင်း ကြွေးကြော်သံတွေ အော်ကြတိုင်ကြရင်း တပ်ဦးကို ရောက်သွားမှန်းမသိ ရောက်သွားခဲ့ရတာ’
(၁၀) နှစ်လောက်ကြာသွားတဲ့အခါ သာယာဝတီအကျဉ်းထောင်ထဲမှာ ကျနော့်ကို သူပြန်ပြောပြတာပါ။ တံတားနီမှာ ပိတ်ပြီး နှစ်ဘက်ညှပ်ပြီး အရိုက်ခံရတော့ သူလည်း အရိုက်ခံရတယ်။ ဒါပေမယ့် ပြေးတာ မှန်သွားလို့ အဖမ်းတော့ မခံရဘူး။ လှည်းတန်း၊ စံရိပ်ငြိမ်၊ (၆) မိုင်ခွဲဆိုတဲ့နေရာတွေက သူ့နေရာတွေပဲ။ ဘယ်ကပြေးရင် ဘယ်ရောက်ပြီး ဘယ်ခြံစည်းရိုးကျော်ရင် ဘယ်ခြံထိ ပေါက်တယ် ဆိုတာ သူသိထားပြီးသားပဲ။ ဒါကြောင့်လည်း သူ တံတားနီလူဖမ်းပွဲက လွတ်အောင်ရှောင်ထွက်နိုင်ခဲ့ ပါတယ်။
သူ ရှောင်ထွက်လို့မရတော့တာက ...
ဒီမိုကရေစီ ရရှိရေး၊ လူ့အခွင့်အရေး အပြည့်အ၀ရရှိရေး တိုက်ပွဲကြီးပါ။
(၇)
ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီး စပြီ။ အရေးတော်ပုံကြီးကို ပုံသဏ္ဍန်အမျိုးမျိုးနဲ့ ၀ိုင်းဝန်းပုံဖော်ခဲ့ကြတဲ့ ကျောင်းသားတွေ၊ ကိုယ့်အလုပ်အဖွဲ့တွေနဲ့ကိုယ် စုစည်းကြ စုဖွဲ့ကြနဲ့။ သူလည်း ရကသကို ဦးဆောင်ဖွဲ့စည်းခဲ့တယ်။
နိုင်ငံရေး Generation Gap (မျိုးဆက်အဆက်ပြတ်မှု) ကာလကြီးတခု အသေအချာ ကြားခံခဲ့တာ ကြောင့် တစုတည်း၊ တဖွဲ့တည်း ဖြစ်ဖို့မလွယ်ခဲ့ဘူး။
ကိုညိုထွန်းတို့ ကိုထက်မိုးတို့ရဲ့ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ (ရကသ) ရှိသလို ကိုတင်ဆန်းနှင့် ကိုပြုံးချိုတို့ ဦးဆောင်တဲ့ (ရကသ) ဆိုတာလည်းရှိခဲ့တယ်။ အဲဒီလိုပဲ... ကိုဘကျော်နှင့် သူ ဦးဆောင်တဲ့ (ရကသ) ဆိုတာလည်း ရှိပြန်တယ်။ သူတို့ (ရကသ) မှာ အမှုဆောင်(၁၀) ဦးရှိပြီး သူ့အကို ကိုမျိုးမင်းယုလည်း အဲဒီအမှုဆောင်ထဲမှာ ပါတယ်။ သူတို့အခုထိ တန်ဖိုးထား တခုတ်တရ ပြန်ပြောခဲ့တဲ့ အတွေ့အကြုံတခုကတော့ ...
“တကသ မြက်ခင်းပြင်ကို ပထမဆုံး စရှင်းတာ ကျနော်တို့ပဲ။ အဲဒီရှင်းထားတဲ့ မြက်ခင်းပြင်ပေါ်မှာ ကျနော်တို့ (ရကသ) ကို စုဖွဲ့ပြီး ပထမဆုံး သတင်းစာရှင်းလင်းပွဲလုပ်တာ ကျနော် အရမ်းဂုဏ်ယူ တယ်ဗျာ။ အဲဒီဓာတ်ပုံ နောက်တနေ့ လက်ပွေ့လိုက်ရောင်းနေတဲ့ သတင်းစဉ်တွေထဲမှာ ပါလာတော့ ကျနော်ဖြင့် ကြက်သီးတောင်ထတယ်”
ဒီလိုနဲ့ ဗကသများအဖွဲ့ချုပ်(ဗကသ) ကို ၂၈၊ ၈၊ ၈၈ နေ့မှာ တကသမြက်ခင်းပြင်မှာ ဖွဲ့ကြတော့
သူတို့ ရကသလည်း တက်ရောက်ခဲ့ကြပါတယ်။
သူတို့ (ရကသ) ရဲ့ ကွန်စတီကျူးရှင်းမှာ...
“တခုတည်းသော ဗကသ ပေါ်ပေါက်လာသည့်အခါ ၎င်း (ဗကသ) တွင် ပူးပေါင်းပါဝင်ပြီး ယခုဖွဲ့စည်း ထားသော အမှုဆောင်အဖွဲ့ကို ဖျက်သိမ်းမည်” ဟု ရေးသားထားတယ်လို့ သူက ပြောပြတယ်။ “အဖွဲ့အစည်းတွေကလည်း အမျိုးမျိုးရှိနေပြီး တခုနှင့် တခုကလည်း နားလည်မှုတွေ မပြည့်စုံနိုင် သေးတဲ့ အဲဒီကာလမှာ ကျနော်တို့ အဲဒီလို သဘောထားမျိုး ရေးဆွဲထားတာ မှန်တယ်လို့ ကျနော် အခုထိ ယုံကြည်တယ်” လို့ ကျနော့်ကို သူပြောပြပါတယ်။
(၈)
စစ်အုပ်စုက အာဏာသိမ်းအပြီး နိုင်ငံရေးပါတီတွေ ထောင်ခွင့်ပေးလိုက်တော့ …
တောခိုမလား။ ယူဂျီတပိုင်း (ရကသ) ပဲ ဆက်လုပ်မလား။ ပါတီထောင်မလား...
ဒီမေးခွန်း (၃) ခုဟာ သူတို့လို ကျောင်းသားလူငယ်နုနုတွေကို အကြိတ်အနယ် စိန်ခေါ်ခဲ့တဲ့ မေးခွန်းတွေဖြစ်ခဲ့ပါသတဲ့။
ဒါပေမယ့် သူတို့စဉ်းစားမိတာက
“ပိုမိုကြီးမားကျယ်ပြန့်တဲ့ နိုင်ငံရေးတာဝန်တွေကို အကျေပွန်ဆုံးထမ်းဆောင်နိုင်ဖို့ဆိုရင် နိုင်ငံရေး ပါတီတခုရှိဖို့ အသေအချာ လိုအပ်တယ်လို့ ကျနော်တို့ စဉ်းစားဖြစ်တယ်။ အဲဒီမှာ ဗကသရယ် မကသရယ် ကျနော်တို့ ရကသရယ် တိုင်ပင်ဆွေးနွေးဖြစ်ကြတယ်။ နောက်တော့ ဗကသနဲ့ ကျနော်တို့ပဲ ပေါင်းပြီး ကျနော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို အစပြုတည်ထောင်ခဲ့ ကြတာပါ။”
(၉)
၁၉၈၉ ဇူလိုင် (၁၀)ရက်နေ့။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဌာနချုပ်ရုံး (ဆူးလေဘုရားလမ်းနှင့် အနော်ရထာလမ်းထောင့်)၊ ရုံးခန်းဝရံတာမှာ အာဏာဖီဆန်ရေး တရားပွဲကျင်းပပြုလုပ်ကြတယ်။ ဒေါ်စုက “ဒီလိုသာ ဖမ်းလား ဆီးလား လုပ်နေမယ်ဆိုရင် ကျမအနေနဲ့ န၀တတပ်ကို ဖက်ဆစ်တပ်လို့ ခေါ်ရတော့မှာပဲ” လို့ ပြောဆိုလိုက်တဲ့ ဒီပွဲမှာ၊
ပါတီဥက္ကဋ္ဌ ကိုအောင်ဇေယျက “မောင်းပြန်ကို ဒေါင်းအလံနဲ့ တိုက်မယ်” လို့ ကြုံးဝါးလိုက်တဲ့ ဒီပွဲမှာ…
သူက “ဤတံတား နီသလား၊ ဖြူသလား ပြည်သူများ စဉ်းစားပါ” ဆိုတဲ့ မေးခွန်းကို ထုတ်လိုက်ပါ တယ်။ ထောင်တန်တဲ့ မေးခွန်းဖြစ်ခဲ့ပါတယ်။
ဒီအာဏာဖီဆန်ပွဲအတွက် သူ့ကို ဥက္ကဋ္ဌနဲ့အတူ စစ်ခုံရုံးက ပုဒ်မ (၃) ခုနဲ့ တရားစွဲဆိုပြီး ထောင်ဒဏ် တသက်တကျွန်း ချခဲ့ပါတယ်။
အသက်က (၁၉) နှစ်၊ ထောင်ဒဏ်က အနှစ် (၂၀) နှင့် တူသော ကျွန်း။
(၁၀)
သူ့ဘ၀ဟာ အပြင်မှာတ၀က် ထောင်ထဲမှာ တ၀က်လိုဖြစ်လာခဲ့ရတယ်။ အခုဆို ထောင်ထဲမှာ
(၁၆) နှစ် ပြည့်တော့မယ်။
“ကျနော်တို့ကို နိုင်ငံရေးအရ ခေါင်းမထောင်ရဲအောင် လူမှုရေး၊ ပညာရေးတွေကို ဘယ်လိုမှ အညွန့် မလူနိုင်အောင် စစ်အုပ်စုက လုပ်ထားတာ။ ကျနော်တို့ကို သူဖြစ်စေချင်တာဖြစ်မသွားအောင်၊ ကိုယ့် ကိုယ်ကို ထောင်ထဲမှာ ဖြစ်နိုင်တဲ့၊ ရနိုင်တဲ့ နည်းနာတွေနဲ့ လေ့လာရေး လုပ်ကြရမယ်။ ကိုယ့်ကိုယ် ကိုဖြည့်ဆည်းကြရမယ်”
ဒါ ထောင်ထဲမှာ သူကိုင်စွဲတဲ့ ပေါ်လစီ။ ထောင်တွင်းနေထိုင်နည်း လုပ်ငန်းလမ်းညွှန်လည်းဖြစ်တယ်။
ဒီလမ်းညွှန်အရပဲ အကျဉ်းထောင်ထဲမှာ ရသမျှ စာတွေ၊ အကြောင်းအရာတွေ၊ သမိုင်းဆိုင်ရာ အချက် အလက် တွေကို လေ့လာတယ်၊ အထဲကို ၀င်လာသမျှ ဖန်တီးယူလို့ရသမျှ စာအုပ်စာတမ်းတွေက လေ့လာတယ်။ သက်ရှိစာအုပ်များလို့ ခေါ်အပ်တဲ့ နိုင်ငံရေးအကျဉ်းသားများထံက လေ့လာတယ်။
“ဆွေးနွေးခြင်းဟာ အကောင်းဆုံး စာဖတ်ခြင်းဖြစ်တယ်” ဆိုတဲ့ စကားဟာ အကျဉ်းထောင်ထဲမှာတော့ ပိုပြီးမှန်ကန်တယ်။ ဆရာဦးခင်မောင်မြင့်၊ ဦးလှရွှေ၊ ဦးညိုဝင်း၊ ဦးဝင်းတင်၊ ဦးအုန်းကြိုင်၊ ဦးမန်းဒါဝိတ်နှင့် ရှေ့မီနောက်မီ ပုဂ္ဂိုလ်များဟာ သူ့အတွက် ဖတ်စရာ၊ လေ့လာစရာ သက်ရှိ ကျမ်း အစောင်စောင်ဖြစ်ခဲ့ပါတယ်။
ပြီးတော့… သူနှင့်ခေတ်ပြိုင်များနှင့်လည်း အပြန်အလှန်ဖြည့်ဆည်းဖြစ်ကြတယ်။
(၁၁)
နိုင်ငံရေးအကျဉ်းသားတွေ ထောင်ထဲမှာ ဘယ်လိုနေထိုင်သင့်သလဲ။ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အခြေခံအခွင့်အရေးတွေကို ဘယ်လိုကာကွယ်စောင့်ရှောက်ကြမလဲ ဆိုတာတွေကို ဦးဆောင်ဖို့ နိုင်ငံရေးအကျဉ်းသား အခွင့်အရေးကာကွယ်ရေးကော်မတီ (ခွင့်ကာ ကော်မတီ) ကို ဒေါက်တာဇော်မြင့်မောင် (အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဗမျိုးသိန်း(ဒညတ)၊ ဦးစိုးမြင့်(၄၈၂၈) တို့နဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြုပြီး သူ ပါဝင်ဖွဲ့စည်းခဲ့ကြ ပါတယ်။
ဒီကော်မတီင်္အနေနဲ့ …
ထောင်အတွင်း သတင်းစုဆောင်းခြင်း၊ သတင်းဖလှယ်ခြင်း၊ သတင်းသုံးသပ်ခြင်းတွေ လုပ်နိုင်ခဲ့တယ်။ နိုင်ငံရေးအရ အထိမ်းအမှတ်ပြုရမည့် နေ့ရက်တိုင်းမှာ အထိမ်းအမှတ်ပွဲတွေ ကျင်းပနိုင်ခဲ့တယ်။ ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ် ကဗျာ၊ ဆောင်းပါး၊ ၀တ္ထုတွေပါတဲ့ စိန်ရတု စာစောင်တခုကို ထုတ်ဝေနိုင်ခဲ့တယ်။ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို စာတမ်းတစောင်ပြုစုပြီး ဒီစာတမ်းကို ဆရာဦးဝင်းတင်က အချောပြင်ဆင်ပေးပြီး မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစောင့်ကြည့်သူ ကုလသမဂ္ဂ သံတမန် မစ္စတာ ယိုဇိုယိုကိုတာထံသို့ ၁၉၉၅ ဇူလိုင်မှာ ပေးပို့နိုင်ခဲ့ပါတယ်။
ဒီအတွက်လည်း … အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားတွေထားတဲ့ တိုက်ခန်းဟူသမျှ ၁၉၉၅ ခု နှစ်ကုန်ပိုင်းမှာ မြေလှန်ရှာဖွေခံခဲ့ရတယ်။ ပါဝင်ပတ်သက်သူလို့ထင်ရသူ (၆၂) ဦးကို စစ်ခွေးတိုက်ကိုပို့ပြီး စစ်ကြောရေးလုပ်တယ်။ ထောင်ကမကိုင်တော့ဘဲ စစ်ထောက်လှမ်းရေးက တိုက်ရိုက်ကိုင်တယ်။
ပြီးတော့မှ … အမှုတွဲတခု အသေအချာပြင်ဆင်ပြီး ထောင်ထဲမှာပဲ ခုံရုံးဖွဲ့စစ်ဆေးပြီး ထောင်ပြန်ချ တယ်။ တကယ်ရုံးတင်ပြီဆိုတော့ (၆၂) ယောက်လုံး မတင်တော့ဘူး။ (၂၄) ယောက်ကိုပဲ တင်တယ်။ အဲဒီ (၂၄) ယောက်မှာတော့ တချို့က (၅) နှစ်၊ တချို့က (၇) နှစ်၊ တချို့က (၅) နှစ် + (၇) နှစ်။
သူက အဲဒီ (၂) မှုပေါင်း (၁၂) နှစ် သမားတွေထဲမှာပါတယ်။
(၁၃)
ကျနော် သတိထားကြည့်မိသလောက်ဆိုရင် …
သူ့အမြင်က ရှင်းပြီး သူ့ရပ်တည်ချက်က ကောင်းပါတယ်။ ဦးအောင်မေသု အမြဲပြောတတ်တဲ့
“ever strong, never down” ဆိုတာထဲမှာ သူ အမြဲရှိတယ်။
သူ့ကို စစ်ထောက်လှမ်းရေးကလာပြီး အင်တာဗျူးတိုင်း သူက သူယုံကြည်တဲ့အတိုင်း ရဲရဲဖြေတယ်။
လာမေးတဲ့အကြိမ်ရေက မနည်းဘူး။ ဒါပေမယ့် ဘယ်အခါမှာမှ သူ့အဖြေကို စစ်ထောက်လှမ်းရေးက သဘောတွေ့မသွားဘူး။
“လွှတ်တာမလွှတ်တာက သူတို့အပိုင်းပါ။ ကျနော်တို့ဘက်ကတော့ ကိုယ်ယုံကြည်တဲ့အတိုင်း
ပြောရဲဖို့၊ ပြောဖြစ်ဖို့ပဲ အရေးကြီးတယ်” လို့ သူခံယူထားတာပါ။ မစ္စတာပင်ညဲရိုး (ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်) သာယာဝတီအကျဉ်းထောင်ကို လာတွေ့စဉ် ကလည်း ထောင်ထဲက အခြေအနေအရပ်ရပ်ကိုရော၊ ကျနော်တို့အားလုံးရဲ့ ယုံကြည်ချက်ဖြစ်တဲ့ “တွေ့ဆုံဆွေးနွေးအဖြေရှာရေး လမ်းကြောင်း” ကိုရော သူ ပင်ညဲရိုးကို အသေအချာပြောပြလိုက် နိုင်ပါတယ်။ သူနဲ့ကျနော် တိုးတိုးတိတ်တိတ် စကားတွေ အများကြီးပြောဖြစ်တယ်။ အပြန်အလှန်
ဝေဖန်၊ အပြန်အလှန် အကြံပြု၊ အပြန်အလှန် အကူအညီပေးကြရင်း... သာယာဝတီအကျဉ်း
ထောင်ရဲ့ နေ့ရက်များကို ကျယ်ဝန်းတဲ့ အဓိပ္ပာယ်တွေ ရှိစေခဲ့ပါတယ်။
(၁၄)
၂၀၀၄ ဖေဖော်ဝါရီ လကုန်ရက် တရက်မှာ ...
ကျနော်တို့ကို “နှုတ်ဆက်တဲ့ စကားဝိုင်း” တခု သီးသန့် (ခ) တိုက်ထဲမှာ သူတို့ဦးစီးပြီး လုပ်ပေးကြ ပါတယ်။
“မနက်ဖြန် မတ်လ (၁) ရက်နေ့မှာ ရဲဘော်တို့အပြင်ရောက်ကြတော့မယ်။ အပြင်ရောက်ကြပြီ
ဆိုတဲ့အခါ ...”
သူများလွတ်တော့မယ်ဆိုတိုင်း ကိုယ်ဟာ ဒီလိုနှုတ်ဆက်ခဲ့ဖူးတာ ကြိမ်ရေမနည်းတော့ဘူး။
အခု... သူများက ကိုယ့်ကိုနှုတ်ဆက်နေပြီဆိုတဲ့အခါ ...
ကျနော်... ၀မ်းသာတာထက်၊ ၀မ်းနည်းတာက ပိုများနေမိတာ အမှန်ပါ။
ကျနော်တို့ မတ်လ (၁) ရက်နေ့မှာ သူတို့ကို နှုတ်ဆက်ထွက်ခွာခဲ့ပါပြီ။
အုတ်ရိုးကြီးရဲ့ အပြင်ဘက်ကို ထွက်လိုက်တဲ့တချိန်ထဲမှာ ...
မမြင်ရတဲ့ အုတ်ရိုးကြီးတခု ဆက်ရှိနေသေးတယ်ဆိုတာကို ကျနော့်အသိထဲမှာ နက်နက်ရှိုင်းရှိုင်းကြီး ခံစားနေမိတယ်။ အဲဒီမမြင်ရတဲ့ အုတ်ရိုးကြီးကို ဖြိုချပစ်နိုင်ရင် မြင်ရတဲ့ အုတ်ရိုးတွေ အလိုလို ပြိုကျသွားမယ်ဆိုတာ ...
ကျနော် အသေအချာ ယုံကြည်တယ်။
“ချစ်ခြင်းကို ချစ်ပါ
မုန်းခြင်းကို မုန်းလိုက်ပါ
တပ်မက်မှုတွေကို ဖိနှိပ်ချုပ်ပြီး
တခါ တခါ ခေါင်းအုံးလုပ်ရတဲ့အဖြစ်
တံခါးမရှိတဲ့ အလုံပိတ်အုတ်ဂူကြီးကို
ငါ့ချွေးတွေနဲ့ စိမ်းလန်းခွင့်မပေးဘူး”
ဗဟုလွင်ပြင်ရဲ့ ကဗျာတပိုင်းတစကို ရွတ်ကြည့်နေမိရင်း၊ တံခါးမရှိတဲ့ အလုံပိတ်အုတ်ဂူကြီးတွေထဲက တန်ဖိုးမဖြတ်နိုင်တဲ့ ရဲဘော်ညီအကိုများရဲ့ လွမ်းမောဖွယ်အကြောင်းအရာတွေကို ပြန်တွေး
တောရင်း ...
ကျနော့်ကိုတင်ပေးလိုက်တဲ့ ပြည်-ရန်ကုန် အမြန်ယာဉ် (Express) ကြီးဟာ ပြည်လမ်းမပေါ်က တံလျှပ်တွေကြားမှာ တရိပ်ရိပ် ပြေးလွှားလို့ ...။
သာယာဝတီထောင်ကြီးရဲ့ အုတ်ရိုးညစ်ညို့ညို့ကြီးဟာ ရိတ်သိမ်းပြီးစရိုးပြတ်လယ်ကွင်းတွေရဲ့ နောက်မှာ ...
ခပ်ပြပြ မှုန်ရီရီ ကျန်ရစ်လို့ ...။ ။
၅၊ ၇၊ ၂၀၀၅။
(ဒီဆောင်းပါးရေးပြီး နောက်တနေ့မှာ ကိုဂျင်မီ လွတ်မြောက်ခဲ့ပါတယ်။ ဒီဆောင်းပါးနဲ့ ကိုဂျင်မီကို တနွေးတထွေးနှုတ်ဆက်လိုက်ပါတယ်။)
Sunday, August 12, 2007
u saw lwin by tin moe
ဦးစောလွင် သို့မဟုတ် ဥက္ကဌကြီး
တင်မိုး
ကျွန်တော် ချစ်ခင်လေးစားတဲ့ ရဲဘော်တွေထဲက မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌဟောင်း ကိုစောလွင် အကြောင်း ရေးချင်ပါတယ်။
ကျွန်တော်တို့ ၁၉၅၇ - ၅၈ ခုနှစ်မှာ မန္တလေးတက္ကသိုလ်ကျောင်းရောက်တော့ မြန်မာစာဌာနမှာထင်ပါရဲ့ … မွန်မွန်ရည်ရည် တည်တည်ကြည်ကြည်နဲ့ ရုပ်ရည်သန့်သန့် လူငယ်တဦးနဲ့ တွေ့ရပါတယ်။ ဆရာဦးမောင်မောင်တင်က မိတ်ဆက်ပေးလို့ ကျောင်းသားခေါင်းဆောင် ကိုစောလွင်လို့ သိရပါတယ်။
ကိုစောလွင်ကို ကျောင်းသားတိုင်းလိုလိုက `ဥက္ကဌကြီး´လို့ လေးလေးစားစား နှုတ်ဆက်သံကြားရတာနဲ့ ကျောင်းသားသစ် ဖြစ်တဲ့ ကိုသိန်းနိုင် (ဂုဏ်ထူး)နဲ့ ကျွန်တော်တို့ကလဲ `ဥက္ကဌကြီး´လို့ပဲ ခေါ်မိပါတယ်။
တကယ်တော့ သူဟာ တ.က.သ ဥက္ကဌ မဟုတ်သေးပါ။ မိတ္ထီလာ ကိုကျော်စိုးက တ.က.သ ဥက္ကဌဖြစ်ပါတယ်။ ဒါပေမဲ့ ကိုစောလွင်က တက္ကသိုလ်ဗုဒ္ဓဘာသာအသင်း ဥက္ကဌလို့ သိရပါတယ်။ သူ့အမူအရာကလဲ လေးစားဖွယ် အမူအရာရှိပါတယ်။ ဖော်ရွေတယ်၊ ပြုံးရွှင်တယ်၊ ဒါပေမဲ့ သူ့အမူအရာက မကလက်ဘူး၊ တင့်တယ်တယ်။
တရားဓမ္မ ၀ါသနာထုံကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ ဘာသာရေးကိစ္စများကို တက်တက်ကြွကြွ လုပ်ဆောင်နေတာ တွေ့ရလို့ အဝေးက လေးစားနေမိပါတယ်။
သူက စိန်ပီတာ ကျောင်းသားဟောင်းပါ၊ ဗိုလ်ကျောင်းထွက်ပေါ့။ အဲဒီခေတ်တုန်းက ဗိုလ်ကျောင်းထွက်တွေက သူတို့ အချင်းချင်းပဲ တွဲကြတာများပါတယ်။ စိန်ပီတာ၊ ဖားသားလဖုန်း၊ မေမြို့ စိန့်အဲလဘတ်၊ ကိုးလဂိတ် စတဲ့ ကျောင်းထွက် တွေက များသောအားဖြင့် ဗိုလ်ဆန်ဆန်ဝတ်စားတာ၊ အင်္ဂလိပ်လို ပြောတာများတယ်လို့ထင်တယ်။ ကွန်ဗင့်ကျောင်းသူ တွေကလဲ တမူထူးပါတယ်။ ချောမောလှပသလောက် ခေတ်ဆန်တယ်၊ သွက်လက်တယ်၊ စာတော်တယ်ပေါ့လေ။
ကျွန်တော်တို့ မြင်းခြံ၊ မုံရွာ၊ ရွှေဘို၊ မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်း စတဲ့ မြန်မာတော့သူတောသား တက္ကသိုလ်ကျောင်းသူ ကျောင်းသားတွေကလဲ သူ့အုပ်စုနဲ့သူ။ ရေစီးကြောင်းနှစ်ခု သိသိသာသာ စီးဆင်းနေတဲ့ပုံပါပဲ။
ဒါပေမဲ့ ကျောင်းသားအရေးကိစ္စတွေမှာတော့ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ပါဝင်လှုပ်ရှားတာကို တွေ့ရတယ်။ မြန်မာအသင်း၊ ကလောင်ရှင်အသင်းလိုမှာလဲ တစိတ်ထဲ တ၀မ်းထဲပါဝင်ကြ၊ ပြိုင်ပွဲတွေဝင်ကြနဲ့ ပျော်စရာကြီးပါပဲ။
ကျောင်းသားအခွင့်အရေးတွေ တိုက်ပွဲဝင်ကြတဲ့အခါတော့ ဗိုလ်ကျောင်းထွက်တွေက ခပ်လှမ်းလှမ်းက နေကြတာကို သတိပြုမိပါတယ်။
အဲဒီထဲမှာ စိန်ပီတာကျောင်းထွက်ကိုစောလွင်နဲ့ စိန်ပီတာထွက်ကိုစိန်မြင့်(မောင်မိုးသူ)တို့ကတော့ ကျောင်းသားညီညွတ်ရေး တပ်ဦးက ခေါင်းဆောင်တွေအဖြစ် ထင်ရှားပါတယ်။ အဲ … နောင်အခါ ခရစ်ယန် သာသနာပိုင်ချုပ်ဖြစ်သွားတဲ့ မောင်ပေါက်စည်ခေါ် အန်ဒရူးမြဟန်တို့ကလဲ ကျောင်းသားအရေးဆို ရှေ့တန်းက ခေါင်းဆောင်တွေပေါ့။
ကျွန်တော်တို့ မန်းတက္ကသိုလ်က အဓိကကျောင်းသားခေါင်းဆောင်ကတော့ ၁၉၅၁ ခုကတဲကရောက်နေတဲ့ စစ်ကိုင်းသား မောင်သာနိုးပါ။ သူ့ကိုတော့ မသိသူမရှိ၊ သူကလဲ ရန်ကုန်က ဦးဘကောင်းလိုပဲ မန္တလေးမှာ ဖမ်းစရာရှိရင် ထိပ်ဆုံးကပေါ့။ `ထောင် မကြာမကြာဂိုးရတဲ့ မောင်သာနိုး´လို့ သူ့ကွယ်ရာမှာ နောက်ရဲပါတယ်။
နောက်နှစ်ကျတော့ ကိုစောလွင် တ.က.သ ဥက္ကဌဖြစ်လာ၊ မုံရွာ ဦးတင်ရွှေက အတွင်းရေးမှူးပေါ့။
သမဂ္ဂခေါင်းဆောင်တွေဟာ အနေအထိုင် စည်းကမ်းရှိတယ်။ အမူအကျင့် ယဉ်ကျေးသိမ်မွေ့တယ်။ အုတ်ကြားမြက်ပေါက် ပေါက်လွှတ်ပဲစား အပြုအမူဆိုလို့ လုံးဝမမြင်တွေ့ရ၊ ကြားလဲ မကြားဖူးဘူး။ ဣနြေ္ဒသိက္ခာ အလွန်ရှိကြတယ်။ ဒီအထဲမှာ ဦးစောလွင်ဟာ ကျောင်းသားကျောင်းသူတွေ အပေါ်မှာ ညီရင်း ညီမရင်းများသဖွယ် အစစ ကူညီတယ်။ အခက်အခဲတွေကို ဖြေရှင်းပေးတယ်။ သူကချည်း ဒိုင်ခံအလုပ်လုပ်၊ အနာခံတာ ချည်းပါပဲ။ ထောင်လဲ အကြိမ်ကျတယ်။ အပြုံးမပျက်ဘူး။ ၁၉၈၈၊ သြဂုတ်လဆန်းမှာပဲ မဟာမြတ်မုနိ ဂေါပကလူကြီး၊ သံဃာ့တက္ကသိုလ် အမှုဆောင်လူကြီးအဖြစ်နဲ့ ကွယ်လွန်သွားရှာတယ်။ နှမြောလို့ မဆုံးနိုင်ပါ။

(ဘလော့ဂါမှတ်ချက် - ဒီရုပ်ပုံလွှာကို http://www.irrawaddy.org/bur/bawa2006/October/oct_06_2006.html ကနေ ယူတယ်။ အဟောင်းဆိုပေမယ့် မဖတ်ရသေးသူများအတွက် အသစ်မဟုတ်လား။ ဆရာတင်မိုး အလွမ်းပြေလို့လည်း ပြောနိုင်ပါတယ်။)
Saturday, August 11, 2007
u ba kaung by tin moe
ဦးဘကောင်း သို့မဟုတ် စံပြုထိုက်သည့် ကျောင်းသားခေါင်းဆောင်တဦး
တင်မိုး
ကျောင်းသားခေါင်းဆောင်ထဲက စံပြုထိုက်တဲ့ ခေါင်းဆောင်တွေကို တသက်တာမှာ မေ့မရနိုင်ပါဘူး။ ပထမဦးဆုံး ဦးဘကောင်းဆိုတဲ့ ကျောင်းသားခေါင်းဆောင်အကြောင်း ပြောပြချင်တယ်။
ဦးဘကောင်းဟာ ဇာတိအားဖြင့် ရွှေဘို ရှိမ္မကားရွာသားပါ။ သူ့အကို ဦးဘသောင်းဟာလည်း ထင်ရှားတဲ့ သတင်းစာဆရာ တဦး ဖြစ်ပါတယ်။ လုပ်သားပြည်သူ့နေ့စဉ်သတင်းစာက အယ်ဒီတာမောင်လှိုင်ဝင်းလို့ ကလောင်အမည်ခံတဲ့ ပုဂ္ဂိုလ်ပါ။ ဒီ့အရင်က မန္တလေး ပြည်ညွန့် မဂ္ဂဇင်းအယ်ဒီတာ ဦးဘသောင်းတဲ့။ နောက်တော့ ဗမာကွန်မြူနစ်ပါတီနဲ့ အတူ တောခိုသူပုန်။ မန္တလေးသူရိယ ဦးသန်းမောင်တို့နဲ့ တချိန်တည်း တောခိုကြတဲ့ သူတွေ ပေါ့လေ။ နောက်တော့ လက်နက်ချအလင်းဝင် လာပြီး မန္တလေးတိုင်းချစ်ကျောင်းမှာ ပထ၀ီဆရာအဖြစ် စာသင်ရင်း `ရှုတိုင်းအောင်ပထ၀ီ´စတဲ့ ကျောင်းသုံးပထ၀ီစာအုပ် တွေ ရေးခဲ့တယ်။
အဲ …ရေးချင်တာက ဦးဘကောင်းအကြောင်းပါ။ ဦးဘကောင်းဟာ ၁၉၄၆ ခုနှစ် ကတည်းက ရန်ကုန်တက္ကသိုလ် ရောက်လာပြီး ကျောင်းသားသမဂ္ဂခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပါတယ်။ သူဟာ စကားနည်းတယ်။ အေးဆေးတယ်။ ဆေးလိပ်မသောက် ကွမ်းမစား။ အရက်သေစာဆိုလို့ ဝေလာဝေး။ သူ့အကျင့်က ဘောလုံးပွဲ မကြည့်ရမနေနိုင်။ ဘောလုံး ၀ါသနာအိုး။ အောင်ဆန်းကွင်းမှာ ကစားတဲ့ပွဲမှန်သမျှ ကောင်းကောင်းဆိုးဆိုး မလွတ်တမ်းကြည့်လေ့ရှိတယ်။ ကျောင်းသား လှုပ်ရှားမှုတွေကို ဦးဆောင်တဲ့အတွက် ထောင်အကြိမ်ကြိမ် ကျရသူဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ထင်ပေါ်ကျော်ကြား သလောက် အနေအထိုင်ရိုးတယ်။ သိုသိပ်တယ်။ ကျစ်လစ်တယ်။ စည်းကမ်းရှိတယ်။ ကျောင်းသားငယ် ကလေးတွေကို အကိုကြီးသဖွယ် စောင့်ရှောက်တယ်။ ဘော်ဒါဆောင်မှာ အတူနေရင် သူက ဈေးလိုက်၊ ဈေးဝယ်၊ ထမင်းဟင်းချက် စတဲ့ ဝေယျာဝစ္စတွေကို သူပဲ ဒိုင်ခံလုပ်တယ်။
သူ့အမူအရာဟာ ငါသိ၊ ငါတတ်၊ ငါတော်ဆိုတဲ့ အတ္တမာန ကင်းစင်တယ်။ စကားပြောရင်လဲ ညင်သာပျော့ပျောင်းတယ်။ ဒေါင်ဒေါင်မည် မှတ်ကျောက်တင်ခံ နိုင်ငံရေးသမားမှန်း သိပေမယ့် ဘယ်တော့မှ ခေါင်းဆောင်ဟန်မပြ။ ရိုးရိုးနေ ရိုးရိုးကျင့်တဲ့ မြင့်မြတ်တဲ့စိတ် ရှိသူဖြစ်တယ်။
သူ့စကားဆိုရင် ကျောင်းသားတိုင်းက လေးစားကြတယ်။ မျက်နှာပြုံးချိုသလောက် ယုံကြည်ချက် ခိုင်မာပြတ်သားတယ်။ သူ့အမြင်က ကြည်လင်တယ်။ တွေဝေမှုမရှိ။ ယိမ်းယိုင်မှုမရှိ။ ဖောက်လွဲဖောက်ပြန် အမူအယာမျိုး ကင်းစင်တယ်။ တည်ကြည်ရဲရင့်တဲ့ အမူအရာမျိုးရှိတယ်။
ပြီးတော့ ကျောင်းသားသမဂ္ဂတာဝန်၊ ကျောင်းသားတာဝန်ကျေတယ်။ အလကားနေရင်း ကျောင်းမတက် စာမဖတ်ဘဲ အချောင်ခိုနေလိုစိတ် မရှိ။ ဒါကြောင့် စာမေးပွဲ မှန်မှန်ဖြေ တယ်။ ကျောင်းသားတာဝန်တွေ ပိနေလွန်းရင်သာ မဖြေဘဲ နေချင်နေမယ်။
ဒါကြောင့် ဘီအေခေါ် ၀ိဇ္ဇာဘွဲ့လဲရပြီး ထပ်မံပြီး ဥပဒေ ၀ိဇ္ဇာဘွဲ့အတွက် စာဖတ် စာရေး လေ့ကျင့်ပြန်တယ်။ စာမေးပွဲတွေ လဲအောင်၊ သမဂ္ဂတာဝန်တွေလဲပြီးစီး၊ လူပျိုကြီးဘ၀နဲ့ ပျော်တာတွေ့ရတယ်။ ဦးဘကောင်းဟာ ရန်ကုန်တက္ကသိုလ်ရဲ့ တ-က-သမှာ အမြဲရှိတယ်။ ရှေ့တန်းက မနေ။ နောက်တန်းက တာဝန်သိသိ၊ သမာဓိရှိရှိနဲ့ အလုပ်လုပ်တယ်။
ငယ်သားတွေကို အလွန်ညှာတာလေ့ရှိတယ်။ ရဲဘော်တွေဆိုရင် ကိုကြီးဘကောင်းကို နိုင်ငံရေးကိစ္စသာမက ကိုယ်ရေးကိုယ်တာ ကိစ္စတွေပါ တိုင်ပင်လေ့ရှိတယ်။ အလွန်ယုံကြည်ထိုက်တဲ့ ရဲဘော်ကောင်းကြီးပါ။
၁၉၆၂၊ ၇ ရက် ဇူလိုင်ရောက်တော့မှ ကိုကြီးဘကောင်းဟာ တ-က-သက ကြေကွဲစွာ ခွာခဲ့ရသူဖြစ်ပါတယ်။
ပညာရေးဌာန ကျောင်းသုံးစာအုပ်ကော်မတီမှာ အမှုထမ်းပြီးနောက် အသက် (၈၂) နှစ်မှာ ကွယ်လွန်သွားရှာပါတယ်။ သူ့အသက်ကို မည်သူမျှ တိတိကျကျမသိ။ အသက် ၅၀ ကျော်မှ ဇနီးဒေါ်သိန်းရှင်ရပြီး ခိုင်မေကောင်းနဲ့ စစ်မေကောင်းဆိုတဲ့ သားသမီးနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

(ဘလော့ဂါမှတ်ချက် - ဒီရုပ်ပုံလွှာကို http://www.irrawaddy.org/bur/bawa2006/September/sep_28_2006.html ကနေ ယူတယ်။ အဟောင်းဆိုပေမယ့် မဖတ်ရသေးသူများအတွက် အသစ်မဟုတ်လား။ ဆရာတင်မိုး အလွမ်းပြေလို့လည်း ပြောနိုင်ပါတယ်။)
Monday, June 25, 2007
suu by Razali
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခြင်း
ရာဇာလီ အစ္စမေးလ်
“- - - ဘယ်လိုကြောင့် ကျမကို သူများတွေနဲ့ထူးပြီး ဆက်ဆံသင့်တာလဲ။ မတရား အကျဉ်းချခံထားရတဲ့ မိခင်တွေကို ဘ၀နောက်ဆုံးအချိန်အထိ ပြန်တွေ့ခွင့်မရတဲ့ သားသမီးတွေ မရေတွက်နိုင် လောက်အောင် ရှိနေချိန်မှာ ကျမရဲ့ကလေးကျမှ ဘယ်လိုကြောင့် ကျမကို တွေ့ခွင့်ရသင့်တာလဲ- - - ”
၂၀၀၆ ခုနှစ် အစောပိုင်းမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ်ကနေ ကျနော်နုတ်ထွက်ခဲ့ပါတယ်။ အဲဒီအချိန်မတိုင်မီ ၄ နှစ်တာကာလအတွင်း မြန်မာနိုင်ငံကို ကျနော် ၁၄ ကြိမ် သွားရောက်ခဲ့ပါတယ်။
ကျနော့်ရဲ့ ပထမဆုံးခရီးစဉ်က သက္ကရာဇ် ၂၀၀၀ မှာ စတင်ပါတယ်။ ကုလသမဂ္ဂဟာ ကျနော့်ကို ကိုယ်စားလှယ်တဖွဲ့နဲ့အတူ မြန်မာနိုင်ငံကိုသွားဖို့ စေလွှတ်ခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်၊ အတွင်းရေးမှူး (၁) ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံဖို့ စီစဉ်ပေးတာ ဗိုလ်ချုပ်ကြီးခင်ညွန့်ပါ။ အတော်လေး ပူအိုက်စွတ်စိုတဲ့ မုတ်သုန်ရာသီရဲ့ ဇွန်လလယ်ထဲ ဆိုကြပါစို့။
အစိုးရက စီစဉ်ပေးတဲ့ ကားတစီးနဲ့ တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်အောင်ဆန်း စုကြည်နေအိမ်ကို ကျနော် သွားခဲ့ပါတယ်။ ကျနော်တို့ အခန်းတခန်းထဲမှာ သူ့ကို စောင့်ဆိုင်းနေခဲ့တယ်။ အခန်းနံရံပေါ်မှာ သူမရဲ့ ကျဆုံးလေပြီးသော ဖခင်ရဲ့ပုံတူ ပန်းချီကားကြီး ချိတ်ဆွဲထားပါတယ်။ အခန်းထဲထိုင်နေစဉ် တခဏတာရဲ့ ထူးခြား မှုကို ကျနော် သတိပြုမိလိုက်တယ်။ အလွန်ထူးခြားတဲ့ တစုံတခုဟာ ကျနော့်ဘ၀ကို အကျိုးသက်ရောက်တော့မယ်ဆိုတာ ကျနော်သိလိုက်ပါတယ်။
ခဏအကြာမှာ အပြာရောင် ဘလောက်စ်အင်္ကျီနဲ့ မြန်မာထဘီကို ၀တ်ဆင်ထားပြီး ခေါင်းမှာ စပယ်ပန်းတွေပန်ထားတဲ့ သူမဟာ တည်ငြိမ်အေးဆေးတဲ့ဟန်နဲ့ အခန်းထဲကိုဝင်လာတာ အလွန်ကျက်သရေရှိပါတယ်။ မဟာဆန်တဲ့ ခြေလှမ်းတွေနဲ့လို့ ဆိုပါရစေ။ ကုလားထိုင်မှာ နေရာယူကြတော့ ယဉ်ကျေးစွာ ကျနော့်ကို သူ့ရဲ့ညာဘက်မှာ ထိုင်စေပါတယ်။
သူဟာ ထိုင်တဲ့အခါမှာ ခါးကိုမတ်မတ်ထားပြီး ထိုင်တတ်ပါတယ်။ ထိုင်ခုံက နောက်မှီမပါတော့ သတိမထားဘူးဆိုရင် ကြာလာရင် ကျောနာလာပြီး ခွေကျသွားနိုင်တဲ့ ထိုင်ခုံမျိုးဖြစ်ပါတယ်။ ကချေသည်တယောက်လို ခါးကိုမတ်မတ်ထားပြီး ထိုင်နေတဲ့ သူ့အနားထိုင်ရတာ အနေရခက်လှပါတယ်။
ကျနော် သတိလက်လွတ်ပြီး သူထိုင်သလိုမျိုး ထိုင်နေလိုက်တယ်။ ဒါပေမယ့် ပြောဆိုဆွေးနွေးနေစဉ်မှာပဲ အဲဒီတိုက်ပွဲမှာ ကျနော် ရှုံးနိမ့်သွားပြီး ခါးကိုမမတ်နိုင်တော့ပါဘူး။ သူမဟာ ဆွဲဆောင်မှုအပြည့်ရှိတယ်ဆိုတာ သံသယရှိစရာ မလိုပါဘူး။ လေထဲမှာလည်း စပယ်ပန်းရနံတွေ မွှေးပျံ့လို့။ သူနဲ့စကား စပြောတယ်ဆိုရင်ပဲ “ဒေါ်အောင်ဆန်းစုကြည်က သတ္တိရှိသလို စွဲဆောင်မှုလည်းရှိတယ်”လို့ ကျနော်ပြောလိုက်ပါတယ်။
တကယ်တော့ ဒါဟာ စကားအပြောအဆို မတတ်မှုဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး။
သူနဲ့တွေ့ဆုံခဲ့ဖူးတဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ်တယောက်က ကြိုပြီး သတိပေးခဲ့တာရယ်၊ သူနဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို လေ့လာဖတ်ရှု ကြားသိခဲ့ရ တာတွေအရ သူဟာ အေးစက်စက်နေတတ်သူတယောက်လို့ သိထားပါတယ်။ ဒါပေမယ့် စကားစပြောတယ်ဆိုရင်ပဲ ကျနော်တို့စကားဝိုင်းက စိုပြည်သွားတယ်။
သူနဲ့ ပတ်သက်ပြီး ကြိုတင်တွေးဆ ကောက်ချက်ချခဲ့တာတွေ ဖျောက်လိုက်ပြီး ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံတာဟာ ကျနော့်ကို အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
၂ နာရီကြာ စကားပြောပြီးတဲ့ အချိန်အထိ ယုံကြည်ရာကို မယိုင်မလဲ ကိုင်စွဲတတ်သလိုပဲ သူမဟာ တလျှောက်လုံး မတ်မတ်ထိုင်နေခဲ့တယ်။ ရှေ့ဆက်ရမယ့် ဆက်ဆံရေး တခုအတွက်တော့ ကျနော်တို့အကြား အခြေခံတခု တည်ဆောက်နိုင်ခဲ့ပါတယ်။
ဆွေးနွေးပွဲအစမှာ သူနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကုလသမဂ္ဂက ဘယ်လောက်အတိုင်းအတာထိ ကူညီနိုင်တယ်၊ အာဆီယံအဖွဲ့ကလည်း မြန်မာ့အရေးပြောဆိုဖို့ ဆန္ဒရှိလာတဲ့အကြောင်းတွေကို ဒေါ်အောင်ဆန်းစုကြည်ဟာ စိတ်ဝင်တစားနဲ့ နားထောင်ခဲ့ပါတယ်။
အာဆီယံနဲ့ပတ်သက်ပြီး သူ့စိတ်ထဲ သိမြင်ခဲ့တဲ့အတိုင်း အခုဖြစ်လာတယ်လို့ ပြောရမှာပါ။ အာဆီယံရဲ့ အကျိုးစီးပွားနဲ့ ရပ်တည်ချက်ဟာ ဟိုမရောက် ဒီမရောက် ဖြစ်နေဆဲပါ။ အပြုသဘောဆောင် ညှိနှိုင်းဆက်ဆံရေးဟာ ဘယ်တုန်းကမှ အပြုသဘောမဆောင်ခဲ့သလို ရေရှည်ညှိနှိုင်းတာလည်း မရှိခဲ့ပါဘူး။
ကုလသမဂ္ဂ နဲ့ပတ်သက်ပြီးလည်း ကျနော်တို့ အတူတကွ ပြန်လည်သုံးသပ်စိစစ်နိုင်ဖို့ ပြဿနာရပ်တွေကို ပွင့်ပွင့်လင်းလင်း သူ့ကို သေချာရှင်းပြခဲ့ပါတယ်။ သူမဟာ တရားဥပဒေစိုးမိုးရေးကို စွဲစွဲမြဲမြဲ ယုံကြည်သူပါ၊ ကုလသမဂ္ဂကလည်း ထိုနည်းတူ ယုံကြည်ပြီး မြန်မာ့အရေးကို ကူညီနေတယ်လို့ သူ မျှော်လင့်ထားပါတယ်။
အဲ့ဒီအတိုင်းဆိုရင် ကုလသမဂ္ဂဟာ လုပ်နိုင် တာထက်လျော့နည်းပြီး လုပ်ဆောင်ခဲ့တယ်လို့ ပြောပါရစေတော့။
အများအားဖြင့် ခရီးစဉ်တိုင်းမှာ သူနဲ့ ၂ ကြိမ် တွေ့ရပါတယ်။ အစိုးရရဲ့ သဘောထားတွေကို နားထောင်ပြီးနောက် သူနဲ့ တကြိမ်တွေ့ရတယ်။ နောက်တခါ အစိုးရနဲ့ ထပ်စကားပြောပြီး တကြိမ်ထပ်တွေ့ရတယ်။ ဆိုတော့ ကျနော်တို့ ဘာတွေ ပြောခဲ့ကြသလဲ။
ကျနော်တို့ရဲ့ ဆွေးနွေးပွဲတွေဟာ ပြန်လည်ရင်ကြားစေ့ရေး၊ တိုင်းရင်းသားပါတီတွေရဲ့ အခွင့်အရေး၊ တပ်မတော်ရဲ့ အနာဂတ်အခန်းကဏ္ဍ စတဲ့ပြဿနာရပ်တွေကို ဆွေးနွေးခဲ့ပါတယ်။
သူနဲ့ ဆွေးနွေးရတဲ့အချိန်တွေကတော့ တကယ့်ကို တန်ဖိုးရှိပါတယ်။ စကားဝိုင်းဟာ ဘ၀အကြောင်း၊ ယဉ်ကျေးမှု၊ လူ့သဘာဝ၊ ဥပဒေနဲ့ မွေးရာပါအခွင့်အရေး စတဲ့ အကြောင်း အရာတွေဆီလည်း ရောက်ရောက်သွားတတ်တယ်။ တတိုင်းပြည်လုံးက အမြတ်တနိုးနဲ့ `အန်တီ´ လို့ ခေါ်ကြတဲ့သူမဟာ တကယ့်ကို စကားပြောနိုင်သူတယောက်ပါ။
သူ့ကို ကျနော် အံ့ဩလေးစားရတယ်။ နှစ်ပေါင်းများစွာ အကျဉ်းကျခံနေရပေမယ့် ကုလသမဂ္ဂနဲ့ ကမ္ဘာကြီးရဲ့ ဖြစ်ပေါ် တိုးတက်မှုတွေ အပါအ၀င် အရာအားလုံးနီးပါးကို မျက်ခြည်မပြတ် လေ့လာထားနိုင်တာကြောင့်ပါ။
အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးဆီ သွားတဲ့နေရာမှာ ခက်ခဲတဲ့ ညှိနှိုင်းဆွေးနွေးမှုတွေအတွက် အဆင်သင့်ဖြစ်နေရအောင် မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို သုံးသပ်နေတယ်လို့တောင် ကျနော့်ကို ပြောပြပါတယ်။
အဲ့ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ အာဏာရှိနေပြီး မြန်မာနဲ့ ကုလသမဂ္ဂအကြား ဆက်ဆံရေးလိုအပ်ပုံကို တပ်မတော် ထဲမှာ သူ့လောက်နားလည်သူ မရှိပါဘူး။ တပ်မတော်ခေါင်းဆောင်ပိုင်းက တိုင်းပြည်အတွက် ဘာတွေလုပ်နေတယ်ဆိုတာ ကျနော် နားလည်သဘောပေါက်အောင် သူ အကောင်းဆုံး ကြိုးစားရှင်းပြပါတယ်။ သူ့အစိုးရရဲ့ ဟိုဝန်ကြီး ဒီဝန်ကြီးတွေ ကလည်း တိုင်းပြည်မှာ လမ်းတွေ တံတားတွေ ဘယ်လောက် ဖောက်လုပ်တည်ဆောက် ပြီးစီးကြောင်း စတာတွေကို နာရီများစွာ အစီရင်ခံ တင်ပြတဲ့အတွက် ထိုင်ပြီး နားထောင်ခဲ့ရသေးတယ်။
ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနအပါအ၀င် အဆင့်မြင့်အစိုးရအရာရှိတွေနဲ့ စကားပြောခွင့် ပေးခဲ့ပါတယ်။ အဲ့ဒီအခွင့်အရေးကို အမိအရယူပြီး “သံတမန်ဆက်ဆံရေးပိုင်းမှာ ခင်ဗျားတို့ ဘာတွေများမှားယွင်းနေလို့လဲ။ ကမ္ဘောဒီးယား လို နိုင်ငံတောင်မှ ခင်ဗျားတို့ထက် ငွေပိုရနေသေးတယ်။ မြောက်ကိုရီးယားကလည်း အထောက်အပံ့ရတဲ့နေရာမှာ ခင်ဗျား တို့ထက်ပိုပြီး အောင်မြင်တယ်။ ဒါပေမယ့် ခင်ဗျားတို့တော့ ဘယ်လိုဖြစ်တာလဲ။ ဘာများမှားနေလို့လဲ”လို့ သူတို့ကို ကျနော် ပြောလိုက်တယ်။ သူတို့ နည်းနည်းတော့ ကသိကအောင့်ဖြစ်သွားကြတယ်။ အဲဒီလိုဖြစ်အောင်လည်း ကျနော် တမင်လုပ်တာပါ။
ကျနော့်ခရီးစဉ် ရလဒ်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ကျေနပ်အားရနေပြီး မျှော်လင့်ချက်တွေလည်း မြင့်မားလာ ပါတယ်။ ကျနော့်အလုပ်ကို ကျနော် ကြေညက်အောင် လုပ်တယ်။
တချို့ဖြစ်ရပ်တွေမှာ ကျနော့်အရင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေအနေနဲ့ အစိုးရနဲ့စကားပြောရတာထက် သူနဲ့စကားပြောရတာ ပိုပြီး ခက်ခဲတတ်တာကို တွေ့ခဲ့ရတယ်။
ကျနော့်ရဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်မှုကတော့ သူမကို သက်တောင့်သက်သာရှိစေပုံပါ။
သူနဲ့ သူချစ်တဲ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ရိုးသားစွာ ဆွေးနွေးပြောဆိုလာတဲ့အထိ ကျနော်တို့အကြား နားလည်မှုရှိလာခဲ့တယ်။
ဒီလိုနဲ့ သူ့ရဲ့ ရုန်းကန်မှုတွေ၊ လုပ်ဆောင်ခဲ့တာတွေကို ကျနော့်ကို ပြောပြခဲ့တယ်။ သူ့အပြောအတိုင်းဆို ကျန်းမာရေး မကောင်းတဲ့မိခင်ကြောင့် မွေးရပ်မြေဆီ အလည်သက်သက်လာခဲ့ပုံ၊ ဒီမိုကရေစီတိုက်ပွဲထဲပါဝင်ဖို့ တွန့်ဆုတ်ခဲ့ပုံ စတဲ့ အင်္ဂလန်က ပြန်လာချိန်မှာ ဖြစ်ပျက်ခဲ့ပုံတွေကို ပြောပြပါတယ်။ ဒါဆိုရင် သူဟာ ဖခင်ခြေရာ နင်းလိုက်မယ်ဟဲ့ဆိုပြီး ရည်ရွယ်ခဲ့ဟန် မရှိပါဘူး။ ဒါပေမယ့် သူဟာ သူ့အဖေသမီးဆိုတာ လုံးဝရှင်းပါတယ်။
ကျနော် မြန်မာစကား မပြောတတ်ပါဘူး။ ကျနော့် ရည်ရွယ်ချက်အတွက်လည်း မြန်မာစကားတတ်ဖို့ မလိုအပ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အင်္ဂလိပ်စကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ပါတယ်။ သူ့ကိုမမြင်ရဘဲ ပြောနေတဲ့အသံ ကိုသာကြားရရင် အင်္ဂလိပ်တယောက် စကားပြောနေသလားလို့ ထင်မိမယ်။ မြင်ယောင်ကြည့်လို့ရပါတယ်။ ခပ်မတ်မတ် ကိုယ်နေဟန်ထား၊ ရိုးရာအ၀တ်အစားနဲ့ စပယ်ပန်းတွေ ဝေအောင်ပန်ထားပြီး တော်ဝင်အင်္ဂလိပ်စကားကို ပြောနိုင်သူ၊ ဒါ ညှို့ဓာတ်အပြည့်ပါတဲ့ ထုံးဖွဲ့ထားမှုလေ။
ဒါကို သူ သိပါတယ်။ မဟာဆန်မှု၊ ဗဟုသုတကြွယ်ဝမှုတွေနဲ့အတူ လူတိုင်းကို သူ ညွှတ်စေနိုင်တယ်။ တကယ်လို့ သူသာ မြန်မာနိုင်ငံရဲ့ အမြဲတမ်းဝန်ကြီးချုပ်ဖြစ်လာခဲ့ရင် အာဆီယံနိုင်ငံ ၀န်ကြီးချုပ်တွေကို ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးအကြောင်း ဆွေးနွေးငြင်းခုန်ပြီး ၀ံ့ဝံ့ကြွားကြွားနဲ့ အနိုင်ယူနိုင်တယ်လို့ တခါတုန်းက သူ့ကို ကျနော် ပြောခဲ့ဖူးတယ်။
စစ်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးနိုင်မယ့်နည်းလမ်းရှာဖို့ သူ့ကို ကျနော် မေတ္တာရပ်ခံခဲ့သလို စစ်ခေါင်းဆောင်တွေကိုလည်း သူနဲ့ဆွေးနွေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။ ကျနော့်ရဲ့ ဒုတိယခရီးစဉ်မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူနဲ့ ဆွေးနွေးဖို့ သဘော တူခဲ့ပါတယ်။ အစိုးရကိုယ်စား ဗိုလ်ချုပ်ကြီးခင်ညွန့်က ညှိနှိုင်းဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့တယ်။
ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ တိုက်ရိုက်တွေ့ဆုံတာ မရှိပေမယ့် တွေ့ဆုံဆွေးနွေးပွဲဟာ အမှန်တကယ် ဖြစ်ခဲ့ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက အဲ့ဒီကိစ္စကို ကျနော့်ကို သူမပြောဘဲထားခဲ့တာပါ။
ကျနော် မြန်မာနိုင်ငံကို အခေါက်ခေါက် အခါခါလာပြီး သူ့ကို လွှတ်ပေးမယ့်အချိန် ရောက်တော့မှ ဗိုလ်ချုပ်ကြီးခင်ညွန်က ကျနော့်ကိုပြောတယ်။ စစ်ခေါင်းဆောင် အားလုံးနဲ့ သူ ညစာစားပွဲမှာ ရိုက်ထားတဲ့ ဓာတ်ပုံတွေကိုလည်း ပြပါတယ်။ ကျနော် အံ့အားသင့်သွားတယ်။
နောက်တနေ့ နေ့လယ်မှာ သူ့ကိုသွားတွေ့တဲ့အခါ စာရင်းရှင်းစရာရှိတယ်လို့ ပြောလိုက်တယ်။ အဲဒီအခါမှာမှ တွေ့ဆုံဆွေးနွေး မှုတချို့ တကယ်ရှိခဲ့ကြောင်း၊ ဒါပေမယ့် ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ တန်းတူဆွေးနွေးခဲ့ရတာမျိုး မဟုတ်ကြောင်းနဲ့ ကျေနပ်အားရ စရာမရှိကြောင်း ထုတ်ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောပြချက်အရတော့ စစ်အစိုးရခေါင်းဆောင်တွေနဲ့ ညစာ စားပွဲမှာ ဗိုလ်ချုပ်မှူး ကြီးတယောက်တည်း ဒိုင်ခံပြောသွားတာလို့ သိရတယ်။
စစ်အစိုးရနဲ့ စကားပြောရတာ သူတို့ရဲ့ကိန်းဂဏန်းတွေကို ပဟေဠိ အဖြေညှိနေရတဲ့ အလုပ်ပါ။ “ကျနော်တို့ တံတား ၂၉ စင်း ဆောက်ပြီးသွားပြီ၊ ကျနော်တို့ ဒါတွေလုပ်ပြီးသွားပြီ၊ ဟိုဟာတွေလည်း လုပ်ပြီးသွားပြီ” စသဖြင့် သူတို့ပြောတတ်ကြပါတယ်။
စစ်အစိုးရဆိုတော့ သူတို့ရဲ့ တွေးပုံခေါ်ပုံတွေက အများနဲ့မတူပါဘူး။ အရာအားလုံးကို သူတို့ ချမှတ်ထားတဲ့ ရည်မှန်းချက် တွေအတိုင်း ခပ်ရှင်းရှင်း မြင်ပါတယ်။ ဆိုကြပါစို့ … အစိုးရကောင်းဆိုတာ တင့်ကားတွေကို တနေရာကနေ တနေရာ ရွှေ့တဲ့အလုပ်လို့ နားလည်ထားကြပုံပါ။
တိုင်းပြည်တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် သူတို့ရဲ့လုပ်ဆောင်ချက်တွေ ဘယ်လိုအောင်မြင်နေတယ် ဆိုတဲ့အကြောင်း နားထောင်ပြီးမှဘဲ ကျနော်လည်း အရေးကြီးတဲ့ပြဿနာတွေကို ဆွေးနွေးဖို့ လမ်းစရှာနိုင်တော့တယ်။ သူတို့ပြောတဲ့ ကိန်းဂဏန်းတွေက အမှန်တွေဆိုတာ သေချာပါတယ်။ တကယ်လည်း လမ်းတွေဖောက် တံတားတွေ ဆောက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလမ်းတွေဟာ ဘယ်မှာဆုံးမှာလဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တဲ့အခါမှာတော့ ကိန်းဂဏန်းတွေ မဟုတ်တော့ပါဘူး။ သူ အဓိကထားပြောနေတာ နိုင်ငံရေးပါ။ သူ့ရဲ့ အဓိက ရည်မှန်းချက်က မြန်မာနိုင်ငံမှာ ဒီမိုကရေစီရရှိရေး ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုး တိုးတက်မှုကို နားလည်လာပြီး အဲ့ဒီကနေ အကျိုးကျေးဇူး ရရှိခံစားစေချင်တာပါ။ သူတို့ရဲ့ ဘ၀တွေ တိုးတက် ကောင်းမွန်လာပြီး ဥပဒေရဲ့ အကာအကွယ်ကို ရရှိခံစားစေချင်တာပါ။ နိုင်ငံဟာ ဘယ်လောက် နောက်ကျကျန်ရစ် နေပြီဆိုတာ သူသိပါတယ်။
ကျနော် သူ့ကို မေးကြည့်တယ်။ “ခင်ဗျားကို အနောက်လိုလားသူလို့ မြင်ကြ တယ်ဗျ။ အနောက်အုပ်စုက ဖြစ်စေချင်တာ တွေကို လုပ်နေသူ၊ ဒီမိုကရေစီလို့ ခင်ဗျားအော်ပေးတာ၊ အဲဒါ ဘာတွေက စေ့ဆော်ခဲ့တာလဲ။ မြန်မာနိုင်ငံက အဖိနှိပ်ခံ ပြည်သူတွေကို ကူညီဖို့လား၊ ဒါမှမဟုတ် အနောက်အုပ်စုရဲ့ ဆွဲဆောင်မှု တခုလား”လို့ ။ နောက် အဲ့ဒီအချက်ဟာ သူက အာဆီယံနိုင်ငံတွေကို အလေး မထားရတဲ့ အကြောင်းရင်း တခု။ ထိုနည်းတူ သူ့အပေါ်လည်း အာဆီယံက ဘ၀င်မကျတဲ့ အချက် တချက်ဖြစ်တယ်လို့ ကျနော် ပြောလိုက်တယ်။
သူမရဲ့ ရုန်းကန်တိုက်ပွဲဝင်နေမှုဟာ အပြင်လူတွေရဲ့ စေ့ဆော်မှု ကြောင့် မဟုတ်ဘဲ ဒေသတွင်းက လှုပ်ရှားမှုတခုလို့ ကွဲကွဲပြားပြား ရှုမြင်သွားစေသင့်ကြောင်း ကျနော် ပြောခဲ့ပါတယ်။
အဲ့ဒီစွပ်စွဲချက်တွေအားလုံးကို သူ အကြီးအကျယ် ဒေါသထွက်ပါတယ်။ “အာဆီယံဟာ ဘာတွေများ လုပ်ခဲ့ဖူးလို့လဲ။ ကျမ သူတို့ရဲ့ အကူအညီကို ရခဲ့သင့်ပါတယ်။ ဒါပေမယ့် သူတို့ ဘာတွေများလုပ်ခဲ့လို့လဲ။ သူတို့ သံတမန်တွေ ကျမနဲ့ တွေ့ရမှာ ကြောက်နေကြတယ်”လို့ အာဆီယံနဲ့ပတ်သက်ပြီး သူ ပစ်ပစ်ခါခါ ပြောတတ်တယ်။
၂၀၀၃ ခုနှစ် မေလ ၃၀ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်းအဖြစ်အပျက်မှာတော့ အာဆီယံက အံ့ဩတုန်လှုပ်ခဲ့ပြီး သူမကိုယ်စား ပြောဆိုမှုတွေ ရှိလာပါတယ်။ အဲ့ဒီဖြစ်ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမကို ထောက်ခံတဲ့လူထုဟာ ဒီပဲယင်းမြို့ အနောက် ဘက်က ရွာတရွာအနားမှာ ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရတယ်။ ဒါပေမယ့် အာဆီယံအဖွဲ့ကြီးရဲ့ မစွက်ဖက်ရေး မူဝါဒက ပိုနေမြဲ ကျားနေမြဲအတိုင်း မြန်မာပြည်သူ အများအပြား ထိခိုက်သေကျေ ပျက်ဆီးနေတာကို ကြည့်နေခဲ့တယ်။
၂၀၀၂ ခုနှစ် သူ့ကို နေအိမ်အကျယ်ချုပ်က လွှတ်ပေးတော့ နားလည်မှုယူခဲ့တဲ့ အချက်တချက်က လူထုကြားထွက်ပြီး တိုင်းပြည်အခြေအနေကို အဆိုးမြင်ဘက်က မပြောဖို့ပါ။ ပြည်သူတွေ ကောင်းကျိုး ဆောင်ကြဉ်းပေးဖို့ အစိုးရကို သူ ကူညီရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြောနေတာက ကမ္ဘာကျော် ခေါင်းဆောင်အကြောင်းလေ။ ခင်ဗျားက သူ့ကိုလွှတ်ပေးရင် လူတိုင်းက သူ့ဆီ ရောက်လာတယ်။ လမ်းပေါ်မှာ ဆန္ဒပြမှုတွေ မဖြစ်ပွားအောင် သူ အမြဲဂရုစိုက်ခဲ့တယ်။ ဒါပေမယ့် တိုင်းပြည်မှာ လုပ်စရာတွေ အများကြီးရှိနေပြီး ဘာမှမလုပ်ရသေးပါလားလို့ တခဏအတွင်းမှာပဲ သူ သိမြင်နိုင်ခဲ့တယ်။
လူထုကကူညီဖို့ သူ့ကို မေတ္တာရပ်ခံလာတဲ့အခါ သူ ခရီးထွက်ပြီး နိုင်ငံရေးစကား ပြောလာပါတယ်။ နိုင်ငံရေးသမား ပိုဆန် လာပြီး ရန်ကုန်မြို့ပြင်ကို ခရီးထွက်ပါတယ်။ သူ သွားလေရာ ထောင်ချီတဲ့လူအုပ်ကြီး လိုက်ကြတယ်။ စစ်ခေါင်းဆောင်တွေ စိတ်အနှောင့်အယှက် ဖြစ်ပါတယ်။ စစ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အရေးပါတဲ့ တွေ့ဆုံဆွေးနွေးမှုတွေ မစဘဲ ဒေါ်အောင်ဆန်းစုကြည်ကို ခရီးထွက်ခွင့်ပြုခဲ့တာဟာ အမှားလို့ စစ်အစိုးရ၀န်ကြီးတဦးကို ကျနော် ပြောခဲ့ဖူးတယ်။
အဲ့ဒီနောက် ဒီပဲယင်းအရေးအခင်းဖြစ်ပြီး သူလည်း အသတ်ခံရလုနီးနီး ဖြစ်ခဲ့ရတယ်။ သူ့ကို ဘယ်လို အဆောင်အယောင်မှ မပေးဘဲ အကျဉ်းထောင်ထဲ ချုပ်ထားခဲ့တယ်။ သူ့ကို ထောင်ထဲထည့်ထားတာ စစ်အစိုးရက ကျနော့်ကို မပြောခဲ့ဘဲ မဖုံးကွယ် နိုင်တဲ့အဆုံးကျမှ ကျနော့်ကို သူနဲ့ တွေ့ခွင့်ပေးတယ်။
သူတို့ ကျနော့်ကိုခေါ်တော့ ကျနော် သွားပါတယ်။ ခရီးစဉ်ဟာ စုံထောက်ဝတ္တုတွေ အတိုင်းပဲ။ သူတို့ ကားတစီးပြီး တစီး၊ ကားမောင်းသမား တယောက်ပြီးတယောက် လဲတယ်။ ကားမောင်းသမား ဘယ်သူဆိုတာ မသိရပါဘူး။ ကားထဲထိုင် လိုက်ရင်း “ဘယ်ကမ္ဘာထဲ ငါရောက်နေမိပါလိမ့်”လို့ တွေးလိုက်မိသေးရဲ့။
ကျနော့်ကို တဆင့်ပြီးတဆင့် ခေါ်သွားလိုက်တာ ကျနော် တယောက်တည်း ငေါင်စင်းစင်းနဲ့။ ကျနော် လုံခြုံမှုမှရှိရဲ့လားလို့တောင် တွေးမိခဲ့တယ်။ နောက်က လိုက်တဲ့ ကားတွေကလည်း မှန်အနက်တွေနဲ့။
အဲ့ဒီနောက် ရုတ်တရက်ဆိုသလိုပဲ ကျနော်တို့ ရောက်ခဲ့ကြတယ်။ အဲ့ဒီနေရာကတော့ အင်းစိန်ဗဟိုအကျဉ်းထောင်ပါပဲ။ အဲ့ဒီ ထောင်ထဲမှာ ရာဇ၀တ်မှုမျိုးစုံ ကျူးလွန်ခဲ့တဲ့ အကျဉ်းသားတွေကို ချုပ်နှောင်ထားပါတယ်။ စိတ်မနှံ့သူလို့ အဓိပ္ပါယ်ရတဲ့ အင်္ဂလိပ် စကားလုံးတလုံးနဲ့ အသံထွက်တူတဲ့ ဒီအကျဉ်းထောင်ရဲ့နာမည်ဟာ ကျနော့်စိတ်ထဲမှာ အမှတ်ထင်ထင်ပါ။
ကားကို ထောင်ထဲမောင်းဝင်လာပြီး ဘယ်ကွေ့လိုက် ညာကွေ့လိုက်နဲ့ နောက်ဆုံးမှာ အုတ်တိုက်လေးတခုဆီ ရောက်လာပါတယ်။
တဲသာသာ အုတ်တိုက်လေးထဲမှာ သူ့ကို ချုပ်ထားတယ်။ အပြင်ဘက်မှာ ရေတွင်းတတွင်းရှိတယ်။ သူ့ကိုတွေ့ဖို့ အထဲဝင် လိုက်တဲ့အချိန် ကျနော် တုန်လှုပ်သွားခဲ့တယ်။ အမြဲတမ်း ကြိုဆိုနှုတ်ဆက်နေကြ သူမရဲ့ အသွင်အပြင်နဲ့ လုံးဝခြားနားနေပြီး မသပ်မရပ်နဲ့ နေထိုင်နေရတာ မြင်လိုက်ရလို့ပါပဲ။
“ကျမ တရားမျှတမှုကို လိုချင်တယ် ရပ်ဇ်”လို့ သူက ကျနော့်ကို ပြောပါတယ်။ အဲ့ဒီနောက် ကျနော့် ဘေးနားမှာရပ်နေတဲ့ စစ်အရာရှိတွေဘက်လှည့်ပြီး “ကျမအိမ်က အင်္ကျီတွေပဲ ကျမလိုချင်တယ်။ ရှင်တို့ပေးတဲ့ အင်္ကျီတွေကို ကျမ မ၀တ်ချင်ဘူး။ ပြီးတော့ ကျမရဲ့ တကိုယ်ရေသုံး ပစ္စည်းတွေလည်း ယူလာပေးပါ”လို့ ပြောလိုက်တယ်။
သူမရဲ့ လူသားဆန်မှုကို ဒီလိုအနေအထားမျိုးနဲ့ သစ္စာဖောက်လိုက်ကြတာတွေ့ရတော့ ကျနော် ထိတ်လန့်မိပါတယ်။ ကျနော့်ကို ထပ်အံ့အားသင့်စေခဲ့တာက “ဖြစ်ခဲ့တာတွေ ပြီးခဲ့ပြီ၊ ပြည်သူလူထုအကျိုးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျမဘက်က အဆင်သင့်ရှိတယ်”လို့ သူပြောလိုက်တဲ့စကားပါ။
ဒါနဲ့ ဗိုလ်ချုပ်ကြီး ခင်ညွှန့်ကို ကျနော်ပြန်တွေ့တော့ “ခင်ဗျားတို့ ဘယ်လိုလုပ်လိုက်တာလဲ၊ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာကို ကျနော်ဘယ်လို ပြောရမှာလဲ”လို့ ဒေါသလည်းဖြစ် စိတ်မကောင်းလည်းဖြစ်ပြီး ပြောခဲ့ပါတယ်။
သူ့ကို အကျဉ်းထောင်ထဲထည့်ထားတာ ကမ္ဘာကိုမပြောဘဲ ခဏတော့ ကျနော် နှုတ်ဆိတ်နေခဲ့တယ်။ သူ လုံခြုံတဲ့နေရာမှာ ရှိနေပြီး စိတ်ဓာတ်လည်း ကြံ့ခိုင်လျက်ရှိပါတယ်လို့ပဲ ပြောခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုတော့ ဒီကိစ္စ အစီရင်ခံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကျနော် နောက်ဆုံးတွေ့ခွင့်ရတာ ၂၀၀၄ ခုနှစ် မတ်လမှာ ဖြစ်ပါတယ်။ သူ့ကို နေအိမ်ကိုပြန်ပို့ ပေးပြီး အကျယ်ချုပ်ချထားချိန်ပါ။ ဒီပဲယင်းကိစ္စ ဘယ်လိုဖြစ်ခဲ့ဖြစ်ခဲ့ ပြည်သူလုထု အကျိုးအတွက် စစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ သူအဆင်သင့်ရှိတယ်ဆိုတာ ထပ်ခါတလဲလဲ ပြောပါတယ်။ လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်တွေနဲ့မှသာ ဒီမိုကရေစီရေးကိုလုပ်ဆောင်နိုင်မယ်ဆိုတာကို နားလည်သဘောပေါက်ဖို့ ဒေါ်အောင်ဆန်းစုကြည် အချိန်အတော်ကြာ ဖြတ်သန်းခဲ့ရပါတယ်။
ဒီလို သိမြင်နားလည်လာခြင်းဟာ လွန်ခဲ့တဲ့ အကြိမ် ၂၀ ကျော်က ကျနော်တွေ့ခဲ့ရတဲ့ အလျော့မပေး စည်းကမ်းကြီးပြီး ဩဇာပေးတတ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်ကြည့်ရင် လုံးလုံးလျားလျား ကွာခြားနေပါတော့တယ်။
မြန်မာနိုင်ငံဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ယှဉ်ကြည့်ရင် အတော်လေး ခေတ်နောက်ကျ ကျန်ရစ်နေတာကို သူ အလွန်အမင်း စိုးရိမ်ပူပန် နေပါတယ်။ တခြား တိုင်းရင်းသားအုပ်စုတွေကိုလည်း တန်းတူ နေရာမပေးတဲ့အတွက် စိတ်အနှောင့်အယှက်လည်း ဖြစ်နေပါတယ်။ ဥပမာ ရိုဟင်ဂျာလို ပြဿနာမျိုးပေါ့။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အပြောင်းအလဲတွေကို စစ်ဗိုလ်ချုပ်တွေ အသိအမှတ်ပြုလက်ခံဖို့ နောက်ဆုံးအချိန်ထိ ကျနော် ကြိုးစားပေမယ့် မရခဲ့ပါဘူး။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက သူ့ကို အနောက်အုပ်စုကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်အဖြစ် တံဆိပ် ကပ်ထားဆဲဖြစ်ပြီး မကြာသေးခင်ကတင် ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေက မြန်မာနိုင်ငံမှာ ရှိမနေစေချင်ဘူးဆိုတာ ပြသတာ ထင်ရှားနေပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကျနော့်ကို ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ ရင်းနှီးသူအဖြစ် မြင်နေတယ်လို့ ထင်ပါတယ်။ အဲဒါ မှန်ပါတယ်။ ကျနော်တို့ကို အလုပ်အတူလုပ်ဖို့ ခွင့်ပြုခဲ့တာကြောင့် ကျနော်နဲ့သူ ဆက်ဆံရေး တိုးတက်ကောင်းမွန်ခဲ့ပါတယ်။ ကျနော်ဟာ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ စိတ်တူသဘောတူ ဖြစ်တယ်လို့ ယူဆတဲ့အခါကတည်းက သူတို့ ကျနော့်ကို မလိုချင်တော့မှန်း ကျနော်သိပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တာဝန်ကနေ အချိန်ကိုက် နုတ်ထွက်ခဲ့တာပါ။ အခြား တယောက်ယောက်ကို စဉ်းစားဖို့ စစ်အစိုးရကိုလည်း အခွင့်ပေးရာကျမှာပါ။
ဒါပေမယ့် ၀မ်းနည်းစရာတော့ ကောင်းပါတယ်။ ဗိုလ်ချုပ်ကြီးခင်ညွှန့်နဲ့ တိုင်းရင်းသားအုပ်စုတွေ အပါအ၀င် အခြားသူတွေ အကြား အသုံးဝင်တဲ့ အဆက်အသွယ်တွေကို အခြေခံကျကျ တည်ဆောက်ထားနိုင်ခဲ့ပါပြီ။ အဲဒီလူတွေပဲ တနေ့ အာဏာရ လာနိုင်ကောင်း ရလာဦးမှာပါ။ အခုတော့ ဖြစ်ပြီးခဲ့တာတွေကို ပြန်ကြည့်ရင် ဗိုလ်ချုပ်ကြီးခင်ညွှန့် ရဲ့ အခန်းကဏ္ဍနဲ့ သူ ဆက်လက်ရှင်သန်နိုင်အောင်လို့ ကျနော်တို့ လုံလုံလောက်လောက် ဘာမှမလုပ်ပေးခဲ့ဘူး ဆိုတဲ့အချက်ကို ကျနော် မစဉ်းစားဘဲ မနေနိုင်အောင်ဖြစ်ရပါတယ်။ ဒါကြောင့် စစ်တပ်အတွင်းမှာ အင်အားကောင်းကောင်းနဲ့ လုပ်ဆောင်မယ့်သူ မရှိဘဲနဲ့ မြန်မာနိုင်ငံ ပြောင်းလဲမယ့် အလားအလာကို ကျနော်မမြင်ပါဘူး။
မုတ်သုန်ကနေ ဟေမန္တ၊ အဲ့ဒီကနေ သရက်ပွင့်တွေ ဝေဆာတဲ့ ဂိမာန်ရာသီ၊ ရာသီတွေသာပြောင်းသွားပါမယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း အထိန်းသိမ်းခံဘ၀နဲ့ ဆက်လက်နေရဦးမှာပါပဲ။ ဘယ်လောက်ကြာမလဲဆိုတာ ဘုရားသခင်မှသာ သိနိုင်ပါလိမ့်မယ်။ သူ ဘယ်လိုခရီးဆက်မလဲ ကျနော်မသိပါဘူး။ ကျနော် သေသေချာချာ သိနေတာက ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူ ဘယ်တော့မှ ဦးညွှတ်မှာမဟုတ်ဘူး၊ သူ ရှာဖွေနေတာ တကိုယ်ရေလွတ်လပ်မှု မဟုတ်ဘူး၊ သူ့ လွတ်လပ်မှုဟာ သူချစ်တဲ့ မြန်မာပြည်သူတွေရဲ့ လွတ်လပ်မှုနဲ့ ယှဉ်တွဲနေမှသာ အဲဒီ လွတ်လပ်မှုကို သူ လက်ခံလိမ့်မယ်ဆိုတာပါ။
ကျနော်မှတ်မိနေပါသေးတယ်။ ဒီပဲယင်းအရေးအခင်းနောက်ပိုင်း အကျဉ်းထောင်ထဲ ချုပ်နှောင်ထားချိန်မှာ သူမရဲ့သား အလက်ဇန္ဒြားက မိခင်ကို သွားတွေ့လိုကြောင်း ကျနော့်ကို ဆက်သွယ်ပြောကြားလာပါတယ်။ ဒါနဲ့ ကျနော်လည်း ကြိုးစားပေးမယ်လို့ အကြောင်းပြန်ခဲ့ပါတယ်။
သူနဲ့တွေ့တဲ့အခါ အဲဒီကိစ္စကို မေးကြည့်ပါတယ်။ ထောင်ထဲက တခြားအကျဉ်းသားတွေထက်ပိုပြီး မထူးခြားချင်ဘူးဆိုပြီး ချက်ချင်း ပြတ်ပြတ်သားသား သူ ငြင်းခဲ့ပါတယ်။ “ဘယ်လိုကြောင့် ကျမကို သူများတွေနဲ့ထူးပြီး ဆက်ဆံသင့်တာလဲ။ မတရား အကျဉ်းချခံထားရတဲ့ မိခင်တွေကို ဘ၀နောက်ဆုံးအချိန်အထိ ပြန်တွေ့ခွင့်မရတဲ့ သားသမီးတွေ မရေတွက်နိုင် လောက်အောင် ရှိနေချိန်မှာ ကျမရဲ့ကလေးကျမှ ဘယ်လိုကြောင့် ကျမကို တွေ့ခွင့်ရသင့်တာလဲ”လို့ သူ ပြောခဲ့ပါတယ်။
ဒါ ဒေါ်အောင်ဆန်းစုကြည်ပါပဲ။ ခိုင်မာတဲ့ စည်းမျဉ်းတွေနဲ့ ခံကတုတ်ဖွဲ့ တည်ဆောက်ထားတဲ့ သူမပါ။ ကျနော် ဒီစာကိုရေး နေချိန်မှာတောင်မှ ကိုယ်ဟန် မတ်မတ်၊ တည်တည်ငြိမ်ငြိမ်နဲ့ထိုင်နေတဲ့ သူ့ရဲ့အသွင်ကို မြင်ယောင်နေမိပါတယ်။ တွေ့ဆုံ ဆွေးနွေးပွဲတွေ ဒါမှမဟုတ် အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေ ဖြစ်လာမယ့်အချိန်ကို စောင့်မျှော်နေရင်းပေါ့။ သူ့ဘက်က အချိန်ရှိတယ်လို့ ယုံကြည် နေပေမယ့် အချိန်က စောင့်ပါ့မလား။ စစ်အစိုးရခေါင်းမာတာနဲ့ အစွမ်းအစမရှိတဲ့ အာဆီယံ အဖွဲ့ကြီးကြောင့် မျှော်လင့်ခြင်းတေးသွားတပုဒ် သီကျူးဖို့မလွယ်ပါဘူး။
ဒါပေမယ့် သူ့ရဲ့ စပယ်ပန်းရနံတွေ ရစ်ဝဲနေဆဲပါ။ သူမဟာ ဘယ်အရာကိုမှ မကြောက်မရွံ့ဘဲ ဖြောင့်မတ်တည်ကြည်စွာနဲ့ နေအိမ်ထဲကနေ ဆက်ပြီးစောင့်နေ ပါလိမ့်မယ်။ မြန်မာပြည်သူတွေလည်း သူနဲ့အတူ စောင့်စားနေပါတယ်။
၂၀၀၀ ခုနှစ် ဧပြီလမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်သည် ရာဇာလီ အစ္စမေးလ်ကို အထွေထွေအတွင်း ရေးမှူးချုပ်၏ မြန်မာပြည်ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ်ခန့်အပ်ခဲ့ပြီး ထိုရာထူးကို ၂၀၀၅ ခုနှစ် ဒီဇင်ဘာလအထိ ထမ်းဆောင်ခဲ့သည်။
၂၀၀၇ ခုနှစ် ဧပြီလထုတ် ဧရာဝတီ မဂ္ဂဇင်းမှ Meetings with Aung San Suu Kyi By Razali Ismail ကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြပါသည်။

irrawaddymedia.com/bur
Subscribe to:
Posts (Atom)