Sunday, September 30, 2007

Gambari's Burma trip

0 comments
ကုလအထူးသံတမန် မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံရောက်ရှိ NEJ/ ၂၉ စက်တင်ဘာ ၂၀၀၇


ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာအီဘရာဟင် ဂမ်ဘာရီသည် ယနေ့ ညနေပိုင်းတွင် စင်ကာပူနိုင်ငံမှတဆင့် Silk လေကြောင်း လိုင်းဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း ရန်ကုန်မှ လာသော အေဂျင်စီ သတင်းများတွင် ဖော်ပြသည်။

မစ္စတာဂမ်ဘာရီသည် နေပြည်တော်သို့ ဆက်လက် ထွက်ခွာကာ နအဖ စစ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်

ဟု သတင်းများတွင် ဖော်ပြသော်လည်း ယခုခရီးစဉ်အတွင်း အခြားမည်သူတို့နှင့် တွေ့ဆုံမည်ဆိုသည် ကိုမူ ဖော်ပြခြင်း မရှိပေ။

မစ္စတာ ဂမ်ဘာရီသည် လာမည့်အောက်တိုဘာလလယ်၌ သွားရောက်ရန် မူလကစီစဉ်ထားသော်လည်း မြန်မာနိုင်ငံ၌ သပိတ်မှောက်ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းနေသည့်အခြေအနေကြောင့် သတ်မှတ်
ချိန် ထက်စော၍ မြန်မာနိုင်ငံသို့ သွားရောက်ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီခေါင်းဆောင်များနှင့်တွေ့ဆုံရန် မစ္စတာ ဂမ်ဘာရီဘက်က ယခုအချိန်အထိ အကြောင်းကြားခြင်း မရှိသေးကြောင်း အန်အယ်လ်ဒီပါတီက ပြောသည်။

အန်အယ်လ်ဒီ သတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ကျနော်တို့ဘက်ကတော့ တွေ့ရင် ပြောရမှာတွေတော့ အဆင်သင့်ရှိပါတယ်။ သို့သော် တွေ့ဖို့ မတွေ့ဖို့ကို အခုထက်ထိမသိရသေးပါဘူး။ သူတို့က ဖိတ်မှပဲတွေ့ရမှာ” ဟုပြောသည်။

မစ္စတာ ဂမ်ဘာရီ မလာရောက်မီကတည်းက ရန်ကုန်မြို့ကုန်သည်ကြီးများဟိုတယ်အနီးနှင့် ရန်ကုန်မြို့ တွင်း လမ်းများပေါ်၌ ကျောင်းသားများဦးဆောင်သည့် ဆန္ဒပြပွဲများ ယနေ့ဖြစ်ပွားလျက်ရှိကြောင်း၊ စစ်တပ်နှင့်လုံထိန်းရဲများကလည်း သေနတ်မိုးပေါ်ထောင် ပစ်ခတ်ခြင်းနှင့်ဖမ်းဆီးခြင်းများရှိကြောင်း ရန်ကုန်မြို့ခံတဦးကပြောသည်။

၎င်းက “အဓိကဦးဆောင်တာတော့ ကျောင်းသားတွေပဲ။ ခွပ်ဒေါင်းအလံတွေလည်း တွေ့ရတယ်။
သံဃာတော်တွေတော့ သိပ်မတွေ့ရဘူး။ ဖြိုခွဲတဲ့လူတွေကလည်း ဒိုင်းကာတွေနဲ့ရှိတယ်။ လက်နက် တွေနဲ့၊ စပီကာနဲ့ အော်ပြီးဖြိုခွဲတာပဲ။ သူတို့လိုက်လာပြီဟေ့ဆို ကလေးတွေက ရှေ့ကပြေးတယ်။ လူတွေက စုံပြုံပြီး လိုက်အားပေးတယ်” ဟုပြောသည်။

ယခုရက်ပိုင်းအတွင်း အန်အယ်လ်ဒီပါတီဝင်များ နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီးခံနေရကြောင်း၊ ပြီးခဲ့ သည့်ညက ပါတီ၏သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်သူ ဆင်ပေါင်ဝဲမြို့နယ် လွှတ်တော်အမတ် ဦးဟန်ဇော်၊ အရာတော်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဗလ၊ ဗဟိုအမျိုးသမီးအဖွဲ့ဝင် ဒေါ်လဲ့လဲ့ နှင့် မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြ အပါအ၀င် အနည်းဆုံး (၁၀) ဦး ဖမ်းဆီးခံရ ကြောင်း အန်အယ်လ်ဒီပါတီက ပြောကြားသည်။



မူရင်း


khitpyaing.org

good idea in sittwe city

0 comments
လူထုတော်လှန်ရေး အသွင်ဆောင်သော စစ်အစိုးရ ဆန့်ကျင်ရေး လုပ်ရပ်များ စစ်တွေတွင် စတင်ပြီ
နိရဉ္စရာသတင်း စက်တင်ဘာ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။

"- - - - ညအချိန်တွင် ခိုးယူပြီး ဖျက်ဆီးပစ်ခြင်းပင် ဖြစ်ကြောင်း - - - - "

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူထုတော်လှန်ရေး အသွင်ဆောင်သော စစ်အစိုးရ ဆန့်ကျင်ရေး လုပ်ရပ်များကို မြို့သူ မြို့သားများက ၎င်းတို့ အသိဖြင့် စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ လူထုတော်လှန်ရေး အသွင်ဆောင်သော တော်လှန်ရေး လုပ်ငန်းမှာ အစိုးရ အဆောက်အဦးများ၏ ရှေ့မျက်နှာစာတွင် စိုက်ထူထားသော “ဒို့တာဝန် အရေးသုံးပါး” စာတန်းရေးထိုးထားသည့် ဆိုင်းဘုတ်များကို ညအချိန်တွင် ခိုးယူပြီး ဖျက်ဆီးပစ်ခြင်းပင် ဖြစ်ကြောင်း အမည်မဖေါ်လိုသူတဦးက ပြောသည်။

စစ်တွေမြို့တွင် စက်တင်္ဘာလ ၂၇ ရက်နေ့ညဥ့်မှစပြီး အစိုးရအဆောက်အဦးများ၏ ရှေ့မျက်နှာစာတွင် စိုက်ထူထားသော “ဒို့တာဝန် အရေးသုံးပါး” ပါ ဆိုင်းဘုတ်များအား လူတချို့က ဖြုတ်ချပြီ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရှိရသည်။

အမည်မဖေါ်လိုသူ တဦးက “မြို့နယ် အခွန် ဦးစီးမှူးရုံးရှေ့က စိုက်ထူထားတဲ့ ဒို့တာဝန် အရေးသုံးပါး ဆိုင်းဘုတ်နဲ့ တခြားပြည်တွင်း အကောက်ခွန်ဌာနရုံးက ဆိုင်းဘုတ်တွေကို စက်တင်္ဘာလ ၂၇ ရက်ညဥ့်မှာ ပျောက်ဆုံးသွားပါတယ်။ ခုအခါ စစ်တွေ မြို့နယ် အမှတ် (၂) ရဲစခန်းမှာ မြို့နယ် အခွန်မှူး ဦးအောင်နိုင်က ဆိုင်းဘုတ်ပျောက်သွားတဲ့အတွက် အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရှိရပါတယ်။” ဟု ပြောသည်။

အမည်မဖေါ်လိုသူ တဦးက ပြည်တွင်းအကောက်ခွန်ရုံးက ဒို့တာဝန် အရေးသုံးပါး ဆိုင်းဘုတ် ကို အဝေးတနေရာက ပြန်ရရှိခဲ့ပေမယ့်လည်း မြို့နယ် အကောက်ခွန်ဌာနက ဆိုင်းဘုတ် ကိုမတွေ့ရှိရတော့တဲ့အတွက် ကျွန်တော်တို့ ရပ်ကွက်က ဆိုင်းဘုတ်ရေးဆရာ ကိုလှရွှေ မောင်ကို ရုံးကိုခေါ်ပြီး တရက်နဲ့ အပီး ဆိုင်းဘုတ်တွေ ရေးခိုင်းနေတယ်လို့ သတင်း ရရှိကြောင်း ပြောသည်။

ယခုကဲသို့ စစ်တွေတွင် ဒို့တာဝန်အရေးသုံးပါး ရေးထားသောဆိုင်းဘုတ်များ ညဥ့်အချိန်တွင် ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာ အစိုးရ၀န်ထမ်းများအနေဖြင့် အစိုးရရုံးများတွင် ညကင်း စောင့်ပြီး ဆိုင်းဘုတ်ကို စောင့်ဆိုင်းနေကြောင်း သတင်းရရှိသည်။

ပြည်တွင်းမှ ပေးပို့သော သတင်းအရ ဆိုင်းဘုတ်ဖြုတ်ချပြီး ဖျက်ဆီနေသူများ အနေဖြင့် တခြား ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်းမရှိဘဲ ဒို့တာဝန် အရေးသုံးပါးပါ ဆိုင်းဘုတ်များကိုသာ ရွှေးချယ် ဖျက်ဆီးပစ်နေသဖြင့် ယခုလုပ်ရပ်မှာ တပ်မတော်အပေါ် မကျေနပ်မှုမှ အရင်းခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း လူအများက ဝေဖန်ပြောကြားနေကြသည်ဟု သိရှိရသည်။



မူရင်း


bnionline.net/bur

Saturday, September 29, 2007

strike diary ( irrawaddy sept 29 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၉၊ ၂၀၀၇


ရန်ကုန် -
အဖမ်းခံရသည့် သံဃာတော်များကို သင်္ကန်းချွတ်ပြီး စစ်အစိုးရ၏အထူးခုံရုံးက ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်သည်ဟု ရန်ကုန်ရှိ ဆရာတော်တပါးက ဧရာဝတီကို မိန့်ကြားသည်။

ထို့အပြင် သံဃာတော်များအားထောင်ဒဏ်ချမှတ်သည့် တရားခွင်ကို ရန်ကုန်ရှိ ကျောင်းထိုင်ဆရာတော်နှင့် တိုက်အုပ်ဆရာတော်များအား ခြိမ်းခြောက်သည့်သဘောဖြင့် ခေါ်ယူပြသခဲ့ကြောင်း တရားခွင်သို့ ကိုယ်တိုင် ခေါ်သွားခံခဲ့ရသည့် အဆိုပါဆရာတော်က မိန့်တော်မူသည်။

“၂၆ရက်နေ့  ညနေပိုင်းက အာဏာပိုင်တွေက ဘုန်းကြီးတို့ ဘုန်းကြီးကျောင်းကို လာပြီး ဆရာတော်ကို လာပင့် တယ်။ အခြားကျောင်းက ကျောင်းထိုင်ဆရာတော်တွေနဲ့ အတူပေါ့။ ဟိုရောက်တော့ သင်္ဏန်းချွတ်ပြီး လူဝတ်လဲ ခံထားရတဲ့ ဘုန်းကြီး ၈ ပါးကို တရားရုံးထဲမှာ တွေ့ ရတယ်။ သူတို့ အားလုံးကို ထောင်ဒဏ် ၆ နှစ်စီ အရေးပေါ် ချမှတ်လိုက်တယ်” ဟု လည်း ဆရာတော်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(အေအေပီပီ) ၏စာရင်းအရ သံဃာတော်များ စတင်ကံဆောင်သည့် စက်တင်ဘာ ၁၇ နေ မှစ၍ သံဃာတော် အပါး ၁၀၀၀ ခန့် အဖမ်းခံရကြောင်း သိရသည်။ အဖမ်းခံရသည့် သံဃာတော်များကို အင်းစိန်ထောင်နှင့် အင်းစိန် ဂျီတီအိုင် တို့တွင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း -
မွန်းလွဲ ၃ နာရီကျော်တွင် သံဃာတော်အင်အား ၁၀၀၀ ကျော်နှင့် ပြည်သူ ၃ သောင်းခန့် စေတီကြီးဘုရားမှ စတင်၍ ချီတက်ဆန္ဒပြသည်ဟု ခေမာသီဝံစာသင်တိုက်ရှိ စာချဆရာတော်တပါးက ဧရာဝတီကိုပြောသည်။
“မြို့နယ်လူထုက စိတ်ဓာတ်တွေတအားပြင်းပြနေတယ်။ တမြို့လုံးအတိုင်းအတားနဲ့ကို ပါမယ်ထင်တယ်။ စထွက်ကတည်းက အများကြီးပါသွားကြတယ်ဒကာကြီး။ ချီတက်ပွဲမစခင်ကတော့ စစ်ကားတွေ၊ ရဲကားတွေ မြို့ထဲမှာရှိတယ်လို့ကြားတယ်။ တားဆီမှုတွေရှိမရှိတော့ မသိရသေးဘူး” ဟု အဆိုပါ စာချဆရာတော်က ပြောသည်။

ချီတက်ဆန္ဒပြနေကြသည့်ပြည်သူများက စားဝတ်နေရေးပြေလည်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ကြွေးကြော်ကြပြီး သံဃာတော်များက မေတ္တာသုတ် ရွတ်ဆိုကာ ချီတက်ဆန္ဒပြကြောင်း သိရသည်။

ယမန်နေ့ညက ကျောက်ပန်းတောင်းမြို့ရှိ အန်အယ်လ်ဒီအဖွဲ့ဝင် ဦးကျော်စိန်လှိုင် အပါဝင် ဦးသန်းလွင်၊ ဦးပေါ်အေး၊ ဦးမြင့်ရွှေ၊ ကိုရဲထွန်းနှင့် ကိုမြင့်စိုးတို့ ၆ ဦးကို ဆန္ဒပြပွဲအားဦးဆောင်သည်ဆိုကာ အာဏာ
ရန်ကုန်၊ မန္တလေးမြို့များတွင် ဘုန်းတော်ကြီးကျောင်းများကို အာဥာပိုင်က အကြမ်းဖက် စီးနင်းနှိမ်နင်း နေသောကြောင့် ကျောက်ပန်းတောင်းရှိသံဃာတော်များ အလားတူ အကြမ်းဖက်ခံရမည်ကို စိုးရိမ်လျက်ရှိသည် ဟုလည်း အဆိုပါ စာချဆရာတော်က ပြောသည်။

အန်အယ်လ်ဒီအဖွဲ့ဝင်များ အဖမ်းခံရ

မကွေးတိုင်း အန်အယ်လ်ဒီဥက္ကဌ ဦးဇော်ဟန်အား ယမန်နေ့ည ၂ နာရီက ရန်ကုန်ရှိနေအိမ်တွင် အာဏာပိုင်တို့က လာရောက် ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ဧရာသတီကို ပြောသည်။

မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြကိုလည်း ယမန်နေ့ည ၁၁ နာရီတွင် အာဏာပိုင်က စုံစမ်းမေးမြန်းရန်ဟုဆိုကာ နေအိမ်မှခေါ်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

ကမာရွတ်မြို့နယ် အန်အယ်လ်ဒီလူငယ်တာဝန်ခံတဦးဖြစ်သည့် မသန္ဒာနွယ်ဦးလည်း ယမန်နေ့ညက အဖမ်းခံရကြောင်း သိရသည်။ မသန္ဒာနွယ်ဦးသည် ၆ လ ကိုယ်ဝန်ဆောင်တဦးဖြစ်သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးသန်းဖေ၊ အဖွဲ့ဝင် ဦးထွန်းကြည်၊ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေနှင့် ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုပါတို့လည်း ယမန်နေ့ညက အဖမ်းခံရကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန် -
တောင်ဥက္ကလာပ မြို့နယ် မာဃလမ်း တွင် နေထိုင်သူ ကိုဖိုးဇော်သည် စက်တင်ဘာ ၂၇ ရက်က စစ်ကားကို ဟွန်းတီးမိ၍ အရိုက်အနှက်ခံရသည့် ဒဏ်ဖြင့် ယနေ့ သေဆုံးသွားကြောင်းသိရသည်။

အဆိုပါနေ့က ကိုဖိုးဇော်သည် ကျောက်ပြား ၀ယ်ရန်ထွက်လာစဉ် စစ်ကားနှင့် ထိပ်တိုက်တွေ့ပြီး ဟွန်းတီးမိလိုက် သောကြောင့် စစ်သားများက ၎င်းကို ကားပေါ်မှ ဆွဲချ၍ ရိုက်နှက်ထားခဲ့ကြောင်း၊ ကိုဖိုးဇော်၏ ကား၊ ဟန်းဖုံးနှင့် အတူပါသွားသောငွေများ ပြန်မရကြောင်း၊ ကိုဖိုးဇော်၏ အလောင်းကိုလည်း ယခုအချိန်အထိ ပြန်မရသေးကြောင်း ကိုဖိုးဇော်နှင့် နီးစပ်သူတဦးကပြောသည်။

ယင်းတောင်ဥက္ကလာတွင်ပင် နေထိုင်သူများဖြစ်သည့် ကိုစိုးသန်း (ခ) ကိုစီတုန်း အသက် (၄၁)နှစ်၊ ကိုမျိုးမင်းထွန်း အသက် (၂၂) နှစ် နှင့် ကိုဇေယျာနိုင် အသက် (၁၈)နှစ် (၁၀ တန်း ကျောင်းသား)တို့ ၃ ဦးသည်လည်း စစ်သားများ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသွားကြကြောင်း သိရသည်။

စစ်တွေ - ရခိုင်ပြည်နယ် -
ယနေ့ ညနေ ၃ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ သံဃာတော်အပါး ၅၀ ခန့်က ဦးဆောင်သည့် ဆန္ဒပြသူပေါင်း ၅၀၀၀ ခန့်က ဆန္ဒပြသည်ဟု မြို့ခံများကပြောသည်။

အဆိုပါ ဆန္ဒပြပွဲသည် ၁ နာရီခန့်ကြာပြီး အေးချမ်းစွာ ပြီးဆုံးသွားကြောင်း၊ စစ်တပ်က မြို့ထဲတွင် လုံခြုံရေးယူ ထားသော်လည်း အကြမ်းဖက်တိုက်ခိုက်မှု မပြုလုပ်ကြောင်းသိရသည်။

မန္တလေးမြို့- မန္တလေးတိုင်း -
နေ့လယ် ၁ နာရီကစ၍ မန္တလေးပြည်သူတချို့ မော်တော်ဆိုင်ကယ်များစီး၍ ဆန္ဒပြကြကြောင်း မြက်မြင်သက်သေ တဦးက ဧရာဝတီကိုပြောသည်။

“မနက်ကတည်းက ၃၃ လမ်း ၃၄ လမ်းဘက်မှာ ဆိုင်ကယ်စီးပြီး ဆန္ဒပြကြွေးကြော်ကြတယ်၊ စစ်တပ်က လာပြီဆိုရင် မောင်းထွက် သွားကြတယ်၊ ညနေ ၅ နာရီထိုးတဲ့အထိ ၈၄လမ်းမှာ ရှိနေတုန်းပဲ၊ တပ်မ ၃၃ က လမ်းထောင့်တခုဆို ၉၉ က နောက်လမ်းထောင့် တခုစီခြားပြီး စစ်သားတွေကို လုံခြုံရေးချထား တယ်” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အလားတူဆန္ဒပြပွဲများ မန္တလေးတွင် နေရာအနှံ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

strike diary ( irrawaddy sept 28 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၈၊ ၂၀၀၇


ကျောက်ပန်းတောင်း-မန္တလေးတိုင်း -
ယနေ့ ညနေ ၃နာရီ ခွဲတွင် ဟေမာသီဝံကျောင်း၊ သုခ၀တီကျောင်း၊ အောင်မြေကျောင်းတို့မှ သံဃာတော် အပါး ၁၀၀၀ ကျော် ၄ ကြိမ်မြောက် ဆန္ဒပြချီတက်သည် ဟုသိရသည်။

“ပြည်သူတွေကတော့ အရမ်းကိုအားပေးကြပါတယ်၊ သောက်ရေနဲ့ ဖျော်ရည်တွေ ကပ်လှူ တာအရမ်းများတယ်၊ အာဏာပိုင်တွေကတော့ ပိတ်ပင်ခြင်းမရှိသေးဘူး”ဟု မျက်မြင်တဦးက ပြောသည်။

ရန်ကုန် -
ဆန္ဒပြစစ်ကြောင်းဖြတ်သန်းသည့် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းအကြားရှိ ပန်းဆိုးတန်းလမ်းကို စစ်တပ်က ၂ ဘက်ပိတ်ကာဝင်ဖမ်းပြီး ထွက်ပြေးသူများအား သေနတ်ဖြင့်ပစ်သည်ဟု လွတ်မြောက်လာသူတဦးက ပြောသည်။

စစ်သားများ၏ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေနတ်ထိမှန်သည်ဟုလည်း ၎င်းကပြောသည်။
“ပိတ်မိနေတဲ့လူတွေအကုန်ကို ဖမ်းခေါ်တာ။ ပြေးတဲ့သူတွေကိုပစ်တယ်။ အဲဒီမှာ ၂ ယောက်ကျသွားတယ်။ ကျမရှေ့နားက ပြေးလာတဲ့သူတွေကိုလည်း စီးရိုက်ပြီး ခေါင်းဖော် ဒူးတုတ်ထိုင်ခိုင်းထားတယ်။ ၃၅ ယောက်လောက်ရှိတယ်” ဟု လွတ်မြောက်လာသူက ပြောသည်။

အဆိုပါနေရာတွင် ပြည်သူလူထု ၁၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။

ပြည်သူလူထု ၅၀၀၀ ကျော်ပါသည့် ချီတက်ဆန္ဒပြစစ်ကြောင်းတကြောင်း ညနေ ၃ နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းရှေ့မှ ကြည့်မြင်တိုင်ဘက်သို့ ချီတက်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။၎င်းစစ်ကြောင်းကို ကျောင်းသားငယ်များကဦးဆောင်သွားပြီး သံဃာတော် ၂ ပါး ပါသည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

မန္တလေးမြို့- မန္တလေးတိုင်း -
ယနေ့ ဆန္ဒပြချီတက်မည့် သံဃာတော်များအား ချီတက်ခွင့်မရရန် မစိုးရိမ်ကျောင်းလမ်း၊ မြတောင် ကျောင်းလမ်းနှင့် ဘုရားကြီး ကျောင်းတိုက်တို့ တွင် စစ်တပ်များက တင်းကျပ်စွာ ပိတ်ဆို့ထားသည်ဟု သိရသည်။

“ဘုရားကြီးကျောင်းဘက် လမ်းကို ပိတ်နေတာပဲ၊ လမ်း နှစ်ပြစာလောက်ရှိတဲ့ ရဲကားတွေ၊ မီးသတ်ကား၊ လုံထိန်းတွေကို ချထားတယ်၊သံဆူးကြိုး အထပ်ထပ်ချတယ်”ဟု မျက်မြင်တဦးက ပြောသည်။

မြောက်ပြင်ရှိ တိုက်တော်ကျောင်းကိုလည်း သံဃာတော်များချီတက်ခွင့်မရရန် ကျောင်းပေါက်ဝတွင် စစ်ကား ၈ စီးဖြင့် ပိတ်ဆို့ထားသည်ဟုသိရသည်။“၈၄x၃၄ လမ်း ထောင့်မှာ မြတောင်ကျောင်းက သံဃာတော်တွေကို ချီတက်လို့မရအောင် ပိတ်ထားတယ်၊ သေနတ် လေးငါးချက်လောက် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲတယ်၊ သံဃာတော် အပါး ၂၀၀ လည်းပိတ်မိနေတယ်၊ အဲဒီနေရာမှာ တမြို့လုံးက ပြည်သူတွေလည်း စက်ဘီးတွေ ဆိုင်ကယ်တွေနဲ့ရှိနေတယ်”ဟု အထက်ပါ မျက်မြင်က ပြောသည်။

ရန်ကုန် -
လှိုင်မြို့နယ်ရှိ အင်တာနက်ဖြန့်ဖြူးရေးဌာနဖြစ်သည့် မြန်မာအင်ဖိုတက်ခ် အဆောက်အဦကို စစ်တပ်က သိမ်းလိုက်ပြီး အင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်ကြောင်း သိရသည်။

ပန်းပဲတန်း၊ ကျောက်တံတားနှင့် လသာမြို့နယ်များတွင် နေ့လယ် ၁၂ နာရီကစ၍ အပြင်မထွက်ရန် အာဏာပိုင်က လော်စပီကာနှင့် လိုက်အော်ကြောင်း သိရသည်။ ၁၂ နာရီကျော်တွင် ဆူးလေဘုရားပတ်ဝန်းကျင်ရှိ လူနေအိမ်များကို သန်းခေါင်စာရင်စစ်မည်ဟု လော်စပီကာဖြင့် လိုက်အော်ပြီး သန်းခေါင်းစာရင်းတွင် မပါသူများကိုဖမ်းရန် စီစဉ်နေသည်။ ဆန္ဒပြသမားများက အကြမ်းဖက်ဖြိုခွဲချိန်တွင် အဆိုပါအိမ်များသို့ ၀င်ပြေးသောကြောင့် ဖြစ်သည်။

ရန်ကုန် -
နေ့လယ် ၁၂ နာရီခန့်က ထရိတ်ဒါးဟိုတယ်ရှေ့တွင် ချီတက်ဆန္ဒပြမည့်သူများ စုရုံးရောက်ရှိနေကြာင်း ဆန္ဒုပြသမားတဦးက ပြောသည်။

ချီတက်ပွဲကိုဦးဆောင်မည့် လွှတ်တော်အမတ်များက ဆန္ဒပြပွဲအားအကြမ်းဖက်မဖြိုခွဲရန်၊ စစ်သားများအား မေတ္တာရပ်ခံရန် စီစဉ်ထားကြောင်း သိရသည်။ဆူးလေဘုရားပတ်ဝန်းကျင်၌ လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားကြောင်း သတင်းရရှိသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
ယမန်နေ့ည ၇ နာရီခွဲတွင် သံဃာတော်များ ဘုရားဝတ်ပြုနေစဉ် ချမ်းမြသာစည်မြို့နယ်ရှိ ပေါက်မြိုင်ကျောင်းကို လက်နက်ကိုင်စစ်သားများဝင်ရောက်စီးနင်းကာ သံဃာအပါး ၄၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးသွား ကြောင်းသိရသည်။

“သံဃာတော်တွေဘုရားဝတ်ပြုနေတာကို ဖိနပ်တောင်မချွတ်ဘူး၊ နောက်ကနေဂုတ်ကိုခွစည်းပြီးတော့ ခေါင်းကိုထုတယ်။ တချို့ပြေးတဲ့သံဃာတွေလောက်ပဲလွတ်တယ်” ဟု သံဃာများနှင့်နီးစပ်သူတဦးက ပြောသည်။

ထိုသတင်းကို ကြားသဖြင့် မန္တလေးမြို့ရှိအခြားကျောင်းတိုက်များတွင် အကြမ်းဖက်မှုများကကာကွယ်ရန် ပြင်ဆင်နေသည် ဟုလည်းသိရသည်။“တုတ်၊ ဓါး၊ လှံ၊ ဂျင်ဂလိတွေကိုပေါ့နော် စုမယ်၊ ကင်းပုန်းထားမယ် … သူတို့အကြမ်းဖက်ဝင်လာပြီဆိုရင် တုံးခေါက်၊ မောင်းတီးပြီး အချက်ပေးမယ်” ဟု ၎င်းကဆက်ပြောသည်။

ရန်ကုန် -
ယနေ့ပြုလုပ်မည့် ရန်ကုန်ရှိ လူထုချီတက်ဆန္ဒပြပွဲကို လွှတ်တော်ကိုယ်စားလှယ်ကဦးဆောင်မည်ဟု ကိုယ်စားလှယ်များနှင့်နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ဆူးလေ-ရန်ကုန် -
မြို့တော်ခန်းမရှေ့တွင် မီးသတ်ကား ၁၀ စီး၊ ဗန္ဓုလပန်းခြံရှေ့တွင် စစ်ကားအလွတ် ၁၂ စီး အသင့်ရပ်ထာပြီး ဆူးလေဘုရားသို့ ဆန္ဒပြစစ်ကြောင်းချီတက်၍မရအောင် သံဆူးကြိုးများဖြင့်ပိတ်ထားကြောင်း သိရသည်။

ကန်တော်ကြီးပန်ခြံနှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်ရုံးတွင်လည်း စစ်တပ်များ တပ်စွဲထားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

strikes in Mdy & Rgn

0 comments
ရန်ကုန်နှင့်မန္တလေးမြို့၌ လူထုဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်

ပီတာအောင် / ၂၈ စက်တင်ဘာ ၂၀၀၇


ငြိမ်းချမ်းစွာဆန္ဒပြသူများကို နအဖ စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုများပြုလုပ်နေ သည့်ကြားမှ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ လူထုသပိတ်တိုက်ပွဲများ ဆက်လက်ပြုလုပ်လျက် ရှိသည်။


မန္တလေးမြို့၌ ယနေ့မွန်းလွဲပိုင်းက (၃၃/ ၈၄) လမ်းနှင့် (၃၄/ ၈၄) လမ်း အနီး၌ သံဃာနှင့် လူထု အင်အား (၅) သောင်းခန့်ဆန္ဒပြနေရာသို့ စစ်တပ်က ရဟတ်ယာဉ်များပျံဝဲကာ စောင့်ကြည့်ခဲ့ပြီး ရိုက်နှက် ဖမ်းဆီးမှုများရှိသည်ဟု မန္တလေးမြို့ခံတဦးက ပြောသည်။


မန္တလေးမြို့ခံတဦးက “ဒီမိုကရေစီရရှိရေး ဒို့အရေးလို့အော်နေကြတယ်။ လူထုအစုအဝေးရှိတဲ့ အပေါ်မှာ ရဟတ်ယာဉ်တစီးလည်း ၀ဲနေတယ်။ စစ်တပ်ကတော့ သေနတ် မိုးပေါ်ထောင်ဖောက် တုန်းပဲ။ တုတ်နဲ့ရိုက်တယ် လုံထိန်းရော စစ်သားရောက ရိုက်တာ။ လက်ကိုလိမ်ချိုးဖမ်းတယ်။ တချို့လည်းကုတ်ကဆွဲသွားတယ်။ သူတို့ ရပ်ထားတဲ့ကားပေါ်တင်ထားတယ်။ မပြေးနိုင်မလွှားနိုင်
တဲ့လူတွေကို ကောက်သင်းကောက်နေတာ” ဟု ပြောသည်။


ရိုက်နှက်မှုကြောင့် အချို့ဒဏ်ရာရပြီး အချို့ဖမ်းဆီးခံရကြောင်း စက်ဘီးနှင့် ဆိုင်ကယ်များလည်း သိမ်းဆည်းခံရကြောင်းသိရသည်။


အလားတူ ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားပတ်ဝန်းကျင်၌ ယနေ့သပိတ်မှောက်ဆန္ဒပြသူများက ပြောက်ကျားစနစ်ဖြင့် ဆက်လက်ဆန္ဒပြနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။


လမ်းမတော်မြို့နယ်တွင်နေထိုင်သူတဦးက “ဆူးလေမီးပွိုင့်ကနေ မြို့ထဲဘက်မှာ လူတွေအများကြီး ရှိတယ်။ ဒိုင်းကိုင်ထားတဲ့ လုံထိန်းတွေကတော့ လူစုလူဝေးမဖြစ်အောင်လိုက်ခွဲနေတာပေါ့။ လူတွေ ကတော့ အရပ်ရှစ်မျက်နှာလုံး စုရုံးစုရုံးပဲဗျ။ သူတို့လာရင်ရှောင်တယ်။ ဒါပေမယ့် တနေရာမှာပြန်စု တယ်။ အဲဒီမှာခွပ်ဒေါင်းအလံတွေ ကိုင်ထားတာတွေ့တယ်။ လူစုခွဲပြီဆိုရင် ဟိုဝင်ဒီထွက်နဲ့ပြန်စုတာ
ပဲ။ ၀ိုင်းကြီးပတ်ပတ်လို အနေအထားမျိုးပေါ့” ဟုပြောသည်။


မြို့လယ်ခေါင်၌ စစ်တပ်က ယမန်နေ့ကကဲ့သို့ လူစုအတွင်း လက်လွတ်စပယ် သေနတ်နှင့် ပစ်ခတ် မှုများ မပြုလုပ်သော်လည်း မိုးပေါ်သေနတ်ထောင်ဖောက်ကာ လူစုခွဲမှုများရှိကြောင်း၊ ဘုန်းကြီး ကျောင်းများအား စစ်တပ်က စီးနင်းထားကာ သံဃာအများအပြားကို ဖမ်းဆီးထားသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သပိတ်မှောက် သံဃာအရေအတွက် သိသိသာသာကျဆင်းသွားကြောင်း မြို့ခံတို့ကပြောသည်။




မူရင်း

khitpyaing.org

strike in Pa-Khope-Ku city

0 comments
သံဃာတော်များ စတင်အကြမ်းဖက်ခံရသည့် ပခုက္ကူတွင်
သံဃာနှင့်ပြည်သူ ပူးပေါင်းဆန္ဒပြ

ဗထူး။ စက်တင်ဘာ ၂၉၊ ၂၀၀၇
မကွေးတိုင်း၊ ပခုက္ကူမြို့တွင် ယနေ့နေ့လည်ပိုင်းက သံဃာတော်များစတင်ကြွချီခဲ့ရာ မြို့လုံးကျွတ် ပြည်သူများက ထောက်ခံအာပေးပြီး ပူးပေါင်းဆန္ဒပြခဲ့သည်။

နိုင်ငံနှင့်အ၀ှမ်း သံဃာနှင့်ပြည်သူများ ဆန္ဒပြမှုဖြစ်ပွားနေချိန် ပခုက္ကူမြို့တွင်လည်း ယနေ့ နေ့လည် (၂) နာရီခွဲမှ စတင်ကာ သံဃာနှင့်ပြည်သူများ ပူးပေါင်းဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“(၂) နာရီခွဲလောက်ကနေ စတာ၊ သံဃာအင်အားက ၂၀၀၀ ကျော်တယ်၊ နောက်မှာတော့ ပြည်သူ နှစ်ထောင်သုံးထောင်လောက် ရှိတယ်။ ဗိုလ်ချုပ်လမ်းမကနေ အရှေ့တိုက်ကျောင်း ရှေ့က သီတာလမ်း၊ နောက်ပေါက်လမ်းအတိုင်း၊ အနောက်ကို တက်သွားတာ၊ သီဟိုဠ်ရှင် ဘုရားမှာ ၀တ်ပြုဆုတောင်းတယ်၊ လူထုတွေကတော့ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး၊ စစ်အစိုးရ အလိုမရှိလို့လည်း အော်တယ်”ဟု ပခုက္ကူသံဃာတော်တပါးက မိန့်သည်။

ယခုကဲ့သို့ ပြည်သူများ တက်ကြွစွာ ပူးပေါင်းလာမှုကြောင့် ၀မ်းသာကြည်နူးအားတက်မိပြီး ၎င်းအနေဖြင့် စစ်အစိုးရမှ သံဃာနှင့်ပြည်သူများကို သတ်ဖြတ်နေခြင်းကို မကျေနပ်ကြောင်း ဆက်လက်မိန့်ကြားသည်။

“မကျေနပ်ဘူးဗျ၊ မကျေနပ်တာတော့ အမှန်ပဲ၊ သူတို့လုပ်ရပ်တွေက တော်တော်မှားယွင်းတယ် လို့ပဲ ပြောချင်တယ်။ ဦးဇင်းတို့ကတော့ ကမ္ဘာမကြေဘူးဆိုတာပဲ ထပ်ပြောချင်တယ်၊ နအဖ စစ်အစိုးရအနေနဲ့ ပြည်သူတွေရဲ့ ကောင်းစားဖို့အရေးကိုပဲ စဉ်းစားပေးပါဆိုတဲ့ အကြောင်း၊ ဖမ်းဆီးထားတဲ့ ရဟန်းသံဃာတွေကို လွှတ်ပေးပါဆိုတဲ့ အကြောင်းပဲ ပြောချင်တယ်”ဟု သံဃာတော်က မိန့်ဆိုသည်။

ယနေ့ ပခုက္ကူဆန္ဒပြပွဲသည် ယခင်ရက်များထက် လူပိုမိုများပြားပြီး လူအများက သံဃာတော် များအား ၀ပ်ချရှိခိုးကာ အားပေးခဲ့ကြပြီး ကြွေးကြော်သံများဖြင့် လိုက်ပါဆန္ဒပြခဲ့ကြသည်။

“ပထမစထွက်တုန်းကတော့ မေတ္တာပို့လမ်းလျှောက်တာပေါ့နော်၊ လူအင်အားက သောင်းဂဏန်း ကျော်မှာပဲ၊ လူတွေကတော့ မဆုံးနိုင်ဘူး၊ အများကြီးပဲ မြင်နေရတယ်၊ ခြေလျှင်လိုက်တဲ့လူကော စက်ဘီးတွေ ဆိုင်ကယ်တွေရော လမ်းအပြည့်လိုက်နေတာ။ လမ်းဘေးကတော့ အိမ်တိုင်း ထွက်ကြတာပဲ၊ ထိုင်ဝပ်ချပြီး ကြည်ညိုကြတာပဲ၊ အေးအေးဆေးဆေးပါပဲ၊ ဆရာတော်ကြီး တွေကိုမြင်တော့ ပြောမပြတတ်လောက်အောင် ကြည်ညိုမိတယ်၊ ပြည်သူတွေကလည်း နောက်ကနေ အကုန်ပါကြတာပဲ”ဟု ပခုက္ကူမြို့ခံတဦးက ဆိုသည်။

ယနေ့ မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ကုလအထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီနှင့် ပတ်သက်၍ ပခုက္ကူသံဃာက “ဒီ ဂန်ဘာရီအနေနဲ့ပေါ့လေ၊ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ ရဟန်းသံဃာတွေ၊ ပြည်သူလူထုတွေအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ပါစေလို့ပဲ ဆုတောင်းပေးချင်ပါတယ်”ဟု မိန့်ဆိုသည်။

ဒီကနေ့ ပခုက္ကူမြို့သံဃာနှင့်လူထု ပူးပေါင်းဆောင်ရွက်ခဲ့သည့် ဆန္ဒပြပွဲကို စစ်အစိုးရက တစုံတရာ ဟန့်တားနှောင့်ယှက်မှုမပြုပဲ ညနေ (၄) နာရီခွဲတွင် အေးချမ်းစွာ ပြီးဆုံးသွားခဲ့သည်။

မူရင်း

moemaka

strike in Yay-Nann-Chaung tsp

0 comments
ရေနံချောင်းတွင် သံဃာနှင့်လူထု ဆန္ဒပြ
ရိုးမ ၃။ စက်တင်ဘာ ၂၉၊ ၂၀၀၇
“------သံဃာတော်က ၂၀၀ ကျော်ရှိတယ်။ လူအင်အားကတော့ နောက်ကလိုက်တဲ့လူတွေကော၊ ဘေးကလိုက်တဲ့လူတွေကောဆို ၂ သောင်းလောက်ရှိတယ်၊ လမ်းဆိုအပြည့်ပဲ၊ ဆိုင်းဘုတ် မကိုင်ပဲနဲ့ အော်နေတာ၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူးလို့ အော်တာ၊-------”


မကွေးတိုင်း၊ ရေနံချောင်းမြို့တွင် ယနေ့ နေ့လည်ပိုင်း၌ သံဃာတော်များ စတင်ကြွချီလာရာ ပြည်သူလူထုကလည်း လိုက်လံဆန္ဒပြခဲ့သည်။

စစ်အစိုးရက သံဃာတော်များကို နှိမ်နင်းနေစဉ် ရေနံချောင်းသံဃာနှင့်ပြည်သူများက နေ့လည် (၁၂) နာရီမှစတင်ကာ မြို့လုံးကျွတ် ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

“သံဃာတော်က ၂၀၀ ကျော်ရှိတယ်။ လူအင်အားကတော့ နောက်ကလိုက်တဲ့လူတွေကော၊ ဘေးကလိုက်တဲ့လူတွေကောဆို ၂ သောင်းလောက်ရှိတယ်၊ လမ်းဆိုအပြည့်ပဲ၊ ဆိုင်းဘုတ် မကိုင်ပဲနဲ့ အော်နေတာ၊ ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူးလို့ အော်တာ၊ ဆေးရုံလမ်းပေါ်မှာ သာဓုခေါ် လက်ခုပ်တီးပြီး အားပေးကြတာပဲ၊ (၁၂) နာရီလောက် ကစပြီး ရတနာမဉ္ဖူဘုရားက စပြီးထွက်တာ”ဟု မြို့ခံတဦးက ဆိုသည်။

မြတ်စောညီနောင်ဘုရားအတွင်း စုရုံးကာ ရတနာမဉ္ဖူဘုရားတွင် ပရိတ်တရားတော်များ ရွတ်ဆို ပြီး စတင်ကြွချီခဲ့ရာ လူထုပရိတ်သတ်များက ကြိုဆိုခဲ့ပြီး ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေ ကို သတ်ဖို့မဟုတ်ဘူးဟု ကြွေးကြော်ကာ လိုက်ပါဆန္ဒပြခဲ့ကြသည်။

ရေနံချောင်းတွင် ယနေ့ဆန္ဒပြမှုကို စစ်အစိုးဘက်မှ တစုံတရာ ဟန့်တားနှောင့်ယှက်ခြင်းမရှိပဲ ညနေ (၃) နာရီခွဲတွင် သံဃာတော်များနှင့် လူထုများသည် လူစုခွဲလိုက်ကြပြီး အေးချမ်းစွာ ပြီးဆုံးသွားခဲ့သည်။

မူရင်း

yoma3.org


MPs are still with the strikers

0 comments
ရန်ကုန်ဆန္ဒပြမှု စတင်ပြီ
လွှတ်တော်အမတ်များ လူထုအတွင်း ဖျောက်၍လိုက်ပါပြီ

yoma3 ဗထူး။ စက်တင်ဘာ ၂၉။ ၂၀၀၇

ယနေ့နံနက် ဂန္ဒီခန်းမရှေ့မှ စတင်ကာ လူထုက ဆန္ဒပြလျှက်ရှိရာ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်များလည်း လိုက်ပါဆောင်ရွက်မည်ဖြစ်သည်။



စစ်တပ်အင်အား ပိုမိုတိုးချဲ့ချထားသော်လည်း ရန်ကုန်မြို့လူထုက နေရာတော်တော်များများ တွင် ယနေ့ ထပ်မံဆန္ဒပြမှုအတွင်း လွှတ်တော်အမတ်များပါ ပူးပေါင်းပါဝင်နေခြင်းဖြစ်သည်။
လွှတ်တော်အမတ် ၃၀ ဦးခန့်က ယနေ့ရန်ကုန်တွင်ဖြစ်ပျက်နေသည့် အခြေအနေများကို သုံးသပ်ကာ ဆိုင်းဘုတ်မထောင်ပဲ ပုံသဏ္ဌာန်မျိုးစုံဖြင့် ဆန္ဒပြပွဲတွင် ပါဝင်ဆင်နွှဲနေခြင်း ဖြစ်သည်။
“တဦးချင်းအနေနဲ့က လူထုနဲ့ ရှိနေမယ်ဆိုတဲ့သဘောတော့ ရှိတယ်။ ဆိုင်းဘုတ်ချိတ်ပြီးတော့ လုပ်ဖို့ အစီအစဉ်မရှိပါဘူး၊ အစည်းအဝေးက ဒီအချိန်မှာ တဖက်က ရင်ဆိုင်ရတဲ့လူတွေက လူစိတ်ရှိတဲ့လူတွေ မဟုတ်ဘူး၊ ဆွေးဆွေးနွေးနွေး တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်လို့မရနိုင်ဘူး၊ ဗြောင်းဒိုင်းဗြောင်းဒိုင်းပဲ လုပ်မှာပဲ၊ မလိုလားအပ်တဲ့ ဆုံးရှုံးနစ်နာမှုတွေ အများကြီး ဖြစ်လာ နိုင်တယ်”ဟု အမည်မဖော်လိုသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦးက ဆိုသည်။
ယနေ့နေ့လည် (၁) နာရီကျော်က လူထုဆန္ဒပြပွဲတခု ရွှေဘုံသာမီးပွိုင့်အနီး ဖြစ်ပွားခဲ့ပြီး ကျောင်းသားလူငယ်များနှင့် ပြည်သူများက ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့ကြသည်။
“အခု တပွဲပြီးသွားပြီဗျ၊ ဆူးလေမီးပွိုင့်ဒီဘက်က ရွှေဘုံသာမီးပွိုင့်ပေါ့။ အနော်ရထာလမ်းနဲ့ ရွှေဘုံသာလမ်းဆုံပေါ့။ ကျောင်းသားကော လူထုကော ၂ သောင်းလောက်ရှိမယ်။ ကျောင်းသား နဲ့ လူထုက အလံအနီရောင်ကို ထောင်ထားတယ်။ အလံမှာ ဘာပုံမှမပါဘူး။ လူငယ်တွေက ရှေ့ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံကို တင်ပြီးတော့ ကိုင်ထားတယ်။ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကိုသတ်ဖို့မဟုတ်ဘူး၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ သံဃာတွေကို သတ်ဖို့ မဟုတ်ဘူး လို့ ကြွေးကြော်တယ်”ဟု ကိုယ်တိုင်ပါဝင်သူတဦးက ဆိုသည်။
လုံခြုံရေးအဖွဲ့များက ၃ တန်း တန်းထားပြီး ရှေ့ဆုံးမှ ရဲများက လက်တွင် တုတ်နှင့်ဒိုင်းများ ကိုင်ကာ နောက်ဆုံးတန်းတွင် စစ်တပ်က လက်နက်ကိုယ်စီ ကိုင်ဆောင်ထားကာ စစ်ကားနှစ်စီး ရောက်လာရာ လူထုက လူစုခွဲကာ ကိုယ်ရောင်ဖျောက်လိုက်ပြီး ပြန်လည်လူစုရန် ကြိုးစားနေခဲ့သည်။
“အခုပြန်ပြီးတော့ လူပြန်စုနေတယ်။ ဒီနေရာက ထရိတ်ဒါးဟော်တယ်နဲ့ နီးတဲ့အခါကျတော့ ဂန်ဘာရီ တည်းမယ်လို့ သတင်းထွက်ထားတော့ လုံခြုံရေးက တော်တော်ချထားတယ်။ ဆန္ဒပြမှု အဖြစ်မခံတဲ့ သဘောရှိတယ်။ စစ်ကားတွေကလည်း မနားတမ်း လှည့်ပတ်ပြီး မောင်းနေတယ်။ ပစ်တဲ့အဆင့်တော့ မရောက်သေးဘူးဗျ”ဟု ဆို သည်။

မူရင်း

yoma3.org


people attacked in dawbon tsp

0 comments
ညအချိန် ဘုန်းကြီးကျောင်းဝင်စီး၍ ပြည်သူများကိုပစ်ခတ်ခဲ့

ရိုးမ ၃။ စက်တင်ဘာ ၂၉၊ ၂၀၀၇


စစ်အစိုးရစစ်တပ်မှ ညအချိန်တွင် ရန်ကုန်မြို့တွင်း ဘုန်းကြီးကျောင်းများအား ၀င်ရောက်စီးနင်း ခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ပစ်ခတ်နှိမ်နင်းခဲ့သည်။
ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းအား ၀င်ရောက်စီးနင်းစဉ် မခံမရပ်နိုင် သော ပြည်သူများက လမ်းများပေါ်ထွက်၍ အော်ဟစ်ခဲ့ရာ အဆိုပါစစ်တပ်မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

“ညက (၁၀) နာရီ (၃၅) မှာ ၀င်တာ၊ တော်တော်ကို ကြမ်းကြမ်းတမ်းတမ်းပဲ၊ ကျနော်တို့ သဒ္ဒါရုံ လမ်းပေါ်က (၂) ရပ်ကွက်က လူ ၅၀ လောက်ရှိမယ်၊ ထွက်အော်တော့ သေနတ်နဲ့ကိုပစ်တာ၊ ဘယ်သူတွေ ထိသွားတယ်ဆိုတာတော့ မသိဘူး”ဟု (၂) ရပ်ကွက်တွင်နေထိုင်သူတဦးက ဆိုသည်။
ပြည်တော်အေးရပ်ကွက်ရှိ မင်းနန္ဒာစာသင်တိုက်အား အမှတ် (၂) စစ်ဒေသမှူး ဗိုလ်မှူးကြီး တင်ထွန်းနှင့် စစ်တပ်အင်အားများဖြင့် စာသင်တိုက်အား ၀င်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး မခံမရပ် နိုင်သော ပြည်သူများအား ပစ်ခတ်ကာ ည (၁၂) နာရီအချိန်တွင် ပြန်လည်ထွက်ခွါသွားခဲ့သည်။
သံဃာများ မည်မျှဖမ်းဆီးခံရသည်ကို မသိရှိရပဲ စစ်တပ်ကားများဖြင့် ညအချိန်တချိန်လုံး ဒေါပုံ မြို့နယ်အတွင်း လှည့်လည်နေသည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်လည်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ညအချိန်တွင် နေအိမ် များသို့ ဝင်ရောက်ကာ အင်န်အယ်ဒီအဖွဲ့ဝင် ကိုထွန်းကြည်နှင့် ကိုသန်းဖေတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။



မူရင်း


yoma3.org

Friday, September 28, 2007

0 comments
(ရွက်မွန်၊ မဇ္ဈိမတို့မှာလည်း ဖတ်နိုင်တဲ့ ဆောင်းပါးဗျာ။ ခင်ဗျားတို့ မသိလိုက်မှာစိုးလို့ တင်ပေးလိုက်ပါရဲ့။ လက်ရှိနိုင်ငံရေးအခြေအနေစိတ်ဝင်စားသူများ ဖတ်သင့်။)

စစ်အစိုးရ ပြိုကွဲနေပြီ

အောင်သူငြိမ်း

“ - - - ပထမဦးဆုံး သံဃာတပါး ရိုက်ခံရ၍ ကျဆုံးရသည်နှင့် တပြိုင်နက် အခြားအရာများလည်း သေဆုံးသွားပြီ ဖြစ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုခေါ်နေသော စစ်အစိုးရ သေဆုံးသွားပြီ ဖြစ်သည်။ ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံမူများလည်း သေဆုံးခဲ့ပြီ။ လမ်းပြမြေပုံ (၇) ချက်လည်း သေဆုံးခဲ့ပြီ။ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်လည်း သေဆုံးခဲ့ပြီ။ စစ်အစိုးရ၏ နောက်ဆုံးအချိန် ရောက်သွားခဲ့ပေပြီ။ - - - ”




စစ်တပ်များက လမ်းများပေါ်တွင်ဆန္ဒပြနေကြသော သံဃာများနှင့် ကျောင်းသား၊ ပြည်သူများကို လက်နက်အားကိုး၍ ရက် ရက်စက်စက် ဖြိုခွဲလာခဲ့သည်။ ဘုန်းတော်ကြီးကျောင်းများကိုလည်း ရန်သူ့စခန်းသဖွယ် ၀င်ရောက်စီးနင်းခဲ့သည်။ သံဃာ တော်များ ရိုက်နှက်ခံရ၊ ရာနှင့်ချီ၍ ဖမ်းဆီးထားသည်။ သို့သော်လည်း ပြည်သူများက နောက်ဆုတ်မည့်ဟန်မရှိ။ ဆက်လက် စုဝေးဆန္ဒပြနေဆဲ ဖြစ်သည်။ နောက်ဆုံး အကြမ်းဖက်သည့်နည်းကို ထုတ်သုံးရသည့်အချိန်မှစ၍ စစ်အစိုးရ ကျဆုံးတော့မည့် အရိပ်အယောင်ကို ပြလိုက်ခြင်းပင် ဖြစ်သည်။ သူ၏သေခေါင်းလောင်းကို သူထိုးလိုက်ခြင်းသာ ဖြစ်သည်။
ပထမဦးဆုံး သံဃာတပါး ရိုက်ခံရ၍ ကျဆုံးရသည်နှင့် တပြိုင်နက် အခြားအရာများလည်း သေဆုံးသွားပြီ ဖြစ်သည်။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ဟုခေါ်နေသော စစ်အစိုးရ သေဆုံးသွားပြီ ဖြစ်သည်။ ၎င်းတို့ ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံမူများလည်း သေဆုံးခဲ့ပြီ။ လမ်းပြမြေပုံ (၇) ချက်လည်း သေဆုံးခဲ့ပြီ။ စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီစနစ်လည်း သေဆုံးခဲ့ပြီ။ စစ်အစိုးရ၏ နောက်ဆုံးအချိန် ရောက်သွားခဲ့ပေပြီ။

စစ်အစိုးရက လူထုဆန္ဒပြပွဲများကို ချေမှုန်းရန် လက်နက်ကိုင်တပ်များကို ဆက်လက် အမိန့်ပေးခိုင်းစေနေနိုင်သေးသော အချိန်တွင် ကျဆုံးသွားပြီဟု မိမိပြောလိုက်ခြင်းကို စောဒက တက်ကောင်း တက်နိုင်ပါသည်။ မိမိတွင် ထောက်ပြရန်အချက် များစွာ ရှိနေပါသည်။

(၁)
လူ့ယဉ်ကျေးမှုကြီး ထိပ်တိုက်တွေ့ခြင်း

ဆန္ဒပြပွဲများ စတင်လာခဲ့စဉ်ကပင် သံဃာများက “ဓမ္မ၀ါဒီများနှင့် အဓမ္မ၀ါဒီ” များ၏ တိုက်ပွဲဟု အဓိပ္ပါယ်ဖွင့်ခဲ့ကြသည်။ တရားသူများနှင့် မတရားသူများ၏ တိုက်ပွဲ၊ Good Vs Evil တိုက်ပွဲဟုပင် ဆိုရပါလိမ့်မည်။ မြန်မာနိုင်ငံအပါအ၀င် အရှေ့ တောင်အာရှ နိုင်ငံများ၊ အိန္ဒိယ၊ သီရိလင်္ကာစသဖြင့်၊ တရုတ်နှင့် တိဘက်၊ ကိုရီးယား နိုင်ငံများက အနည်းနှင့်အများဆို သလို ဗုဒ္ဓဘာသာယဉ်ကျေးမှု ထွန်းကား လွှမ်းမိုးခဲ့သော နိုင်ငံများ ဖြစ်သည်။ သာသနာထွန်းကားခဲ့ရာ နှစ်ပေါင်း (၂၅၀၀) ကျော် ကာလအတွင်း ပြန်ကြည့်ပါ။ ဤကဲ့သို့ ကြီးမားပြင်းထန်လှသော၊ အတိုင်းအဆ ကြီးမားလှသော သံဃာများ၏ သပိတ်မှောက်ကံဆောင်ပွဲ၊ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲမျိုး မရှိခဲ့။ ရှိခဲ့လျှင်သော်မှ အတိုင်းအဆအားဖြင့် ယခုလှုပ်ရှားမှုက အရေအတွက်အရရော၊ အတိုင်းအဆအရပါ များစွာ ကြီးကျယ်လှပါသည်။ ဤအခြေအနေတွင် အကြမ်းဖက်ဆောင်ရွက်မှု သည် သာသနာသမိုင်းတွင်အကြီးဆုံး အမဲစက် ဖြစ်စေပါလိမ့်မည်။ ထို့အပြင် အိမ်နီးချင်းရှိ ဗုဒ္ဓဘာသာနိုင်ငံများ၊ အဖွဲ့ အစည်းများနှင့် ဆက်ဆံရေးကိုလည်း ရှေ့ရှောက်ထိခိုက်စေတော့မည် ဖြစ်သည်။

ဒီမိုကရေစီ၊ လူ့အခွင့်အရေးကဲ့သို့သော အကြောင်းကိစ္စများက လူအများ၏ စိတ်ကို တစုံတရာနှိုးဆွနိုင်ပါသည်။ သို့သော် လည်း လူမျိုးရေးကိစ္စက ၎င်းကိစ္စများထက် ပို၍ လှုံ့ဆော်စည်းရုံးနိုင်စွမ်းရှိပါသည်။ လူမျိုးရေးထိလျှင် ဟုန်းကနဲမီးထ တောက်သည့် အဖြစ်မျိုး ရှိဖူးသည်။ သို့သော်လည်း ဘာသာရေးကိစ္စက ထိုထက်ပို၍ ကျယ်ဝန်းပါသည်။ ဥရောပတလွှား ဘာသာရေးကြောင့် စစ်ခင်းရသည့်ကိစ္စများအထိ ရှိခဲ့ဖူးသလို၊ အီရန်နိုင်ငံတွင်လည်း ရှားဘုရင်ကို ပြုတ်ကျစေ၍ ခိုမေနီ အာဏာရစေခဲ့သော အဖြစ်များ ရှိခဲ့ဖူးပါသည်။ ဘာသာရေးကိစ္စသည် အထူးထိလွယ်ခိုက်လွယ်ကိစ္စဖြစ်ပြီး၊ လူမျိုးရေးထက် ပင် ပို၍ ပြင်းထန်တတ်ပါသည်။ ထို့အပြင် ဘာသာရေးကိစ္စသည် နယ်နိမိတ်များကို ကရုမထားပဲ ပျံ့နှံ့စေနိုင်သည်။ လူမျိုး ရေး မီးလျှံထက်ပို၍ ပြင်းပါသည်။ ယခုတော့ စစ်အစိုးရက ပျားအုံတုတ်နှင့် ထိုးသည်ထက် ဆိုးခဲ့ပြီ၊ ဘာသာရေးထိခိုက် စော်ကားသည့် မီးတောက်ကို မွှေးခဲ့ပြီ ဖြစ်သည်။

ဤသည်ထက်မက အရေးကြီးသောအကြောင်းများ ရှိသေးသည်။ မြန်မာနိုင်ငံတွင် လူမှုအဖွဲ့အစည်းများ၊ အသင်းအပင်းများ ကို စနစ်တကျ ဖြိုခွဲခဲ့သည်မှာ ကြာခဲ့ပြီ။ ဦးနေ၀င်း အာဏာသိမ်းချိန် (၁၉၆၂) ခုနှစ်စ၍ တတိတိဖြိုခွဲလာခဲ့ရာ အတော်ချိနဲ့ သော အနေအထားဖြင့်သာ ရှိနေကျန်နေတော့သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် ခိုင်မာစွာ အဖွဲ့အစည်းဖြင့်၊ အင်နှင့် အားနှင့် ကျန်နေသော အဖွဲ့အစည်း (၂) ခုသာ ရှိတော့သည်။ တခုမှာ စစ်တပ်ဖြစ်ပြီး၊ အခြားတခုမှာ ဗုဒ္ဓဘာသာ သံဃာ တော်များဖြစ်သည်။ ယခုတော့ ဤကဲ့သို့သော “ရိုးရာအစဉ်အလာအရ၊ ဖွဲ့စည်းပုံအရအရ စနစ်တကျရှိသော အဖွဲ့အစည်း ကြီး ၂-ခု ထိပ်တိုက်တွေ့နေကြပြီ”ဟု သမိုင်းပညာရှင် ဒေါက်တာအေးချမ်း၏ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တွင် သုံးသပ် ချက်ကို မိမိသဘောတူပါသည်။ မြန်မာနိုင်ငံ လူ့ယဉ်ကျေးမှု အခြေချလာစဉ်မှစ၍ အမြစ်တွယ်ခဲ့သော ရိုးရာသံဃာ့၊ ဗုဒ္ဓ ဘာသာ အဖွဲ့အစည်းကြီးကိုပါ စစ်အစိုးရက စိမ်ခေါ်ခဲ့ပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် အရေအတွက်က စုစုပေါင်းလူဦးရေ၏ (၈၉. ၂%) ရှိသည်။ လက်ရှိ ပစ်ခတ်နေကြသော စစ်သား၊ ရဲတပ်ဖွဲ့ဝင်အများပင်လျှင် ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည်။ မြန်မာနိုင်ငံရှိ သံဃာဦးရေမှာလည်း များလှသည်။ သာသနာရေးဝန်ကြီးဌာနရှိ စာရင်းအရပင် (၂၂၆, ၅၀၈) ပါးရှိသည်။ အချို့သောလေ့လာချက်များက ဤထက်ပို၍ ရှိသည်။ တသန်းခွဲ (လူဦးရေ၏ ၃% မျှပင်) ရှိမည်ဟု ဖော်ပြကြသည်။ တနိုင်ငံလုံးတွင် ဘုန်းတော်ကြီးကျောင်းပေါင်းက (၅၈, ၃၉၉) ရှိပြီး၊ တနိုင်ငံလုံးအနှံ့အပြား တောရောမြို့ပါမကျန်တည်ရှိနေခြင်း ဖြစ်သည်။

ထို့အပြင် သံဃာ့များ၏ ဖွဲ့စည်းပုံကလည်း စနစ်တကျရှိသည်။ မဟာသံဃာ့နာယကအဖွဲ့အစည်းကဲ့သို့ ဦးသျှောင်အဖွဲ့ အစည်းများရှိသလို၊ ဒေသအလိုက် အဖွဲ့များရှိသည်။ ၀ိနည်းအရ အဖွဲ့များရှိသည်။ သံဃာ့ဂိုဏ်းများဖြင့်လည်း စနစ်တကျ ဖွဲ့စည်းထားကြသည်။ နိုင်ငံတခုတွင် ဖွဲ့စည်းပုံအခြေခံဥပဒေရှိသကဲ့သို့ သံဃာများတွင်လည်း စောင့်ထိန်းရမည့် ဆယ်ပါး သီလနှင့် (၂၂၇) သွယ်သော သိက္ခာပုဒ်ရှိနေသည်။ မြန်မာနိုင်ငံရှိ သံဃာဂိုဏ်းပေါင်း (၁၀) ခုမျှ ရှိပြီး၊ အင်အားအကြီးမား ဆုံးက သုဓမ္မာဂိုဏ်းဖြစ်သည်။ (၈၅%) ခန့်သော သံဃာများကို ချုပ်ကိုင်ထားနိုင်ပြီး၊ သံဃာအင်အား (၃) သိန်းခန့်အထိ ရှိမည်ဟု ဖော်ပြကြသည်။ ရွှေကျင်ဂိုဏ်း (၅%) (သံဃာအင်အား ၂ သောင်းမှ ၃ သောင်းခန့်)၊ ဒွါရဂိုဏ်း (၃%)၊ ငှက်တွင်း ဂိုဏ်း (၂%) စသဖြင့် တည်ရှိနေကြသည်။ သံဃာများ၏ လက်နက်အင်အားမှာ အကြမ်းမဖက်သည့်နည်း၊ မေတ္တာနည်း သာဖြစ်သော်လည်း စစ်အစိုးရက ၎င်းတို့ကို စစ်ဆင်လာခဲ့သည်။ မအောင်မြင်နိုင်သော မပြီးဆုံးနိုင်သော၊ အန္တရာယ်ကြီး လှသော စစ်ပွဲကို စစ်အစိုးရက တိုက်နေခြင်းသာဖြစ်သည်။ ကျရှုံးရခြိမ့်မည်ဖြစ်သော စစ်ပွဲကို တိုက်နေခြင်းလည်း ဖြစ် သည်။

ထို့အပြင် စစ်အစိုးရ၏ ညံ့ဖျင်းလှသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စောင့်ရှောက်မှု၊ ၀န်ဆောင်မှုများကြောင့် လွန်ခဲ့ သောနှစ်များ အတွင်းတွင် သံဃာများက လူမှုရေးကူညီပံ့ပိုးမှု လုပ်ငန်းများကိုလည်း ကူညီလာခဲ့ကြရသည်။ ယမန်နေ့က ၀င်စီးခံရသော မဂ္ဂကျောင်းတွင် HIV စွဲကပ်ခံရသောဝေဒနာသည်များကို ကူညီထားရသည်။ ထို့အပြင် ဘုန်းတော်ကြီး ကျောင်း ပညာရေးဟူ၍ ကလေးရင်သွေးများ၏ ပညာရေးကို သံဃာများကလည်း ကူညီပံ့ပိုးပေးနေရသေးသည်။ မြန်မာ နိုင်ငံတခုလုံးတွင် ဘုန်းတော်ကြီးကျောင်းပညာရေးအနေဖြင့် အထက်တန်းကျောင်း ၂ ခု၊ အလယ်တန်းကျောင်း ၂၅၆ ခု၊ မူလတန်းပညာရေးကျောင်း ၁၀၅၅ ခုကို ပံ့ပိုး ဆောင်ရွက်ပေးနေကြရသေးသည်။ ထိုကျောင်းများတွင် ကလေးငယ်ပေါင်း (၂၀၄, ၄၈၇) ကို ပညာသင်ကြားပေးနေကြသေးရာ သံဃာများ၏ ပံ့ပိုးနိုင်မှု အတိုင်းအဆကို တွက်ဆနိုင်သည်။ အချို့ ကျောင်းများတွင် ကလေးများ ၈၀၀၀ ခန့်အထိ လက်ခံသင်ကြားနေကြရသေးသည်။ ဤကဲ့သို့သော လူမှုရေးသြဇာအရ၊ စည်းရုံးရေး အရှိန်အ၀ါအရ သြဇာကြီးလှသော သံဃာထုကို စစ်ခင်းနေခြင်းကြောင့် စစ်အစိုးရအနေဖြင့် မနိုင်သော စစ်ပွဲကို တိုက်နေခြင်းဟု မိမိပြောခြင်း ဖြစ်ပါသည်။

(၂)
စစ်တပ်ဖွဲ့စည်းပုံနှင့် အာဏာစီးဆင်းပုံလမ်းကြောင်း

အချက်ပေါင်းများစွာ ရှိသည့်အနက်၊ နောက်တချက်မှာ စစ်အစိုးရအတွင်း ဗဟိုဦးစီးချုပ်ကိုင်မှု များလာသည်နှင့်အမျှ အမှား လည်း များလာသည်။ ခြစားမှု၊ မထိရောက်မှုက ပိုများလာသည်။ မကြာသေးမီက လောင်စာဆီဈေးနှုန်းများ မြှင့်လိုက်ခြင်း သည်ကပင် ဤသို့ဆုံးဖြတ်အကဲဖြတ်ချက် အမှားများကို ပြနေခြင်း ဖြစ်သည်။ ထို့အပြင် ကုလသမဂ္ဂ အထွေထွေညီလာခံ ဖြစ်နေချိန်၊ နိုင်ငံတကာက စောင့်ကြည့်နေချိန်၊ ထိန်းသိမ်းလုပ်ကိုင်ပါရန် စိုးရိမ်စိတ်များနှင့် ဖော်ပြနေစဉ်မှာပင် ထပ်မံ အကြမ်းဖက်ခဲ့ပြန်သည်။ ပိုဆိုးသည်မှာ နိုင်ငံခြားသားသတင်းထောက်တဦးကိုပင် သတ်ဖြတ်ခဲ့ပြန်သည်။ ပို၍ အမှားများ လာခြင်းကို ပြနေသည်။

စစ်အစိုးရတွင် ပြဿနာများစွာ ရှိနေသည်။ သန်းရွှေလွန်လျှင် ဆက်ခံမည့်သူကို ချမှတ်ထားနိုင်ခြင်း မရှိ။ ဤသို့ ဆက်ခံရေး ပြဿနာကို ဖြေရှင်းနိုင်သည့် စနစ်လည်း မရှိ။ ထို့အပြင် စစ်အစိုးရအတွင်း အာဏာလွန်ပွဲ ပြင်းထန်နေသည်။ မကြေလည် မှုများ ကြီးထွားနေသည်ဟုလည်း သတင်းများ ဖြစ်နေသည်။ ဖြစ်တန်ရာသည်။ ဗိုလ်ချုပ်တင်ဦး ရဟတ်ယာဉ်ပျက်ကျခဲ့ သည်။ လက်သည် မပေါ်။ ၀န်ကြီးချုပ်ဆိုသူ ဗိုလ်ချုပ်ခင်ညွန့်ကိုလည်း နှိပ်ကွပ်ခဲ့သည်။ သူ၏ ထောက်လှမ်းရေးတဖွဲ့လုံး ကိုလည်း ဖြိုထားခဲ့သည်။ စစ်အစိုးရ အစည်းအဝေးများက ဖြုတ်-ထုတ်-ရှင်း လုပ်ခဲ့သည်မှာလည်း အများအပြား။ ယခင် သူတို့၏ ဖခင်ကြီးဦးနေ၀င်းနှင့် မိသားစု၊ အုပ်စုများကိုပါ အလွတ်မပေးခဲ့။ နှိပ်ကွပ်ဖြေရှင်းခဲ့သည်။ ယခုအချိန်တွင်တော့ ပြဿနာအားလုံး ဆုံ၍တက်လာတော့မည့် အချိန်ဟု ဆိုရပါလိမ့်မည်။

ထို့အပြင် စစ်တပ်အင်အား အဆမတန်ချဲ့ထွင်ခဲ့မှုကြောင့် မလုံလောက်မှုများပေါ်ပေါက်နေသည်။ တပ်တွင်း ဖိနှိပ်မှုများ ကြောင့်လည်း စစ်သားများ ထွက်ပြေးနေကြပါသည်။ အစီရင်ခံစာတခုအရ လွန်ခဲ့သော (၆) လ ကာလအတွင်းတွင် ထွက်ပြေးသူ စစ်သားပေါင်း (၉၀၀၀) ကျော် ရှိသည်ဟု ဆိုပါသည်။ ဤသည်မှာ နအဖစစ်တပ်၏ တပ်မတခုစာနှင့်ပင် ညီမျှ နေပါသည်။ ဤပုံစံမျိုးဖြင့် ဆက်လက် ထိန်းချုပ်ရန် မလွယ်တော့ပါ။

ထို့အပြင် နိုင်ငံတကာ ဖိအားများက ဆက်လက် တိုးတက်လာနေသည်။ စစ်အစိုးရ လမ်းရွေးရန်အချိန် ဖြစ်နေပါပြီ။ စစ် အစိုးရ၏ တရားဝင်မှုကလည်း မရှိသလောက် ကုန်ဆုံးခဲ့ပေပြီ။ နိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း လုပ်ဆောင်နေပါသည် ဟု လိမ်လည်နေသော မုသားများလည်း မထိရောက်တော့ပါ။ အခွင့်ကောင်းများစွာ ရှိခဲ့သော်လည်း စစ်အစိုးရခေါင်းဆောင် များက လျစ်လျူရှု ပစ်ပယ်ထားခဲ့ပါသည်။ သိပ်နောက်ကျသွားပါပြီ။ နောက်ဆုံး အချိန် ဖြစ်နေပြီ ဖြစ်ကြောင်း အချက် အားလုံးက ခေါင်းလောင်းထိုးနေခဲ့ပြီ ဖြစ်ပါတော့သည်။



မူရင်း


fine-leaves.blogspot.com

strikes continue around burma

0 comments
ရန်ကုန်နှင့်မန္တလေးမြို့၌ လူထုဆန္ဒပြပွဲများ ဆက်လက်ပြုလုပ်
nej ပီတာအောင် / ၂၈ စက်တင်ဘာ ၂၀၀၇


ငြိမ်းချမ်းစွာဆန္ဒပြသူများကို နအဖ စစ်တပ်က အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုများပြုလုပ်နေ သည့်ကြားမှ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများ၌ လူထုသပိတ်တိုက်ပွဲများ ဆက်လက်ပြုလုပ်လျက် ရှိသည်။

မန္တလေးမြို့၌ ယနေ့မွန်းလွဲပိုင်းက (၃၃/ ၈၄) လမ်းနှင့် (၃၄/ ၈၄) လမ်း အနီး၌ သံဃာနှင့် လူထု အင်အား (၅) သောင်းခန့်ဆန္ဒပြနေရာသို့ စစ်တပ်က ရဟတ်ယာဉ်များပျံဝဲကာ စောင့်ကြည့်ခဲ့ပြီး ရိုက်နှက် ဖမ်းဆီးမှုများရှိသည်ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မန္တလေးမြို့ခံတဦးက “ဒီမိုကရေစီရရှိရေး ဒို့အရေးလို့အော်နေကြတယ်။ လူထုအစုအဝေးရှိတဲ့ အပေါ်မှာ ရဟတ်ယာဉ်တစီးလည်း ၀ဲနေတယ်။ စစ်တပ်ကတော့ သေနတ် မိုးပေါ်ထောင်ဖောက် တုန်းပဲ။ တုတ်နဲ့ရိုက်တယ် လုံထိန်းရော စစ်သားရောက ရိုက်တာ။ လက်ကိုလိမ်ချိုးဖမ်းတယ်။ တချို့လည်းကုတ်ကဆွဲသွားတယ်။ သူတို့ ရပ်ထားတဲ့ကားပေါ်တင်ထားတယ်။ မပြေးနိုင်မလွှားနိုင်
တဲ့လူတွေကို ကောက်သင်းကောက်နေတာ” ဟု ပြောသည်။

ရိုက်နှက်မှုကြောင့် အချို့ဒဏ်ရာရပြီး အချို့ဖမ်းဆီးခံရကြောင်း စက်ဘီးနှင့် ဆိုင်ကယ်များလည်း သိမ်းဆည်းခံရကြောင်းသိရသည်။

အလားတူ ရန်ကုန်မြို့လယ်ခေါင် ဆူးလေဘုရားပတ်ဝန်းကျင်၌ ယနေ့သပိတ်မှောက်ဆန္ဒပြသူများက ပြောက်ကျားစနစ်ဖြင့် ဆက်လက်ဆန္ဒပြနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

လမ်းမတော်မြို့နယ်တွင်နေထိုင်သူတဦးက “ဆူးလေမီးပွိုင့်ကနေ မြို့ထဲဘက်မှာ လူတွေအများကြီး ရှိတယ်။ ဒိုင်းကိုင်ထားတဲ့ လုံထိန်းတွေကတော့ လူစုလူဝေးမဖြစ်အောင်လိုက်ခွဲနေတာပေါ့။ လူတွေ ကတော့ အရပ်ရှစ်မျက်နှာလုံး စုရုံးစုရုံးပဲဗျ။ သူတို့လာရင်ရှောင်တယ်။ ဒါပေမယ့် တနေရာမှာပြန်စု တယ်။ အဲဒီမှာခွပ်ဒေါင်းအလံတွေ ကိုင်ထားတာတွေ့တယ်။ လူစုခွဲပြီဆိုရင် ဟိုဝင်ဒီထွက်နဲ့ပြန်စုတာ
ပဲ။ ၀ိုင်းကြီးပတ်ပတ်လို အနေအထားမျိုးပေါ့” ဟုပြောသည်။

မြို့လယ်ခေါင်၌ စစ်တပ်က ယမန်နေ့ကကဲ့သို့ လူစုအတွင်း လက်လွတ်စပယ် သေနတ်နှင့် ပစ်ခတ် မှုများ မပြုလုပ်သော်လည်း မိုးပေါ်သေနတ်ထောင်ဖောက်ကာ လူစုခွဲမှုများရှိကြောင်း၊ ဘုန်းကြီး ကျောင်းများအား စစ်တပ်က စီးနင်းထားကာ သံဃာအများအပြားကို ဖမ်းဆီးထားသဖြင့် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သပိတ်မှောက် သံဃာအရေအတွက် သိသိသာသာကျဆင်းသွားကြောင်း မြို့ခံတို့ကပြောသည်။



မူရင်း

khitpyaing.org


mdy monks arrested

0 comments
မန်းလူထုဆန္ဒပြ၊ သေနတ်ဖောက် မျက်ရည်ဗုံးပစ် လူစုခွဲ
သံဃာအချို့ဖမ်းဆီးခံရ
yoma3 ဗထူး။ စက်တင်ဘာ ၂၈၊ ၂၀၀၇


“ - - - - ဘယ်ကျောင်းတိုက်ကဆိုတာ အတိအကျမသိဘူး၊ ခု သံဃာနှစ်ပါး ကို မတ်တပ်ရပ်ခိုင်းပြီး စစ်နေကြတယ်- - - - ”


မန္တလေးမြို့တွင် သံဃာတော်များကြွချီမှုကို စစ်တပ်က တားဆီးပိတ်ပင်နေပြီး လူထုဆန္ဒပြမှုကို သေနတ်ဖောက်၍ မျက်ရည်ယိုဗုံးပစ်ဖောက်ကာ လူစုခွဲသည်။

အေးချမ်းစွာ ဆန္ဒပြနေသည့် သံဃာတော်များအား ဒုတိယအကြိမ် မျက်ရည်ယိုဗုံးသုံးကာ မန္တလေး၌ စစ်တပ်က လူထုအား ဖြိုခွဲနေခြင်းဖြစ်သည်။

ယနေ့ သံဃာတော်များလှည့်လည်စဉ် လုံခြုံရေးတာဝန်ယူထားသည့် တပ်မ (၃၃) လက်အောက် ခံ တပ်များက သံဃာတော်များအား ရှစ်ခိုးကာ ကျောင်းတိုက်များသို့ပြန်ရန် လျှောက်ခဲ့ပြီး လူထုအင်အားများလာသည့် နေရာများကို သေနတ်ဖောက်ကာ မျက်ရည်ယိုဗုံးပစ်ဖောက် လူစု ခွဲခဲ့သည်။

“ပြည်သူတွေကလည်း ဒို့အရေးဆိုပြီး အော်တယ်။ ထူးခြားတာက (၃၅) လမ်းမှာ ထရပ်နှစ်စီးနဲ့ ထောင်သားတွေကို ထုတ်သွားတယ်။ အရှေ့ကနေ အနောက်ကို မောင်းသွားတယ်၊ စစ်သား တွေလည်း ပါသွားတယ်၊ ဒီကောင်တွေ တိုက်ပေးမလို့လား မသိဘူး။ (၈၃) လမ်းမကြီးပေါ်မှာ (၃၅) လမ်းအတိုင်း မောင်းသွားတာ။ စစ်သားတွေကလည်း ပြည်သူတွေ အော်တဲ့ဘက် လိုက်ပိတ်နေတယ်”ဟု မျက်မြင်မြို့ခံတဦးက ဆိုသည်။

အချို့နေရာများတွင် သံဃာတော်အချို့ကို ဖမ်းဆီးခြင်းများရှိပြီး သံဃာတော်များအား ကျောင်းသို့ပြန်ရန် စစ်တပ်က ပြောဆိုခဲ့သည်။

“ဘုန်းကြီးလေးပါးကို ဖမ်းသွားတယ်။ ကျန်တဲ့သံဃာတွေကို ကားနဲ့ ပြန်လွှတ်လိုက်တယ်။ (၂၄) လမ်းနဲ့ (၈၄) လမ်းဒေါင့်မှာ ဘယ်ကျောင်းတိုက်ကဆိုတာ အတိအကျမသိဘူး၊ ခု သံဃာနှစ်ပါး ကို မတ်တပ်ရပ်ခိုင်းပြီး စစ်နေကြတယ်”ဟု မြို့ခံက ဆိုသည်။

ယမန်နေ့ညတွင် ပေါက်မြိုင်ကျောင်းအား ည (၇) နာရီတွင် စစ်တပ်မှ ဝင်ရောက်စီးနင်း ဖမ်းဆီး ခဲ့ရာ သံဃာ (၂၄) ပါး အဖမ်းခံရပြီး ဓမ္မိကရာမကျောင်းတိုက်သို့ ဝင်ခဲ့ရာ ကင်းစောင့်နေသည့် သံဃာတပါးက တုန်းမောင်းခေါက်သဖြင့် လာဖမ်းသည့် စစ်တပ်မှ ပြန်လည်ထွက်ပြေးသွားခဲ့ သည်။

ယနေ့တွင် မန်းသံဃာအင်အားမှာ နည်းနေပြီး မန္တလေးလူထုမှာ ၅ သောင်းကျော်ခန့် ကြွေးကြော်သံများ အော်ဟစ်ကာ နေရာအတော်များများတွင် ဆန္ဒပြလျှက်ရှိသည်။

“သေနတ်နှစ်ကြိမ်ပစ်တယ်၊ မျက်ရည်ယိုဗုံးပစ်တာက (၈၄) လမ်းမကြီးရဲ့ (၃၄) နဲ့ (၃၅) လမ်း ဒေါင့်တနေရာ၊ နောက်တနေရာက (၃၄) လမ်းနဲ့ (၃၃) လမ်းကြားမှာ တနေရာ၊ နှစ်နေရာ ပစ်တယ်။ လူအုပ်က ကွဲမသွားဘူး၊ ဆက်ဆန္ဒပြနေတယ်။ ဒို့အရေးကြွေးကြော်သံလည်း အော်တယ်”ဟု အခြား မန်းမြို့ခံတဦးက ဆိုသည်။

ယခုအချိန်အထိ ဘုရားကြီးကျောင်းတိုက်အား စစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ၀ိုင်းထားပြီး သံဃာတော်များက ထွက်ခွင့်တောင်းရာ ထွက်လျှင် ပစ်ခတ်ရလိမ့်မည်ဟု အသံချဲ့စက်ငယ်ဖြင့် အော်ဟစ်တားသဖြင့် အခြေအနေများ တင်းမာဆဲဖြစ်သည်။


မူရင်း

yoma3.org


jap photo journalist killed in Rgn

0 comments
ယမန်နေ့ပစ်ခတ်မှုတွင် (၉) ဦးသေဆုံးကြောင်း နအဖ ၀န်ခံ

NEJ/ ၂၈ စက်တင်ဘာ ၂၀၀၇

ယမန်နေ့က ရန်ကုန်မြို့၌ သပိတ်မှောက်ဆန္ဒပြကြသည့် သံဃာတော်များနှင့်လူထုကို စစ်တပ်က ပစ်ခတ်သောကြောင့် (၉) ဦးသေဆုံးပြီး (၁၁) ဦးဒဏ်ရာရှိခဲ့ကြောင်း နအဖ စစ်အစိုးရပိုင် သတင်း မီဒီယာများမှ တရားဝင်သတင်းထုတ်ပြန်သည်။

သေဆုံးသူများအနက် အသက် (၅၂) နှစ်အရွယ်ရှိ ဂျပန်နိုင်ငံသား မစ္စတာနာဂအိကန်ဂျီလည်း ပါဝင် ကြောင်း၊ ၎င်းသည် ခရီးသွားဗီဇာဖြင့် လာရောက်ခြင်းဖြစ်သော်လည်း ဆန္ဒပြသူများနှင့် လိုက်ပါ သတင်းရယူရာမှ သေနတ်ထိမှန် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယနေ့ထုတ်မြန်မာ့အလင်းသတင်းစာ ၌ဖော်ပြသည်။

ဆန္ဒပြသူများ၏လက်ချက်ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် (၃၁) ဦးထိခိုက်ဒဏ်ရာရသည်ဟုလည်း ပါရှိ သည်။

ယမန်နေ့က ရန်ကုန်မြို့ တာမွေ၊ ကျိုက္ကဆံဘုရားအနီးနှင့် ဆူးလေဘုရားအနီးတို့တွင် သပိတ်မှောက် သည့် ပြည်သူလူထုအား နအဖ စစ်တပ်က အကြမ်းဖက်ပစ်ခတ်နှိမ်နင်းခဲ့ပြီး သေဆုံးဒဏ်ရာရသူ အများအပြားရှိနိုင်ကြောင်း မျက်မြင်တွေ့သူတို့က ခန့်မှန်းကြသည်။

စက်တင်ဘာ (၂၆) ရက် ပစ်ခတ်မှုတွင်လည်း (၁) ဦးသေဆုံးပြီး (၃) ဦးဒဏ်ရာရခဲ့ကြောင်း စစ်အစိုးရ က တရားဝင်သတင်းထုတ်ပြန်ထားသည်။

မူရင်း

khitpyaing.org


Thursday, September 27, 2007

peaceful strike in Mdy

0 comments
မန္တလေးသံဃာများ ဆန္ဒပြ၊ လူထုက နောက်မတွန့်ပဲ ဆက်လက်ပါဝင်

ဗထူး။ စက်တင်ဘာ ၂၇၊ ၂၀၀၇

ယနေ့မန္တလေးဆန္ဒပြမှုသည် အေးချမ်းတည်ငြိမ်စွာ သံဃာထုက လုပ်ဆောင်နိုင်ခဲ့သဖြင့် စိတ်ပျော်ရွှင်ချမ်းမြေ့ခဲ့သော်လည်း ရန်ကုန်သံဃာနှင့် လူထုအပေါ် ရက်ရက်စက်စက် ပစ်ခတ် ရိုက်နှက်ခဲ့သည့် သတင်းများကြားသိရသည်အတွက်


မန္တလေးတွင် ယနေနေ့လည်ပိုင်းမှစတင်ကာ သံဃာတော်များ စတင်ကြွချီဆန္ဒပြစဉ် မန်းပြည်သူ များက တခဲနက် ထောက်ခံအားပေးနေပြီး လုံခြုံရေးများက ခြိမ်းခြောက်မှုကို နောက်မတွန့်ပဲ ဆက်လက်ပူပေါင်းပါဝင်ခဲ့သည်။
ယမန်နေ့က မန္တလေးတွင် မျက်ရည်ယိုဗုံးနှင့် လူထုပရိသတ်ထဲသို့ ပစ်သွင်းဖြိုခွဲခဲ့ပြီးနောက် ညဘက်တွင် ဘုန်းကြီးကျောင်းများအတွင်း တိတ်တဆိတ် ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် ယနေ့ မန္တလေးသံဃာများ ဆန္ဒပြမှုကို ဆက်လက်ပူးပေါင်းပါဝင်ခဲ့ခြင်းဖြစ်သည်။
“ဘုရားကြီးကို ရောက်တယ်။ ဘုရားကြီးကနေ အရှေ့ဘက်ကို ယွန်းနေပြီ၊ (၂၂) လမ်းမှာ အပေါ် ကို ပစ်တာပါ၊ သံဃာတော်တွေက ဒီတိုင်းပဲ ကွေ့ပြီးတော့ လျှောက်နေတာ။ သူုတို့နဲ့ ထိပ်တိုက် မတွေ့ပဲ၊ မိုးပေါ်ထောင်ပြီးတော့ အချက်နှစ်ဆယ်လောက် ပစ်တယ်၊ နောက်ကနေ လိုက်လာပြီးမှ ကိုက်တရာလောက်ခွာပြီး ရပ်နေခဲ့တယ်”ဟု မန်းမြို့ခံ မျက်မြင်သက်သေတဦးက ဆိုသည်။
သံဃာတော်များမှာ ဆက်လက်ကြွချီနေပြီး ပြည်သူများက ဘေးမှ လက်ချင်းချိတ်ကာ အကာအကွယ်ပေးခဲ့ပြီး သံဃာတော်များက မေတ္တာပို့လမ်းလျှောက်နေစဉ် လုံခြုံရေးများကို ပြည်သူအချို့ နောက်ပြောနေသည်ကိုပင် တားမြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
“ဦးဇင်းက မြတောင်တိုက်ကပါ၊ တိုက်ပေါက်မှာ စောင့်နေကြတာ၊ ဘုရားကြီးကထွက်လာတဲ့ ကိုယ်တော်တွေကို စောင့်နေတာ၊ ပြည်သူတွေကလည်း လက်ခုပ်တွေ ၀ိုင်းတီးပေါ့။ သင်္ကန်းရုံ၊ ဖိနပ်တွေဘာတွေ ချွတ်ခဲ့၊ လိုက်ကြတာပေါ့နော့်၊ (၃၆) လမ်းကနေပြီးတော့ တောင်ဘက် တက်တယ်ပေါ့၊ တောင်ဘက်ကနေပြီးတော့ (၇) လမ်းရောက်တော့ သူတို့ကနောက်က ကားနဲ့ လိုက်လာတယ်ပေါ့နော့်၊ (၈၂) လမ်း၊ (၃၂) လမ်းရောက်တော့ သူတို့က နောက်ကနေ သေနတ် ကို အပေါ်ထောင်ဖောက်တယ်၊ မီးကြိုးတွေပြတ်တယ်”ဟု မန်းမြို့သံဃာကြွချီမှုတွင် ပါဝင်သည့် သံဃာတပါးက မိန့်ဆိုသည်။
ယနေ့ မြတောင်တိုက်ကျောင်းအပေါက်ဝတွင် စစ်တပ်နှင့် ရဲများ လုံခြုံရေး (၃၀၀)ခန့် ချထားပြီး သံဆူးကြိုးများ ကာရံပိတ်ဆို့ထားရာ ဘုရားကြီးဘက်မှ ကြွချီလာသည့် သံဃာထုနှင့် ပြည်သူ များ ရောက်လာသောအခါ မြတောင်တိုက်မှ သံဃာ (၁၀၀) ကျော်မှ ပူးပေါင်းပါဝင်ကြွချီခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့များကလည်း ထိပ်တိုက်မတွေ့လို၍ ရှောင်ပေးနေသည်ဟု ယူဆကြောင်း အဆိုပါ ဦးဇင်းက ဆက်လက်မိန့်ဆိုသည်။
ယနေ့တွင် မန္တလေးမြို့မှ ဘုရားကြီး၊ မြတောင်၊ ဝေယံဘုံသာ၊ မစိုးရိမ်တိုက်သစ်နှင့် အခြား ကျောင်းများအပါအ၀င် ကျောင်းတိုက် ၇ တိုက်မှ သံဃာများ ၅၀၀၀ ခန့် လမ်းလျှောက်ကြွချီရာ ထောင်ပေါင်းများစွာသော မန်းပြည်သူများက သံဃာများနှင့်အတူ လိုက်ပါအားပေးခဲ့သည်။
“တယောက်ကို နှစ်ချက်နှုန်းသုံးချက်နှုန်းလောက် ဖြစ်တယ်။ ဘာမှမဖြစ်ဘူး။ လူထုက မတုန်လှုပ် ဘူး။ သေနတ်ပစ်တော့ ဓါတ်ကြိုးကိုမှန်ပြီး ပြုတ်ကျတာ၊ ကံကောင်းလို့ ဒီကောင်တွေ ဓါတ်မလိုက်တာ။ ခုနက နောက်နားမှာ ပြဿနာတက်တယ်။ နောက်က စစ်ကားတွေ မောင်းလိုက်လာတယ် မောင်းလိုက်လာတဲ့အချိန်မှာ အိမ်ပြန်ပါ အိမ်ပြန်ပါ ဆိုတော့ လူတချို့က ဘာမို့လို့ပြန်ရမှာလည်းလို့ ပြောတယ်”ဟု မျက်မြင်သက်သေက ဆိုသည်။
ယနေ့မန္တလေးဆန္ဒပြမှုသည် အေးချမ်းတည်ငြိမ်စွာ သံဃာထုက လုပ်ဆောင်နိုင်ခဲ့သဖြင့် စိတ်ပျော်ရွှင်ချမ်းမြေ့ခဲ့သော်လည်း ရန်ကုန်သံဃာနှင့် လူထုအပေါ် ရက်ရက်စက်စက် ပစ်ခတ် ရိုက်နှက်ခဲ့သည့် သတင်းများကြားသိရသည်အတွက် စိတ်မချမ်းမမြေ့ဖြစ်ရသည်ဟု မစိုးရိမ် ကျောင်းတိုက်မှ သံဃာတပါးက မိန့်ကြားသည်။

မူရင်း

yoma3.org


deaths in Rgn

0 comments
နအဖစစ်တပ် ပစ်ခတ်မှုကြောင့် ခွပ်ဒေါင်းတဦးကျဆုံး
တာမွေအထက (၃) ရှေ့၌ ကျောင်းသားမိဘများပါပစ်ခတ်ခံရ

NEJ / ၂၇ စက်တင်ဘာ ၂၀၀၇


ရန်ကုန်မြို့၌ ယနေ့ညနေပိုင်းတွင် သပိတ်မှောက်သံဃာနှင့်လူထုကို နအဖ စစ်တပ်က ပစ်ခတ်မှု ကြောင့် ခွပ်ဒေါင်းအလံကိုင်ဆောင်ထားသည့် ကျောင်းသားတဦးကျဆုံးသွားသည်ဟု မျက်မြင်တွေ့သူ တဦးကပြောသည်။


ယနေ့ညနေ (၃)နာရီ (၄၅) မိနစ်ခန့်က ပန်းဆိုးတန်းခုံးကျော်တံတားအဆင်း ပစ်ခတ်မှု၌ သေဆုံးသွား ခြင်းဖြစ်သည်။

မျက်မြင်တွေ့သူတဦးက “ပန်းဆိုးတန်းခုံးမှာ ၀င်လာပြီးပစ်တော့ ကျောင်းသားတယောက် အလံ ကိုင်ထားတာ၊ သူကတော့လုံးဝကျသွားတယ်။ ကျနော်တို့တွေ ရှေ့ကိုဆက်ပြေးရတယ်။ အနောက်ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ အလံကိုင်လျက်ပဲ ဘုတ်ဆိုပြုတ်ကျသွားတယ်။ ၀ါးလုံးကတော့ လက်ထဲကလုံးဝ မလွှတ်ဘူး။ လုံးဝတွန့်တာတို့ ဘာတို့တောင်မရှိဘူး ငြိမ်သွားတယ်”ဟုပြောသည်။

ပန်းဆိုးတန်းခုံးကျော်တံတားပစ်ခတ်မှု၌ အမျိုးသမီးများအပါအ၀င် လူအတော်များများ ထိခိုက်
သေဆုံး ဒဏ်ရာရမှုများရှိသည့်အပြင် ယနေ့ညနေပိုင်း တာမွေမြို့နယ်အထက (၃) အနီး ပစ်ခတ်မှု ၌လည်း ဆန္ဒပြနေသည့် သံဃာနှင့်လူထုအများအပြား သေဆုံးဒဏ်ရာရခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။

ရန်ကုန်မြို့ခံတဦးက “စစ်ကား (၅) စီးက မီးတွေထိုးဝင်လာပြီး လူအုပ်ထဲကို ၀င်တိုက်လိုက်တာ။ ကားအောက်မှာလည်း သေတဲ့သူသေပဲ။ အဲဒီလိုဖြစ်ပြီး စစ်ကားပေါ်က ဆင်းလာပြီး လူတွေကို လိုက်ပစ်တာ လူတွေက ဘယ်လောက်ပြေးကြသလဲဆို တချို့မြောင်းတွေထဲကျတယ်။ စစ်ကားပေါ် ကလည်း စက်သေနတ်နဲ့ ဆွဲနေတယ်။ အောက်ဆင်းပစ်တဲ့စစ်သားတွေက ထိသွားတဲ့သူတွေကို ဆောင့်ကန်ပစ်တာတွေ့ရတယ်။ ကားပေါ်ကလည်းပစ်တယ် အောက်ကိုလည်း ဆင်းပစ်တယ်” ဟုပြောသည်။

ကျောင်းဆင်းချိန်ဖြစ်သည့်အတွက် ကျောင်းသားများအား လာကြိုသည့်ကျောင်းသားမိဘများလည်း ပစ်ခတ်ခံရပြီး ယင်းနေရာ၌ ပစ်ခတ်မှုကြောင့် အသေအပျောက်များမည်ဟု မျက်မြင်များက
ခန့်မှန်းကြသည်။

အလားတူ မန္တလေးမြို့၌လည်း သာသနာ့တက္ကသိုလ်နှင့် မဟာဂန္ဓာရုံကျောင်းတိုက်တို့မှ သံဃာတော် အပါး (၁,၀၀၀) ကျော်နှင့် ပြည်သူသိန်းနှင့်ချီ၍ ဆန္ဒပြကြရာ နအဖ စစ်တပ်က ရိုက်နှက်၊ ပစ်ခတ်မှု များပြုလုပ်ခဲ့ကြောင်း မျက်မြင်များက ပြောသည်။

(၃၂) နှင့် (၃၃) ကြား (၈၅) လမ်း၌ ပစ်ခတ်မှု၊ ရိုက်နှက်မှုများဖြစ်ပွားခဲ့ရာ ဆန္ဒပြသည့် လူများကို စစ်တပ်က မီးသတ်ကားဖြင့်လာ၍ အနံ့ဆိုးဝါးသည့် ဆေးရည်များရောထားသည့် ရေများဖြင့် ပက်ခဲ့သည်ဟု မျက်မြင်များကပြောသည်။





မူရင်း


khitpyaing.org


bloody crack dwon continues

0 comments
ရန်ကုန်မှာ ဆက်လက် သွေးစွန်းနေဆဲ
irrawaddy ကိုစိုး | စက်တင်ဘာ ၂၇၊ ၂၀၀၇

စစ်အစိုးရက ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြသော သံဃာတော်များနှင့် ကျောင်းသားပြည်သူများကို ယနေ့ ဆက်လက်၍ အကြမ်းဖက် ပစ်ခတ်နှိမ်နင်းသည်ဟု မျက်မြင်များက ပြောသည်။

ယနေ့ တွင် အင်အား ၇၀၀၀၀ ခန့်ရှိ သံဃာတော်များနှင့် ပြည်သူများပါဝင်သော ဆန္ဒပြစစ်ကြောင်းကို စစ်တပ်က အော်တိုမစ်တစ် စက်သေနတ်များသုံး၍ ပစ်ခတ်သည့် အတွက် လူ ၁၀ ဦးခန့် အပစ်ခံရပြီး ရာနှင့် ချီ၍ ဖမ်းဆီးခံရကြောင်း သိရသည်။

စစ်အစိုးရ သတင်းမီဒီယာကမူ ယနေ့ ဆန္ဒပြသူ ၉ ဦး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်သည်။

နံနက် ၉ နာရီ ခန့်က တောင်ဥက္ကလာပမြို့နယ် ကျက္ကဆံဘုရားအနီး၌ လုံထိန်းများနှင့်ပြည်သူများ အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး လုံထိန်းများက သေနတ်ဖောက်၍ မျက်ရည်ယိုဗုံး ၅ လုံးခန့် ပစ်ခွဲကာ လူ ၄ ဦး ကို ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု မျက်မြင်သက်သေတဦးကပြောသည်။

ယင်းကျက္ကဆံဘုရားတွင် စစ်သား ၆၀၀ ခန့်နှင့်လုံထိန်းရဲ ၁၀၀ ခန့်က ဘုရားဖူးလာသူများကို ဘုရားပရ၀ဏ် အတွင်းမှ နှင်ထုတ်၍ လမ်းများကိုလည်း ပိတ်ဆို့ထားကြောင်း ၎င်းကပြောသည်။

နေ့လယ် ၁၂ နာရီခန့်တွင် ဆူးလေဘုရားအနီးရှိ ဆန္ဒပြပွဲကို စစ်သားများနှင့် လုံထိန်းများက သေနတ်ဖြင့် ပစ်ခတ် နှိမ်နင်းခဲ့သည်။

ယင်းသို့ ပစ်ခတ်မှုကြောင့် အသက် ၅၁ နှစ်ရှိ ကန်ဂျီနာဂါအိ အမည်ရှိ ဂျပန်နိုင်ငံသား ဓာတ်ပုံ သတင်းထောက် တဦး သေနတ်မှန်၍ သေဆုံးခဲ့သည်။ ယင်း ဂျပန်သတင်းထောက်အပြင် တခြား နိုင်ငံခြားသားတဦးလည်း သေနတ် ထိမှန်ခဲ့ သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

အာဏာပိုင်များဘက်က ဆန္ဒပြပွဲများကိုအင်အားသုံး အကြမ်းဖက်ဖြိုခွဲသော်လည်း ဆန္ဒပြသည့် သံဃာတော်နှင့် ပြည်သူများ လျော့မသွားကြောင်း သိရသည်။

ယနေ့ည ၈ နာရီကျော်အထိ ရန်ကုန်မြို့နေရာတချို့တွင် ဆန္ဒပြသူများက အာဏာပိုင်များကို ဆက်လက် ရင်ဆိုင် ဆင်နွှဲ နေကြောင်း စုံစမ်းသိရှိရသည်။

ယမန်နေ့ကလည်း ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သောကြောင့် ဒဏ်ရာပြင်းထန်စွာရရှိသူများရှိခဲ့ပြီး သံဃာ ၅ ပါး ခန့် ပျံလွန်သွားခဲ့ကြောင်း မျက်မြင် သက်သေတဦးကပြောပြသည်။ ယနေ့သည် ဆန္ဒပြသူများကို စစ်တပ်က ဒုတိယမြောက်နေ့ အဖြစ် ဆက်လက်၍ ပစ်ခတ်နှိမ်နင်းခြင်းဖြစ်သည်။

ယမန်နေ့ညက ရန်ကုန်မြို့ရှိ ဘုန်းတော်ကြီးကျောင်း အနည်းဆုံး သုံးကျောင်းခန့်ကို စစ်တပ်နှင့် လုံထိန်းများက ၀င်ရောက် စီးနင်း၍ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာတပါး ပျံလွန်တော်မူခဲ့ပြီး သံဃာ အပါး ၇၀၀ ခန့် ဖမ်းဆီးခံခဲ့ရ သည်ဟု သိရသည်။

ပျံလွန်သွားသည့် သံဃာတော်မှာ တောင်ဥက္ကလာပ မြို့နယ် ငွေကြာရံ ကျောင်းတိုက်မှ ဦးစန္တိမာ ဘွဲ့အမည်ရှိ သံဃာတော် ဖြစ်သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ယမန်နေ့ည ၁၂ နာရီ ကျော်က လက်နက်ကိုင်စစ်သား ၂၀၀ ကျော်နှင့် တုတ်များကိုင်ဆောင်ထားသည့် ကြံ့ဖွံ့များက သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ကျောင်းကို ၀င်ရောက်စီးနင်းပြီး ကျောင်းထိုင်ဆရာတော် ဦးဟိန္ဒက ၊ ဦးဣန္ဒြိယ ၊ ဦးနန္ဒိယနှင့် ဦးမေသုတို့ အပါအ၀င် ကိုအောင်သန်း၊ ကိုဘိုထွန်း၊ ကိုအောင်ဇော်ဝင်းနှင့် ကိုသန်းထိုက်အောင် တို့အား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ကျောင်းပေါ်တက်တော့ ဖိနပ်တွလည်း မချွတ်ဘူး၊ ကိုရင်တွေကို ခြေထောက်နဲ့ ကန်နှိုးပြီး ဦးပဉ္ဖင်းတွေဘယ်မှာ အိပ်လဲ မေးတယ်၊ စစ်မြေပြင်ကို အချိန်ကိုက် ၀င်စီးသလိုပဲ၊ ဆရာတော်ကိုလည်း ရိုက်ပြီး အပြင်ထုတ် ခေါင်းကိုလည်း သင်္ကန်း အုပ်ခိုင်းထားတယ်”ဟု ယင်းအခြေအနေကို အစအဆုံးကြုံတွေ့ခဲ့သူ ကိုအိုးဝေက ဧရာဝတီသို့ ပြောသည်။

စစ်သားများ ပြန်လည်ထွက်ခွာချိန်တွင် ကျောင်းတံခါး သော့ကို ရိုက်ဖွင့်သွားသည်ဟုလည်း ၎င်းကပြောသည်။

အန်အယ်လ်ဒီပါတီဝင် ဖြစ်သူ ကိုအိုးဝေသည် လွန်ခဲ့သည့် လ ၂၈ ရက်နေ့ လမ်းလျှောက်ဆန္ဒပြပွဲ၌ အာဏာပိုင် များ၏ အကြမ်းဖက် နှိမ်နင်းမှုကြောင့် ခြေတဘက် ကျိုးသွားခဲ့ရသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံ စာသင်တိုက်ကိုလည်း ယမန်နေ့ည ၁၂ နာရီ ကျော်တွင် စစ်သားနှင့် လုံထိန်းများက သေနတ်ဖောက်၊ မျက်ရည်ယိုဗုံးသုံးကာ ၀င်ရောက် စီးနင်းပြီး သံဃာအပါး ၂၀၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

“ညက သေနတ်သံတွေ ကြားရတယ်၊ ဘုန်းဘုန်းတွေရဲ့ အော်သံတွေလည်းကြားရတယ်၊ မနက်ဘက် သွားကြည့် တော့ ဘုန်းကြီး ကျောင်း တကျောင်းလုံးကိုဖျက်ဆီးထားတယ်၊ သွေးကွက်တွေလည်း အများကြီးတွေ့တယ်”ဟု ငွေကြာရံ ကျောင်းအနီးတွင် နေထိုင်သည့် ကျောင်းသူတဦးကပြောသည်။

ဖမ်းဆီးခံရသူများတွင် တောင်ဥက္ကလာပ သံဃမဟာနာယက ဥက္ကဌ ဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။

မန္တလေးမြို့တွင်လည်း နံနက် ၁၁ နာရီခန့်က နန်းရှေ့ရှိ သာသန တက္ကသိုလ်မှ သံဃာတော် အပါး ၁၀၀ ကျော်စတင် ဆန္ဒပြခဲ့ပြီး နေ့လယ် ၁ နာရီခန့်တွင် ဘုရားကြီးရှိကျောင်းတိုက်များ၊ ဒမိကာရာမ၊ အာသောကာရာမ အစရှိသည့် ကျောင်းတိုက်များမှ သံဃာတော် ၁၀၀၀၀ ခန့် ချီတက်ဆန္ဒပြခဲ့သည်။

စစ်တပ်နှင့်လုံထိန်းများက လူစည်ကားရာနေရာများတွင် လမ်းများကို သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားကြောင်း၊ ဘုရားကြီး ကျောင်းတိုက်၊ မြတောင်တိုက်၊ မစိုးရိမ်ကျောင်းတိုက်များအနီးတွင် လက်နက်အပြည့်အစုံနှင့် စစ်ကားများ၊ မီးသတ်ကား များကို အဆင်သင့် ပြင်ဆင်ထားသည်ဟု မျက်မြင်တဦးကပြောသည်။

ယနေ့တွင် တခြားသော မန္တလေးတိုင်းရှိ ကျောက်ပန်းတောင်း၊ ညောင်ဦး၊ အမရပူရ မြို့များနှင့် စစ်ကိုင်းတိုင်းရှိ ကသာမြို့ တို့တွင်လည်း ဆန္ဒပြချီတက်ပွဲများဖြစ်ကြောင်း ဒေသခံမျက်မြင်များက ပြောဆိုသည်။

စစ်အစိုးရက အင်္ဂါနေ့ညက စတင်၍ ရန်ကုန်နှင့် မန္တလေးမြို့ကြီး ၂ မြို့တွင် ရက်ပေါင်း ၆၀ ညမထွက်ရ အမိန့်ကို ထုတ်ပြန် ထားသည်။



မူရင်း

irrawaddy.org/bur



strike diary ( irrawaddy sept 27 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၇၊ ၂၀၀၇


ကျိုက္ကဆံကွင်း (မြင်းကွင်း) အနီး-ရန်ကုန် -
ဗကသများအဖွဲ့ချုပ်၏ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ဦးဆောင်ကာ သင်္ကန်းကျွန်းဘက်သို့ ချီတက်လာသည့် ဆန္ဒပြစစ်ကြောင်းသည် အရှေ့မြင်းပြိုင်ကွင်းလမ်းမှ လေးထောင့် ကန်လမ်းသို့ ချိုးကွေ့အပြီး အမျိုးသားစာကြည့်တိုက်ရှေ့သို့ရောက်သောအခါ စစ်သားများက ဆန္ဒပြစစ်ကြောင်းကို ထိပ်ဆုံးနှင့်နောက်ပိုင်း ၂ ဘက်ညှပ်ကာ ပစ်ခတ်နှိမ်နင်းကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူများက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတပ်ဦးကို အမျိုးသားစာကြည့်တိုက်ရှေ့တွင် အသင့်စောင့်နေသည့် လုံထိန်းနှင့် စစ်သားများက ပစ်ခတ် သည်ဟု တပ်ဦးရှိ ဆန္ဒပြသမားတဦးကပြောပြီး တောင်မြင်းပြိုင်ကွင်းလမ်းမှ ထွက်လာသည့် စစ်ကား ၅ စီးပေါ်မှ စစ်ကြောင်း နောက်ပိုင်းကို ပစ်ခတ်ခြင်းဖြစ်သည်ဟု ၎င်းလမ်းထောင့်ရှိ အထက (၃) တာမွေ အထက်တန်းကျောင်းမှ ဆရာမတဦးက ပြောသည်။

အထက (၃) တာမွေရှေ့ရှိ ဆန္ဒပြသမားများအနက် ၃ ဦးသေနတ်မှန်ကာလဲကျသွားသည်ကို တွေမြင်ရကြောင်း အဆိုပါ ဆရာမက ပြောသည်။ အကြမ်းဖက်ဖြိုခွဲချိန်သည် နေ့လယ် ၂ နာရီခွဲခန့် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒပြစစ်ကြောင်းကိုပူးပေါင်းရန် သင်္ကန်းကျွန်းဘက်မှ သံဃာအင်အား ၃၀၀ နှင့် ပြည်သူလူထု ၃ သောင်းကျော် ချီတက်လာရာ လေးထောင့်ကန်လမ်းမပေါ်တွင် စစ်သားနှင့် လုံထိန်းများက နံပါတ်တုတ်များဖြင့်ဝင်ရိုက်ကာ ဖြိုခွဲခဲ့သည် ဟုလည်း ၎င်းဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူတဦးက ပြောသည်။

နေ့လယ် ၁၂ နာရီကျော်က ဆူးလေရှိဆန္ဒပြပွဲကို အကြမ်းဖက်ပစ်ခတ်စဉ်က သေနတ်မှန်သေဆုံးခဲ့သည့် နိုင်ငံခြားသားမှာ ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်ဖြစ်သည်ဟု နိုင်ငံခြားတသင်းဌာနတချို့က အတည်ပြု ပြောဆိုသည်။

ရန်ကုန် -
ယမန်နေ့ညက ခြောက်ထပ်ကြီးသိပ္ပံကျောင်းရှိ ကျောင်းထိုင်ဆရာတော်အပါအ၀င် သံဃာအားလုံးကို အာဏာပိုင် များက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် ကျောင်းတံခါးကိုလည်း ပိတ်ထားလိုက်သည်ဟု ဒေသခံ တဦးကပြောသည်။ သိပ္ပံကျောင်းတွင် သံဃာ အပါး ၂၀-၃၀ ခန့်ရှိသည်ဟု ဆိုသည်။

အလားတူ ခြောက်ထပ်ကြီး သာသနာ့ ဂုဏ်ရည်ကျောင်းမှ ဆရာတော်နှင့် သံဃာများကိုလည်း ဖမ်းဆီးပြီး ကျောင်းတံခါးကို ပိတ်ထားကြောင်း သိရသည်။

အမရပူရမြို့- မန္တလေးတိုင်း -
နေ့လယ် ၁၂နာရ်ီခွဲခန့်တွင် မဟာဂန္ဓာရုံကျောင်းတိုက် မှ သံဃာ အပါး ထောင်ကျော် ချီတက် ဆန္ဒပြသည် ဟုသိရသည်။

“ကျောင်းအရှေ့ဘက် မုခ်မှာ တပ်တွေ၊ လုံထိန်းတွေ၊ သံဆူးကြိုး အလိပ်လိုက် ချထားတယ်၊ အနီရောင် ကြယ်ပွင့်နဲ့ ဒိုင်းတွေ ကိုင်ထားတဲ့ လူတွေရှိတယ်၊ သံဃာတော်တွေက အနောက်ဘက် မုခ်ကနေ တောင်သမန် ကန်ပတ်လမ်းအတိုင်း ချီတက်သွားကြတယ်” ဟု မျက်မြင်တဦးကပြောသည်။

ယင်းဆန္ဒပြသံဃာတော်များချီတက်ရာသို့ တောင်သမန် ကန်ပတ်လည်ရှိ ကျောင်းတိုက်များမှ သံဃာများ လည်း ပူးပေါင်းချီတက်ကြောင်း၊ စစ်တပ်က ချီတက်ရာသို့ နောက်မှ တောက်လျှောက် လိုက်နေသည့် အတွက် တ နာရီခန့်သာ ချီတက်ပြီး သံဃာများ ကျောင်းသို့ ပြန်ကြွသွားကြောင်းလည်း ၎င်းက ပြောသည်။

ယမန်နေ့ကလည်း ကျောင်းတိုက်များရှေ့တွင် အလားတူပိတ်ဆို့ထားသည့် အတွက် သံဃာတော်များမှာ ကျောင်းပေါက်ဝ ၌ပင် မေတ္တာသုတ်ရွတ်ဆိုခဲ့ရသည် ဟုသိရသည်။

ကသာမြို့- စစ်ကိုင်းတိုင်း -
နေ့လယ် တနာရီ ၁၅မိနစ်မှ ၁နာရီ ၄၅မိနစ် အထိ မဟာလေးထပ်ကျောင်းရှိ သံဃာတော် အပါး ၅၀ ခန့် ဒုတိယအကြိမ် ဆန္ဒပြ လမ်းလျှောက်သည် ဟုသိရသည်။

“ကျောင်းအပြင်ဘက်မှာ အာဏာပိုင်တွေကရှိနေတော့ လူတွေဒုက္ခမရောက်အောင်လို့ ကျောင်းဝင်းထဲမှာရှိတဲ့ တာသတိံသာ မဟာအဘယ စေတီတော်မှာပဲ ၉ကြိမ် ပတ် မေတ္တာသုတ်ရွတ်ခဲ့ကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယမန်နေ့ကလည်း ၎င်းသံဃာတော်များ မြို့အနှံ့ ဆန္ဒပြချီတက်ရာ ပြည်သူ ၁၅၀၀ ခန့် သံဃာတော်များနှင့် အတူ လိုက်ပါလာသည် ဟုလည်းသိရသည်။

ထရိတ်ဒါးဟိုတယ်-ရန်ကုန် -
မွန်းလွဲ ၃ နာရီကျော်က ဆူးလေဘုရားလမ်းရှိ ထရိတ်ဒါးဟိုတယ်ကို စစ်သားများ ၀င်ရောက်ကာ တထပ်ချင်းစီရှိ နိုင်ငံခြားသားများအပါအ၀င် တည်းခိုနေသူများကို စစ်ဆေးကြောင်း သတင်းရရှိသည်။

ရန်ကုန် -
ဆူးလေဘုရားအနီး အကြမ်းဖက်ဖြိုခွဲခံခဲ့ရသည့် ဆန္ဒပြသမားများကို ကျောင်းသားငယ်များကဦးဆောင်ကာ ဆက်လက်ချီတက်နေသည်ဟု ဆန္ဒပြသမားတဦးက ဧရာဝတီကိုပြောသည်။

“တပ်ဦးက ခွပ်ဒေါင်းအလံထောင်ထားပြီး ကျောင်းသား လူငယ်အများစုက ဦးဆောင်ပြီးချီတက်နေတယ်။ ကြွေးကြော်သံ တွေက ဖမ်းဆီးသံဃာ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ... ဒါမျိုးတွေပေါ့။ လူကတော့ ပြောရရင် သိန်းချီမယ်၊ လူတန်းက အခုအ၀ိုင်းထိပ် (တာမွေလမ်းဆုံ) ကို တပ်ဦးကရောက်နေပြီ၊ နောက်ကိုလှည့်ကြည့်တော့ လူတန်းက မျက်စိတဆုံးမှာ မဆုံးသေးဘူး” ဟုလည်း ဆန္ဒပြသမားက ပြောသည်။

ဆူးလေဆန္ဒပြပွဲတွင် ကျောင်းသားလူငယ် ၁၀၀ ကျော် အဖမ်းခံရကြောင်း သိရသည်။

ဆန္ဒပြစစ်ကြောင်းသည် ဆူးလေအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် ပုဇွန်တောင်၊ ၎င်းမှတဆင့် အမဲဈေး၊ ကျောက်မြောင်း၊ တာမွေလမ်းဆုံတို့ကို အဆင့်ဆင့်ဖြတ်ကာ သင်္ကန်းကျွန်းဘက်သို့ ဦးတည်လျက်ရှိသည်။ တာမွေလမ်းဆုံသို့ မွန်းလွဲ ၃ နာရီကျော်တွင် ရောက်ရှိသည်။

စစ်အစိုးရက ရန်ကုန်မြို့ မြို့နယ်ရပ်ကွက်အသီးသီးရှိ ရယက ရုံးတရုံးလျှင် တီရှပ်နှင့် လုံချည် အထည် ၅၀ စီ ပေးရန် အမိန့်ထုတ်ထားသောကြောင့် ယမန်နေ့ညကစ၍ ဖမ်းဆီးခဲ့သည့်သံဃာတော်များအား လူဝတ်လဲရန် ပြင်ဆင်နေသည် ဟုလည်း သုံးသပ်ပြောဆိုနေကြသည်။

မန္တလေးမြို့- မန္တလေးတိုင်း -
နေ့လယ် ၁နာရီ ခန့်တွင် ဘုရားကြီးရှိ ကျောင်းတိုက်များ၊ ဒမိကာရာမ ကျောင်းတိုက်၊ အာသောကာရာမ ကျောင်းတိုက်များမှ သံဃာတော် ၁၀၀၀၀ ခန့် ချီတက် ဆန္ဒပြနေကြောင်းသိရသည်။

“နာရီဝက်လောက် တုံးခေါက်တယ်၊ လက်ခတ်မောင်းတီးတယ်၊ ဘုရားကြီအရှေ့မုခ်မှာ လုံထိန်းတွေ စစ်တပ်တွေ သံဆူးကြိုး အထပ်ထပ်နဲ့ ပိတ်ထားလို့ အနှောက်ဘက်မုခ်ကနေ စထွက်တယ်၊ သံဃာ တွေ ထွက်သွားတာနဲ့ သောင်းနဲ့ချီတဲ့ ပရိတ်သတ်တွေ လက်ခုတ်သံကို ကြားနေရတယ်” ဟု ဘုရားကြီး ကျောင်း တိုက်ရှိ ဦးပဉ္ဖင်းတပါး ကပြောသည်။

လူထူထပ်ရာ ဖြစ်သည့် ဈေးချိုဘက်သို့သွားရာ လမ်းမများ၊ ဦးပွားဘုရား၊ မန်းမြို့ဈေးဘက်များ တွင် စစ်တပ်နှင့် လုံထိန်းများက လမ်းများကို သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားသည် ဟုလည်း သိရသည်။

ဆူးလေဘုရား-ရန်ကုန် -
နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဆူးလေဘုရားအနီးရှိ ဆန္ဒပြပွဲကို စစ်သားများနှင့် လုံထိန်းများက သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းနေစဉ် တီရှပ်အပြာရောင်ဝတ် နိုင်ငံခြားသားတဦးကို သေနတ်မှန်ကာ လဲကြသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

အဆိုပါနိုင်ငံခြားသားသည် သတင်းထောက်ဖြစ်နိုင်ပြီး ၎င်းအား စစ်သားများကဆွဲသွားသည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အာဏာပိုင်ဘက်က သေနတ်ဖြင့်ပစ်သည့်အပြင် မျက်ရည်ယိုဗုံးများလည်းသုံးကြောင်း ဆန္ဒပြသမား ၁၀ ဦးခန့် သေနတ်ထိမှန်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန် -
ယနေ့ နံနက် ၉ နာရီခန့်တွင် တောင်ဥက္ကလာပ မြို့နယ် ကျက္ကဆံ ဘုရားအနီးတွင် လုံထိန်းများနှင့် ပြည်သူများ အကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လုံထိန်းများက သေနတ်ဖောက်၍ အနည်းဆုံး မျက်ရည်ယိုဗုံး ၅ လုံးခန့် ပစ်ခွဲခဲ့သည်ဟု ဘုရားဖူး လာသူ မျက်မြင်တဦးကပြောသည်။

စစ်သား ၆၀၀ ခန့်နှင့် ရဲ ၁၀၀ ခန့်က စောင့်ကြပ်နေပြီး ဘုရားဖူးလာသူများကို စစ်တပ်နှင့် ရဲက ဘုရားပရ၀ဏ် အတွင်းမှ အပြင်သို့ထွက်ရန် အမိန့်ပေးနှင်ထုတ်နေကြောင်း သိရသည်။

လုံထိန်းများက လူ ၄ ဦးခန့်ကို ရိုက်နှက် ဖမ်းဆီးခဲ့ပြီး လတ်တလောတွင် လမ်းများကို လုံထိန်းများက ပိတ်ဆို့ထား သည်ဟုလည်း သိရသည်။

အဆိုပါ စစ်သားများမှာ တပ်မ ၇၇ မှဖြစ်ကြောင်း၊ လူအများက သံဃာတော်များ ကို အကြမ်းဖက် သတ်ဖြတ်ခြင်း အပေါ် မကျေမနပ်ဖြစ်နေသောကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဆက်လက်ဖြစ်နေကြောင်း၊ ယခု ဖြစ်ပွားမှုတွင် သံဃာတော်များ လုံးဝ ပါဝင်ဘဲ ပြည်သူလူထုနှင့် အာဏာပိုင်များအကြား ဖြစ်ပွားခြင်း ဖြစ်ကြောင်းလည်း မျက်မြင် သက်သေကပြောသည်။

လတ်တလောအခြေအနေမှာ ရန်ကင်းမြို့နယ်ရှိ မိုးကောင်း ကျောင်းတိုက်တွင်လည်း စစ်သားများက လုံခြုံရေး ယူထားသည်ဟု သိရသည်။

အာဏာပိုင်များက အန်အယ်လ်ဒီ ပါတီမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်သိန်း၊ အန်အယ်လ်ဒီ ပါတီ ဧရာဝတီ တိုင်းစည်းရုံးရေးမှူး ဦးလှဖေ၊ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဦးကျင့်ရှင်းထန် တို့ကို ယမန်နေ့ညတွင် ဖမ်းဆီးခဲ့သည်။

ရန်ကုန် -
နေ့လယ်တနာရီခန့်တွင် ငွေကြာရံ ပရိယတ္တိစာသင်တိုက်အနီး သစ္စာလမ်းမကြီးနှင့် ဗဟိုလမ်းအနီး ကြံ့ဖွံ့များကိုရှေ့တွင်ထားကာ စစ်တပ်ကနောက်မှရံ၍ လုံခြုံရေးယူထားသည်။

ပြည်သူလူထုက ၎င်းတို့အားကျောက်ခဲနှင့်ပစ်သဖြင့် စစ်တပ်က မျက်ရည်ယိုဗုံးဖြင့်ပြန်လည်ပစ်ခတ်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

ယမန်နေ့ည ငွေကြာရံကျောင်းတိုက်ကို ၀င်ရောက်စီးနင်းစဉ်က ထွက်ပြေးလွတ်မြောက်သွားသည့် သံဃာအပါး ၁၀၀ ခန့်လည်း အဆိုပါပြည်သူများနှင့် အတူရှိနေကြောင်း သိရသည်။

ငွေကြာရံကျောင်းတိုက်ကို အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဦးစန္တိမာ ဘွဲ့အမည်ရှိ သံဃာတပါး ပျံလွန်တော် မူသည်ဟူသော သတင်းများလည်း ထွက်နေသည်။

ရန်ကင်းမြို့နယ်ရှိ မိုးကောင်းကျောင်းတိုက်ကိုလည်း အာဏာပိုင်ကစီးနင်းဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော် အပါအ၀င် သံဃာအားလုံးကိုဖမ်းဆီးသွားသည်ဟု ရန်ကင်းတွင်နေထိုင်သူတဦးက ဧရာဝတီကိုပြောသည်။

နေ့လယ်တနာရီခန့်က ဆူးလေဘုရားအနီးတွင် ချီတက်ဆန္ဒပြနေသူများကို လုံထိန်းနှင့် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရမှုများကို စုံစမ်း၍မရသေးပေ။

ကျောက်ပန်းတောင်းမြို့နယ် နှင့် ညောင်ဦးမြို့နယ် - မန္တလေးတိုင်း -
ယနေ့နံနက်ပိုင်း ၃နာရီ ခန့်တွင် ကျောက်ပန်းတောင်း မြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များ ဖြစ်သည့် ဦးကျော်စိန်လှိုင်၊ ဦးမြစိုး၊ ဦးပေါ်အေး၊ ကိုသန်းလွင်၊ ကိုဝင်းရွှေ၊ ကိုရဲထွန်း တို့ ၆ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်း ဒေသခံတဦးကပြောသည်။ ယခုဖမ်းဆီးထားသူများကို မြင်းခြံထောင်သို့ ပိုလိုက်သည် ဟုလည်းသိရသည်။

အလားတူ ညောင်ဦးမြို့တွင်လည်း အန်အယ်ဒီပါတီဝင်များ ဖြစ်သည့် ဒု ဥက္ကဌ ဦးကိုလှ၊ အတွင်းရေးမှူး ဦးအေးကို၊ အန်အယ်လ်ဒီ လူမှု အထောက်အကူအဖွဲ့က ဦးမျိုးသန်း တို့ ၃ဦးကို ယမန့်နေ့ည ၁၂နာရီ ခွဲတွင် ညောင်ဦးရဲ စခန်းမှ လာရောက် ဖမ်းဆီသွားသည်ဟု ဒေသခံတဦးကပြောသည်။

မြင်းခြံမြို့-မကွေးတိုင်း -
ယမန်နေ့က ၁၂း ၃၀ နာရီခန့်တွင် မြင်းခြံမြို့ရှိ သံဃာတော် အပါး ၃၀၀၀ ခန့်နှင့် ပြည်သူလူထု ၁၀၀၀၀ ခန့် ပါဝင်ပြီး ချီတက်ဆန္ဒပြသည်ဟု မြင်းခြံ ကိုးဆောင်တိုက်မှ ဆရာတော်တပါးက ပြောသည်။

ယင်း ဆန္ဒပြအဖွဲ့သည် နေ့လယ် ၂ နာရီခန့်တွင် အေးချမ်းစွာရုတ်သိမ်း လိုက်သည်ဟု သိရသည်။
ယမန်နေ့က ရန်ကုန်မြို့တွင် အာဏာပိုင်များက စစ်တပ်၊ ရဲ၊ လုံထိန်းများကို သုံး၍ ဆန္ဒပြ သံဃာတော်များအား ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွဲခြင်းအပေါ် သံဃာတော်များကို ထပ်မံစော်ကားခြင်းဖြစ်သည်ဟုလည်း ဆရာတော်က ပြောဆိုသည်။

“အခု အဖြစ်အပျက်ကတော့ ဒီလိုလုပ်တာတော့ မကောင်းဘူးပေါ့၊ နိုင်ငံအ၀န်းဖြစ်တာက အစက ပခုက္ကူက ဖြစ်တာ ၀န်ချတောင်းပန်လိုက်ရင်အေးသွားမှာ၊ အဲဒီက စတဲ့ မီးပါပဲ၊ အခုလည်း တခါ စော်ကားပြန်ပြီ ဆိုတော့ လူကြားလို့လည်း မကောင်း ၊ မြင်ရသူလည်း မကောင်း ၊ ကြားရသူလည်း မကောင်းပါဘူး”ဟု ကိုးဆောင်တိုက် ဆရာတော်က မိန့်ကြားသည်။

ရန်ကုန် -
ယမန်နေ့ည ၁၂ နာရီခွဲတွင် လက်နက်ကိုင်စစ်သား ၂၀၀ ကျော်နှင့် တုတ်များကိုင်ဆောင်ထားသည့် ကြံ့ဖွံ့များ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းကာ ကျောင်းထိုင်ဆရာတော် ဦးဟိန္ဒက၊ ဦးဣနြ္ဒိယ၊ ဦးနန္ဒိယ၊ ဦးမေသုတို့အပါအ၀င် ကိုအောင်သန်း၊ ကိုဘိုထွန်း၊ ကိုအောင်ဇော်ဝင်းနှင့် ကိုသန်းထိုက်အောင်တို့အား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ကျောင်းပေါ်တက်တော့ ဖိနပ်တွေလဲမချွပ်ဘူး။ ကိုရင်တွေကို ခြေထောက်နဲ့ကန်နှိုးပြီး ဦးပဉ္ဇင်းတွေဘယ်မှာ အိပ်လဲ မေးတယ်။ စစ်မြေပြင်ကို အချိန်ကိုက် ၀င်စီးသလိုပဲ။ ဆရာတော်ကိုလဲရိုက်ပြီးအပြင်ထုတ် ခေါင်းကိုလဲ သင်္ကန်း အုပ်ခိုင်းထားတယ်” ဟု အခြေအနေအစအဆုံးကို ကြုံတွေ့ခဲ့သူ ကိုအိုးဝေက ဧရာဝတီကိုပြောသည်။

ကိုအိုးဝေသည် အန်အယ်လ်ဒီပါတီဝင်တဦးဖြစ်ပြီး လွန်ခဲ့သည့်လ ၂၈ ရက်နေ့ လမ်းလျှောက်ဆန္ဒပြပွဲ၌ အာဏာပိုင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ခြေထောက်တဘက်ကျိုးသွားသူ ဖြစ်သည်။

စစ်သားများက မဂ္ဂင်ကျောင်းတိုက်အတွင်းမှပြန်ထွက်ချိန်တွင် ကျောင်းတံခါးသော့ကို ရိုက်ဖွင့်သွားသည်ဟုလည်း ကိုအိုးဝေက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံ ပရိယတ္တိစာသင်တိုက်ကိုလည်း ယမန်နေ့ ၁၂ နာရီကျော်တွင် စစ်သားနှင့် လုံထိန်းများက သေနတ်ဖောက်၊ မျက်ရည်ယိုဗုံးသုံးကာ ၀င်ရောက်စီးနင်းပြီး သံဃာအပါး ၂၀၀ ကျော်ကို ရိုက်နှက် ဖမ်းဆီးကြောင်း သိရသည်။

ငွေကြာရံကျောင်းတိုက်အနီးတွင် နေထိုင်သည့် ကျောင်သူတဦးက “ညက သေနတ်သံတွေကြားရတယ်။ ဘုန်းဘုန်းတွေရဲ့ အော်သံတွေလည်း ကြားရတယ်။ မနက်ဘက်သွားကြည့်တော့ ဘုန်းကြီးကျောင်း တကျောင်းလုံးကို ဖျက်ဆီးထားတယ်။ သွေးကွက်တွေလည်း အများကြီးတွေ့တယ်” ဟု ဧရာဝတီကို ပြောသည်။

ငွေကြာရံကျောင်း၌ အဖမ်းခံရသည့်သံဃာများတွင် တောင်ဥက္ကလာပ သံဃမဟာနာယက ဥက္ကဌဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။စစ်သားများနှင့် လုံထိန်းများသည် ငွေကြာရံကျောင်းတိုက်ရှိ သံဃာများ၏ ငွေကြေး၊ ရေဒီယိုများကို ယူဆောင်သွားကြောင်း သိရသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
နေ့လယ် ၁၁ နာရီခန့်တွင် နန်းရှေ့ဘက်ရှိ သာသနာ့ တက္ကသိုလ်မှ သံဃာတော် အပါး ၁၀၀ ကျော် စတင် ဆန္ဒပြချီတက်နေသည်ဟု သိရသည်။

“ဒီနေ့ထူးခြားတာပေါ့နော်၊ သာသနာ့ တက္ကသိုလ်က ထွက်တာလေ၊ ကုသိုလ်တော် ဘုရားဘက်ကိုချီတက် သွားကြပါတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ဘုရားကြီးကျောင်းတိုက်ရှေ့တွင်လည်း ရဲများအပြည့်ဝန်းရံထားပြီး မြတောင်ကျောင်း၊ မစိုးရိမ်ကျောင်းတိုက်များ အနီးတ၀ိုက်တွင် လက်နက်အပြည့်အစုံနှင့် စစ်ကားများ မီးသတ်ကားများကို အဆင်သင့် ပြင်ထားသည်ဟု ၎င်းကဆိုသည်။

“ဒက္ခိဏရာမ ကျောင်းတိုက်ရှေ့မှာ စာကပ်ထားတယ်၊ စာထဲမှာ စစ်သားဆိုတာ ပြည်သူတွေထဲက ပြည်သူတွေပါ၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အကြမ်းဖက် နှိမ်နင်းရင် ပြည်သူ မဟုတ်ဘဲ စစ်ဘီလူးသာ ဖြစ်မည်လို့ ရေးထားပါတယ်"ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ယမန်နေ့က မျက်ရည်ယို ဗုံးသုံးမှုကြောင့် ညောင်ကန် ကျောင်းတိုက်မှ သံဃာတော်တချို့ မျက်ရည်ယိုဗုံးဒဏ် ခံခဲ့ရသည် ဟုလည်း သိရသည်။

Wednesday, September 26, 2007

mdy monks requests people's cooperation

0 comments
အားပေးရုံသက်သက်မဟုတ်ပဲ လူထုတရပ်လုံးပူးပေါင်းရန်
မန်းသံဃာက တိုက်တွန်းနှိုးဆော်

yoma3 ဗထူး။ စက်တင်ဘာ ၂၆၊ ၂၀၀၇

ယနေ့ပြုလုပ်နေသည့် သံဃာတော်များ အေးချမ်းစွာ ဆန္ဒဖော်ထုတ်နေမှုကို ပြည်သူလူထု တရပ်လုံးအနေဖြင့် အားပေးရုံမဟုတ်ပဲ ပူးပေါင်းပါဝင်ကြရန် မန္တလေးမြို့၊ မစိုးရိမ်ကျောင်းမှ ဆရာတော်တပါးက မိန့်ဆိုလိုက်သည်။

ယနေ့ပြုလုပ်ခဲ့သည့် မန်းမြို့တွင်း လမ်းလျှောက်ကြွချီဆန္ဒပြမှု မြို့လုံးကျွတ် အားပေးထောက်ခံ ခဲ့ခြင်းကြောင့် စစ်အစိုးရက မျက်ရည်ယိုဗုံး အသုံးပြုဖြိုခွဲခဲ့ပြီးနောက် ယခုလို မိန့်ဆိုလိုက်ခြင်း ဖြစ်သည်။

“ကျုံးဒေါင့်မှာ တော်တော်လေးပဲ အချက်ပေါင်းများစွာ ဖောက်လိုက်တယ်၊ မိုးပေါ်ထောင်ဖောက် တယ်။ မျက်ရည်ယိုဗုံး ၇ လုံး ပစ်တယ်။ သံဃာထုထဲတော့ မပစ်ဘူး၊ လူထုကြားထဲကို မျက်ရည် ယိုဗုံး ပစ်ချတယ်။ လူထုအားပေးမှုက ဒီနေ့ သိန်းနဲ့ချီသွားတယ်။ သံဃာတွေ မန္တလေးမှာ သိန်းနဲ့ချီသွားတယ်။ သံဃာတွေက ဒီနေ့ စစ်ကြောင်းသုံးကြောင်း ကြွတာ။ လူထုကလည်း သိန်းနဲ့ချီပြီးကို အားပေးကြတာ၊ အဲ့ဒါကို ဒီကောင်တွေ လန့်သွားတာ။ အဲ့ဒါကြောင့် မျက်ရည် ယိုဗုံးနဲ့ ခွဲပစ်တာ”ဟု မစိုးရိမ်ကျောင်းမှ သံဃာတော်တပါးက မိန့်ဆိုသည်။

ယနေ့ မန်းမြို့တွင် သံဃာတော်များက နေရာသုံးနေရာခွဲကာ ချီတက်ဆန္ဒပြခဲ့ရာ လမ်းမများ ပေါ်တွင် သံဃာတော်များနှင့် ပြည်သူများ ပြည့်နှက်သွားခဲ့ပြီး လမ်းတလျှောက်တွင်လည်း လုံခြုံရေးတပ်ဖွဲ့များနှင့် တိုးကာ ဦးဆောင်သံဃာတော်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ညှိနှိုင်း မှုဖြင့် လမ်းလျှောက်ကြွချီခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဆုံတာပေါ့ ဒကာကြီးရာ။ လုံခြုံရေးအဖွဲ့ကတော့ သုံးနေရာလောက်ကို ဆုံတာ။ ဒီနေရာက သူတို့က သွားလို့မရဘူး ဘုရား၊ တခြားကသွားပါဆိုတော့ တခြားနေရာက ကွေ့ပတ်သွားရတာ ပေါ့။ အစကတည်းက ဦးဇင်းတို့ အစီအစဉ်က ဆွဲလာတာပေါ့၊ ဦးဇင်းတို့က အေးအေးဆေးပေါ့ ကြီးကြပ်တဲ့ဆရာတော်တွေက သူတို့ဖြေရှင်းညှိနှိုင်းတော့ ဦးဇင်းတို့ကမသွားပဲ ဘေးကနေ ကွေ့သွားတာပေါ့။ သူတို့နဲ့ လွတ်တဲ့နေရာပေါ့လေ”ဟု လမ်းလျှောက်ကြွချီခဲ့သည့် သံဃာတော် တပါးက မိန့်သည်။

လမ်းတလျှောက်တွင် ပြည်သူများက စစ်အာဏာရှင်စနစ် ကျဆုံးပါစေဟု ဆိုကာ လက်ခုပ်များ တီး၍ ကြိုဆိုခဲ့ကြပြီး တက္ကသိုလ်ကျောင်းသားများက သံဃာတော်များ လိုအပ်သည်များကို ဖြည့်ဆည်းပေးကာ လမ်းတလျှောက်လုံး အနီးမှလိုက်ပါခဲ့သည်ဟု ဆက်လက်မိန့်သည်။

“သူတို့ ဘယ်လိုတွေဘဲ ကြေညာကြေညာ ပြည်သူလူထုက ဦးဇင်းတို့ရဲ့ လုပ်ဆောင်မှုကို ယုံကြည်ပြီးသားလေ။ ငြိမ်သက်စွာ လမ်းလျှောက်ပြီး မေတ္တာပို့တယ်၊ ဆုတောင်းကြတယ်ဆိုတာ သူတို့က သိတဲ့အတွက်ကြောင့် သူတို့က အပြည့်အဝ ဦးဇင်းတို့ကို ထောက်ခံတာပေါ့ ဒကာကြီး။ ထောက်ခံတဲ့အတွက်ကြောင့် ဦးဇင်းတို့လုပ်ရပ်ကို အောင်မြင်မယ်လို့ အတိအကျယုံကြည်တယ် ဒကာကြီး”ဟု လမ်းလျှောက်ကြွချီခဲ့သည့် သံဃာတော်က မိန့်ဆိုသည်။

ယခုကဲ့သို့သံဃာထု၏ အေးချမ်းစွာ လမ်းလျှောက်ကြွချီခဲ့သည့် သံဃာတော်များကို အကြမ်းဖက် ဖြိုခွဲခဲ့ခြင်းနှင့်ပတ်သက်၍ “ဒါက မေတ္တာကို ဒေါသနဲ့ တုံ့ပြန်တာပေါ့၊ ဒါကအာဏာရှင်ရဲ့ ရုပ်လုံး ပေါ်လာတာလည်း ဟုတ်တယ်။ ဒီလို မေတ္တာကို ဒေါသနဲ့တုံ့ပြန်တော့ အင်မတန်မှ ဦးဇင်းတို့ အနေနဲ့ ငြိမ်းချမ်းတဲ့ သံဃာထုကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ညီညီညွတ်ညွတ်နဲ့ စနစ်တကျ စည်းကမ်း ရှိရှိနဲ့ ဒီလိုမျိုး ချီတက်လမ်းလျှောက်နေတဲ့ သံဃာတွေကို အကြမ်းဖက်ဖြေရှင်းတာကို မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစုအဖွဲ့ကြီးအနေနဲ့ စစ်အစိုးရကို ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချတယ်”ဟု သံဃာတပ်ပေါင်းစုမှ ဆရာတော်တပါးက ဆိုသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး မပစ်ချင်သူများရှိသော်လည်း အထက်အမိန့်အတိုင်း လိုက်နာဆောင်ရွက်ရသည်ကို လုံခြုံရေးတပ်ဖွဲ့ဝင်အချို့က မိန့်ဆိုပြီး စစ်အစိုးရထိပ်ပိုင်းများမှာ အာဏာတွင် သာယာနေ၍ မည်သည့်ကိစ္စမဆို လုပ်ဆောင်သွားမည် ဖြစ်သည်ဟု ဆိုသည်။

“သူတို့က လက်ရှိ ရှိနေတဲ့ အာဏာပေါ်မှာ သာယာတယ်။ အာဏာတည်မြဲရေးအတွက်ဆိုရင် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီးတော့ စိတ်ဆုံးဖြတ်ထားတဲ့ပုံရပါတယ်။ သံဃာကို ဂါရဝပြုရမှန်းမသိ၊ ယဉ်ကျေးရမှန်းမသိ၊ ရိုသေရမှန်းမသိ၊ ကြည်ညိုကိုင်းရှိုင်းရကောင်းမှန်း မသိဘူး။ သူတို့အာဏာတည်မြဲရေးအတွက်ဆိုရင် ဘာမဆိုလုပ်မယ်။ ဘယ်သူ့ကို သတ်ရသတ်ရ ဆိုတာမျိုးပေါ့ဗျာ၊ ဒီလိုလုပ်တာတော့ ဒါ မကောင်းဘူးပေါ့၊ ခုလည်းပဲ ပတ္တနိက္ကုဇ္ဇနကံ၊ သံဃာရဲ့ ကြီးလေးတဲ့ ဒါဏ်ခတ်မှုကြီးကိုလည်း ခံခဲ့ရပြီးပြီ။ ဒီထက် ကြီးလေးတဲ့ကံတွေ သံဃာကိုသတ်တဲ့ ကံတွေ ခု ထပ်ထပ်ကျူးလွန်ပြန်ပြီ။ ဒီထက်လည်း နောက်ထပ် ကျူးလွန်နေအုံးမယ်ထင်တယ်။ အဲ့ဒါကြောင့် ဒီတကာတွေအနေနဲ့ မိုက်တွင်းက နက်လာပြီ၊ တွင်းတူးပြီး ခပ်နက်နက်ကိုတူးပြီး တော့ကို မိုက်တဲ့ ဒကာတွေ၊ တော်တော်လေးကို ဦးဇင်းတို့အနေနဲ့ သံဝေဂရပါတယ်”ဟု မိန့်သည်။

ယနေ့ သံဃာထုပြုလုပ်နေသည့် အေးချမ်းစွာ လမ်းလျှောက်ကြွချီနေခြင်းသည် သံဃာထု အတွက်မဟုတ်ပဲ ပြည်သူလူထုတရပ်လုံးအတွက်ဆိုသည်ကို သိရှိကာ ပူးပေါင်းပါဝင်ရန် အဆိုပါ သံဃာတော်က ဆက်လက်မိန့်သည်။

“ဒါကြောင့် မြို့ရွာတွေမှာရှိတဲ့ လူထုကြီးအနေနဲ့ ဝန်ထမ်းအသီးသီးတွေအနေနဲ့ အလွှာအသီးသီး က လူထုတရပ်လုံးနဲ့ ပူးပေါင်းပါဝင်ဖို့ လိုအပ်နေပြီဆိုတာကို ဦးဇင်းတို့ ပြောချင်တယ်။ လူထု တရပ်လုံးအနေနဲ့ ကောင်းမွန်တဲ့ စနစ်တခုကို အမြန်ဆုံး ရောက်ရှိချင်တယ်ဆိုရင်တော့ အားပေး ရုံသက်သက်မဟုတ်ပဲနဲ့ ကိုယ်တိုင်ကိုယ်ကျ ပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်ဆိုတာကို လူထု တရပ်လုံးကို ပန်ကြားလိုတယ်။ နှိုးဆော်ပါတယ်။ တိုက်တွန်းပါတယ်” ဟု ဆက်လက်မိန့်ကြား ခဲ့သည်။


မူရင်း

yoma 3

authorities crack down the monks ( nej news )

0 comments
သပိတ်မှောက် သံဃာနှင့်လူထုကို
နအဖလက်ကိုင်တုတ်များက ပစ်ခတ်ဖြိုခွဲ

NEJ/ ၂၆ စက်တင်ဘာ ၂၀၀၇

ရန်ကုန်မြို့၌ ငြိမ်းချမ်းစွာမေတ္တာပို့ချီတက် သပိတ်မှောက်သည့် သံဃာတော်များကို နအဖစစ်တပ်က ယနေ့ သေနတ်ဖြင့် စတင်ပစ်ခတ်နိမ်နင်းသဖြင့် သံဃာတော်နှင့်လူအချို့ဒဏ်ရာရပြီး အချို့ဖမ်းဆီး
ခံရကြောင်း မျက်မြင်တွေ့သူတို့က ပြောသည်။

ယနေ့နံနက် (၁၁) နာရီခွဲခန့်က ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ ဘုရားပေါ်တက်ရန်ကြွချီလာသည့် သံဃာတော်များကို အသင့်စောင့်နေသည့် စစ်တပ်နှင့် လုံထိန်းရဲတပ်ဖွဲ့တို့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခွဲကာ စတင်ရိုက်နှက်သည်ဟု မျက်မြင်တဦးက ပြောသည်။

၎င်းက “သံဃာတွေက အလံကိုင်ပြီး ဘုရားပေါ်တက်ဖို့လာတယ်။ တက်မယ့်သံဃာတွေကိုတားတယ်။ ကိုယ်တော်တွေက ဘာမှမပြောဘူး၊ မေတ္တာထားပြီး အဓိကလုပ်တယ်ဆိုတော့ ရုတ်ရုတ်သဲသဲလည်း မဖြစ်ဘဲနဲ့ သူတို့ဘက်က စတင်ပြီး မျက်ရည်ယိုဗုံးခွဲပြီးတော့ တုတ်တွေနဲ့ဝင်ရိုက်တယ်။ နောက်ပြီး သေနတ်နဲ့ပစ်တယ်။” ဟု ပြောသည်။

ရှေ့ဆက်ကြွခွင့်ပေးရန် သံဃာတော်များ၏ မေတ္တာရပ်ခံချက်ကို စစ်သားနှင့်ရဲများက လက်မခံဘဲ သံဃာနှင့် လူ (၁၀၀) ကျော်ကို ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

မြို့ခံတဦးက “လူတွေကို ဒိုင်နာကားတွေပေါ်ကို ရိုက်ပြီးတော့တင်သွားတယ်၊ နဖူးကွဲဒူးပြဲပေါ့၊ ဘယ်သူမှ ကပ်လို့မရဘူး၊ ကပ်တဲ့လူအကုန်လုံးကို ၀ိုင်းရိုက်တယ်။ လည်ပင်းတွေကို ခြေထောက် တွေဘာတွေနဲ့ နင်းတယ်။ တုတ်ကို အသွားအပြန်ရိုက်တာ ဆက်တိုက်ချတာ၊ ၀ါးရင်းတုတ်နဲ့” ဟု ပြောသည်။

အလားတူ ဆူးလေဘုရား၌လည်း ယနေ့ မွန်းတည့် (၁၂) နာရီခန့်က သပိတ်မှောက်ကြွချီလာမည့် သံဃာများကို စောင့်ကြိုနေသည့် လူထုအား စစ်တပ်က (၃) ကြိမ် သေနတ်ဖြင့် မိုးပေါ်ထောင် ပစ်ဖောက်ကာ လူစုခွဲခဲ့ကြောင်း သိရသည်။

မွန်းလွဲပိုင်း၌ ဆူးလေဘုရားအနီး၌ စစ်တပ်နှင့်လုံထိန်းရဲများကသေနတ်များဖြင့် ချိန်ရွယ်ပိတ်ဆို့ နေရာယူထားသည့်အတွက် ဆူလေးဘုရားသို့ ကြွချီလာသည့်သံဃာများ ထရိတ်ဒါး ဟိုတယ်
ရှေ့မှာပင် မေတ္တာပို့ ဘုရားဝတ်ပြုခဲ့ကြကြောင်း၊ အနော်ရထာလမ်းမကြီးပေါ်၌လည်း သံဃာနှင့် လူထုသိန်းနှင့်ချီ၍ သပိတ်တိုက်ပွဲ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။ ။


မူရင်း

khitpyaing.org/news

authorities crack down on the strike

0 comments
ရန်ကုန်ဆန္ဒပြပွဲကို ပစ်ခတ်နှိမ်နင်း အသေအပျောက် ဒဏ်ရာရမှုများရှိ
irrawaddy ကိုသက် | စက်တင်ဘာ ၂၆၊ ၂၀၀၇


စစ်အစိုးရက ယနေ့ငြိမ်းချမ်းစွာဆန္ဒပြခဲ့သည့် သံဃာတော်များနှင့် ကျောင်းသားပြည်သူများကို ပစ်ခတ်နှိမ်နင်းသည်ဟု မျက်မြင်သက်သေများက ဧရာဝတီကိုပြောသည်။



အတည်မပြုရသေးသည့် သတင်းများအရ စစ်အစိုးရ၏အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့တွင် အနည်းဆုံး သံဃာ ၅ ပါးနှင့် အမျိုးသမီးတဦး အသက်ဆုံးရှုံးကြောင်း သိရသည်။

ထိခိုက်ဒဏ်ရာရသူများနှင့် သေဆုံးသွားသူများကို ရန်ကုန်ပြည့်သူ့ဆေးရုံးကြီး အရေးပေါ်ဌာနသို့ အာဏာပိုင်ဘက်က သယ်ဆောင်သွားပြီး ဆေးရုံတံခါးများကိုလည်းပိတ်လိုက်ကြောင်း မျက်မြင်သက်သေတဦးက ဧရာဝတီကိုပြောသည်။

ဧရာဝတီက အရေးပေါ်ဌာနသို့ ဆက်သွယ်စုံစမ်းခဲ့ရာ တာဝန်ကျဝန်ထမ်းတဦးက အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး ဖြေကြားခွင့်မရှိကြောင်း ပြောဆိုသည်။

နေ့လယ်ပိုင်းက အလုံမြို့နယ်တွင် ချီတက်ဆန္ဒပြသည်ကို အကြမ်းဖက်နှိမ်နင်းသောကြောင့် သံဃာ ၃ ပါး ပျံလွန်တော် မူသည်ဟုလည်း မျက်မြင်သက်သေတဦးက ပြောသည်။

ယနေ့နေ့လယ် ၁၂ နာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်အနီး ဆန္ဒပြပွဲကို မျက်ရည်ယိုဗုံးများပစ်ကာ ဖြိုခွဲပြီး လုံထိန်းနှင့် စစ်သားများက တုတ်များဖြင့်ရိုက်နှက်ကာ သံဃာအပါအ၀င် ဆန္ဒပြသမား ၅၀ ကျော်ကို ဖမ်းဆီး ခေါ်ဆောင် သွားသည်ဟု ဆန္ဒပြပွဲတွင်ပါဝင်သူက ပြောသည်။

“လူတွေက တော်တော်ဒေါသထွက်တယ်၊ ဆရာတော်တွေကမေတ္တာရပ်ခံလို့ မေတ္တာပို့နေကြတယ်။ ဘုရားပေါ်မှာ ကျန်ခဲ့တဲ့ သံဃာတွေရဲ့အခြေအနေက ဘယ်လိုမှန်းမသိဘူး” ဟု ၎င်းကဆက်ပြောသည်။

နေ့လယ်ပိုင်းက ရွှေတိဂုံဘုရားရင်ပြင်နှင့် အလယ်ပစ္စယံတွင် သံဃာအပါး ၅၀၀ ကျော် ပိတ်မိနေကြောင်းလည်း သိရသည်။

ယနေ့တနေ့လုံး အာဏာပိုင်ဘက်က ဆန္ဒပြပွဲများကို အင်အားသုံး အကြမ်းဖက်ဖြိုခွဲခဲ့သော်လည်း ဆန္ဒပြသည့် သံဃာနှင့် ပြည်သူများလျော့မသွားကြောင်း သိရသည်။

ဆန္ဒပြသံဃာများအား ရွှေတိဂုံဘုရား အရှေ့မုခ်ရှိ ကြေးသွန်းဘုရားတွင် ဆွမ်းကပ်လှူရာတွင် ဦးဆောင်ခဲ့သည့် လူရွှင်တော် ဇာဂနာနှင့် ဦးဝင်းနိုင် (အမျိုးသားရေး) တို့ကို ယမန်နေ့ညက နေအိမ်များတွင် ဖမ်းဆီးလိုက်သည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ရက်ပေါင်း ၆၀ ညမထွက်ရ စစ်အုပ်ချုပ်ရေးအမိန့်ကို စစ်အစိုးရက ထုတ်ပြန် လိုက်သည်။

ယနေ့ပြုလုပ်သည့် မန္တလေးမြို့ရှိ ဆန္ဒပြပွဲကိုလည်း စစ်အစိုးရက မျက်ရည်ယိုဗုံးများသုံးကာ ဖြိုခွဲကြောင်း စုံစမ်းသိရှိရသည်။ ထိခိုက်ဒဏ်ရာရမှုအသေးစိတ်ကိုမူ ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

ပခုက္ကူမြို့တွင်လည်း သံဃာအပါး ၂၀၀၀ ကျော်ပါဝင်သည့် လူထုဆန္ဒပြပွဲတရပ်ကို ပြုလုပ်ခဲ့သည်။ ၎င်းဆန္ဒပြပွဲကို မြို့လုံးကျွတ်အားပေးခဲ့သည်ဟုလည်း သိရသည်။




မူရင်း

irrawaddy.org/bur

strike diary ( irrawaddy sept 26 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၆၊ ၂၀၀၇


အလုံမြို့နယ်-ရန်ကုန် -
အလုံတွင် အပစ်ခံရသောကြောင့် သံဃာ ၃ ပါး ပျံတော်မူသည်ဟု မြို့ခံတဦးက ပြောသည်။ လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင်လည်း သံဃာအပါး ၁၀၀၀ ကျော်ကို စစ်တပ်က၀ိုင်းထားကြောင်း သိရသည်။

ရန်ကုန် - နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သောကြောင့် အနည်းဆုံး အရပ်သား ၂ ဦး အပစ်ခံရကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ တဦးကပြောသည်။

ယင်းအပစ်ခံရသူ ၂ ဦးထဲမှ တဦးသေဆုံးသည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေသည်။ဆက်လက်၍ စစ်တပ်က ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

အလုံမြို့နယ်-ရန်ကုန် -
ယနေ့ နံနက်က အလုံမြို့နယ်ရှိ ဇောတနာရာမကျောင်းတိုက်မှ သံဃာတော် ၂ ပါးကို ဆွမ်းခံ မကြွရန် ရဲများက ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ယင်းကျောင်းတိုက်မှဆရာတော်က မြို့နယ်မှူး ဦးတင့်ဝေကို သွားရောက် မေးမြန်းရာ အမိန့်အရလုပ်ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ပြောသည်။

“အမိန့်လို့သာ ပြောတာ၊ ဘာအမိန့် ဆိုတာလည်း သေသေချာချာမသိဘူး၊ သေချာ ထုတ်ပြန်ထားတာရှိလား အဲဒီ အမိန့်စာရွက်ကို ပြလို့မေးတော့ မဖြေနိုင်ဘူး။ နောက်ဆုံးမှ ဆွမ်းခံလို့ ရပါတယ်လို့ပြောတယ်”ဟု ၎င်းဆရာတော်က ပြောသည်။ဇောတနာရာမကျောင်းတိုက်နှင့် အောင်မင်္ဂလာကျောင်း နှစ်ကျောင်းကြားတွင်လည်း ပြင်ပနှင့် အဆက်အသွယ် မလုပ်နိုင်ရန် လုံခြုံရေ တင်းကျပ်စွာချထားသည်ဟုလည်း သိရသည်။

မိုးညှင်းမြို့-ကချင်ပြည်နယ် -
ယမန်နေ့ည ၁၀ နာရီ ခန့်က ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ သံဃာတော် ၁၂ ပါးခန့်ကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံရသူများတွင် သံဃာတော်များမှာ ပျော်ဘွယ်ကျောင်းတိုက်မှ ဦးစံဒေါ၊ ဇိနလင်္ကာရ ကျောင်းမှ ဦးသီဟရာန၊ တတ်ကုန်းကျောင်းမှ ဦးဥတ္တရနှင့် ဦးသိက္ခာတို့ပါဝင်သည်ဟု ဒေသခံတဦးကပြောသည်။ယမန်နေ့က သံဃာတော်များ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပြီးနောက် အာဏာပိုင်များက မိုးညှင်းတမြို့လုံး တယ်လီဖုန်း လိုင်းများဖြတ်ထားသောကြောင့် ယခုသတင်းကို တခြားမြို့မှ တယ်လီဖုန်းဖြင့် ပြောရကြောင်း အထက်ပါ ဒေသခံက ဧရာဝတီသို့ပြောသည်။

မိုးကုတ်မြို့-မန္တလေးတိုင်း -
ယမန်နေ့ညက အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် ကိုမင်းသူ၊ မပွင့်ဖြူနှင့် မသင်းသင်းတို့ ၃ ဦး အဖမ်းခံရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများမှတဆင့်သိရသည်။့

မန္တလေး-မန္တလေးတိုင်း -
နေ့လယ် ၁၂ နာရီ ၀န်းကျင်က မန္တလေးမြို့ မြတောင်ကျောင်း၊ ဘုရားကြီးကျောင်းတိုက်၊ မစိုးရိမ် ကျောင်းတိုက်၊ ဦးပွားဘုရား စသည်တို့တွင် စစ်တပ်နှင့်လုံထိန်းရဲ များက သံဃာတော်များ ထွက်ခွင့်မရရန် ကျောင်းပတ်လည်ကိုဝိုင်းထားသည်ဟု မျက်မြင်များက ပြော သည်။

ဘုရားကြီးမြောက်ဘက် ကွင်းပြင်တွင်လည်း စစ်တပ်၊ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကို ကွင်း အပြည့်ချထားပြီး ရွေကျီးမျှင် ဘုရားအနှီးတွင် တပ်မ ၉၉ ကို ချထားသည် ဟုလည်း သိရ သည်။ လူစည်းကားရာ အရပ်များတွင်လည်း ရဲများကို ချထားသည်ဟု ဆိုသည်။

“ဘုရားကြီးကျောင်း တောင်ဘက် အာနန္ဒာဘုရားမှာလည်း သံဃာတော်တွေက စာကပ်ထားတယ်၊ စာထဲမှာ “သပိတ်မှောက် ထားသည် လက်နက်ကိုင်များ ဖြတ်သန်းသွားလာခွင့် မပြု” လို့ စာရေး ကပ်ထားတယ်” ဟု မျက်မြင်တဦးကလည်း ပြောသည်။

ယမန်နေ့ည ၁၀ နာရီခန့်တွင် အသက် ၂၅ နှစ်ခန့်ရှိသော လူ ၃၀ ခန့်ကို အောင်မြေသာဇံ ရှိ ကြံ့ဖွံ့ရုံးတွင် နံပတ် ၇က/၉၁၉၉ ကားဖြင့် လာရောက်ချသွားကြောင်း သိရသည်။

ရန်ကုန် -
ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် သံဃာတော်အပါး ၅၀ ခန့်ကို လုံထိန်းများက ရိုက်နှက်၍ မျက်ယိုဗုံးများဖြင့် ပစ်ခတ် ဖြိုခွဲကြောင်း မျက်မြင်များက ပြောသည်။
ရွှေတိဂုံ အလယ်ပစ္စယံတွင်လည်း သံဃာအပါး ၅၀၀ ခန့်နှင့်ပြည်သူများကို စစ်တပ်က ပိတ်ဆို့ထားကြောင်း သိရသည်။

ရေတာရှည်လမ်းဘက်တွင် ပိတ်မိနေသူတဦးက ရွှေတိဂုံဘုရားဘက်တွင် မျက်ရည်ယိုဗုံးနှင့် ပစ်ခတ်သည်ကိုမြင်ရသည်ဟု ပြောသည်။ ယင်းပိတ်မိနေသော သံဃာများနှင့် ပြည်သူများက မေတ္တာသုတ်များ ဆက်လက်ရွတ်ဆိုနေကြောင်း သိရသည်။ယင်းသို့ မျက်ယိုဗုံးဖြင့် ပစ်ခတ် ဖြိုခွဲစဉ် အမေရိကန် သံရုံးမှ ကားတစီးရောက်လာသည်ဟုလည်း ဆိုသည်။

ရန်ကုန် -
ညတနာရီတွင် လူရွှင်တော် ဇာဂနာ၏နေအိမ်ကို ရှာဖွေပုံစံဖြင့် ၀င်ရောက်ရှာဖွေကာ ည ၂ နာရီကျော်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။ သူ၏လက်ကိုင်ဖုန်းကိုလည်း အာဏာပိုင်က သိမ်းထားလိုက်သည်ဟုလည်း သိရသည်။

အမျိုးသားရေး ဦးဝင်းနိုင်ကိုလည်း ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယမန်နေ့ညတွင် စစ်အစိုးရက ည ၉ နာရီမှ မနက် ၅ နာရီအထိ ရက်ပေါင်း ၆၀ ညမထွက်ရ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကို သံဆူးကြိုး ၃ ထပ်ဖြင့်ပိတ်ထားလိုက်ပြီး စက်သေနတ် တလက်လည်း တပ်ဆင်ထားကြောင်း မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားတွင် လုံထိန်းရဲ၊ စစ်သား ၁၀၀ ကျော်နှင့် ဘုရားပေါ်တွင် ၅၀၀ ကျော်ကို လုံခြုံရေးချထားကြောင်းလည်း စုံစမ်းသိရှိရသည်။

မန္တလေး-မန္တလေးတိုင်း -
ယမန်နေ့ ညပိုင်းတွင် မန္တလေးမြို့မှ ဆန္ဒပြချီတက်ရာ၌ ပါဝင်အားပေးသူ အနည်းဆုံး ၄ ဦး ခန့်ကို စစ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။

ည ၂ နာရီခန့်က လူရွှင်တော် ပါပါလေးအပါအ၀င် အန်အယ်လ်ဒီပါတီမှ မန္တလေး အနောက်မြောက်မြို့နယ် လွှတ်တော် အမတ် ဦးတင်အောင်၊ မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးခင်မောင်သောင်း၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်နှင့် အနောက်တောင် မြို့နယ် လွှတ်တော်အမတ် ဦးမျိုးနိုင်တို့ကို ဖမ်းဆီးသွားကြောင်း မန္တလေး အန်အယ်လ်ဒီနှင့် နီးစပ်သူတဦး၏ ပြောဆိုချက် အရ သိရသည်။

အန်အယ်လ်ဒီမှ ဖမ်းဆီးခံရသူများသည် အဖွဲ့ဝင် ၁၇ ဦးနှင့်အတူ ဆန္ဒပြသံဃာများ ဆွမ်းကွမ်းဝေရာဝစ္စအတွက် စည်းရုံး အလှူခံသူများဖြစ်ပြီး လူရွှင်တော် ပါပါလေးသည်လည်း သံဃာတော်များအတွက် အလှူခံ ဆောင်ရွက်ပေးခြင်းကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။

မန္တလေး အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုကျော်စွာဦး၏ အခန်းကိုလည်း အာဏာပိုင်များက ၀င်ရောက်ရှာဖွေ၍ စာရွက်စာတမ်း အထောက်အထားတချို့ကို သိမ်းဆည်းသွားသည်ဟု သိရသည်။လက်ရှိအခြေအနေအရ မန္တလေးတွင် ယမန်နေ့ညက စစ်အစိုးရက ညမထွက်ရ အမိန့်ထုတ်ထားပြီး မြို့အနှံ့တွင် စစ်သားများက စောင့်ကြပ်နေသည်။

Tuesday, September 25, 2007

gift for readers in Burma

0 comments
မြန်မာဘာသာနဲ့ဖော်ပြတဲ့ ပြည်ပသတင်းဌာန ၀က်ဆိုက်တွေကို သွားလို့မရဘူးလား။ နိုင်းနိုင်းစနေရဲ့ ဘလော့ဂ်မှာ ဟောသလို ရေးထားလေရဲ့။ စာဖတ်သူတစ်ယောက်ကလည်း ထပ်ဖြည့်ထားတယ်။ ခက်ခဲနေသူများ သွားကြည့်ပါ။
http://nineninesanay.blogspot.com/2007/09/blog-post_25.html

haymar nay winn supports the strike ( irrawaddy photo )

0 comments

irrrawaddy cartoon 2

0 comments

mdy monks' request

0 comments
မတရားတဲ့အမိန့်ကို နာခံသည့်စိတ်များကို အလှူခံသည်ဟု မန်းသံဃာတော်က မိန့်ဆို

yoma3 ဗထူး။ စက်တင်ဘာ ၂၅၊ ၂၀၀၇

မတရားသည့် အမိန့်အာဏာများကို နာခံတတ်သည့် စိတ်များကို ယနေ့ အလှူခံလိုက်သည်ဟု မန္တလေးမြို့၊ မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ဆိုလိုက်သည်။

ယမန်နေ့က စစ်အစိုးရ၏ သာသနာရေးဝန်ကြီးမှ သံဃာ့နာယကအကြီးအကဲများကို လျှောက်ထားခဲ့ပြီးနောက် သံဃာများ လမ်းလျှောက်ကြွချီခြင်းကို တားမြစ်ပိတ်ပင်ပေးရန် တောင်းဆိုချက် ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ မိန့်ဆိုလိုက်ခြင်းဖြစ်သည်။

“ဆရာတော်ကြီးတွေရဲ့ သိက္ခာကို စော်ကားတာပဲ။ ဒါက ဆရာတော်တွေကို ခေါ်ပြီး အမိန့်ပေး တာ။ လူလိုပြောရင် မင်းတို့လုပ်၊ မလုပ်ရင် ကျုပ်တို့လုပ်မယ်။ ဆရာတော်တွေကို တိုက်တွန်းတာ မဟုတ်ဘူး၊ အမိန့်ပေးတာ။ သံဃာအပေါ်မှာ ဆက်တိုက် အမှားတွေလုပ်နေတယ်။ အဲ့ဒါကြောင့် မကြာသောကာလမှာ ဘေးဒုက္ခနဲ့ ရင်ဆိုင်ရမှာရှိတယ်ဗျ၊ လက်နက်ရှိတဲ့ကောင် လက်နက် အားကိုးမှာ၊ ဦးချိုရှိတဲ့ကောင် ဦးချိုအားကိုးမှာ၊ အစွယ်ရှိတဲ့ကောင် အစွယ်အားကိုးမှာ။ ဒါကို လူထုအနေနဲ့ သံဃာထုအနေနဲ့ ကြံ့ကြံ့ခံနိုင်ဖို့ လိုမယ်။ စိတ်ဓါတ်တွေ ပြိုကွဲမသွားဖို့ လိုတယ်” ဟု မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော်တပါးက မိန့်ကြားသည်။

ပစ်ခတ်ဖြိုခွဲသည်အထိ မရောက်အောင် အတတ်နိုင်ဆုံး သံဃာဘက်မှ ကြိုးစားသွားမည်ဖြစ်ပြီး တပ်မတော်သားများသည်လည်း ပြည်သူထဲက ပြည်သူများပင်ဖြစ်သောကြောင့် အမိန့်ပေးလို့ ပစ်ခတ်ရမည့်သူများမှာလည်း ခေတ်စနစ်ဆိုးကြီးထဲတွင် ပြည်သူများနည်းတူ ဆင်းရဲကြပ်တည်း ခြင်း စနစ်ဆိုးရဲ့ နှိပ်စက်မှုဒဏ် ခံကြရသူများဖြစ်ကာ ယခု သံဃာတော်များနှင့် ပြည်သူများ လုပ်ဆောင်နေသည်မှာ တပ်မတော်သား၊ ရဲနှင့် အာဏာပိုင်အဖွဲ့အစည်းများ၏ အနာဂတ်များ လည်း ပါဝင်သဖြင့် မိမိတို့နှင့်အတူ ဆင်းရဲဒုက္ခရောက်နေသူများကို အမိန့်များပေးကာ မရက်စက်ကြရန် မေတ္တာရပ်ခံသည်ဟု ဆက်လက်မိန့်ဆိုသည်။

“တပ်မတော်သားတွေကို ပြည်သူ့တပ်မတော်သားလို့ လှိုက်လှိုက်လှဲလှဲ ခေါ်ချင်တယ်ဒကာ၊ ရဲတွေကိုလည်း ပြည်သူနဲ့ တသားဖြစ်တဲ့ ပြည်သူ့ရဲလို့ ခေါ်ချင်တယ်ဒကာ။ လှိုက်လှိုက်လှဲလှဲ ခေါ်ချင်တယ်။ ငါတို့ပြည်သူပဲလို့ လှိုက်လှိုက်လှဲလှဲ ခေါ်ချင်တယ်။ အားလုံး ငြိမ်းချမ်းဖို့၊ ညီညွတ်ဖို့ လိုတယ်။ ငြိမ်းချမ်းဖို့အတွက် အားလုံးအဆင်ပြေစေဖို့အတွက် စနစ်ဆိုးကြီး၊ မတရားတဲ့ အမိန့် အာဏာတွေ၊ မတရားတဲ့ အမိန့်ပေးမှုတွေကို နာခံတတ်တဲ့ စိတ်တွေကို အလှူခံပါတယ်လို့ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီးနဲ့အတူ တနိုင်ငံလုံးမှာရှိတဲ့ သံဃာတော်တွေ၊ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ သံဃာတော်တွေကို ကိုယ်စားပြုပြီးတော့မှ အလှူခံပါတယ်ဒကာ”ဟု အဆိုပါဆရာတော်မှ မိန့်မှာသည်။

စစ်အစိုးရ သာသနာရေးဝန်ကြီးက သံဃာ့မဟာနယကဆရာတော်ကြီးများကို ပြောဆိုခဲ့ရာတွင် ဓမ္မစက်ဖြင့် ထိန်းသိမ်း၍မရပါက တည်ဆဲဥပဒေများနှင့်အညီ ပြတ်သားစွာ အရေးယူဆောင်ရွက် သွားမည်ဟု ပါရှိခဲ့ပြီး ထိုသို့ပြောဆိုခြင်းသည် ယခုသံဃာတော်များ ငြိမ်းချမ်းစွာ ဆန္ဒပြနေ ခြင်းကို အကြမ်းဖက်ဖြိုခွဲရန် ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုမန်းသံဃာများက ယနေ့ မွန်းလွဲ (၁၂) နာရီ (၅၀) မိနစ်တွင် စတင်ကြွချီဆန္ဒပြနေပြီဟု မိန့်ကြားပြီး ဆက်လက်၍ ဆရာတော်က “မန္တလေးသံဃာရဲ့ ရဲရဲတောက်တဲ့၊ ပြောင်မြောက်တဲ့ သတ္တိပေါ့ဗျာ၊ အင်မတန် လေးစားဖို့ကောင်းတယ်၊ ဒါမှ ထိပ်တိုက်ရင်ဆိုင်ခဲ့သည်ရှိသော် ငြိမ်းချမ်းတဲ့ပုံစံနဲ့ သံဃာတွေအနေနဲ့ ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု မိန့်ဆိုသည်။


မူရင်း


yoma3.org/news/2007/sep

cartoon from irrawaddy 1

0 comments




strike diary ( irrawaddy sept 25 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၅၊ ၂၀၀၇


ရန်ကုန်မြို့ -
ယနေ့ ဆန္ဒပြ သံဃာတော်များသည် ညနေ ၄း ၃၀ နာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ ပြန်လည်စု၍ မေတ္တာသုတ် ရွတ်ဆို လမ်းခွဲလိုက်ကြောင်း သိရသည်။

“ဒီနေ့ ရွေတိဂုံကို လက်ယာရစ်တပတ် ပတ်တယ်၊ အရှေ့ဘက် က ပြန်ဆင်း ပြီးတော့ ဆူးလေးဘုရားဘက် သွားတယ်၊ ဆူးလေးဘုရား မှာ အစိုးရသတင်းစာထဲက သံဃာတော် အစစ်က ၂ ရာခိုင်နှုန်းပဲပါတယ် ဆိုတာ ကို ဦးပဉ္ဖင်းတို့ ခေါင်းဆောင်တွေ ကနေပြီးတော့ သံဃာ အစစ်လား အတုလားလို့မေးတယ်၊ နောက် က ဦးပဉ္ဖင်းတွေ က သံဃာ အစစ် ပါ ဆိုပြီး ထောက်ခံ ကြွေးကြော်တယ်” ဟု ဆန္ဒပြ ချီတက် ခဲ့ရာတွင်ပါဝင်ခဲ့ သည့် သံဃာတော် ဦးအာဒိစ္စ က ရောဝတီကို ပြောသည်။

လိုက်ပါအားပေးသည့် ပြည်သူ သိန်းကျော်ပါဝင်ပြီး သောင်းနှင့်ချီသော သံဃာတော်များ ဆန္ဒပြ ချီတက်ရာ လမ်းတွင် သံဃာအတုဟုယူဆရသည့် သံဃာ ၇ ပါးခန့်တွေ့ရကြောင်း၊ သို့သော် သံဃာအစစ်က သံဃာ အတု ကိုခွဲခြားနိုင်ပြီး ဦးဆောင်သည့် သံဃာတော်များက စည်းကမ်းထိန်းသိမ်းမှု ကောင်းသောကြောင့် ယင်း သံဃာအတုများ မည်သည့် လှုပ်ရှားမှု ကိုမျှပြုလုပ်၍ မရဟုလည်း ၎င်းက ပြောသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
နေ့လယ် ၁၁နာရီခန့်တွင် ဘုရားကြီးကျောင်းတိုက်ရှိ တိုက်ပေါင်းစုံ၊ မြတောင်ကျောင်း၊ အိမ်တော်ရာ တိုက်၊ မြို့သစ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ နန်းရှေ့ဘက် ကျောင်းတိုက်၊ ဒက္ခိဏရာမ ကျောင်းတိုက်တို့မှ သံဃာတော် အပါး ၁၀၀၀၀ ကျော် ချီတက် ဆန္ဒပြသည်ဟု သိရသည်။

“ကျောင်းတိုက်တွေအားလုံးက ထွက်ချိန်တော့ မတူဘူး၊ အစောပိုင်းမှာ ဘုရားကြီး ကျောင်းတိုက်က အပါး ၃၀၀၀ ကျော်၊ မြတောင် က ၅၀၀ ကျော်၊ အခြားတိုက်တွေ သူ့အဖွဲ့နဲ့သူ ထွက်ပါတယ်။ ကျနော်တို့ မန္တလေး အရပ်စကားလို ပြောရရင် လေးပြင် လေးရပ်စုံအောင် ထွက်ပါတယ်” ဟု မန္တလေးမှ မျက်မြင်တဦးက ပြောသည်။ ဆန္ဒပြသံဃာများ ဈေးချိုနှင့် ဘုရားကြီးအရောက်တွင် လိုက်လံအားပေးသော ပြည်သူ ၁၀၀၀၀ ကျော်ရှိသည် ဟုလည်း သိရသည်။

မိုးညှင်းမြို့- ကချင်ပြည်နယ် -
နေ့လယ် ၁နာရီ ခန့်တွင် မိုညှင်းမြို့ရှိ ပညာရောင်ခြည် ကျောင်းတိုက်မှ သံဃာတော် အပါး ၅၀ ကျော်သည် ပထမ အကြိမ် ဆန္ဒပြ ချီတက်သည် ဟုသိရသည်။

“ဒီနေ့သံဃာတော်တွေ ချီတက်မယ်ဆိုတာကို ပြည်သူတွေ က မသိကြဘူး၊ တချို့သိလို့ ထွက်လာတဲ့ သူတွေတောင် မမီတော့ဘူး၊ သံဃာတော်တွေ ချီတက်တဲ့ လမ်းက လူနေအိမ်တွေကျဲတော့ အားပေးတဲ့သူတွေ နည်းတယ်” ဟု မိုးညင်းမြို့ခံတဦးက ပြောသည်။ အဆိုပါ သံဃာတော်များဆက်လက်ချီတက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

မိုးညှင်းမြို့တွင် ပညာရောင်ခြည် ကျောင်းတိုက်နှင့် အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက် စသည့်ကျောင်း နှစ်ကျောင်း ရှိရာ သံဃာ အပါးပေါင်း ၂၀၀ ခန့်ရှိသည် ဟုသိရသည်။

ဗန်းမော်မြို့- ကချင်ပြည်နယ် -
ယနေ့ နေ့လယ် ၁နာရီ ခန့်တွင် ဗန်းမော်မြို့ရှိ သိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် မှ သံဃာတော် အပါး ၂၀၀ကျော် ၄ ကြိမ်မြောက် ဆန္ဒပြချီတက်သည်ဟု သိရသည်။

သံဃာတော်များနှင့်အတူ ချီတက်ဆန္ဒပြရန် ကျောင်းဝမှ စောင့်နေကြသော ဗန်းမော်ရှိ အန်အယ်လ်ဒီ အဖွဲ့ဝင်တချို့ကို စည်းကမ်းထိန်းသိမ်းရေး ဆရာတော်က လိုက်ခွင့်မပေး ကြောင်း ဗန်းမော် ဒေသခံတဦးက ပြောသည်။ယင်း ဆန္ဒပြသံဃာတော်များသည် ဗန်းမော်တမြို့လုံးသို့ ဆက်လက် ချီတက်နေဆဲ ဖြစ်သည်ဟုလည်း သိရသည်။

ရန်ကုန် -
စီအာပီပီ ကြေညာချက်ထုတ်ပြန်အချက် ၃ ချက်ပါ ကြေညာချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

၎င်းအချက်များမှာ သံဃာတော်များဦးဆောင်နေသည့် လှုပ်ရှားမှုတွင် ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်သည့်အပေါ် ၀မ်းသာဂုဏ်ယူကြောင်း၊ လှုပ်ရှားမှုကို တဆင့်ပြီးတဆင့် အရှိန်အဟုန် တိုးမြှင့် လုပ်ဆောင်သွားရန်နှင့် သံဃာတော်များ၏ ဦးဆောင်မှုနှင့်အတူ ကျောင်းသူ၊ ကျောင်းသား၊ လူငယ်များအပါအ၀င် အလွှာအသီးသီးမှ ပြည်သူလူထုတရပ်လုံး ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့် ပေးစပ်ကြရန်တို့ ဖြစ်သည်။

ရန်ကုန် -
နေ့လယ် ၁ နာရီ ခန့်က သံဃာတော် အပါး ၅၀၀၀ ခန့်သည် ရွှေတိဂုံဘုရားမှ စတင်ထွက်ခွာ၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြအဖွဲ့သည် ဆူးလေဘုရားသို့ ဦးတည်သွားရောက်ကာ သံဃာများက တရားဟောသည်ဟု မျက်မြင်များက ပြောသည်။ယင်းဆန္ဒပြအဖွဲ့သို့ ၂၀၀ ခန့်ရှိသည့် အန်အယ်လ်ဒီ ပါတီဝင်များနှင့် ထောင်နှင့်ချီသော ပြည်သူများက ပူးပေါင်း ပါဝင် ဆန္ဒပြကြောင်း သိရသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
နံနက်အစောပိုင်းတွင် မန္တလေးရတနာဘုံမိ တက္ကသိုလ်အနီးတွင် စစ်တပ်ကတပ်စွဲ ထားသည်ဟု သိရသည်။
နံနက်ပိုင်းတွင် မန္တလေးတိုင်းမှုးကိုယ်တိုင် အစောင့်အပြည့်နှင့် ၎င်းတပ်စွဲသည့်နေရာကို သွားရောက်ကြည့်ရှု ပြီးနောက် မစိုးရိမ်ကျောင်းတိုက်ဘက် ဆက်သွားကြောင်း မျက်မြင်သက်သေတဦးက ဧရာဝတီကိုပြောသည်။

“ရယက ရုံးတွေမှာစာကပ်တယ်။ စာထဲမှာ လူနဲ့ကျောင်းသူကျောင်းသားတွေ အပြင်မထွက်ဖို့်၊ မပါဝင်ကြဖို့ ပါရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပါတယ်”ဟု၎င်းက ပြောသည်။

လမ်းမများတွင် အာဏာပိုင်က ဖြန့်ဝေသည်ဟု ယူဆရသောစာများကို မိုးမလင်းချိန်ကတည်းက ဖြန့်ဝေထားကြောင်း သိရသည်။ စာပါအကြောင်းအရာမှာ ဆူပူမှုဖြစ်ပွားပါက အခြားဘာသာဝင်များထက် ဗုဒ္ဓဘာသာဝင်များသာ ပိုမိုဒုက္ခရောက်ကြမည်ဟု ရေးသားထားသည်။

အမေရိကန်နိုင်ငံက မြှောက်ပင့်ပေးသည်များကို လိုက်မလုပ်ရန်လည်း ၎င်းစာတွေင် ရေးသားထားသည်။ “စစ်ကား ငါးစီးဆီ၊ လက်နက်အပြည့်အစုံ ... လယ်ပင်းမှာ အ၀တ်နီပတ်နဲ့ စစ်ကားတွေ ကျုံးတ၀ိုက်နဲ့ ဘူတာဘက် ပတ်သွားနေတယ်” ဟု မန္တလေးရှိ မျက်မြင်တဦးက ပြောသည်။

ရန်ကုန် -
အသံချဲ့စက်တပ်ထားသည့် အာဏာပိုင်ကားများက လမ်းမများပေါ်တွင်မည်သူမှ မစုရုံးရန်နှင့် စုရုံးပါက အရေးယူမည်ဖြစ်ကြောင်း လိုက်အော်သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။သက်ဆိုင်ရာ မယက များက ရန်ကုန်မြို့အနှံ့အပြားရှိ လူနေရပ်ကွက်များတွင် ကားများဖြင့် လိုက်အော်ခြင်းကြောင်း သိရသည်။

Monday, September 24, 2007

strike diary ( irrawaddy sept 24 )

1 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၄၊ ၂၀၀၇


မန္တလေးမြို့-မန္တလေးတိုင်း -
ယနေ့ နံနက် ၈နာ ရီ မှ စတင်သော ပြည်သူလူထုအပါအ၀င် သံဃာတော် အပါး သောင်းချီသည့် ဆန္ဒပြသူများသည် ယခုအချိန်ထိ ဆက်လက်ချီတက် ဆန္ဒပြနေသည် ဟုသိရသည်။
တမြို့လုံးတွင်ရှိသော ကျောင်းတိုက်မှ အချိန်နှင့်အမျှ တဖွဲဖွဲထွက်၍ ဆန္ဒပြ ချီတက်နေခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ တဦးကပြောသည်။

“အခုဘုရားကြီးလမ်း ၈၄လမ်း ၊ ၃၈လမ်း မှာ ဆက်လက် ချီတက်နေတယ်၊ ပြည်သူတွေကလည်း လိုက်လံကြည့်ရူ အားပေးနေတယ်” ဟု ၎င်းကပြောသည်။

ပိတ်စ အနီပေါ်တွင် ငွေရောင် စာတန်းနှင့် စာဝတ်နေရေး ပြေလည်ရေး၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စသည်ဖြင့် ရေးထားကြောင်း၊ မဟာမြတ်မုနိပုံတော်ကိုလည်း ရှေ့ဆုံးတွင် ကိုင်ဆောင် လာကြောင်း၊ သပိတ်မှောက်ကိုင် ထားပြီး သာသနာ့ အလံကိုင်ဆောင်ထားကြောင်းလည်း မန္တလေး မြို့ခံ မျက်မြင်တဦးက ပြောသည်။

သံဃာတော်များ၏ နောက်တွင် အဖြူအစိမ်းဝတ် ကျောင်းသားများ၊ ပင်နီအင်္ကျီ ၀တ်၍ ခမောက် ဆောင်းထားသူများလည်း လိုက်ပါလာကြောင်း သိရသည်။

အမရပူရ-မန္တလေးတိုင်း -
နေ့လယ် ၁၂ နာရီ ခွဲ မှ ၂ နာရီ အထိ တွင် မဟာဂန္ဓာရုံ ကျောင်း၊ သုမောင်ကျောင်းများမှ သံဃာတော် အပါး ထောင်ချီ ဆန္ဒပြ ချီတက်သည်ဟု သိရသည်။

ယင်းဆန္ဒပြပွဲသို့ ပင်နီအင်္ကျီဝတ်ထားသော အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၀ ဦးခန့် သံဃာတော်များ နောက်မှလိုက်၍ ချီတက်ကြပြီး ပြည်သူများက သံဃာတော်များကို ဖျော်ရည်များ၊ သောက်ရေများ ဆက်ကပ်သည်ဟု မျက်မြင် တဦးကပြောသည်။

ရွှေဘို-စစ်ကိုင်းတိုင်း -
ယနေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ သံဃာတော် အပါး ၈၀ ခန့်က မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြကြောင်း မျက်မြင် တဦးကပြောသည်။

ယင်းဆန္ဒပြသံဃာများကို မြို့လူထုက သောက်ရေနှင့် အစားအသောက်များ ကပ်လှူသည်ဟုလည်း သိရသည်။

်စစ်တွေ-ရခိုင်ပြည်နယ် -
နေ့လယ် ၂ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သံဃာတော် အပါး ၂၀၀၀၀ ခန့်က ဦးဆောင်သည့် မြို့လုံးကျွတ်ခန့် ရှိသော ပြည်သူလူထု ၁ သိန်းခန့် ငြိမ်းချမ်းစွာပါဝင် ချီတက်ဆန္ဒပြကြကြောင်း သိရသည်။

ဆန္ဒပြ သံဃာတော်များနှင့်အတူ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူတန်းစား အလွှာပေါင်းစုံ ပါဝင်သည့် ဆန္ဒပြသမားများက မေတ္တာသုတ်များရွတ်ဆိုကြကြောင်း၊ လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တောင်းဆိုကြကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ တဦးက ပြောသည်။

ယင်းဆန္ဒပြပွဲကို အာဏာပိုင်များက ဟန့်တားနှောင့်ယှက်မှု လုံးဝမရှိဟုလည်း ၎င်းကပြောသည်။

ရန်ကုန် -
ရန်ကုန်ရှိ ချီတက်ဆန္ဒပြပွဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် ၁၅၀ ခန့် ပူးပေါင်းဆန္ဒပြလျက်ရှိသည်။
၎င်း ၁၅၀ တွင် လွှတ်တော်ကိုယ်စားလှယ်များလည်းပါဝင်ပြီး အန်အယ်ဒီအလံနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဟူသည့် ဆိုင်းဘုတ်ကိုလည်း ကိုင်ဆောင်ထားသည်။

မော်လမြိုင်-မွန်ပြည်နယ် -
ယနေ့နေ့လယ် ၁ နာရီခန့်က မော်လမြိုင်မြို့ရှိ သံဃာတော် အပါး ၁၀၀၀ ခန့်သည် သာသနာ့ အလံများနှင့် သပိတ်ကိုမှောက်ပြီး ကိုင်ဆောင်၍ မေတ္တာသုတ် ရွတ်ဆိုကာ ချီတက်ဆန္ဒပြကြောင်း မျက်မြင်တဦးက ပြောသည်။

ဆန္ဒပြ လမ်းတလျှောက်ရှိ မြို့လူထုက သံဃာတော်များကို သောက်ရေသန့်ဘူးများ၊ ကွမ်းယာများ ကပ်လှူ၍ အားပေးကြကြောင်း သိရသည်။

ဗန်းမော် - ကချင်ပြည်နယ် -
ယနေ့နံနက် ၆ နာရီမှ ၈ နာရီအထိ ဗန်းမော်မြို့မှ သံဃာတော် အပါး ၂၇၀ ခန့်သည် မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြသည်ဟု ဆန္ဒပြရာတွင် ပါဝင်သော သံဃာတော် တပါးကပြောသည်။
ရှေ့ဆုံးမှ ဆန္ဒပြ သံဃာတော်များက သာသနာ့အလံနှင့် သပိတ်တလုံးကို မှောက်၍ကိုင်ဆောင်ထားသည်ဟု လည်း ၎င်းက ဆိုသည်။

အာဏာပိုင်များက တနင်္ဂနွေနေ့ကပင် လုံခြုံရေးများချထားပြီး ယနေ့တွင်လည်း ဆန္ဒပြသံဃာတော်များနောက်မှ လိုက်လံကြည့်ရှုနေသည်ဟု သိရသည်။

ပဲခူးမြို့-ပဲခူးတိုင်း -
ညနေ ၃ နာရီခွဲတွင် သံဃာအပါး ၃၀၀၀ ကျော်နှင့်အတူ ပြည်သူလူထု တသိန်းကျော်ပူပေါင်းကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြောင်း သိရသည်။

ဆန္ဒပြသမားများသည် ရွှေမော်ဓောဘုရားမှတဆင့် မြို့ပတ်ချီတက်လျက်ရှိပြီး မေတ္တာသုတ်ရွတ်ဆိုကြကြောင်း သတင်းရရှိသည်။

မိုးကုတ်-မန္တလေးတိုင်း -
မိုးကုန်မြို့တွင် သံဃာတော်များဦးဆောင်ကာ ပြည်သူလူထုတသိန်းကျော်ပါသည့် ချီတက်ဆန္ဒပြပွဲပြုလုပ်ကြောင်း သိရသည်။

မြို့လုံးကျွတ်ဆန္ဒပြခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

စစ်ကိုင်းမြို့- စစ်ကိုင်းတိုင်း -
နေ့လယ် ၁ နာရီ ခန့်တွင် စစ်ကိုင်းမြို့ရှိ ကျောင်းပေါင်းစုံနှင့် ကျောင်းတိုက်ငယ်များ ဖြစ်သည့် ဘုန်းစိုးကျောင်း၊ပေပင်ကျောင်း၊ သိတာရုံ ကျောင်းများမှ သံဃာတော် အပါး ၁၀၀၀ ကျော် ချီတက်ဆန္ဒပြသည်ဟု သိရသည်။

“ဈေးသစ်နားအရောက်မှာ လူထုတွေက အားပေးထောက်ခံကြတယ်၊ ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး တို့အရေးဆိုပြီး ပြည်သူတွေက အော်ကြတယ်”ဟု စစ်ကိုင်းမြို့မှ ဒေသခံတဦးက ပြောသည်။

ရွှေစည်းခုံဘုရား အနီးတွင် အန်အယ်လ်ဒီ အဖွဲ့မှ ဖျော်ရည်နှင့် လင်ဇီးလိမ်းဆေးများ ကပ်လှူသည် ဟုလည်း ၎င်းကဆိုသည်။

ပဲခူးမြို့ - ပဲခူးတိုင်း -
ယနေ့နေ့လယ် ၁ နာရီ တွင် ပဲခူးမြို့မှ သံဃာတော် အပါး ၄၀၀ ကျော်သည် မေတ္တာသုတ်ရွတ်ဆို၍ ဆန္ဒပြချီတက်သည်ဟု ဒေသခံများကပြောသည်။

ဆန္ဒပြချီတက်သည့် လမ်းတလျောက် လမ်းဘေး ၀ဲ၊ ယာမှလည်း ရာနှင့်ချီသော သံဃာတော်များ ဆက်လက် ချီတက် လိုက်ပါကြောင်း၊ ၃၀၀၀ ခန့်ရှိ မြို့လူထုကလည်း သံဃာတော်များ နောက်မှလိုက်ပါ ချီတက်နေကြောင်း သိရသည်။

ပခုက္ကူ-မကွေးတိုင်း -
ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် ပခုက္ကူမြို့ရှိ သံဃာတော်အပါး ၂၅၀၀ ခန့်က ဦးဆောင်ပြီး မြို့လူထု ၁ သိန်းကျော် ပါဝင် ဆန္ဒပြချီတက်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် သံဃာတော်တပါးက ပြောသည်။

ယင်းဆန္ဒပြပွဲသည် ပခုက္ကူမြို့ စာသင်တိုက်ကြီး ၄ တိုက်ရှိသံဃာတော်များက ဦးဆောင်စုစည်း၍ လူထုကို သာသနာ့ အလံများနှင့် မေတ္တာပို့မြန်မာပြန်စာရွက်များ ကြိုတင်ဝေငှထားပြီး မေတ္တာသုတ်၊ မောရသုတ်များနှင့် မေတ္တာပို့မြန်မာပြန် များကို ရွတ်ဆိုချီတက်သည်ဟု အထက်ပါ သံဃာတော်ကပြောသည်။

သံဃာတော်များက ဆန္ဒပြပွဲကို စည်းကမ်းစနစ်ကျစွာ ဦးဆောင်ပြီး မြို့လူထုက သံဃာတော်များနောက်မှ လိုက်ပါ ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြို-မကွေးတိုင်း -
ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် မကွေးတိုင်း ရေစကြိုမြို့ရှိ တိုက်ကြီးကျောင်းခေါ် အောင်မြေသာယာကျောင်းတိုက်မှ သံဃာတော်အပါး၂၅၀ ကျော်သည် မေတ္တာသုတ်၊ မောရသုတ်များရွတ်ဆို၍ ချီတက်ဆန္ဒပြ သည်ဟု သိရသည်။

“သာသနာ့ အလံ ဆယ်ခုကိုင် တယ်၊ နှစ်ပါး တတန်းစီ ချီတက်တယ်၊ ပြည်သူတွေက ရှင်လောင်း ပွဲကြည့်နေသလို အရမ်းများတယ်၊ အန်အယ်လ်ဒီ တိုင်းဥက္ကဌ လည်းပါတယ်၊ ဈေးသူဈေးသားတွေလည်း ပါတယ်၊ ပြည်သူတွေက ရေကပ်လှူတယ်၊ ထိုင်ရှိခိုးကြတယ်” ဟု ရေစကြို ဒေသခံတဦးက ပြောသည်။

ယမန်နေ့ည ၈နာရီ ခန့်ကလည်း ရွေတန်းဇာ ဘုရားပေါ်တွင် လူ ၅၀ ကျော် ပါဝင်သည့် ၀တ်အဖွဲ့ နှင့် ဂေါပက ဥက္ကဌတို့က မေတ္တာသုတ်ရွတ် ကြသည်ဟုလည်း ၎င်းက ပြောသည်။

မုံရွာမြို့-စစ်ကိုင်းတိုင်း -
ယနေ့ နံနက် ၁၁း ၃၀ နာရီ ခန့်က မုံရွာမြို့ရှိ သံဃာတော် အပါး ၃၅၀ ကျော်သည် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြောင်း မျက်မြင် တဦးကပြောသည်။

ထို့အပြင် မုံရွာမြို့ ပြည်ထောင်စု လမ်းမတွင် ဆန္ဒပြ သံဃာများနှင့် လိုက်ပါပူးပေါင်း ဆန္ဒပြရန်အတွက် ရာနှင့်ချီသည့် သံဃာတော်များကလည်း စောင့်ဆိုင်းလျှက်ရှိသည်ဟု ၎င်းကဆိုသည်။

ဆန္ဒပြ သံဃာတော်များသည် မုံရွာမြို့ကို ပတ်၍ ချီတက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် -
သံဃာတော်များ အန်အယ်လ်ဒီ ရုံးရှေ့တွင် ပရိတ်ရွတ်အပြီး ရုံးအတွင်း၌ အစည်းအဝေးလုပ်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်လူငယ်များထွက်လာကာ ချီတက်ဆန္ဒပြပွဲကို ပူးပေါင်းသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက ဧရာဝတီကို ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာပြီ။ အန်အယ်လ်ဒီ အလံထောင်ပြီး လိုက်လျှောက်တာ။ အခုဗားကရာထိပ်ကို ရောက်နေပြီ လှည်းတန်းကိုသွားနေတာ” ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။
ဆန္ဒပြစစ်ကြောင်းသည် ကြည့်မြင်တိုင် ဘားကရာထိပ်မှ မြေနီကုန်းလမ်းစုံအထိ ရှည်လျှားကြောင်း သိရသည်။

ရန်ကုန် -
နေ့လယ် ၁၂ နာရီကျော်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစတင်၍ သံဃာတော်အပါး ၁၀၀၀ ကျော်က ဦးဆောင်ကာ ပြည်သူများနှင့်အတူ ဆန္ဒပြချီတက်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

အန်အယ်လ်ဒီရုံးရှေ့သို့အရောက် သံဃာတော်များ ခေတ္တရပ်နားပြီးပရိတ်ရွတ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် သွားလာနေ သည့် ကားများပေါ်မှ ပြည်သူများဆင်းလာကာ ဆန္ဒပြစစ်ကြောင်းတွင် ပူးပေါင်းကြောင်းလည်း သူက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတွင် သံဃာတော်များအပါအ၀င် စုစုပေါင်းအင်အား တသောင်းကျော်ရှိကြောင်း သိရသည်။ ကဗျာဆရာ အောင်ဝေးဦးဆောင်သည့် စာပေသမားအများအပြားလည်း ပူးပေါင်းဆန္ဒပြကြောင်း သတင်းရရှိသည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူအား ဆူးလေဘုရားအနီးတွင် အာဏာပိုင်က ဖမ်းဆီးလိုက်သည်ဟူသည့် သတင်းများလည်း ထွက်နေသည်။

နတ်တလင်း-ပဲခူးတိုင်း (အနောက်ခြမ်း) -
နံနက် ၅ နာရီမှ ၆ နာရီအထိ သံဃာအပါး ၅၀ ကျော် မေတ္တာသုတ်ရွတ်ကာ နတ်တလင်းမြို့ကိုပတ်၍ ချီတက်ဆန္ဒပြသည်ဟု ဒေသခံတဦးက ပြောသည်။

“မနက်အစောကြီးဆိုတော့ အာဏာပိုင်တွေ ချက်ချင်းမသိလိုက်ဘူး။ သိတဲ့အခါကျမှ ဘုန်းကြီးတွေ ဆွမ်းငတ်ချင်ပြီ ထင်တယ်လို့ ကြိမ်းနေတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန် -
ယနေ့နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ယုဇန ပလာဇာရှေ့မှ စတင်၍ သံဃာတော် အပါး ၄၀၀ ခန့် ဆန္ဒပြ ချီတက်ကြောင်း သိရသည်။

အဆိုပါ သံဃာတော်များသည် မူရင်းသီတင်းသုံးရာမှ ကားများစီးလာ၍ ယုဇနပလာဇာ ရှေ့တွင်စုပြီး ရွှေတိဂုံ ဘုရားသို့ ထွက်ခွာသွားသည်ဟု ရန်ကုန်မြို့က သံဃာတော်တပါးက ပြောသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လူရွှင်တော် ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ ကဗျာဆရာ အောင်ဝေး အစရှိသည့် စာပေ၊ ရုရှင်၊ ဂီတ၊ မော်ဒယ်လ် အနုပညာရှင်များက သံဃာတော်များကိုနေ့ဆွမ်းကပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆရာဝန်များနှင့် သူနာပြုများကလည်း ရွှေတိဂုံဘုရားသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး မည်ဖြစ်ပြီး အစိုးရဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများလည်း ပိတ်ထားသည်ဟု ရန်ကုန်မြို့ကလာသော သတင်းများအရ သိရသည်။

အဆိုပါသံဃာတော်များသည် နေ့လယ် ၁ နာရီမှ စတင်၍ ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း၊ လူတန်းစား အလွှာအသီးသီး ပါဝင်သော ချီတက်ဆန္ဒပြပွဲကို သံဃာတော်များက ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ရန်ကုန်မြို့တွင်း၌ စစ်ကားများကို တွေ့မြင်ရသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။

မန္တလေးမြို့ - မန္တလေးတိုင်း -
ယနေ့နံနက် ၈နာရီ မှစပြီး ၀ိသုဓ္ဒါရုံ၊ မစိုးရိမ်ကျောင်းတိုက်သစ်နှင့် ကျောင်းတိုက်ဟောင်း၊ မြတောင်ကျောင်း၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တို့မှ သံဃာတော်အပါးတသောင်းကျော် ချီတက်ဆန္ဒပြကြောင်း ၀ိသုဒ္ဓါရုံ ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးက ဧရာဝတီကိုပြောသည်။

“သံဃာတွေကအရမ်းကို စိတ်ဓာတ်တက်ကြွနေကြတယ်။ ၈ နာရီ မထိုးခင်ကတည်းက သပိတ်မှောက်ဖို့ စိတ်စောနေ ကြတယ်”ဟု အဆိုပါဦးပဉ္ဇင်းက ပြောသည်။

မန္တလေးမြို့ဘုန်းတော်ကြီးကျောင်းစုံရှိ သံဃာတော်များ ဆန္ဒပြပွဲတွင်ပါဝင်ကြောင်းသိရသည်။ ၀ိသုဓ္ဒါရုံကျောင်းမှ သံဃာ အပါး ၇၀၀ ကျော်၊ မြတောင်ကျောင်းမှ ၁၀၀၀ ကျော်၊ မစိုးရိမ်တိုက်သစ်နှင့် တိုက်ဟောင်းမှ ၁၀၀၀ ကျော်၊ ဘုရားကြီး ကျောင်းတိုက်မှ ၁၀၀၀ ကျော် စုစုပေါင်း တသောင်းကျော် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။

“မဟာမြတ်မုနိပုံတော်ကိုင်တယ်၊ သပိတ် ၂ လုံးမှောက်ပြီးပိုက်တယ်၊ တကျောင်းကို သာသနာ့အလံ တခု၊ သုံးပါးတတွဲ လျောက်တယ်။ မေတ္တာသုတ်ရွတ်မယ်၊ အရင်ရက်တွေက ပြည်သူတွေကိုလိုက်ခွင့် မပေးခဲ့ပေမယ့် ဒီနေ့တော့ ဒကာ၊ ဒကာမတွေကို ငြိမ်းငြိမ်းချမ်းချမ်း လိုက်ခွင့်ပေးတယ်။ တမြို့လုံးပတ်ကြလိမ့်မယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။