Friday, September 14, 2007

two monk strikers free

ဘန်ကောက်တွင် ဆန္ဒပြ သံဃာ (၂) ပါးကို ဒဏ်ငွေချမှတ်
ကျော်ထင်(ထိုင်း) / ၁၄ စက်တင်ဘာ ၂၀၀၇

ပခုက္ကူမြို့တွင် ဆန္ဒပြသံဃာတော်များကို အကြမ်းဖက်မှုအား ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ နအဖသံရုံးရှေ့တွင် ဆန္ဒပြသဖြင့် စက်တင်ဘာ(၁၂) ၌ ဖမ်းဆီး
ခံရသည့် သံဃာ(၂) ပါးအား ထိုင်းတရားရုံးမှ ဒဏ်ငွေဆောင်ရန်အမိန့်ချလိုက်ြပီး လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ဦးပဉ္စင်း ဦးသုဝရနှင့် ဦးဝါရိန္ဒကာရတို့အား ထိုင်းနိုင်ငံတွင်း တရားမ၀င် ၀င်ရောက်သည့် ပုဒ်မအရ ပထုန်ဌာနီခရိုင်တရားရုံးက တပါးလျှင် ဘတ်ငွေ (၆,၀၀၀) စီ ဒဏ်ငွေချလိုက်ကြောင်း သံဃာ
တော်များ လွတ်မြောက်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသည့် ဘန်ကောက်အခြေစိုက်
ရခိုင်ဝံသာနုစာပီအသင်းမှ ကိုသန်းဝေအောင်က ပြောသည်။

၎င်းက “ဒဏ်ငွေဆောင်နိုင်ဖို့ ငွေကြေးရှာဖွေပေးခဲ့ပါတယ်။ ဒီနေ့ တရားရုံးမှာ ဒဏ်ငွေဆောင်ပြီးတဲ့ လက်မှတ်ယူပြီး ဦးဇင်းတွေကိုဖမ်းထားတဲ့ ပထုန်ဌာနီခရိုင်က ရှန်ကန်င်ခန် အကျဉ်းထာင်မှာ သွား ပေးပြီးပါပြီ။ သူတို့ စအဖမ်းခံရတဲ့ ယန်န၀ါရဲစခန်းက လာခေါ်ဖို့ကို စောင့်နေတယ်လို့ ထောင်အာဏာ ပိုင်တွေကပြောပါတယ်” ဟု ဦးပဉ္စင်းများနှင့် တွေ့ခဲ့သူ ကိုသန်းဝေအောင်က ပြောသည်။

ဦးပဉ္စင်းများက ၎င်းတို့သည် အမှန်တရားအတွက် လုပ်ဆောင်ခြင်းဖြစ်ပြီး ဒီမိုကရေစီရေး အောင်မြင် ရန်အတွက် ကျန်သည့်သံဃာထုသာမက လူထုတရပ်လုံးပါ အင်တိုက်အားတိုက်ပါဝင်လာစေရန် ရည်ရွယ်၍ ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဖမ်းဆီးခံ ဦးပဉ္စင်း (၂) ပါးသည် မြန်မာပြည်လွတ်မြောက်ရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး၊ မတရား ဖမ်းဆီးခံရသည့် သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ရေးတောင်းဆိုချက်များကို အင်္ဂလိပ်ဘာသာဖြင့်ရေးထားသည့် ပိုစတာများ ကိုင်ဆောင်ဆန္ဒပြစဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်။

၂၀၀၀ ခု ဒီဇင်ဘာတွင်လည်း ထိုင်းနိုင်ငံ ဘန်ကောက်၌် တရားမ၀င် ၀င်ရောက်မှုဖြင့် ဖမ်းဆီးခံရ သော ရခိုင်ဝံသာနုစာပီအသင်းဥက္ကဋ္ဌ ခိုင်ကောင်းစံအား လူဝင်မှုကြီးကြပ်ရေးဥပဒေအရ မြန်မာနိုင်ငံ သို့ ပြန်လည်ပို့ဆောင်ခဲ့ရာ အာဏာပိုင်များက ဖမ်းဆီးပြီး ထောင်ဒဏ် (၁၀) နှစ်ချမှတ်ခဲ့သည်။ ။

( http://www.khitpyaing.org/news/september_2007/14-9-07d.php ကနေ ယူတယ်။)


No comments: