Thursday, September 27, 2007

strike diary ( irrawaddy sept 27 )

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၇၊ ၂၀၀၇


ကျိုက္ကဆံကွင်း (မြင်းကွင်း) အနီး-ရန်ကုန် -
ဗကသများအဖွဲ့ချုပ်၏ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ဦးဆောင်ကာ သင်္ကန်းကျွန်းဘက်သို့ ချီတက်လာသည့် ဆန္ဒပြစစ်ကြောင်းသည် အရှေ့မြင်းပြိုင်ကွင်းလမ်းမှ လေးထောင့် ကန်လမ်းသို့ ချိုးကွေ့အပြီး အမျိုးသားစာကြည့်တိုက်ရှေ့သို့ရောက်သောအခါ စစ်သားများက ဆန္ဒပြစစ်ကြောင်းကို ထိပ်ဆုံးနှင့်နောက်ပိုင်း ၂ ဘက်ညှပ်ကာ ပစ်ခတ်နှိမ်နင်းကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူများက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတပ်ဦးကို အမျိုးသားစာကြည့်တိုက်ရှေ့တွင် အသင့်စောင့်နေသည့် လုံထိန်းနှင့် စစ်သားများက ပစ်ခတ် သည်ဟု တပ်ဦးရှိ ဆန္ဒပြသမားတဦးကပြောပြီး တောင်မြင်းပြိုင်ကွင်းလမ်းမှ ထွက်လာသည့် စစ်ကား ၅ စီးပေါ်မှ စစ်ကြောင်း နောက်ပိုင်းကို ပစ်ခတ်ခြင်းဖြစ်သည်ဟု ၎င်းလမ်းထောင့်ရှိ အထက (၃) တာမွေ အထက်တန်းကျောင်းမှ ဆရာမတဦးက ပြောသည်။

အထက (၃) တာမွေရှေ့ရှိ ဆန္ဒပြသမားများအနက် ၃ ဦးသေနတ်မှန်ကာလဲကျသွားသည်ကို တွေမြင်ရကြောင်း အဆိုပါ ဆရာမက ပြောသည်။ အကြမ်းဖက်ဖြိုခွဲချိန်သည် နေ့လယ် ၂ နာရီခွဲခန့် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒပြစစ်ကြောင်းကိုပူးပေါင်းရန် သင်္ကန်းကျွန်းဘက်မှ သံဃာအင်အား ၃၀၀ နှင့် ပြည်သူလူထု ၃ သောင်းကျော် ချီတက်လာရာ လေးထောင့်ကန်လမ်းမပေါ်တွင် စစ်သားနှင့် လုံထိန်းများက နံပါတ်တုတ်များဖြင့်ဝင်ရိုက်ကာ ဖြိုခွဲခဲ့သည် ဟုလည်း ၎င်းဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူတဦးက ပြောသည်။

နေ့လယ် ၁၂ နာရီကျော်က ဆူးလေရှိဆန္ဒပြပွဲကို အကြမ်းဖက်ပစ်ခတ်စဉ်က သေနတ်မှန်သေဆုံးခဲ့သည့် နိုင်ငံခြားသားမှာ ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်ဖြစ်သည်ဟု နိုင်ငံခြားတသင်းဌာနတချို့က အတည်ပြု ပြောဆိုသည်။

ရန်ကုန် -
ယမန်နေ့ညက ခြောက်ထပ်ကြီးသိပ္ပံကျောင်းရှိ ကျောင်းထိုင်ဆရာတော်အပါအ၀င် သံဃာအားလုံးကို အာဏာပိုင် များက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် ကျောင်းတံခါးကိုလည်း ပိတ်ထားလိုက်သည်ဟု ဒေသခံ တဦးကပြောသည်။ သိပ္ပံကျောင်းတွင် သံဃာ အပါး ၂၀-၃၀ ခန့်ရှိသည်ဟု ဆိုသည်။

အလားတူ ခြောက်ထပ်ကြီး သာသနာ့ ဂုဏ်ရည်ကျောင်းမှ ဆရာတော်နှင့် သံဃာများကိုလည်း ဖမ်းဆီးပြီး ကျောင်းတံခါးကို ပိတ်ထားကြောင်း သိရသည်။

အမရပူရမြို့- မန္တလေးတိုင်း -
နေ့လယ် ၁၂နာရ်ီခွဲခန့်တွင် မဟာဂန္ဓာရုံကျောင်းတိုက် မှ သံဃာ အပါး ထောင်ကျော် ချီတက် ဆန္ဒပြသည် ဟုသိရသည်။

“ကျောင်းအရှေ့ဘက် မုခ်မှာ တပ်တွေ၊ လုံထိန်းတွေ၊ သံဆူးကြိုး အလိပ်လိုက် ချထားတယ်၊ အနီရောင် ကြယ်ပွင့်နဲ့ ဒိုင်းတွေ ကိုင်ထားတဲ့ လူတွေရှိတယ်၊ သံဃာတော်တွေက အနောက်ဘက် မုခ်ကနေ တောင်သမန် ကန်ပတ်လမ်းအတိုင်း ချီတက်သွားကြတယ်” ဟု မျက်မြင်တဦးကပြောသည်။

ယင်းဆန္ဒပြသံဃာတော်များချီတက်ရာသို့ တောင်သမန် ကန်ပတ်လည်ရှိ ကျောင်းတိုက်များမှ သံဃာများ လည်း ပူးပေါင်းချီတက်ကြောင်း၊ စစ်တပ်က ချီတက်ရာသို့ နောက်မှ တောက်လျှောက် လိုက်နေသည့် အတွက် တ နာရီခန့်သာ ချီတက်ပြီး သံဃာများ ကျောင်းသို့ ပြန်ကြွသွားကြောင်းလည်း ၎င်းက ပြောသည်။

ယမန်နေ့ကလည်း ကျောင်းတိုက်များရှေ့တွင် အလားတူပိတ်ဆို့ထားသည့် အတွက် သံဃာတော်များမှာ ကျောင်းပေါက်ဝ ၌ပင် မေတ္တာသုတ်ရွတ်ဆိုခဲ့ရသည် ဟုသိရသည်။

ကသာမြို့- စစ်ကိုင်းတိုင်း -
နေ့လယ် တနာရီ ၁၅မိနစ်မှ ၁နာရီ ၄၅မိနစ် အထိ မဟာလေးထပ်ကျောင်းရှိ သံဃာတော် အပါး ၅၀ ခန့် ဒုတိယအကြိမ် ဆန္ဒပြ လမ်းလျှောက်သည် ဟုသိရသည်။

“ကျောင်းအပြင်ဘက်မှာ အာဏာပိုင်တွေကရှိနေတော့ လူတွေဒုက္ခမရောက်အောင်လို့ ကျောင်းဝင်းထဲမှာရှိတဲ့ တာသတိံသာ မဟာအဘယ စေတီတော်မှာပဲ ၉ကြိမ် ပတ် မေတ္တာသုတ်ရွတ်ခဲ့ကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယမန်နေ့ကလည်း ၎င်းသံဃာတော်များ မြို့အနှံ့ ဆန္ဒပြချီတက်ရာ ပြည်သူ ၁၅၀၀ ခန့် သံဃာတော်များနှင့် အတူ လိုက်ပါလာသည် ဟုလည်းသိရသည်။

ထရိတ်ဒါးဟိုတယ်-ရန်ကုန် -
မွန်းလွဲ ၃ နာရီကျော်က ဆူးလေဘုရားလမ်းရှိ ထရိတ်ဒါးဟိုတယ်ကို စစ်သားများ ၀င်ရောက်ကာ တထပ်ချင်းစီရှိ နိုင်ငံခြားသားများအပါအ၀င် တည်းခိုနေသူများကို စစ်ဆေးကြောင်း သတင်းရရှိသည်။

ရန်ကုန် -
ဆူးလေဘုရားအနီး အကြမ်းဖက်ဖြိုခွဲခံခဲ့ရသည့် ဆန္ဒပြသမားများကို ကျောင်းသားငယ်များကဦးဆောင်ကာ ဆက်လက်ချီတက်နေသည်ဟု ဆန္ဒပြသမားတဦးက ဧရာဝတီကိုပြောသည်။

“တပ်ဦးက ခွပ်ဒေါင်းအလံထောင်ထားပြီး ကျောင်းသား လူငယ်အများစုက ဦးဆောင်ပြီးချီတက်နေတယ်။ ကြွေးကြော်သံ တွေက ဖမ်းဆီးသံဃာ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ... ဒါမျိုးတွေပေါ့။ လူကတော့ ပြောရရင် သိန်းချီမယ်၊ လူတန်းက အခုအ၀ိုင်းထိပ် (တာမွေလမ်းဆုံ) ကို တပ်ဦးကရောက်နေပြီ၊ နောက်ကိုလှည့်ကြည့်တော့ လူတန်းက မျက်စိတဆုံးမှာ မဆုံးသေးဘူး” ဟုလည်း ဆန္ဒပြသမားက ပြောသည်။

ဆူးလေဆန္ဒပြပွဲတွင် ကျောင်းသားလူငယ် ၁၀၀ ကျော် အဖမ်းခံရကြောင်း သိရသည်။

ဆန္ဒပြစစ်ကြောင်းသည် ဆူးလေအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် ပုဇွန်တောင်၊ ၎င်းမှတဆင့် အမဲဈေး၊ ကျောက်မြောင်း၊ တာမွေလမ်းဆုံတို့ကို အဆင့်ဆင့်ဖြတ်ကာ သင်္ကန်းကျွန်းဘက်သို့ ဦးတည်လျက်ရှိသည်။ တာမွေလမ်းဆုံသို့ မွန်းလွဲ ၃ နာရီကျော်တွင် ရောက်ရှိသည်။

စစ်အစိုးရက ရန်ကုန်မြို့ မြို့နယ်ရပ်ကွက်အသီးသီးရှိ ရယက ရုံးတရုံးလျှင် တီရှပ်နှင့် လုံချည် အထည် ၅၀ စီ ပေးရန် အမိန့်ထုတ်ထားသောကြောင့် ယမန်နေ့ညကစ၍ ဖမ်းဆီးခဲ့သည့်သံဃာတော်များအား လူဝတ်လဲရန် ပြင်ဆင်နေသည် ဟုလည်း သုံးသပ်ပြောဆိုနေကြသည်။

မန္တလေးမြို့- မန္တလေးတိုင်း -
နေ့လယ် ၁နာရီ ခန့်တွင် ဘုရားကြီးရှိ ကျောင်းတိုက်များ၊ ဒမိကာရာမ ကျောင်းတိုက်၊ အာသောကာရာမ ကျောင်းတိုက်များမှ သံဃာတော် ၁၀၀၀၀ ခန့် ချီတက် ဆန္ဒပြနေကြောင်းသိရသည်။

“နာရီဝက်လောက် တုံးခေါက်တယ်၊ လက်ခတ်မောင်းတီးတယ်၊ ဘုရားကြီအရှေ့မုခ်မှာ လုံထိန်းတွေ စစ်တပ်တွေ သံဆူးကြိုး အထပ်ထပ်နဲ့ ပိတ်ထားလို့ အနှောက်ဘက်မုခ်ကနေ စထွက်တယ်၊ သံဃာ တွေ ထွက်သွားတာနဲ့ သောင်းနဲ့ချီတဲ့ ပရိတ်သတ်တွေ လက်ခုတ်သံကို ကြားနေရတယ်” ဟု ဘုရားကြီး ကျောင်း တိုက်ရှိ ဦးပဉ္ဖင်းတပါး ကပြောသည်။

လူထူထပ်ရာ ဖြစ်သည့် ဈေးချိုဘက်သို့သွားရာ လမ်းမများ၊ ဦးပွားဘုရား၊ မန်းမြို့ဈေးဘက်များ တွင် စစ်တပ်နှင့် လုံထိန်းများက လမ်းများကို သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားသည် ဟုလည်း သိရသည်။

ဆူးလေဘုရား-ရန်ကုန် -
နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဆူးလေဘုရားအနီးရှိ ဆန္ဒပြပွဲကို စစ်သားများနှင့် လုံထိန်းများက သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းနေစဉ် တီရှပ်အပြာရောင်ဝတ် နိုင်ငံခြားသားတဦးကို သေနတ်မှန်ကာ လဲကြသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

အဆိုပါနိုင်ငံခြားသားသည် သတင်းထောက်ဖြစ်နိုင်ပြီး ၎င်းအား စစ်သားများကဆွဲသွားသည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အာဏာပိုင်ဘက်က သေနတ်ဖြင့်ပစ်သည့်အပြင် မျက်ရည်ယိုဗုံးများလည်းသုံးကြောင်း ဆန္ဒပြသမား ၁၀ ဦးခန့် သေနတ်ထိမှန်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန် -
ယနေ့ နံနက် ၉ နာရီခန့်တွင် တောင်ဥက္ကလာပ မြို့နယ် ကျက္ကဆံ ဘုရားအနီးတွင် လုံထိန်းများနှင့် ပြည်သူများ အကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လုံထိန်းများက သေနတ်ဖောက်၍ အနည်းဆုံး မျက်ရည်ယိုဗုံး ၅ လုံးခန့် ပစ်ခွဲခဲ့သည်ဟု ဘုရားဖူး လာသူ မျက်မြင်တဦးကပြောသည်။

စစ်သား ၆၀၀ ခန့်နှင့် ရဲ ၁၀၀ ခန့်က စောင့်ကြပ်နေပြီး ဘုရားဖူးလာသူများကို စစ်တပ်နှင့် ရဲက ဘုရားပရ၀ဏ် အတွင်းမှ အပြင်သို့ထွက်ရန် အမိန့်ပေးနှင်ထုတ်နေကြောင်း သိရသည်။

လုံထိန်းများက လူ ၄ ဦးခန့်ကို ရိုက်နှက် ဖမ်းဆီးခဲ့ပြီး လတ်တလောတွင် လမ်းများကို လုံထိန်းများက ပိတ်ဆို့ထား သည်ဟုလည်း သိရသည်။

အဆိုပါ စစ်သားများမှာ တပ်မ ၇၇ မှဖြစ်ကြောင်း၊ လူအများက သံဃာတော်များ ကို အကြမ်းဖက် သတ်ဖြတ်ခြင်း အပေါ် မကျေမနပ်ဖြစ်နေသောကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဆက်လက်ဖြစ်နေကြောင်း၊ ယခု ဖြစ်ပွားမှုတွင် သံဃာတော်များ လုံးဝ ပါဝင်ဘဲ ပြည်သူလူထုနှင့် အာဏာပိုင်များအကြား ဖြစ်ပွားခြင်း ဖြစ်ကြောင်းလည်း မျက်မြင် သက်သေကပြောသည်။

လတ်တလောအခြေအနေမှာ ရန်ကင်းမြို့နယ်ရှိ မိုးကောင်း ကျောင်းတိုက်တွင်လည်း စစ်သားများက လုံခြုံရေး ယူထားသည်ဟု သိရသည်။

အာဏာပိုင်များက အန်အယ်လ်ဒီ ပါတီမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်သိန်း၊ အန်အယ်လ်ဒီ ပါတီ ဧရာဝတီ တိုင်းစည်းရုံးရေးမှူး ဦးလှဖေ၊ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဦးကျင့်ရှင်းထန် တို့ကို ယမန်နေ့ညတွင် ဖမ်းဆီးခဲ့သည်။

ရန်ကုန် -
နေ့လယ်တနာရီခန့်တွင် ငွေကြာရံ ပရိယတ္တိစာသင်တိုက်အနီး သစ္စာလမ်းမကြီးနှင့် ဗဟိုလမ်းအနီး ကြံ့ဖွံ့များကိုရှေ့တွင်ထားကာ စစ်တပ်ကနောက်မှရံ၍ လုံခြုံရေးယူထားသည်။

ပြည်သူလူထုက ၎င်းတို့အားကျောက်ခဲနှင့်ပစ်သဖြင့် စစ်တပ်က မျက်ရည်ယိုဗုံးဖြင့်ပြန်လည်ပစ်ခတ်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

ယမန်နေ့ည ငွေကြာရံကျောင်းတိုက်ကို ၀င်ရောက်စီးနင်းစဉ်က ထွက်ပြေးလွတ်မြောက်သွားသည့် သံဃာအပါး ၁၀၀ ခန့်လည်း အဆိုပါပြည်သူများနှင့် အတူရှိနေကြောင်း သိရသည်။

ငွေကြာရံကျောင်းတိုက်ကို အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဦးစန္တိမာ ဘွဲ့အမည်ရှိ သံဃာတပါး ပျံလွန်တော် မူသည်ဟူသော သတင်းများလည်း ထွက်နေသည်။

ရန်ကင်းမြို့နယ်ရှိ မိုးကောင်းကျောင်းတိုက်ကိုလည်း အာဏာပိုင်ကစီးနင်းဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော် အပါအ၀င် သံဃာအားလုံးကိုဖမ်းဆီးသွားသည်ဟု ရန်ကင်းတွင်နေထိုင်သူတဦးက ဧရာဝတီကိုပြောသည်။

နေ့လယ်တနာရီခန့်က ဆူးလေဘုရားအနီးတွင် ချီတက်ဆန္ဒပြနေသူများကို လုံထိန်းနှင့် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရမှုများကို စုံစမ်း၍မရသေးပေ။

ကျောက်ပန်းတောင်းမြို့နယ် နှင့် ညောင်ဦးမြို့နယ် - မန္တလေးတိုင်း -
ယနေ့နံနက်ပိုင်း ၃နာရီ ခန့်တွင် ကျောက်ပန်းတောင်း မြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များ ဖြစ်သည့် ဦးကျော်စိန်လှိုင်၊ ဦးမြစိုး၊ ဦးပေါ်အေး၊ ကိုသန်းလွင်၊ ကိုဝင်းရွှေ၊ ကိုရဲထွန်း တို့ ၆ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်း ဒေသခံတဦးကပြောသည်။ ယခုဖမ်းဆီးထားသူများကို မြင်းခြံထောင်သို့ ပိုလိုက်သည် ဟုလည်းသိရသည်။

အလားတူ ညောင်ဦးမြို့တွင်လည်း အန်အယ်ဒီပါတီဝင်များ ဖြစ်သည့် ဒု ဥက္ကဌ ဦးကိုလှ၊ အတွင်းရေးမှူး ဦးအေးကို၊ အန်အယ်လ်ဒီ လူမှု အထောက်အကူအဖွဲ့က ဦးမျိုးသန်း တို့ ၃ဦးကို ယမန့်နေ့ည ၁၂နာရီ ခွဲတွင် ညောင်ဦးရဲ စခန်းမှ လာရောက် ဖမ်းဆီသွားသည်ဟု ဒေသခံတဦးကပြောသည်။

မြင်းခြံမြို့-မကွေးတိုင်း -
ယမန်နေ့က ၁၂း ၃၀ နာရီခန့်တွင် မြင်းခြံမြို့ရှိ သံဃာတော် အပါး ၃၀၀၀ ခန့်နှင့် ပြည်သူလူထု ၁၀၀၀၀ ခန့် ပါဝင်ပြီး ချီတက်ဆန္ဒပြသည်ဟု မြင်းခြံ ကိုးဆောင်တိုက်မှ ဆရာတော်တပါးက ပြောသည်။

ယင်း ဆန္ဒပြအဖွဲ့သည် နေ့လယ် ၂ နာရီခန့်တွင် အေးချမ်းစွာရုတ်သိမ်း လိုက်သည်ဟု သိရသည်။
ယမန်နေ့က ရန်ကုန်မြို့တွင် အာဏာပိုင်များက စစ်တပ်၊ ရဲ၊ လုံထိန်းများကို သုံး၍ ဆန္ဒပြ သံဃာတော်များအား ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွဲခြင်းအပေါ် သံဃာတော်များကို ထပ်မံစော်ကားခြင်းဖြစ်သည်ဟုလည်း ဆရာတော်က ပြောဆိုသည်။

“အခု အဖြစ်အပျက်ကတော့ ဒီလိုလုပ်တာတော့ မကောင်းဘူးပေါ့၊ နိုင်ငံအ၀န်းဖြစ်တာက အစက ပခုက္ကူက ဖြစ်တာ ၀န်ချတောင်းပန်လိုက်ရင်အေးသွားမှာ၊ အဲဒီက စတဲ့ မီးပါပဲ၊ အခုလည်း တခါ စော်ကားပြန်ပြီ ဆိုတော့ လူကြားလို့လည်း မကောင်း ၊ မြင်ရသူလည်း မကောင်း ၊ ကြားရသူလည်း မကောင်းပါဘူး”ဟု ကိုးဆောင်တိုက် ဆရာတော်က မိန့်ကြားသည်။

ရန်ကုန် -
ယမန်နေ့ည ၁၂ နာရီခွဲတွင် လက်နက်ကိုင်စစ်သား ၂၀၀ ကျော်နှင့် တုတ်များကိုင်ဆောင်ထားသည့် ကြံ့ဖွံ့များ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းကာ ကျောင်းထိုင်ဆရာတော် ဦးဟိန္ဒက၊ ဦးဣနြ္ဒိယ၊ ဦးနန္ဒိယ၊ ဦးမေသုတို့အပါအ၀င် ကိုအောင်သန်း၊ ကိုဘိုထွန်း၊ ကိုအောင်ဇော်ဝင်းနှင့် ကိုသန်းထိုက်အောင်တို့အား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ကျောင်းပေါ်တက်တော့ ဖိနပ်တွေလဲမချွပ်ဘူး။ ကိုရင်တွေကို ခြေထောက်နဲ့ကန်နှိုးပြီး ဦးပဉ္ဇင်းတွေဘယ်မှာ အိပ်လဲ မေးတယ်။ စစ်မြေပြင်ကို အချိန်ကိုက် ၀င်စီးသလိုပဲ။ ဆရာတော်ကိုလဲရိုက်ပြီးအပြင်ထုတ် ခေါင်းကိုလဲ သင်္ကန်း အုပ်ခိုင်းထားတယ်” ဟု အခြေအနေအစအဆုံးကို ကြုံတွေ့ခဲ့သူ ကိုအိုးဝေက ဧရာဝတီကိုပြောသည်။

ကိုအိုးဝေသည် အန်အယ်လ်ဒီပါတီဝင်တဦးဖြစ်ပြီး လွန်ခဲ့သည့်လ ၂၈ ရက်နေ့ လမ်းလျှောက်ဆန္ဒပြပွဲ၌ အာဏာပိုင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ခြေထောက်တဘက်ကျိုးသွားသူ ဖြစ်သည်။

စစ်သားများက မဂ္ဂင်ကျောင်းတိုက်အတွင်းမှပြန်ထွက်ချိန်တွင် ကျောင်းတံခါးသော့ကို ရိုက်ဖွင့်သွားသည်ဟုလည်း ကိုအိုးဝေက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံ ပရိယတ္တိစာသင်တိုက်ကိုလည်း ယမန်နေ့ ၁၂ နာရီကျော်တွင် စစ်သားနှင့် လုံထိန်းများက သေနတ်ဖောက်၊ မျက်ရည်ယိုဗုံးသုံးကာ ၀င်ရောက်စီးနင်းပြီး သံဃာအပါး ၂၀၀ ကျော်ကို ရိုက်နှက် ဖမ်းဆီးကြောင်း သိရသည်။

ငွေကြာရံကျောင်းတိုက်အနီးတွင် နေထိုင်သည့် ကျောင်သူတဦးက “ညက သေနတ်သံတွေကြားရတယ်။ ဘုန်းဘုန်းတွေရဲ့ အော်သံတွေလည်း ကြားရတယ်။ မနက်ဘက်သွားကြည့်တော့ ဘုန်းကြီးကျောင်း တကျောင်းလုံးကို ဖျက်ဆီးထားတယ်။ သွေးကွက်တွေလည်း အများကြီးတွေ့တယ်” ဟု ဧရာဝတီကို ပြောသည်။

ငွေကြာရံကျောင်း၌ အဖမ်းခံရသည့်သံဃာများတွင် တောင်ဥက္ကလာပ သံဃမဟာနာယက ဥက္ကဌဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။စစ်သားများနှင့် လုံထိန်းများသည် ငွေကြာရံကျောင်းတိုက်ရှိ သံဃာများ၏ ငွေကြေး၊ ရေဒီယိုများကို ယူဆောင်သွားကြောင်း သိရသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
နေ့လယ် ၁၁ နာရီခန့်တွင် နန်းရှေ့ဘက်ရှိ သာသနာ့ တက္ကသိုလ်မှ သံဃာတော် အပါး ၁၀၀ ကျော် စတင် ဆန္ဒပြချီတက်နေသည်ဟု သိရသည်။

“ဒီနေ့ထူးခြားတာပေါ့နော်၊ သာသနာ့ တက္ကသိုလ်က ထွက်တာလေ၊ ကုသိုလ်တော် ဘုရားဘက်ကိုချီတက် သွားကြပါတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ဘုရားကြီးကျောင်းတိုက်ရှေ့တွင်လည်း ရဲများအပြည့်ဝန်းရံထားပြီး မြတောင်ကျောင်း၊ မစိုးရိမ်ကျောင်းတိုက်များ အနီးတ၀ိုက်တွင် လက်နက်အပြည့်အစုံနှင့် စစ်ကားများ မီးသတ်ကားများကို အဆင်သင့် ပြင်ထားသည်ဟု ၎င်းကဆိုသည်။

“ဒက္ခိဏရာမ ကျောင်းတိုက်ရှေ့မှာ စာကပ်ထားတယ်၊ စာထဲမှာ စစ်သားဆိုတာ ပြည်သူတွေထဲက ပြည်သူတွေပါ၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အကြမ်းဖက် နှိမ်နင်းရင် ပြည်သူ မဟုတ်ဘဲ စစ်ဘီလူးသာ ဖြစ်မည်လို့ ရေးထားပါတယ်"ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ယမန်နေ့က မျက်ရည်ယို ဗုံးသုံးမှုကြောင့် ညောင်ကန် ကျောင်းတိုက်မှ သံဃာတော်တချို့ မျက်ရည်ယိုဗုံးဒဏ် ခံခဲ့ရသည် ဟုလည်း သိရသည်။

No comments: