Wednesday, September 5, 2007

strike in Pa Khok Ku city

ပခုက္ကူမြို့တွင် သံဃာတော် (၅၀၀) ကျော် ဆန္ဒပြ
စစ်တပ်က သေနတ်ဖောက်ကာ ဖြိုခွင်း

ပီတာအောင်/ ခေတ်ပြိုင် ၅ စက်တင်ဘာ ၂၀၀၇

ယနေ့မွန်းလွဲပိုင်းတွင် ပခုက္ကူမြို့၌ သံဃာတော်အပါး (၅၀၀) ကျော်တို့က ကုန်ဈေးနှုန်းကျဆင်းရေး အတွက် မြို့တွင်းစီတန်းလှည့်လည်ဆန္ဒပြကြပြီး စစ်တပ်က သေနတ်ဖောက်ကာ ဆန္ဒပြမှုကို တားဆီးခဲ့သည်ဟု မြို့ခံများက ပြောသည်။

ယနေ့မွန်းလွဲပိုင်း (၂) နာရီခန့်၌ ပခုက္ကူမြို့ မဟာဝိပုလာရာမတက္ကသိုလ် (အနောက်တိုက်) မှ သံဃာတော်အပါး (၁၀၀) ခန့်က 'ပြည်သူများအတွက်သံဃာများ' ၊ 'ကုန်ဈေးနှုန်းကျဆင်းရေး'၊ 'တရားမျှတမှုထွန်းကားရေး'၊ 'ဖမ်းဆီးခံရသည့် ဆန္ဒပြသူများအား လွှတ်ပေးရေး' စသည့် ပိုစတာ
များ ကိုင်ဆောင်ကာ ဗိုလ်ချုပ်လမ်းအတိုင်း စတင်ဆန္ဒပြကြကြောင်း သိရသည်။

လမ်း၌ အလည်တိုက်၊ ဗောဓိမဏ္ဍိုင်ကျောင်းတိုက်၊ အရှေ့ကျောင်းတိုက်တို့မှ သံဃာတော်များ ပူးပေါင်းပါဝင်လာကာ သံဃာတော်အပါး (၅၀၀) ခန့်ဖြစ်လာပြီး သံဃာတော်များက လူအချင်း ချင်းနှိပ်စက်ခြင်း ကင်းဝေးကြပါစေဟု မေတ္တာပို့ကာ ငြိမ်းချမ်းစွာဆန္ဒပြကြသည်ဟု မြို့ခံတဦးက ပြောသည်။

မွန်းလွဲ (၃) နာရီခန့်၌ လွတ်လပ်ရေးပန်းခြံအနီး ဆေးရုံနှစ်ရုံကြား၌ လက်နက်အပြည့်အစုံ ကိုင်ဆောင် ထားသည့် စစ်တပ်နှင့်ရဲတို့က အသင့်စောင့်နေပြီး သံဃာတော်များကို လူစုခွဲခဲ့သည်ဟု အဆိုပါ မြို့ခံကပြောသည်။

၎င်းက “ စစ်တပ်ကနေပြီးတော့ မာစဒါ နှစ်စီး၊ E-2000 တစီး၊ ဟီးနိုးတစီးတက်လာတယ်။ မီးပွိုင့်ကနေပြီးတော့ လမ်ဆုံလမ်းခွအရပ်လေးမျက်နှာမှာ လက်နက်တွေနဲ့ အသင့်စောင့်နေတယ်။ ဘုန်းကြီးတွေလာကာနီး ကပ်ပြီးတော့ ဆေးရုံနှစ်ရုံကြားက သေနတ်နဲ့ (၁၀) ချက် (၁၅) ချက်လောက် မိုးပေါ်ထောင်ဖောက်တယ်။ ပိုစတာကိုင်တဲ့ ကိုယ်တော်လေးကို စစ်သားတွေက ၀င်ဆွဲတယ်။ ကျန်တဲ့ကိုယ်တော်တွေက လုတယ်။ ကိုယ်ရင်လေးတပါး ပါသွားတယ်” ဟု ပြောသည်။

အာဏာပိုင်များက မြို့နယ်သံဃာ့မဟာနာယက ဥက္ကဋ္ဌ ဆရာတော် ဦးတေဇောအား ပင့်ကာ အကူ အညီ တောင်းခဲ့သည့်အတွက် ဆရာတော်ကိုယ်တိုင် ဆန္ဒပြသည့် သံဃာတော်များအား လာရောက် တားဆီးခဲ့သည်ဟု လိုက်လံကြည့်ရှုသည့် မြို့ခံတဦးက ပြောသည်။

၎င်းက “မြို့ခံတယောက်အနေနဲ့ ကျနော်တို့ကတော့ အများအတွက်လုပ်တာဆိုတော့ ထောက်ခံပါ တယ်။ အများအတွက် တိုက်ပွဲဝင်ပေးတာပဲ၊ တဦးတယောက်အတွက် အခွင့်အရေးရလိုမှုနဲ့မှ မဟုတ်တာ။ ၀မ်းသာပါတယ်၊ ထောက်ခံပါတယ်၊ ကုန်ဈေးနှုန်းလည်းကျစေချင်ပါတယ်။ ဖမ်းထား တဲ့လူတွေလည်း လွတ်စေချင်ပါတယ်” ဟု ပြောသည်။

ဆန္ဒပြရာတွင်ပါဝင်သည့် သံဃာတော်များက အရှေ့ကျောင်းတိုက်တွင်း ၀င်ပြေးကြပြီး လိုက်လံ ဖမ်းဆီးနေသည့် စွမ်းအားရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များကို စိန်ခေါ်ကာ ခဲများဖြင့်ပစ်ပေါက်နေပြီး အခြေ အနေရှုပ်ထွေးနေဆဲဖြစ်ကြောင်းမြို့ခံများထံမှ သိရသည်။ ။


( http://www.khitpyaing.org/news/september_2007/5-9-07g.php ကနေ ယူပါတယ်။)


No comments: