Thursday, September 13, 2007

authorities propose the monks

သံဃာတော်များကို စစ်အစိုးရ စည်းရုံးနေ
ကိုစိုး | စက်တင်ဘာ ၁၃၊ ၂၀၀၇

မကြာသေးခင်ကဖြစ်ပွားခဲ့သော ငြိမ်းချမ်းစွာဆန္ဒပြမှုများကို အကြမ်းဖက်ဖြိုခွဲရာတွင် နောက်ကွယ်မှပါဝင်စီစဉ်သူဟု ယုံကြည်ရသည့် စစ်အစိုးရ၀န်ကြီးက သံဃာများအပေါ်သြဇာအရှိန်အ၀ါရှိသည့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများနှင့် ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်း ချဉ်းကပ်မှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ယမန်နေ့က ထုတ်ဝေသည့် အစိုးရသတင်းစာများတွင် စစ်အစိုးရ စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်းက မန္တလေးမြို့ အောင်မြေသာစံ မြို့နယ်ရှိ မဟာဝိစိတာရုံဆရာတော်အား သာသနာ့ ဟိတကာရီ ကျောင်းတိုက် ဓမ္မဗိမာန်တွင် လှူဖွယ်
ဝတ္ထုပစ္စည်းများနှင့် ဆက်ကပ်လှူဒါန်းသည့် သတင်းကို ဓာတ်ပုံနှင့်အတူ ရေးသားဖော်ပြ ထားသည်။

သတင်းစာတွင် စက်မှု(၁)၀န်ကြီးက သင်္ကန်းများနှင့် လှူဖွယ်ဝတ္ထများ၊ ဆွမ်းအလှူတော်ငွေများကို လှူဒါန်းသည်ဟု ဖော်ပြပြီး မြို့နယ်ပေါင်း ၇ မြို့နယ်ရှိ ကျောင်းပေါင်း ၁၀၂ ကျောင်းအတွက် စားသုံးဆီများကိုလည်း လှူဒါန်း ကြောင်း ရေးသားထားသည်။

အဆိုပါ လှူဒါန်းမှုတွင် မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ခင်ဇော်နှင့် မန္တလေးမြို့တော်ဝန် ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန်တို့လည်း ပါဝင်သည်။

မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ကျောင်းတိုက်မှ ဦးပဉ္ဖင်းတပါးကမူ“အာဏာပိုင်တွေက အဲဒီလို ခပ်လှုပ်လှုပ်ဖြစ်ရင် ဆရာတော်ကြီးတွေဆီကို လာတဲ့ အလေ့တော့ အရင်ကတည်းကရှိတယ်၊ တကယ်လို့ တခြားမြို့တွေလိုဖြစ်လာခဲ့ ရင် ဘယ်လိုစီမံရမလဲ ဆိုတာမျိုး လျှောက်တဲ့သဘော ရှိတယ်”ဟု ဧရာဝတီသို့ ပြောသည်။

“သံဃာတွေကို အစိုးရက အခုလို အချဉ်းကပ် စည်းရုံးပေမယ့် သံဃာတွေက သူတို့လိုဘ သူတို့ဘက် ပါမှာတော့ မဟုတ်ဘူး”ဟုလည်း မစိုးရိမ်တိုက်သစ်ကျောင်းမှ ဦးပဉ္ဖင်းက ဆက်လက်ပြောဆိုသည်။

မကွေးတိုင်း ပခုက္ကူမြို့မှ သံဃာတောာ်များ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြမှုကို စစ်အစိုးရ အာဏာပိုင်များနှင့် စစ်တပ်၊ ကြံ့ဖွံ့၊ စွမ်းအားရှင်များက ပြင်းပြင်းထန်ထန် အကြမ်းဖက်ဖြိုခွဲခဲ့ခြင်းနှင့် ပတ်သက်ပြီး စစ်အစိုးရအနေနှင့် သံဃာတော် များက ကျေအေးခွင့်လွှတ်သည်အထိ ၀န်ချတောင်းပန်ပေးရန် အပါအ၀င် တောင်းဆိုကြေညာချက် များကို မြန်မာနိုင်ငံလုံး ဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့မှ စက်တင်ဘာ ၉ ရက် နေ့က ထုတ်ပြန်ထားသည်။

သံဃာ့တပ်ပေါင်းစုအဖွဲ့၏ ထုတ်ပြန်ချက်၌ တောင်းဆိုချက်များကို လာမည့် စက်တင်ဘာ ၁၇ ရက် နောက်ဆုံး ဆောင်ရွက် ပေးရန်နှင့် ၎င်းရက်တွင် မဆောင်ရွက်ပါက ပတ္တနိကုဇ္ဖန ကံဆောင်သပိတ်မှောက်မည်ဟု ဆိုသည်။

စက်တင်ဘာ ၅ ရက်က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြကြရာ စစ်တပ်က သေနတ် ၁၀ ချက်ခန့်ပစ်ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်းဆန္ဒပြ သံဃာ များအား ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ပါးခန့် ဖမ်းဆီးခံရပြီး သံဃာတချို့ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။

နောက်တနေ့ စက်တင်ဘာ ၆ ရက်တွင် ပခုက္ကူမြို့ မဟာဝိသုတာရာမ (အလယ်တိုက်) ကျောင်းသို့ လာရောက် သော အစိုးရအဆင့်မြင့် အရာရှိ ၁၃ ဦးခန့်ကို သံဃာတော်များက အလယ်တိုက် ကျောင်းဝင်းအတွင်း၌ပင် ၆ နာရီခန့် ထိန်းသိမ်းထားခဲ့သည်။

ယင်းသို့ ပခုက္ကူတွင် သံဃာတော်များနှင့် အာဏာပိုင်တို့၏ ပဋိပက္ခဖြစ်ပွားပြီးချိန်မှ စတင်၍ ပခုက္ကူ၊ မန္တလေး၊ ပဲခူးနှင့် ရခိုင်ပြည်နယ် စစ်တွေမြို့များတွင် အာဏာပိုင်များက လုံခြုံရေး တိုးမြှင့် တင်းကျပ်ခဲ့သည်။

စစ်အစိုးရက သံဃာ့တပ်ပေါင်းစု ကြေညာချက်အရ သပိတ်မှောက်ရာတွင် သံဃာများမပါဝင်ရေးအတွက် ကျောင်းအုပ် ဆရာကြီးများ၊ ဆရာဝန်ကြီးများ စသည့် ဂုဏ်သရေရှိလူကြီးများနှင့် ဆရာတော်ကြီးများကိုချဉ်းကပ် စည်းရုံးနေကြောင်း စစ်ကိုင်းမြို့ စစ်ကိုင်းတောင်တွင်သီတင်းသုံးသောသံဃာတော်တပါးက ဘီဘီစီ အသံလွှင့် ဌာန သို့ ယနေ့မနက်က ပြောဆိုခဲ့သည်။

မန္တလေးမြို့ရှိ သံဃာတော်များအား ဆွမ်းလောင်းခြင်းကို ရပ်ဆိုင်းထားရန် ဆွမ်းလောင်း အသင်းများကို အာဏာပိုင်များက တားမြစ်ထားသည်ဟုလည်း ဘီဘီစီတွင် ပါရှိသည်။

သြဂုတ်လ ၁၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အဖွဲ့ဝင်တချို့ ဦးဆောင်ပြုလုပ်သော ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြပွဲများကို စစ်အစိုးရ အာဏာပိုင် များနှင့် အစိုးရလိုလားသူ ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အကြမ်းဖက်ဖြိုခွဲခဲ့သည်။

ရန်ကုန်သတင်း အသိုင်းအ၀န်း၏ အခိုင်အမာပြောဆိုချက်အရ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်း မှုများ၏ နောက်ကွယ်တွင် စက်မှု(၁) ၀န်ကြီး ဦးအောင်သောင်းနှင့် ပြည်ထဲရေး ၀န်ကြီး ဗိုလ်ချုပ်မောင်ဦး တို့ ပါဝင်ကြောင်း သိရသည်။

(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/news2007/September/sept_13b_07.html ကနေ ယူတယ်။)


No comments: