Showing posts with label Home Affairs. Show all posts
Showing posts with label Home Affairs. Show all posts

Sunday, March 30, 2008

PPT on Wikipedia

0 comments
Phyu Phyu Thin
From Wikipedia, the free encyclopedia
Phyu Phyu Thin (b. 1972) is a Burmese HIV/AIDS activist and supporter of the National League for Democracy. On May 21, 2007, Phyu Phyu Thin was arrested by police in Yangon for organizing a prayer rally to call for the release of detained National League for Democracy leader Aung San Suu Kyi. Never told what crime she had committed, she was held for more than a month, and was released on July 2, 2007.[1]


As an activist, Phyu Phyu Thin has been an outspoken critic of the State Peace and Development Council, which she says is understating the number of HIV and AIDS cases in Myanmar. She operates a clinic in Yangon that provides treatment, medicine and counseling to HIV and AIDS patients.[2][3]

On June 5, 11 AIDS patients, who were participating in prayer rallies, calling for the release of Phyu Phyu Thin, were detained at Waybargi Infectious Diseases Hospital. They were later released on June 8.[2][4] The United States Department of State also called for Phyu Phyu Thin's release.[1]

While in detention, Phyu Phyu Thin staged a hunger strike, taking only liquids for about one week.[1] Her family, which had not been told where she was being held, said it would file a missing person's case with police.[5][6]

Phyu Phyu Thin has previously been detained in 2000, after she and other Suu Kyi supporters were bundled away by police from a rally for Suu Kyi. She was held for a time in Insein prison.[3]

References
Wikinews has news related to: Eleven HIV/AIDS patient-protestors detained in Myanmar International Red Cross condemns Myanmar regime Detained AIDS activist Phyu Phyu Thin released in Myanmar ^ a b c Associated Press (2009-07-03). Prominent Myanmar AIDS activist freed from detention. The Star (Malaysia). Retrieved on 2007-07-03. ^ a b Burma Released HIV-Positive Activists From Hospital Confinement. Voice of America (2007-06-08). Retrieved on 2007-06-29. ^ a b Mann, Naomi (2009-07-03). A Brave, Caring Woman Now Also Needs Help. The Irrawaddy. Retrieved on 2007-07-03. ^ Lae, Aye (2009-06-07). HIV/AIDS Patients Detained in Rangoon. The Irrawaddy. Retrieved on 2007-06-29. ^ Aung, Htet (2009-06-28). “Free Suu Kyi” Campaigners Released. The Irrawaddy. Retrieved on 2007-06-29. ^ Paung, Shah (2009-06-21). Relatives of Missing HIV Activist Threaten to Sue Authorities. The Irrawaddy. Retrieved on 2007-06-29.

Thursday, November 29, 2007

PPT's request to int community

0 comments
အမျိုးသမီးအခွင့်အရေးအတွက် (၈၈) မျိုးဆက်ကျောင်းသူများဖြစ်တဲ့ မနီလာသိန်း၊ မတင်မိုးလွင်၊ မဖြူဖြူသင်း၊ မနီမိုလှိုင်၊ မမေသစ္စာတို့ရဲ့တောင်းဆိုချက် ၂၃ နိုဝင်ဘာ ။ ၂၀၀၇ မှာ ထွက်ပေါ်ခဲ့ပါတယ်။ ဒီတောင်းဆိုချက်နဲ့ ပတ်သက်ပြီး မဖြူဖြူသင်းရဲ့ပြောဆိုချက်ကို ဒီဗွီဘီမှာ အခုလို ဖော်ပြခဲ့ပါတယ်။

ဒီဗွီဘီ ။၂၃ နိုဝင်ဘာ ။ ၂၀၀၇

“အမျိုးသမီးတွေ အပေါ်မှာ သူတို့ မတရားသဖြင့်ပေါ့နော်၊ နှိပ်စက်တယ်၊ ရိုက်နှက်တာတွေ သူတို့လုပ်တာတွေက လူမဆန်ဘူးပေါ့နော်၊ ပြုကျင့်တာတွေ တွေ့ရတဲ့အတွက် တော်တော်ကြီးကို ကျနော့် အနေနဲ့ ခံပြင်းတယ်၊ ကိုယ်တိုင်လည်း ခံစားရတဲ့ အခါကျတော့ ဒါမျိုးတွေ မဖြစ်စေချင်တော့ဘူး။ မဖြစ်စေချင်တဲ့အတွက် ကျမတို့က ဒီဟာကို စာတင်ရခြင်း ဖြစ်တယ်လေ။


မြန်မာပြည်မှာဆိုလို့ရှိရင် ကျမတို့ မြန်မာ အမျိုးသမီးတွေရဲ့ အခွင့်အရေးအတွက် ဆိုပြီးတော့ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးအသင်းတွေ အဖွဲ့တွေပေါ့နော် သူတို့ဖွဲ့စည်းထားတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ တကယ့်လက်ရှိ အနေနဲ့ကတော့ မြန်မာ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး သူတို့ လုံးဝ အကာအကွယ်မပေးဘူး။ မပေးဘဲနဲ့ တကယ့် တကယ်ကျတော့ နိုင်ငံတကာမှာ လှည့်ပြီးတော့ အစည်းအဝေးတွေ တက်တယ်၊ သူတို့က လှည့်ပြီး ဆွေးနွေးတယ်ပေါ့နော်။ အဲဒါနဲ့ ပတ်သက်ပြီး ကျမတို့ အနေနဲ့က မြန်မာပြည်မှာဖြစ်နေတဲ့ အမျိုးသမီးတွေဟာ တကယ့်ကို အကာအကွယ် မဲ့နေတယ်လို့ ခံစားရတယ်။ ဘယ်ကိုမှလည်း တိုင်လို့မရဘူး။

အဲဒါကြောင့်မို့လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ပေါ့နော်၊ ဒီ အမျိုးသမီးတွေကို ကာကွယ်စောင့်ရှောက်တဲ့ အနေနဲ့ မြန်မာပြည်မှာ ခံစားနေရတဲ့ အမျိုးသမီးတွေရဲ့ အခြေအနေကိုပေါ့နော် လာပြီးတော့ အခုလည်း စက်တင်ဘာမှာဖြစ်သွားတဲ့ ကိစ္စတွေနဲ့ပတ်သက်လို့ တကမ္ဘာလုံးက သိပြီးသား ဖြစ်တယ်။ အဲဒီ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျမတို့ မြန်မာပြည်မှာ လာရောက်ပြီးတော့ အမျိုးသမီးတွေရဲ့ ခံစားနေရတဲ့ ဒုက္ခတွေကို စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းပြီးတော့ ကူညီဆောင်ရွက်ပေးစေချင်တဲ့ ဆန္ဒလည်း ရှိပါတယ်။”

talk on violence against women

0 comments
အမျိုးသမီးများအပေါ် အကြမ်းဖက်မူ ပပျောက်ရေးနေ့ တွင် ပြောကြားချက်
ဒီဗွီဘီ ၊ ၂၅ ၊ နိုဝင်ဘာ ၊ ၂၀၀ရ

" - - - အမျိုးများရဲ့  အရေးကို အမျိုးသမီးများကိုယ်တိုင်ကြိုးစားဆောင်ရွက်မှ စစ်မှန်တဲ့ အောင်မြင်မှုကို ရနိုင်တယ်လို့ သဘောပေါက်ထားပါတယ်။ အဲဒါကြောင့်မို့လို့ မြန်မာ အမျိုးသမီးများရဲ့  အရေးကိုသာလျှင်မက တကမ္ဘာလုံးမှာရှိတဲ့ အမျိုးသမီးတွေရဲ့ အရေးကို ဆောင်ရွက်နေကြတဲ့ အဖွဲ့အစည်း အသီးသီးကို ကျမတို့က ဂုဏ်ပြုထောက်ခံ အပ်ပါတယ်။ အဲဒီအပြင် မြန်မာပြည်တွင်းမှာရှိတဲ့ လုံခြုံမှုကင်းနေတဲ့ အမျိုးသမီးတွေရဲ့ အရေးကိုလဲ တဒေါင့်တနေရာက ထည့်သွင်းပြီး၊ အရေးယူ စဉ်းစားတဲ့အတွက် ကျမတို့အနေနဲ့ အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ရှေ့ဆက်ပြီးတော့လဲ မြန်မာ့ အမျိုးသမီးများ အားလုံးနဲ့အတူ ကမ္ဘာ့ အမျိုးသမီးတွေ အားလုံး စုပေါင်းပြီးတော့ ဆက်လက်ပြီးတော့ အမျိုးသမီး အခွင့်အရေး ရရှိဖို့ ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်သွားကြပါစို့လို့ ပြောချင်ပါတယ်။- - - "

Thursday, October 18, 2007

my very first post for this blog

1 comments
ဒီမိုကရေစီအရေးရန်ပုံငွေ
၁။ ပြီးခဲ့တဲ့သုံးနှစ်အတွင်း မန္တလေးသား ၂ယောက် ရန်ကုန်သား ၁ ယောက်ကို ငွေကြေး အကူအညီပေးဖူးပါတယ်၊ သူတို့ရဲ့ အနုပညာလုပ်ငန်း စီးပွားရေးလုပ်ငန်းတွေအတွက်။

၂။ မကြာသေးမီက အကူအညီ ထပ်တောင်းတဲ့အကြောင်း အီးမေးလ်ရောက်လာတယ်။ ကိုယ်ရေးကိုယ်တာ အရေးပေါ် ငွေလိုတယ်၊ ဘယ်နိုင်ငံရေးသမား၊ ဘယ်အကျဉ်းသားဟောင်းက ဘယ်လိုအခက်အခဲဖြစ်တယ် စသဖြင့်။ ၀မ်းနည်းပါတယ်၊ ကျနော်နဲ့ငွေနဲ့ အတူမနေတော့ သူတို့ကိုမကူနိုင်ဘူး။

၃။ ပြီးခဲ့တဲ့လမှာ အီးမေးလ်ပို့လာပြန်တယ်။ လှုပ်ရှားမှုအတွက် ငွေလိုတယ်၊ လုံခြုံရေးအတွက်လည်း ငွေအသုံးလိုတယ် တဲ့။ သံဃာ့လှုပ်ရှားမှုမှာလည်း သူတို့နည်း သူတို့ဟန်နဲ့ ၀င်ပါပြီ၊ ငွေလိုပြီပေါ့။

၎။ အနယ်နယ်အရပ်ရပ်မှာ ပြည်သူတွေ အနိုင်ကျင့်ခံရတဲ့ သတင်းအချက်အလက်တွေ သူတို့စုဆောင်း ဖြန့်ဝေနေတာလည်း အာဏာပိုင်တွေ သိဟန်မတူသေးပေမယ့် ကိုယ်က သိနေတယ်။ ရေဒီယိုသတင်းသမားတချို့က သူတို့အသံကို လုံခြုံရေးအရ နည်းနည်းပြင်လိုက်တာမျိုး တခါတလေလည်း ရှိ၊ တခါတလေလည်း မရှိ။ ရေဒီယိုသမားတွေဆီက ငွေကြေးအကူအညီ ရပါ့မလား။ ကျနော် မသိ၊ မေးလည်း မမေးမိ၊ မမေးချင်။

၅။ လိုရင်း ပြောရရင် လှုပ်ရှားမှုရဲ့ အလယ်ခေါင်တည့်တည့်မှာရောက်နေကြတဲ့ သူတို့ ငွေလိုတယ်ဗျာ၊ သူတို့ကို ကျနော် မကူနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ကူနိုင်ခဲ့တယ်ဗျာ။ မိုးမခ ဒီမိုကရေစီရေး ရံပုံငွေကို ထည့်ဝင်လှူဒါန်းသူတွေရဲ့ ကျေးဇူးပါပဲ။

၆။ မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် မိုးမခကို ၀ိုင်းဝန်းသူများက အလှူခံထွက်လိုက်တာ ၂လအတွင်း ဒေါ်လာ ၅ သောင်းနီးပါး ရခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ်စကို၊ လော့စ်အိန်ဂျလိ စတဲ့ဒေသရောက် မြန်မာပြည်သားတွေရဲ့ လှူဒါန်းမှုပါ၊ မြန်မာပြည်အပြောင်းအလဲကို အင်မတန်လိုလားတဲ့အတွက် မေတ္တာပို့ ချီတက်ကြတဲ့ ရဟန်းတွေ၊ ပြည်သူတွေကို အားပေးချင်တဲ့အတွက် လှူဒါန်းတယ်လို့ ယူဆပါတယ်။

၇။ မြန်မာပြည်ထဲက ကျနော့်မိတ်ဆွေများဆီကို အဲဒီရန်ပုံငွေထဲက အစိတ်အပိုင်းတချို့ ရောက်သွားပါတယ်။ ကဲ- မိတ်ဆွေများခင်ဗျာ ကျေးဇူးတင်ရမှာ ဘယ်သူတွေကိုလဲဆိုတာ ပြောပြလိုက်ပါပြီ။


ဖြူဖြူသင်းအားပေးသူစာမျက်နှာ
၁။ ဒီဘလော့ဂ်ကို မြန်မာပြည်ထဲက အင်တာနက်သုံးသူများ အဆင်ပြေဖို့ နေ့တိုင်း မွမ်းမံခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံးတော့ ဒီဘလော့ဂ်ကို ပစ်ထားလိုက်တယ်။ ကွန်ပြူတာကိုလည်း ပစ်ထားလိုက်တယ်။ ဒါကြောင့် ဒီဘလော့ဂ်မှာ အသစ်တင်တာ မရှိ။

၂။ အသစ်မတင်တော့လည်း ဘယ်သူမှ ဘာမှ မပြော။ ဒီဘလော့ဂ်နဲ့ သိပ်မကွာဘူးလို့ ပြောနိုင်တဲ့ ပိုလည်း ပိုကောင်းပုံရတဲ့ ဒေါက်လွဏ်း (လွန်း)မီဒီယာအစောင့် စသဖြင့်တို့ဆီကလည်း သတင်းတွေဖတ်နေရလို့ မပြောတာလည်း ဖြစ်နိုင်၊ ဒီဘလော့ဂ်ကို မရောက်လို့ မပြောတာလည်း ဖြစ်နိုင်၊ အင်တာနက်သုံးမရလို့ မပြောတာလည်း ဖြစ်နိုင်။

၃။ သတင်းတွေ ကော်ပီကူးပေးနေတာတော့ ကြာပြီ၊ ကိုယ်တိုင်ရေးသားတာ ပို့စ်တင်တာတော့ မရှိခဲ့ဖူးဘူး၊ ခုတော့ ရေးလိုက်ပါပြီ။

၎။ နောင်ရော ဘာတင်မလဲ - - -။ အင်း - - - မသိဘူးဗျာ။ ကိုယ်တိုင်ရေးတာတွေတော့ တင်ဖြစ်မယ်မဟုတ်။ သတင်းတွေပဲ ဆက်တင်ရင် လုပ်အားပြုန်းတီးမှုတွေများ ဖြစ်နေမလား။ ကာတွန်းတွေ တင်ရင် ကောင်းမလား။ နိုင်ငံတကာသတင်းစာတွေမှာ နေ့တိုင်းပါနေတဲ့ ကာတွန်းဆရာတွေရဲ့လက်ရာများဆိုရင် ဘယ်လိုလဲ။ ကာတွန်းဆရာတွေကတော့ အမေရိကန်တွေများတယ်။ တင်ဖြစ်မယ်ဆိုရင်တော့ ကိုယ်ဖတ်ပြီး နားလည်တဲ့ ရယ်ရတဲ့ဟာတွေထဲက တချို့ကို အခါအားလျော်စွာ တင်ဖြစ်မှာပါ။

၅။ ကာတွန်းတွေတင်ဖြစ်ခဲ့ရင် ဒီဘလော့ဂ်ကို မကြာခင် ရပ်ရမှာပဲ။ ဘလော့ဂ်တစ်ခုက ပုံတွေ အများကြီး မဆံ့။ ဒီဘလော့ဂ် ရပ်လည်း တခြားနာမည်တွေနဲ့ ဘလော့ဂ်တွေ ထပ်ဖွင့်တာပေါ့ဗျာ၊ စုစုနွေး၊ မင်းကိုနိုင် စသဖြင့်၊ သူတို့နာမည်တွေသုံးပြီး ကာတွန်းတွေ တင်တာကလည်း သင့်လျော်ပါ့မလား၊ အင်း - - စဉ်းစားစရာ။ ။

Tuesday, October 9, 2007

be quiet for freedom

0 comments
၁၂ ရက်၊ ၁၂ နာရီတွင် ၁၂ မိနစ်ငြိမ်သက်ကြရန်
ပြည်သူများအား လူငယ်အင်အားစု တိုက်တွန်း

NEJ/ (၉) ရက်အောက်တိုဘာ


- - - - - -ဘတ်စ်ကားဂိတ်က အမိုးအောက်လေးမှာပဲဖြစ်ဖြစ် (၁၂) မိနစ်ငြိမ်ငြိမ်လေးနေပေး - - - - - -



အောက်တိုဘာ (၁၂) ရက်မှစတင်ကာ (၃) ရက်တိတိ နေ့လည် (၁၂) နာရီအချိန်တွင် မြန်မာပြည်သူပြည်သားများအနေဖြင့် ၀မ်းနည်းခြင်းအထိမ်းအမှတ်ကို ပြသရန် မိမိတို့၏နေအိမ်များတွင် (၁၂) မိနစ်တိတိနေပေးကြပါရန်နှင့် မလွဲမရှောင်သာ အပြင်သို့ရောက်ရှိနေပါကလည်း အမိုးအကာများအောက်သို့ ခဏ၀င်ပေးကြပါရန် လူငယ်အင်အားစုအဖွဲ့က ယနေ့ကြေညာချက်ထုတ်ပြန်တိုက်တွန်းလိုက်သည်။

စာပေ၊ ဂီတအနုပညာရှင်များ၊ ၀န်ထမ်းများ၊ ကွန်ပျူတာ ပညာရှင်လူငယ်များနှင့် ကျောင်းသား
လူငယ်များပါဝင်သည့် Generation Wave ခေါ် အကြမ်းမဖက်အမျိုးသားရေးလှုပ်ရှားမှု လူငယ် အင်အားစု (မြန်မာနိုင်ငံ) က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ယင်းအဖွဲ့မှ အဖွဲ့ဝင်တဦးဖြစ်သူ ကိုကျော်ကျော်က “ပြည်သူတွေဟာ ဒီစနစ်ကိုမကြိုက်ဘူး၊ သူတို့ဆန္ဒပြချင်တယ်၊ ဒါပေမယ့် သူတို့ရဲ့ဆန္ဒကို ထုတ်ဖော်ရမှာလည်း သူတို့အရမ်းကြောက်တယ်။ အဲလိုလူမျိုးတွေအတွက် ကျနော်တို့က ကိစ္စတခုကို ပြုလုပ်တာမဟုတ်ဘဲနဲ့ မပြုလုပ်တဲ့အနေနဲ့ ဆန္ဒပြတာပါ၊ အကယ်၍ အလုပ်ကိစ္စတခုခုရှိလို့ အပြင်သွားကြရရင်လည်း (၁၂) နာရီထိုးတဲ့အချိန်မှာ အမိုးအကာအောက်တွေမှာပဲဖြစ်ဖြစ် နောက်ဆုံးဘတ်စ်ကားဂိတ်က အမိုးအောက်လေးမှာပဲဖြစ်ဖြစ် (၁၂) မိနစ်ငြိမ်ငြိမ်လေးနေပေးပို့ပါ” ဟုပြောသည်။

မြန်မာနိုင်ငံတွင် ပြည်သူလူထုတရပ်လုံး၏ အထွေထွေအကျပ်အတည်းအတွက် ငြိမ်းချမ်းစွာမေတ္တာပို့ ဆန္ဒပြနေကြသော ရဟန်းသံဃာ သီလရှင်ဆရာလေးများနှင့် ကျောင်းသားပြည်သူများအား စက်တင်ဘာ (၂၆) ရက်နေ့လည် ၁၂ နာရီအချိန်တွင် စစ်အာဏာရှင်အစိုးရမှ စစ်အင်အားသုံးကာ အကြမ်းဖက်ဖြိုခွင်းခဲ့ကြောင်းကြေညာချက်တွင်ဖော်ပြထားသည်။

ထိုကဲ့သို့ ရက်စက်စွာ ပစ်ခတ်ရိုက်နှက်ဖြိုခွင်းမှုကြောင့် ရဟန်းရှင်လူ ကျောင်းသားပြည်သူ
အာဇာနည်များ၊ စစ်ကြောရေးစခန်းများတွင် ရိုက်နှက်ညှင်းပမ်းမှုများကြောင့် သေဆုံးသွားကြရသူ များအတွက် ရည်စူး၍ မြန်မာပြည်သူပြည်သားများအနေဖြင့် ၀မ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်ရန် ပန်ကြားရခြင်းဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

Generation Wave အုပ်စုသည် လူငယ်များ၏ ရိုက်ခက်မှုလှိုင်းအဖြစ်ပေါ်ထွက်လာသည့် လူငယ်အုပ်စုဖြစ်ပြီး မြန်မာနိုင်ငံတွင် စနစ်တခုပြောင်းရေးအတွက် ကြိုးစားကြခြင်းဖြစ်ကြောင်း ကိုကျော်ကျော်က ပြောသည်။

“ပြည်သူတွေကတော့ ဒီစနစ်ကြီးကို ရွံမုန်းနေတဲ့အဆင့်မှာရှိနေပါတယ်။ ဒါကြောင့်သူတို့အလုပ်နိုင် ဆုံးဖြစ်မယ်ဆိုတဲ့အဆင့်ကို စတာပါ။ နောက်ထပ်ခြေလှမ်းတွေအများကြီးလည်း ဆက်ပြီးလှမ်းအုံး မှာပါ” ဟု၎င်းကပြောသည်။

မူရင်း

khitpyaing.org



no internet access, no publication

0 comments
အင်တာနက် ဖြတ်ခဲ့သဖြင့် လုပ်ငန်းအခက်အခဲများကြုံကြရ

NEJ / ၉ အောက်တိုဘာ ၂၀၀၇

“ - - - - - - - အင်တာနက်ပိတ်ထားချိန်မှာ ထုတ်ဝေဖို့ခက်သွားတယ်။ ပြီးခဲ့တဲ့နှစ်ပတ်က ရပ်ထားရတယ် - - - - -”
မြန်မာနိုင်ငံအတွင်း ပြီးခဲ့သည့် စက်တင်ဘာ (၂၈) မှစ၍ ဖြတ်တောက်ထားသည့် အင်တာနက်
လိုင်းကို ယနေ့ပြန်လည်သုံးစွဲနိုင်ပြီဖြစ်သော်လည်း ယင်းသို့ ဖြတ်တောက်ခဲ့မှုကြောင့် လုပ်ငန်း
များ ထိခိုက်ခဲ့ကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။

သတင်းဂျာနယ်နှင့် အားကစားဂျာနယ် ထုတ်ဝေနေသည့် ဂျာနယ်တိုက်မှ အယ်ဒီတာတဦးက “တိုက်အနေနဲ့ အားကစားနဲ့ နိုင်ငံတကာသတင်းတွေကို အင်တာနက်ကနေ ယူသုံးနေရလို့ အင်တာနက်ပိတ်ထားချိန်မှာ ထုတ်ဝေဖို့ခက်သွားတယ်။ ပြီးခဲ့တဲ့နှစ်ပတ်က ရပ်ထားရတယ်” ဟု ရှင်းပြသည်။

ရန်ကုန်မြို့နှင့် မြန်မာနိုင်ငံတ၀န်း သံဃာတော်များဦးဆောင်သည့်ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သဖြင့် ပြီးခဲ့သည့် အပတ်စဉ်ထုတ် ဂျာနယ်များဖြစ်သည့် Weekly Eleven, First Eleven, Premier
Eleven၊ ရန်ကုန်တိုင်းမ်၊ ဖလားဝါးနယူးစ်၊ သည်ဗွိုက်စ်၊ ပြည်မြန်မာ အပါအ၀င် ဂျာနယ်အများ
အပြား ထုတ်ဝေနိုင်ခြင်းမရှိခဲ့ဟုသိရသည်။

စစ်အစိုးရထံမှ အထူးအခွင့်အရေးရနေသည့် မြန်မာတိုင်းမ်ဂျာနယ် (အင်္ဂလိပ်နှင့် မြန်မာ)၊ ခရိုင်းမ်ဂျာနယ်တို့မှာမူ ပုံမှန်ထွက်နေပြီး အင်တာနက်မှ သတင်းများ ရယူဖော်ပြထားသည်ကို တွေ့ရှိရပြီး မည်သို့မည်ပုံရရှိသည်ကို မသိရှိနိုင်ပေ။

အင်တာနက်လိုင်းများ ပိတ်ထားသောကြောင့် ရန်ကုန်၊ မန္တလေး အင်တာနက်ကဖေး အားလုံး ပိတ်ထားသည့်အပြင် နေအိမ်များမှ ဒိုင်ယယ်အပ်စနစ်နှင့်လည်း မည်သူမျှအသုံးပြု၍ မရကြ
ကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အင်တာနက် အသုံးပြုရ ခက်ခဲသူအချို့ကို ထရိတ်ဒါးဟိုတယ်တွင် အခြေစိုက်သည့် ကုလသမဂ္ဂ ယူအန်ဒီပီရုံးမှ အကူအညီပေးနေသည်ဆိုသည့် သတင်းထွက် ပေါ်ခဲ့သဖြင့် စစ်အစိုးရ စသုံးလုံးအဖွဲ့ဝင်များက ၀င်ရောက်စစ်ဆေးခဲ့သေးကြောင်း ထရိတ်ဒါး ဟိုတယ်မှ အမည်မဖော်လိုသူ ၀န်ထမ်းတဦးက ပြောပြသည်။

အဆိုပါ ယူအန်ဒီပီရုံးသည် ဂြိုဟ်တုဆက်သွယ်ရေးစနစ်မှ အင်တာနက် အသုံးပြုရခြင်းဖြစ်ပြီး စစ်အစိုးရ၏ မြန်မာ့ဆက်သွယ်ရေးနှင့် မြန်မာအင်ဖိုတက် ဆာဗာနှစ်ခုစလုံးနှင့် ဆက်စပ်ပတ် သက်ခြင်း မရှိကြောင်း သိရသည်။ စစ်အစိုးရက အင်တာနက်လိုင်းများကို ပြည်ပအဆက်
အသွယ် ဖြတ်တောက်ထားသော်လည်း ပြည်တွင်းအင်ထရာနက်သဘော ခွင့်ပြုထားကြောင်း ကြေညာခဲ့သည်။

ထိုသို့ကြေညာခဲ့သော်လည်း နိုင်ငံခြားထွက်မည့် မြန်မာနိုင်ငံသားများ ပြည်ပထွက်ခွာခွင့်ပုံစံ လျှောက်ထားရသော နေပြည်တော်မှ တင်ထားသည့် D-form ၀က်ဆိုဒ်ကိုလည်း ၀င်ရောက် အသုံးပြု၍မရသောကြောင့် လေဆိပ် လ၀က မှာပင် ဆွေမျိုးရင်းချာတယောက်က အာမခံ
ပေးသည့် စနစ်ကို ကျင့်သုံးကာ ထွက်ခွာခွင့်ပေးနေကြောင်း သိရသည်။

အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကို ဆက်သွယ်ရေးစက်ပစ္စည်းများ ပြုပြင်နေသော ကြောင့်ဟု စစ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် သံဃာတော်များဆန္ဒပြပွဲအတွင်း ပြည်တွင်းမှရုပ်ပုံများ၊ ဗီဒီယိုဖိုင်များကို အင်တာနက် လိုင်းမှတဆင့် နိုင်ငံတကာသို့ လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်ခဲ့သည့်အတွက် စစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို မျက်ဝါးထင်ထင်မြင်ကြရသောကြောင့် ယခုကဲ့သို့ အင်တာနက် အသုံးပြုခွင့် ပိတ်ပင်ထားခြင်းဖြစ်နိုင်သည်ဟု မြန်မာပြည်သူအများက ယုံကြည်နေကြသည်။

မူရင်း

moemaka

Maggin monastery was raided for the 4th time

0 comments
မဂ္ဂင်ကျောင်းကို ထပ်ဝင်ပြန်ပြီ
ဧရာဝတီ | အောက်တိုဘာ ၉၊ ၂၀၀၇

စစ်အစိုးရ စစ်သားများက သင်္ကန်းကျွန်းမြို့နယ် မဂ္ဂင် ဘုန်းကြီးကျောင်းကို တနင်္လာနေ့ညက စတုတ္ထအကြိမ် ၀င်ရောက် စီးနင်းခဲ့ကြောင်း သိရသည်။

ည ၉ နာရီခန့် မှ ည သန်းခေါင်ချိန်ခန့်အထိ ၀င်ရောက် စီးနင်းရှာဖွေရာတွင် စစ်သားများက ကွန်ပျူတာ တလုံးနှင့် ငွေသား တချို့ကို ယူဆောင်သွားသည်ဟု ၎င်း ကျောင်းတွင် တည်းခိုခဲ့သည့် အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်တဦးက ပြော သည်။

လွန်ခဲ့သော စက်တင်ဘာ ၂၆ ရက်က ယင်းမဂ္ဂင်ကျောင်းမှ ဖမ်းဆီးသွားသော သံဃာတော် ၂ ပါးနှင့် လူ ၂ ဦးကို အာဏာပိုင်များက တနင်္လာနေ့တွင် တခြားသူ ၄ ဦးနှင့်အတူပြန်လွှတ်ပေးခဲ့သည်။

ပြန်လွတ်လာသည့် သံဃာများမှာ မဂ္ဂင်ကျောင်း ဆရာတော် ဦးဟိန္ဒက၏ ဖခင် ဦးကေတုနှင့် ဦးနန္ဒိယတို့ဖြစ်ပြီး ကျန်လူ ၂ ဦးမှာ ကိုအောင်ဇော်ဝင်းနှင့် အမည်မဖော်လိုသူ တဦးတို့ဖြစ်သည်။ ၎င်းတို့သည် အင်းစိန်မြို့နယ်ရှိ စက်မှု လက်မှု သိပ္ပံကျောင်းဟောင်းတွင် ဖမ်းဆီးခံထားရခြင်းဖြစ်သည်ဟု သိရသည်။

စောစောပိုင်းတွင် စစ်သားများက ဖမ်းဆီးထားသော ဦးဟိန္ဒကနှင့် သံဃာတော်တပါး အပါအ၀င် ကိုသန်းထိုက်အောင်နှင့် ကိုအောင်သန်းတို့ကို မည်သည့် နေရာတွင်ဖမ်းဆီးထားကြောင်းကိုမူ မသိရှိရပေ။

စစ်သားများက မဂ္ဂင် ဘုန်းကြီးကျောင်းမှ ကျပ် ငွေ ၃၆၀၀၀၀ ကို သိမ်းယူသွားကြောင်း၊ ယခုအချိန်အထိ ၎င်းတို့အတွက် လိုအပ်သော အထောက်အထားများကို ရှာဖွေကြကြောင်း အထက်ပါ ဝေဒနာရှင်က ပြောသည်။

မဂ္ဂင်ကျောင်းတွင် စောင့်ရှောက်ထားသော အိတ်ခ်ျအိုင်ဗီ အေအိုင်ဒီအက်စ် ဝေဒနာရှင်များကို ယခုမစီးနင်းခင်ကပင် စစ်သားများက မြောက်ဥက္ကလာပ မြို့နယ်ရှိ ဝေဘာဂီ ကူးစက်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။

လတ်တလောတွင် မဂ္ဂင်ကျောင်းကို ပြန်လည်ဖွင့်ခွင့်ရရန် ကြိုးပမ်းလျက်ရှိကြောင်း လွတ်မြောက်လာသည့် သံဃာတော် တပါးကပြောဆိုသည်။

မူရင်း

irrawaddy.org



victims receive imprisonment

0 comments
မန္တလေးအဖွဲ့ချုပ်ဝင်များ မတရား ထောင်ဒဏ်တပ်ခံရ
အေးလဲ့ | အောက်တိုဘာ ၉၊ ၂၀၀၇

- - - - - - ယင်းသို့ သံလက်သီးဖြင့် အထိုးခံခဲ့ရပြီး တရားစွဲခံထားရသူ ဦးသန်းလွင် အသက် (၇၀)နှစ်ကို - - - -

မန္တလေးတိုင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဒု ဥက္ကဌ မတ္တရာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းလွင်အမှုတွင် တရားစွဲခံရသူ ၉ ဦးအား ထောင်ဒဏ် ၅ နှစ်မှ ၇ နှစ်အထိ ပြစ်ဒဏ် ချမှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ ပြစ်ဒဏ်ကျခံသူများမှာ အန်အယ်လ်ဒီ မတ္တရာမြို့နယ် စည်းရုံးရေး ဒု ဥက္ကဌ ဦးညိုကြီး၊ မတ္တရာ မြို့နယ် ဥက္ကဌ ဦးခင်မောင်သန်း၏သား ကိုညီညီ၊ မြို့နယ် အတွင်းရေးမှုး ဦးကျော်ဆွေ၊ မြို့နယ်စည်းရုံးရေး အဖွဲ့ဝင် ဦးသောင်းနိုင်၊ တွဲဖက်အတွင်းရေးမှုး ဦးညိုလေး၊ ဦးသန်းလွင်၏သမီး ဒေါ်ခင်မကြီးနှင့် ဒေါ်ခင်မလေး၊ သားဖြစ်သူ ကိုဇော်မင်းလွင် နှင့် သားမက်ဖြစ်သူ ဦဥာဏ်စိန်တို့ကို မတ္တရာမြို့နယ် တွဲဖက်တရားသူကြီး ဦးမြင့်ဟန်က သောကြာနေ့တွင် ပြစ်ဒဏ်ချမှတ် လိုက်ခြင်း ဖြစ်သည်ဟု ရှေ့နေ ဦးမြင့်သွင်ကပြောသည်။

“အခုချိန်အထိ ဦးသန်းလွင်ကို ထိုးသွားတဲ့ တရားခံကိုတော့ ရှာဖွေတွေ့ရှိခြင်းမရှိသေးပါဘူး၊ ရဲစခန်းမှာ အမှုလည်း မဖွင့်ရသေးဘူး”ဟု ဦးမြင့်သွင် ကပြောသည်။

ယင်းအမှုတွင် အန်အယ်လ်ဒီ မတ္တရာမြို့နယ် စည်းရုံးရေး ဒု ဥက္ကဌ ဦးညိုကြီးသည် ကြံဖွံ့ရုံးရှေ့တွင် ဂုဏ်သိက္ခာကျဆင်း စေရန် ခြိမ်းခြောက်ပြောဆိုမှု ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ (၅၀၆) ဒုတိယပိုင်းဖြင့် ထောင်ဒဏ် ၇နှစ်၊ ကျန်ရှိ သူများကို ပုဒ်(၅၀၆)ဒုတိယပိုင်း (၁၁၄) ဦးညိုကြီး ခြိမ်းခြောက်ပြောဆိုရာတွင် ထောက်ခံ့မှုဖြင့် ထောင်ဒဏ် ၅နှစ်စီ ချခဲ့သည်ဟု ၎င်းက ဆိုသည်။

ဦးသန်းလွင်ကို သံလက်သီးဖြင့်ထိုးသွားသူက ကြံ့ဖွံ့ရုံးထဲဝင်ပြေးသွားသည်ကို ဦးညိုကြီးက တွေ့ရှိခဲ့သောကြောင့် ခြိမ်းခြောက်ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းသို့ သံလက်သီးဖြင့် အထိုးခံခဲ့ရပြီး တရားစွဲခံထားရသူ ဦးသန်းလွင် အသက် (၇၀)နှစ်ကို အောက်တိုဘာ ၂ ရက်နေ့ ညက နေအိမ်၌ ရဲ များက လာရောက်ဖမ်းဆီးသွားခဲ့သည်။

ဦးသန်းလွင်သည် ဇွန်လ ၁၅ရက် နေ့ကပြုလုပ်သည့် ဒေါ်အောင်ဆန်းစုကြည် နှင့်နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက် ရေးဆုတောင်းပွဲမှ အပြန်တွင် အမည်မသိ လူတဦး၏ သံလက်သီးဖြင့် ထိုးခြင်းခံခဲ့ရသည့် အပြင် မတ္တရာမြို့နယ် မြို့နယ် ကြံ့ဖွံ့အတွင်းရေးမှူး ဦးကျော်မင်းက တရားခံအဖြစ် ပြန်လည် တရားစွဲဆိုခြင်း ခံခဲ့ရသူ ဖြစ်သည်။

သံလက်သီးဖြင့် အထိုးခံရသောကြောင့် နှာခေါင်းရိုးကျိုးသွားပြီး မျက်လုံးတဘက်ပါ ထိခိုက်ခံခဲ့ရသည့်အတွက် ဦးသန်းလွင် သည် ဆေးရုံတွင် ၁၄ ရက်ကြာ ဆေးကုသမှုခံယူခဲ့ရသည်။

ယင်းသို့ ဦးသန်းလွင် သံလက်သီးဖြင့် အထိုးခံခဲ့ရသည်ကို မတ္တရာရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့သော်လည်း တာဝန်ရှိသူ များက ယခုအချိန်အထိ အရေးယူ ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီအမှုကို ကြည့်ခြင်းဖြင့် ကျနော်တို့နိုင်ငံမှာ တရားဥပဒေမစိုးမိုးနိုင်းသေးဘူး။ တရားဥပဒေ လွတ်လပ်မှု မရှိဘူး ဆိုတာကို ပြတာပဲ” ဟု ရှေ့နေ ဦးမြင့်သွင်က ဆိုသည်။

မူရင်း

irrawaddy.org



Monday, October 8, 2007

interview: worse than british colonial period

0 comments
စက်တင်ဘာ (၂၇) ၌ ရန်ကုန်မြို့ ဆူးလေဘုရားလမ်း သံဃာတော်များ၏ဆုတောင်းဆန္ဒပြမှုတွင် ပါဝင်ပူးပေါင်းခဲ့သဖြင့် အင်းစိန်ဂျီတီအိုင်၌ ဖမ်းဆီးခံခဲ့ရပြီး ယခုလ (၃) ရက်၌ ပြန်လည်လွတ်မြောက်လာသည့် လှိုင်သာယာမြို့နယ်နေ မလှလှမွန်၏ ပြောကြားချက်။

NEJ/ ၈ အောက်တိုဘာ ၂၀၀၇

“- - - - - -အန်အယ်လ်ဒီအဖွဲ့ဝင်တွေ အမျိုးထဲမှာရှိလား၊ နောက်ပြီးတော့ သံဃာတော်တွေနဲ့ ဆက်နွှယ်မှုရှိလား၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဆက်နွှယ်မှုရှိလား၊ အဲ့ဒါ ကျမကိုမေးတယ်။ - - - - -”

ခေတ်ပြိုင် - အဖမ်းခံရပုံကို ပြန်ပြောပြပါလား။
မလှလှမွန် - (၂၇) ရက်နေ့ကဖမ်းသွားတာ။ ဘူတာကြီး ခုံးတံတားမှာအဖမ်းခံရတာ။ ဆန္ဒပြတာ ကတော့ ဆူးလေဘုရားလမ်းမှာပြတာ။ အဲကနေ ပွဲပျက်သွားပြီးတော့ ကျောင်းသားတွေနဲ့ ပြည်သူ လူထုတွေ တက်လာတဲ့လမ်းကို သမီးတို့တွေ ဘူတာကြီးခုံးတံတားလမ်းက နေလိုက်သွားတာ။ အဲဒီမှာ အဖမ်းခံရတာ။


ခေတ် - ဖမ်းတဲ့လူတွေကဘယ်သူတွေလဲ။ ဘယ်လိုဖမ်းသွားတာလဲ။
မွန် - ဖမ်းတာ စစ်သားတွေပါ။ ဖမ်းသွားတုန်းကဆိုရင် အင်းစိန်ကိုမပို့ခင် လမ်းမှာ တီအီးကားတွေနဲ့ အဆင့်ဆင့်ပြောင်းရတယ်။ စစ်သားတွေက လူသတ်ရုံ ဖမ်းရုံတင်မကဘူး ပစ္စည်းပါလုတယ်။ သမီးဆိုရင် နာရီပါသွားတယ်။ မျက်နှာကို လုံးဝမော့ကြည့်မခံဘူး။ ခေါင်းကိုငုံ့ထားရတယ်။ မော့ကြည့်တာနဲ့ တုတ်နဲ့ရိုက်တယ်။ သမီးတော့ ရင်ဝဆောင့်ကန်ခံခဲ့ရတယ်။ ထပြောလို့တဲ့။ ယောက်ျားလေးတွေဆို တော်တော်အနှိပ်စက်ခံရတယ်။ သမီးတို့တွေက မိန်းခလေးတွေဆိုတော့ သက်သာသေးတယ်။ ကားပေါ်မှာလုံးဝ အမော့မခံဘူး၊ မော့တာနဲ့ဗျင်းတာ။ တုတ်တွေနဲ့ရိုက်တယ်။ ဖိနပ်တွေနဲ့ဆောင့်ကန်တယ်။ မကျေနပ်ရင် မကျေနပ်သလို လုပ်တယ်။

ခေတ် - အင်းစိန်ဂျီတီအိုင်မှာရောဘယ်လိုနေရလဲ။
မွန် - အင်းစိန်သင်တန်းကျောင်း ဂျီတီအိုင်မှာ (၄) ရက်လောက်ထားတယ်။ ရောက်တဲ့နေ့ကစပြီး ထမင်း (၃) နပ်ငတ်တယ်။ ထမင်း(၃) နပ်မကြွေးဘူး။ သမီးတို့ မိန်းကလေးတွေချည်းပဲ အဲ့ဒီအခန်းထဲမှာ (၁၅၆) ယောက်ရှိတယ်။ မယ်သီလရှင်တော့မပါဘူး။ သက်ကြီးရွယ်အိုတွေ ခလေးတွေလည်း ပါတယ်။ ကျန်းမာရေးနဲ့ လုံးဝညီညွတ်မှုမရှိဘူး။ အခန်းဘေးမှာ အခန်းတခန်းရှိတယ်။ အဲ့ဒီအခန်းထဲမှာ အညစ်အကြေး စွန့်ရတယ်။ မျက်နှာသစ်ခွင့် မပေးဘူး။ အထဲက အနံ့အသက်တွေ နံတယ်ဆိုတဲ့ အကြောင်း သူတို့ကို သွားပြောတော့ အခန်းတခန်းလဲပေးတယ်။ အဲ့ဒီအခန်းကို သူတို့ စည်ပင်ခေါ်ပြီး ရှင်းတယ်။ အိမ်သာလုပ်ပေးတော့လည်း အိမ်သာက မြောင်းတူးထားတာ။ ရေလုံးဝမပေးဘူး။ မိန်းကလေးတွေ ရေချိုးခွင့်လည်းမပေးဘူး။ တကိုယ်လုံးဆိုတာ နံစော်နေတာပဲ။

ခေတ် - အဲဒီမှာအဖမ်းခံထားရတဲ့ သံဃာတော်တွေကိုရောတွေ့ရလား။
မွန် - သံဃာတွေကိုတွေ့တယ်။ ဆီးသွားတဲ့အခါမျိုးမှာ တွေ့ရတာ။ ဘုန်းကြီးတွေ အပြင်ထွက်လာတာမျိုးပဲ တွေ့ရတယ်။ အခန်းထဲမှာ နေရင်ဘာမှမမြင်ဘူး။ သံဃာတွေကို လူဝတ်တွေ လဲပေးထားတယ်။ သူတို့တွေက တော်တော်ကျပ်တည်းတယ်။ အရုဏ်ဆွမ်း လုံးဝမကြွေးဘူး။ တနပ်ပဲကြွေးတယ်။

ခေတ် - နောက်တော့ဘာဆက်ဖြစ်လဲ။
မွန် - အဲဒီကနေ ကျိုက္ကဆံကို ပြောင်းတယ်။ ကျိုက္ကဆံရောက်တော့ ရေချိုးခိုင်းတယ်။ ရေချိုး ခိုင်းပြန်တော့လည်း ၀ုန်းဝုန်းဝုန်းဝုန်းဆို ရေကမန်းကတမ်းလောင်း၊ လောင်းပြီးသွားရင် ဆပ်ပြာတိုက်၊ တိုက်ပြီးရင် ရေထပ်လောင်း၊ လောင်းပြီးရင် ပြန်တက်တော့၊ အ၀တ်အစားလည်း လဲခွင့်မပေးဘူး။ ကျမဆိုရင် ခါးဝတ်နဲ့ပါသွားတဲ့ဟာ အဲ့အတိုင်းပဲ ရေလောင်းချိုးပြီးတော့ အ၀တ် အစားတွေ ရေညှစ်ပြန်ဝတ်ပြီးတော့ အဲအတိုင်းပဲရေစိုနဲ့နေရတာ။ ပိုက်ဆံပါလာတဲ့လူတွေကျတော့ အပြင်ကနေ၀ယ်ပေးတယ်။ ကျမတို့က ပိုက်ဆံမပါလာတော့ ၀ယ်မပေးဘူး။ ပစ္စည်းလည်းမပေးဘူး။

ခေတ် - အိပ်တော့ရော ဘယ်လိုအိပ်ရလဲ။
မွန် - အင်းစိန်မှာထားတုန်းကဆိုရင် သမံသလင်းပေါ်မှာအိပ်ရတယ်။ ကျိုက္ကဆံရောက်တော့လည်း အပေါ်ထပ် နှစ်ထပ်ရှိတယ်၊ အဲဒီပျဉ်ပြားပေါ်မှာ ဒီအတိုင်းအိပ်ရတာ။ လွှတ်ခါနီးတရက်လောက်အလိုမှာ စောင်လာပေးတယ်။ သမီးတို့ အဲဒီဆောင်ကို ခေါင်းအုံးအိပ်တယ်။ အောက်မှာအခင်း ဘာမှမရှိဘူး။

ခေတ် - ဖမ်းထားတဲ့အချိန်မှာ စစ်ဆေးမေးမြန်းတာတွေ လုပ်သေးလား။ ဘာတွေမေးလဲ။
မွန် -
ကိုယ်ရေးရာဇ၀င်တွေ ရေးယူတယ်။ အန်အယ်လ်ဒီအဖွဲ့ဝင်တွေ အမျိုးထဲမှာရှိလား၊ နောက်ပြီးတော့ သံဃာတော်တွေနဲ့ ဆက်နွှယ်မှုရှိလား၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ ဆက်နွှယ်မှုရှိလား၊ အဲ့ဒါ ကျမကိုမေးတယ်။ ကျမကမရှိဘူးလို့ ပြောလိုက်တယ်။ အဲဒါကြောင့်မို့လို့ ကျမကိုပြန်လွှတ်တာ။ သမီးတို့ကို ပြန်လွှတ်တုန်းကတော့ သင်္ကန်းကျွန်း မယကရုံးမှာ လက်မှတ် ထိုးရတယ်။ အိမ်ကအုပ်ထိန်းသူ လာပြီးတော့ထုတ်ရတယ်။ အုပ်ထိန်းသူလည်း လက်မှတ်ထိုးရတယ်။ သမီးတို့လည်း လက်မှတ်ထိုးရတယ်။

ခေတ်- ခုလိုမျိုးဆန္ဒပြပြီး အဖမ်းခံရတဲ့အပေါ်မှာ ဘာပြောချင်ပါသလဲ။
မွန် -
အာဏာပိုင် စစ်အစိုးရရိုင်းတယ်ဆိုတာ ကိုယ်ကိုယ်တိုင်တွေ့မှ ကြုံမှသာ တကယ်သိတော့တယ်။ အဲ့သလောက်ထိ ရိုင်းစိုင်းလိမ့်မယ်လို့ ကျမတို့မထင်ထားဘူး။ ဘာလို့လဲဆိုတော့ မြန်မာ လူမျိုးတွေလေ။ ဗုဒ္ဓဘာသာတွေ။ ဘုန်းကြီးသံဃာတွေကိုလည်း ကိုယ့်ရှေ့မှာ လုပ်နေတာကိုမြင်ရတဲ့အခါကျတော့ စိတ်ထဲမကောင်းဘူး။

သမီးတို့ငယ်ငယ်တုန်းက အမေတို့ကပြောဘူးတယ်၊ အင်္ဂလိပ်လက်ထက်တုန်းက အဲ့ဒီလောက်မဆိုးဘူးတဲ့။ အခုမြန်မာလူမျိုးစစ်စစ်က ကျမတို့ဘုန်းကြီး တွေကို ပါးတွေချတယ်၊ နားတွေချတယ်၊ ဆောင့်ကန်တယ်၊ ရက်ရက်စက်စက် သတ်ပြစ်ကြတယ်။ ဒါတွေကိုရပ်တန်းက ရပ်ပေးရင်ကောင်းပါလိမ့်မယ်။ ကျမတို့ပြည်သူလူထုတွေဟာ တကယ်ကို ဒုက္ခရောက်နေပြီ။


မူရင်း

khitpyaing.org



monks' leader doesn't satisfied with the UN

0 comments
ကုလသမဂ္ဂမှ လက်တွေ့ကျသည့်လုပ်ရပ်ကို လုပ်ရန်လိုသည်ဟု
တပ်ပေါင်းစုသံဃာတပါးက မိန့်ဆို

ဗထူး။ yoma 3 အောက်တိုဘာ ၆

- - - - နေ့ညမပြတ် လူထုနှင့်သံဃာထုမှာ အကြမ်းဖက် လုပ်ကြံမှုများ ကို ခံနေရပြီး တရက်နှောင့်နှေးလျှင် တရက်ပိုမို ဆုံးရှုံးနစ်နာနေရသည့်အတွက် - - - -

ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြဆွေးနွေးချက်များကို အားရသော်လည်း လက်တွေ့ကျသည့် အရေးယူဆောင်ရွက်ချက်ဖြစ်ဖို့ လိုသည်ဟု သံဃာ့တပ်ပေါင်းစုအဖွဲ့ဝင် သံဃာတပါးက ယနေ့ မိန့်ဆိုသည်။

စစ်အစိုးရက ဆန္ဒပြသံဃာများနှင့် ပြည်သူများအား အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးနေသည့် အချိန်တွင် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် အထူးကိုယ်စားလှယ် မစ္စတာ ဂန်ဘာရီက ယမန်နေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြဆွေးနွေးမှုများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ မိန့်ဆိုခြင်းဖြစ်သည်.

“အားရတယ်ဆိုသော်ငြားလည်းပဲ လက်တွေ့ကျတဲ့၊ ထိရောက်တဲ့ဟာတွေကို လုပ်ပေးနိုင်ဖို့တော့ လိုတယ်။ ရေရှည်အတွက်ဟာမျိုးတွေတော့ မဖြစ်သင့်ဘူးပေါ့၊ ဥပမာ စီးပွားရေးပိတ်ဆို့မှုလို ဟာမျိုးတွေ၊ လက်နက်ရောင်းဝယ်တာ ပိတ်ဆို့မှု ဟာမျိုးတွေနဲ့ ကိုင်တွယ်မယ်ဆိုတာတော့ မဖြစ် သင့်ဘူး၊ ဒါတွေက နောက် ၁၀ နှစ် ၁၅ နှစ်ကြာမှ ရလဒ်ထွက်လာမဲ့ ဟာတွေ၊ အခုဖြစ်နေတာက ဒီနေ့ဖြစ်နေတဲ့ဟာတွေ၊ မနေ့က ဖြစ်နေတဲ့ဟာတွေ ဒီနေ့ညနေနဲ့ ဒီနေ့ညနဲ့တောင် မတူဘူး၊ ချက်ခြင်းကိုပဲ လက်တွေ့ကျကျ ထိရောက်တဲ့ မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှုတွေကို အရေးတကြီး လိုတယ်”ဟု ဦးဂမ္ဘီရက မိန့်သည်။

ပူနေသည့်အချိန် သံကိုကွေးဖြောင့်ရသလို အဖြစ်အပျက်များ ပူနွေးနေသည့် ယခုအချိန်ကာလ တွင် ဖြေရှင်းရန်လိုအပ်ကြောင်း၊ နေ့ညမပြတ် လူထုနှင့်သံဃာထုမှာ အကြမ်းဖက် လုပ်ကြံမှုများ ကို ခံနေရပြီး တရက်နှောင့်နှေးလျှင် တရက်ပိုမို ဆုံးရှုံးနစ်နာနေရသည့်အတွက် ကုလသမဂ္ဂ အနေဖြင့် အချိန်မှီ မြန်မြန်ဆန်ဆန်နှင့် လက်တွေ့ကျကျ ဖြေရှင်းရန်လိုသည်ဟု ဆက်လက် မိန့်ဆိုသည်။

ယမန်နေ့ည စစ်အစိုးရ ရုပ်သံအစီအစဉ်တွင် ရန်ကုန်တိုင်း သံဃာ့မဟာနယကဆရာတော်များ အား တိုင်းအထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဦးလှစိုးက ရန်ကုန်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်း (၁၈) ကျောင်းကို လုံခြုံရေးတပ်ဖွဲ့များ စီးနင်းခဲ့ရာတွင် သံဃာတော်များနှင့်မအပ်စပ်သည့် အသုံးအဆောင်ပစ္စည်းများနှင့် အမျိုးသမီးများ၏ အသုံးအဆောင်ပစ္စည်းများကို တွေ့ခဲ့သည့် အတွက် သာသနာအတွက် ဝမ်းနည်းဖွယ်ရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ လျှောက်ထားချက်နှင့်ပတ်သက်၍ ဦးဂမ္ဘီရက “ဒါတွေကတော့ တမင်လုပ်ကြံ အပြစ်တင် စွပ်စွဲတာတွေပဲ၊ သူတို့ရဲ့အပြစ်ကို သူခိုးကလူလိုဟစ်တဲ့သဘောပါ၊ ဆင်သေကို ဆိတ်သားရေ ဖုံးတဲ့ သဘောတွေပဲ၊ သံဃာထုရဲ့ အခြေအနေကို လူထုလည်းသိတယ်၊ သံဃာထုလည်း သိတယ်၊ ကမ္ဘာကလည်း သိတယ်၊ နိုင်ငံတကာကလည်း သိတယ်၊ ဦးဇင်းတို့အနေနဲ့ အထူး ဖြေရှင်းနေစရာ မလိုဘူးဗျ၊ ဘယ်သူက ဓမ္မလည်း၊ ဘယ်သူက အဓမ္မလည်းဆိုတာ အားလုံး လည်း ရှင်းရှင်းလေးသိပြီးသားပဲ”ဟု မိန့်ဆိုသည်။

စစ်အစိုးရရုပ်သံတွင် မစ္စတာ ဂန်ဘာရီနှင့် စစ်အစိုးရအာဏာပိုင်များ တွေ့ဆုံခဲ့ရာတွင် နှစ်ဖက် ပြောဆိုချက်များနှင့် ယမန်နေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တင်ပြချက်များ လွဲချော်မှုများ ရှိခဲ့ရာ စစ်အစိုးရသည် ယခုတိုင် ပြည်သူလူထုအား သတင်းအချက်အလက်မှားများ ယခင်က အတိုင်း ဖော်ပြပေးလျှက်ရှိနေသည်ဟု စောင့်ကြည့်လေ့လာသူများက ဆိုသည်။

“ဒီနအဖက တော်တော်မိုက်လုံးကြီးတယ်၊ မိုက်တွင်းကို အနက်ကြီးကိုတူးပြီး မိုက်တယ်။ ခုချိန်ထိ နောင်တမရသေးဘူး၊ ဦးသန်းရွှေတို့အနေနဲ့ ဒီပုဂ္ဂိုလ်တွေကို နည်းနည်းပြောချင်တယ်၊ အနိုင်ကျင့်တုန်းက အနိုင်ကျင့်ရဲတဲ့ သတ္တိ၊ အနိုင်ယူတုန်းက အနိုင်ယူရဲတဲ့ သတ္တှိရှိတယ်၊ ရှုံးတဲ့အခါမှာလည်း အရှုံးကိုလက်ခံရဲတဲ့ သတ္တိရှိဖို့လိုတယ်။ အဲ့ဒါ အရေးကြီးတယ်၊ အရှုံးကို ရောက်လာတဲ့အခါကျမှ အရှုံးကို လက်မခံရဲပဲ ဝေ့လည်ကြောင်ပတ်လုပ်နေတယ်၊ ဆက်ပြီး လိမ်ညာနေတယ်”ဟု ဦးဂမ္ဘီရက မိန့်သည်။

အကြမ်းဖက်မှုများကို လုံလုံလောက်လောက် ဖုံးကွယ်၍မရနိုင်တော့သလို စစ်အစိုးရ ဆက်လက် အာဏာတည်မြဲရေးသည် ဘယ်လိုမှ မဖြစ်နိုင်တော့သည့်အတွက် ညီညွတ်ရေးကို အသိတရား နှင့်မဟုတ်ပဲ အကောင်အထည်ဖော်သွားရန်သာ လိုအပ်ကြောင်း ဆက်လက်မိန့်ဆိုသည်။

“ငြိမ်းချမ်းချင်ရင်၊ တိုင်းပြည်ကြီး စနစ်ဆိုးကြီးအောက်က လွတ်မြောက်စေချင်တယ်ဆိုရင် လက်ရှိဘဝတွေ၊ လက်ရှိအဖြစ်တွေ၊ လက်ရှိစနစ်တွေကို လက်မခံချင်တော့ဘူးဆိုရင်တော့ တကယ်ညီညွတ်ကြဖို့လိုတယ်။ ညီညွတ်ဖို့ဆိုတာ သိရုံနဲ့မရဘူး၊ တကယ်ညီညွတ်အောင် ကြိုးစားကြဖို့လိုတယ်။ ညီညွတ်ရင် အားပါပဲ” ဟု မိန့်သည်။

မူရင်း

yoma3.org/news



Sunday, October 7, 2007

monks condition in Meik Hti La city

0 comments
ဆန္ဒပြမည်စိုးသဖြင့် မိထ္ထီလာမှ စာသင်သား ရဟန်းပျိုများအိမ်ပြန်လွှတ်
မဇ္ဈိမသတင်းဌာန အောက်တိုဘာ ၅


“ - - - ဒုက္ခ ပေးနေကြတယ်။ ကြံ့ဖွံ့တွေပေါ့။ လိုက်ရှုတ်နေတာ။ ကျောင်းကို ခဏခဏလာပြီး အရေးယူမယ်၊ ဖမ်းမယ်နဲ့ အမျိုးမျိုး ခြိမ်းခြောက်တယ်တဲ့- - - -”





မန္တလေးတိုင်း မိတ္တီလာမြို့ရှိ အကြီးဆုံး စာသင်တိုက်ကြီး နှစ်ခုမှ စာသင်သား ရဟန်းပျိုများကို ဆန္ဒပြမည် စိုးသဖြင့် အုတ်ထိန်းသူများမှ အမြန်ဆုံး ခေါ်ယူရန်အတွက် ကြံ့ဖွံ့များနှင့် ကျောင်းထိုင် ဆရာတော်များက ယခုလ ၃ ရက်နေ့က အမိန့်ထုတ်လိုက်သည်။

သံဃာတော်များနှင့် ပြည်သူများမှ ပူးပေါင်း၍ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်မည်ကို စိုးရိမ်သဖြင့် မိတ္ထီလာ-မန္တလေး အဝေးပြေး လမ်းဘေးတွင် တည်ရှိသည့် အကြီးဆုံး စာသင်တိုက်ကြီးများ ဖြစ်သော သာသနာ့ ဝေဘုံနနှင့် ဝင်းသော်ပြည့် ကျောင်းတိုက်များမှ ကျောင်းထိုင် ဆရာတော်များနှင့် ကြံ့ဖွံ့ အာဏာပိုင်များက စာသင်သား ရဟန်းပျိုများ၏ မိဘများကို အမြန်ဆုံး လာရောက် ခေါ်ယူကြရန် အတွက် ယခုလို အမိန့် ထုတ်လိုက်ခြင်း ဖြစ်သည်။

“ကြံ့ဖွံ့တွေပေါ့၊ ကျောင်းကိုလာပြီး ဘုန်းကြီးတွေကို ပြောတာတဲ့။ စာသင်သား ရဟန်းပျိုတွေပေါ့၊ သူတို့ရဲ့ မိဘတွေကို အကြောင်းကြားပြီး ခေါ်ယူခိုင်းတယ်ပေါ့။ နေရပ်ကို ပြန်ခိုင်းတယ်။ အတင်းပါပဲ။ မိဘတွေကို ခေါ်ခိုင်းပြီးမှ အပ်လိုက်တယ်။ ကိုယ့်နေရပ်မှာ ဘာလုပ်လုပ်ပေါ့။ ဆူပူမှု မဖြစ်အောင် ကြိုပြီး ပိတ်လိုက်တာ။ ကျောင်းထိုင် ဘုန်းကြီးတွေလည်း စိုးရိမ်လို့နေမှာ။ စာသင်သားတွေက ရှေ့က ဦးဆောင်မယ့်သူ ရှိရင် ဆန္ဒပြမယ်လို့ ပြောနေကြလို့တဲ့။ သူတို့က လုပ်ချင်နေတာ ကြာပြီ။ ကျောင်းထိုင်တွေက လုပ်ရင် အိမ်ယာလိပ်ပြီး ပြန်ဆိုပြီး ပြောထားတော့ စပြီး ဘယ်သူမှ မလုပ်ရဲဘူးပေါ့” ဟု ကျောင်းတိုက်များနှင့် နီးစပ်သူ မြို့ခံ တဦးက မဇ္ဈိမကို ပြောသည်။

မိတ္ထီလာသို့ နယ်ဒေသများမှ လာရောက် သင်ကြားသော စာသင်သား ရဟန်းပျိုများသည် ကျောင်းတိုက် တတိုက်လျှင် အပါး ၄ဝဝ ခန့် ရှိကာ အခြား သံဃာတော်များနှင့် ဆိုလျှင် စုစုပေါင်း ၈ဝဝ ပါးခန့် ရှိသည့် ကျောင်းတိုက်များ ဖြစ်ပြီး၊ ကျောင်းတိုက်ငယ်ပေါင်း ၁၃ ကျောင်းခန့်လည်း ရှိသည်ဟု သိရသည်။
ရဟန်းပျိုများကို ယခုလို နေရပ်ရင်းသို့ အတင်းအကျပ် ပြန်သွားစေရန် စီမံသော်လည်း အများစုသည် မိဘများက လာမခေါ်သလို ပြန်ရန်အတွက်လည်း ငွေကြေးမတတ်နိုင်သဖြင့် အခက်အခဲ ဖြစ်နေကြောင်း အခြား ဒေသခံ တဦးက မဇ္ဈိမကို ပြောသည်။

“တချို့ဆို အဝေးကလာတဲ့ စာသင်သားတွေပေါ့။ ပြန်စရိတ်က ခက်ခဲနေကြတာပေါ့။ မိဘတွေကလည်း လာမခေါ်နိုင်ကြဘူး ထင်တယ်။ ဒုက္ခတွေ ရောက်နေကြတာပေါ့။ ဘာမှတောင် မလုပ်ရသေးဘူး၊ ဒုက္ခ ပေးနေကြတယ်။ ကြံ့ဖွံ့တွေပေါ့။ လိုက်ရှုတ်နေတာ။ ကျောင်းကို ခဏခဏလာပြီး အရေးယူမယ်၊ ဖမ်းမယ်နဲ့ အမျိုးမျိုး ခြိမ်းခြောက်တယ်တဲ့” ဟု သူက ပြောသည်။

မူရင်း

bnionline.net/bur



Saturday, October 6, 2007

some monks fled burma

0 comments
သံဃာတော်များ ထိုင်းနယ်စပ်သို့ တိမ်းရှောင်

အောင်မိုးမြင့်။ သတင်းနှင့်မီဒီယာကွန်ယက် အောက်တိုဘာ ၅

“- - - - မြစ်ကြီးနားက ယုဇန ဘုန်းကြီးကျောင်းဆိုလို့ရှိရင် အခမဲ့ ပညာဒါန ဖန်တီးထားတဲ့ ဘုန်းကြီးကျောင်းပေါ့ ငါးတန်းကနေ ဆယ်တန်းအထိ။ အဲ့ကျောင်းက ဆရာတော်ကိုဆိုလို့ရှိရင် သူတို့ ခေါ်သွားတဲ့ ထဲမှာတင်ပဲ ပျံလွန်တော်မူသွားတယ်။- - - - -”



စစ်အစိုးရက သံဃာတော်များကို ကျောင်းတိုက်များအတွင်း ညအချိန်တွင် ၀င်ရောက် ရိုက်နှက်ဖမ်းဆီးနေမှု ကြောင့် ထိုင်းမြန်မာ နယ်စပ်သို့ ရဟန်းသံဃာ သုံးပါး ထွက်ပြေးတိမ်းရှောင်လာသည်။

ရန်ကုန်မြို့မှာ ရဟန်းတွေကို ဖမ်းတယ် ဆီးတယ် ရဟန်းတွေကို သတ်တယ်။ ကျောင်းတိုက်တွေလည်း ကုန်သလောက်ရှိနေပြီး ဆရာတော်တွေလည်း ပျံလွန်တော်မူတာတွေ ရှိတယ်။ နောက်ပြီးတော့ ဆွမ်းခံ ထွက်လို့လည်း မရဲတော့ဘူး ဒကာရေ့။ ဆွမ်းခံရင်လည်း ရက်ကွက်က ရ၀တ တွေရှိတယ်၊ သူတို့ခိုင်း တဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့တို့ မျိုးဆက်သစ်တို့ ဘာတို့ဆိုတာ ရှိတယ်။ ဒီကောင်တွေကလည်း ဦးဇင်း တို့ လိုက်လံပြီး ချောင်းမြောင်းနေတာပေါ့နော့်၊ ချောင်းမြောင်းတော့ ဦးဇင်းတို့ ကျောင်းပြန်အိပ်ဖို့ ဆိုတာကလည်း ဝေးတာပေါ့နော်၊ အဲ့တော့ ဒကာ ဒကာမတွေကလည်း ပုန်းအောင်းဖို့ သူတို့ထိန်း သိမ်းပေးတာပေါ့နော်၊ နေဖို့အတွက်။ ဒါပေမဲ့ ဦးဇင်းတို့ ဆက်နေရင် သူတို့အတွက်လည်း ဒုက္ခတွေ ရောက်မယ်။ သူတို့ကို ဒုက္ခမဖြစ်စေချင်တာရယ်၊ ကျောင်းတိုက်တွေမှာ ပြန်အိပ်လို့မရတာရယ်၊ အဲ့ဒါ ကြောင့် ဦးဇင်းတို့ ခေတ္တ ၀ါတွင်း အခုဆိုရင် ရက်နှစ်ဆယ်ပဲ လိုပါတော့တယ်။ ခေတ္တ အဲ့ဒီ ရက်နှစ် ဆယ်ကို ဦးဇင်းတို့ ဒီကို ရှောင်လာတာပေါ့ ဟု ထိုင်းမြန်မာနယ်စပ်ရောက် ကိုယ်တော်တပါးက ပြောသည်။

ယခု ရောက်ရှိလာသော သံဃာများသည် ဆန္ဒပြလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်ခဲ့ကာ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ရှိ ရန်ကင်းလမ်းဆုံအရောက်တွင် လုံခြုံရေးယူထားသော ရဲများနှင့် လုံထိန်းများက အကြမ်း ဖက်လူစုခွဲခံခဲ့ရပြီးနောက် လွတ်မြောက်ရာသို့ ထွက်ပြေးခဲ့သည်။
ညပိုင်းတွင် ကျောင်းတိုက်များသို့ စစ်တပ်က ၀င်ရောက် ရှာဖွေ ဖမ်းဆီးခဲ့ခြင်းကြောင့် ကျောင်းတိုက်သို့မပြန်ဘဲ နယ်စပ်သို့ တိမ်းရှောင်လာခြင်း ဖြစ်ကြောင်း ဆက်လက်ပြောသည်။

ရန်ကုန်မြို့အပါအ၀င် နယ်မြို့များရှိ ဘုန်းတော်ကြီးကျောင်းများသို့ စက်တင်ဘာလ ၂၅ ရက်နေ့မှစ၍ ဖမ်းဆီးခဲ့ ပြီး ယခုအခါ ပိုမိုဆိုးရွား လာနေသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကိုလေးလွင်က ပြောသည်။

ကျနော်တို့ ရထားတဲ့သတင်းအရဆိုရင် အားလုံး ၃၂ ကျောင်းရှိတယ်။ တချို့တွေက တချို့ဘုန်းကြီး ကျောင်းမှာရှိတဲ့ လူတွေကော၊ ဘုန်းကြီးတွေကော၊ ကိုယ်တော်တွေပါ အကုန်ပါသွားတဲ့အခါမှာ အတိ အကျမရပေမဲ့ ကျနော်တို့ ခန့်မှန်းချေအရ အဲ့လိုပဲ ဖမ်းဆီးခေါ်ဆောင်သွားတာပဲ သက်သက်ဆိုရင် ၁၅၀၀ ၀န်းကျင်လောက်ရှိမယ်။ တခုဆိုးဝါးတာက မြစ်ကြီးနားက ယုဇန ဘုန်းကြီးကျောင်းဆိုလို့ရှိရင် အခမဲ့ ပညာဒါန ဖန်တီးထားတဲ့ ဘုန်းကြီးကျောင်းပေါ့ ငါးတန်းကနေ ဆယ်တန်းအထိ။ အဲ့ကျောင်းက ဆရာတော်ကိုဆိုလို့ရှိရင် သူတို့ ခေါ်သွားတဲ့ ထဲမှာတင်ပဲ ပျံလွန်တော်မူသွားတယ်။

မေတ္တာပို့လမ်းလျှောက်ဆန္ဒပြခဲ့သည့် ရဟန်းသံဃာများကို စစ်အစိုးရက မြစ်ကြီးနား၊ ဗန်းမော်၊ မိုးညှင်းရှိ ကျောင်း များမှ သံဃာများကို စတင်ဖမ်းဆီးခဲ့ပြီး ရန်ကုန်မြို့ရှိ ငွေကြာယံ နှင့် မိုးကောင်း စသည့် ကျောင်းတိုက်များ အပါအ၀င် အခြားကျောင်းတိုက်များ ကို နေ့စဉ် ဆက်လက်ဖမ်းဆီးနေဆဲဖြစ်သည်။ နိုင်ငံအ၀ှမ်းရှိ ဘုန်းကြီး ကျောင်းများမှ စာသင်သံဃာများကို မိမိ နေရပ်များသို့ ပြန်ပို့ရန် အာဏာပိုင်များက တိုက်တွန်း လျှောက်ထားခဲ့ သည်။

မူရင်း

bnionline.net/bur



SoeWin can swim

0 comments
(ခေါင်းစဉ်ဖတ်ကြည့်တာ နည်းနည်း ရှုပ်သွားတယ်။ သတင်းအပြည့်အစုံဖတ်မှပဲ ရှင်းသွားတယ်။ နို့ပေမယ့် ရေးထားပုံက သတင်းလိုလို ကြေညာချက်လိုလိုနဲ့ ခေတ်ကာလ သတင်းသမားတွေများ နားလည်ရခက်လိုက်တာလို့ မထင်ပါနဲ့။ သတင်းကြေညာချက်ဆိုတာ ဒါပါပဲလို့ မှတ်ပါလေ။)

အမှားပြင်ဆင်ချက် (နအဖ ဝန်ကြီးချုပ် စိုးဝင်း သေပြီ)

မဇ္ဈိမသတင်းဌာန အောက်တိုဘာ ၅

“သူက အခုထိ မင်္ဂလာဒုံ စစ်ဆေးရုံမှာပါပဲ။ ဒါပေမဲ့ သူ့အခြေအနေက သိပ်မကောင်းတော့ဘူးလို့ ဒေါက်တာတွေက ပြောနေတာပဲ”


သွေးကင်ဆာရောဂါဖြင့် စင်္ကာပူနိုင်ငံသို့ အကြိမ်ကြိမ်သွားကာ ဆေးဝါးကုသမှု ခံယူခဲ့ရသည့် နအဖ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ယခုလ ၂ ရက်နေ့ ညနေ ၅ နာရီခန့်တွင် ရန်ကုန်မြို့ မင်္ဂလာဒုံ စစ်ဆေးရုံ၌ သေဆုံးသွားသည်ဟု မဇ္ဈိမက စစ်တပ် အသိုင်းအဝိုင်းမှလာသော သတင်းအရ ရေးသား ဖော်ပြခဲ့ပါသည်။

သို့သော် မိသားစု အသိုင်းအဝိုင်း၏ ထုတ်ဖော် ပြောဆိုချက်အရ ဝန်ကြီးချုပ် စိုးဝင်းသည် ယခုချိန်အထိ မင်္ဂလာဒုံ စစ်ဆေးရုံတွင် အထူး ဆေးဝါးကုသမှု ခံယူနေကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် နအဖ အကြီးအကဲ ၃ ဦးက ဝန်ကြီးချုပ်ကို မကြာသေးခင်က လာရောက် ကြည့်ရှုသွားကြောင်း သိရှိရသည်။

“သူက အခုထိ မင်္ဂလာဒုံ စစ်ဆေးရုံမှာပါပဲ။ ဒါပေမဲ့ သူ့အခြေအနေက သိပ်မကောင်းတော့ဘူးလို့ ဒေါက်တာတွေက ပြောနေတာပဲ” ဟု ဝန်ကြီးချုပ်၏ မိသားစုနှင့် နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

သူ၏ အခြေအနေနှင့် ပတ်သက်၍ မဇ္ဈိမက မင်္ဂလာဒုံ စစ်ဆေးရုံကို ဆက်သွယ် မေးမြန်းရာတွင် ဆေးရုံမှ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပါ။
ယခုကဲ့သို့ သတင်းကို မှားယွင်းစွာ ဖော်ပြမိခဲ့သောကြောင့် မဇ္ဈိမအနေဖြင့် စာဖတ်သူများအပေါ် အနူးအညွှတ် တောင်းပန် အပ်ပါသည်။ ရှေ့ကာလများတွင် ခိုင်လုံ တိကျသည့် သတင်းများကို အလေးအနက်ထား တင်ဆက်သွားမည်ဟုလည်း အသိပေး ဖော်ပြအပ်ပါသည်။

မူရင်း

bnionline.net/bur



NEJ article written by burmese bloggers

0 comments
( ပြည်ပရောက် မြန်မာဘလော့ဂါတစု ရေးတဲ့ဆောင်းပါး တဲ့။ ခေတ်ပြိုင်မှာ ပါလာတယ်။ မနေ့က ရက်စွဲနဲ့ တင်ထားတာပဲ။ အချိန်ရရင် အကုန်ဖတ်။ သိပ်မရရင် အလယ်ပိုင်းကနေ စဖတ်။)

မြန်မာပြည်၏ ဟိုမှာဘက်တွင်

ပြည်ပရောက် မြန်မာဘလော့ဂါတစု

" - - - ဖြစ်ရပ်မှန်တွေ ထုတ်ဖော်နိုင်ဖို့ သတင်းတွေရဖို့အတွက် ဖြန့်ချိဖို့အတွက် ပြည်သူတွေဟာ စွန့်စားဓာတ်ပုံရိုက်ခဲ့ရတယ်။ အင်တာဗျူး တွေ ခိုးကြောင်ခိုးဝှက် ဖြေခဲ့ရတယ်။ ဒါဟာ - - - "





ဒီကနေ့ကတော့ ပြည်တွင်းပြည်ပမှာ နေထိုင်ကြတဲ့ မြန်မာတို့အဖို့ တကယ့်ကို ၀မ်းနည်းစရာ နေ့တနေ့ပါ။ မေတ္တာနဲ့ ဆန္ဒဖော်ထုတ်နေသူတွေကို လက်နက်နဲ့ အဖြေပေးလိုက်တဲ့ ပွဲတခုဟာ တောင်းပန်နေကြတဲ့ကြားထဲကပဲ မြန်မာပြည်မှာ အမှန်တကယ် ဖြစ်သွားခဲ့ပါပြီ။ စဉ်းတောင် မစဉ်းစားဝံ့စရာ လူမဆန်တဲ့ ရက်စက်မှုတွေကို မြန်မာ အာဏာပိုင်တွေက လုပ်ချလိုက်ပါပြီ။

အဖြစ်အပျက်တွေဟာ အရင်လက အစိုးရက လောင်စာဆီ ဈေးနှုန်းတွေကို နေ့ချင်းညချင်း တက်လိုက်တာက အစပြုခဲ့တာပါ။ နောက်တော့ မြန်မာပြည်ရဲ့ နယ်မြို့ကလေး တမြို့ဖြစ်တဲ့ ပခုက္ကူမြို့မှာ ပြည်သူတွေ ဆင်းရဲဒုက္ခ သက်သာစေဖို့အတွက် သံဃာတော်တွေက မေတ္တာပို့ လမ်းလျှောက်ခဲ့ပါတယ်။ အဲဒါကို အာဏာပိုင်တွေက ကြမ်းတမ်းစွာ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်။ ပထမပိုင်းမှာ သံဃာတော်တွေက အဲဒီလုပ်ရပ်အပေါ် တောင်းပန်ဖို့တောင်းဆိုခဲ့တယ်။ ဒါကို အချိန်တခု ပေးထားတဲ့အထိ အာဏာပိုင်တွေက မလိုက်လျောခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ သံဃာတွေ ပူးပေါင်းပြီး ခံစားနေရတဲ့ ပြဿနာတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ အချက်တွေကို အတိအလင်း ကြွေးကြော်တောင်းဆိုခဲ့ပါတယ်။ တကယ်တော့ တောင်းဆိုထားတဲ့ အချက်တွေဟာ နိုင်ငံရေးအသွင်ကို အများကြီး နှိမ့်ချထားခဲ့ပါတယ်။ စားဝတ်နေရေးပြေလည်ချင် တယ်။ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးစေချင်တယ်။ စေ့စပ်ညှိနှိုင်းစေချင်တယ်။ ဒီနေရာမှာ ညှိနှိုင်းမယ်ဆိုတာဟာ စစ်အစိုးရအတွက် အများကြီး လမ်းဖွင့်ပေးခဲ့တာပါ။

ဒီလိုနဲ့ ပြည်သူတွေ ပူုးပေါင်းပါဝင်ကြတဲ့ ဆန္ဒဖော်ထုတ်ပွဲဟာ ကြီးသထက်ကြီး လာပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်းမှာ ဒါဟာ အကြီးကျယ်ဆုံး ဆန္ဒဖော်ထုတ်မှုပါပဲ။ သံဃာတွေက ဦးဆောင် လာတာကတော့ ၈၈ နဲ့မတူတဲ့ ထူးခြားမှုဖြစ်ပါတယ်။ သံဃာတွေ ဘာလို့ဦးဆောင်ရတာလဲဆိုတာ အခု ကမ္ဘာမှာ မေးနေကြတဲ့ မေးခွန်းတခုပါ။ သံဃာတွေဟာ မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ကဏ္ဍက အမြဲပါဝင်ခဲ့ကြပါတယ်။ ဘာသာရေးအရ ရဟန်းသံဃာဆိုတာ နိုင်ငံရေးမှာ ပါဝင်သင့် မပါဝင်သင့်ဆိုတာတွေ အငြင်းပွားခဲ့ကြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ပြောစကားကို ဒီလိုကိုးကားချင်ပါတယ်။

“... ဆရာတော်၊ သံဃာတော်၊ ဘုန်းတော်ကြီးများသည် အရေးကိစ္စတိုင်းတွင် ကျွန်ုပ်တို့ လူမှု အသိုင်းအ၀န်းကို ရှေ့သို့ချီတက်နိုင်စေရန် ကူညီခဲ့ကြပေသည်။ ဘုန်းတော်ကြီးများ အနေဖြင့်
လူတချို့က လူမှုဝန်းကျင်ကို အန္တရာယ် ပြုလာပြီဆိုရင် သူတို့ကို ကာကွယ်ဖို့၊ သူတို့ကိုယ်တိုင် တရားဥပဒေတွေ ဖြစ်သွားတာကို ကာကွယ်ဖို့ ၊ မကောင်းတဲ့အနာဂါတ် နိမိတ်ဆိုး အကြောင်း
နှိုးဆော် ဟောကြားသင့်ပါတယ် ...”

“... ဆရာတော်၊ သံဃာတော်များဘုရား၊ မေတ္တာထား၍ ပြည်သူအားလုံးတို့၏ စိတ်များကို ကြောက်ရခြင်းမှ ကင်းလွတ်စေရန် (free from fear) လည်းကောင်း၊ အမြင်ကျဉ်း၍ အမြင်လွဲမှုများ၊ လျစ်လျူရှုမှုများနှင့် အယူသည်းမှုများမှ ကင်းဝေးစေရန် လည်းကောင်း၊ ရည်သန်၍
သြ၀ါဒပေးကြားတော်မူပါ။ သူတို့အား ပိုမို မြင့်မြတ်လာစေရန်နှင့် ပိုမိုပျော်ရွှင်ဖွယ်ရာ ဘ၀များ ရရှိစေရန်အတွက် သင်ကြားဆုံးမပေးတော်မူပါ။ ထိုအရာ များသည် အရှင်မြတ်များ၏
အပ်ရာသောဝန်တာများ ဖြစ်သည့်အတွက် လျှောက်ထားအပ်ပါသည် ဘုရား ...”

ဗိုလ်ချုပ်အောင်ဆန်း
၁၉၄၆ ခုနှစ်
ဖဆပလ ညီလာခံ မိန့်ခွန်းမှ ကောက်နုတ်ချက်၊

(မြန်မာဘလော့ဂါ ကိုမောင်ရင်၏ ဖော်ပြမှုမှ ကိုးကားပါသည်။ http://maungyin.blogspot.com/2007/07/blog-post_17.html)

အတိတ်ကသင်ခန်းစာအရ စစ်တပ်က ပစ်ခတ်နှိမ်နင်းလေ့ရှိတာကို သိပေမယ့်လည်း လွတ်လပ်
မှုကို ငတ်မွတ်နေကြတဲ့ ပြည်သူလူထုဟာ ဒါဟာ နောက်ဆုံးအခွင့်အရေး ဖြစ်ကောင်းပါရဲ့လို့ လိုချင်တဲ့အချက်တွေကို ငြိမ်းချမ်းစွာ ဆက်လက်ဖော်ထုတ်ခဲ့ပါတယ်။ ဒီလှုပ်ရှားမှုတွေမှာ ဘယ်သူ တွေပါဝင်လှုပ်ရှားကြသလဲ ဆိုတာကို ကြည့်ရင် သံဃာတွေ သီလရှင်တွေနဲ့အတူ ပြည်သူ့ အနုပညာရှင်တွေ ကျောင်းသားတွေနဲ့ အရပ်သူအရပ်သား ပြည်သူတွေအားလုံး သိန်းနဲ့ချီပြီး ပါဝင်ခဲ့ကြတာကို အထင်အရှား တွေ့ရမှာပါ။

ဒါဟာ ရောင့်ရဲလွယ်တဲ့ ရိုးသားအေးဆေးစွာနေလေ့ရှိတဲ့ မြန်မာ ပြည်သူတွေရဲ့ မခံမရပ်နိုင်တဲ့အဆုံး ရင်ထဲကထွက်ကျလာတဲ့ အသံတွေပါပဲ။ အဲဒီလို ကိုယ်တိုင်စိတ်ရင်းနဲ့ တက်တက်ကြွကြွ ပါဝင်လာ မှုဟာ မိနစ်နဲ့အမျှ သတင်းတွေ တက်လာတဲ့ မြန်မာဘလော့တွေမှာ အထင်အရှားတွေ့ရပါတယ်။ သတင်းမှောင်ချပြီး ဗြောင်လိမ်လေ့ရှိတဲ့ အစိုးရအောက်မှာ ဖြစ်ရပ်မှန်တွေ ထုတ်ဖော်နိုင်ဖို့ သတင်းတွေရဖို့အတွက် ဖြန့်ချိဖို့အတွက် ပြည်သူတွေဟာ စွန့်စားဓာတ်ပုံရိုက်ခဲ့ရတယ်။ အင်တာဗျူး တွေ ခိုးကြောင်ခိုးဝှက် ဖြေခဲ့ရတယ်။ ဒါဟာ ဘယ်သူဘယ်ဝါရဲ့ အလုပ်ခိုင်းစေမှုကြောင့် မဟုတ်ဘဲ တပြားတချပ်မှမရဘဲ လုပ်ခဲ့တာပါ။ သူတို့အတွက် အရိုက်အနှက်ခံရဖို့ ကင်မရာအသိမ်းခံရဖို့ ပိုကံဆိုးရင် သေနတ်မှန်ဖို့ ထောင်ကျဖို့ဆိုတဲ့ စွန့်စားမှုတွေပဲ ရှိပါတယ်။ သတင်းတွေကို မီဒီယာ
တွေထက်စောပြီး ချက်ချင်းတင်နိုင်ခဲ့ပါတယ်။ မီဒီယာကြီးတွေကတောင်မှ သတင်းအဓိက ပြည်သူလူထုဆီက ရတာပါလို့ ပြောခဲ့ကြရပါတယ်။ အဖြစ်မှန်တွေ ကမ္ဘာက သိပါစေတော့၊ မတရားမှုတွေ ဖြေရှင်းနိုင်ပါစေတော့လို့ ပြည်သူတွေကတော့ အတတ်နိုင်ဆုံး ပါဝင်ဆင်နွှဲခဲ့ကြပါပြီ။ ဒီလိုရဲဝံ့သူတွေအပေါ် နိုင်ငံတကာရဲ့ တုံ့ပြန်မှုကတော့ ဘယ်လိုလဲ။

သွေးထွက်သံယိုတွေကတော့ ဖြစ်သွားခဲ့ရပါပြီ။ နိုင်ငံတကာက ဒါကို မဖြစ်အောင် ထိထိ ရောက်ရောက် တားမြစ်နိုင်တဲ့ အကူအညီတွေ အချိန်မီ မပေးနိုင်ခဲ့ဘူးဆိုတာ ထင်ရှားပါတယ်။ စိတ်ပူမိကြောင်း အေးချမ်းစွာ ဖြေရှင်းမယ်လို့ မျှော်လင့်ကြောင်း သဘောထားတွေတော့ ပြောခဲ့ကြပါမယ်။ ကုလသမဂ္ဂ အစည်းအဝေးမှာတော့ မြန်မာနိုင်ငံကို သြဇာလွှမ်းမိုးမှု အကြီးအကျယ်ရှိတယ်ဆိုတဲ့ တရုတ်နိုင်ငံက ဒီလို ထ ကန့်ကွက်ခဲ့ပါတယ်။ ဟုတ်တယ် မြန်မာနိုင်ငံမှာ ပြဿနာတချို့တော့ တက်နေတာပေါ့တဲ့။ ဒါပေမယ့် အဲဒါဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိခိုက်နိုင်လောက်အောင်တော့ မဟုတ်ပါဘူးတဲ့။ ဒါဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အရေးယူမှုအထိ မလိုအပ်ဘူးလို့ဆိုလိုတာပါ။

အခုတော့ တရားမျှတမှု တခုကို လိုချင်လို့ အေးချမ်းစွာ သဘောထား ထုတ်ဖော်နေသူတွေကို ဒီလိုနည်းနဲ့ တုံ့ပြန်ခွင့်ရတယ်လို့ မြန်မာအာဏာပိုင်တွေက ကမ္ဘာ့အလယ်မှာ ပြောင်ပြောင်တင်းတင်း ချပြလိုက်ပါပြီ။ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုသက်သက်နဲ့ ပျော့ပျောင်းစွာ တောင်းပန်မှုတွေဟာ စစ်အစိုးရတခုအတွက် ဂရုစိုက်စရာမဟုတ်ဘူးဆိုတာ ဥပမာ ပေးလိုက်တာပါပဲ။ ယခုလို အခြေ အနေမျိုးမှာတောင် ဒါဟာ မြန်မာပြည်ရဲ့ အိမ်တွင်းရေးသက်သက်ပါလို့ နိုင်ငံတချို့က ဆိုနေဆဲပါ။ တကယ်ပဲလား။ စဉ်းစားစရာပါ။ လက်နက်မဲ့သူတွေကို လက်နက်ရှိသူက အနိုင်ကျင့်တာ တရား နည်းလမ်းကျပါသလား။ စက်တင်ဘာ ၂၇ ရက်နေ့မှာဖြစ်ခဲ့တဲ့ အပြစ်မဲ့ မြန်မာပြည်သူတွေရဲ့ သွေးမြေကျဖြစ်ရပ်ကို နိုင်ငံတကာက ဘယ်လိုတုံ့ပြန်မလဲဆိုတာ စောင့်ကြည့်ရပါတော့မယ်။

(ယခုဆက်လက်၍ ရက်စက်စွာ နှိမ်နင်းမှုများ ဖြစ်ပွားနေပါသည်။ မြန်မာဘလော့ဂါတစုက
မိမိတို့၏ ခံစားချက် အတွေးအမြင်များကို ဆက်လက်ရေးသားသွားပါမည်။)


မူရင်း

khitpyaing.org/articles/




local monk's sanction

0 comments
(ဒီဗွီဘီမှာ ဒီသတင်းပါတုန်းကရင်း တင်ပေးချင်နေတာ။ အခု ခေတ်ပြိုင်က ဇော်ဂျီဖောင့်နဲ့ဆိုတော့ ကော်ပီကူးရလွယ်သွားတယ်။ ဖတ်ကြပေတော့။ ဖတ်ရော ဖတ်ရဲ့လား ပြည်တွင်းက သတင်းငတ်သူများ။ မဖတ်တော့ဘူးဆိုရင်တော့ ဒီဘလော့ဂ်ကို နားလိုက်မယ်။)

သရက်မြို့မှ သက်တော် (၉၂) နှစ်ရှိ ဆရာတော်ဘုရားကြီးက
နအဖအာဏာပိုင်များ၏ အလှူကို သပိတ်မှောက်ကံဆောင်

ချမ်းလွန်/ ၅ အောက်တိုဘာ

“- - - - - အဲလို မိန့်လိုက်တော့ ကျမတို့ သရက်ကလူတွေက ဘယ်လိုပြောမတုန်း၊ - - - -”

မကွေးတိုင်း သရက်မြို့နယ်မှ သက်တော် (၉၂) နှစ်ရှိသည့် သမင်ဇာတောရကျောင်း ဆရာတော်ကြီးက နအဖအာဏာပိုင်များ၏ အလှူကို လက်မခံဘဲ ကံဆောင်ထားကြောင်း သရက်မြို့ခံများက ပြောသည်။
သရက်မြို့နယ်တခုလုံး ကြည်ညိုကိုးကွယ်သည့် သရက်မြို့ မှ (၄) မိုင်ခန့်ဝေးသည့် သမင်ဇာ တောရကျောင်းမှ ဆရာတော်ဘုရားကြီးက နအဖအာဏာပိုင်များ၊ စစ်တပ်နှင့် ရဲများ၏ အလှူကိုလက်မခံဟု မိန့်ကြားခဲ့ကြောင်း မြို့ခံအမျိုးသမီးတဦးက ပြောသည်။

၎င်းက “ကျမတို့ သရက်ဘိလပ်မြေစက်ရုံက ၀န်ထမ်းတွေက အဲဒီဆရာတော်ဘုရားကြီးရဲ့ ကျောင်းကို ရောက်သွားတဲ့အခါ ဆရာတော်ဘုရားကြီးကို ၀င်ဖူးကြတယ်။ စက်ရုံဝန်ထမ်းတွေက ဘောင်းဘီတွေနဲ့ပေါ့၊ အမျိုးသားတွေကလေ။ ဆရာတော် ဘုရားကြီးကမေးခိုင်းတယ်။ မင်းတို့ အုပ်ချုပ်ရေးကလား၊ စစ်ကလား၊ ရဲကလား။ အုပ်ချုပ်ရေးတို့ စစ်တပ်တို့ ရဲတို့ကဆိုရင် ငါ့ဆီကို မလာနဲ့တော့။ ငါ သံဃာ့ကံဆောင်ထားပြီ။ အဲတော့ မင်းတို့လှူတာကိုလည်း ငါလက်ခံလို့မရ
သလိုဘဲ ငါလည်း မင်းတို့ကိုသီလတောင် ပြန်ပေးလို့မရတော့ဘူးလို့ ဆရာတော်ဘုရားကြီးက မိန့်ပါတယ်” ဟုပြောသည်။

သမင်ဇာတောရ ဆရာတော်ဘုရားကြီး ကံဆောင်သည့်သတင်းကို ကြားရသဖြင့် သရက်မြို့နယ် တခုလုံးရှိ လူထုများက အားရ၀မ်းသာဖြစ်ကြရကြောင်း ယင်းမြို့ခံအမျိုးသမီးကပြောသည်။
၎င်းက “အဲလို မိန့်လိုက်တော့ ကျမတို့ သရက်ကလူတွေက ဘယ်လိုပြောမတုန်း၊ တောမီးပျံ့သလို
ဝမ်းသာအားရ တနယ်လုံးဖြစ်ကြရပါတယ်။ အသက် (၉၀) ကျော်ရှိ သိက္ခာရော သမာဓိရောရှိတဲ့ ဆရာတော်ကြီးရဲ့ သီလကိုလည်း ကျမတို့ပိုပြီးတော့ ကြည်ညိုလေးစားပြီးတော့ ၀မ်းလည်းသာ ရပါတယ်” ဟုပြောသည်။

ဆရာတော် ဘုရားကြီး၏ တောရကျောင်းနားတွင် တည်ဆောက်နေသည့် နအဖစစ်အစိုးရ၏ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ၀န်ထမ်းများကလည်း ဆရာတော်ဘုရားကြီးအား လှူဖွယ်ပစ္စည်း အမြောက်အများ လှူဒါန်းလေ့ရှိသဖြင့် ယင်းသို့ ဆရာတော်ဘုရား၏ ကံဆောင်မှုအပေါ် သရက်မြို့လူထုများက ပိုမိုဝမ်းမြောက်ဝမ်းသာဖြစ်လျှက်ရှိကြောင်း သိရသည်။

မနက်ဖြန်တွင် အမျိုးသားညီလာခံလူထုထောက်ခံပွဲသို့ မကွေးတိုင်းမှ တက်ရောက်ရန်အတွက် သရက်မြို့မှ တရပ်ကွက်လျှင် လူ (၃၀) နှုန်းနှင့် စက်ရုံအလုပ်ရုံဝန်ထမ်းများလည်း ဌာနဆိုင်ရာ အလိုက်တက်ရောက်ရန် အာဏာပိုင်များက ဆင့်ခေါ်ထားကြောင်း ဒေသခံများကပြောသည်။

မူရင်း

khitpyaing.org



Tuesday, October 2, 2007

mdy monk's talk

0 comments
ဖက်ဆစ်အုပ်စုဟုဆိုကာ နာကြည်းခံစားချက်များ စုပြုံဖြစ်နေသည်ဟု မန်းသံဃာကဆို

ဗထူး။ အောက်တိုဘာ ၂၊ ၂၀၀၇


ယခုဖြစ်ပွားနေသည့်သံဃာနှင့်ပြည်သူ ဆန္ဒဖော်ထုတ်မှုသည် နှစ်ပေါင်းများစွာ စုစည်းထားသည့် နာကြည်းမှုများကို ပြည်သူများက မခံနိုင်တော့သည့်အတွက် ဖြစ်ပေါ်ခဲ့သည်ဟု မန်းသံဃာ တပါးက မိန့်ဆိုလိုက်သည်။

ကုလအထွေထွေညီလာခံတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ယခုဆန္ဒပြမှုသည် နိုင်ငံရေး အခွင့်အရေးသမားများကြောင့်ဟု ပြောဆိုခဲ့သည့်အပေါ် တုံ့ပြန်လိုက်ခြင်းဖြစ်သည်။

“ဒီကောင်တွေ စွပ်စွဲနေတာကို ဖြေရှင်းနေစရာမလိုဘူး၊ ကျုပ်တို့နဲ့ဒီကောင်တွေနဲ့ မတူဘူး၊ အခု ဒီကောင်တွေက အောက်မှာ၊ မဟာအ၀ီစိရောက်သွားပြီ။ ဒီကောင်တွေက အရမ်းယုတ်ညံ့သွားပြီ၊ ကျုပ်တို့ ကြံ့ကြံ့ခံနိုင်ဖို့ပဲ လိုတော့တယ်။ ကြံ့ကြံ့ခံနိုင်လေ ကျုပ်တို့က အနိုင်ရလေပဲ” အဆိုပါ သံဃာက မိန့်ဆိုသည်။

ပြည်သူနှင့် သံဃာကိုနှိပ်စက်မှုများ ထောင်းလမောင်းထလာပြီး တနေ့တခြား ဆိုးသထက်ဆိုး လာပြီး သခိုးဓားပြဆန်လာကာ ယခုအုပ်ချုပ်နေသူများသည် ဖက်ဆစ်များဖြစ်သည်ဟု ဆက်လက်မိန့်ဆိုသည်။

ကုလသမဂ္ဂညီလာခံ၌ ဦးဉာဏ်ဝင်းက ကိုလိုနီလက်သစ်များ၏ အရုပ်ဆိုးစွာ ဦးဆောင်မှုများ(နိုင်ငံခြားစွက်ဖက်မှုများ)ကို သက်သေအထောက်အထားများရှိနေသည်ဟု အမေရိကန်၊ ဗြိတိန်နှင့် အခြား အနောက်နိုင်ငံများအား တိုက်ရိုက်ရည်ညွှန်း၍ပြောဆိုခဲ့ပြီး တိုင်းပြည်တခု၏ ကံကြမ္မာသည် သူ့၏အစိုးရ၊ သူ့၏ပြည်သူတို့သာ စဉ်းစားဆုံးဖြတ်နိုင်ပြီး ပြင်ပမှ အတင်းအကြပ် စီရင်ဆောင်ရွက်ခွင့်မရှိဟု ပြောဆိုခဲ့သည်။

“ကိုလိုနီလက်သစ်တွေဆိုတော့ တနိုင်ငံလုံးကို ပြောလိုက်တာပေါ့၊ သိန်းနဲ့ချီတဲ့လူအုပ်ကြီးတွေက အချောင်နိုင်ငံရေးသမားတွေ၊ ကိုလိုနီလက်သစ်တွေပေါ့ဒကာ”ဟု ရီမောကာ မိန့်ဆိုသည်။

လောင်စာဆီပြဿနာတခုကြောင့် ဖြစ်တာမဟုတ်ပဲ တတိုင်းပြည်လုံးသိနေသည့် နာကြည်းခံစား ချက်များ၊ ဆင်းရဲဒုက္ခရောက်မှုများ အကြိမ်ကြိမ်ခံစားမှုများကို မခံနိုင်တော့သည့်အတွက် စစ်အုပ်စုကို တော်လှန်ခြင်းဖြစ်သည်ဟု ဆက်လက်မိန့်ဆိုသွားခဲ့သည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာဂန်ဘာရီသည် ယနေ့ မြန်မာစံတော်ချိန် (၁၁) နာရီတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံနေသည်ဟု သတင်းများကဆိုသည်။

မူရင်း

yoma3.org/news



Monday, October 1, 2007

condition of top Generals

0 comments
(ရိုးမ၃ ဧရာဝတီ ခေတ်ပြိုင်တို့မှာ သတင်းအသစ်မတွေ့ပါ။ ဒါကြောင့် မဇ္ဈိမက သတင်းကိုပဲ တင်ပေးလိုက်ပါတယ်၊ မဇ္ဈိမ က ဘလော့ဂ်တွေရှိတယ်။
mizzimaburmese.blogspot.com/
mizzimafeatures.blogspot.com/
စသဖြင့်။
သူတို့ဘလော့ဂ်မှာ ဆူးလေဘုရားနား ပစ်ခတ်တဲ့ ဗီဒီယိုမှတ်တမ်းတိုလေး တင်ထားတယ်။ အဖွင့်စာမျက်နှာ ထိပ်ဆုံးမှာ တင်ထားတာပါ၊ လူကူးတံတားပေါ်ကနေ ရိုက်ထားတဲ့မှတ်တမ်းပါ။ သေနတ်သံတွေကြားမှာ လူတစ်ယောက် ပလက်ဖောင်းပေါ် တဖြည်းဖြည်း လဲကျသွားတယ် သူ့ကို တခြား ၂ယောက်၃ယောက်က သွားသယ်ပုံနဲ့ အဆုံးသတ်ထားတယ်။ အသံတော့ နည်းနည်းဆူမယ်၊ ဒီတော့ အဲဒီဘလော့ဂ်ကို မသွားခင် ကွန်ပြူတာစောင်းဘောက်အသံကို တိုးထားဖို့လိုမယ်။ )


စိုးဝင်း မြန်မာပြည်ပြန်၊ ရန်ကုန်တိုင်း စစ်တိုင်းမှူး ရာထူးမှ ဖယ်ရှားခံရ
မဇ္ဈိမ အောက်တိုဘာ ၁

“- - - - အတိုက်အခံများအတွင်း သိထားသည်မှာ ဗိုလ်ချုပ် လှဌေးဝင်းသည် ဆန္ဒပြသူများကို ပစ်ခတ်လိုခြင်း - - - -”

လပေါင်းများစွာ ဆေးရုံတက် ကုသနေရသော ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ယနေ့ ညနေ့တွင် မြန်မာနိုင်ငံသို့ ပြန်တော့မှာ ဖြစ်ကြောင်း သတင်း ရပ်ကွက်များအရ သိရသည်။

ဗိုလ်ချုပ်စိုးဝင်း လိုက်ပါသည့် အထူး လေယာဉ်သည် ရန်ကုန်သို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိမှာ ဖြစ်သည်ဟု သိရသည်။


“သူ့အခြေအနေကတော့ မကောင်းဘူး။ သေမှာပဲ။ မင်္ဂလာဒုံ စစ်ဆေးရုံမှာ နေရလိမ့်မယ်။” ဟု စစ်ဖက်နှင့် နီးစပ်သူ သတင်းရပ်ကွက်က ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ သစ္စာခံဖြစ်ပြီး ၂ဝဝ၃ ခုနှစ် ဒီပဲယင်း လူသတ်ပွဲတွင် ကွပ်ကဲခဲ့သူ သေဆုံးလျှင် အတွင်းရေးမှူး (၁) ဗိုလ်ချုပ် သိန်းစိန်ကို အစားထိုး ခန့်အပ်မည်ဟု ပြောသည်။


“စိုးဝင်းသေရင် သိန်းစိန်ကို အစားထိုးမယ်။ သိန်းစိန် နေရာကို တင်အောင်မြင့်ဦးကို ပေးလိုက်မယ်” ဟု ပြောသည်။


ထိုစဉ်မှာပင် သဘောထား ပျော့ပြောင်းသည်ဟု အတိုက်အခံများ အကြား ကျော်ကြားသည့် ရန်ကုန် စစ်တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်း ကို စစ်အစိုးရက ယနေ့ ဖြုတ်ထုတ်လိုက်ပြီ ဖြစ်ကြောင်း စစ်ဘက် သတင်းရပ်ကွက် တခုက ပြောသည်။


မည်သည့် အတွက်ကြောင့် ဖြုတ်လိုက်သည်ကို ရှင်းရှင်းလင်းလင်း မသိရသော်လည်း စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဆန္ဒပြ သတင်းယူသူ ဂျပန် သတင်းထောက် သေဆုံးခြင်းတွင် တာဝန်ရှိသည်ဟု ဆိုကာ ဖြုတ်ထုတ်လိုက်ခြင်း ဖြစ်သည်ဟု နအဖ ခေါင်းဆောင်က အကြောင်းပြထားသည်ဟု ဆိုသည်။


ဂျပန်သတင်းထောက် Kenji Nagai ကို ရန်ကုန်မြို့တွင် ဆန္ဒပြသူများ လိုက်လံ ဖြိုခွင်းနေသော မြန်မာ စစ်သား တယောက်က အနီးကပ် သေနတ်ဖြင့် ပစ်လိုက်သည့်ဟန်ကို ဂျပန် ရုပ်မြင်သံကြား သတင်းများတွင် တွေ့ခဲ့ရသည်။

သို့သော်လည်း အတိုက်အခံများအတွင်း သိထားသည်မှာ ဗိုလ်ချုပ် လှဌေးဝင်းသည် ဆန္ဒပြသူများကို ပစ်ခတ်လိုခြင်း မရှိသော တိုင်းမှူးများ အနက် တဦးအပါအဝင် ဖြစ်ပြီး နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ပစ်မိန့်ကို လိုက်နာရန် ရှောင်လွှဲခဲ့သည်ဟု ဆိုသည်။

ထိုသတင်းသာ မှန်ကန်ပါက နအဖ စစ်အုပ်စုအတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏ သစ္စာခံ ရက်စက် ခေါင်းမာသူများ ပိုမို ကြီးစိုးလာခြင်း ဖြစ်သည်။

မူရင်း

bnionline.net/bur



mdy students on the strike

0 comments
မန္တလေးကျောင်းသားများ ပျောက်ကြားဆန္ဒပြ

သတင်းနှင့်မီဒီယာကွန်ယက်
စက်ဘာလ ၃၀


လုံခြုံရေးအဖွဲ့များစစ်ကားများဖြင့် ရောက်လာသည့်အခါတွင် ကျောင်းသား များ က


မန္တလေးမြို့တွင် လုံခြုံရေးများ တင်းကြပ်ထားသည့် ကြားက ပျောက်ကြားဆန္ဒပြပွဲ တရပ်ကို ကျောင်းသားများက ပြုလုပ်နိုင်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

အင်အား သုံးဆယ်ခန့်ရှိ လည်စည်း အ၀ါ၊ ခေါင်းစည်း အနီ ပတ်ထားကြသော ကျောင်းသားများက မော်တော် ဆိုင်ကယ်များဖြင့် မန္တလေးတက္ကသိုလ်ရှိရာ ၇၃ လမ်းမပေါ်တွင် နေ့လည် ၂ နာရီခွဲခန့်က ဆန္ဒပြ ကြွေးကြော်ခဲ့ ကြခြင်းဖြစ်သည်။

ဆန္ဒပြပွဲမှာ ၁၅ မီးနစ်ခန့်သာကြာခဲ့ပြီး လုံခြုံရေးအဖွဲ့များစစ်ကားများဖြင့် ရောက်လာသည့်အခါတွင် ကျောင်းသား များ က တက္ကသိုလ်ကျောင်းဝင်းအတွင်း ၀င်ရောက်ပျောက်ကွယ်သွားကြသည်။

ယနေ့တွင် မန္တလေးမြို့တွင် လုံခြုံရေး တင်းကြပ်စွာချထားပြီး မြို့လည် ပုံမှန်ဆန္ဒပြရာ နေရာများတွင် စစ်ကားများ နှင့် ဒုတ်ကိုင် အရပ်ဝတ်များ တင်ဆောင်ထားသည့်ကားများ လှည့်ပတ်လျက်ရှိသည်။

နာမည်ကြီး ဘုန်းကြီးကျောင်းများဖြစ်သည့် မစိုးရိမ်၊ မြတောင်၊ အစရှိသည့် စာသင်တိုက်များမှ စာသင်သားများ အား ခရီးစားရိတ်ပေး၍ နေရပ်ပြန်လွှတ်ခဲ့ပြီး ဘုန်းကြီးကျောင်းများအနီးတွင် မန္တလေး ၂ ပြခန့်အထိ လုံခြုံရေးများ ချထားသည်။

မန္တလေးအများသုံး လမ်းဘေး တယ်လီဖုန်းဆက်သွယ်မှုများ ယနေ့ နံနက် ဆယ်နာရီကျော်တွင် ပြတ်တောက် သွားခဲ့သည်။

မူရင်း

bnionline.net/bur



3 young women disappeared

0 comments
ကျူရှင်အပြန် ကျောင်းသူ (၃) ဦး ပျောက်ဆုံးနေ ရိုးမ ၃။ အောက်တိုဘာ ၁၊ ၂၀၀၇


“- - - - ဗိုလ်မှူးဝင်းလွင်ဦး ဦးစီးတာပါ၊ ထိန်းသိမ်း တာလည်း စစ်ဒေသကပဲ ထိန်းသိမ်းတာ၊ တနေ့ဖမ်းလို့ရတဲ့သူတွေကို စစ်ဒေသ (၄) မှာ ချုပ်တယ်၊ ပြီးရင် ညဘက်ကို စစ်ကြောရေးကို ပို့တယ်- - - - ”
ရန်ကုန်မြို့တွင် စစ်အစိုးရက ဆန္ဒပြသူများကို ပစ်ခတ်နှိမ်နင်းလျှက်ရှိရာ ဒေါပုံမြို့နယ်တွင် နေထိုင်သူ ကျောင်းသူ (၃) ဦး ပျောက်ဆုံးသွားခဲ့သည်။

ကျူရှင်မှအပြန် မိခင်များရှိရာရုံးခန်းသို့လာကာ အပြင်သို့ စာအုပ်ထွက်ဝယ်စဉ် ယခုလ (၂၇) ရက်နေ့က ဆူးလေအနီးတွင် ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။

ဦးမြင့်ဝင်းမောင်၊ ဒေါ်အေးအေးမော် အမှတ် (၁၂၇)၊ ပုသိမ်မြေရပ်ကွက်၊ အမှတ်(၅)လမ်း၊ ဒေါပုံမြို့နယ်တွင် နေထိုင်သူတို့၏ သမီးနှင့် ညီမများ ပျောက်ဆုံးခဲ့ခြင်းဖြစ်သည်။

“ကေအမ်ဒီက ပြန်လာတာ၊ သူရဲ့ကြောပိုးအိတ်လေးထားပြီး အပြင်ဘက်ကို ခဏထွက်သွား လိုက်တာက ပျောက်သွားတာ၊ (မယက)ရုံးကို မေးထားတာတော့မရှိဘူး၊ (ရယက)ရုံးကဆိုပြီး ပျောက်နေတာ ဘယ်သူလဲဆိုပြီး မှတ်ပုံတင်နံပါတ်တော့ ယူသွားတယ်”ဟု မိခင်ဖြစ်သူက ဆိုသည်။

မပိုပိုပြည့်စုံနှင့်အတူ မမိုးမိုးဆွေ၊ မသီတာအောင်တို့ သုံးဦးစလုံး ယခုထက်ထိ ပျောက်ဆုံးနေပြီး ဖခင်ဖြစ်သူမှာ နိုင်ငံတကာကြက်ခြေနီရုံးသို့ သွားရောက်တိုင်ကြားနေသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

“အသက်က (၁၈) နှစ်၊ ဒီနှစ်မှ (၁၀) တန်း အောင်ထားတာပေါ့နော်၊ ကေအင်ဒီတို့၊ မားကက် တင်း သင်တန်းတို့ တက်နေတာ၊ လသာ (၂) မှာ ကျောင်းတက်ပြီး လှိုင်သာယာကနေ အောင်တာ၊ (၂၇) ရက်နေ့၊ နေ့လည် (၁) နာရီလောက်က ဖြစ်တာ၊ တချို့လူတွေ ပြန်ရောက် လာပေမဲ့ သူတို့ညီအမသုံးယောက်က လုံးဝ ပြန်မရောက်လာဘူး”ဟု မိခင်ဖြစ်သူက ဆိုသည်။

“ခလေးမပျောက်သွားတာ ကျနော်တို့ဆီက မခေါ်ထားဘူးလေ၊ ကျနော်တို့တောင်မှ အပြင် မထွက်ရဘူး၊ စစ်ဒေသ (၄) နဲ့ တပ်မ (၆၆) အဖွဲ့တွေ၊ ဗိုလ်မှူးဝင်းလွင်ဦး ဦးစီးတာပါ၊ ထိန်းသိမ်း တာလည်း စစ်ဒေသကပဲ ထိန်းသိမ်းတာ၊ တနေ့ဖမ်းလို့ရတဲ့သူတွေကို စစ်ဒေသ (၄) မှာ ချုပ်တယ်၊ ပြီးရင် ညဘက်ကို စစ်ကြောရေးကို ပို့တယ်”ဟု ကျောက် တံတားမြို့နယ်(မယက)ရုံးမှ တာဝန်ရှိသူ ဦးကျော်စိုးက ဆိုသည်။

မမိုးမိုးဆွေသည် မပိုပိုပြည့်စုံနှင့်အတူ နေထိုင်ပြီး မသီတာအောင်သည် အမှတ်(၉၉)၊ ပုသိမ်မြေ ရပ်ကွက်၊ ဒေါပုံမြို့နယ်တွင် နေထိုင်ကာ ဒေါပုံမြို့နယ်(မယက)ရုံးမှလည်း မည်သည့်အကြောင်း ပြန်ကြားပေးမှုမှ မရှိပေ။

ရန်ကုန်အင်းစိန်ရှိ စက်မှုတက္ကသိုလ်ဝင်းအတွင်း သံဃာ၊ သီလရှင်နှင့် ပြည်သူအင်အား (၁၉၇၄) ယောက်ကို ဖမ်းဆီးထားပြီး လူဝတ်လဲခိုင်းကာ သံဃာနှစ်ပါးတတွဲ သံခြေကျင်းခတ်ထားပြီး စစ်ကိုင်းတိုင်းအတွင်းရှိ ကဘော်ချိုင့်ဝှမ်းရှိ ဘ၀သစ်စခန်းကို ပို့ဆောင်နေသည်ဟု ဆိုသည်။

ကဘော်ချိုင့်ဝှမ်းတွင် စစ်အစိုးရ၏ ရဲဘက်စခန်းတည်ရှိပြီး စစ်သားဟောင်းများနှင့်အတူ မြို့သစ် တည်ဆောက်နေသည့် စီမံကိန်းရှိကြောင်း သိရသည်။

မူရင်း

yoma3.org