Saturday, October 6, 2007

local monk's sanction

(ဒီဗွီဘီမှာ ဒီသတင်းပါတုန်းကရင်း တင်ပေးချင်နေတာ။ အခု ခေတ်ပြိုင်က ဇော်ဂျီဖောင့်နဲ့ဆိုတော့ ကော်ပီကူးရလွယ်သွားတယ်။ ဖတ်ကြပေတော့။ ဖတ်ရော ဖတ်ရဲ့လား ပြည်တွင်းက သတင်းငတ်သူများ။ မဖတ်တော့ဘူးဆိုရင်တော့ ဒီဘလော့ဂ်ကို နားလိုက်မယ်။)

သရက်မြို့မှ သက်တော် (၉၂) နှစ်ရှိ ဆရာတော်ဘုရားကြီးက
နအဖအာဏာပိုင်များ၏ အလှူကို သပိတ်မှောက်ကံဆောင်

ချမ်းလွန်/ ၅ အောက်တိုဘာ

“- - - - - အဲလို မိန့်လိုက်တော့ ကျမတို့ သရက်ကလူတွေက ဘယ်လိုပြောမတုန်း၊ - - - -”

မကွေးတိုင်း သရက်မြို့နယ်မှ သက်တော် (၉၂) နှစ်ရှိသည့် သမင်ဇာတောရကျောင်း ဆရာတော်ကြီးက နအဖအာဏာပိုင်များ၏ အလှူကို လက်မခံဘဲ ကံဆောင်ထားကြောင်း သရက်မြို့ခံများက ပြောသည်။
သရက်မြို့နယ်တခုလုံး ကြည်ညိုကိုးကွယ်သည့် သရက်မြို့ မှ (၄) မိုင်ခန့်ဝေးသည့် သမင်ဇာ တောရကျောင်းမှ ဆရာတော်ဘုရားကြီးက နအဖအာဏာပိုင်များ၊ စစ်တပ်နှင့် ရဲများ၏ အလှူကိုလက်မခံဟု မိန့်ကြားခဲ့ကြောင်း မြို့ခံအမျိုးသမီးတဦးက ပြောသည်။

၎င်းက “ကျမတို့ သရက်ဘိလပ်မြေစက်ရုံက ၀န်ထမ်းတွေက အဲဒီဆရာတော်ဘုရားကြီးရဲ့ ကျောင်းကို ရောက်သွားတဲ့အခါ ဆရာတော်ဘုရားကြီးကို ၀င်ဖူးကြတယ်။ စက်ရုံဝန်ထမ်းတွေက ဘောင်းဘီတွေနဲ့ပေါ့၊ အမျိုးသားတွေကလေ။ ဆရာတော် ဘုရားကြီးကမေးခိုင်းတယ်။ မင်းတို့ အုပ်ချုပ်ရေးကလား၊ စစ်ကလား၊ ရဲကလား။ အုပ်ချုပ်ရေးတို့ စစ်တပ်တို့ ရဲတို့ကဆိုရင် ငါ့ဆီကို မလာနဲ့တော့။ ငါ သံဃာ့ကံဆောင်ထားပြီ။ အဲတော့ မင်းတို့လှူတာကိုလည်း ငါလက်ခံလို့မရ
သလိုဘဲ ငါလည်း မင်းတို့ကိုသီလတောင် ပြန်ပေးလို့မရတော့ဘူးလို့ ဆရာတော်ဘုရားကြီးက မိန့်ပါတယ်” ဟုပြောသည်။

သမင်ဇာတောရ ဆရာတော်ဘုရားကြီး ကံဆောင်သည့်သတင်းကို ကြားရသဖြင့် သရက်မြို့နယ် တခုလုံးရှိ လူထုများက အားရ၀မ်းသာဖြစ်ကြရကြောင်း ယင်းမြို့ခံအမျိုးသမီးကပြောသည်။
၎င်းက “အဲလို မိန့်လိုက်တော့ ကျမတို့ သရက်ကလူတွေက ဘယ်လိုပြောမတုန်း၊ တောမီးပျံ့သလို
ဝမ်းသာအားရ တနယ်လုံးဖြစ်ကြရပါတယ်။ အသက် (၉၀) ကျော်ရှိ သိက္ခာရော သမာဓိရောရှိတဲ့ ဆရာတော်ကြီးရဲ့ သီလကိုလည်း ကျမတို့ပိုပြီးတော့ ကြည်ညိုလေးစားပြီးတော့ ၀မ်းလည်းသာ ရပါတယ်” ဟုပြောသည်။

ဆရာတော် ဘုရားကြီး၏ တောရကျောင်းနားတွင် တည်ဆောက်နေသည့် နအဖစစ်အစိုးရ၏ ကာကွယ်ရေးပစ္စည်းစက်ရုံမှ ၀န်ထမ်းများကလည်း ဆရာတော်ဘုရားကြီးအား လှူဖွယ်ပစ္စည်း အမြောက်အများ လှူဒါန်းလေ့ရှိသဖြင့် ယင်းသို့ ဆရာတော်ဘုရား၏ ကံဆောင်မှုအပေါ် သရက်မြို့လူထုများက ပိုမိုဝမ်းမြောက်ဝမ်းသာဖြစ်လျှက်ရှိကြောင်း သိရသည်။

မနက်ဖြန်တွင် အမျိုးသားညီလာခံလူထုထောက်ခံပွဲသို့ မကွေးတိုင်းမှ တက်ရောက်ရန်အတွက် သရက်မြို့မှ တရပ်ကွက်လျှင် လူ (၃၀) နှုန်းနှင့် စက်ရုံအလုပ်ရုံဝန်ထမ်းများလည်း ဌာနဆိုင်ရာ အလိုက်တက်ရောက်ရန် အာဏာပိုင်များက ဆင့်ခေါ်ထားကြောင်း ဒေသခံများကပြောသည်။

မူရင်း

khitpyaing.org



No comments: