Thursday, December 30, 2010

0 comments
၂၀၁၁ မှာ သူတို့ ဘာတွေလုပ်ကြမလဲ
ဧရာဝတီ

မဖြူဖြူသင်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ)

ကျမတို့ အဓိကလုပ်တာ နှစ်ပိုင်းရှိတယ်၊ နိုင်ငံရေးပိုင်းနဲ့ လူမှုရေး ဆိုပြီးမှရှိတယ်ပေါ့။ လူမှုရေးနဲ့ ပတ်သက်လို့ အခုလက်ရှိ လုပ်နေတဲ့ အလုပ်တွေကို တိုးချဲ့ပြီး လုပ်သွားဖို့ ရှိတယ်။ တိုးချဲ့တယ်ဆိုတာက အရင်တုန်းက ကျမတို့ဆီမှာ ဆရာဝန်တွေ ဘာတွေမရှိသေးဘူး၊ အခုဆိုရင် ဆရာဝန်တွေပါ ပါလာပြီ။ အန်တီစု လွတ်လာပြီးတဲ့နောက်ပိုင်းမှာ လူနာတော်တော်များ များက ကျမတို့ဆီမှာ ဆေးဝါးကုသမှု ခံယူချင်တဲ့သူတွေပိုများလာတယ်။ အဲဒီအတွက် ကျမတို့ဘက်က တတ်နိုင်သမျှ ကြိုးစားသွားမယ်၊ လူနာတွေအတွက် ဆက်လက် ရပ်တည်သွားမယ်။

နိုင်ငံရေးပိုင်းမှာ ဆိုရင်တော့ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ကို မရောက်သေးဘူး။ အန်တီစု၊ အဘ ဦးတင်ဦးတို့ အဘ ဦးဝင်းတင်တို့ရဲ့ ဦးဆောင်မှုနဲ့ ကျမတို့က နောက်လိုက်ကောင်းတွေ အနေနဲ့ ဆက်လက်လုပ်ကိုင်သွားမယ်၊ မြန်မာ နိုင်ငံ ဒီမိုကရေစီ ရရှိရေးကို ဆက်လက်ကြိုးစားသွားမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတဲ့အထိ၊ ကျမတို့ လိုချင်တဲ့ ပန်းတိုင်ရောက်တဲ့အထိ ဆက်လက်ကြိုးစားသွားဖို့ ရှိပါတယ်။ ၂၀၁၀ နှစ်ကုန်ပိုင်းမှာ ကျမတို့ မျှော်လင့်တဲ့၊ ကျမတို့ လွတ်မြောက်စေချင်တဲ့သူ လွတ်မြောက်လာတယ်။ လာမယ့် နှစ်သစ်မှာလည်း နောက်ထပ် လွတ်မြောက်မှုတွေနဲ့ အတူ နိုင်ငံသူ နိုင်ငံသားအားလုံး ပျော်ပျော်ရွှင်ရွှင်ဖြစ်နိုင်ဖို့ မျှော်လင့်ပါတယ်။

Monday, December 6, 2010

Daw Suu and postcards

0 comments
ဒေါ်အောင်ဆန်းစုကြည်လက်ရာ ပန်းချီကား ပို့စ်ကတ်များ ရောင်းပြီး လူမှုရေးတွင် သုံးမည်
ဧရာဝတီ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူမှုရေးဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရန်ပုံငွေရှာ ဖွေသည့် အနေဖြင့် ၎င်းရေးဆွဲထားသော ပန်းချီကား ၇ ကားကို ပို့စ်ကတ်ထုတ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

နိုင်ငံရေး အကျဉ်းသားမိသားစုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ပြုစုစောင့်ရှောက် ထားသော HIV/ AIDS ဝေဒနာရှင်များကို ကူညီရန် အပါအ၀င် လူမှုရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်သော ရန်ပုံငွေရရှိရန် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကွန်ပျူတာဖြင့် ရေးဆွဲထားသော ပန်းချီကားများကို ပို့စ်ကတ်ထုတ် ရောင်းချမည် ဖြစ်ကြောင်း NLD လူငယ်တာဝန်ခံ တဦးဖြစ်သူ မဖြူဖြူသင်းက ပြောသည်။

journalists' donation

0 comments
ပြည်တွင်းသတင်းထောက်များ HIV ဝေဒနာသည်များအား လှူဒါန်း
ဧရာဝတီ

ပြည်တွင်း ဂျာနယ်များမှ သတင်းထောက်များ စုပေါင်းပြီး HIV/AIDS ကူးစက်ခံ နေရသည့် သုခရိပ်မြုံ လူမှုထောက်ပံ့ရေး စီမံချက် (HHHP) နှင့်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ကူညီ စောင့်ရှောက်ထားသောဂေဟာများသို့ ငွေကြေး လှူဒါန်းမှု တရပ်ကို ယမန်နေ့က ပြုလုပ်ခဲ့သည်။

သတင်းထောက်နှင့် အယ်ဒီတာ စုစုပေါင်း ၃၀ နီးပါးတို့ သွားရောက်ကြပြီး NLD လူမှုအထောက်အကူပြု အဖွဲ့က စောင့်ရှောက်ထားသည့် တောင်ဒဂုံမြို့နယ်ရှိ ဂေဟာသို့ ကျပ် ၂ သိန်းနှင့် စာရေးဆရာမ သန်းမြင့်အောင် ထူထောင်ထားသည့် HIV/AIDS မိဘမဲ့ ကလေးများဂေဟာ တခု ဖြစ်သော မြောက်ဒဂုံမြို့နယ်မှ HHHP သို့ ကျပ် ၂ သိန်းစီ လှူဒါန်းခဲ့ကြောင်း သတင်းထောက်တဦးက ပြောသည်။

Thursday, December 2, 2010

HIV/AIDS ဝေဒနာရှင်တွေကို မြန်မာတို့  စာနာသင့်

0 comments
By ဦးကျော်ကျော်သိန်း ဗုဒ္ဓဟူး, 01 ဒီဇင်ဘာ 2010 VOA

ကမ္ဘာတ၀န်းမှာ HIV/AIDS ရောဂါတိုက်ဖျက်ဖို့ ကြိုးစား လုပ်ဆောင်နေကြပြီး တိုးတက်မှုတွေ ရနေတယ် ဆိုပေမဲ့လည်း မြန်မာနိုင်ငံမှာတော့ မြန်မာစစ်အစိုးရ အနေနဲ့ လုပ်စရာတွေ အများကြီး ရှိသေးသလို လုပ်မယ်ဆိုရင်လည်း လုပ်နိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါ့အပြင် မြန်မာ့ လူ့အဖွဲ့အစည်း အနေနဲ့လည်း ဝေဒနာသည်တွေကို ခွဲခြား နှိမ့်ချ ဆက်ဆံတာမျိုးတွေ ရှောင်ရှားပြီး လူသားချင်း စာနာထောက်ထားတဲ့ အမြင်နဲ့ အကူအညီ ပေးသင့်တယ်လို့ ဝေဖန် အကြံပေးကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

Tuesday, November 23, 2010

irrawaddy interview

0 comments
“လူနာတွေကို အဓမ္မလုပ်လာရင် လုံးဝ လက်မခံဘူး”
ဧရာဝတီ  အင်တာဗျူး
 
မဖြူဖြူသင်းသည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက်အကူပြု အဖွဲ့ဝင်တဦး ဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ် ဝန်းကျင်မှ စ၍ HIV/ AIDS ဝေဒနာရှင်များကို စောင့်ရှောက် ခဲ့သူဖြစ်သည်။ ယခုအခါ ၎င်းစောင့်ရှောက်ထားသော ဝေဒနာရှင် ၈၀ ကျော်တို့မှာ ရန်ကုန်မြို့ တောင်ဒဂုံရှိ အိမ်တအိမ်တွင် နေထိုင်လျက်ရှိသည်။ လွန်ခဲ့သည့် နိုဝင်ဘာ ၁၇ ရက်နေ့က အဆိုပါ လူနာများထံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးခဲ့ပြီး နောက်တနေ့တွင် အာဏာ ပိုင်များက လူနာ ၅၀ ကျော်ကို သာကေတရှိ ဆေးရုံတရုံသို့ ပြောင်းရွှေ့ရန် ဖိအားပေး ပြောဆိုခဲ့ပြီး ထိုလူနာများ အတွက် ဧည့်စာရင်း တိုင်ခွင့်မပေးတော့ကြောင်း သိရသည်။

မေး။ ။ မဖြူဖြူသင်းတို့ စောင့်ရှောက်ထားတဲ့ HIV လူနာတွေကို ဖိအားပေး ပြောင်းရွှေ့ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘာတွေ ထပ်ထူးခြားပါသေးလဲ။

Monday, November 22, 2010

အနုပညာမောင်နှမများ၏ ပေးဆပ်မှုအင်အား

0 comments

ကျော်သူ
နိုဝင်ဘာ ၂၃၊ ၂၀၁၀

၂၂. ၁၁. ၂၀၁၀ ခုနှစ် (တနင်္လာနေ့) နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာဟောင်း ဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ ဟန်ထူးလွင် (ကျားပေါက်) နှင့် ဇနီး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး စသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံရှိ မဖြူဖြူသင်း ထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင်များ နားခိုရာဂေဟာသို့ သွားရောက်ပြီး ဒံပေါက်ထမင်း၊ ရေခဲမုန့်၊ အဝတ်အစားများနှင့် ငွေများကို လူသားချင်း ကူညီထောက်ထားသော စိတ်ဓာတ်တို့ဖြင့် သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုတော်အနဂ္ဂသည် သူ၏အဝတ်အစားများ၊ အနွေးထည်များ၊ ဟန်ထူးလွင်နှင့် မင်းထင်ကိုကိုကြီးတို့မှ ငွေသားများ၊ ဦးကျော်သူမှ T-Shirt များ၊ ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီး၏ ပုံတော်၊ ဆရာတော်ကြီး၏ ကပ်ကျော်ကျင့်စဉ် စာရွက်များ၊ ပန်းပေါင်းစုံ ဗုဒ္ဓဆင်းတုတော်တဆူတို့ကို လှူဒါန်းခဲ့ပြီးသည့်နောက် ခုနစ်ရက်သားသမီးများ စုပေါင်းလှူဒါန်းထားသော ဒံပေါက်ထမင်း၊ ရေခဲမုန့်တို့ဖြင့် ကျွေးမွေးပြီး အားပေးစကားများ ပြောကြားခဲ့ကြသည်။

လူသားအချင်းချင်း စာနာကူညီဖေးမသောစိတ်ဓာတ်နှင့် မြတ်စွာဘုရားဟောကြားကျင့်ကြံခဲ့သော ဗြဟ္မစိုရ်တရား ၄ ပါးကို လက်ကိုင်ပြုခဲ့သော အနုပညာမောင်နှမများနည်းတူ မြန်မာပြည်သူလူထု တရပ်လုံးကပါ အကြင်နာ၊ ဂရုဏာ၊ မုဒိတာပွားများမှုများကို ပေးကြမည်ဆိုပါက ကမ္ဘာမြေကြီးတခုလုံး သာယာစိုပြေမှုများနှင့် လူသားအားလုံး အေးချမ်းသာယာစိုပြေတော့မည် ဖြစ်သည်။

လူနာများကို အားပေးနှစ်သိမ့်ခဲ့ကြသလို လူနာများ၏ ပြန်လည်ပြောကြားသော ရင်တွင်းစကားများ၊ ခံစားချက်များ၊ ခံယူချက်စိတ်ဓာတ်များတို့သည် အားပေးခဲ့သူ အားပေးစကားပြောကြားခဲ့သူ ကျွန်တော်/ကျွန်မတို့အတွက် အင်အားသစ်များများစွာ ဖြစ်ခဲ့ရပေတော့သည်။


HIV/AIDS ဝေဒနာရှင်များအား ဆက်လက်ကူညီရေး ပြည်တွင်းပြည်ပ စေတနာရှင်များ ညှိနှိုင်း

0 comments
VOA
By ကိုဇော်ဝင်းလှိုင် တနင်္လာ, 22 နိုဝင်ဘာ

NLD ဦးဆောင်မှုနဲ့ တောင်ဒဂုံမှာ ဖွင့်ထားတဲ့ လူမှုရေး၊ စောင့်ရှောက်ရေး ဂေဟာက HIV / AIDS ဝေဒနာ သည်တွေအနေနဲ့ အတည်တကျ ဆေးကုသမှုခံယူနိုင်ဖို့ နေရာတနေရာ စီစဉ်ပေးရေးအတွက် NLD ခေါင်းဆောင်ပိုင်း၊ ငွေကြေးထောက်ပံ့ပေးနိုင်သူ စေတနာရှင်တွေနဲ့ အကူအညီပေးလိုကြတဲ့ တသီးပုဂ္ဂလ အမတ်လောင်းတွေ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဝေဒနာသည်တွေ နေထိုင်ရေး ကိစ္စတင်သာ မကဘဲ ဆေးဝါး ကုသမှုရရှိနိုင်အောင် ၀ိုင်းဝန်း လုပ်ဆောင်ပေးကြဖို့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေနဲ့ ပြီးခဲ့တဲ့ စနေနေ့တုန်းက တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုခဲ့တာကြောင့် NGO လုပ်ငန်း အတွေ့အကြုံရှိကြတဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ ဦးဆောင်ပြီး လှုဒါန်းနိုင်တဲ့ စေတနာရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီ ဝေဒနာသည်တွေအနေနဲ့ သူတို့နေထိုင်နေတဲ့ တောင်ဒဂုံက HIV / AIDS အခမဲ့စောင့်ရှောက်ရေးဌာနမှာ လာမယ့် နိုဝင်ဘာလ ၂၅ ရက်နေ့နောက်ပိုင်း ဆက်ပြီးတော့ နေခွင့်မရတော့တဲ့ အခြေအနေဖြစ်လာတဲ့ အတွက် အခုလို ဆွေးနွေးမှုတွေ ဖြစ်ပေါ်လာတာပါ။

ဒီကနေ့ ဆွေးနွေးပွဲကိုတော့ ငွေကြေးအားဖြင့် လှူဒါန်းနိုင်တဲ့ နိုင်ငံတကာ သံရုံးတွေက ကိုယ်စားလှယ်တွေ၊ လတ်တလော ဒီဆေးခန်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် နိုင်ငံရေးအရ ဦးဆောင်မှုပေးနေတဲ့ NLD အဖွဲ့က ဗဟိုကော်မတီဝင် ဦးဝင်းတင်၊ နေ့စဉ်လူနာတွေ လိုအပ်ချက်ကို လိုက်လံဆောင်ရွက်ပေးနေတဲ့ သူတွေထဲက ကိုရာဇာနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်တွေ ကိုယ်စား NGO လူမှုကယ်ဆယ်ရေးလုပ်ငန်းတွေ မှာ အတွေ့အကြုံရှိတဲ့ ဒေါက်တာဖုန်းဝင်းနဲ့ ဒေါက်တာယူဇာမော်တို့အပြင် တခြားတသီးပုဂ္ဂလ ကိုယ်စားလှယ် တချို့လည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလော လူနာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ အပါအ၀င် NLD ကလုပ်နေတဲ့ လုပ်ငန်းတွေဟာ ထိရောက်မှုရှိတဲ့အကြောင်း၊ စစ်အစိုးရနဲ့ အဆက်အဆံရှိတဲ့ သံတမန်တွေအနေနဲ့ စစ်အစိုးရကို တိုက်တွန်း ပြောဆိုပေးဖို့ တက်ရောက်လာသူတွေ အားလုံးက သံတမန်တွေကို တင်ပြခဲ့တယ်လို့ NLD ဗဟိုအလုပ် အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်က ပြောပါတယ်။

“အဓိကအချက်က ဘာလဲဆိုတော့ ဒီဟာတွေကို လုပ်နေတာတော့ အစိုးရကတော့ တဘက်ကနေပြီးတော့ ဥပဒေအရ ခွင့်ပြုဖို့ပဲ။ ညအိပ်တာကို။ ကျနော်တို့က Transit စခန်းလို ဖြစ်နေတာကိုး။ နားနေစခန်းလို ဖြစ်နေတာကို။ ဒီစင်တာမှာ အိပ်ကြ၊ နေကြ စားကြတယ်၊ ကျနော်တို့က ကျွေးတာမွေးတာလုပ်ရတယ်။

နောက်ပြီးတော့ ဆေးကုသမှုအတွက် စီစဉ်ပေးရတယ်။ လိုအပ်တဲ့ဆေးတွေ ၀ယ်ပေးရတယ်။ ဆေးရုံသွားဖို့ အတွက် လမ်းစရိတ်ထုတ်ပေးရတယ်။ အဲလိုလုပ်နေတဲ့ဟာကို အခုကျတော့ လုံးဝကို တည်းခိုခွင့်တွေ မပေး တော့ဘူး၊ ပိတ်လိုက်ပီဆိုတဲ့အခါကျတော့ ဒါက တခုပေါ့။

နောက်တခုက ဘာလဲဆိုတော့ ဆေးရုံကို ပို့ရမယ်ဆိုတော့ ဆေးရုံက လက်ခံနိုင်တဲ့လူနာက ၄၀ အောက်မှာ ရှိမယ်၊ ကျနော်တို့က ၈၀ အထက်မှာရှိတဲ့ အခါကျတော့ လူနာ ၄၀ ကို ဘယ်လိုလုပ်မလဲ ဆိုတဲ့ကိစ္စတွေ ပေါ်လာတယ်။ ဒါတွေကို ဆွေးနွေးတာပါပဲ။ အဲဒါတွေကို သံရုံးတွေက ပုဂ္ဂိုလ်များကပေါ့ဗျာ၊ သံအမတ်များ ကနေပြီးတော့ သူတို့နိုင်ငံတွေမှာ အစိုးရတွေကို ဆက်လက်တင်ပြဖို့နဲ့ နောက်တခုက သူတို့နိုင်ငံတွေက Donor တွေပေါ့။ အလှူရှင်တွေကို ရှင်းလင်းပြောပြဖို့။ ဒါ တခုပေါ့။

နောက်တခုက ဖြစ်နိုင်ရင်လည်း ဒီအစိုးရနဲ့ သူတို့မှာ အဆက်အဆံရှိရင် ဒီအစိုးရနဲ့ပတ်သက်ပြီးတော့ ဒီ HIV လူနာတွေ ကိစ္စဟာ NLD လုပ်နေတဲ့ကိစ္စဟာ၊ ဖြူဖြူသင်းတို့ လုပ်နေတဲ့ကိစ္စဟာ ထိထိရောက်ရောက် လုပ်နေတယ်၊ အဲဒါကို အဆက်ပြတ်မသွားစေချင်ဘူးဆိုတဲ့ဟာမျိုးကို တိုက်တွန်းပြောဖို့ တင်ပြကြတယ်ပေါ့”

NLD အနေနဲ့ကတော့ နောင်မှာ အလှူရှင်တွေအနေနဲ့ လှူချင်ရင် ဆေးခန်းရဲ့ နေ့စဉ်လုပ်ငန်းတွေကို ကြီးကြပ် ကွပ်ကဲနေတဲ့ မဖြူဖြူသင်းတို့ကို တိုက်ရိုက်ကူညီလို့ရတယ်ဆိုတာကို တင်ပြခဲ့တယ်လို့ ဦးဝင်းတင်က ဆက်ပြောပါတယ်။

“ကျနော်တို့ NLD ဘက်က တင်ပြခဲ့တာကတော့ နောင်ကို အလှူရှင်များအနေနဲ့ ကူညီကြမယ်၊ ဒီကိစ္စကို ပါဝင် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ဖြူဖြူသင်းတို့ ဌာနနဲ့ တိုက်ရိုက်ဆက်သွယ်ပြီး လုပ်ဖို့။ ဆိုလိုတာ ကတော့ ဘယ်သူကမှ တဆင့်ခံ လုပ်မနေတော့ဘဲနဲ့ အကူညီတွေ ပေးချင်တယ်၊ ဆေးဝါးအကူအညီတွေ ပေးချင်တယ်၊ ပစ္စည်းအကူအညီပေးချင်တယ်၊ ငွေကြေးအကူအညီပေးချင်တယ်ဆိုရင် ဖြူဖြူသင်းတို့ရဲ့ ဌာနကို တိုက်ရိုက်ဆက်သွယ်ပြီးတော့ ကူညီပေးသွားဖို့ ကျနော်တို့က တိုက်တွန်းကြတယ်၊ ဒါလောက်ပါပဲဗျ”

တက်ရောက်လာခဲ့ကြတဲ့ သံတမန်တွေကလည်း လူနာတွေကို ဆေးကုသမှု ပေးရုံတင်မကဘူး။ သူတို့ နေထိုင်ရေးအတွက်ပါ လိုအပ်နေတယ်ဆိုတာကို သူတို့ဘက်က သတိထားမိနေတာ ကြာပြီဖြစ်တဲ့အတွက် ဒီလိုအပ်ချက်တွေကို ကူညီမယ်လို့ ပြောဆိုသွားတဲ့အကြောင်း ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပပေးခဲ့တဲ့ ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။

“သူတို့လည်း အဲဒါကို သတိထားမိနေတာ ကြာပြီတဲ့။ သူတို့က အခု သရီးဒီ ဖဲန်း (Three D Fund) တို့ ဘာတို့ လုပ်တုံးက သူတို့က ကုသရေးတို့ ဆေးရရှိရေးတို့ အဲဒါကို အဓိက လုပ်ပေးခဲ့တာလေ။ အခုကျ တော့ ဆေးကုသတာ တခုတည်းမဟုတ်ဘဲနဲ့ နယ်ကနေလာပြီး ဆေးကုတဲ့လူတွေက ခဏတဖြုတ်နေဖို့ နေရာ လိုနေတာကိုး။ အဲဒါကတော့ လက်ရှိအခြေအနေအထိ ကျနော်တို့ မလုပ်ပေးနိုင်သေးတဲ့ ကိစ္စဖြစ် နေတာပေါ့လေ။

အဲဒါကို လုပ်ပေးနိုင်တဲ့လူတွေက ကြားထဲကနေ ဘယ်လို ၀ိုင်းလုပ်ပေးကြမလဲပေါ့နော်။ ဒါ ကျန်းမာရေး လေ၊ ကျန်းမာရေးကိစ္စကို လုပ်တဲ့အခါမှာ ကျနော်တို့က ပြည့်စုံအောင်လုပ်ရတာပေါ့။ ဆိုတော့ ဒီ ယာယီ နေထိုင်ဖို့ ကိစ္စအတွက်က တကယ်ကို လိုအပ်နေတဲ့ issue ဆိုတာလည်း သူတို့ သတိထားမိတယ်။ လုပ်လည်း လုပ်ဖို့ သင့်တယ်ဆိုတာ သူတို့သိတယ်။ ဆိုတော့ လက်ရှိ လိုအပ်ချက်တွေကိုလည်း သူတို့ ကူမယ်။ တနိုင်ငံလုံး အနေနဲ့လည်း လုပ်နိုင်အောင် သူတို့ ကြိုးစားမယ်လို့ ပြောတယ်”

သူ့အနေနဲ့ကတော့ ပြည်တွင်းပြည်ပက ၀ိုင်းဝန်းကူညီချင်သူတွေ များများပေါ်လာအောင် ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့ ဒေါက်တာ ဖုန်းဝင်းက ပြောပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲကို တက်လာတဲ့ သံတမန်တွေ ထဲမှာတော့ ဖိလစ်ပိုင် သံအမတ်ကြီး၊ သြစတျေးလျသံရုံးက သံအမတ်ကြီး၊ ဗြိတိသျှသံရုံးက သံမှူးနဲ့ အမေရိကန်သံရုံးက ကိုယ်စားလှယ်တို့ ဖြစ်ကြပါတယ်။

HIV-AIDS ဝေဒနာရှင်တွေကို ကူညီဖို့ ဆွေးနွေး

0 comments
RFA
2010-11-22

NLD လူငယ်တွေ ဦးစီးစောင့်ရှောက် နေတဲ့ HIV-AIDS ဝေဒနာရှင် တွေကို အကူအညီ ပေးနိုင်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်း တွေကို မေတ္တာရပ်ခံတဲ့ အစည်းအဝေး တခုကို ရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ တသီးပုဂ္ဂလ အမတ်တွေက ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ရွှေဂုံတိုင် ဒဂုံတာဝါမှာ ပြုလုပ်ခဲ့သလို ဦးကျော်သူ ဦးဆောင်တဲ့ အနုပညာရှင် တွေကလည်း အဲဒီ စောင့်ရှောက်ရေး ဂေဟာမှာရှိတဲ့ AIDS ဝေဒနာရှင် တွေကို ဒီကနေ့ သွားရောက် လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က တသီးပုဂ္ဂလ အမတ်တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်အရ အရင် NGO လူမူရေးအဖွဲ့တွေမှာ လုပ်ကိုင်ဖူးသူ၊ တသီးပုဂ္ဂလ အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သူတွေက ဒီကနေ့ အစည်းအဝေး ခေါ်ယူခဲ့တာပါ။

အစည်းအဝေးမှာ နိုင်ငံတကာ အကူအညီပေးသူတွေ၊ သံတမန်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ဖိတ်ကြားခဲ့ပါတယ်။ အစည်းအဝေးကို ဖိလစ်ပိုင်သံအမတ်ကြီး၊ ဗြိတိသျှ သံရုံးက သံမှူးနဲ့ သြစတြေလျ သံရုံး ဒုတိယ သံအမတ်တို့ တက်ရောက်ခဲ့ပါတယ်။ အစည်းအဝေးတက်ခဲ့တဲ့ NLD ဗဟိုကော်မတီဝင် ဦးဝင်းတင်က ခုလိုပြောပြပါတယ်။

"အဓိကကတော့ အကုအညီတွေ ဘယ်လို ပေးနိုင်ကြမလဲ။ နောက်ပြီ HIV ဌာနကို နှင်တယ်ဆိုတာ ဒေါ်စုသွားပြီး စကားပြောပြီးတဲ့နောက် ဖြစ်တယ်ဆိုတော့ ဒါဟာ နိုင်ငံရေးနဲ့ ပတ်သက်တယ်လို့  ကျနော်တော့ ယူဆတယ် ဆိုတဲ့ အချက်တွေကို ပြောကြတယ်။ နောက်တချက် ပြောတာကတော့ ဒီ International Community ကနေပြီးတော့ ဒီလူနာတွေဟာ ဗမာပြည်ရဲ့  အစိတ်အပိုင်း သေးသေးလေးတခုဘဲ။ ရန်ကုန်ကို လာနိုင်တဲ့ လူလောက်ဘဲရှိတာ။ ဒါ့ထက်ပိုပြီး အများကြီးရှိနေတယ်။ နယ်တွေဖက်ကျတော့ အစိုးရကလဲ ဆေးကုပေးနိုင်တာလဲ မရှိဘူး။ ဆေးဝါးပေးနိုင်တာလဲ မရှိဘူး။ HIV ဟာက ဘယ်လို ဖြစ်မလဲဆိုရင် ဖြူဖြူသင်းတို့ရဲ့ စင်တာကတော့ ရှိနေမှာဘဲ။ အဲတော့ နောင်ကို အကူအညီ ပေးချင်ရင် ဖြူဖြူသင်းတို့ကိုဘဲ တိုက်ရိုက်ဆက်သွယ်ပြီး ပေးနိုင်ပါတယ်။ NLD ကတော့ နိုင်ငံရေးပါတီမို့ NLD ကတဆင့် သွားစရာလည်း မလိုပါဘူးဆိုတဲ့ အချက်တွေကို ဆွေးနွေးခဲ့ကြပါတယ်။"

အစည်းအဝေးကို ဒေါက်တာဘုန်းဝင်း၊ ဒေါ်တင်ယုဇာ၊ ဒေါ်ယုဇာမော်ထွန်းစတဲ့ ပုဂ္ဂိုလ်တွေက ကမကထပြု ကျင်းပခဲ့တာပါ။ တချိန်ထဲမှာပဲ တောင်ဒဂုံ (၈) ရပ်ကွက်မှာရှိတဲ့ AIDS ဝေဒနာရှင်တွေထားရာ ဂေဟာကို နာရေးကူညီမှုအသင်းက

NLD ဗဟို ကော်မတီဝင် မဖြူဖြူသင်း ဦးစီးဖွင့်လှစ်ထားတဲ့ ဒီဂေဟာက AIDS ဝေဒနာရှင်တွေကို အာဏာပိုင်တွေက နေရာရွေ့ပြောင်းခိုင်းချိန်မှာ လူနာတွေကို ကရုဏာသက်တာကြောင့် ခုလို သွားရောက်တာ ဖြစ်တယ်လို့ လှူတန်းသူများအဖွဲ့မှာ ပါဝင်တဲ့ အဆိုတော် အနဂ္ဂက ပြောပါတယ်။

"ကိုမောင် စီစဉ်တယ်ပေါ့နော်။ ကျနော်တို့ ကလဲ လိုက်လှူချင်တဲ့ အတွက်ကြောင့် ကျနော်တို့ ရယ် နောက် နာရေးကုညီမှု အသင်းက အသင်းသားတွေလည်း အကုန်လုံး သွားလှူကြတာပါ။"

အနူပညာရှင်တွေဟာ လူနာတွေကို မနက်စာ ဒန်ပေါက် ကျွေးပြီး ငွေကြေးနဲ့ အသုံးအဆောင်တွေ လှူဒါန်းခဲ့ကြတာပါ။ ခုလို လာရောက် လှူဒါန်းတာနဲ့ ပတ်သက်ပြီး ဂေဟာ တာဝန်ခံ မဖြူဖြူသင်းက-

"ဘာဘဲပြောပြော အခုလို လူနာတွေ အခက်အခဲ ဖြစ်နေတဲ့ အချိန်မှာပေါ့နော်။ ကိုကျော်သူဦးဆောင်ပြီး အနုပညာရှင်တွေ အဆိုတော်တွေ ဒါရိုက်တာတွေ လာပြီးတော့ အားပေးတဲ့အတွက် လူနာတွေလည်း ပျော်ရွှင်တာပေါ့။ ခွန်အား တခုတော့ ရတာပေါ့။ အဲဒီအတွက် အကုန်လုံးကို ကျေးဇူးတင်တာပေါ့နော်"

ဒီဂေဟာကို ပြီးခဲ့တဲ့ ဗုဒ္ဒဟူးနေ့က ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေးစကား ပြောကြားပြီးတဲ့နောက် လူနာတွေကို လာမဲ့ နိုဝင်ဘာလ ၂၅ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဘို့ ရပ်ကွက်အာဏာပိုင်တွေက ပြောထားပါတယ်။

ဒီကနေ့ သွားရောက်လှူဒါန်းတဲ့ ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။
ကိုကျော်သူနှင့် ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်

ပြောင်းရွှေ့လျှင် အခက်အခဲရှိဟု HIV/AIDS ဝေဒနာရှင်များပြော

0 comments
စိုင်းဇွမ်ဆိုင်း Monday, 22 Nov ဧရာဝတီ

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) လူမှုအထောက်အကူပြုအဖွဲ့မှ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်တွင် စောင့်ရှောက် ထားသည့် HIV/AIDS ဝေဒနာရှင်များက အာဏာပိုင်များက ၎င်းတို့ကို အဓမ္မရွှေ့ပြောင်းခိုင်းလျှင်လည်း ပြောင်းမည် မဟုတ် ဟု ဧရာဝတီသို့ ပြောဆိုသည်။

အာဏာပိုင်များက အဓမ္မပြောင်းရွှေ့ခိုင်းနေသော်လည်း မဖြူဖြူသင်းနှင့် ဒေါ်အောင်ဆန်းစုကြည် ရှိပါက ပြောင်းရွှေ့ရမည် ဟု မထင်ကြောင်း ဝေဒနာရှင် တဦးဖြစ်သူ မဝင်းဝင်းနိုင်က ပြောသည်။

“အစတုန်းက အစ်မ(မဖြူဖြူသင်း) တယောက်ပဲ ကျမတို့အတွက်ရှိတယ်၊ ကျမတို့ဆီကို အမေစု လာပြီးတဲ့ နောက်ပိုင်း ဆိုရင် အမေစုပါ ကျမတို့အတွက် ရှိနေပြီလို့ စိတ်ထဲမှာ ခံစားရတယ်။ အစ်မ နဲ့ အမေစုတို့ ရှိနေသရွေ့တော့ ကျမတို့ ပြောင်းရွှေ့ရမှာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ထင်မိတယ်။ ပြောင်းခိုင်းမယ်ဆိုရင်လည်း ကျမတို့ ပြောင်းပေးမှာ မဟုတ်ဘူး”ဟု ၎င်းက ပြောဆိုသည်။

အခြားဝေဒနာရှင်တဦးဖြစ်သူ ကိုစူပါ ကလည်း သက်ဆိုင်ရာမှ ရွှေ့ပြောင်းခိုင်းထားသည့် သာကေတ ဆေးရုံသို့ ရောက်ဖူး ကြောင်း၊ ယင်း ဆေးရုံသို့ ဝေဒနာရှင်များ ပြောင်းရွှေ့ရပါက အခက်အခဲများ ကြုံရမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“အဲဒီမှာ လူနာက ၆ ယောက်ပဲရှိတယ်၊ သောက်ရေတောင်မှ အဆင်မပြေဘူးဆိုတာ တွေ့ခဲ့ရတယ်။ လူနာ တယောက်ကို တရက် ဆန် နို့ဆီဘူး နှစ်ဘူးနဲ့ အသား တဆယ်သား ပေးတယ်၊ ဆီ၊ ဆား၊ ကြက်သွန်၊ သောက်ရေ ကိုယ့်ဘာသာကိုယ် ဝယ်ရတယ်၊ အဲဒါကြောင့် ကျနော်တို့တွေ ပြောင်းရွှေ့ရရင်လည်း အဆင်ပြေမှာမဟုတ်ဘူး”ဟု ကိုစူပါက ဆိုသည်။

NLD ဗဟိုကော်မတီဝင် မဖြူဖြူသင်း ဦးစီးပြီး စောင့်ရှောက်ထားသည့် HIV/AIDS ဝေဒနာရှင်များကို ယခုလ ၁၇ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် သွားရောက်တွေ့ဆုံ အားပေးခဲ့ပြီးနောက်ပိုင်းတွင် အာဏာပိုင်များက ဆက်လက်နေထိုင်ခွင့်ရှိ သည့် ဧည့်စာရင်းထုတ်ပေးရန် ငြင်းဆန်ခဲ့သည်။

“အမေစု လာလို့ ကျမတို့ကို ရွှေ့ခိုင်းတယ်လို့ မထင်ဘူး၊ အစတည်းက ဒီအသိုက်အမြုံကို ရွှေ့ပစ်ချင်တဲ့ဆန္ဒ လူကြီးတွေမှာ ရှိတယ်၊ အမေစုလာတာကို အကြောင်းပြပြီး ရွှေ့ခိုင်းတယ်လို့ ကျမ ထင်ပါတယ်”ဟု မဝင်းဝင်းနိုင် က ပြောသည်။

ဝေဒနာရှင်များကို ရွှေ့ပြောင်းခိုင်းသည့် ကိစ္စသည် မလုပ်သင့်၊ မလုပ်ထိုက်သည့် ကိစ္စဖြစ်ကြောင်း ဂေဟာတည်ရှိရာ ရပ် ကွက် လူထုကလည်း ဝေဒနာရှင်များ ပြောင်းရွှေ့ပြီး အခက်အခဲ ဖြစ်မည်ကို စိုးရိမ်နေကြကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးကျော်သူက ဧရာဝတီသို့ ပြောသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အဖွဲ့ဝင်များ၊ အဆိုတော်များဖြစ်သည့် အနဂ္ဂ၊ ကျားပေါက်၊ သံသာဝင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး နှင့် စာရေးဆရာမ သန်းမြင့်အောင်တို့က တောင်ဒဂုံဂေဟာရှိ ဝေဒနာရှင်များအတွက် ဒံပေါက်၊ ရေခဲမုန့်၊ နာရေးကူညီမှု တံဆိပ်ပါ တီရှပ်များ၊ အဝတ်အထည်များ၊ ငွေ နှင့် ဘုရား ဆင်းတုတော်တဆူကို သွားရောက် လှူဒါန်းခဲ့သည် ဟုလည်း သိရှိရသည်။

“ဝေဒနာရှင်တွေကိုယ်တိုင်က သူတို့ကို ပြောင်းရွှေ့ဖို့ ဖိအားပေးခံနေရတယ်ဆိုတာ ပြောပါတယ်၊ ဒီထက် ပိုကောင်းတဲ့ နေရာ ရှိရင်တောင်မှ သူတို့တွေ မသွားဘူးဆိုတာ ကျနော်တို့အဖွဲ့ကို ပြောပါတယ်၊ တကယ်လို့ သူတို့တွေ ပြောင်းရွှေ့ရပြီး လိုအပ်တဲ့အကူအညီကို အခြေအနေနဲ့ အချိန်အခါလိုက်ပြီး ကူညီသွားဖို့ စိတ်ကူးထားပါတယ်”ဟု အနဂ္ဂက ပြောသည်။

“လူနာတွေ အားလုံးက သူတို့ မသေခင်စပ်ကြားမှာ သူတို့ စိတ်ချမ်းချမ်းသာသာနဲ့ နေသွားချင်တယ်၊ ဆိုတော့ ဒီပြောင်းရွှေ့ တဲ့ ကိစ္စကို လူသား တယောက်ရဲ့ စိတ်ဓာတ်၊ လူစိတ်နဲ့ ဆုံးဖြတ်ဖို့ ကောင်းတယ်”ဟု ဦးကျော်သူက ပြောသည်။

အဆိုတော် အနဂ္ဂ က လူမှုရေးလုပ်ငန်းများကို ယခင်တည်းက ဆောင်ရွက်ခဲ့ဖူးကြောင်း၊ နာဂစ်မုန်တိုင်း အပြီးတွင်လည်း လူမှုရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့ဖူးကြောင်း၊ HIV/AIDS ဝေဒနာရှင်များ အဓမ္မ ပြောင်းရွှေ့ခံရပြီး အရေးပေါ် အကူ အညီလိုအပ်လျှင် ပေးရန် အဆင်သင့်ရှိကြောင်း ပြောဆိုသည်။

မဝင်းဝင်းနိုင်က“မပြောင်းချင်ဘူးဆိုတာက ကျမတို့လူနာတွေအတွက် ဒီမှာ အရမ်း အဆင်ပြေတယ်။ ပို စိတ်ချမ်းသာတယ်။ လူနာတွေကလည်း တယောက်နဲ့ တယောက်အရမ်း စည်းလုံးမှုရှိတယ်။ အစ်မ တို့နဲ့ နေရတာ တအား နွေးထွေးတယ်”ဟု ပြောသည်။

ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်ကြီးများက ဝေဒနာရှင်များ လက်ရှိနေထိုင်လျက်ရှိသော နေရာတွင် လူနာ အရေအတွက် များလွန်းသဖြင့် တီဘီကဲ့သို့ ကူးစက်ရောဂါများ ပြန့်ပွားရန်လွယ်ကူကြောင်း၊ ထို့ကြောင့် လက်ရှိ ဝေဒနာရှင် တချို့ကို သာကေတဆေးရုံသို့ လွှဲပြောင်းပေးရန် ဂေဟာတာဝန်ရှိသူများကို ပြီးခဲ့သည့် စနေနေ့က ပြောဆိုခဲ့သည်။

“ကျမတို့က HIV/AIDS တောင်ဖြစ်နေပြီပဲ၊ ဒီ တီဘီ လောက်တော့ မမှုတော့ဘူး၊ ဒီမှာရှိတဲ့ တီဘီ ဝေဒနာရှင်တွေလည်း စည်းကမ်းရှိတယ်၊ သူတို့သောက်ရမယ့်ဆေးကို ပုံမှန်သောက်နေကြလို့ သူတို့နဲ့ နေရဲတယ်”ဟုလည်း မဝင်းဝင်းနိုင်က ဆို သည်။

ကိုစူပါကလည်း တောင်ဒဂုံမြို့နယ်ရှိ ဂေဟာတွင် နေမကောင်းသူ ဝေဒနာရှင်များ၊ ART ဆေးသောက်နေရသူများ၊ ဆေးရုံမှ ဆင်းလာပြီး စိတ်ချရသည့် အခြေအနေမရှိသေးသူများ ရှိနေသောကြောင့် ဝေဒနာရှင်များကို ၎င်းတို့ နေထိုင်ရာဒေသများ သို့ ပြန်လွှတ်မည် ဆိုလျှင် များစွာအခက်အခဲ ဖြစ်ကြရမည် ဖြစ်ကြောင်း ပြောဆိုသည်။

HIV/AIDS ဝေဒနာရှင်များ ကူညီစောင့်ရှောက်သည့် လုပ်ငန်းကို NLD လူမှုအထောက်အကူပြု အဖွဲ့က ရန်ကုန်တိုင်း အတွင်း ဂေဟာ ၃ ခုကို ၂၀၀၂ ခုနှစ်မှ စတင်လုပ်ဆောင်ခဲ့ပြီး ကျောက်ပန်းတောင်း၊ အောင်လံ၊ တောင်တွင်းကြီး၊ စသည့် မြို့နယ်များမှ ဝေဒနာရှင်များ အများဆုံး ဖြစ်ကြကြောင်း၊ တောင်ဒဂုံ မြို့နယ်ရှိ ဂေဟာတွင် နေထိုင်သူ ၈၀ ကျော် ရှိကြောင်း သိရှိရသည်။

ဝေဒနာရှင်များအား ပြောင်းရွှေ့ပြီး ဂေဟာဖျက်မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ကူညီရန် ဗြီတိသျှ သံအရာရှိ၊ ဖိလစ်ပိုင် သံအမတ်၊ သြစတြေးလျ ဒု သံအမတ် တို့နှင့် ယနေ့တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြသည်ဟု NLD ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင် က ဧရာဝတီ သို့ ပြောသည်။

တောင်ဒဂုံမြို့နယ်ရှိ ဂေဟာမှ ဝေဒနာရှင်များကို လက်ရှိနေရာတွင် နိုဝင်ဘာလ ၂၅ ရက်နေ့ကျော်ပြီး နေထိုင်ပါက ဖမ်ဆီး မည်ဟု အာဏာပိုင်များ က ယခုလ ၁၈ ရက်နေ့တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်။

---------

စေတနာရှင် အနုပညာသည်တွေ AIDS ဝေဒနာရှင်တွေကို တွေ့ဆုံနှစ်သိမ့်

0 comments
VOA
By ဦးမိုးဇော် တနင်္လာ, 22 နိုဝင်ဘာ

NLD လူငယ်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာကို ဒီကနေ့ မနက်မှာ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်လည်းဖြစ်၊ နာရေးကူညီမှုအသင်း ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးကျော်သူနဲ့ တခြား အနုပညာသည်တွေက သွားရောက် အားပေးခဲ့ပါတယ်။ အခုလို ထင်ရှားတဲ့ အနုပညာသည်တွေ မမျှော်လင့်ဘဲ ရောက်လာတာကြောင့် လူနာတွေ အံအားသင့် ၀မ်းမြောက်ခဲ့ကြသလို အနုပညာရှင်တွေကလည်း လူသားချင်း စာနာစိတ်နဲ့ သူတို့ကို နွေးထွေးလုံခြုံရာ နေရာမှာပဲ ဆက်လက် နေစေချင်ကြောင်း ထုတ်ဖော် ပြောဆိုကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဖြူဖြူသင်းနဲ့ လူငယ်တွေ ဦးဆောင် ဖွင့်လှစ်ထားတဲ့ တောင်ဒဂုံမြို့နယ်က HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် တွေ့ဆုံပြီးတဲ့ နောက်တရက်မှာ အာဏာပိုင်တွေက ပြောင်းရွှေ့ဖို့ စီစဉ်လာတာ ဖြစ်ပါတယ်။ လူမှုစောင့်ရှောက်ရေး ဂေဟာက လူနာတွေကတော့ တခြားနေရာကို ပြောင်းရွှေ့ရရင် ART ဆေး ပုံမှန်မရမှာနဲ့ လုံလောက်တဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်မှု မရမှာ စိုးတာကြောင့် မပြောင်းလိုကြပါဘူး။

ဒီကနေ့ မနက်မှာတော့ ရွှေ့ပြောင်းခိုင်းတာကြောင့် စိတ်ဒုက္ခ ဖြစ်နေကြတဲ့ လူနာတွေကို အနုပညာရှင်တွေ စုစည်းပြီး သွားရောက်တွေ့ဆုံ အားပေးခဲ့ကြတယ်လို့ ရုပ်ရှင်သရုပ်ဆောင် ကျော်သူက အခုလို ပြောပါတယ်။

“ကျနော်တို့ ဒီဂေဟာသွားတာ ကျနော်ရယ်၊ ကျနော့်ဇနီး ရွှေဇီးကွက်ရယ်၊ ဆရာမ ဒေါ်သန်းမြင့်အောင်ရယ်၊ ကျနော်တို့အသင်းက တချို့ပါတယ်။ နောက် အနဂ္ဂရယ်၊ သံသာဝင်းရယ်၊ အဆိုတော်ပိုင်းကပေါ့လေ။ နောက် ကျားပေါက်၊ ကျားပေါက်တို့ လင်မယားရယ်၊ နောက် ဒါရိုက်တာ မင်းထင်ကိုကိုကြီးရယ် သွားကြပါတယ်။ ကျနော်တို့ ဒံပေါက်ထမင်း သွားကျွေးတယ်၊ ရေခဲမုန့်နဲ့ ဒံပေါက်ထမင်း။ နောက် အ၀တ်အစား၊ အနဂ္ဂဆို သူ့အ၀တ်အစားတွေ လှူတယ်။ ကျနော်က ကျနော့်တီရှပ်တွေ လှူတယ်။ နောက် ပြည်မြို့ ရွှေပေါက်ပင် ဆရာတော်ကြီးဆီမှာ လုပ်ခဲ့တဲ့ ပန်းပေါင်းဘုရားတဆူ ကျနော်လှူခဲ့တယ်။ နောက် ဆရာတော်ကြီးရဲ့ ကျင့်စဉ်တွေ၊ အဲဒါတွေ လှူခဲ့တယ်။”

ရန်ကုန် နာရေးကူညီမှု အသင်းရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ သရုပ်ဆောင် ကျော်သူက HIV/AIDS ဖြစ်နေသူတွေကို လူသားချင်း စာနာစိတ်နဲ့ သူတို့အတွက် နွေးထွေးတဲ့ နေရာမှာပဲ ဆက်နေစေချင်တယ်လို့ ပြောပါတယ်။

“အမှန်မှာကတော့ လူသားတွေ အတွက်ပေါ့လေ၊ လူသားတွေအတွက် လိုက်နာဆောင်ရွက်ရမယ့် ကျင့်ဝတ်တွေတော့ လူသားဆန်ဆန် ကျင့်ကြံဖို့ အရေးကြီးတယ်။ ဘာလို့လဲဆို HIV လူနာတွေကလည်း လူသားတွေဖြစ်တယ်။ ကျနော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာဆိုရင် သဂြုင်္ိဟ်ပေးရတာ လူပေါင်းစုံပဲ သဂြုင်္ိဟ်ပေးရတာ။ ဗိုလ်ချုပ်ကြီးတွေ ဆုံးတယ်ဆိုလည်း ကျနော်တို့ သဂြုင်္ိဟ်ပေးရတယ်။ နိုင်ငံရေးသမားတွေ ဆုံးတယ်ဆိုလည်း သဂြုင်္ိဟ်ပေးရတယ်။ ထိုနည်းတူစွာ ဘာသာမျိုးစုံ၊ လူမျိုးပေါင်းစုံ၊ ဆင်းရဲချမ်းသာမရွေး ကျနော်တို့ သဂြုင်္ိဟ်ပေးရတယ်။

“ဒါက ကျနော်တို့က လူသားတယောက် အနေနဲ့ သတ်မှတ်ပြီးတော့ သဂြုင်္ိဟ်ပေးရတာ။ အခု မဖြူဖြူသင်းတို့ HIV ရောဂါသည်တွေ ဆိုတာကလည်း လူသားတွေပဲ။ အဲဒါကြောင့် လူသားတွေအတွက်ကို ပြုစုစောင့်ရှောက်ဖို့က အရေးကြီးတယ်။ ဒါကြောင့် သူတို့ နွေးထွေးတဲ့ နေရာလေးမှာ သူတို့ စိတ်ချမ်းသာ ကိုယ်ချမ်းသာနဲ့ နေသွားဖို့က အရေးကြီးတယ်။ သူတို့ နွေးထွေးတဲ့ နေရာမှာပဲ နေစေချင်တယ်။ ဒါက ကျနော်တို့ရဲ့ ဆန္ဒပဲ။”

HIV/ AIDS လူမှုစောင့်ရှောက်ရေး ဂေဟာကို သွားရောက်ခဲ့တဲ့ အဆိုတော် အနဂ္ဂကလည်း သူ တွေ့ကြုံခံစားရတာကို အခုလို ပြောပါတယ်။

“သူတို့က အံအားသင့်ပြီး အရမ်းပျော်ကြတာပေါ့နော်။ ကျနော်တို့ အနုပညာရှင်တွေ အနေနဲ့ သူတို့ဘက်ကနေ ရပ်တည်ပေးတယ်။ ပြီးတော့ ပြည်သူပြည်သား အနေနဲ့ သူတို့ဘက်က ရပ်တည်ပေးတယ် ဆိုတော့ သူတို့လည်း အားတက်တာပေါ့။ ကြားလာရတာ တခုကတော့ သူတို့ကတော့ ဒီနေရာမှာ သူတို့ ဆက်နေချင်တယ် ဆိုတာလည်း ကျနော်တို့ ကြားလာရတယ်။

“ကျနော်တို့ မြင်တာက သူတို့က တိုင်းတပါးက လူတွေမှ မဟုတ်တာ။ ကိုယ့် တိုင်းသူပြည်သားတွေပဲ။ နောက်တခု သူတို့က ဒုက္ခရောက်နေတဲ့ သူတွေပဲ၊ ရောဂါသည်တွေပဲ၊ ဒီလိုမျိုး ကျနော်မြင်ပါတယ်။ ပြီးတော့ ဒါတွေအကုန်လုံးကိုလည်း လူသားချင်း စာနာတဲ့စိတ် ရှိတယ်ဆိုရင် ဒါတွေ မလုပ်သင့်ဘူးလို့ပဲ ကျနော်မြင်ပါတယ်။”

HIV/AIDS လူမှုစောင့်ရှောက်ရေး ဂေဟာမှာ ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူ တယောက်ကတော့ အခုလို ဒုက္ခရောက်နေချိန်မှာ အနုပညာရှင်တွေ လာရောက်တဲ့အတွက် သူတို့တွေအားလုံး ၀မ်းမြောက်နေကြောင်း ပြောပါတယ်။

“ကျနော်တို့ ပြောင်းရ ရွှေ့ရမယ် ဆိုတဲ့အတွက် အကုန်လုံး စိတ်ဆင်းရဲနေတယ်လေ။ ဒုက္ခရောက်နေချိန်မှာ လာတဲ့အတွက် ပိုပြီး ၀မ်းသာတာပေါ့ဗျာ။ သူတို့လည်း လူမှုရေး အသင်းတခုကနေပြီးတော့ လာပြီးတော့ ပူးပေါင်းပြီးတော့ပေါ့နော် ဒီကိစ္စကို ၀ိုင်းဝန်းဖြေရှင်းမယ် ဆိုတဲ့အကြောင်း ပြောသွားပါတယ်။ ဒါကြောင့်မို့ အားရှိတာပေါ့ဗျာ။ လူနာတွေ အကုန်လုံးက။”

အခုအခါမှာတော့ မြန်မာပြည်အနှံ့က လာရောက်ပြီး HIV/AIDS အတွက် ကျန်းမာရေး စောင့်ရှောက်မှု ခံယူနေသူတွေကို ဒီဂေဟာမှာ ဆက်လက် နေထိုင်ဖို့အတွက် အာဏာပိုင်တွေဘက်က ဧည့်စာရင်း ထပ်မံ ထုတ်မပေးတော့ပါဘူး။ ဒီလို ထုတ်မပေးတာဟာ ရပ်ကွက်အတွင်းက တိုင်ကြားတာကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တွေက အကြောင်းပြပြီး သာကေတက အစိုးရ ဖွင့်လှစ်ထားတဲ့ ဂေဟာကို ပြောင်းရွှေ့ဖို့အတွက် ဆွေးနွေးထားပေမဲ့ လူနာတွေကတော့ မသွားလိုကြဘူးလို့ သိရပါတယ်။

ဒီလ ၂၅ ရက်နေ့အထိ တောင်ဒဂုံက ဂေဟာမှာ လူနာတွေ ဆက်လက်နေထိုင်မယ် ဆိုရင်တော့ အရေးယူမယ်လို့ အာဏာပိုင်တွေက ပြောဆိုထားပါတယ်။

HIV ဝေဒနာရှင်တွေအတွက် ဧည့်စာရင်းတိုင်ကြားတာကို လက်မခံ

0 comments
RFA
2010-11-21

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် မဖြူဖြူသင်းရဲ့ နေအိမ်မှာ ဖွင့်လှစ်ထားတဲ့ HIV/AIDS ဝေဒနာရှင် ပြုစုစောင့်ရှောက်ရေး ဂေဟာမှာ နေထိုင်ကြတဲ့ ဝေဒနာရှင်တွေအတွက် မနေ့ညက ဧည့်စာရင်း သွားရောက်တိုင်ကြားခဲ့တာကို အာဏာပိုင်တွေက လက်မခံခဲ့ဘူးလို့ သိရပါတယ်။

ဒီဂေဟာကို တာဝန်ယူနေသူတဦးဖြစ်တဲ့ ကိုရာဇာက- ရပ်ကွက်တာဝန်ရှိသူတဦး သူတို့ထံ ဒီကနေ့ လာရောက်ပြီး လောလောဆယ် ဧည့်စာရင်းတိုင်ကြားမှုကို လက်မခံနိုင်သေးဘူးလို့ အသိပေးခဲ့ကြောင်း အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ ပြောဆိုပါတယ်။

“ညက သွားတိုင်တော့ ရဝတရုံးက ၉ နာရီလောက်ကြီး ပိတ်ထားတယ်။ ပိတ်ထားတော့ ဒီစာရွက်တွေကို ရယက က ကျနော်တို့ဆီကို ဧည့်စာရင်း အမြဲတမ်း လာယူနေတဲ့ ကိုခင်မောင်ဌေးဆိုတဲ့ ရာအိမ်မှူးအိမ်ကို ဝင်ပေးတယ်။ သူက ဒီမနက် ၁၁ နာရီထိုးတော့ အဲဒီစာရွက်တွေကို ပြန်ယူလာပြီးတော့ ဒီကိစ္စတွေကို ၂၅ ရက်နေ့ နောက်မှ လုပ်ပါတဲ့။ ၂၅ ရက်နေ့မှာ လူကြီးက ပြောင်းဆိုရင် ပြောင်းပါတဲ့၊ မပြောင်းနဲ့ဆိုရင်တော့ ကျနော်တို့ ဧည့်စာရင်း ဆက်ပေးပါ့မယ် ဆိုပြီး လာ အကြောင်းပြန်သွားတယ်”

မနေ့က ရန်ကုန်တိုင်း ကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက ဂေဟာကို လာရောက်ပြီး ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။ ဂေဟာမှာ လူနာတွေ အရမ်းများနေမယ်ဆိုရင် သူတို့ဆေးရုံကို ပို့နိုင်ကြောင်း ပြောဆိုခဲ့ ပါတယ်။ ကိုရာဇာက ဂေဟာမှာ လူနာတွေ ဆက်လက် နေထိုင်ခွင့်ရပြီး ၂၅ ရက်နေ့ မတိုင်ခင် ဧည့်စာရင်း ထပ်မံတိုင်ကြားခွင့် ရရှိမယ်လို့ မျှော်လင့်ပါတယ်လို့လည်း ပြောပါတယ်။

Saturday, November 20, 2010

HIV/AIDS ဂေဟာကိစ္စ ကျန်းမာရေးဌာန လာရောက်ဆွေးနွေး

0 comments
RFA
2010-11-20

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်ဒဂုံမြို့နယ်က HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး ဂေဟာကို အာဏာပိုင်တွေက ပိတ်ဖို့ ကြိုးစားနေဆဲမှာပဲ ဒီကနေ့ မနက်ပိုင်းမှာ ရန်ကုန်တိုင်း ကျန်းမာရေးဌာန တာဝန်ရှိပုဂ္ဂိုလ်တွေက ဂေဟာ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးညှိနှိုင်း ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးမှူး ဒေါက်တာဦးလှမြင့် ခေါင်းဆောင်တဲ့အဖွဲ့က လူနာ စောင့်ရှောက်ရေးဂေဟာ တာဝန်ခံ ကိုရာဇာနဲ့ အဖွဲ့ကို ခေါ်ယူပြီး တောင်ဒဂုံမြို့နယ် ဆေးရုံတခုမှာ ဆွေးနွေးခဲ့ကြတာပါ။ ဒီ ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဝေဒနာသည် ကူညီစောင့်ရှောက်ရေး တာဝန်ခံ NLD ဗဟိုကော်မတီဝင် မဖြူဖြူသင်းက RFA ကို အခုလိုပြောပါတယ်။

“ဒီနေ့မနက်က တိုင်းကျန်းမာရေးအဖွဲ့က လာကြည့်သွားတာ ရှိတယ်။ ဆရာဝန်ကြီးတွေ လာပြီးတော့ လူနာတွေ တည်းဖို့ ခိုဖို့ အခြေအနေ၊ လူနာတွေ အရမ်းများနေတယ် ဆိုရင် သူတို့ဆီကိုလည်း ပို့လို့ရတယ် ဆိုတဲ့အကြောင်း။ ဘာမှ ပြဿနာ မရှိပါဘူး။ သူတို့ဘက်က အေးအေးချမ်းချမ်းပါပဲ။ နောက်တခုက သူတို့ သာကေတမှာ ထားတဲ့ လူနာတည်းခိုဆောင်ကိုလည်း လာကြည့်ပါ ပေါ့။ သူတို့ အယောက် ၅၀ လောက် လက်ခံထားလို့ ရတယ်ပေါ့။ ဒါပေမယ့် ကျမတို့ဆီမှာ ပြဿနာတခုက မဝတ ဥက္ကဋ္ဌ ဦးကိုကိုလှိုင် ဆိုတဲ့ တယောက်က ၂၅ ရက်နေ့မှာ လူနာတွေ အားလုံး ဒီအိမ်က ထွက်ပေးရမယ်ဆိုတဲ့ ပုံစံမျိုး ပြောထားတာ ရှိတဲ့အခါကျတော့ ဒီညဆိုရင် ဧည့်စာရင်းက ပြည့်သွားပြီ။ ဒီည ပုံမှန် လုပ်နေကျအတိုင်း ဧည့်စာရင်းကတော့ သွားတိုင်မယ်၊ အဲဒီကျရင်တော့ အခြေအနေ ဘယ်လိုဖြစ်မလဲ ဆိုတာ မသိဘူး။ ဒါ အာဏာပိုင် အခြေအနေပေါ့။ ဟိုဘက်က ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်လို့တော့ ဆရာဝန်ကြီးတွေ ဘာတွေ အားလုံး အဆင်ပြေပါတယ်”

ကျန်းမာရေးဌာန တာဝန်ခံတွေက အခုလို ပြေလည်ရာ ပြေလည်ကြောင်း လာရောက် ဆွေးနွေးကြပေမယ့် လူနာတွေ ၂၅ ရက်နေ့ နောက်ဆုံး ပြန်ရမယ်ဆိုပြီး အုပ်ချုပ်ရေး အာဏာပိုင်တွေဘက်က နှင်ထုတ်ထားတဲ့ ကိစ္စကိုတော့ ဘာမှ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် ကျန်းမာရေးဌာန တာဝန်ခံတွေက အခုလို ပြောဆို ဆွေးနွေးတဲ့အပေါ်မှာ ကျေနပ်မှု ရှိတယ်လို့  မဖြူဖြူသင်းက ပြောပါတယ်။

“အခုလိုမျိုး ဆွေးနွေးလိုက်ရင် ပြဿနာ တော်တော်များများ ပြေလည်သွားမယ်လို့လည်း မျှော်လင့်တယ်။ အဲလိုမျိုး မဆွေးနွေးဘဲနဲ့ သူတို့ ပြောချင်တာ ပြောမယ်၊ သူတို့ လုပ်ချင်တာလုပ်မယ်၊ အမိန့်တွေ ပေးနေမယ် ဆိုရင်တော့ ကျမတို့ အနေနဲ့ လက်ခံမှာ မဟုတ်ဘူး။ အခုလို ဆွေးနွေးတာမျိုးကို ကျမတို့ အနေနဲ့ ကြိုဆိုတယ်”

လောလောဆယ် မဖြူဖြူသင်း၊ ကိုရာဇာတို့ ကူညီ စောင့်ရှောက်ထားတဲ့ လူနာ အယောက် (၈၀) ဝန်းကျင် ရှိနေတယ်လို့ သိရပါတယ်။

NLD စောင့်ရှောက်ရေးဂေဟာရှိ HIV လူနာများ နေရာရွှေ့ရန် ဆွေးနွေး

0 comments
VOA
By သားညွှန့်ဦး စနေ, 20 နိုဝင်ဘာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် မဖြူဖြူသင်း ဦးစီးဆောင်ရွက်နေတဲ့ တောင်ဒဂုံမြို့နယ် အတွင်းက HIV လူနာသည်များ စောင့်ရှောက်ရေး ဂေဟာမှာ လူနာတွေ ထားခွင့်မပေးတော့ဘူးလို့ အာဏာပိုင်တွေက ဖိအားပေး ပြောဆိုပြီးတဲ့နောက် ဒီကနေ့မှာတော့ အဲဒီ တည်းခိုဆောင်မှာ တာဝန်ခံဆောင်ရွက်နေသူ အချို့ကို အစိုးရကျန်းမာရေး ဦးစီးဌာနက ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ လူနာတွေကို အစိုးရက စီစဉ်ထားတဲ့ စောင့်ရှောက်ရေး ဌာနတခုကို လွှဲပြောင်းပေးဖို့ အာဏာပိုင်တွေဘက်က ပြောဆိုဆွေးနွေးတယ်လို့ သိရပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

“ကျနော်တို့ကို ဆေးရုံကိုလာဖို့ဆိုပြီးတော့ ကျနော်တို့ကို ကားနဲ့လာခေါ်သွားတယ်။”

ဘယ်ဆေးရုံလဲခင်ဗျ။ -

“တောင်ဒဂုံက ဆေးရုံ၊ ဆေးရုံကိုသွားပြီးတော့ ကျနော်က မယက ဥက္ကဋ္ဌပဲလား၊ ကျန်းမာရေးဌာနကလူတွေနဲ့ ဥက္ကဋ္ဌနဲ့က အရင် ၂ ခါလာဖူးတယ်ဗျ။ အဲဒီတော့ ကျနော်က တွဲတွေ့ရမယ်ထင်လို့ပေါ့ဗျာ။ သွားလိုက်တော့ အဲဒီမှာ မယက ဥက္ကဋ္ဌမရှိဘဲနဲ့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနကပေါ့ဗျာ။ အကြီးဆုံး တိုင်းကျန်းမာရေးမှူး ဆရာကြီး ဦးလှမြင့် တယောက် တွေ့တယ်ဗျာ။ နောက် NLD က ဒေါက်တာမျိုးသန့်၊ ဝေဘာဂီ ဆေးရုံအုပ် ဦးခင်အောင်စော၊ တိုင်းရင်းဒုဦးစီးမှူး ဒေါ်စန္ဒာဝင်း၊ နောက်ပြီးတော့ တီဘီ တိုက်ဖျက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မြမြ၀င်းနဲ့ ဒေါက်တာ ဒေါ်တင်မိမိခိုင် တို့ ၆ ယောက် တွေ့တယ်ဗျာ။ ကျနော်တို့ ဘက်ကတော့ ကျနော်ရယ်။ မဖြူညီမ မမာလာထွန်းရယ်၊ မဥမ္မာရယ်၊ ကိုသိန်းမြင့်ထွန်းရယ် ၄ ယောက်ပေါ့။ သူတို့ကပြောတာကတော့ ယဉ်ယဉ်ကျေးကျေးပါပဲ။ ဒါပေမဲ့လို့ မယက ကပြောသလိုပါပဲ။ အရပ်ထဲမှာ complaint တွေ ရှိနေတယ်။ နောက်ပြီးတော့ ဒီလိုမျိုးကြီးနေတာ မကောင်းဘူး။ တီဘီတွေဘာတွေဆိုလည်း အပြန်အလှန် ကူးစက်တတ်တယ်ပေါ့။ သူတို့ဆီမှာလည်း ဒီလိုမျိုးလုပ်ထားတာ တခုရှိတယ်။ အဲဒီကို ပို့စေချင် တယ်ပေါ့။”

ဘယ်နေရာကို ပို့စေချင်တာလဲ သူတို့က။ -

“သာကေတ က (၇) ရပ်ကွက်ပေါ့နော်။ သာကေတ အ၀ိုင်းနားလေးမှာရှိတဲ့ ကျနော်တို့ထားတဲ့ဟာ တခု၊ ဒါပေမဲ့ သူတို့ဘက်ကသာတာက ဆရာဝန်တွေဘာတွေ ရှိတယ်ပေါ့ဗျာ။ ဆရာဝန်တွေဘာတွေ ရှိတယ်၊ လိုအပ်တဲ့ ဆေးဝါးကုသမှု ချက်ချင်း ပေးနိုင်တယ်၊ နောက်ပြီး အရေးပေါ်လိုအပ်တယ်ဆိုလဲ ဝေဘာဂီတို့ မင်္ဂလာဒုံတို့ကို တင်နိုင်တယ်ပေါ့ဗျာ။”

အဲဒီတော့ ကိုရာဇာတို့ ဘယ်လိုစဉ်းစားလဲ။ လူနာတွေကို သူတို့ဆီကိုပဲ လွှဲမလား။ ဘယ်လိုလုပ်မလဲ။ -

“ဒီနေ့ တပါတည်း ပြန်ပြောလိုက်တာရှိပါတယ်။ အဲဒါကဘာလဲဆိုတော့ ကျနော်တို့ သဘောဆန္ဒနဲ့ လူနာတွေကို အတင်းအကျပ် ပြောင်းရွှေ့လို့မရဘူး။ ကျနော်တို့ လူနာတွေရဲ့ သဘောဆန္ဒကိုလည်း မေးရဦးမယ်။ ကျနော်တို့လည်း နားလည်ပါတယ်လို့ ထိုက်သင့်သလောက်။ ကျနော်တို့လဲ လုပ်လာတာ ၈ နှစ် ကျော်နေပြီဆိုတော့။ ဒီလို ရောဂါကူးစက်မှုတွေ၊ အပြန်အလှန်ကူးစက်မှု ရောဂါကိစ္စတွေ ကျနော်တို့လည်း နားလည်ပါတယ်။ ကျနော်တို့လဲ အတတ်နိုင်ဆုံး အဆောက်အဦးတွေ တိုးချဲ့ဖို့လည်း ကြိုးစားနေတယ်။ အဲဒါတွေလုပ်ပြီးရင် ကျနော်တို့ သီးသီးခြားခြားလေး ဖြစ်အောင် လုပ်ပါ့မယ်။ အဲဒီတော့ ကျနော် လာကြည့်မယ်။ ကျနော် တရက်လာကြည့်ပြီးတော့ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားဦးမယ်။ ကျနော်တို့ ဒီလိုပဲ ပြောထားတယ်။”

ဟုတ်ကဲ့။ လိုက်ကြည့်မယ်ဆိုတာက အဲဒီ တည်းခိုဆောင်ကို ကိုရာဇာတို့က သွားကြည့်မယ်ပေါ့။ -

“ဒီလိုဗျာ။ ဒါက တတိယအကြိမ်တွေ့တာ။ ဒီဆရာဝန်အုပ်စုနဲ့ ကျနော်နဲ့က။ တွေ့ပြီးတော့ အဲဒီလိုပဲ သူတို့ဆီကို ပို့လို့ရပါတယ်။ ကုလို့ရပါတယ်။ နှစ်တိုင်းပဲလာပြောတယ်။ ပြောတော့ ကျနော် သွားပို့တယ်။ တယောက် သွားပို့သေးတယ်။ သွားပို့တဲ့ဟာကို အဲဒီတုန်းက အစောင့်တယောက်က ကျနော်တို့ကို မောင်းထုတ်တယ်ဗျ ကျနော်တို့ကို။ အဲဒါ အဲဒီအခြေအနေကိုလည်း ကျနော်တို့ ပြောပြလိုက်တယ်လေ။ ပြောပြလိုက်တော့ သူတို့က မဟုတ်ပါဘူး၊ မပြုပါဘူး ဆိုပြီးတော့ ပြောတာပဲ။ ဒါပေမဲ့ တခါတရံကျတော့ သူတို့က အောက်မှာ တကယ် ဖြစ်နေတာတွေကို သိချင်မှသိတာဗျ။ အဲဒီလိုမျိုးကလည်း ရှိတယ်။”

လူနာတွေရဲ့ သဘောထားကရော ဘယ်လိုရှိလဲခင်ဗျ။ -

“လူနာတွေ အကုန်လုံးကို ကျနော် မေးကြည့်တယ်။ သူတို့က ကျနော်တို့နဲ့ ကင်းလွတ်ပြီးတော့ မနေချင်ဘူးပေါ့ဗျာ။ အဲဒီတော့ ကျနော်တို့နဲ့ပဲ နေမယ်ပြောတယ်။ ဖမ်းချင်လည်း ဖမ်းပါစေတဲ့။ မတတ်နိုင်ဘူးတဲ့။ ဒီမှာနေရာတာ အဆင်ပြေတယ်ပေါ့လေ။”

ဟိုနေရာမှာကျတော့ ဆရာဝန်လည်း ရှိမယ်၊ ဆေးဝါးလည်း နိုင်တဲ့သဘော ပိုမရှိနိုင်ဘူးလားခင်ဗျ။ -

“အဲဒါက ပြောလို့ရှိရင် ဒီမှာဖြစ်နေတဲ့ကိစ္စက အခြား အခြားသော facilities ဆိုတာထက် မေတ္တာတရား ငတ်မွတ်မှုရဲ့ ပြဿနာပဲဗျ။ အဲဒါပဲ။ လူတွေကို တကယ်တမ်း မေတ္တာတရားပေးနိုင်တာက မဖြူလို့ပဲ သူတို့ယုံတယ်။ မဖြူဖြူသင်း လို့ပဲ သူတို့သိထားတယ်။ သူတို့နဲ့တွေ့တဲ့သူတွေက လူတွေ အများကြီး တွေ့ရတာကိုး။ မဖြူ တယောက်တည်းနဲ့ တွေ့ရတာမဟုတ်ဘူး။ ဆေးရုံသွားတွေ့ရတယ်။ ဆေးခန်းတွေ သွားရတယ်။ counseling တွေဝင်ရတယ်။ ဒါပေမဲ့ သူတို့ရင်ထဲမှာ မှတ်မှတ်သားသား ရှိနေတာက မဖြူဖြူသင်းပဲဗျ။ အဲဒါကြောင့်မို့ သူတို့က ဒီမှာနေရတာ ပိုအဆင်ပြေတယ်လို့ သတ်မှတ်တာပေါ့။”

ဒီကနေ့ ကိုရာဇာ ကျန်းမာရေး ဦးစီးဌာနကလူတွေနဲ့ တွေ့တဲ့အခါမှာရော တခြား အာဏာပိုင်တွေဘက်က ကမ်းလှမ်းတာကို မလုပ်ရင် တခုခုလုပ်မယ်ဆိုတဲ့ ခြိမ်းခြောက်တဲ့သဘောမျိုးရော ဆောင်လား။ -

“အဲဒီလိုတော့ မပြောဘူးပေါ့ဗျာ။ ဒါပေမဲ့ ကျန်းဦးစီးကလူ ပြောတဲ့အထဲမှာတော့ အရပ်က complaint ဆိုတဲ့ကိစ္စကဗျာ အရပ်ထဲနဲ့ ကျနော်တို့နဲ့ အဆင်မပြေအောင် သူတို့ လုပ်ချင်ရင် လုပ်လာနိုင်တာပေါ့။ ဒါပေမဲ့ ယဉ်ကျေးပါတယ်။ ဒီနေ ဆရာဝန်ကြီးတွေ၊ ဆရာမကြီးတွေက။ နောက်ပြီးတော့ ကျနော်တို့ ဒီလို ခေါ်ပြောတဲ့အတွက်လည်း ကျနော် ကျေနပ်ပါတယ်။”

တာဝန်ခံတဦးဖြစ်တဲ့ ကိုရာဇာကို ကိုသားညွှန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။ NLD ကဖွင့်လှစ်ထားတဲ့ အဲဒီ စောင့်ရှောက်ရေးဂေဟာမှာ HIV လူနာသည် ၈၀ ကျော်ရှိနေတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့တုန်းက အဲဒီဂေဟာကို သွားရောက်ပြီး လူနာတွေကို တွေ့ဆုံအားပေးခဲ့ပါတယ်။ အဲဒီနောက်မှာပဲ ဒီလူနာတွေကို တခြားနေရာတွေကို ပြောင်းရွှေ့ရမယ်ဆိုပြီး ဖိအားပေးမှုတွေ လုပ်လာတာ ဖြစ်ပါတယ်။

Friday, November 19, 2010

ဒီချုပ်နှင့် တသီးပုဂ္ဂလများ ကွန်ယက်ထောင်ရန် သဘောတူ

0 comments
ကိုဝိုင်း | သောကြာနေ့၊ နိုဝင်ဘာလ ၁၉

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် တသီးပုဂ္ဂလ အမတ်များအကြား ကွန်ယက်တခု ထူထောင်ရန် HIV/ AIDS ပိုးရှိသူများ ကူညီစောင့်ရှောက်ခြင်းဖြင့် စတင်မည်ဟု ယနေ့သဘောတူခဲ့ကြသည်။
တောင်ဒဂုံမြို့သစ် ကမ္ဘောဇ ၂ လမ်းတွင် NLD ကုသစောင့်ရှောက်မှု ခံယူနေသော HIV/ AIDS ပိုးရှိသူများအား ရပ်ကွက်အာဏာပိုင်များက ဧည့်စာရင်းတိုင် နေထိုင်ခွင့် မကြာမီပိတ်ပင်တော့မည့်အပေါ် တုန့်ပြန် လှုပ်ရှား သွားကြမည်ဟု ကမာရွတ် ပြည်သူ့ လွှတ်တော်တသီးပုဂ္ဂလအရွေးခံခဲ့သူ ဒေါက်တာဖုန်းဝင်းက ဆိုသည်။
NLD ဗဟိုရုံးချုပ်၌ တသီးပုဂ္ဂလ ၁၂ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ဒေါ်ဖြူဖြူသင်း တို့ ယနေ့မနက် ၂ နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာမှ သဘောတူညီကြကြောင်း သူက ပြောသည်။

“ဒေါ်စုပြောတာက လက်တွေ့အလုပ်တခု လုပ်ပြီးတော့ ကွန်ယက်တခုကို ဘယ်လို တည်ဆောက်မလဲ ဆိုတာပေါ့။ ဖြူဖြူသင်းတို့ လူနာတွေကို တောင်ဒဂုံကနေ အတင်းနှင်ထုတ်တဲ့ကိစ္စကို ၀ိုင်းကူးပေးချင်တာပေါ့ဗျာ ။ ကျနော်တို့က ဝိုင်းပြီး ကူပေးကြမှာပေါ့ဗျာ” ဟု ဒေါက်တာဖုန်းဝင်း က မဇ္ဈိမကို ပြောသည်။

NLD ဗဟိုဦးစီးကော်မတီဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင် ကုသစောင့်ရှောက်ပေးနေသော တောင်ဒဂုံ HIV/AIDS ကယ်ဆယ်ရေးစင်တာ၌ ဝေဒနာသည် ၆၆ ဦး ရှိကြောင်းလည်း သိရသည်။

ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးသိန်းတင်၊ ဦးမိုးထွန်း၊ ရှေ့နေ ဦးလှမျိုးမြင့်၊ ဦးရန်ကျော်၊ ဦးဝင်းချို၊ ဦးလှရှိန်၊ ဦးဝင်းကိုကိုဝင်း၊ ဦးသန့်ဇော်ဦးတို့ သွားရောက်တွေ့ဆုံကြသည်။

ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးမိုးထွန်း၊ ဦးသိန်းတန်တို့ ပါဝင်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအဖွဲ့ "Independent Democratic Group" က HIV/AIDS အလှူရှင်နိုင်ငံများမှတဆင့် လူနာများလွတ်လပ်စွာနေထိုင်ကုသခံပိုင်ခွင့်အတွက် သက်ဆိုင်ရာဌာနများကို ဖိအားပေးပြောဆိုရန် တာဝန်ယူလိုက်သည်။

သူတို့ ၆ ဦးအဖွဲ့က HIV, AIDS ဝေဒနာရှင်များအနေဖြင့် မိမိတို့နှစ်သက်သည့်နေရာတွင် ဆက်လက် တည်းခိုနေထိုင်ခွင့် ရရှိရေးသည် အခြေခံ လူ့အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေးတို့တွင် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်သည် အခြေခံကျပြီး အရေးကြီးသော အခွင့်အရေးဖြစ်ကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် အခြား တသီးပုဂ္ဂလတဦးမှာ ပုဇွန်တောင် ပြည်သူ့လွှတ်တော်မှ အရွေးခံသော်လည်း မရလိုက်သူ ဦးရန်ကျော် ဖြစ်သည်။ သူတို့ကွန်ယက်၌ ဦးဝင်းချို၊ ဦးဝင်းကိုကိုဝင်း၊ ဦးသန့်ဇော်ဦး တို့ ပါဝင်သည်။

“ဖြူဖြူသင်းမှာ ဝေဒနာသည်တွေက နယ်ကလာကြတာလေ။ ဧည့်စာရင်းကိစ္စနည်းနည်း အခက်ခဲ ဖြစ်တယ်ဗျ။ အဲဒီဟာကို ပူးပေါင်းပြီးလုပ်ပေးဖို့၊ ဆေးတွေဘာတွေရှာပေးဖို့။ ဆရာမ (ဒေါ်စု) က ပေါင်းလုပ်ဖို့ဆိုတဲ့ ဆန္ဒရှိတာကို ပြောပြပါတယ်။ အားလုံး ဥပဒေကိုလေးလေးစားစားနဲ့ ဥပဒေဘောင်အပြင်ကို မကျွံထွက်စေဖို့ အလေးအနက်ထား ပြောတာတွေ့ရပါတယ်” ဟု သူက ပြောသည်။

နိုင်ငံရေးသတင်းလွှာ-နသ လုပ်ခွင့်ရှိသေးသူများက ပြည်သူကြား၌ စာရွက်စာတမ်း ဖြန့်ဝေ ပေးစေလိုကြသော်လည်း အရွေးမခံရသည့်နောက် သာမန်ပြည်သူဖြစ်သွားသဖြင့် နသ လုပ်ခွင့်မှာ အကျုံးဝင်မဝင် မသေချာသေးကြောင်း ဦးရန်ကျော်က ဆက်ပြောသည်။

HIV/AIDS ကယ်ဆယ်ရေးစင်တာကို NLD လူမှုအထောက်အကူပြုအဖွဲ့ကူညီမှုဖြင့် ဗဟိုဦးစီး ကော်မတီဝင် မဖြူဖြူသင်းနှင့် လူငယ်များ ဦးစီးပြီး ၂ဝဝ၂ မှစ၍ ထူထောင်ခဲ့သည်။

HIV/AIDS ဝေဒနာရှင်များမထားရန် အာဏာပိုင်များ ခြိမ်းခြောက်

0 comments
ဧရာဝတီ
နရီလင်းလက် Friday, 19 November 2010 19:32

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက် အကူပြုအဖွဲ့မှ စောင့်ရှောက် ထားသည့် HIV/AIDS ဝေဒနာရှင်များအား နိုဝင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်း ဆက်လက် နေထိုင်ပါက ဖမ်းဆီး မည်ဟု အာဏာပိုင်များက ယမန့်နေ့တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု သိရသည်။

ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်ရှိ HIV/AIDS ဝေဒနာ ရှင်များနေထိုင်ရာ အိမ်သို့ နိုဝင်ဘာ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် သွားရောက်အားပေးခဲ့ပြီးနောက်တွင် ရပ်ကွက်အာဏာပိုင်များက အကြောင်းကြားစာဖြင့်ခေါ်ယူ သတိပေးခြင်းဖြစ် သည် ဟု အဆိုပါ ဂေဟာ၏ တာဝန်ခံ NLD အဖွဲ့ဝင် တဦးဖြစ်သည့် ကိုရာဇာက ပြောသည်။

ယမန့်နေ့ညက HIV/AIDS ဝေဒနာ ရှင်များနေထိုင်ရာ အိမ်သို့ ကိုထင်အောင် အမည်ဖြင့် အကြောင်းအရာနေရာတွင် “တွေ့ဆုံ ညှိနှိုင်းရန် ကိစ္စ” ဟု ရယက တာဝန်ရှိသူ လက်မှတ်ထိုးထားသည့် အကြောင်းကြားစာရောက်ရှိခဲ့သည်။

“အဓိက သူတို့က အဖွဲ့က မှတ်ပုံတင်ပြီး တရားဝင်လုပ်တာမဟုတ်ဘူး။ ရပ်ကွက်ထဲက တိုင်စာတွေ ခဏခဏ တက်လို့ ဒီမှာ နေလို့မရတော့ဘူး။ ဒီလ ၂၀ ရက်နေ့ ကျရင်လည်း ဧည့်စာရင်းတိုင်ထားတာပြည့်မယ်။ အားလုံး၂၅ ရက်နေ့အထိတော့ နေခွင့် ရှိတယ်။ ဆက်နေရင်တော့ ဥပဒေအရ အရေးယူမယ်ပြောတယ်။ တကယ်လို့ မပြန်ချင်ဘူးဆိုရင်တော့ အာဏာပိုင်တွေ ဖွင့် ထားပေးတဲ့ သာကေတ အ၀ိုင်းထိပ်က ဂေဟာကို ပြောင်းလို့ ပြောတယ်ဆိုပြီး ကိုထင်အောင်ကို မနေ့က ခေါ်ပြောတယ်” ဟု ကိုရာဇာက ပြောသည်။

၎င်းက ဆက်လက်၍ “အာဏာပိုင်တွေက ကျနော်နဲ့မဖြူဖြူသင်း မသိအောင်လူနာတွေကို လွှတ်လိုက်ပါဆိုပြီး ကိုထင်အောင် ကိုပြောတယ်။ ကျနော်တို့ သူတို့ ပြောတဲ့ ဂေဟာကို တခေါက်လူနာတွေ သွားပို့ဖူးတယ်။ ဒီမှာထားလို့မရဘူး သွားဆိုပြီး မောင်း ထုတ်တယ်။ အစောင့်တယောက်ကလွဲလို့ ဘာမှ မရှိဘူး။ အခု အဲဒီကိုသွား အစစအရာရာ အိပ်ဖို့ စားဖို့ မပူရဘူးဆိုပြီး ထပ် ပြော တယ်”ဟု ပြောသည်။

အဆိုပါ ဂေဟာတွင် နေထိုင်သူ ၈၂ ဦးရှိပြီး ယင်းကဲ့သို့ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် လူနာများဆက်လက် ကုသရန် အခက် အခဲဖြစ်ကြောင်း၊ အဆိုပါ NLD အဖွဲ့မှ စောင့်ရှောက်ထားသည့် အိမ်မှ ပြောင်းရွှေ့ရန် ပြုလုပ်နေခြင်းသည်လည်း အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“လူနာတွေက နေစရာမရှိတာ ဒီမှာမနေလို့ ဘယ်ကို ပြောင်းရမှာတုန်း။ နယ်ပေါင်းစုံက ဝေဒနာရှင်တွေ လာဆေးကုနေ ပါ တယ်ဆိုမှ ဒုက္ခထပ်ပေးတာ။ ဒါကြောင့် ဧည့်စာရင်းပေးတာမပေးတာ သူတို့ကိစ္စ ကျနော်တို့ကတော့ ဆက်နေမှာပဲ။ သူတို့တွေ အနေနဲ့ ပြောင်းအောင် အမျိုးစုံလုပ်နိုင်တာပေါ့။ ၅ နှစ်တောင်ရှိပြီထားတာ၊ ဒေါ်လာတွေ ရနေလို့ အာဏာ ပိုင်တွေက မောင်း မထုတ်ဘူးဆိုပြီး ရပ်ကွက်နဲ့ လှည့်တိုက်တာအပြင် သူတို့ တွေကိုယ်တိုင်လာပြီး ရမ်းကားတာတွေ လုပ်နိုင်တယ်”ဟု ကိုရာဇာ က ဆက်ပြောသည်။

NLD လူမှုအထောက်အကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်ကတည်းကစတင် HIV/AIDS ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်မှု ပေးရန် ရန်ကုန်တိုင်းအတွင်း ဂေဟာ သုံးခုတည်ထောင်ထားကြောင်း၊ ယခု တောင်ဒဂုံမြို့နယ် ဂေဟာတွင် လူနာပေါင်း ၈၂ ဦးရှိကြောင်း သိရသည်။

ယင်း လူနာများ ပြုစုစောင့်ရှောက်ရေးကို လူမှုအထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်း ဦးဆောင်သည့် NLD လူငယ်များက ဦးစီး ဆောင်ရွက်နေခြင်းဖြစ်သည်။

“စဖွင့်တဲ့ ၂၀၀၂ ကတည်းက ဒီလိုနှောင့်ယှက်တာ မကြာခဏ ကြုံနေရတော့ အတွေ့အကြုံမရှိတဲ့ လူနာတွေကျတော့ကြောက် တာပေါ့။ လူဟောင်းတွေကတော့ အေးဆေးပါပဲ။ တချို့ကျတော့လည်း ကိစ္စမရှိဘူး ဖမ်းချင်လည်းဖမ်းပေါ့။ ကျမတို့အနေ နဲ့ က တော့ အခုလုပ်နေတဲ့အတိုင်း မရပ်ဘဲဆက် လုပ်သွားမှာပါ။ အမှန်ဆို အာဏာပိုင်တွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တာ။ သူတို့ လုပ်ရပ်တွေက လူတွေ ကို ဒုက္ခရောက်အောင် ရည်ရွယ်ချက်ကြီးနဲ့ လုပ်နေလားလို့တောင်ထင်ရတယ်”ဟု မဖြူဖြူသင်း ကပြောသည်။

၎င်းကဆက်လက်၍ “ ဒီလိုလိုက်နှောင့်ယှက်နေတာသူတို့ ရဲ့ စိတ်စေတနာကိုပြတာပဲ။ သူတို့ အနေနဲ့ ဖမ်းဆီးမယ်ဆိုတာ ဘယ်လို ပုဒ်မနဲ့ ဖမ်းဆီးမှာလဲပေါ့။ နောက်ဆုံးသူတို့က ဧည့်စာရင်းမပေးဘူးပေါ့။ သူတို့ အနေနဲ့ ဥပဒေအရလုပ်မယ်ဆို ကျမတို့ ဘက်က ဥပဒေကြောင်းအရ ပြင်ဆင်ထားတယ်။ ကျမတို့ ဘက်က လက်ရှိ လုပ်နေတာကိုတော့ လုံးဝ နောက်ဆုတ်မှာ မဟုတ် ဘူး။ လူနာတွေကိုတော့ အနှာင့်အယှက်ခံမှာမဟုတ်ဘူး”ဟု ပြောသည်။

NLD လူမှု အထောက်အကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် HIV/AIDSဝေဒနာရှင်ပေါင်း ၃၃၉၀၀၀ ခန့်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၂၀၀၇ ခုနှစ်ထုတ် အစီရင်ခံ စာအရ သိရသည်။

NLD လူမှုစောင့်ရှောက်ရေး ဂေဟာမှာ HIV လူနာများ တည်းခိုခွင့်တားမြစ်ခံရ

0 comments
VOA
By ကိုမိုးဇော် သောကြာ, 19 နိုဝင်ဘာ 2010

အမျိုးသားဒီမိုကရေစီအဖွဲချုပ် အဖွဲ့ဝင်လူငယ်တွေ ဦးစီး ဖွင့်လှစ်ထားတဲ့ ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်က လူမှုစောင့်ရှောက်ရေးဂေဟာမှာ HIV/AIDS ရောဂါနဲ့ ဆေးကုသနေသူတွေကို ဒီလ ၂၅ ရက်နေ့ နောက်ဆုံးထားပြီး ထွက်ခွာဖို့အတွက် အာဏာပိုင်တွေက မနေ့ ညနေပိုင်းက သတိပေးလိုက်ပါတယ်။ ဒါဟာ အဲဒီဂေဟာကို ဒေါ်အောင်ဆန်းစုကြည် သွားရောက် အားပေးစကားပြောကြားပြီး နောက်တရက်မှာ သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ HIV/ AIDS အတွက် ဆေးကုသခံနေရသူတွေဟာ နယ်တွေကို ပြန်ရမယ်ဆိုရင် ဆေးကုသမှုကောင်းစွာ မရနိုင်တာကြောင့် အသက်အန္တရာယ်အတွက် စိုးရိမ်နေကြပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

တောင်ဒဂုံမြို့နယ်က လူမှုစောင့်ရှောက်ရေး ဂေဟာကို အမျိုးသားဒီမိုကရေစီအဖွဲချုပ်က မဖြူဖြူသင်းနဲ့ လူငယ်တွေက HIV/ AIDS ရှိသူတွေကို ကူညီစောင့်ရှောက်ဖို့အတွက် ၂၀၀၅ ခုနှစ်ကတည်းက ဖွင့်လှစ်ထားခဲ့တာဖြစ်ပါတယ်။ ဒီဂေဟာကို မြန်မာပြည်အနှံ့က HIV/ AIDS ရောဂါရှိသူတွေကို လာရောက် ဆေးကုသမှုခံနေပြီး အဲဒီမှာ ဆေးကုသခံစဉ်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေကို ဧည့်စာရင်းတိုင်ကြားပြီး နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဒီလ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့တွေကို သွားရောက်တွေ့ဆုံပြီး အားပေးစကား ပြောကြားခဲ့ပါတယ်။ နောက်တရက်မှာတော့ ဆေးကုသခံနေသူတွေကို အဲဒီဂေဟာမှာ ဆက်လက်နေထိုင်ခွင့် ပေးတော့မှာမဟုတ်ကြောင်း အာဏာပိုင်တွေက ခေါ်ယူပြောဆိုခဲ့တယ်လို့ လူမှုရေးဂေဟာကို တာဝန်ယူဆောင်ရွက်နေတဲ့ ကိုရာဇာက ပြောပါတယ်။

“မနေ့က ခေါ်စာ ရောက်လာတော့ ကိုထင်အောင် ဆိုတဲ့လူကို ခေါ်စာရောက်တယ်။ အကြောင်းအရာက လူမှုရေးကိစ္စ ဆွေးနွေးရန်ဆိုပြီးတော့ ခေါ်တယ်တဲ့။ အဲတော့ မနေ့ည ၈ နာရီက သူသွားတော့ မယက ဥက္ကဌ ရောက်လာပြီးတော့ ဘာပြောလဲဆိုတော့ - ဒီမှာ တိုင်စာတွေ အများကြီး တက်တယ်ပေါ့ဗျာ။ ရပ်ကွက်ထဲကနေ တိုင်စာတွေ အများကြီး တက်တယ်တဲ့။ အဲဒါကြောင့် ကျနော်တို့ ၂၀ ရက်နေ့ပေါ့နော်။ ဒီတပတ် ဧည့်စာရင်းတိုင်တာက ၂၀ ရက်နေ့ ပြည့်တာကိုး။ အဲဒီနေ့ကစပြီး ဧည့်စာရင်း မပေးဘူးပေါ့။ ဒါပေမဲ့ ၂၅ ရက်နေ့ထိတော့ နေခွင့်ပေးမယ်။ ၂၅ ရက်နေ့ နောက်ပိုင်း ဆက်နေမယ် ဆိုရင် တရားစွဲမယ်ဆိုပြီး ပြောတယ်။”

ဒီလူမှုစောင့်ရှောက်ရေး ဂေဟာကို စတင်ဖွင့်လှစ်စဉ်က လူ ၁၀ ယောက် ၁၅ ယောက်လောက်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာ မြန်မာပြည်အနှံ့က လာရောက် ဆေးကုသူတွေ များလာတာကြောင့် အာဏာပိုင်တွေက ၂ ကြိမ်လောက် ခေါ်ယူမေးမြန်းခဲ့ဖူးပေမဲ့ အခုလို ခြိမ်းခြောက်ပြောဆိုတာတော့ မရှိဘူးလို့ ပြောပါတယ်။ ဒီဂေဟာကနေ ပံ့ပိုးပေးနေတဲ့ လူမှုကူညီ စောင့်ရှောက်မှု လုပ်ငန်းတွေကိုတော့ ကိုရာဇာက အခုလို ဆက်ပြောပါတယ်။

“အဓိကကတော့ သူတို့ ရောက်လာပြီဆိုရင် နေရေးထိုင်ရေးက ပထမအချက်ပါ။ ဒုတိယအချက်ကတော့ သူတို့ရဲ့ အာဟာရပေါ့။ အာဟာရဆိုတာ ထမင်း၊ ဟင်း အပါအ၀င် အခြားသော လိုအပ်တဲ့ အာဟာရတွေ လုပ်ပေးရတယ်။ နောက်ပြီးတော့ ဆေးဝါးပေါ့။ ARV ဆေးဝါးက သူတို့ တခြား NGO တွေဆီမှာ တန်းစီနေတဲ့အချိန် မရရှိသေးဘူး။ သို့သော်လည်း အထူးကု ကျွမ်းကျင်တဲ့ သမားတော်ကြီးတွေကနေ ဆရာဝန်ကြီးတွေကနေ လိုအပ်တယ်၊ လိုအပ်နေပြီ။ CD4 account နည်းနေပြီ ဆိုတဲ့အချိန်မျိုးမှာ ကျနော်တို့က တိုက်တာမျိုး။ ဒီဝန်ဆောင်မှုတွေ ပေးတာပါ ကျနော်တို့က။”

လောလောဆယ်မှာ အဲဒီဂေဟာမှာ ဆေးကုသခံယူသူနဲ့ ARV ဆေးအထောက်အပံ့ ရရှိဖို့အတွက် လာရောက် စောင့်ဆိုင်းနေသူ ၈၄ ယောက်နဲ့ ကူညီစောင့်ရှောက်သူ ၂ ယောက် နေထိုင်နေတာဖြစ်ပါတယ်။ ဒီလိုဂေဟာမှာ ဆေးကုသမှု ခံယူနေသူတွေကတော့ မိမိတို့ နေရပ်ရင်းကို ပြန်ရမယ်ဆိုရင် ဆေးဝါးကုသမှု ကောင်းကောင်း မရနိုင်တာကြောင့် အသက်ဘေးအတွက်ကို စိုးရိမ်နေကြရတယ်လို့ ပြောပါတယ်။

“ကျမတို့ နယ်မှာဆိုရင်တော့ ဒီလို ဆေးဝါးတွေလည်း မရဘူးလေ။ နောက်ပြီးတော့ ဆေးရုံတွေကလည်း လက်မခံဘူးလေ။ ဒီလို ဆေးဝါးတွေမရှိတော့ နယ်မှာဆိုတော့ အသေပဲခံရမှာပေါ့။ ဒီမှာဆိုတော့ ဆေးဝါးလည်း ရှိတယ်။ ဆေးလည်း တိုးလို့ ရနေပြီလေ။ ဆေးလာတိုးမယ့်သူတွေ အခက်အခဲကြားထဲကနေ လာရတာပေါ့နော်။ ရွာတွေက ခက်ခက်ခဲခဲ လာရတာ။ ဒီလို ပြန်လွှတ်မယ်ဆိုရင် ကျမတို့ လာရကျိုး ဘယ်နပ်တော့မလဲ။”

HIV/ AIDS ရောဂါရှိသူတွေအတွက် လူမှုကူညီရေးလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့ မဖြူဖြူသင်းကတော့ ဒီလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ အချိန်တန်နေပြီလို့ ပြောဆိုပါတယ်။

“ကျမတို့ လုပ်နေတယ်ဆိုတာက ကျမတို့ တတ်နိုင်တဲ့အားနဲ့ ပြည်သူလူထုတွေ ဒုက္ခရောက်နေတာကို ၀ိုင်းဝန်း ကူညီပေးတဲ့သဘောပဲ ရှိတယ်။ အမှန်တကယ်လုပ်ရမှာက သူတို့ကိုယ်တိုင် ဦးဆောင်ပြီးလုပ်ရမှာ။ ကျမတို့ အနေနဲ့က ဘယ်လို လူမျိုးနဲ့မဆို၊ ဘယ်လို အဖွဲ့အစည်းနဲ့မဆို ဒီလိုလူမှုရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒလည်း ရှိတယ်။ အဲဒါကြောင့် ပူးပေါင်းဆောင်ရွက်ချင်တဲ့ ဆန္ဒမျိုးပဲ ထားပြီးတော့ အကူအညီပေးပါလို့ပဲ ပြောချင်တယ်။ ဒီလိုမျိုး အနှောက်အယှက်တွေကို ထပ်ပြီးတာ့ မလုပ်စေချင်တော့ပါဘူး။”

ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင် မြန်မာပြည်မှာ HIV/ AIDS ရောဂါ ဖြစ်နေသူ ၂ သိန်း ၄ သောင်းလောက်ရှိပြီး အဲဒီလူတွေရဲ့ ၂၀ ရာခိုင်နှုန်းဖြစ်တဲ့ ၅ သောင်း နီးပါးလောက်သာ ဆေးသောက်နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီဆေးကိုလည်း ရန်ကုန်နဲ့ နယ်က မြို့ကြီးတချို့မှာသာ အခမဲ့ ရရှိနိုင်တာ ဖြစ်ပါတယ်။

အခုလို ဒဂုံမြို့သစ်တောင်ပိုင်းက NLD လူငယ်တချို့ ဦးစီးဆောင်ရွက်နေတဲ့နေရာမှာ HIV လူနာတွေ ဆက်ပြီး တည်းခိုခွင့် မပေးဖို့ ဖိအားပေးတဲ့ကိစ္စကို ပြည်တွင်းပြည်ပ အဖွဲ့အစည်းတချို့က ကန့်ကွက်ခဲ့ကြပါတယ်။ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခဲ့ကြပြီး နောက်ပိုင်းမှာလည်း နိုင်ငံရေးအစုသဘော ရှိလာတဲ့ တသီပုဂ္ဂလ ကိုယ်စားလှယ်များအဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာတော့ HIV/AIDS ဝေဒနာသည်တွေ မိမိတို့နှစ်သက်တဲ့ နေရာတွေမှာ တည်းခိုခွင့် ရရှိရေးဟာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ဆိုတဲ့ အခြေခံ လူ့အခွင့်အရေး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် လူမှုရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတို့ဟာ ခွဲခြားမရဘူးလို့ ထောက်ပြသလို ဒီဝေဒနာသည်တွေ လွတ်လပ်စွာ ဆက်ပြီး နေထိုင်ခွင့်ရရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ လက်တွေ့အလုပ်တခုလို သဘောထား ဆောင်ရွက်သွားမယ်လို့လည်း ပြောပါတယ်။ အမေရိကန်အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ USCB ကလည်း အကူအညီမဲ့နေတဲ့ နေထိုင်စရာမရှိတဲ့ HIV ဝေဒနာသည်တွှေအတွက် ဒီလုပ်ရပ်ဟာ တရားညှာတာမှု ကင်းမဲ့တဲ့ လုပ်ရပ်ဆိုပြီး ဝေဖန်သွားပါတယ်။ ဒီအချက်ကို ကြည့်မယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု ထောက်ခံမှုတွေ၊ လူထု ကြည်ညိုမှုတွေကို စစ်အစိုးရက စိုးရိမ်ထိတ်လန့်နေတယ်ဆိုတာကို ဖော်ပြတာပဲလို့လည်း USCB က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

HIV/AIDS ဂေဟာကို ပိတ်ပစ်ဖို့ စစ်အစိုးရညွှန်ကြား

0 comments
RFA
2010-11-19

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တာဝန်ယူထားတဲ့ HIV/AIDS ဝေဒနာသည် ကူညီ စောင့်ရှောက်ရေး ဂေဟာကို စစ်အစိုးရ အာဏာပိုင်တွေက ပိတ်ပစ်ဖို့ အမိန့်ပေးခဲ့ကြောင်း သတင်းရရှိပါတယ်။

အန်အယ်လ် ဗဟိုကော်မတီဝင် မဖြူဖြူသင်း ဦးဆောင်ပြီး ဝေဒနာသည်တွေကို ကူညီ စောင့်ရှောက်နေတဲ့ ရန်ကုန်မြို့ တောင်ဒဂုံမြို့နယ်က နေအိမ်မှာ လူနာတွေကို ဆက်လက် နေထိုင်ခွင့် မပြုတော့ပဲ သာကေတ ဆေးရုံကို ပြောင်းပေးရမယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၁၈ ရက် မနေ့က ခေါ်ယူပြောဆိုခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ HIV/AIDS ဝေဒနာသည် ကူညီစောင့်ရှောက်ရေး တာဝန်ခံ မဖြူဖြူသင်းက ဒီကိစ္စဟာ လုံးဝ မဖြစ်သင့်ဘူးလို့ ဆိုပါတယ်။

“တကယ် ဖြစ်သင့်တာကတော့ ဒီကိစ္စဟာ မြန်မာပြည်မှာ အရေးကြီးတဲ့ ကိစ္စဖြစ်နေပြီ။ အားလုံးပူးပေါင်း ဆောင်ရွက်ရမဲ့ ကိစ္စမှာ အခုလိုမျိုးပေါ့နော် ဟိုမှာမနေရဘူး ဟိုမှာမထားရဘူး ဆိုတာဟာ ဒါ လူနာတွေရဲ့ ဆုံးဖြတ်ခွင့်၊ သူတို့ရဲ့ လုပ်ပိုင်ခွင့်လို့ မြင်တယ်။ အရင်ကတည်းကလည်း ဒီလိုမျိုး အနှောင့်အယှက်တွေ အမြဲတမ်း ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ အခုလက်ရှိ အခြေအနေကတော့ ဒေါ်အောင်ဆန်းစုကြည် ဒီကို ၁၇ ရက်နေ့က လာခဲ့တယ်၊ နောက်နေ့မှာပဲ သူတို့တွေက ဒီလူနာတွေကို ဖိအားပေးပြီးတော့ ဒီလို ပြောင်းရွှေ့ခိုင်းတာဟာ တကယ့်ကို ထူးခြားတဲ့ တိုက်ဆိုင်မှုတခုလို့ ကျမ မြင်မိပါတယ်” လို့လည်း မဖြူဖြူသင်းက ပြောပါတယ်။

အနယ်နယ်အရပ်ရပ်ကနေ ဆေးလာကုနေရတဲ့ လူနာတွေကို ရပ်ကွက်အာဏာပိုင်တွေကလည်း ဧည့်စာရင်း ထပ်ပြီး ပေးမှာ မဟုတ်တော့ဘူးလို့ ပြောဆိုတဲ့အပြင် လာမဲ့ နိုဝင်ဘာလ ၂၅ ရက်နေ့ နောက်ဆုံးပြောင်းရမယ်၊ မပြောင်းရင်အရေးယူမယ်လို့ ပြောဆိုကြောင်းသိရပါတယ်။

ဒီပြဿနာကို ရှေ့နေတွေနဲ့ တိုင်ပင်ပြီး ဥပဒေကြောင်းအရ ဆက်လက် ဆောင်ရွက်သွားဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ညွှန်ကြားခဲ့ပြီး ၊ လူနာတွေအတွက် အထွေထွေ တာဝန်ယူ ဆောင်ရွက်နေတဲ့ ကိုရာဇာကလည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာကို ဒီကိစ္စနဲ့ ပတ်သက်ပြီး သူတို့ အသိပေး တင်ပြမယ်လို့ RFA ကို ပြောပါတယ်။

Wednesday, November 17, 2010

Daw Suu visits the shelter in S-Dagon

0 comments

အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၁၇၊ ၂၀၁၀
မကြာမီ ရက်ပိုင်းလေးက နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မွန်းလွဲ ၂နာရီမှာ တောင်ဒဂုံ ၁၈ ရပ်ကွက်ရှိ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များအား စောင့်ရှောက်ထားတဲ့ နေရာဆီလာရောက်ပြီး လူနာများကို အားပေးစကားပြောရင်း ဒေါ်စုကို တွေ့မြင်နှုတ်ဆက်လိုတဲ့အတွက် စုဝေးလာရောက်တဲ့ လူထုကိုပါ မိနစ်အနည်းငယ်ကြာ စကားပြောခဲ့ပါတယ်။


အဆိုပါ အိတ်ခ်ျအိုင်ဗီ လူနာများကို အန်အယ်လ်ဒီ လူမှု အထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်းက နှစ်အတန်ကြာကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယခုလက်ရှိ လူနာ၈၀ ၀န်းကျင်ကြည့်ရှု စောင့်ရှောက် ပေးထားတယ်လို့လည်း မဖြူဖြူသင်းကပြောပါတယ်။
နကိုအစီအစဉ်အရ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များကို အားပေးစကား ပြောဖို့သာဖြစ်ပေမယ့် ဒေါ်စုကိုတွေ့မြင် နှုတ်ဆက်ချင်လို့ စုဝေးရောက်လာတဲ့ ပရိသတ်ကို ဒေါ်စုက မိနစ်အနည်းငယ်မျှ စကားပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြောရာမှာတော့ ကိုယ့်လောက် အဆင်မပြေတဲ့သူတွေကို ပေးချင်ပါတယ် ဆိုတဲ့ စိတ်နဲ့၊ သနားလည်း သနားကရုဏာလည်း ထားတယ်ဆိုတဲ့ စိတ်နဲ့ ပေးကြည့်ကြဖို့၊ ကိုယ့်လောက် အဆင်မပြေသူတွေကို ကိုယ်တတ်နိုင်သလောက် ကူညီချင်တဲ့ စိတ်တွေမွေးပြီး နေစေချင်တယ် ဆိုတာ၊ ပရဟိတ စိတ်ဆိုတာဟာ မွေးယူရင် ရတယ်ဆိုတာ၊ ဒီနေရာမှာရောက်နေတဲ့ လူနာတွေအတွက် ဆေးရနိုင်သမျှ ရအောင် ကြိုးစားသွားမယ်ဆိုတာ၊ လူတိုင်းလူတိုင်း ကိုယ်လက်လှမ်းမှီရာကို လုပ်ပေးကြဖို့ တွေကိုပြောသွားပါတယ်။



ဒါ့အပြင် လူတိုင်းလူတိုင်းမှာ လူ့အခြေခံတန်ဖိုးရှိပြီး လူ့သိက္ခာဆိုတာလည်း ရှိတယ်ဆိုတာ၊ အဲဒီအချက်တွေကို ကိုယ့်ရဲ့ စိတ်ဓါတ်အင်အားနဲ့ မြှင့်တင်လို့ ရတယ်ဆိုတာတွေကိုလည်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားထဲမှာ ဒီနေရာကို သူဘာကြောင့်လာရသလဲဆိုရင် ဒီနေရာကလူတွေက အကူအညီအလိုအပ်ဆုံး လူတွေဖြစ်လို့ သူတို့ကိုအရင်ဆုံးကူညီကြဖို့ ဆုံးဖြတ်ရတာလို့လည်း ပြောသွားပါတယ်။




မဖြူဖြူသင်းဟာ အန်အယ်လ်ဒီ လူငယ်တဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အတန်ကြာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုအရ အိတ်ခ်ျအိုင်ဗီဝေဒနာသည်များကို ကူညီစောင့်ရှောက်ပေးတဲ့ လူမှု အထောက်အကူပြုလုပ်ငန်းကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ စေတနာ၊ မေတ္တာ ပြည့်ဝခြင်း၊ အာဏာပိုင်များရဲ့ ခြိမ်းခြောက်မှုကိုလည်း အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းပေးနိုင်ခြင်းကြောင့် ဝေဒနာသည်များက အလွန်ချစ်ခင်လေးစားခြင်း ခံရသူတဦးလည်းဖြစ်ပါတယ်။
တောင်ဒဂုံမှ အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတဦးက
“ဒေါ်စုကို ချစ်လို့လာကြည့်တာပါ။ အန်တီကို အရမ်းချစ်တယ်၊ ချစ်လွန်းလို့ တီဗီမှာတောင် သွင်းထားတယ်။ စင်္ကာပူက လုပ်တဲ့ သီးလေးသီး အငြိမ့်ခွေကရတဲ့ပုံကို အောက်စက်နဲ့ ကူးပြီး တီဗီဖွင့်ဖွင့်ချင်း မှန်သားပြင်မှာ ထည့်ထားတာ၊ တီဗီဖွင့်တာနဲ့ မြင်ရအောင်”
လို့ပြောပါတယ်။
သူက ဈေးရောင်းတဲ့ အလုပ်လုပ်ပြီး ဒီနေ့တော့ ဒေါ်စုလာမှာမို့လို့ ဈေးရောင်းနားတဲ့အကြောင်းလည်း ပြောပြပါတယ်။ သူတို့ရပ်ကွက်ထဲက ဒေါ်စုလာမှာကို သိလို့အတော်များများ လာကြည့်ကြတယ်လို့လည်း ဆိုပါတယ်။
ဒေါ်စုလာရောက်သည့် အိတ်ခ်ျအိုင်ဗီစောင့်ရှောက်ရေး ဂေဟာတ၀ိုက် အရပ်ဝတ်၊ ရဲများ၊ အက်စ်ဘီ၊ စွမ်းအားရှင်များလည်း ရောက်နေကြပြီး ပြည်တွင်းနဲ့ ပြည်ပသတင်းထောက်တွေ အများအပြားလာရောက်ကြတာ ကိုလည်းတွေ့ရပါတယ်။ အချို့ ပြည်ပသတင်းဌါနအတွက် အလုပ်လုပ်ပေးနေတဲ့ မြန်မာနိုင်ငံသားသတင်းထောက်တွေဆိုရင် ဒေါ်စုခြံရှေ့နားမှာ နံနက်ကတည်းက စောင့်နေကြပြီး ဒေါ်စုသွားမယ့်နေရာကို လိုက်ကြတဲ့ အနေအထားမျိုးလည်း ရှိနေတာတွေ့ရပါတယ်။
သတင်းထောက်တွေကို တဦးချင်း ဓါတ်ပုံ၊ ဗီဒီယိုလိုက်ရိုက်တဲ့ အရပ်ဝတ် ရဲ၊ အက်စ်ဘီတွေလည်း အများအပြားတွေ့ရပြီး သူတို့ကိုယ်သူတို့ ရပ်ကွက်မှာနေသူပုံစံမျိုး ပုံဖျက်ထားပေမယ့် ပွဲပြီးတဲ့အခါ ပြည်ထဲရေး ၀န်ကြီးဌာနကကားပေါ် ပြေးတက် လိုက်ပါသွားတာကိုလည်း တွေ့ရတယ်လို့ သတင်းထောက်တွေကပြောပါတယ်။

ယခင်က အန်အယ်လ်ဒီနဲ့ ပတ်သက်တဲ့ သတင်း၊ နိုင်ငံရေး သတင်းတွေကို ပြည်တွင်းဂျာနယ်တွေ အနေနဲ့ လိုက်ယူလေ့မရှိပေမယ့် ယခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်း၊ အန်အယ်လ်ဒီနဲ့ ပတ်သက်တဲ့ သတင်းတွေကို နေ့စဉ်လိုလိုလိုက်ယူပြီး ရေးသားတင်ပြဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ စာပေ စိစစ်ရေးကလွတ်ပါ့မလားဆိုတာကို မစဉ်းစားထားပဲ ရေးလို့ရသလောက်ရေးသားတင်ပြဖို့ ကြိုးစားနေကြတာတွေ့ရတယ်လို့ သတင်းအယ်ဒီတာတယောက်က ပြောပါတယ်။
တောင်ဒဂုံ ပြည်သူလူထုကို ဒေါ်အောင်ဆန်းစုကြည် စကားပြောပြီးနောက် စောင့်ရှောက်ရေး ဂေဟာအတွင်း ၀င်ပြီးလူနာများကို အားပေးစကားပြောကာ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ပြန်သွားခဲ့ပါတယ်။
(ဓာတ်ပုံများ - နို၁၆၊၂၀၁၀။ ရန်ကုန်၊ တောင်ဒဂုန်၊ အိပ်ခ်ျအိုင်ဗီလူနာရိပ်သာ။ ဒေါ်အောင်ဆန်းစုကြည်။ ဖြူဖြူသင်း။ မြန်မာပြည်သူများ။ (မိုးမခ))

Thursday, November 11, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့နိုင်ဖို့ NLD ပါတီဝင်တွေ ရန်ကုန်ရောက်လာ

0 comments
RFA- 2010-11-11

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာရင် တွေ့ဆုံနိုင်ဖို့ တိုင်းနဲ့ ပြည်နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ဝင်တွေ ဒီကနေ့ ရန်ကုန်မြို့ ကိုရောက်လာနေကြပြီလို့ သိရပါတယ်။ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း တို့ က အဖွဲ့ ဝင်တွေ ရန်ကုန်မြို့ကို ရောက်နေကြပြီး စုစုပေါင်း ၁၀၀ နီးပါးလောက်ရှိတယ်လို့  NLD ဗဟို ကော်မတီဝင် မဖြူဖြူသင်းက
ပြောပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဌာနချုပ်ရုံးတွင် ကျင်းပသည့် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည် အခမ်းအနားတွင် ပါတီ၏ သင်္ကေတတခု ဖြစ်သော ခမောက်ကိုယ်စီ ဆောင်းထားသည့် အဖွဲ့ဝင်များကို ၂၀ဝ၈ မေလ ၂၇ ရက်က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ် မေလ လုပ်ကြံတိုက်ခိုက်ပြီး ကတည်းက ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတာဖြစ်ပါတယ်။

ပြန်လွတ်မြောက်တော့မယ့်အချိန်မှာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ဒေါ်အောင်ဆန်းစုကြည်အိမ်ထဲ ၀င်ရောက်မှုကြောင့် နေအိမ်အကျယ်ချုပ် ချိုးဖောက်မှု စွဲချက်နဲ့ အာဏာပိုင်တွေက ထောင်ဒဏ် (၃)နှစ် ထပ်စီရင်ခဲ့ပါတယ်။

ဒါပေမယ့် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က ဒေါ်အောင်ဆန်းစုကြည်ရဲ့ပြစ်ဒဏ်ကို လျှော့ပေး တယ်ဆိုတဲ့အမိန့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီအမိန့်မှာ မည်သို့ ပင် ပြစ်ဒဏ်ချမှတ်ထားသည်ဖြစ်စေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရ တရားရုံးကချမှတ်ထားသော ပြစ်ဒဏ်များအနက် ပြစ်ဒဏ်ရဲ့ထက်ဝက်ကိုသာကျခံစေရန်၊ လျှော့ပေါ့ပြောင်းလဲခဲ့ပြီး၊ ကျန်ပြစ်ဒဏ်ကိုလဲဆိုင်းငံ့ခဲ့ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  လာမယ့် နိုဝင်ဘာလ (၁၃) ရက်နေ့ မှာ သူ့ ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်ရဲ့ ထက်ဝက်တင်းတင်းပြည့်ပြီဖြစ်လို့  ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အမိန့် အတိုင်း လွှတ်ကိုလွှတ်ရမယ့်အခြေအနေဖြစ်တယ်လို့  NLD အဖွဲ့ ဝင်တွေက ပြောဆိုကြပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်လွတ်ရက်ကို ကြိဆိုတဲ့အနေနဲ့ အဖွဲ့ ဝင်တွေက မနက်ဖြန်မှာ ဆေးရုံတွေသွားပြီး သွေးလှူကြမယ်လို့ လဲ သိရပါတယ်။