Wednesday, November 17, 2010

Daw Suu visits the shelter in S-Dagon


အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များအား ဒေါ်အောင်ဆန်းစုကြည် သွားရောက်အားပေး
မိုးမခ အထောက်တော်၊ ရန်ကုန်
နိုဝင်ဘာ ၁၇၊ ၂၀၁၀
မကြာမီ ရက်ပိုင်းလေးက နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့ မွန်းလွဲ ၂နာရီမှာ တောင်ဒဂုံ ၁၈ ရပ်ကွက်ရှိ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များအား စောင့်ရှောက်ထားတဲ့ နေရာဆီလာရောက်ပြီး လူနာများကို အားပေးစကားပြောရင်း ဒေါ်စုကို တွေ့မြင်နှုတ်ဆက်လိုတဲ့အတွက် စုဝေးလာရောက်တဲ့ လူထုကိုပါ မိနစ်အနည်းငယ်ကြာ စကားပြောခဲ့ပါတယ်။


အဆိုပါ အိတ်ခ်ျအိုင်ဗီ လူနာများကို အန်အယ်လ်ဒီ လူမှု အထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်းက နှစ်အတန်ကြာကတည်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယခုလက်ရှိ လူနာ၈၀ ၀န်းကျင်ကြည့်ရှု စောင့်ရှောက် ပေးထားတယ်လို့လည်း မဖြူဖြူသင်းကပြောပါတယ်။
နကိုအစီအစဉ်အရ အိတ်ခ်ျအိုင်ဗီ ဝေဒနာသည်များကို အားပေးစကား ပြောဖို့သာဖြစ်ပေမယ့် ဒေါ်စုကိုတွေ့မြင် နှုတ်ဆက်ချင်လို့ စုဝေးရောက်လာတဲ့ ပရိသတ်ကို ဒေါ်စုက မိနစ်အနည်းငယ်မျှ စကားပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ပြောရာမှာတော့ ကိုယ့်လောက် အဆင်မပြေတဲ့သူတွေကို ပေးချင်ပါတယ် ဆိုတဲ့ စိတ်နဲ့၊ သနားလည်း သနားကရုဏာလည်း ထားတယ်ဆိုတဲ့ စိတ်နဲ့ ပေးကြည့်ကြဖို့၊ ကိုယ့်လောက် အဆင်မပြေသူတွေကို ကိုယ်တတ်နိုင်သလောက် ကူညီချင်တဲ့ စိတ်တွေမွေးပြီး နေစေချင်တယ် ဆိုတာ၊ ပရဟိတ စိတ်ဆိုတာဟာ မွေးယူရင် ရတယ်ဆိုတာ၊ ဒီနေရာမှာရောက်နေတဲ့ လူနာတွေအတွက် ဆေးရနိုင်သမျှ ရအောင် ကြိုးစားသွားမယ်ဆိုတာ၊ လူတိုင်းလူတိုင်း ကိုယ်လက်လှမ်းမှီရာကို လုပ်ပေးကြဖို့ တွေကိုပြောသွားပါတယ်။



ဒါ့အပြင် လူတိုင်းလူတိုင်းမှာ လူ့အခြေခံတန်ဖိုးရှိပြီး လူ့သိက္ခာဆိုတာလည်း ရှိတယ်ဆိုတာ၊ အဲဒီအချက်တွေကို ကိုယ့်ရဲ့ စိတ်ဓါတ်အင်အားနဲ့ မြှင့်တင်လို့ ရတယ်ဆိုတာတွေကိုလည်း ပြောဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောစကားထဲမှာ ဒီနေရာကို သူဘာကြောင့်လာရသလဲဆိုရင် ဒီနေရာကလူတွေက အကူအညီအလိုအပ်ဆုံး လူတွေဖြစ်လို့ သူတို့ကိုအရင်ဆုံးကူညီကြဖို့ ဆုံးဖြတ်ရတာလို့လည်း ပြောသွားပါတယ်။




မဖြူဖြူသင်းဟာ အန်အယ်လ်ဒီ လူငယ်တဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အတန်ကြာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုအရ အိတ်ခ်ျအိုင်ဗီဝေဒနာသည်များကို ကူညီစောင့်ရှောက်ပေးတဲ့ လူမှု အထောက်အကူပြုလုပ်ငန်းကို တစိုက်မတ်မတ်လုပ်ဆောင်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ စေတနာ၊ မေတ္တာ ပြည့်ဝခြင်း၊ အာဏာပိုင်များရဲ့ ခြိမ်းခြောက်မှုကိုလည်း အေးဆေးတည်ငြိမ်စွာ ရင်ဆိုင်ဖြေရှင်းပေးနိုင်ခြင်းကြောင့် ဝေဒနာသည်များက အလွန်ချစ်ခင်လေးစားခြင်း ခံရသူတဦးလည်းဖြစ်ပါတယ်။
တောင်ဒဂုံမှ အသက် ၄၀ အရွယ်ရှိ အမျိုးသမီးတဦးက
“ဒေါ်စုကို ချစ်လို့လာကြည့်တာပါ။ အန်တီကို အရမ်းချစ်တယ်၊ ချစ်လွန်းလို့ တီဗီမှာတောင် သွင်းထားတယ်။ စင်္ကာပူက လုပ်တဲ့ သီးလေးသီး အငြိမ့်ခွေကရတဲ့ပုံကို အောက်စက်နဲ့ ကူးပြီး တီဗီဖွင့်ဖွင့်ချင်း မှန်သားပြင်မှာ ထည့်ထားတာ၊ တီဗီဖွင့်တာနဲ့ မြင်ရအောင်”
လို့ပြောပါတယ်။
သူက ဈေးရောင်းတဲ့ အလုပ်လုပ်ပြီး ဒီနေ့တော့ ဒေါ်စုလာမှာမို့လို့ ဈေးရောင်းနားတဲ့အကြောင်းလည်း ပြောပြပါတယ်။ သူတို့ရပ်ကွက်ထဲက ဒေါ်စုလာမှာကို သိလို့အတော်များများ လာကြည့်ကြတယ်လို့လည်း ဆိုပါတယ်။
ဒေါ်စုလာရောက်သည့် အိတ်ခ်ျအိုင်ဗီစောင့်ရှောက်ရေး ဂေဟာတ၀ိုက် အရပ်ဝတ်၊ ရဲများ၊ အက်စ်ဘီ၊ စွမ်းအားရှင်များလည်း ရောက်နေကြပြီး ပြည်တွင်းနဲ့ ပြည်ပသတင်းထောက်တွေ အများအပြားလာရောက်ကြတာ ကိုလည်းတွေ့ရပါတယ်။ အချို့ ပြည်ပသတင်းဌါနအတွက် အလုပ်လုပ်ပေးနေတဲ့ မြန်မာနိုင်ငံသားသတင်းထောက်တွေဆိုရင် ဒေါ်စုခြံရှေ့နားမှာ နံနက်ကတည်းက စောင့်နေကြပြီး ဒေါ်စုသွားမယ့်နေရာကို လိုက်ကြတဲ့ အနေအထားမျိုးလည်း ရှိနေတာတွေ့ရပါတယ်။
သတင်းထောက်တွေကို တဦးချင်း ဓါတ်ပုံ၊ ဗီဒီယိုလိုက်ရိုက်တဲ့ အရပ်ဝတ် ရဲ၊ အက်စ်ဘီတွေလည်း အများအပြားတွေ့ရပြီး သူတို့ကိုယ်သူတို့ ရပ်ကွက်မှာနေသူပုံစံမျိုး ပုံဖျက်ထားပေမယ့် ပွဲပြီးတဲ့အခါ ပြည်ထဲရေး ၀န်ကြီးဌာနကကားပေါ် ပြေးတက် လိုက်ပါသွားတာကိုလည်း တွေ့ရတယ်လို့ သတင်းထောက်တွေကပြောပါတယ်။

ယခင်က အန်အယ်လ်ဒီနဲ့ ပတ်သက်တဲ့ သတင်း၊ နိုင်ငံရေး သတင်းတွေကို ပြည်တွင်းဂျာနယ်တွေ အနေနဲ့ လိုက်ယူလေ့မရှိပေမယ့် ယခုအခါမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်း၊ အန်အယ်လ်ဒီနဲ့ ပတ်သက်တဲ့ သတင်းတွေကို နေ့စဉ်လိုလိုလိုက်ယူပြီး ရေးသားတင်ပြဖို့ ကြိုးစားနေကြတာ တွေ့ရပါတယ်။ စာပေ စိစစ်ရေးကလွတ်ပါ့မလားဆိုတာကို မစဉ်းစားထားပဲ ရေးလို့ရသလောက်ရေးသားတင်ပြဖို့ ကြိုးစားနေကြတာတွေ့ရတယ်လို့ သတင်းအယ်ဒီတာတယောက်က ပြောပါတယ်။
တောင်ဒဂုံ ပြည်သူလူထုကို ဒေါ်အောင်ဆန်းစုကြည် စကားပြောပြီးနောက် စောင့်ရှောက်ရေး ဂေဟာအတွင်း ၀င်ပြီးလူနာများကို အားပေးစကားပြောကာ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ ပြန်သွားခဲ့ပါတယ်။
(ဓာတ်ပုံများ - နို၁၆၊၂၀၁၀။ ရန်ကုန်၊ တောင်ဒဂုန်၊ အိပ်ခ်ျအိုင်ဗီလူနာရိပ်သာ။ ဒေါ်အောင်ဆန်းစုကြည်။ ဖြူဖြူသင်း။ မြန်မာပြည်သူများ။ (မိုးမခ))

No comments: