Friday, November 19, 2010

ဒီချုပ်နှင့် တသီးပုဂ္ဂလများ ကွန်ယက်ထောင်ရန် သဘောတူ

ကိုဝိုင်း | သောကြာနေ့၊ နိုဝင်ဘာလ ၁၉

ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည့် တသီးပုဂ္ဂလ အမတ်များအကြား ကွန်ယက်တခု ထူထောင်ရန် HIV/ AIDS ပိုးရှိသူများ ကူညီစောင့်ရှောက်ခြင်းဖြင့် စတင်မည်ဟု ယနေ့သဘောတူခဲ့ကြသည်။
တောင်ဒဂုံမြို့သစ် ကမ္ဘောဇ ၂ လမ်းတွင် NLD ကုသစောင့်ရှောက်မှု ခံယူနေသော HIV/ AIDS ပိုးရှိသူများအား ရပ်ကွက်အာဏာပိုင်များက ဧည့်စာရင်းတိုင် နေထိုင်ခွင့် မကြာမီပိတ်ပင်တော့မည့်အပေါ် တုန့်ပြန် လှုပ်ရှား သွားကြမည်ဟု ကမာရွတ် ပြည်သူ့ လွှတ်တော်တသီးပုဂ္ဂလအရွေးခံခဲ့သူ ဒေါက်တာဖုန်းဝင်းက ဆိုသည်။
NLD ဗဟိုရုံးချုပ်၌ တသီးပုဂ္ဂလ ၁၂ ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ဒေါ်ဖြူဖြူသင်း တို့ ယနေ့မနက် ၂ နာရီခန့်ကြာ တွေ့ဆုံဆွေးနွေးခဲ့ရာမှ သဘောတူညီကြကြောင်း သူက ပြောသည်။

“ဒေါ်စုပြောတာက လက်တွေ့အလုပ်တခု လုပ်ပြီးတော့ ကွန်ယက်တခုကို ဘယ်လို တည်ဆောက်မလဲ ဆိုတာပေါ့။ ဖြူဖြူသင်းတို့ လူနာတွေကို တောင်ဒဂုံကနေ အတင်းနှင်ထုတ်တဲ့ကိစ္စကို ၀ိုင်းကူးပေးချင်တာပေါ့ဗျာ ။ ကျနော်တို့က ဝိုင်းပြီး ကူပေးကြမှာပေါ့ဗျာ” ဟု ဒေါက်တာဖုန်းဝင်း က မဇ္ဈိမကို ပြောသည်။

NLD ဗဟိုဦးစီးကော်မတီဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင် ကုသစောင့်ရှောက်ပေးနေသော တောင်ဒဂုံ HIV/AIDS ကယ်ဆယ်ရေးစင်တာ၌ ဝေဒနာသည် ၆၆ ဦး ရှိကြောင်းလည်း သိရသည်။

ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးသိန်းတင်၊ ဦးမိုးထွန်း၊ ရှေ့နေ ဦးလှမျိုးမြင့်၊ ဦးရန်ကျော်၊ ဦးဝင်းချို၊ ဦးလှရှိန်၊ ဦးဝင်းကိုကိုဝင်း၊ ဦးသန့်ဇော်ဦးတို့ သွားရောက်တွေ့ဆုံကြသည်။

ဒေါက်တာဖုန်းဝင်း၊ ဒေါ်ယူဇာမော်ထွန်း၊ ဦးတင်ဆန်း၊ ဦးစန်းမြင့်၊ ဦးမိုးထွန်း၊ ဦးသိန်းတန်တို့ ပါဝင်သည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်များအဖွဲ့ "Independent Democratic Group" က HIV/AIDS အလှူရှင်နိုင်ငံများမှတဆင့် လူနာများလွတ်လပ်စွာနေထိုင်ကုသခံပိုင်ခွင့်အတွက် သက်ဆိုင်ရာဌာနများကို ဖိအားပေးပြောဆိုရန် တာဝန်ယူလိုက်သည်။

သူတို့ ၆ ဦးအဖွဲ့က HIV, AIDS ဝေဒနာရှင်များအနေဖြင့် မိမိတို့နှစ်သက်သည့်နေရာတွင် ဆက်လက် တည်းခိုနေထိုင်ခွင့် ရရှိရေးသည် အခြေခံ လူ့အခွင့်အရေးဖြစ်ကြောင်း၊ နိုင်ငံရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေးတို့တွင် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်သည် အခြေခံကျပြီး အရေးကြီးသော အခွင့်အရေးဖြစ်ကြောင်း ယနေ့ထုတ်ပြန်ခဲ့သည်။

တွေ့ဆုံပွဲ တက်ရောက်ခဲ့သည့် အခြား တသီးပုဂ္ဂလတဦးမှာ ပုဇွန်တောင် ပြည်သူ့လွှတ်တော်မှ အရွေးခံသော်လည်း မရလိုက်သူ ဦးရန်ကျော် ဖြစ်သည်။ သူတို့ကွန်ယက်၌ ဦးဝင်းချို၊ ဦးဝင်းကိုကိုဝင်း၊ ဦးသန့်ဇော်ဦး တို့ ပါဝင်သည်။

“ဖြူဖြူသင်းမှာ ဝေဒနာသည်တွေက နယ်ကလာကြတာလေ။ ဧည့်စာရင်းကိစ္စနည်းနည်း အခက်ခဲ ဖြစ်တယ်ဗျ။ အဲဒီဟာကို ပူးပေါင်းပြီးလုပ်ပေးဖို့၊ ဆေးတွေဘာတွေရှာပေးဖို့။ ဆရာမ (ဒေါ်စု) က ပေါင်းလုပ်ဖို့ဆိုတဲ့ ဆန္ဒရှိတာကို ပြောပြပါတယ်။ အားလုံး ဥပဒေကိုလေးလေးစားစားနဲ့ ဥပဒေဘောင်အပြင်ကို မကျွံထွက်စေဖို့ အလေးအနက်ထား ပြောတာတွေ့ရပါတယ်” ဟု သူက ပြောသည်။

နိုင်ငံရေးသတင်းလွှာ-နသ လုပ်ခွင့်ရှိသေးသူများက ပြည်သူကြား၌ စာရွက်စာတမ်း ဖြန့်ဝေ ပေးစေလိုကြသော်လည်း အရွေးမခံရသည့်နောက် သာမန်ပြည်သူဖြစ်သွားသဖြင့် နသ လုပ်ခွင့်မှာ အကျုံးဝင်မဝင် မသေချာသေးကြောင်း ဦးရန်ကျော်က ဆက်ပြောသည်။

HIV/AIDS ကယ်ဆယ်ရေးစင်တာကို NLD လူမှုအထောက်အကူပြုအဖွဲ့ကူညီမှုဖြင့် ဗဟိုဦးစီး ကော်မတီဝင် မဖြူဖြူသင်းနှင့် လူငယ်များ ဦးစီးပြီး ၂ဝဝ၂ မှစ၍ ထူထောင်ခဲ့သည်။

No comments: