Friday, November 19, 2010

HIV/AIDS ဝေဒနာရှင်များမထားရန် အာဏာပိုင်များ ခြိမ်းခြောက်

ဧရာဝတီ
နရီလင်းလက် Friday, 19 November 2010 19:32

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူမှု အထောက် အကူပြုအဖွဲ့မှ စောင့်ရှောက် ထားသည့် HIV/AIDS ဝေဒနာရှင်များအား နိုဝင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်း ဆက်လက် နေထိုင်ပါက ဖမ်းဆီး မည်ဟု အာဏာပိုင်များက ယမန့်နေ့တွင် ခြိမ်းခြောက် ပြောဆိုခဲ့သည်ဟု သိရသည်။

ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်ရှိ HIV/AIDS ဝေဒနာ ရှင်များနေထိုင်ရာ အိမ်သို့ နိုဝင်ဘာ ၁၇ ရက်နေ့က ဒေါ်အောင်ဆန်း စုကြည် သွားရောက်အားပေးခဲ့ပြီးနောက်တွင် ရပ်ကွက်အာဏာပိုင်များက အကြောင်းကြားစာဖြင့်ခေါ်ယူ သတိပေးခြင်းဖြစ် သည် ဟု အဆိုပါ ဂေဟာ၏ တာဝန်ခံ NLD အဖွဲ့ဝင် တဦးဖြစ်သည့် ကိုရာဇာက ပြောသည်။

ယမန့်နေ့ညက HIV/AIDS ဝေဒနာ ရှင်များနေထိုင်ရာ အိမ်သို့ ကိုထင်အောင် အမည်ဖြင့် အကြောင်းအရာနေရာတွင် “တွေ့ဆုံ ညှိနှိုင်းရန် ကိစ္စ” ဟု ရယက တာဝန်ရှိသူ လက်မှတ်ထိုးထားသည့် အကြောင်းကြားစာရောက်ရှိခဲ့သည်။

“အဓိက သူတို့က အဖွဲ့က မှတ်ပုံတင်ပြီး တရားဝင်လုပ်တာမဟုတ်ဘူး။ ရပ်ကွက်ထဲက တိုင်စာတွေ ခဏခဏ တက်လို့ ဒီမှာ နေလို့မရတော့ဘူး။ ဒီလ ၂၀ ရက်နေ့ ကျရင်လည်း ဧည့်စာရင်းတိုင်ထားတာပြည့်မယ်။ အားလုံး၂၅ ရက်နေ့အထိတော့ နေခွင့် ရှိတယ်။ ဆက်နေရင်တော့ ဥပဒေအရ အရေးယူမယ်ပြောတယ်။ တကယ်လို့ မပြန်ချင်ဘူးဆိုရင်တော့ အာဏာပိုင်တွေ ဖွင့် ထားပေးတဲ့ သာကေတ အ၀ိုင်းထိပ်က ဂေဟာကို ပြောင်းလို့ ပြောတယ်ဆိုပြီး ကိုထင်အောင်ကို မနေ့က ခေါ်ပြောတယ်” ဟု ကိုရာဇာက ပြောသည်။

၎င်းက ဆက်လက်၍ “အာဏာပိုင်တွေက ကျနော်နဲ့မဖြူဖြူသင်း မသိအောင်လူနာတွေကို လွှတ်လိုက်ပါဆိုပြီး ကိုထင်အောင် ကိုပြောတယ်။ ကျနော်တို့ သူတို့ ပြောတဲ့ ဂေဟာကို တခေါက်လူနာတွေ သွားပို့ဖူးတယ်။ ဒီမှာထားလို့မရဘူး သွားဆိုပြီး မောင်း ထုတ်တယ်။ အစောင့်တယောက်ကလွဲလို့ ဘာမှ မရှိဘူး။ အခု အဲဒီကိုသွား အစစအရာရာ အိပ်ဖို့ စားဖို့ မပူရဘူးဆိုပြီး ထပ် ပြော တယ်”ဟု ပြောသည်။

အဆိုပါ ဂေဟာတွင် နေထိုင်သူ ၈၂ ဦးရှိပြီး ယင်းကဲ့သို့ ပြောင်းရွှေ့ခိုင်းခြင်းကြောင့် လူနာများဆက်လက် ကုသရန် အခက် အခဲဖြစ်ကြောင်း၊ အဆိုပါ NLD အဖွဲ့မှ စောင့်ရှောက်ထားသည့် အိမ်မှ ပြောင်းရွှေ့ရန် ပြုလုပ်နေခြင်းသည်လည်း အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

“လူနာတွေက နေစရာမရှိတာ ဒီမှာမနေလို့ ဘယ်ကို ပြောင်းရမှာတုန်း။ နယ်ပေါင်းစုံက ဝေဒနာရှင်တွေ လာဆေးကုနေ ပါ တယ်ဆိုမှ ဒုက္ခထပ်ပေးတာ။ ဒါကြောင့် ဧည့်စာရင်းပေးတာမပေးတာ သူတို့ကိစ္စ ကျနော်တို့ကတော့ ဆက်နေမှာပဲ။ သူတို့တွေ အနေနဲ့ ပြောင်းအောင် အမျိုးစုံလုပ်နိုင်တာပေါ့။ ၅ နှစ်တောင်ရှိပြီထားတာ၊ ဒေါ်လာတွေ ရနေလို့ အာဏာ ပိုင်တွေက မောင်း မထုတ်ဘူးဆိုပြီး ရပ်ကွက်နဲ့ လှည့်တိုက်တာအပြင် သူတို့ တွေကိုယ်တိုင်လာပြီး ရမ်းကားတာတွေ လုပ်နိုင်တယ်”ဟု ကိုရာဇာ က ဆက်ပြောသည်။

NLD လူမှုအထောက်အကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်ကတည်းကစတင် HIV/AIDS ဝေဒနာရှင်များကို ပြုစုစောင့်ရှောက်မှု ပေးရန် ရန်ကုန်တိုင်းအတွင်း ဂေဟာ သုံးခုတည်ထောင်ထားကြောင်း၊ ယခု တောင်ဒဂုံမြို့နယ် ဂေဟာတွင် လူနာပေါင်း ၈၂ ဦးရှိကြောင်း သိရသည်။

ယင်း လူနာများ ပြုစုစောင့်ရှောက်ရေးကို လူမှုအထောက်အကူပြုအဖွဲ့မှ မဖြူဖြူသင်း ဦးဆောင်သည့် NLD လူငယ်များက ဦးစီး ဆောင်ရွက်နေခြင်းဖြစ်သည်။

“စဖွင့်တဲ့ ၂၀၀၂ ကတည်းက ဒီလိုနှောင့်ယှက်တာ မကြာခဏ ကြုံနေရတော့ အတွေ့အကြုံမရှိတဲ့ လူနာတွေကျတော့ကြောက် တာပေါ့။ လူဟောင်းတွေကတော့ အေးဆေးပါပဲ။ တချို့ကျတော့လည်း ကိစ္စမရှိဘူး ဖမ်းချင်လည်းဖမ်းပေါ့။ ကျမတို့အနေ နဲ့ က တော့ အခုလုပ်နေတဲ့အတိုင်း မရပ်ဘဲဆက် လုပ်သွားမှာပါ။ အမှန်ဆို အာဏာပိုင်တွေ အနေနဲ့ ပူးပေါင်းဆောင်ရွက်သင့်တာ။ သူတို့ လုပ်ရပ်တွေက လူတွေ ကို ဒုက္ခရောက်အောင် ရည်ရွယ်ချက်ကြီးနဲ့ လုပ်နေလားလို့တောင်ထင်ရတယ်”ဟု မဖြူဖြူသင်း ကပြောသည်။

၎င်းကဆက်လက်၍ “ ဒီလိုလိုက်နှောင့်ယှက်နေတာသူတို့ ရဲ့ စိတ်စေတနာကိုပြတာပဲ။ သူတို့ အနေနဲ့ ဖမ်းဆီးမယ်ဆိုတာ ဘယ်လို ပုဒ်မနဲ့ ဖမ်းဆီးမှာလဲပေါ့။ နောက်ဆုံးသူတို့က ဧည့်စာရင်းမပေးဘူးပေါ့။ သူတို့ အနေနဲ့ ဥပဒေအရလုပ်မယ်ဆို ကျမတို့ ဘက်က ဥပဒေကြောင်းအရ ပြင်ဆင်ထားတယ်။ ကျမတို့ ဘက်က လက်ရှိ လုပ်နေတာကိုတော့ လုံးဝ နောက်ဆုတ်မှာ မဟုတ် ဘူး။ လူနာတွေကိုတော့ အနှာင့်အယှက်ခံမှာမဟုတ်ဘူး”ဟု ပြောသည်။

NLD လူမှု အထောက်အကူပြုအဖွဲ့သည် ၂၀၀၂ ခုနှစ်မှ စတင်ပြီး HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်ရေး လုပ်ငန်းများကို စတင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် HIV/AIDSဝေဒနာရှင်ပေါင်း ၃၃၉၀၀၀ ခန့်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ၂၀၀၇ ခုနှစ်ထုတ် အစီရင်ခံ စာအရ သိရသည်။

No comments: