အသံနားထောင်ဖို့ Read more ကို နှိပ်ပါ။
Friday, October 3, 2008
phyu phyu thin in RFA journal
အသံနားထောင်ဖို့ Read more ကို နှိပ်ပါ။
Thursday, October 18, 2007
my very first post for this blog
၁။ ပြီးခဲ့တဲ့သုံးနှစ်အတွင်း မန္တလေးသား ၂ယောက် ရန်ကုန်သား ၁ ယောက်ကို ငွေကြေး အကူအညီပေးဖူးပါတယ်၊ သူတို့ရဲ့ အနုပညာလုပ်ငန်း စီးပွားရေးလုပ်ငန်းတွေအတွက်။
၂။ မကြာသေးမီက အကူအညီ ထပ်တောင်းတဲ့အကြောင်း အီးမေးလ်ရောက်လာတယ်။ ကိုယ်ရေးကိုယ်တာ အရေးပေါ် ငွေလိုတယ်၊ ဘယ်နိုင်ငံရေးသမား၊ ဘယ်အကျဉ်းသားဟောင်းက ဘယ်လိုအခက်အခဲဖြစ်တယ် စသဖြင့်။ ၀မ်းနည်းပါတယ်၊ ကျနော်နဲ့ငွေနဲ့ အတူမနေတော့ သူတို့ကိုမကူနိုင်ဘူး။
၃။ ပြီးခဲ့တဲ့လမှာ အီးမေးလ်ပို့လာပြန်တယ်။ လှုပ်ရှားမှုအတွက် ငွေလိုတယ်၊ လုံခြုံရေးအတွက်လည်း ငွေအသုံးလိုတယ် တဲ့။ သံဃာ့လှုပ်ရှားမှုမှာလည်း သူတို့နည်း သူတို့ဟန်နဲ့ ၀င်ပါပြီ၊ ငွေလိုပြီပေါ့။
၎။ အနယ်နယ်အရပ်ရပ်မှာ ပြည်သူတွေ အနိုင်ကျင့်ခံရတဲ့ သတင်းအချက်အလက်တွေ သူတို့စုဆောင်း ဖြန့်ဝေနေတာလည်း အာဏာပိုင်တွေ သိဟန်မတူသေးပေမယ့် ကိုယ်က သိနေတယ်။ ရေဒီယိုသတင်းသမားတချို့က သူတို့အသံကို လုံခြုံရေးအရ နည်းနည်းပြင်လိုက်တာမျိုး တခါတလေလည်း ရှိ၊ တခါတလေလည်း မရှိ။ ရေဒီယိုသမားတွေဆီက ငွေကြေးအကူအညီ ရပါ့မလား။ ကျနော် မသိ၊ မေးလည်း မမေးမိ၊ မမေးချင်။
၅။ လိုရင်း ပြောရရင် လှုပ်ရှားမှုရဲ့ အလယ်ခေါင်တည့်တည့်မှာရောက်နေကြတဲ့ သူတို့ ငွေလိုတယ်ဗျာ၊ သူတို့ကို ကျနော် မကူနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် ကူနိုင်ခဲ့တယ်ဗျာ။ မိုးမခ ဒီမိုကရေစီရေး ရံပုံငွေကို ထည့်ဝင်လှူဒါန်းသူတွေရဲ့ ကျေးဇူးပါပဲ။
၆။ မြန်မာပြည် ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် မိုးမခကို ၀ိုင်းဝန်းသူများက အလှူခံထွက်လိုက်တာ ၂လအတွင်း ဒေါ်လာ ၅ သောင်းနီးပါး ရခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ်စကို၊ လော့စ်အိန်ဂျလိ စတဲ့ဒေသရောက် မြန်မာပြည်သားတွေရဲ့ လှူဒါန်းမှုပါ၊ မြန်မာပြည်အပြောင်းအလဲကို အင်မတန်လိုလားတဲ့အတွက် မေတ္တာပို့ ချီတက်ကြတဲ့ ရဟန်းတွေ၊ ပြည်သူတွေကို အားပေးချင်တဲ့အတွက် လှူဒါန်းတယ်လို့ ယူဆပါတယ်။
၇။ မြန်မာပြည်ထဲက ကျနော့်မိတ်ဆွေများဆီကို အဲဒီရန်ပုံငွေထဲက အစိတ်အပိုင်းတချို့ ရောက်သွားပါတယ်။ ကဲ- မိတ်ဆွေများခင်ဗျာ ကျေးဇူးတင်ရမှာ ဘယ်သူတွေကိုလဲဆိုတာ ပြောပြလိုက်ပါပြီ။
ဖြူဖြူသင်းအားပေးသူစာမျက်နှာ
၁။ ဒီဘလော့ဂ်ကို မြန်မာပြည်ထဲက အင်တာနက်သုံးသူများ အဆင်ပြေဖို့ နေ့တိုင်း မွမ်းမံခဲ့ပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံးတော့ ဒီဘလော့ဂ်ကို ပစ်ထားလိုက်တယ်။ ကွန်ပြူတာကိုလည်း ပစ်ထားလိုက်တယ်။ ဒါကြောင့် ဒီဘလော့ဂ်မှာ အသစ်တင်တာ မရှိ။
၂။ အသစ်မတင်တော့လည်း ဘယ်သူမှ ဘာမှ မပြော။ ဒီဘလော့ဂ်နဲ့ သိပ်မကွာဘူးလို့ ပြောနိုင်တဲ့ ပိုလည်း ပိုကောင်းပုံရတဲ့ ဒေါက်လွဏ်း (လွန်း)၊ မီဒီယာအစောင့် စသဖြင့်တို့ဆီကလည်း သတင်းတွေဖတ်နေရလို့ မပြောတာလည်း ဖြစ်နိုင်၊ ဒီဘလော့ဂ်ကို မရောက်လို့ မပြောတာလည်း ဖြစ်နိုင်၊ အင်တာနက်သုံးမရလို့ မပြောတာလည်း ဖြစ်နိုင်။
၃။ သတင်းတွေ ကော်ပီကူးပေးနေတာတော့ ကြာပြီ၊ ကိုယ်တိုင်ရေးသားတာ ပို့စ်တင်တာတော့ မရှိခဲ့ဖူးဘူး၊ ခုတော့ ရေးလိုက်ပါပြီ။
၎။ နောင်ရော ဘာတင်မလဲ - - -။ အင်း - - - မသိဘူးဗျာ။ ကိုယ်တိုင်ရေးတာတွေတော့ တင်ဖြစ်မယ်မဟုတ်။ သတင်းတွေပဲ ဆက်တင်ရင် လုပ်အားပြုန်းတီးမှုတွေများ ဖြစ်နေမလား။ ကာတွန်းတွေ တင်ရင် ကောင်းမလား။ နိုင်ငံတကာသတင်းစာတွေမှာ နေ့တိုင်းပါနေတဲ့ ကာတွန်းဆရာတွေရဲ့လက်ရာများဆိုရင် ဘယ်လိုလဲ။ ကာတွန်းဆရာတွေကတော့ အမေရိကန်တွေများတယ်။ တင်ဖြစ်မယ်ဆိုရင်တော့ ကိုယ်ဖတ်ပြီး နားလည်တဲ့ ရယ်ရတဲ့ဟာတွေထဲက တချို့ကို အခါအားလျော်စွာ တင်ဖြစ်မှာပါ။
၅။ ကာတွန်းတွေတင်ဖြစ်ခဲ့ရင် ဒီဘလော့ဂ်ကို မကြာခင် ရပ်ရမှာပဲ။ ဘလော့ဂ်တစ်ခုက ပုံတွေ အများကြီး မဆံ့။ ဒီဘလော့ဂ် ရပ်လည်း တခြားနာမည်တွေနဲ့ ဘလော့ဂ်တွေ ထပ်ဖွင့်တာပေါ့ဗျာ၊ စုစုနွေး၊ မင်းကိုနိုင် စသဖြင့်၊ သူတို့နာမည်တွေသုံးပြီး ကာတွန်းတွေ တင်တာကလည်း သင့်လျော်ပါ့မလား၊ အင်း - - စဉ်းစားစရာ။ ။
Thursday, August 16, 2007
Dagon Taya's Controversial poem
မောင်ဖူးတင့်
(က)
မျက်မှောက်ခေတ် မြန်မာစာပေနယ်ပယ်တွင် ကဗျာဆရာကြီး “ဒဂုန်တာရာ” သည် အငြင်းအပွားရဆုံး
ပုဂ္ဂိုလ်တဦးဖြစ်၏။ သူသည် အတတ်ပညာရေးရာအပိုင်းနှင့် အကြောင်းအရာရေးရာအပိုင်း နှစ်ခုစလုံးတွင် ထူးခြားသစ်လွင်မြင့်မားသည့် တီထွင်မှု၊ ခံယူမှု ရှိသူဖြစ်၏။ အထူးသဖြင့် အဘိ ဓမ္မာရေးရာအပိုင်းတွင် အပြင်းအထန် ဝေဖန်ငြင်းခုန်ခြင်း ခံရသူဖြစ်၏။
သူ၏ ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆ၊ အနုပညာရေးဆိုင်ရာ အယူအဆများမှာ လေးနက်ခက်ခဲလှ၏။ ဥပမာ…၊ “ကျနော့်တွင် ရန်သူမရှိ၊ မိတ်ဆွေသာရှိ” အယူအဆ၊ “ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်လို့ရသည်” ဟူသော အပြောအဆို အယူအဆများမှာ မြန်မာစာပေနယ်ပယ်တွင် ပွက်လော ညံအောင် ငြင်းခုန်ကြရသည့် အယူအဆများဖြစ်၏။ အနုပညာရေးရာပိုင်းတွင် “အတတ်ပညာ မဲ့လျှင်မဲ့ပစေ၊ အဘိဓမ္မာ မမဲ့စေနဲ့” ဟူသောစကားနှင့် “မုဆိုးစိုင်သင်” အယူအဆများမှာ စာပေ လောကအတွင်း သတိမပြုဘဲမနေနိုင်လောက်အောင် အငြင်းပွားခဲ့ကြရသည့် အယူအဆများ
ဖြစ်၏။ သူသည်ကား…မြန်မာစာပေသမားများထဲ၌ “ဗဟုဝါဒ” ကို အစောဆုံးပြောဆိုသူ၊ ခံယူ သူလည်း ဖြစ်လေသည်။
ငယ်စဉ်က ကျနော်သည်၊ ကဗျာဆရာကြီး “ဒဂုန်တာရာ” ၏ စကားလုံးရွေးချယ်မှု ဆန်းသစ်ခြင်း အပေါ် အာရုံညွှတ်ခဲ့၏။ ဥပမာ “၀စ်လစ်စလစ်လမ်းမကြီး”၊ “ပန်းနုရောင်အို” အစရှိသော စကားလုံး များဖြစ်၏။ “အနုပညာ” ဟူသောစကားလုံးသည်ပင်လျှင် ဆရာကြီးဒဂုန်တာရာက စတင်တီထွင် အသုံးပြုခဲ့သောစကားလုံးအဖြစ် ပြောသံဆိုသံကြားရသောအခါ ကျနော့်နားရွက်များမှာ ပိုမိုပြန့်ကား သွားရ၏။
သည့်နောက်ပိုင်း၊ အသက်အရွယ်ရလာသောအခါမူ၊ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာဆန်သော စကားများကိုပိုပြီး အာရုံ ကိုင်းညွှတ်လာခဲ့၏။ အထူးသဖြင့် သူ၏ငြိမ်းချမ်းရေးဆိုင်ရာ အယူအဆ၊ ပြီးတော့ ဗဟုဝါဒကို ပိုပြီးစိတ်ဝင်စားခဲ့မိလေသည်။
(ခ)
ကဗျာဆရာကြီး “ဒဂုန်တာရာ” သည် အလှဝါဒီ၊ ငြိမ်းချမ်းရေးဝါဒီ ဖြစ်၏။ သည်အကြောင်းကို ပြောလျှင် စာတစောင်ပေတဖွဲ့  ရေးပြီးပြောမှသာလျှင် ပြည့်စုံနိုင်မည်ဖြစ်သည်။ ကျနော်၏ ဆောင်းပါးမှာ ဆရာကြီးဒဂုန်တာရာ၏ အဘိဓမ္မာအယူအဆကို ခြုံမိငုံမိအောင်ဖော်ပြနိုင်မည် မဟုတ်သည်ကို ကျနော်သိပါသည်။ သိုသော် မခြုံငုံမိသည့်တိုင်၊ အထောက်အကူတခုအဖြစ် ယူဆလို့ရနိုင်သည့် “ကဗျာတပုဒ်” ကို ကျနော် တင်ပြချင်ပါသည်။ ယင်းကဗျာမှာ ၁၉၈၇ ခု စက်တင်ဘာလထုတ် “မြတ်လေးမဂ္ဂဇင်း” တွင်ဖော်ပြခဲ့သည့် ကဗျာဖြစ်၏။ ဆရာကြီးဒဂုန် တာရာသည် ထိုကဗျာကို “လွတ်ငြိမ်းခွင့်” ဟု ခေါင်းစဉ်တပ်လေသည်။
လွတ်ငြိမ်းခွင့်
ပြင်သစ်ပြည်က
လီယွန်တရားရုံး၊ ဆုံးဖြတ်ရန်မှာ
ဘော်လီဘီယာမှ၊ ဖမ်းကာပို့လာ
ဘာဘီဆိုသူ၊ နာဇီဖက်ဆစ်
လျှို့ဝှက်ပုလိပ်၊ ပါးကွက်သားတည့်
သူ့အား စစ်ဆေးရန် ရုံးချိန်းသောနေ့။
အမှုမှာမူ
လူသားတို့အား၊ မတရားသက်သက်
ရက်စက်ကြမ်းကြုတ်၊ နှိပ်စက် ညှဉ်းပန်း
ဖမ်းဆီးသတ်ဖြတ်၊ ဓာတ်ငွေ့အဆိပ်ခန်း
ထောက်လှမ်းပို့ပေး၊ အနှစ် လေးဆယ်ကျော်
စစ်အတွင်းက အမှုဖိုင်တွဲ။
သူ့လက်ချက်ကြောင့်
နှိပ်စက်ခံရ၊ ရှင်ပြန်ထသူ
အမျိုးသမီးအို၊ ချိုင်းထောက်ကြီးနှင့်
တံတွေးထွေးပြီး၊ မလေးမဖင့်
နင်မှ နင်ပဲ၊ တိုင်းထွာဆဲရေး
ပြင်သစ်တော်လှန်ရေးသမား၊ သတင်းပေးသူ
ဖမ်းပေးသူလည်း၊ နင်မှ နင်အစစ်ပဲ
မျက်မြင်သက်သေ၊ ထွက်ဆိုလေရာ
ဘာဘီခမျာ၊ အသာခေါင်းခါ
ဘာမှမသိ၊ ငြင်းကွယ်ဘိငြား
တရားရုံးက၊ စီရင်ချက်ချ
တသက်ထောင်ဒဏ် ကျခံစေသတဲ့။
ငါတမူကား
ငြိမ်းချမ်းရေးသမားမို့၊ သူ့အားခွင့်လွှတ်
လွတ်ငြိမ်းခွင့် ပေးလိုက်ချင်သည်။
ခွင့်လွှတ်ခြင်းသည်
လက်စားချေခြင်းထက်၊ ထက်မြက်လက်နက်
ခက်ခဲပေမင့်၊ မြင့်မြတ်စိတ်ထား
သဘောထားကြီးလိုက်ပါ။ ။
(ဂ)
“လွတ်ငြိမ်းခွင့်” ကဗျာကို၊ ဆရာကြီး “ဒဂုန်တာရာ” သည် ၁၉၈၇ ခုနှစ်တွင် ရေးခဲ့ခြင်းဖြစ်သည်။ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးမပေါ်ပေါက်မီ (၁၁) လ အလိုတွင်ဖြစ်သည်။ ထို့ကြောင့် “လွတ်ငြိမ်းခွင့်” ကဗျာမှာ၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်း အခက်အခဲကို ကြိုမြင်သည့်အတွက် ရေးဖွဲ့ဖော်ပြခဲ့ခြင်း ဖြစ်သည်လောဟူ၍ပင် ယူဆရပေသည်။ အမျိုးသားသွေးကွဲမှုကြီး အထွဋ် အထိပ်သို့ ရောက်ရှိနေသည့်အချိန်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးလမ်းစများကို ရှာဖွေနေ ကြရသည့် ယခုလိုအချိန်အခါမျိုးတွင် “လွတ်ငြိမ်းခွင့်” ကဗျာမှာ၊ အဘိဓမ္မာရေးအရ လွန်စွာအရေး ပါလှသည့် ကဗျာဖြစ်သည်ဟု ကျနော်ယူဆမိသည်။
“လွတ်ငြိမ်းခွင့်” ဆိုသည်မှာ အတိုင်းအတာ တခုတော့ရှိသင့်သည်။ သို့မှသာလျှင် နောင်တွင် နောက်ထပ်အပြစ်ကျူးလွန်သူများ ပေါ်ပေါက်မလာစေရန် ကာကွယ်ရာရောက်သည်ဟုဆိုကာ ဆရာကြီး “ဒဂုန်တာရာ” ၏ “လွတ်ငြိမ်းခွင့်” ကိုလက်တွေ့  မကျသည့် စိတ်ကူးယဉ် အယူအဆ တခုအဖြစ် ဝေဖန်သူတချို့က အပြင်းအထန် ဝေဖန်ကန့်ကွက်ကြ၏။ “လေကိုစိုက်ပျိုးသဖြင့် မုန်တိုင်းကို ရိတ်သိမ်းရလိမ့်မည်” ဟူသော အမြင်ရှိသူတို့ကလည်း၊ ဆရာကြီးဒဂုန်တာရာ၏ “လွတ်ငြိမ်းခွင့်” ကဗျာကို အလျှော့ပေးရေးဝါဒ၊ အညံ့ခံရေးဝါဒ ဖြစ်သည်ဟုဝေဖန်ကြ၏။ တချို့က ဆိုလျှင် “ထာဝရ ကျွန်ခံရေး” အဘိဓမ္မာတခုအဖြစ်ပင်လျှင် တင်စား ပြောဆိုကြလေသည်။
၁၉၅၇ ခုနှစ်အတွင်းတုန်းကဖြစ်သည်။ “ဟန်ဂေရီ” နိုင်ငံအတွင်းသို့ ဆိုဗီယက်ရုရှတင့်ကားများ
ဝင်ရောက်လာခဲ့ပြီး၊ ဟန်ဂေရီနိုင်ငံပြည်တွင်းရေးကို ၀င်ရောက်ဖြေရှင်းသောအခါ၊ ကမ္ဘာ့ငြိမ်းချမ်း ရေးကွန်ဂရက် (မြန်မာနိုင်ငံ)၊ အမှုဆောင်အဖွဲ့၌ ဆိုဗီယက်တို့၏ စစ်ရေးဆောင်ရွက်ချက်ကို ထောက်ခံခြင်း သို့မဟုတ် ကန့်ကွက်ရန်ကိစ္စ စည်းဝေးတိုင်ပင်ခဲ့ကြဖူး၏။ ထိုစဉ်က ယင်းအမှု ဆောင်အဖွဲ့တွင် လက်ဝဲအယူအဆကို တိမ်းညွှတ်သည့်ပုဂ္ဂိုလ်များက အများစုပါဝင်၏။
ဆရာကြီး “ဒဂုန်တာရာ” သည် “ဟန်ဂေရီ” ပြည်အတွင်း စစ်ရေးအရ၀င်ရောက်စွက်ဖက်သည့် ဆိုဗီယက်တို့ကို ကန့်ကွက်ရမည်ဖြစ်ကြောင်း အဆိုပြုခဲ့၏။ သို့သော် ယင်းအယူအဆကို ထောက် ခံမည့်သူ တဦးမျှပင်မရှိခဲ့။ အမှုဆောင်တဖွဲ့လုံးက ဆရာကြီး “ဒဂုန်တာရာ” ၏ အဆိုကို မထောက် ခံနိုင်ခဲ့ကြ။ ဤအဖြစ်အပျက်ကိုကြည့်လျှင် မြန်မာစာပေသမိုင်း၌ “အမျိုးသားတို့၏ ကိုယ်ပိုင် လွတ် လပ်ခွင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အချုပ်ချာအာဏာပိုင်ဆိုင်ခွင့်” ဆိုင်ရာသဘောတရားအမြင်တွင်၊ ဆရာကြီး “ဒဂုန်တာရာ”သည် အများတကာထက် စောစွာ၊ မှန်စွာ၊ တည့်မတ်စွာ သိမြင်လက်ခံ နိုင်ခဲ့သူဟု ဆိုရပါမည်။ ယခုလည်း “လွတ်ငြိမ်းခွင့်” ကဗျာတွင်၊ လူသားတို့၏ ရန်သူဖြစ်ခဲ့သူ၊ လူသားတို့အား သေတွင်းသို့ ပို့ခဲ့သူ၊ စစ်ရာဇ၀တ်ကောင်တဦးအား၊ ဆရာကြီး “ဒဂုန်တာရာ” က “လွတ်ငြိမ်းခွင့်” ပေးသင့်သည်ဟု ဆိုခဲ့ပြန်ပါပြီ။
ကဗျာဆရာကြီး “ဒဂုန်တာရာ” သည်ကား၊ မျက်မှောက်ခေတ် မြန်မာစာပေသမိုင်း၌ အငြင်းပွား အခံရဆုံး ကဗျာဆရာကြီးတဦးဖြစ်သည်ဆိုသည့် အဆိုအပေါ် “လွတ်ငြိမ်းခွင့်” ကဗျာသည် အထောက်အကူဖြစ်စေသည့် အချက်တချက် ဖြစ်လာခဲ့သည်ဟု ကျနော် ယူဆမိပေသည်။ ။
(ဘလော့ဂါမှတ်ချက် - http://www.khitpyaing.org/sarpayyayyar/august_07/16-8-07_nyeinwai.php ကနေ ယူတယ်။)
Tuesday, August 14, 2007
3 maps
ငြိမ်းဝေ | ဧရာဝတီ/ သြဂုတ် ၁၄၊ ၂၀၀၇
ကျနော်ငယ်စဉ်တုန်းက ပုံဆွဲဝါသနာ ပါခဲ့ဖူးပါတယ်။ ပုံတူဆွဲတဲ့နေရာမှာ ကျနော်နဲ့ ဝါသနာတူချင်း ဖြစ်သည့်တိုင် ကျနော့်ကို မီအောင်ဆွဲနိုင်တဲ့ သူငယ်ချင်း မရှိပါဘူး။ ပဉ္စမတန်းကနေ အထက်တန်းရောက်တဲ့အထိ ပထ၀ီဘာသာ အချိန်ကျလို့ မြေပုံဆွဲကြရတော့မယ်ဆိုရင် ဆရာ၊ ဆရာမတွေက ကျနော့်ကိုပဲ မြေပုံဆွဲခိုင်းတတ်ပါတယ်။ ကျောက်သင်ပုန်းကြီးမှာ စာအုပ်ကိုကြည့်ပြီး ကျနော်ဆွဲထားတဲ့ မြေပုံကိုမှ အတန်းထဲက ကျောင်းသားတွေက လိုက်ဆွဲကြရပါတယ်။
ဒီလိုငယ်စဉ်က မြေပုံတွေကိုဆွဲတဲ့အခါ ကျနော့်စိတ်ထဲ ကမ္ဘာ့မြေပုံပဲဖြစ်ဖြစ်၊ မြန်မာ့မြေပုံပဲဖြစ်ဖြစ် ဘယ်နေရာရောက်ရင် ဘယ်လိုကွေ့ ရကောက်ရမယ်၊ ဘယ်တိုက်ကြီးတွေက ဘယ်လိုပုံပန်းရှိတယ်၊ နောက်တော့ မြစ်ကြီးတွေ၊ တောင်တန်းတွေ၊ သဲကန္တာရတွေ၊ မြို့ကြီးတွေအထိ မှတ်မိနေခဲ့ပါတယ်။ အလွတ်ရနေခဲ့ပါတယ်။
မြေပုံတွေထဲမှာ ကျနော်စိတ်အ၀င်စားဆုံးကတော့ တွင်းထွက်ရတနာများတည်ရှိ၊ ထွက်ရှိတဲ့နေရာတွေကို ဆွဲရပြုရတဲ့အခါ တော်တော့်ကို စိတ်ဝင်စားပါတယ်။ ပျော်လည်းပျော်တယ်။ ငါကြီးလာရင် အဲဒီနေရာတွေကို သွားဖြစ်အောင် သွားကြည့်မယ် ပေါ့။ ဒါပေမယ့်လည်း မြေပုံတွေရဲ့ဆွဲဆောင်မှုနောက်ကို ကျနော် မလိုက်ဖြစ်ခဲ့ပါဘူး။ ဘယ်ရတနာတွင်း ရှိတဲ့နေရာကိုမှ လည်း မသွားနိုင်ခဲ့ပါဘူး။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ကျနော့်ဘ၀က ရတနာတွင်းရှိတဲ့ဒေသတွေဆီ သွားခွင့်မပြုခဲ့ပါဘူး။
ကြီးလာတော့ မြေပုံတွေထဲကတဆင့်သိရတဲ့ ရတနာတွင်းတွေဆီ ခြေဦးမလှည့်နိုင်ပေမယ့် ကျနော့်အိမ်ကလေးထဲမှာ မြေပုံတွေဝယ်ပြီး ချိတ်ပါတယ်။ အလုပ်အားတဲ့အခါ အပန်းဖြေတဲ့အနေနဲ့  မြေပုံကားချပ်တွေကိုချပြီး ကြည့်တတ်ပါတယ်။ သားတွေသမီးတွေရလာတော့လည်း မြေပုံကားချပ်တွေနဲ့ ကျနော် မကင်းကွာခဲ့ပါဘူး။ ကိုယ်တွင်မက သားသမီးတွေကိုပါ မြေပုံကားချပ်ဘေးသွားရပ်ခိုင်းပြီး မြေပုံထဲက သိသင့်သိထိုက်တယ်ထင်တဲ့ အရာတွေကို မှတ်သားစေပါတယ်။ တခါတလေ အလိုက်ကန်းဆိုး မသိတတ်လွန်းတဲ့ ကျနော့်အကျင့်ကို ဇနီးဖြစ်သူက မြည်တွန်တောက်တီးပါတယ်။ တော့်ဘာသာ မြေပုံ ရောဂါထရင် ထပါ၊ သားသမီးတွေကိုတော့ တော်ရုံသင့်ရုံပဲခိုင်းပါ၊ ဒီလောက်ကြီး မနှိပ်စက်ပါနဲ့လို့ဆိုမှပဲ ကိုယ့်အရှိန်ကို ကိုယ်ပြန်ပြီး ဘရိတ်အုပ်ရတော့တာပေါ့။
အခု … အသက် (၆၀) နီးလာပြီ။ ဘ၀အကျိုးပေးမကောင်းလို့ မိသားစုနဲ့ဝေးပြီး ခွဲနေရပေမယ့် မြေပုံတွေနဲ့ ကျနော်ကတော့ ဒီကနေ့ အထိ နှစ်ပါးဂဟေဆက်ထားတုန်းပါပဲ။ ကျနော်အလုပ်လုပ်တဲ့ စာကြည့်တိုက်ကလေးမှာ မြေပုံတွေ ချိတ်ထားခဲ့ ပါတယ်။ ကျနော့်မိသားစုလေး ရှိနေတဲ့နေရာကအစ အမေရိကန်စစ်တပ်တွေ ကသောင်းကနင်းဖြစ်နေတဲ့ အီရတ်နိုင်ငံ “ဘဂ္ဂဒက်မြို့” အဆုံး ခဏခဏ လိုက်ကြည့်နေရတုန်းပါပဲ။
တနေ့ကတော့ မြေပုံတွေအကြောင်းရေးထားတဲ့ ကဗျာတပုဒ်ကို အမှတ်မထင် ကျနော် ဖတ်ရပါတယ်။ ဒီကဗျာကိုဖတ်တော့ လွန်ခဲ့တဲ့ တနှစ်ကျော်က ဖတ်ခဲ့ဖူးတဲ့ နောက်ထပ်ကဗျာတပုဒ်ကိုပါ ပြန်ပြီးသတိရလိုက်ပါတယ်။ အဲဒီကဗျာကလည်း မြေပုံတွေအကြောင်းရေးထားတဲ့ ကဗျာပါပဲ။ အလိုလိုမှ မြေပုံရူးသွပ်သူကျနော့်မှာ ကဗျာတွေထဲက မြေပုံတွေအကြောင်း ဖတ်ရတော့ စိတ်လှုပ်ရှားပြီး အဲဒီကဗျာနှစ်ပုဒ်စလုံးကို သေသေချာချာကူး မှတ်ထားလိုက်ပါတယ်။ ကဗျာတွေထဲက မြေပုံတွေကို စိတ်ကူးနဲ့ ပုံဖော်ကြည့်ပါတယ်။ အကြိမ်ကြိမ်ဖတ်ပြီး အထပ်ထပ် အခါခါ စဉ်းစားပါတယ်။
ကျနော် တွေ့ထားတဲ့ ကဗျာတွေထဲက မြေပုံတွေဟာ ကျနော်ငယ်စဉ်ကတည်းက စွဲလမ်းခဲ့ရတဲ့ ရတနာမြေဒေသတွေကို ညွှန်ပြတဲ့ မြေပုံတွေလိုပဲ လမ်းပြမြေပုံတွေ ဖြစ်နေတာတွေ့ရပါတယ်။ လူတွေကို သုခနဲ့ တွေ့စေမယ့် မြေပုံ၊ ဒါမှမဟုတ် ဒုက္ခနဲ့ တွေ့စေမယ့် လမ်းပြမြေပုံ ဒီသဘောပါပဲ။ တသက်လုံး နှစ် (၅၀) လောက် မြေပုံတွေနဲ့ ယဉ်ပါးလာခဲ့တဲ့ ကျနော်ဟာ ကဗျာထဲမှာတွေ့ရတဲ့ မြေပုံတွေကို တွေ့ကာမှပဲ အတွေးတချို့ ကွန့်မြူးလင်းလက်လာပါတယ်။
ဒီမြေပုံအတိုင်းဆိုရင်
ကမ္ဘာမှာ
စစ်ပွဲနှစ်ပွဲ ပြီးသွားတယ်
ငါတို့ မပြီးသေးဘူး။
“စစ်ဖြစ်တော့မှာလား”
သတင်းထောက်များမေးတော့
“ဘယ်နိုင်ငံနဲ့လဲ”
ဂျော့ဂ်ျဒဗလျူဘုရှ် ဖြေတယ်။
ငါတို့ရဲ့ဟာသကလည်း ထို့အတူ
ဘယ်အရာနဲ့လဲ။
ဒီမြေပုံအတိုင်းဆိုရင်
အားလုံးသေကုန်တော့မှာပဲ။ ။
ဒါကတော့ မြန်မာကဗျာဆရာလေး “ စိုင်းဝင်းမြင့်”ရဲ့ ကဗျာထဲက “မြေပုံ” ပါပဲ။ သူကတော့ ရှင်းပါတယ်။ သူ့  ကဗျာထဲမှာ ပါတဲ့ “လမ်းပြ” မြေပုံဟာ လူတွေကို “ဒုက္ခ” တွေဆီ လမ်းညွှန်တဲ့ မြေပုံဖြစ်ပါသတဲ့။
အမွှာကောင်းကင်
မျက်လုံးတွေထဲမှာ အမွှာကောင်းကင်နှစ်ခု
တခုက ကမ္ဘာမြေရဲ့ အပေါ်မှာ
ကြယ်တွေပြည့်နှက်
ဘုရားဖူးလမ်းညွှန်မြေပုံ
သေချာတိကျတဲ့လမ်း။
နောက်တခုက မြေကြီးအောက်မှာ
နက်မှောင်လေးလံတဲ့ကောင်းကင်
ရတနာတွေအပြည့်
ပျောက်ဆုံးနေတဲ့ မြေပုံ
နောက်ဆုံး မျှော်လင့်မှု။
ဒီကဗျာကတော့ ချက်ကဗျာဆရာ “၀ပ်လ်ဒ် မာရာ” ရဲ့ ကဗျာပါ။ ချက်နဲ့ စလိုဗက် (၂) နိုင်ငံ ကတ္တီပါလမ်းမခွဲခင်တုန်းက၊ ပြီးတော့ “ကတ္တီပါတော်လှန်ရေး” မအောင်မြင်ခင်တုန်းက ရေးတဲ့ကဗျာပါ။ ချက်နဲ့ စလိုဗက်လူမျိုးတွေ မိဒွေးတော်တပါတီ အာဏာရှင်စနစ်ရဲ့ လက်အောက်က လွတ်မြောက်ဖို့ ဘယ်လိုမြေပုံမျိုးကို ရွေးကြမလဲဆိုတဲ့သဘော ရေးခဲ့တဲ့ကဗျာပါ။
စာပေစိစစ်ရေးရဲ့ မျက်စိရှေ့မှောက်မှာ ခြေဖျားထောက်ပြီး လမ်းလျှောက်နိုင်အောင် “သင်္ကေတ” အဖွဲ့ကဗျာပါ။ ချက်နဲ့ စလိုဗက်လူမျိုးတွေဟာ ဘယ်လိုလမ်းပြမြေပုံမျိုးကို ရွေးသင့်သလဲ။
ကဗျာနှစ်ပုဒ်ထဲက “မြေပုံသုံးချပ်”ကိုဖတ်ရတော့ နှစ်ပေါင်းများစွာ တဘ၀လုံးယှဉ်ပြီး မြေပုံတွေနဲ့ ရူးသွပ်လာခဲ့တဲ့ ကျနော်ဟာ အတွေးတချို့ လင်းလက်ပြီး သြော် … ငါဟာဖြင့် မြေပုံတွေ မရေမတွက်နိုင်အောင် ထိုင်ကြည့်နေခဲ့ဖူးပေမယ့် “မြေပုံတွေရဲ့ တကယ့်သဘောသဘာဝ” ကို မဆုပ်ကိုင်နိုင်ခဲ့ပါလားလို့တွေးပြီး ကိုယ့်ကိုယ်ကို မချင့်မရဲ ဖြစ်ရပါတယ်။
တသက်လုံး မြေပုံတွေနဲ့ လက်ပွန်းတတီး နေလာခဲ့တဲ့ ကျနော်ဟာ မြေပုံတွေရဲ့ အကွေးအရစ်၊ အမို့အမောက်၊ မြစ်နာမည် တောင်နာမည်၊ မြို့နာမည်လောက်ကိုပဲ ကြည့်ပြီး နိုင်ငံတွေဘယ်လို ပေါ်ပေါက်လာရတယ်၊ မြစ်တွေ ဘာကြောင့် ကောသွား ရတယ်၊ သဲကန္တာရတွေ ဘာကြောင့် ဖြစ်လာရတယ်ဆိုတဲ့ လက်တဆုံးနှိုက်ပြီး တွေးသင့်တဲ့အထိ ရောက်မလာနိုင်ခဲ့ပါဘူး။ လမ်းပြမြေပုံတွေရဲ့ အရေးပါမှုဟာ လူတွေရဲ့ဘ၀နဲ့ ဘယ်လိုပတ်သက် ဆက်စပ်နေတယ်ဆိုတာ မသိခဲ့ပါဘူး။
တကယ်တော့ လမ်းပြမြေပုံတိုင်းဟာ နက်နဲတဲ့ အဓိပ္ပာယ်တွေရှိနေတယ်ဆိုတာ ကျနော်တို့မြင်အောင် ကြည့်တတ်ကြရ ပါလိမ့်မယ်။
ကိုးကား။ ။ (၁) နားနားပြီးပြော (စိုင်းဝင်းမြင့်)
(၂) CHILD OF EUROPE
(A . NEW ANTHOLOGY OF EAST EUROPEAN POETRY)
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/ratha2007/August/03.html ကနေ ယူတယ်။)
Monday, August 13, 2007
an activist's talk on 8888

၈၈၊ ၈ လပိုင်း ရက်များ
ကိုအီဗား (သုံးရောင်ခြယ် ကျောင်းသားအဖွဲ့)
၈ ရက်နေ့ မတိုင်ခင်ကတည်းက ရန်ကုန်မှာ ကျနော်တို့က ဘာလုပ်လဲဆိုတော့ သပိတ်မှောက်ရင် မြို့ထဲမှာ ဘယ်လို လုပ်ရမလဲ လေ့လာတယ်။ ၈ ရက်နေ့ မနက်စောစော ၇ နာရီလောက်မှာ မြို့တော်ခန်းမရှေ့မှာ စုရပ်လုပ်တယ်။
အရင်ဆုံး လူများများလဲ ရအောင် ကီလီလမ်း ကီလီဈေးမှာ ရှိတဲ့ ကုန်တင်ကုန်ချ အလုပ်သမားတွေ ညောင်ပင်လေးဈေးမှာ ရှိတဲ့ အလုပ်သမားတွေကို စုပြီး တရားဟောတယ်။ ည ၈ နာရီမှာ သပိတ်မှောက်မယ်၊ ကျနော်တို့ သပိတ်ကို ကူညီကြပါဆိုပြီးပေါ့နော်။
၈ နာရီ ထိုးတော့ အလံကိုင်ပြီး ချီတက်လာတာပေါ့။ ချီတက်လာတော့ တခြားနေရာကလဲ သပိတ်အဖွဲ့တွေ တော်တော်များများကလဲ က ၅ နာရီမှာ ထွက်လာတော့ ထောင်နဲ့သောင်းနဲ့ချီ များလာတယ်။ များလာတော့ ကျနော်တို့ ညောင်ပင်လေးဈေး ပြန်သွား နောက် ကီလီဈေးသွား၊ အဲဒီမှာ စားစရာ သောက်စရာ အလှူခံပြီး အစားအသောက်တွေ စုကြတယ်။ မဟာဗန္ဓုလပန်းခြံမှာ စားစရာ သောက်စရာတွေ အကုန်လုံး ချပေါ့။
အဖွဲ့အစည်းတွေက ၀န်ထမ်းတွေ၊ ကျောင်းဆရာတွေ၊ ကျောင်းသူကျောင်းသားတွေ တယောက်ပြီးတယောက် တက်ဟောကြတယ်။ ကျနော်တို့က တနေကုန် ပင်ပန်းလာတာဆိုတော့ အဲဒီမှာပဲ ထိုင်ပြီး အမောဖြေကြတာပေါ့။ အဲဒီမှာ လူက များလာတော့ ထောင်နဲ့ သောင်းနဲ့ချီ လာတယ်။ အရှိန်ရတာလာတုန်း ၁၀ နာရီ ကျော်ကျော်လောက်မှာ စစ်ကားတွေက မသိမသာ ရောက်လာတာ သတိထားမိတယ်။
အဲဒီချိန်မှာ ဘာစဖြစ်လဲဆိုတော့ ည ၁၁ နာရီ ကျော်ကျော်လောက်မှာ ကိုရင်လေးတပါးက တရားဟောတယ်။ အဲဒီအချိန်မှာ သူတို့က စပစ်တာ။ တောက်လျှောက် ပစ်လိုက်တဲ့ အချိန်မှာ လူတွေက ၀ရုန်းသုန်းကားနဲ့...
နောက်နေ့ကျတော့ ကျနော်တို့ ရွှေတိဂုံ ဘုရားမှာပဲ စုစည်းပြီးတော့ ပြန့်ကျဲနေတဲ့ သပိတ်အင်အားစုတွေ စုစည်းပြီးတော့ ပြောက်ကျားပြောက်ကျား ဆန္ဒပြနေကြတာပေါ့။ အရှိန်က မပျက်သေးဘူး။ ကျနော်တို့ အုပ်စုကတော့ ဆူးလေလမ်းမမှာပဲ ခေါက်တုံ့ခေါက်ပြန်ဆန္ဒပြကြတယ်။
အဲဒီမှာ ရန်ကုန်ဆေးရုံမှာ ဒဏ်ရာရ လူနာတွေ ထားတယ်။ လူတွေက ရုန်းရုန်းရုန်းရုန်း ဖြစ်နေတာပေါ့။ အဲဒီအချိန်မှာ ၁၄၊ ၁၅၊ ၁၆ ရက်လောက်မှာလား မသိဘူး၊ စစ်ကားက ဆေးရုံထဲကို ၀င်ပစ်တာ။ အဲဒီမှာ ဆရာဝန်တွေ၊ နာ့စ်မတွေ တော်တော်များများက မကျေနပ်ဖြစ်ပြီး ပါလာတယ်။ အရေးပေါ်ရှေ့မှာကို သပိတ်စခန်းဖွင့်တယ်။
(ဘလော့ဂါမှတ်ချက် - http://www.hittaing.org/letter/ ကနေ ယူတယ်။)
Sunday, August 12, 2007
me & horses
ကျနော်နဲ့  မြင်းများ
မောင်သစ်ဦး သြဂုတ် ၂၊ ၂၀၀၇
----မြင်းလှည်း ဆရာက အခွန်တွေတိုးကောက်တာခံရလို့  ၀င်ငွေလျော့သွားတဲ့အကြောင်း ပြောပါတယ်။ သတင်းဌာနက ၀င်ငွေလျော့ရင် ကာမိအောင်ဘယ်လိုလုပ်မလဲလို့မေးတော့ မိသားစုစားတာတော့လျော့လို့ မဖြစ်ဘူးပေါ့ဗျာ၊ မြင်းစာကိုတော့ လျော့ရတော့ မှာပေါ့လို့ ဖြေပါတယ်။ -----ကဗျာတပုဒ်မှာ “ ဆွဲစရာ ၀န်မရှိလို့ မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ ကပေါ့၊ ပျော်လွန်းလို့ ပြေးနေလိုက်တာ၊ ဟီသံတွေများ အ၀ါရောင်သန်းလို့ ” ဆိုပြီး ဖတ်ရတယ်။ ဒီကဗျာကိုဖတ်ပြီးတော့ ကျနော်လည်း တချက်လောက် “ ဟီ ” ကြည့်ရရင် ကောင်း မလား။ ကျနော့် “ ဟီသံ ” တွေဟာ အ၀ါရောင်သန်းမှ သန်းပါ့မလား။ ---------
(က)
နွေခေါင်ခေါင် ကတ္တရာလမ်းပေါ် တခွပ်ခွပ်နဲ့ ကြားရတဲ့ မြင်းလှည်းမြင်းခွာသံကို ကျနော်မကြားရက်ဘူး။ အဲဒီ မြင်းခွာသံကို တခါတရံနားထဲမှာ ပြန်နားထောင်မိရင် မြင်းလှည်းရှေ့က တုံ့ ဆိုင်းဆိုင်းနဲ့ ပြေးနေတဲ့မြင်းကို မျက်စိထဲမှာမြင်ပြီး တံတွေး မြိုချ လုမတတ် ရင်ထဲမှာတင်းကျပ်သွားရတယ်။
နံရိုးအပြိုင်းပြိုင်း မြင်းဝမ်းဗိုက်ကိုပတ်တဲ့ သားရေကြိုးတ၀ိုက်မှာ ချွေးတွေရွှဲနစ်လျက် အကြောအချဉ်တွေ တုံ့ ဆိုင်းဆိုင်းနဲ့  မလှုပ်တလှုပ်ပြေးနေတဲ့ “ မြင်း ” ရဲ့ ရုပ်ပုံလွှာကို ကျနော်မမြင်ရက်ဘူး။ ပြီးတော့ မြင်းရဲ့မျက်စိနှစ်လုံးဘေးမှာ ဘေးဘီကို မမြင်ရအောင်ကာထားတဲ့ မျက်လုံးကာနှစ်ခု။ တခုပဲစိတ်ထဲမှာ ဖြေလို့ ရတာရှိတယ်။ အဲဒါ ကတော့ မြင်းခွာအောက်မှာ သံခွာကိုသံနဲ့ ရိုက်ပြီး ကပ်ထားပေးလို့ သာပဲပေါ့။ နို့မို့ ရင် ကတ္တရာလမ်းပေါ်မှာ မြင်းခွာတွေပွန်းပဲ့ ကျိုးကြေကုန်မယ်။
ကျနော်ဟာ မြေလတ်က မြို့ ကလေးတမြို့ မှာ မွေးခဲ့ကြီးပြင်းခဲ့သူပါ။ မြင်းလှည်းနဲ့ ကျနော် နေ့ တိုင်းဆုံနေကြပါ။ အထူး သဖြင့် ကျနော်ငယ်စဉ် ကျနော့်ဖခင်က မြင်းနှစ်ကောင်ကိုမွေးပြီး မြင်းလှည်းထောင်ခဲ့ဖူးလို့  မြင်းလှည်းနဲ့ ကျနော် တကယ့် ကို အကျွမ်းတ၀င်ပေါ့။ ကျနော့်ဖခင်က တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်လေတော့ ကျနော်နေတဲ့မြို့ကလေးနဲ့ တခြားရွာနီး ချုပ်စပ်က မြင်းတွေ၊ နွားတွေကို ဆေးလိုက်ကုတဲ့အခါ အိမ်ကမြင်းလှည်းနဲ့ ပဲသွားတတ်ပါတယ်။ မြင်းလှည်းမောင်းတဲ့ လူတယောက်လည်း ရှိတယ်။ မြင်းလှည်းဆရာက ကျနော့်ဖခင်သွားလိုရာလိုက်ပို့ ပြီးရင် မြို့ ထဲမှာဂိတ်ထိုးပြီး မြင်းလှည်း အငှါးမောင်းပါတယ်။ ရတဲ့ ပိုက်ဆံသူပဲယူပါတယ်။ ဒီတုန်းက အိမ်နောက်ဖေးမြင်းဇောင်းထဲက မြင်းနှစ်ကောင်ကို တခါတရံ ကျနော်ကျောင်းရပါတယ်။ စီးလည်းစီးပါတယ်။ ဒီတုန်းကတော့ မြင်းတွေရဲ့ ဘ၀ကို ကျနော် နားမလည်ခဲ့ပါဘူး။
တနေ့ မှာ ကျနော်ဟာ ကျောင်းကပြန်လာတော့ အိမ်သားတွေ မျက်စိမျက်နှာမကောင်း ဖြစ်နေကြပါတယ်။ ကျနော့်မိခင် က တခြားအိမ်မှာသွားငိုနေပါတယ်။ ကျနော်တို့ အိမ်မှာမွေးထားတဲ့ မြင်းနှစ်ကောင်အနက်က အသက်ကြီးတဲ့မြင်း သေဆုံး သွားလို့ ဖြစ်ပါတယ်။ ဘာပြုလို့ သေတာလဲလို့ ဖခင်ကိုမေးကြည့်တော့ အမောဆို့ နှလုံးကွဲပြီးသေသွားတာလို့ ဖြေပါတယ်။ မြင်းလှည်း ဆရာကြီး “ ဦးသြ ” က စလင်းနဲ့ ဆင်ဖြူကျွန်း (၆)မိုင်ခရီးကို အဲဒီနေ့ က နှစ်ခေါက်ပြေးသတဲ့။“ ဦးသြ ”လည်း ယူကျုံးမရဖြစ်ပြီး တနေ့ လုံးငိုပါတယ်။
ဖခင်ကတော့ ဒီလိုစိတ်မကောင်းစရာမျိုး နောက်ထပ်မကြုံချင်ဘူးဆိုပြီး အဲဒီကတည်းက ကျနော်ကြီးတဲ့အထိ မြင်းတွေကို မမွေးတော့ပါဘူး။ ဖခင်ဖြစ်သူရဲ့ဆုံးဖြတ်ချက်ကို ကျနော်လည်း သဘောတူပါတယ်။ မြင်းလှည်းစီးတဲ့အချိန်တိုင်း မြင်းရဲ့ ကျောပေါ်၊ တင်ပါးပေါ်ကျကျသွားတဲ့ကျာပွတ်သံ တရွှမ်းရွှမ်းကို ကြားရင် ကျနော့်ကျောဟာလည်း အလိုလိုမသိမသာ ကော့လိုက်မိတာမျိုး၊ မြင်းရဲ့မျက်လုံးနှစ်ဘက်ကို အုပ်ထားတဲ့ မျက်လုံးကာနှစ်ခုကို မချင့်မရဲနဲ့ ပြေးပြေးပြီးဆွဲဖယ်လိုက်ချင် တာမျိုး ကျနော်မခံစားရတော့ဘူးပေါ့။ အဲဒီနှစ်ထဲမှာ ကျနော်တို့ မိသားစု ပဲခူးကိုပြောင်းရွှေ့ လာခဲ့ကြရလို့ ကျနော်လည်းပဲ“ မြင်း ” တွေနဲ့  ဝေးသထက်ဝေးခဲ့ရပါတယ်။
(ခ)
၂၀၀၇ ဇွန်လပိုင်းထဲမှာ လွတ်လပ်တဲ့အာရှအသံက အသံလွှင့်တဲ့သတင်းတပုဒ်ကို အမှတ်မထင်နားထောင်ရင်း နှစ်ပေါင်း များစွာ မေ့နေခဲ့တဲ့ “ မြင်း ” တွေကို ရုတ်တရက် ပြန်တွေးလိုက်မိပါတယ်။ သတင်းထဲမှာက အစိုးရက အခွန်တိုးကောက် တာခံရလို့ ဒုက္ခနဲ့ ရင်ဆိုင်နေရတဲ့ မြင်းလှည်းသမားတဦးနဲ့ အမေးအဖြေလုပ်တဲ့ သတင်းပါ။ အောင်လံမြို့က မြင်းလှည်း ဆရာက အခွန်တွေတိုးကောက်တာခံရလို့  ၀င်ငွေလျော့သွားတဲ့အကြောင်း ပြောပါတယ်။ သတင်းဌာနက ၀င်ငွေလျော့ရင် ကာမိအောင်ဘယ်လိုလုပ်မလဲလို့မေးတော့ မိသားစုစားတာတော့လျော့လို့ မဖြစ်ဘူးပေါ့ဗျာ၊ မြင်းစာကိုတော့ လျော့ရတော့ မှာပေါ့လို့ ဖြေပါတယ်။ မမျှော်လင့်ဘဲ ဒီသတင်းကိုကြားရတဲ့အခါ ကျနော့်ရင်ထဲမှာ “ မြင်း ” တွေအတွက် ပူပင်သောက ရောက်ရပြန်ပါတယ်။ နှစ်ပေါင်းများစွာ မေ့နေခဲ့တဲ့ “ မြင်း ” တွေကို နေ့ တိုင်းလိုလိုတွေးပြီး စိတ်ပူမိတယ်။
ဒီအတိုင်းဆိုရင်တော့ “ မြင်း ” တွေအတွက် ခက်ရချည်ရဲ့ လို့ ခံစားရပါတယ်။ ဒီလိုနဲ့  “ မြင်း ” တွေဟာ ကျနော့်ဘ၀ထဲ ပြန်ရောက်လာခဲ့ရပြန်ပါတယ်။ “ မြင်း ” တွေကိုကြည့်ပြီး၊ “ မြင်း ” တွေရဲ့ ဘ၀ကိုတွေးပြီး၊ ရင်ထဲမှာ တမြေ့မြေ့နဲ့ ခံစားရတဲ့ ကိုယ်ချင်းစာစိတ်ဟာ “ မြင်း ” နဲ့ ပတ်သက်တဲ့ ကဗျာနှစ်ပုဒ်ကို ဖတ်ရတဲ့အခါ ပိုပြီးတော့ ကြေကွဲ ရပါတော့တယ်။
မြင်း
ပြေးနေကျအတိုင်းပြေးပေးနေတာပါပဲ
ဒါကိုပဲ
မြင်းလှည်းဆရာက ထုံးစံအတိုင်း
အသားလွတ်ကျာပွတ်နဲ့ ရိုက်တယ်
မြင်း ခါးကော့သွားတယ်
ကျနော့်ကျော နာသွားတယ်။
မိန်းမနဲ့ စိတ်ဆိုးလာလည်း
မြင်းကိုပဲ ရိုက်တာပဲ
ကျနော့်ကျော နာသွားတယ်။
အရက်ဖိုးမရသေးလို့  စိတ်တိုလာလည်း
မြင်းကိုပဲ ရိုက်တာပဲ
ကျနော့်ကျော နာသွားတယ်။
မြင်းက ဒါ ၀ဋ်ကြွေးလားလို့ တွေးတယ်
ကျနော်က လောကဓံလားလို့ တွေးတယ်
မြင်းက ဘယ်လိုလူတွေထဲ
ငါရောက်နေတာလဲလို့  တွေးတယ်
ကျနော်က ဘယ်လိုသတ္တ၀ါတွေထဲ
ငါရောက်နေတာလဲလို့  တွေးတယ်
မြင်းက ကွင်းပြင်ကျယ်ကြီးဆီ
ထွက်ပြေးချင်တယ်
ကျနော်က မိတ်ကောင်းဆွေကောင်းတွေဆီ
ထွက်ပြေးချင်တယ်
မြင်းက မြက်ဆာတယ်
ကျနော်က ထမင်းဆာတယ်။
ပြေးမြဲပြေးနေရတာပဲ
လမ်းလျှောက်မြဲ လမ်းလျှောက်နေရတာပဲ
မြင်းက အိုင်းစတိုင်းကို မသိဘူး
ကျနော်က အိုင်းစတိုင်းကို စိတ်မ၀င်စားဘူး
မြင်းက ထီးကိုမသိဘူး
ကျနော်က ထီးကိုမချစ်ဘူး
မြင်းက ဒေါ်လာ ပေါင်ကို မသိဘူး
ကျနော်က ဒေါ်လာ ပေါင်ကို မယုံကြည်ဘူး
မြင်းက တက်ကျမ်းကို မသိဘူး
ကျနော်က တက်ကျမ်းကို မဖတ်ဘူး။
မြင်းဆိုတာ
ကြိုးတန်းလန်းနဲ့ နေရရုံသက်သက်ပဲလား
ခရီးသည်လှည်းကိုဆွဲပေးရုံသက်သက် သတ္တ၀ါတကောင်ပဲလား။
မြင်းက ပိုပြီးမောလာတယ်
ကျနော်လည်း ပိုပြီးမောလာတယ်
မြင်းက သူ့ တင်းကုပ်ဆီ ပြန်ချင်နေတယ်
ကျနော်က ကျနော့်အိမ်ဆီ ပြန်ချင်နေတယ်။
ဒီမြင်း
ပေကပ်ကပ်လုပ်တော့မယ်ဆိုတာ သိတာနဲ့ တပြိုင်နက်
မြင်းလှည်းဆရာက မြင်းရဲ့ကျောပြင်ကို
သူ့ ကျာပွတ်နဲ့  အဆက်မပြတ်ရိုက်နေတော့တယ်
ကျနော့် ကျောပြင်လည်း
အဆက်မပြတ် နာကျင်နေတော့တယ်။ ။
ကွန်စစ်ကောင်း
နောက်ထပ်ပြီး မြင်းနဲ့ ပါတ်သက်တဲ့ ကဗျာတပုဒ်ကို ဖတ်ရပြန်ပါတယ်။
မြင်းဝါလေး
မချစ်လို့ တော့ မဟုတ်ပါဘူးတဲ့
မြင်းတကောင်မို့ လှည်းဆွဲရမယ်
မသနားလို့ တော့ မဟုတ်ပါဘူးတဲ့
မြင်းရှာတဲ့လုပ်အားကို မြင်းအတွက်သုံးစရာမလို
မြင်းဇောင်းကောင်းကောင်းမလို
အစာအသင့်အတင့်ကျွေးရင် ကျေနပ်နေတာပဲ။
မြင်းဆိုတာ ခံနိုင်ရည်ရှိတယ်
တနေကုန် ပြေးလည်း မပင်ပန်းဘူး
ပူလည်းဖြစ်တယ် အေးလည်းဖြစ်တယ်
လမ်းကြမ်းလည်း သံခွာရှိတယ်
တကယ့်ကို ချစ်ပါတယ်
မြင်းဖြစ်တဲ့အတွက်တော့ ဆက်ခိုင်းရမယ်
ပတ်ဝန်းကျင်ကို မမြင်အောင် မျက်လုံးကို ဖုံးထားတယ်
ဝန်များများဆွဲအောင် နာနာရိုက်ရမယ်တဲ့
ကြိုးဆွဲရင်ရပ် တုတ်တို့ ရင်ပြေး
သေသွားရင်တောင်
အမြီးလေးကို ခြင်ရိုက်တံအဖြစ် အမြတ်တနိုး သုံးဦးမှာတဲ့
မြင်းကတော့ မြင်းဖြစ်တဲ့အတွက် ဒါတွေမသိပါဘူး
ဆွဲစရာ ၀န်မရှိလို့  မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ ကပေါ့
ပျော်လွန်းလို့  ပြေးနေလိုက်တာ
ဟီသံတွေများ အ၀ါရောင်သန်းလို့  ။ ။
စိုးမိုးယံ
(ဂ)
“ မြင်း ” တွေအကြောင်း ရေးထားတဲ့ကဗျာနှစ်ပုဒ်က ကျနော့်ကို “ မြင်း ” တွေအကြောင်း ပြန်တွေးစေတယ်။ “ မြင်း ” တွေရဲ့ခွာသံကိုပြန်ပြီး ကြားစေတယ်။ အစာလျှော့ကျွေးရတော့မှာပေါ့လို့ ပြောတဲ့ မြင်းလှည်းဆရာရဲ့ အသံကို ကျနော် မကြားရက်ဘူး။ နှလုံးကွဲပြီးသေသွားတဲ့ “ မြင်း ” တကောင်ရဲ့ ဘေးမှာ ကျနော်ရပ်နေခဲ့ဖူးတယ်။
“ မြင်း ” ဟာ တကယ်ပဲ ၀န်တင်လှည်းကိုဆွဲဖို့ သက်သက်ဖြစ်လာတဲ့ “ ဖြစ်တည်မှုတခု ” များလား။ မြင်းရှာလို့ ရတဲ့ ပိုက်ဆံဖြစ်ပေမယ့် မြင်းစာကိုတော့ လျှော့ကျွေးရလိမ့်မယ်လို့ မြင်းလှည်းဆရာကို ဘယ်သူကများ အတင်းအဓမ္မ ပြောခိုင်းခဲ့ တာလဲ။
ကဗျာတပုဒ်မှာ “ ဆွဲစရာ ၀န်မရှိလို့ မြက်ခင်းတွေထဲ လွှတ်ပေးတဲ့နေ့ ကပေါ့၊ ပျော်လွန်းလို့ ပြေးနေလိုက်တာ၊ ဟီသံတွေများ အ၀ါရောင်သန်းလို့ ” ဆိုပြီး ဖတ်ရတယ်။ ဒီကဗျာကိုဖတ်ပြီးတော့ ကျနော်လည်း တချက်လောက် “ ဟီ ” ကြည့်ရရင် ကောင်း မလား။ ကျနော့် “ ဟီသံ ” တွေဟာ အ၀ါရောင်သန်းမှ သန်းပါ့မလား။ ဒီိလိုနဲ့  မြင်းတွေအကြောင်း အတွေးလွန် ခဲ့ရင်းက ညတညမှာ အိပ်မက်ထဲ မြင်းတွေကို ထည့်မက်မိတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ အိပ်မက်ကနိုးတော့ ကျနော့်ကျောပြင်ဟာ ကျိန်းစပ်လို့ နေပါတော့တယ်။ ။ [Top]
ကိုးကား။ ။ စပယ်ဖြူ မဂ္ဂဇင်း၊ ဇူလိုင် ၂၀၀၇/ မဟေသီ မဂ္ဂဇင်း၊ ဇွန် ၂၀၀၆
(ဘလော့ဂါမှတ်ချက် - ဒီဆောင်းပါးကို http://www.irrawaddy.org/bur/ratha2007/August/01.html ကနေ ယူတယ်။)
Sunday, July 29, 2007
good news from Singapore
လမ်းပြကြယ် စာကြည့်တိုက် (စင်္ကာပူ)
မောင်သာမန်
၃ လ ကြာသော အပတ်စဉ်ဆွေးနွေးမှု၊ ရံပုံငွေ ရှာဖွေမှုနှင့် မလျော့သော လုံ့လဖြင့် စာအုပ်စာပေ၊ စုဆောင်း စီစဉ်မှုများကြောင့် ဧပြီလ ၂၈ ရက်၊ ၂၀၀၇ မှာ စင်္ကာပူရှိ မြန်မာများ၏ စုရပ်ဖြစ်သော ပင်နီစူလာ #05-12A ၅ ထပ်တွင် လမ်းပြကြယ် စာကြည့်တိုက်လေး တခုကို စတင်ပြုစုပျိုးထောင်ခဲ့ပါပြီ။ အထူးသဖြင့် နိုးကြား၊ အားအင် ပြည့်ဝသော လူငယ်များ၏ ဆောင်ရွက်မှု၊ စည်းရုံးမှုများနှင့် လူကြီးအချို့၏ လူအား၊ ငွေအား၊ အကြံဉာဏ်၊ တာဝန်ယူပေးမှု များကြောင့် ဖြစ်ပေါ် လာရခြင်း ပင်တည်း။
ပင်နီစူလာ အနီးရှိ� “၉၉ ကဖေး” စုရပ်၌ အပတ်စဉ် ဆွေးနွေး တိုင်ပင်မှုများ ပြုလုပ်ခြင်း၊ စာအုပ်များ စုဆောင်း အလှူခံခြင်း၊ လုပ်အားပေးများ စည်းရုံးခြင်း၊ မြန်မာပြည်နှင့် ဆက်သွယ်ပြီး စာအုပ်များ ၀ယ်ယူခြင်း၊ စာအုပ် စုပေါင်းချုပ် လုပ်ခြင်း၊ စာအုပ် စာရင်းများ ပြုလုပ်ခြင်း စသည့် လုပ်ငန်း ကလေးများဖြင့် လမ်းပြကြယ် စာကြည့်တိုက်ကို အခြေတည် ခဲ့ရသည်။
လမ်းပြကြယ်အဖွဲ့သား အားလုံးမှာ စင်္ကာပူတွင် အလုပ် လုပ်ကိုင်နေသူများ ဖြစ်သောကြောင့် မိမိ အသက်မွေးအလုပ် လုပ်ကိုင်ရင်း ကိုယ်ပိုင် အချိန်များတွင် စင်္ကာပူရောက် မြန်မာများကို ပြည်တွင်း၊ ပြည်ပ ထုတ်ဝေသော မြန်မာ စာအုပ်များ ငှားရမ်း စေရေး၊ ဖတ်ရှု စေရေးနှင့် ပိုမိုသော ရည်ရွယ်ချက် များမှာ ကြီးမားလှပါသည်။ လူတိုင်း မိမိ ကြိုက်နှစ်သက်သော စာအုပ်ကောင်းများကို� ကိုယ်ပိုင် အဖြစ် ၀ယ်ယူ သိမ်းဆည်း ထားလေ့ ရှိပါသည်။
ထို့ထက်ပို၍ အခြား မိတ်ဆွေများကို ပြောပြ၊ ညွှန်ပြပြီး ငှားရမ်း ပေးခြင်းမှာ မွန်မြတ်လှသည့် ကုသိုလ်ဒါန တခုလည်း ဖြစ်ပါသည်။ စင်္ကာပူတွင် ရောက်ရှိနေသော မြန်မာများတွင် စာကြည့်တိုက် လုပ်ငန်း လုပ်ခဲ့ဖူးသူ အများအပြား ရှိပါသည်။ ထိုသူများ ကျေးဇူးကြောင့် တိုပါးရိုး မြန်မာ ဘုန်းကြီးကျောင်း မြေအောက်ထပ်ရှိ စာကြည့်တိုက် တခု ဖြစ်လာခဲ့ပါသည်။ သို့သော်လည်း ထို စာကြည့်တိုက်တွင် စာအုပ် ငှားရမ်းခြင်းကို မလုပ်ပေးနိုင်ဟု သိရသည်။ လွန်ခဲ့သော ၁၀ နှစ်ကျော် ကတည်းက ၀ါသနာရှင် မြန်မာများ စင်္ကာပူတွင် အလုပ် လာလုပ်ရင်း၊ မိမိ စာအုပ်များကို ကျောပိုးအိတ်ဖြင့် ထည့်ကာ မိတ်ဆွေ၊ စာပေ ၀ါသနာရှင် များကို ငှားရမ်း ပေးသူပင် ရှိခဲ့သည်။ ယခု ထိုသူသည် မြန်မာပြည်သို့ အပြီး ပြန်သွားပြီ ဖြစ်သည်။
အလားတူ ၁၉၉၇ နောက်ပိုင်းတွင် မြန်မာ လူငယ်များ စင်္ကာပူသို့ ပိုလီတက်ကနစ် ၃ နှစ် ဒီပလိုမာ လာရောက် ပညာ သင်ကြားသော အခါ ၀ါသနာရှင် ကျောင်းသား များသည် မိမိတို့ သက်ဆိုင်ရာ ပိုလီ ကျောင်းများ ဖြစ်သော နီးအန်း၊ အက်စ်ပီ၊ နန်ယန်း၊ တီမားဆက် စသည်တို့တွင် သေတ္တာ စာကြည့်တိုက် ကလေးများဖြင့် တဦးနှင့် တဦး ဆက်သွယ်ကာ စာအုပ် ငှားခဲ့ဖူး ကြသည်။ ၁၉၉၇ နောက်ပိုင်းတွင် စင်္ကာပူ ပင်နီစူလာ ပလာဇာတွင် မြန်မာ လုပ်ငန်းရှင်ဆိုင်များ ဖွင့်လာသောအခါ လူအများ မိမိဆိုင်တွင် လာရောက်ရေး အတွက် ဆိုင်တိုင်း လိုလိုပင် စာအုပ်၊ မဂ္ဂဇင်း၊ စာစောင်များကို တင်ပြ ရောင်းချ ရပါသည်။ အချို့ ဆိုင်များမှာ စာအုပ် ငှားရမ်းခြင်း လုပ်ငန်းကို စာကြည့်တိုက် ပုံစံ လုပ်ဆောင် လာပါသည်။
ယခု ၂၀၀၆ ခုနှစ်တွင် စာအုပ် ငှားရမ်း ပေးသော စာအုပ်ဆိုင်များ အနက် ဒဏ္ဍာရီ ဆိုင်မှာ နာမည်ကြီး ပါသည်။ အခြားဆိုင်များမှာ မော်လမြိုင်၊ မြသရဖူ၊ ရှမ်းတောင်တန်း၊ မန်းစတား စသည်တို့ ဖြစ်ကြသည်။� စာအုပ်စာပေ ၀ါသနာကြီးပြီး၊ မြန်မာများ နိုးကြား၊ ဗဟုသုတရ စေလိုသူများသာ စာအုပ် ငှားရမ်းခြင်း လုပ်ငန်းများကို လုပ်ဆောင် ကြပါသည်။ စီးပွားရေးအရ တွက်သား ကိုက်အောင် စာအုပ်ငှား လုပ်ငန်း လုပ်ခြင်းမှာ မလွယ်ပါ။ ထို့ကြောင့် စာကြည့်တိုက် ဆိုသည်မှာ နိုင်ငံ အစိုးရ၊ တက္ကသိုလ်၊ ကျောင်းများ၊ ကုမ္မဏီများ၊ အဖွဲ့အစည်းများနှင့် အများအကျိုး လုပ်သော သဘော သက်ရောက်ပါသည်။
လမ်းပြကြယ် စာကြည့်တိုက် ဖွင့်ပွဲကို မေလ ၁ ရက်၊ ၂၀၀၇ (မေဒေး - ကမ္ဘာ့ အလုပ်သမားနေ့)� လာရောက် အားပေးကြသူများတွင် အိုးဝေ နိုင်ငံရေး လှုပ်ရှားမှု အဖွဲ့ဝင်များ (www.owaysingapore.com)၊ ဘားမား အက်ရှင် (စင်္ကာပူ) အဖွဲ့ဝင်များ၊� အင်တာနက် လူငယ် အီးမဂ္ဂဇင်း ဖြစ်သော သံလွင် အိပ်မက် အဖွဲ့ဝင်များ (www.thanlwin.com)၊ မင်္ဂလာ အင်တာနက်၊ လူမှုရေး လှုပ်ရှားသည့် မြန်မာ ကလပ် အဖွဲ့ဝင်များ၊ စင်္ကာပူထုတ် ရွှေမြန်မာ မဂ္ဂဇင်း ကလောင်ရှင်များ၊ မကြာမီက ပြီးစီး သွားသော ရန်ကုန် စက်မှု တက္ကသိုလ် ဆရာ ကန်တော့ပွဲ ကော်မတီဝင် အင်ဂျင်နီယာများ၊ ဆရာဝန်များ၊ ဘူမိဗေဒ ပညာရှင်များ၊ သူနာပြုများ၊ အလုပ်သမားများ၊ ပင်နီစူလာရှိ စီးပွားရေး လုပ်ငန်းရှင်များ စသဖြင့် မိတ်ဆွေ ၂၀၀ ခန့် လာရောက် ကြည့်ရှု အားပေး ကြပါသည်။ စာကြည့်တိုက် ကလည်း ကြာဇံဟင်း၊ လက်ဖက်ရည်၊ ဆနွမ်းမကင်း၊ ရွှေရင်အေး၊ မုံ့ဖက်ထုပ်၊ ရေနွေးကြမ်း စသည်တို့ဖြင့် ကျွေးမွေး ဧည့်ခံ ခဲ့ပါသည်။
ပထမ အပတ်တွင်ပင် အသင်းဝင် ၂၀၀ ကျော် စာအုပ်များ ငှားရမ်း သွားကြပါသည်။ အသင်းဝင်ကြေးမှာ ၆ လ အခမဲ့ ငှားရမ်းခွင့် အတွက် စင်္ကာပူ ၁၀ ဒေါ်လာ ဖြစ်သည်။ စာအုပ်ကို ၂ ပတ်အထိ ငှားရမ်းခွင့် ရှိပြီး လာရောက် မအပ်နိုင်ပါက တယ်လီဖုန်း ၆၃၃၇၁၅၆၉ သို့ ဆက်သွယ် ပြောကြား နိုင်ကြောင်း၊� အပတ်စဉ်တိုင်း စနေနေ့ ၂ နာရီမှ ည ၉ နာရီ အထိနှင့် တနင်္ဂနွေနေ့ ဆိုလျှင် နေ့ခင်း ၁၂ နာရီမှ ည ၉ နာရီအထိ ဖွင့်လှစ်ကြောင်း၊ စာအုပ် ၅၀၀ ခန့်နှင့် မဂ္ဂဇင်း ၁၀၀ ကျော်ဖြင့် စတင် ဖွင့်လှစ် ခဲ့ပြီး၊ တပတ် အကြာတွင် စာကြည့်တိုက်ပိုင် ၀ယ်ယူသော စာအုပ်နှင့် စေတနာရှင်များ လှူဒါန်းသော စာအုပ် စုစုပေါင်း တထောင်ကျော် အထိ တိုးပွား လာသည်။ မဂ္ဂဇင်းများမှာလည်း ၃၀၀ ကျော် ဖြစ်လာပါသည်။ စာအုပ်ကောင်းများ ဆက်လက် တိုးပွားရေးကို ဦးတည်မည် ဖြစ်သည်ဟု သိရပါသည်။
စာကြည့်တိုက်သည် ၀ါသနာရှင်များ၏ လုပ်အား ပေးမှုနှင့် စာအုပ် လှူဒါန်းမှု များဖြင့် အဓိက ရပ်တည်ပါသည်။ ကုန်ကျစရိတ် များကို အသင်းဝင်များ၏ အသင်းဝင်ကြေး အားဖြင့် လည်းကောင်း၊ စေတနာရှင်များ၏ လှူဒါန်း ပါဝင်မှုများဖြင့် လည်းကောင်း ရပ်တည်ကြောင်း၊ မည်သည့် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အဖွဲ့အစည်း အတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ မြန်မာများ လွတ်လပ်စွာ စာအုပ်စာပေ ဖတ်ရှုရေး အတွက် အတွေးအခေါ်၊ သုတ-ရသ၊ နည်းပညာ၊ ခေတ်ပြိုင်၊ သမိုင်း စသည့် စာအုပ်ကောင်းများကို အဓိက ရည်ရွယ်ကြောင်း သိရပါသည်။ စာကြည့်တိုက် အသင်းဝင်များ အတွက် သတင်းကောင်းများကို www.thanlwin.com/polaris� အင်တာနက်တွင် ကြည့်ရှု နိုင်ပါသည်။
အင်္ဂလိပ်စာဖြင့် Polaris Burmese Library ၊� မြန်မာဘာသာဖြင့် ရောင်ခြည်ဖြာ ထွက်သော “လမ်းပြကြယ် မြန်မာ စာကြည့်တိုက်” ဖြစ်သည်။ လုပ်အား ပေးလိုသူများ အနေဖြင့် စာကြည့်တိုက် ကော်မတီသို့ ဆက်သွယ်၍ လည်းကောင်း၊ စာကြည့်တိုက် ဖွင့်သော စနေ၊ တနင်္ဂနွေတွင် ကိုယ်တိုင် လာရောက်ပြီး လုပ်အားပေးခြင်း၊ အကြံဉာဏ်၊ စာအုပ် လှူဒါန်းမှု၊ စာအုပ်စာရင်း သွင်းခြင်းများ လုပ်ဆောင် နိုင်ပါသည်။ ၂၀၀၃ ခုနှစ် မေလ က ဒေါ်အောင်ဆန်း စုကြည် မုံရွာမြို့တွင် မိန့်ခွန်း ပြောခဲ့ပါသည်။� “ဒီမိုကရေစီ ရရှိခြင်းနှင့် ဆက်လက် ထိန်းသိမ်းခြင်းကို့ ဥပမာ အားဖြင့် နိုင်ငံခြားတွင် အိမ်ဝယ်လျှင် အိမ်တန်ဖိုးထက်၊ အိမ်ကို ရေရှည် ထိမ်းသိမ်းရန် လစဉ် ကုန်ကျမည့် စရိတ်ကို ဦးစားပေး ကြည့်ကြကြောင်း၊ ဒီမိုကရေစီကို ရေရှည် ထိန်းသိမ်းရေးမှာ ပိုအရေးကြီးကြောင်း၊ လူတိုင်း ဒီမိုကရေစီကို နားလည်ပြီး၊ ကျင့်ကြံနိုင်မှ လွတ်လပ်၍ တရားမျှတသော ဒီမိုကရေစီ စနစ် မြန်မာနိုင်ငံတွင် တည်ဆောက် နိုင်ပြီး၊ ရေရှည် တည်တံ့နိုင်မည် ဖြစ်ကြောင်း” ပြောခဲ့ပါသည်။�
ထိုနည်းတူ မြန်မာ စီးပွားရေး ဆိုင်ပေါင်း ၆၀ ကျော် ရှိသော စင်္ကာပူ ပင်နီစူလာ ပလာဇာတွင် လွတ်လပ်သော မြန်မာ စာကြည့်တိုက် တခု စတင် တည်ထောင်ခဲ့ပြီ ဖြစ်သည်။ ရေရှည် တည်တံ့ရေးကို စာကြည့်တိုက် ကော်မတီနှင့် လုပ်အားပေး၊ ၀ါသနာရှင်များ အပေါ်တွင် တည်နေပါသည်။ လမ်းပြကြယ် မြန်မာစာကြည့်တိုက် လုပ်ငန်း ရည်ရွယ်ချက် အောင်မြင်ပါစေ။ လောကကို အလှဆင်မည့်သူ အလိမ္မာ စာမှာရှိ“လမ်း” ကို မမြင်၊ ဟိုဒီဝင်ထွက်ဆင်ခြင်မဲ့ မျက်မှောက်၊ အနာဂတ် မပျောက်အောင်စွမ်းဆောင်ချင်ကြ၊ သောမနဿ ဆန္ဒများ --- ၊“ပြ”သည့် လမ်းမှန်၊ ဘာသာပြန် ရသသုတခောတ်ပြိုင်၊ တွေးခေါ်နိုင်စေမျှဝေသမိုင်း၊ အတိုင်းမရှိ ဆန္ဒများ --- ၊“ကြယ်” ရောင်အလင်း၊ အဆင်းသဏ္ဌာန်အမြင်မှန်မှု၊ ဆန္ဒပြု၍ပေါင်းစုကြွေးကြော်၊ နှိုးဆော်အပ်ပါသည် --- ။“လမ်းပြကြယ်” သည်နေမင်းပမာ၊ သော်တာအလားမ၀င့်ငြားလည်း၊ သူ့နည်းသူ့ဟန်သူ့သဏ္ဌာန်ဖြင့်၊ သူသန်ရာမှဤလောကကို အလှဆင်လိုပါတကား --- ။ ။
Monday, July 16, 2007
Pritical Thinking
လက်တွေ့ကျကျ စဉ်းစားရအောင်
အဝေးရောက်မြန်မာတဦး
မဆုံးနိုင်တဲ့ သံသရာတွေထဲမှာ ပညာသင်ခြင်းဆိုတာလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ကျနော် ဆိုလိုချင်တာက ပညာရဲ့ အဆုံးအစမရှိတဲ့သဘောကို မဟုတ်ပါဘူး။ ပညာဟူသည် ဆုံးခန်းတိုင်သည်၊ ပြီးဆုံးသည်လို့ မရှိဘဲ လေ့လာဆည်းပူးသလောက် ဆက်လက်တိုးတက်နေမယ့် သဘောရှိပါတယ်။ ကျနော် ပြောချင်တာကတော့ ကျနော်တို့တွေ သံသရာလည်နေတဲ့အဖြစ်၊ အစဉ်မပြတ်သေးတဲ့ အဖြစ်ကို ပြောချင်တာပါ။
အဲဒီသံသရာက ဘာလဲဆိုတော့ နိုင်ငံရပ်ခြားမှာ ပညာသင် ထွက်ခြင်းဆိုတဲ့ သံသရာပါပဲ။ ဘ၀ဖြစ်တည်တဲ့ သံသရာက အဆုံးအစ မထင်ဘူးလို့ ဆိုကြပေမယ့် အခုသံသရာကတော့ အစရှိပါတယ်။ ဘယ်ကစလဲဆိုတော့ မင်းတုန်းမင်းတရားကြီးလက်ထက် ကနောင်မင်းသား အိမ်ရှေ့စံဖြစ်ကတည်းကလို့ ဆိုရမှာပေါ့။ အင်္ဂလိပ်-မြန်မာ ပထမစစ်နဲ့ ဒုတိယစစ်ပွဲတွေပြီးတဲ့အခါ မြန်မာတွေ အရေးနိမ့်ရတဲ့အဖြစ်ကို ကောင်းစွာသုံးသပ်မိတဲ့ ကနောင်မင်းသားကြီးဟာ မြန်မာနိုင်ငံကို စက်မှုနိုင်ငံတော်အဖြစ် ထူထောင်ဖို့အတွက် စတင်ကြိုးပမ်းခဲ့တယ်လို့ မှတ်သားရပါတယ်။
ဒီအခါမှာ လိုအပ်တဲ့ လူသားအရင်းအမြစ်တွေ ရရှိဖို့အတွက် ဥရောပနိုင်ငံတွေမှာ စက်မှု၊ လက်မှု အတတ်ပညာတွေကို သင်ကြားဖို့ ပထမဆုံးသော ပညာတော်သင်များကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက စတာပါပဲ။ ဒီကနေ့ ပြောပြောနေတဲ့ brain drain တို့ brain gain တို့က အဲဒီ အချိန်ကတည်းက စဖြစ်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ပညာတော်သင် လွှတ်လိုက်တဲ့အထဲမှာ တချို့လည်း ပြည်တော်ကို ပြန်ရောက်သူရှိရဲ့၊ တချို့လည်း တပြည်သူနဲ့ အိမ်ထောင်ရက်သားကျပြီး မပြန်ဖြစ်တော့ပဲ အဲဒီနိုင်ငံများမှာပဲ အခြေချခဲ့ကြတာပေါ့။ ဒီမှာတော့ ဦးနှောက်ယိုစီးမှု အကြောင်းကို ကျနော် မဆွေးနွေးပါဘူး။ ဒီအကြောင်းကိုလည်း တော်တော်များများက ဆွေးနွေးပြီးပါပြီ။ ကျနော်တို့ လူမျိုးတွေ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်နေလိုက်ကြတာ ကြာပြီပေါ့။ အခုချိန်အထိ အဆုံးမသတ်နိုင်သေးပါဘူး။ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထက်ကလည်း ထွက်ရတယ်။ ကျွန်တော်တို့ အဖေအမေတွေ လက်ထက်ကလည်း ထွက်ရတယ်။ ကျွန်တော်တို့ လက်ထက်လည်း ထွက်ရတယ်။ ဟော… ကျွန်တော်တို့ သားမြေးမြစ်တွေ လက်ထက်မှာကော ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသွား သင်နေရအုံးမှာလား။ မျိုးဆက်တွေလည်း များခဲ့ပြီ။ ဒီသံသရာက မဆုံးနိုင်သေးပါဘူး။ ကိုယ့်မြေကိုယ့်ရေမှာပဲ အဆင့်မြင့်ပညာတွေ သင်ကြားလို့ မရလို့လား။ မသင်ကြားပေးနိုင်လို့လား။
ပညာသင်ပြီး ပြန်လာတဲ့သူတွေက မိမိတို့သင်ထားတဲ့ ပညာတွေနဲ့ ထပ်မံတိုးပွားအောင်၊ ဆက်လက် လက်ဆင့်ကမ်း မဖြန့်ဝေနိုင်လို့လား။ ဒါမှမဟုတ် အဲဒီလူတွေကပဲ ညံ့နေလို့လား။ နောက်တချက် နိုင်ငံရပ်ခြားမှာ ငွေကုန်ကြေးကျခံပြီး သင်လာတဲ့ ပညာတွေက အသုံးမ၀င်လို့လား။ ခေတ်မမီတော့ လို့လား။ အခုခေတ်ပေါ် ပညာရပ်တွေ၊ နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာနဲ့ မသင်ကြားနိုင်ဘူးလား။ အဲဒီအခွင့်အရေးတွေ နောက်မျိုးဆက်တွေ ဘယ်တော့ရမှာလဲ။
ကျနော်တို့ဆီမှာ အရင့်အရင် နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးလာကြတဲ့သူတွေ ရှိရဲ့နဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတပါးကို ထွက်နေကြရသေးတာလဲ။ ကမ္ဘာနဲ့အမီ ရင်ဘောင်တန်း နေနိုင်အောင် ကျနော်တို့မှာ လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့လား။ တကယ်ဆို သူများနိုင်ငံတွေလည်း ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့သူတွေ အများကြီးရှိတာပါပဲ။ ဥပမာ တရုတ်နိုင်ငံလိုပေါ့။ သူတို့တွေ ကျတော့ အခုဆိုရင် တော်တော်အောင်မြင်နေကြပြီလေ။ ကဏ္ဍစုံမှာ တိုးတက်နေကြပြီ။ ကျနော်တို့ ဆီမှာတော့ ဘယ်လိုဖြစ်လို့ပါလိမ့်။ မေးခွန်းတွေ အများကြီးပါပဲ။ ပြဿနာတိုင်းမှာ ဖြေရှင်းစရာ နည်းလမ်းကတော့ ရှိရမှာပါ။ ဘယ်ပညာရပ် နယ်ပယ်ကိုပဲ ကြည့်ကြည့် ကျွန်တော်တို့ဆီမှာ အားရစရာကောင်းတဲ့ ပညာရပ် နယ်ပယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း နောက်ကျနေတာချည်းပါပဲ။ လူ့စွမ်းအား အရင်းအမြစ် မရှိရတာနဲ့၊ နည်းပညာ နိမ့်ကျနေရတာနဲ့၊ စသည်ဖြင့် မရှိတာတွေချည်းပဲ လုံးလည် ချာလည် လိုက်နေလို့ ကြားရတာ ရိုးတောင်ရိုးနေပါပြီ။ ဒါကတော့ ဒို့မြန်မာပြည်က ထွင်လိုက်တာလို့ ပြောစရာလည်း ဘာမှမရှိပါဘူး။ တီထွင်မှုတွေကို မြင်ရဖို့ဝေးစွ ကျနော်တို့အဖို့ မြန်မာလူမျိုး သိပ္ပံပညာရှင်ဆိုတဲ့ ဝေါဟာရကိုတောင် မကြားဖူးပါဘူး။ အဲဒီစကားလုံးပိုင်ရှင်တွေ ဘယ်တော့ ပေါ်လာမလဲ ဆိုတာလည်း မသိဘူး။
ဒါတွေရဲ့ မူရင်းလက်သည်တွေကို လိုက်ရှာပြီး အပြစ်ဖို့နေလို့လည်း ဒီသံသရာက ဆုံးမှာ မဟုတ်ပါဘူး။ အရာရာကို မကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေလို့လည်း လက်ရှိအခြေအနေတွေက ပိုကောင်း မလာပါဘူး။ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်” ဆိုတဲ့ အတိုင်း တကယ်ကို စေတနာ ပါပါနဲ့ အားလုံးက တက်ညီလက်ညီနဲ့ လုပ်ကြပါမှ တိုးတက်မှာပါ။ ဟိုလူလုပ်နိုး၊ ဒီလူလုပ်နိုး မျှော်ကိုး လို့လည်း မဖြစ်ပါဘူး။ ဒီတော့ကျနော်တို့တွေကပဲ လက်ရှိအချိန်က စပြီးတော့မိမိတို့ တတ်နိုင်သမျှ ကြိုးစားရပါမယ်။ မိဝေး၊ ဖဝေးနဲ့ တိုင်းတပါးမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး သင်ကြားလာခဲ့တဲ့ ပညာ တွေနဲ့ မိမိတို့နိုင်ငံနဲ့ လူမျိုးအတွက်၊ မိမိတို့က ဖြစ်လာမယ့် မျိုးဆက်တွေအတွက် အစွမ်းကုန် လုပ်ပေး ကြရပါမယ်။ နိုင်ငံတိုးတက်ဖို့အတွက် မျိုးဆက်နှစ်ဆက်၊ သုံးဆက်ရင်းရင် ရမယ်ဆိုတဲ့ ကွန်မြူနစ်ဆန်ဆန်၊ သီအိုရီလိုလို စကားတခု ကြားဖူးပါသေးတယ်။ စကားအဖြစ်ပဲ ရှိတာပါ။ ဘယ်သူမှ မရင်းကြပါဘူး။ ဘယ်သူမှလည်း မလုပ်ခဲ့ကြပါဘူး။ အားလုံးက ပိုနေမြဲ၊ ကြားနေမြဲ၊ ရေသာလိုက်ပြီး နေသာသလိုသာ နေခဲ့ကြတာပါ။ ဖြစ်ဖြစ်မြောက်မြောက် စွမ်းစွမ်းတမံဆိုတာ မရှိခဲ့လို့ ဒီနေ့ ကျနော်တို့နိုင်ငံက ဒီလို အဖြစ်မျိုးကို ရောက်နေတာပါ။ ဘယ်မှာလဲ ကျနော်တို့ဆီက နိုင်ငံတကာ အဆင့်အတန်းမီတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ။ ဘယ်မှာလဲ အဆင့်မြင့် နည်းပညာတွေကို သင်ကြားပေးနိုင်တဲ့ သူတွေ။ ဘယ်မှာလဲ နည်းပညာရပ်တွေကို လေ့လာဆည်းပူးဖို့ သုတေသန စင်တာတွေ၊ စမ်းသပ် ခန်းတွေ၊ ထောက်ပံ့မှုတွေ။ အရေအတွက်ထက် အရည်အချင်းကို ပိုမိုဦးစားပေးရပါမယ်။
လက်တွေ့နဲ့ ကင်းကွာတဲ့ ကိန်းဂဏန်းတွေကိုကြည့်ပြီး ပီတိဖြစ်နေလို့လဲ မရတော့ပါဘူး။ ယနေ့ ကမ္ဘာမှာ ခေတ်စားနေတဲ့ ပညာတွေကို တိုင်းတပါးမှာပဲ သွားသင်ယူနိုင်တာပါ။ သင်ယူပြီး ပြန်လာတဲ့ သူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ပြန်အသုံးမချနိုင်တော့ အလဟဿပဲပေါ့။ ဒီလိုနဲ့ပဲ ဒီပညာသင်ထွက်ခြင်း သံသရာက မဆုံးနိုင်ဖြစ်နေတာပါပဲ။ ဒီလိုမျိုးဆိုရင်တော့ ကျနော်တို့ မျိုးဆက်တွေကိုလည်း နိုင်ငံတကာတက္ကသိုလ်တွေကို စာသင်ဖို့ လွှတ်ရဦးမှာပါ။ ပိုက်ဆံတွေလည်း ကုန်ဦးမှာပါ။ ကြည့်ဦးလေ။ ပတ်ဝန်းကျင်နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့။ ရှိရှိသမျှ ကဏ္ဍတွေမှာ သူများတွေဆီက အကူအညီကို လက်ဖြန့်တောင်းနေရတာပါပဲ။ သယံဇာတတွေ ပေါပါတယ်တဲ့။ ကိုယ်တိုင် မထုတ်လုပ်၊ မတီထွင်နိုင်သရွေ့ကတော့ နည်းပညာ လက်ဝေခံနိုင်ငံ အဖြစ်က တက်မှာမဟုတ်ပါဘူး။ ဒါကိုကြည့်ရင် ကျနော်တို့တွေ ညံ့နေသေးတယ်ဆိုတာကို တွေ့နိုင်ပါတယ်။
စပါးစိုက်တဲ့ နေရာမှာတောင် စပါးအခြောက်ခံ ချွေလှေ့ဖို့ နည်းပညာမရှိလို့ သူများဆီက ယူရတယ်။ ငါးမွေးမြူရေး၊ ရေလုပ်ငန်းနဲ့ပတ်သက်လို့ ဗီယက်နမ်လိုနိုင်ငံက အကူအညီပေးရသတဲ့။ ပြည်တွင်းမှာ ဓာတ်မြေသြဇာ အလုံအလောက် မထုတ်နိုင်လို့ ဘင်္ဂလားဒေ့ရှ်က တင်သွင်းရသတဲ့။ တခြားကဏ္ဍ တွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ ဒီလို အသေးအဖွဲတွေမှာတောင် ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ဘူး ဆိုရင် ဂြိုဟ်တုလွှတ်ဖို့၊ အာကာသနည်းပညာတို့ဆိုရင် ဝေးရော။ ဗီယက်နမ်လို နိုင်ငံမျိုးမှာ တက္ကသိုလ်တွေတောင် စာသင်တဲ့ တက္ကသိုလ်က သပ်သပ်၊ ပရောဂျက်တွေလုပ်တဲ့ တက္ကသိုလ်က သပ်သပ်ဆိုပြီး ရှိသတဲ့။ ကျနော်တို့ဆီက လေးနှစ်၊ ငါးနှစ်လောက် အလွတ်ကျက်ပြီး ဖြေလာတဲ့ ကျောင်းသားတွေမှာ ဘာလက်တွေ့မှ မရှိကြဘူး။ ချိတ်ဆက်လုပ်ကိုင်စရာ ပရောဂျက်တွေ၊ လုပ်ငန်းတွေလည်း မရှိကြဘူး။ သက်ဆိုင်ရာ ဘွဲ့တလုံးသာ ရသွားတယ် အဲဒါနဲ့ပတ်သက်လို့ ဘာတခုမှ ဟုတ်တိပတ်တိ မသိဘူး။ ပြီးတော့ အဲဒီ ဘာသာရပ်တွေကို ဘယ်နားမှာ သွားအသုံးချရမလဲ ဆိုတာလဲ မသိကြဘူး။
ရှေ့ဆက်ပြီးတော့လည်း အဲဒီဘွဲ့ကြီးနဲ့ ဘာမှလုပ်စားလို့လည်း မရပါဘူး။ ဘာဖြစ်လို့ပါလိမ့်။ ကျနော်တို့ မြန်မာတွေကပဲ ညံ့နေကြလို့လား။ အသုံးမကျတဲ့ လူမျိုးလား။ အဲလိုမျိုးကျတော့ ကျနော်တို့ အပြောမခံနိုင်ပါဘူး။ ဒါပေမယ့် ဒါတွေက တကယ်ဖြစ်နေတာပါ။ ခေတ်အဆက်ဆက်လည်း ကျနော်တို့ဆီမှာ ထူးချွန်တဲ့သူတွေ၊ တော်တဲ့သူတွေ၊ ထက်မြက်တဲ့သူတွေ ရှိခဲ့တာပဲ။ တီထွင်မှုတွေလည်း ရှိခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုမျိုးကို အားပေးမယ့် အခွင့်အလမ်းတွေ မရခဲ့လို့သာ တိုးတက်သင့်သလောက် မတိုးတက်၊ ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းခဲ့တာပါ။ တကယ်တော့ အခုကျနော် ပြောနေတာတွေကလည်း အားလုံး သိပြီးသားတွေကို ပြောနေတာပါပဲ။ ကျနော်ကတော့ ကျွန်တော်တို့ ရှေ့ကလူတွေ ညံ့လို့ ကျနော်တို့ ဒီလိုမျိုး ဖြစ်နေတာလို့ မြင်တယ်။ အားလုံးဟာ အကြောင်းတရားတွေ ရှိလာလို့ အကျိုးတရားတွေ ဖြစ်လာတာဆိုတာကို လက်ခံပါတယ်။ ကျနော်တို့ ဒီအချိန်မှာ ဆင်းရဲမွဲတေတဲ့နိုင်ငံ၊ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နိုင်ငံရဲ့ နိုင်ငံသားတွေအဖြစ် မွေးဖွားလာရတာလည်း ကျွန်တော်တို့ရဲ့ ကုသိုလ်ပဲပေါ့။
အဓိကကတော့ ရှေ့ကလုပ်နိုင်ရဲ့သားနဲ့၊ လုပ်နိုင်စွမ်းရှိရဲ့သားနဲ့ မလုပ်သွားကြတဲ့သူတွေကြောင့်လို့ စွပ်စွဲရင် လွန်မယ်မထင်ပါဘူး။ အခုတော့ ကျွန်တော်တို့ အလှည့်ရောက်လာပါပြီ။ နောက်လူတွေက ကျွန်တော်တို့ကို အပြစ်မမြင်ရအောင် မိမိတို့လုပ်နိုင်စွမ်း ရှိသလောက်၊ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသလောက် လုပ်ကိုင်ကြရမှာပါ။ မိမိတို့ ကိုယ်တိုင်ကစပြီး အနာဂတ်အတွက် လမ်းဖောက်ကြရမယ့် အဖြစ်ပါ။
အနာဂတ်မှာ အားလုံး ကောင်းစားဖို့ မိမိတို့ကိုယ်တိုင် မိမိတို့ရဲ့ ဘ၀တွေကို ရင်းသင့်ရင် ရင်းရပါမယ်။ စတေးသင့်ရင် စတေးပစ်ရပါမယ်။ ရင်းနှီးမြှုပ်နှံပစ်ရပါမယ်။ ဘ၀အကျိုးပေးကြောင့် ဖြစ်လာတဲ့ အခိုက်အတန့်လေးမှာ ကိုယ်က ပညာဥာဏ်စွမ်းရှိတုန်း လူ့လောကအတွက်၊ ကိုယ်မွေးတဲ့ မြေ အတွက် အကျိုးပြုနိုင်ဖို့ ကြိုးစားကြရပါမယ်။ ဒီလူ့အဖွဲ့အစည်းကနေ အခွင့်အလမ်းတွေ ရယူဖို့ထက် လူ့အဖွဲ့ အစည်း တရပ်လုံး ကောင်းကျိုးအတွက် တဘက်တလမ်းကနေ ပေးဆပ်စွန့်လွှတ် ကြရအောင်ပါ။ လူဖြစ်ရတဲ့ ဘ၀လေးဟာ အင်မတန် တိုတောင်းပါတယ်။ တိရစ္ဆာန်လောက်တောင် အသုံးမ၀င်ဘူးဆိုရင် မိမိတို့က ဘာများ ပိုသာပါ့မလဲ။ ဒါကြောင့် ဒီဖြစ်စဉ်ကြီး တရပ်လုံးကို တမျိုးသားလုံးနဲ့ဆိုင်တဲ့ ပြဿနာလို့ ရှုမြင်ပါတယ်။ အားလုံးက ၀ိုင်းဝန်းကြံဆပြီး ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ပါမှ ရေရှည်ကောင်းစားမယ့် အဖြစ်ပါ။ အဓိကအခန်းကဏ္ဍမှာ ဘယ်သူရှိမလဲဆိုတာတော့ မပြောတော့ပါဘူး။ အမိမြေမှာ ရောင်စုံပန်း လေးတွေ ဖူးပွင့်ကြဖို့၊ ပွင့်သောပန်းတိုင်း လန်းကြစေဖို့ ဥယျာဉ်မှူးကောင်းလိုတာတော့ အသေ အချာပါပဲ။
လူတိုင်းဟာ ကိုယ့်နိုင်ငံ တိုးတက်တာ၊ ကြီးပွားချမ်းသာတာကို မြင်ချင်ကြပါတယ်။ ဖြစ်စေချင်ကြ ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ ပါးစပ်ဖျားကနေ ပြောနေရုံနဲ့ မပြီးပါဘူး။ တကယ့်စေတနာနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလုပ်မှ ဖြစ်မှာပါ။ ဦးဆောင်တဲ့သူတွေဘက်ကလည်း စေတနာမှန်ဖို့ လိုပါတယ်။ နာမည်ကောင်း ရရုံသက်သက်နဲ့တော့ အလုပ်မဖြစ်ပါဘူးလို့ ပြောချင်ပါတယ်။ နိုင်ငံတိုးတက်ဖို့ အဓိကကျတဲ့ အရင်းအမြစ်တွေမှာ ပညာရေးနဲ့ လူ့အရင်းအမြစ်တွေက ရှေ့ဆုံးမှာ နေရာယူလာပါပြီ။ ဟိုးရှေး မြေရှင်ပဒေသရာဇ်ခေတ်မှာဆိုရင်တော့ ပညာမတတ်လို့၊ နည်းပညာမရှိလို့ ဘာမှမဖြစ်ပါဘူး။ ရိုးရိုးပဲ လယ်ယာလုပ်ကိုင် စားသောက်ကြလို့၊ ဓား၊ လှံကိုင်ပြီး စစ်တိုက်တဲ့ ခေတ်ဆိုတော့ အားလုံးက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ပညာဟာ အရေးပါလာပါပြီ။ နည်းပညာခေတ်မှာ နည်းပညာ မရှိရင်တော့ "ငမိုက်သားမုဆိုး နင့်ချည်းသာ ခံပေတော့" ဆိုတဲ့ အဖြစ်မျိုးကို ရောက်သွားပါလိမ့်မယ်။
ကျနော်တို့တွေ စပါးတတင်းရဖို့အတွက် အချိန်တွေ၊ လုပ်အားတွေ၊ ချွေးတွေ ရင်းပြီး မစို့မပို့ ငွေလေးနဲ့ လူလုပ်နေရတဲ့အချိန်မှာ စက္ကန့်နဲ့အမျှ ချပ်စ်ပြားလေးတွေကို ထုတ်ပြီး ဒေါ်လာသန်းချီ ရနေတာဟာ နည်းပညာကြောင့်ပါပဲ။ ဒီတော့ ကျနော်တို့ နောက်မျိုးဆက်တွေအတွက် ဘယ်လို လုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေးနိုင်ကြလဲ။ ဒီအတိုင်းပဲ ထားခဲ့မှာလား။ ဒါမှမဟုတ် ကျနော်တို့ နိုင်ငံကို အမေရိကကို၊ သို့မဟုတ် ဥရောပတိုက်ကို ရွှေ့ကြမလား။ တခုခုတော့ လုပ်ကြဖို့သင့်ပြီ ဆိုတာကို ကျနော့်ရဲ့ မဖြစ်စလောက် ဥာဏ်လေးနဲ့ မမီ့တမီ စဉ်းစားတင်ပြလိုက်ရပါတယ်။ မှားယွင်းနေပါက လမ်းမှန်ကို တည့်မတ်ပေးကြပါ။
Sunday, July 15, 2007
Hanthawaddy, old newspaper in Burma
မန်းကျော်သူ
ကြာတော့လည်း ကြာခဲ့ပါပြီ။ သို့သော်လည်း ယနေ့ထက်တိုင် ကျွန်တော် မမေ့နိုင်သေး။ သေသောသူ ကြာရင်မေ့ ဆိုပေမယ့်လည်း သည်တနေ့ကိုတော့ အမှတ်ရနေဆဲ။ ရင်ထဲမှာ နှမြောတသနေဆဲ၊ လွမ်းနေဆဲပင်။ ထိုနေ့ကား ၁၉၇၈ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့။ ပြည်သူ့စကားပြန် “ဟံသာဝတီ” သတင်းစာ ကျွန်တော်တို့ စာဖတ်ပရိသတ်ကို မမျှော်လင့်ဘဲ ထာဝရစွန့်ခွာဖို့ နှုတ်ဆက်သွားသော နေ့ပင်တည်း။
မှတ်မှတ်ရရ ထိုနေ့ နံနက်ခင်းက ကျွန်တော်တို့တသိုက် ၀ိုင်းနေကျ တရုတ်တန်းထိပ် လဖက်ရည် ဆိုင်မှာ ထိုင်နေခဲ့ကြသည်။ စောစောစီးစီး ဟံသာဝတီသတင်းစာရောက်လာတော့ ကျွန်တော်တို့ အထဲမှ ၀ါသနာအိုးတယောက်က ကာတွန်းဖတ်ဖို့ အပြေးအလွှားယူကြည့်လိုက်သည်။ ဟံသာ ၀တီကာတွန်းကလည်း ကာတွန်းဆိုမှ ကာတွန်း။ ဦးဦးဖျားဖျား ကြည့်လိုက်ရရင်ပင် ပိုပြီး အရသာ ရှိသလိုလို။ ထိုသတင်းစာ ကျောဖုံးမှာတော့ “ဟံသာဝတီသတင်းစာကို ၁၉၇၈ ခုနှစ်၊ ဇူလိုင်လ (၁) ရက်၊ (ယနေ့) တွင် ပုံနှိပ်ထုတ်ဝေဖြန့်ချိမှု ရပ်ဆိုင်းလိုက်ပြီဖြစ်ပါကြောင်း” သတင်းပါလာသည်။
တဆိုင်လုံးပွက်လောရိုက်သွားသည်။ အတော်အံ့အားသင့်သွားကြသည်။ များစွာ နှမြောတသ စိတ်မကောင်းခြင်း ဖြစ်ကုန်ကြသည်။ ပြီးခဲ့သည့် စနေနေ့ကပင် “စနေစာပေ၀ိုင်း” ကို ကျွန်တော် တက်ခဲ့သေးသည်။ သည်ကိစ္စ တခွန်းတစပင် မကြားခဲ့။
နောင် ဒိုင်းသံမစဲခင် ပြည်သူ့ရှေ့မှောက်ရောက်စေရမည်ဟူသော ကြွေးကျော်သံဖြင့် ၁၉၆၉ ခုနှစ်၊ အောက်တိုဘာလက စတင်ထွက်ပေါ်လာခဲ့သော မန္တလေးသား “ဟံသာဝတီ”။ စက္ကူက သိပ်မဖြူလှ။ ပုံနှိပ်စက်ကလည်း ခေတ်နောက်ကျတတ။ အခြား နောင်တော် အော့ဖ်ဆက်သတင်းစာများနှင့် ယှဉ်လျှင် ဓာတ်ပုံတွေကလည်း မှိန်ပျပျဖြင့် ထွက်လာခဲ့သော ဟံသာဝတီ။
သို့စေကာမူ ပြည်သူ့ဘ၀ထဲ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်၊ အဖြစ်အပျက်မှန် ခေတ်၏ သရုပ်သကန် များကို ခွဲခြမ်းစိတ်ဖြာလေ့လာ၊ ဗြဟ္မစိုရ်တရားများ ထွန်းကားလာရေးကို ရှေ့ရှု၊ အမှန်တရားကို လက်ကိုင်ပြု၊ ပြည်သူလူထုဘက်က သတ္တိရှိရှိ၊ မားမားမတ်မတ် ရပ်တည်၊ အရှိကို အရှိအတိုင်း ရဲရဲဝံ့ဝံ့၊ တိတိကျကျ ထိထိမိမိ ရေးသားတင်ပြလာသည့် “ဟံသာဝတီ”။ ထိုအရည်အချင်းကောင်း များကြောင့် အတော်သြဇာကြီးမားသည့် ပြည်သူလူထုအာဘော်ဖြစ်လာသော “ဟံသာဝတီ” ။ (၁၀) နှစ်ပြည့်လုနီးကာမှ ပျောက်ကွယ်ရတော့မှာပကော။
ဟံသာဝတီအကြောင်းကို ကျွန်တော်တို့တသိုက် ပြန်လည်တသနေလာခဲ့ကြသည်။ ဟံသာဝတီ စာမျက်နှာပေါ်မှ ဆရာတော် ရွှေကိုင်းသား၊ လူထုဦးလှ၊ လူထုဒေါ်အမာ၊ ဆန်းထွန်း(မန်းတက္ကသိုလ်)၊ မြကေတု၊ ရွှေဥဒေါင်း၊ မြမျိုးလွင်၊ ဒေါက်တာသန်းထွန်း၊ သိန်းဖေမြင့်၊ တက်တိုး၊ မောင်မဲ၊ ငွေဥဒေါင်း စသည့် စာပေပညာရှင်ကြီးများ၏ ဆောင်းပါးများအကြောင်း။ ကိုလေး (အင်းဝဂုဏ်ရည်)၊ မောင် သစ်လွင် (လူထု)၊ ကျော်မင်းကျော်၊ မောင်ချစ်ဖွယ် စသည့် စသည်တို့၏ ဆောင်းပါးများ။ တည်တည် တံ့တံ့၊ ခံ့ခံ့ထည်ထည်၊ စကားပရိယာယ် ကြွယ်ကြွယ်ဖြင့် ပြောရဲဆိုရဲရှိလှသည့် အယ်ဒီတာ့အာ ဘော်များ။ နှင်းဦး၊ ကံချွန်၊ ဘိုမောင်၊ တွတ်တွတ်၊ကိုလေး စသူတို့၏ ကာတွန်းများအကြောင်း။
သည့်နောက်တော့ စနေစာပေ၀ိုင်း။ ဟံသာဝတီသတင်းစာတိုက်ရှိ “ဘိုးဝဇီရ” ခန်းမတွင် အယ်ဒီ တာချုပ် ဆရာဦးဝင်းတင်က တာဝန်ခံပြီး စနေနေ့ မွန်းလွဲပိုင်းတိုင်းတွင် ပြုလုပ်နေကျ စာဖတ်ဝိုင်း။ စာပေပညာရှင် တယောက်ယောက်က သူပြုစုလာသည့် “စာတမ်း” ကို ဖတ်ကြားတင်ပြသည်။ တက်ရောက်လာသူများက မေးမြန်းဆွေးနွေးနှီးနှောကြသည်။
စာပေနှင့် အနုပညာရှင်များ၊ မန်းတက္ကသိုလ်မှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ စာပေလေ့လာလိုက်စားသူများ၊ ၀ါသနာရှင်များအတွက် အလွန်အကျိုးပြုသည့် “ဆုံချက်” တခု ဖြစ်သည်။ ကြာတော့ “စနေစာပေ၀ိုင်း” ဟု တွင်လာသည်။ ကြာသာပတေးနေ့ထုတ် ဟံသာ ၀တီသတင်းစာတွင် သည်တပတ် မည်သူက မည်သည့်စာတမ်းကို ဖတ်မည်ဟူသော သတင်း တိုကလေး ပါလာတတ်သည်။ စိတ်ဝင်စားသူများအားလုံး တက်လိုက်ကြရုံသာ။
ဟံသာဝတီ မပိတ်ခင်ကလေးတင် ဆုံမိကြသည်။ နောက်ဆုံးပိတ်ဟု ပြောရတော့မည့် စနေစာပေ ၀ိုင်းသည်ကား ထူးထူးခြားခြား စည်ကာလွန်းလှသည်။ ပရိသတ် (၁၀၀၀) ကျော်ကျော်ဆံ့သည့် “ဘိုးဝဇီရ” ခန်းမ ပြည့်လျှံနေသဖြင့် ဟံသာဝတီက အရေးပေါ်နေရာထိုင်ခင်း လုပ်ပေးရသည်။ နောက်ကျသူများကတော့ ဟံသာဝတီဝိုင်းထဲက မန်ကျည်းပင်ရိပ်အောက်မှာပဲ ထိုင်ကြရသည်။ အပိုစပီကာများ အရေးပေါ်တင်ဆင်ပေး၍ တော်သေးသည်။
ထိုနေ့က ၀ိုင်းသည် ထိုအရင် ရက်သတ္တနှစ်ပတ်ကျော်ကျော်လောက်ကမှ ကွယ်လွန်သွားရှာသူ စာရေးဆရာကြီး၊ သတင်းစာဆရာကြီးနှင့် လွတ်လပ်ရေးတိုက်ပွဲဝင် နိုင်ငံရေးသမားကြီး ဦးသိန်း ဖေမြင့် (သိန်းဖေမြင့်) အကြောင်း စာတမ်းဖတ်ပွဲဖြစ်သည်။ ဦးသိန်းဖေမြင့်ကို အထူးတလည် ဂုဏ်ပြုချီးမြှင့်သောအားဖြင့် ဟံသာဝတီက ကျင်းပပေးသောပွဲဟု ဆိုရမည်။ ထို့ကြောင့်လည်း ပရိသတ် အထူးစည်ကားခြင်းဖြစ်ပုံရသည်။
ဦးသိန်းဖေမြင့်သည် ကွယ်လွန်ကာနီးနှစ်များတွင် စာရေးခွင့်ပင် ပိတ်ပင်ခံထားရရှာသည်။ မဆလ၏ ပထမအကြိမ် ပြည်သူ့လွှတ်တော်က နိုင်ငံတော်ကောင်စီဥက္ကဋ္ဌ (သမ္မတ) ဦးနေ၀င်းအတွက် ၀တ်လဲတော်ဖိုး ကျပ် (၅၀၀၀) အပါအ၀င် အသုံးစရိတ်များ ခွင့်ပြုထားသည့် ဥပဒေ တရပ်ပြဋ္ဌာန်းသည်။
ထိုအချိန်တွင် သတင်းစာဆရာတဦးအဖြစ် လွှတ်တော်တက်ရောက်လေ့လာခွင့်ရသူ ဦးသိန်းဖေမြင့်က “ပြည်သူလူထုနေထိုင်မှုဘ၀ မြှင့်တင်ပေးဖို့၊ ဆိုရှယ်လစ်တော်လှန်ရေးကြီး ဆင်နွှဲနေချိန်မှာ သမ္မတကြီး ၀တ်လဲတော်ဖိုးက အလွန်အရေးကြီးနေမင့်ရော့သလား” ဟု ဗိုလ်တထောင်သတင်းစာမှာ သူရေးနေကျ ပွင့်ပွင့်လင်းလင်း ပြောပါရစေအခန်းမှနေပြီး ဝေဖန်သည်။ အာဏာရှင်ဦးနေ ၀င်းက အမျက်တော်ရှလေသည်။
ဦးသိန်းဖေမြင့်ရေးသမျှ စာတွေ ပုံနှိပ်ထုတ်ဝေခွင့် ပိတ်ပင်ခံရတော့သည်။ ဆရာဦးသိန်းဖေမြင့် ကွယ်လွန်ချိန်သည် အာဏာရှင် ဦးနေ၀င်းက သူ့အပေါ် အမျက်တော်ရှနေချိန်ဖြစ်သည်။
ထိုနေ့က စနေစာပေ၀ိုင်းကို ဟံသာဝတီ အယ်ဒီတာချုပ် ဦးဝင်းတင်က ကိုယ်တိုင် သဘာပတိအဖြစ် ဆောင်ရွက်သည်။ စာတမ်းကလည်း သုံးစောင်။ ဦးသိန်းဖေမြင့်သည် စာရေးဆရာဖြစ်သည်ဟူသော စာတမ်းကို စာရေးဆရာ ချင်းတွင်း ချစ်ဂျေးက ပြုစုထားပြီး ကနဦးဖတ်ကြားသည်။ ဆရာဦးသိန်းဖေ မြင့်၏ စာရေးဆရာဘ၀၊ ရသစာပေဥာဏ် ထူးခြားပြောင်မြောက်လှသည့် ရေးသားဖွဲ့နွဲ့ဟန်တို့ကို ပြည့်ပြည့်စုံစုံ လေ့လာကာ စုစည်းတင်ပြထားသည်။ ဆရာ၏ နာမည်ကျော်ဝတ္ထုတို၊ ၀တ္ထုရှည်များထံမှ ဒိုင်ယာလော့စ်များကိုပါ အချို့နေရာများ၌ ညှပ်၍ညှပ်၍ အာဂုံနှုတ်တိုက်ရွတ်ပြသွားသေးသည်။
အတော်ရသမြောက်သည့် စာတမ်းတခုပါပေ။ ဒုတိယစာတမ်းသည် “ဦးသိန်းဖေမြင့်သည် သတင်းစာဆရာ ဖြစ်သည်” ဟူသော စာတမ်းဖြစ်သည်။ သဘာပတိဦးဝင်းတင်က ကိုယ်တိုင်ပြုစုထားပြီး ကိုယ်တိုင်ဖတ်ကြားတင်သွင်းသည်။ ဦးသိန်းဖေမြင့်အကြောင်းကို နိုင်ငံကျော်သတင်းစာပညာရှင် ဦးဝင်းတင်က ကျယ်ကျယ်ပြန့်ပြန့်၊ ထဲထဲဝင်ဝင် လေ့လာပြီး လေးလေးနက်နက် ဖွင့်ဆိုထားသည်မှာ အတော်ထူးခြားသည်။ သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဘ၀မှသည် လွတ်လပ်ရေးတိုက်ပွဲဝင် သတင်းစာဆရာ။ ဗိုလ်တထောင်သတင်းစာကို တည်ထောင်ခဲ့သူ ကမ္ဘာကျော်သတင်းစာ ဆရာကြီး ဦးသိန်းဖေမြင့်ကို ဘက်ပေါင်းစုံ၊ ထောင့်ပေါင်းစုံမှနေပြီး လေ့လာဆန်းစစ်ကာ ပြည့်ပြည့်စုံစုံ တင်ပြထားနိုင်ပါပေသည်။
ထို့နောက်တွင် “ဦးသိန်းဖေမြင့်သည် နိုင်ငံရေးသမားဖြစ်သည်” ဟူသော စာတမ်းကို သခင် ကျော်စိန်က ပြုစုထားပြီး ကိုယ်တိုင်ဖတ်ကြားသည်။ ဆရာ၏ လုပ်ဖော်ကိုင်ဘက် သခင်ကျော်စိန်က ဦးသိန်းဖေမြင့်ကို သပိတ်မှောက်ကျောင်းသားခေါင်းဆောင်အဖြစ်လည်းကောင်း၊ လွတ်လပ်ရေး တိုက်ပွဲဝင် ရဲဘော်အဖြစ်လည်းကောင်း၊ ဘရောက်ဒါဝါဒကို သယ်ဆောင်လာသူအဖြစ်လည်းကောင်း၊ ၀န်ကြီးအဖြစ်လည်းကောင်း၊ နိုင်ငံရေးအကျဉ်းသမားအဖြစ်လည်းကောင်း၊ ပါတီခေါင်း ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံရေးသမားအဖြစ်ဖြင့် တိုင်းပြည်နှင့်လူမျိုး ကောင်းစားရေးအတွက် ဘ၀တလျှောက်လုံး ကြိုးပမ်းခဲ့ပုံများကို စေ့စေ့စပ်စပ်တင်ပြထားသည်။
မဆလ ပါတီတည်ထောင်စက ဗိုလ်ချုပ်နေ၀င်းက ဦးသိန်းဖေမြင့်ကို လမ်းစဉ်ပါတီ ဗဟိုကော်မတီ ၀င်တနေရာ ပေးခဲ့ဖူးသည်။ ဦးသိန်းဖေမြင့်က ငြင်းပယ်ခဲ့သည်။ သို့ရာတွင် ဦးသိန်းဖေမြင့်သည် ကွယ်လွန်ကာနီးနှစ်များတွင် မဆလပါတီသို့ ပါတီဝင်အဖြစ် ၀င်ရောက်ခဲ့သည်။ ကွယ်လွန်ကာနီး လပိုင်းမျှအလိုတွင် ပါတီဝင် ဦးသိန်းဖေမြင့်က လမ်းစဉ်ပါတီ၏မူဝါဒများ၊ အကောင်အထည်ဖော် နေမှုများအပေါ် ဝေဖန်အကြံပြုထားသော နိုင်ငံရေးသုံးသပ်ချက် စာတမ်းရှည်ကြီးတစောင်ကိုပြုစုကာ ပါတီဥက္ကဋ္ဌ ဦးနေ၀င်းထံ တင်သွင်းခဲ့သည်။ ပါတီဖွဲ့စည်းပုံဥပဒေအရ ပါတီဝင် တဦးချင်းစီ၏ လုပ်ပိုင်ခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ တင်သွင်းခြင်းဖြစ်သည်။
ကုန်သွယ်ရေး (၉) တွင် အလုပ်လုပ်နေသော သခင်ကျော်စိန်သည် ထိုနှစ်ဆန်းစက မန္တလေးတိုင်း ကုန်သွယ်ရေး (၉) ဦးစီးမှူးအဖြစ် တာဝန်ထမ်းနေရချိန်ဖြစ်သည်။ ထိုစဉ်က ဦးနေ၀င်း၏ ညာလက်ရုံး အဖြစ် ကျော်ကြားသူ ဗိုလ်မှူးချုပ်တင်ဦး (မျက်မှန်ကြီး) နှင့် မကြေမလည်ဖြစ်ကာ နယ်နှင်ခံရခြင်းဟု ဆိုသည်။ သခင်ကျော်စိန်သည် ရန်ကုန်ကိုဆင်းကာ ဦးသိန်းဖေမြင့်၏ ဈာပနအခမ်းအနားကို တက်ရောက်ခဲ့သည်။ ထိုနေ့က ဈာပနပို့ဆောင်သည့်ကိစ္စအပြီး နေအိမ်ပြန်ရောက်တော့ ဦးသိန်း ဖေမြင့်၏ ဇနီး ဆရာမဒေါ်ခင်ကြည်ကြည်က ဆရာ့စာရေးစားပွဲကို ရှင်းလင်းရင်း အံဆွဲတခုထဲမှ အထက်ပါ နိုင်ငံရေးသုံးသပ်ချက်စာတမ်းကို တွေ့သည်။ သခင်ကျော်စိန်ကို ပေးလိုက်သည်။
စာတမ်းဖတ်ပွဲတွင် သခင်ကျော်စိန်က သူမူလပြုစုထားခဲ့သော စာတမ်းကို ဖတ်ကြားပြီးနောက် တဆက်တည်းတွင် “ဦးသိန်းဖေမြင့်သည် တိုင်းပြည်နှင့် လူမျိုး ကောင်းစားစေချင်သည့် စေတနာ အလွန်ထက်သန်လှသူဖြစ်ပုံ၊ သေခါနီးလများထိ နိုင်ငံရေးလုပ်သွားခဲ့သေးပုံ၊ မသေမီ (၃) လ အလိုတွင်ပင် မဆလပါတီ၏ မူဝါဒများ၊ လုပ်ရပ်များကို သေချာစွာလေ့လာစီစစ် ထောက်ပြဝေဖန် ထားသည့် နိုင်ငံရေး စာတမ်းရှည်ကြီးတစောင်ပြုစုပြီး ပါတီဥက္ကဋ္ဌ ဦးနေ၀င်းထံ တင်သွင်းခဲ့သေးပုံ” တို့ကို ဆက်လက်တင်ပြသည်။ ဆရာဦးသိန်းဖေမြင့် စာတမ်းအကြောင်းကို တင်ပြပြီးနောက်တွင် ယင်းစာတမ်းနိဂုံးပိုင်း၌ ဦးသိန်းဖေမြင့်၏ ကောက်ချက်ချထားပုံကိုလည်း သခင်ကျော်စိန်က မူရင်းအတိုင်း ဖတ်ပြသေးသည်။
ဦးသိန်းဖေမြင့်က မဆလ၏ နိုင်ငံရေးမူဝါဒများ၊ လုပ်ငန်းစဉ်များသည် မြန်မာနိုင်ငံ ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများ၏ အခြေခံအကြောင်းတရားများကို မှန်ကန်စွာ ချဉ်းကပ်နိုင်ခြင်းမရှိ။ ထို့ကြောင့် ကြုံတွေ့နေရသော ပြဿနာများကို မဖြေရှင်းနိုင်ဘဲ ပြဿနာ အသစ်အသစ်များသာ ထပ်ခါထပ်ခါ တိုးပွားစေသည်။ သည်အတိုင်းဆိုလျှင် လမ်းစဉ်ပါတီသည် မကြာမီနှစ်ပိုင်းအတွင်း ပြဿနာများအကြား နစ်မြုပ်ပျောက်ကွယ်သွားလိမ့်မည် စသည်ဖြင့် ဖော်ပြထားသည်။ စာတမ်းဖတ်ပွဲအပြီးတွင် ကျွန်တော်တို့ ပရိသတ်ကြီးက တကယ့်လှိုက်လှိုက် လှဲလှဲသော ပီတိဝေဖြာစိတ်ဖြင့် တခဲနက် လက်ခုပ်သြဘာ ပေးလိုက်ကြသည်။ စာတမ်းဖတ်သံ များကား နားထဲတွင် ပဲ့တင်ထပ်နေဆဲ။
ဆရာကြီး ဦးသိန်းဖေမြင့်၊ ဆရာဦးဝင်းတင်၊ သခင်ကျော်စိန်တို့၏ တိုင်းပြည်အပေါ်ထားရှိသည့် စေတနာ၊ အမှန်ကို ဖော်ထုတ်ရဲသည့်သတ္တိ၊ တာဝန်ခံရဲသည့် ဗျတ္တိတို့ကို တွေ့ရှု ကြည်ညိုစိတ်ဖြင့် ရင်ထဲမှာ ပြည့်ဖြိုးကာ ရိုကျိုး၍ပင်လာသည်။ ပြန်ကာနီး ဆရာဦးဝင်းတင်ကို သွားရောက်နှုတ် ဆက်တော့ ကျွန်တော်တို့ရင်ထဲမှာ လှုပ်ခတ်လာသည့် သဒ္ဒါစိတ်ကို မြိုသိပ်ရလွန်းသဖြင့် မျက်ရည်ကို အနိုင်နိုင်ထိန်းရင်း “ဆရာရယ်” ဟုသာ စိတ်က ဆိုနိုင်တော့သည်။
“ကဲ… တို့အားလုံး နေ့လည်ခင်းကျတော့ ဟံသာဝတီဝိုင်းတော်သားတွေကို သွားတွေ့ပြီး နှုတ်ဆက် လိုက်ကြတာပေါ့ဗျာ” ဟု တယောက်က ပြောလိုက်တော့မှ အတွေးစနှင့် စကားစဖြတ်နိုင်လေ တော့သည်။
ကျွန်တော်တို့ ဟံသာဝတီတိုက်ကိုရောက်တော့ ကျွန်တော်တို့လိုပဲ လာရောက်နှုတ်ဆက်နေသူများနှင့် တော်တော်စည်ကားနေသည်။ ပြန်ထွက်လာသူများကလည်း တဖွဲဖွဲ၊ ၀င်လာသူများကလည်း မစဲသေး။ ရဟန်းသံဃာတော်များလည်း ပါဝင်သည်။ တက္ကသိုလ်ကျောင်းသားများလည်း ပါဝင်သည်။ (၆၀) ကျော်၊ (၇၀) အရွယ် သက်ကြီးရွယ်အိုများလည်း ပါဝင်သည်။ အလွှာစုံ၊ အရွယ်စုံမှ ပရိသတ်များ စုံလင်လှသည်။ ဘယ်သူမှတော့ မပြုံးနိုင်။ လူအတော်များများ မျက်နှာတွင် ၀မ်းနည်း ကြေကွဲနေဟန် ပေါ်နေသည်။ မျက်ရည်စများနှင့်ချည်းပင်။
ကျွန်တော်တို့အဖွဲ့သည် အပေါ်ထပ်အယ်ဒီတာများထဲတွင် အယ်ဒီတာအဖွဲ့ဝင်များကို အရင်နှုတ် ဆက်ပြီးတော့ ဆရာဦးဝင်းတင်အခန်းထဲ ၀င်လိုက်ကြသည်။ အယ်ဒီတာချုပ်ဟုဆိုသော်လည်း ဦးဝင်းတင်အခန်းသည် လုံးဝ အဆောင်အယောင်မရှိ။ ဟိတ်ဟန်မရှိ။ အတားအဆီးမရှိ။ စာဖတ်ပရိသတ်မည်သူမဆို ဥဒဟို ၀င်ထွက် ဆွေးနွေး မေးမြန်းအကြံပေးနိုင်သည်။ အားမနာ တတ်လျှင် (၁) နာရီ၊ (၂) နာရီပြောနေလည်း ဦးဝင်းတင်က စိတ်ရှည်လက်ရှည် နားထောင်နေ တတ်သည်။ အလွန်သဘောထားပြည့်သူပါပေ။
ထိုနေ့က ကျွန်တော်တို့ ၀င်လိုက်တော့ အရွယ်ရနေသူ (၃) ဦးတို့က ဆရာ့စားပွဲရှေ့မှာ ထိုင်လျှက်။ သံဃာတော် (၃) ပါးက နံဘေးက ဆက်တီ ကုလားထိုင်မှာ သီတင်းသုံးလျှက် ခပ်ငယ်ငယ်အရွယ် (၄-၅) ယောက်က ဆရာ့နံဘေးနားမှာ ရပ်လျှက်၊ သူတို့လည်း လာရောက်နှုတ်ဆက်ကြခြင်းပင်။ သံဃာတော်တပါးက “ဒကာကြီးရယ်၊ ဘုန်းကြီးတို့တော့ မျက်စိပိတ်၊ နားပိတ်ဖြစ်ကုန်ပါပြီဗျာ” ဟု ဆိုကာ “ဦးဝင်းတင်ရယ်၊ ကျွန်တော်တို့တော့ နားတွေမျက်စေ့တွေ ကန်းကုန်ပါပြီဗျာ” ဟု အံကြိတ် ပြောရင်း မျက်ရည်ဖြိုင်ဖြိုင် ကျရှာသည်။
ရပ်ကြည့်နေကြသော လူငယ်များနှင့် ကျွန်တော်တို့လည်း မျက်ရည်မဆည်နိုင်ကြ။ နှမြောတသ သည့်စိတ်ဖြင့် ဆို့နင့်နေကြသည်။ ဆရာကား မတုန်မလှုပ်ဖြင့် ကြည့်နေရှာသည်။ အတော်တော့ မြိုသိပ်ထားရပုံပင်။ ထိုနေ့က တနေ့လုံးနီးပါး ဟံသာဝတီသတင်းစာတိုက်မှာ လာရောက်နှုတ်ဆက်သူ စာဖတ်ပရိသတ်များ၏ ငြီးတွားသံ၊ ငိုရှိုက်သံများဖြင့်သာ ပြည့်လျှံနေခဲ့သည်ဟု သတိရ မိသည်။
ဟံသာဝတီပိတ်လိုက်ပြီးနောက် ရက်ပိုင်းမျှအကြာတွင် စနေ၀ိုင်း၏ ဦးသိန်းဖေမြင့် ဂုဏ်ပြုစာတမ်း ဖတ်မှုဖြင့် ဦးဝင်းတင်ကို မဆလပါတီဌာနချုပ်က ခုံအဖွဲ့ လာရောက်စစ်ဆေးသည်ဟု ကြားရသည်။ ဦးဝင်းတင်က ကိစ္စအားလုံးအတွက် သူ့တွင်သာ တာဝန်ရှိသည်ဟု တာဝန်ယူသည်။ သခင်ကျော်စိန် ကလည်း သူ့စာတမ်းအတွက် သူ့တွင်သာ တာဝန်ရှိသည်ဟု တာဝန်ခံသည်။ ဦးဝင်းတင်ကို အယ်ဒီ တာချုပ်ရာထူးတွင် ဆက်မထားတော့ဘဲ သတင်းနှင့် စာနယ်ဇင်းကော်ပိုရေးရှင်း (ရန်ကုန်) တွင် ညွှန်ကြားရေးမှူးရာထူးသို့ ပြောင်းပစ်သည်။ ဦးဝင်းတင်က နှုတ်ထွက်စာတင်သည်ဟု ကြားရသည်။
ဟံသာဝတီ (မန္တလေး) သတင်းစာပျောက်ကွယ်သွားခဲ့လေသည်မှာ (၂၉) နှစ် ရှိခဲ့လေပြီ။ သို့သော် ကျွန်တော်တို့ ပြည်သူလူထုရင်ထဲမှာတော့ “ဟံသာဝတီ” သည် ယနေ့တိုင်ပင် ရှိနေဆဲ။ ပြည်သူတို့၏ စကားပြန်အဖြစ် ချစ်နေမြဲ။ ဟံသာဝတီနှင့်အတူ နိုင်ငံရေးသမား၊ သတင်းစာဆရာ၊ စာရေး ဆရာများဖြစ်ကြသော ဦးသိန်းဖေမြင့်နှင့် ဦးဝင်းတင်တို့၏ တိုင်းပြည်ချစ်စိတ်နှင့် သတ္တိ ဗျတ္တိကား နောင်လာနောက်သားများအတွက် “စံ” နမူနာကောင်းတခုအဖြစ် သမိုင်းတွင်ရစ်နေတော့မည် သာတည်း။