Sunday, September 23, 2007
small talk with zinn mel god ( 188 )
ရန်ကုန်သားတာတေ စက်တင်ဘာ ၁၉၊ ၂၀၀၇
ယခုရက်ပိုင်းအတွင်း ရုက္ခစိုး၏ စိတ်တွေ မြန်မာပြည်အနှံ့ရောက်လို့ နေသည်။ သြဂုတ်နှင့် စက်တင်ဘာဆိုသောလ အမည်များသည် မြန်မာ့သမိုင်းတွင် ရက်စွဲများ တိုးပွားစေခဲ့သည်မဟုတ်ပါလား….
မငြိမ်းသော မီးကို ထပ်ကာထပ်ကာ မွှေးနေသော မြန်မာစစ်အစိုးရအား မည်ကဲ့သို့ ခိုင်းနှိုင်းရမည်ကို မသိတတ် အောင်ပင်…။
မကြာသေးခင်က အမျိုးသားညီလာခံ ထိုးဇာတ်ကြီး ကို ကနေလျှက် လောင်စာဆီဈေးမြှင့်တင်ခြင်းဖြင့် မီးစတစ ကို စတင်မွှေးခဲ့သည်။ လောင်စာဆီက မီးကိုလောင်စေခဲ့ပြီကော…။
ယခုလဆန်းတွင်လည်း ပခုက္ကူသံဃာတော်များ၏ ငြိမ်းချမ်းစွာ မေတ္တာသုတ် ရွတ်ဆို လမ်းလျှောက်ခြင်းကို အကြမ်းဖက် ဖြိုခွဲခဲ့ပြန်သည့်အတွက် နောက်ထပ်မီးစ တစ ပွားခဲ့ပြန်သည်။
ထို့ကြောင့်ပင် တောင်ကုတ်မြို့ ဆန္ဒပြ သမားတဦးက တိုင်းပြည်အာဏာကိုဆုပ်ကိုင်ထားသည့် ဘ၀ရှင် မင်းတရားကြီး ဦးသန်းရွှေကို ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ရန် တောင်းဆိုဆန္ဒပြခဲ့သည်။
ဗုဒ္ဓဘာသာ သံဃာတော်များ၏ သမိုင်းဝင် ဆန္ဒပြ ကံဆောင်ပွဲများသည်လည်း နိုင်ငံတကာ အင်တာနက်၊ အီးမေးလ်၊ ဘလော့၊ ရေဒီယို နှင့် ဂြိုဟ်တု စလောင်းများတွင် အချိန်မဆိုင်းပင် ဖော်ပြ ပျံ့နှံ့ နေသည်ကို တွေ့မြင် သိရှိနေကြရသည်။
ရုက္ခစိုးက သူ၏ စိတ်အစဉ်ကို ပြန်လည်စုစည်းလိုက်မိ ချိန်တွင်တော့ အသံတိတ်ရောက်ရှိနေသော သူကောင့် သား ၂ ဦး ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ကို မျက်လုံးများပြူးကြောင်ကြောင်ဖြင့် တွေ့လိုက်ရသည်။
ရုက္ခစိုး။ ။ ဟေ…မင်းတို့ ၂ ကောင်က ဘယ်အချိန်က ဘယ်လိုရောက်…ဟင် မင်းတို့က ငါ့ကို ဘာကြည့် နေတာလည်း … လက်ထဲမှာလည်း စာရွက်တွေနဲ့…ဘာလုပ်ဖို့လဲကွ…
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က တဦးမျက်နှာ တဦးကြည့်လိုက်သည်။ ပြီးနောက် ကြွက်စုတ်က စပြောလိုက်သည်။
ကြွက်စုတ်။ ။ ကြည့်နေတာက ကျနော်တို့ အနားရောက်တဲ့ အထိ မသိနိုင်အောင်…မျက်စိလေးမှိတ်ပြီး ဖြစ်နေတဲ့ အဖြစ်အပျက်ကို လေ့လာနေတာ… မေတ္တာသုတ်တွေ ဘာတွေများရွတ်ဖတ်နေသလားလို့…
ရုတ်တရက် ရုက္ခစိုးက သဘောမပေါက်သလို ဖြစ်သွားပြီးမှ ကြွက်စုတ်ကို ပြန်ပြောလိုက်သည်။
ရုက္ခစိုး။ ။ အေး…ကျန်တဲ့ ၇ ရက်သားသမီး အကုန်လုံးကိုတော့ မေတ္တာပွားဖို့ မေတ္တာသုတ်ရွတ်ပေးနိုင်တယ်… မင့် ကျေးဇူးရှင်…သေနတ်နဲ့ချိန် အုပ်ချုပ်သူတွေကိုတော့ ဘယ်လိုမှ မေတ္တာထားလို့ မရဘူး…
ကြွက်စုတ်။ ။ အာ…ဦးရုက္ခစိုး…ဒီလောက် ယုတ်ပတ်တဲ့ လူတွေများဗျာ…ကျနော့် ကျေးဇူးရှင်တော့ မဟုတ်ပါဘူး ဗျ…ဘုရားမသိ…တရားမသိ…သံဃာမသိတဲ့ လူ့ အန္ဓတွေများ…
ရုက္ခစိုး၏ စွပ်စွဲချက်ကို ကြွက်စုတ်က အနည်းငယ် ကျွဲမြီးတိုသွားပုံရသည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း ဟုတ်သားပဲ…ဦးရုက္ခစိုးပြောလိုက်ပုံက စစ်တပ်အစိုးရထုတ်တဲ့ သတင်းစာက စွပ်စွဲလိုက်သလိုမျိုးပဲ…
သူတို့ ၃ ဦးက ထုံးစံအတိုင်းပင် ဆုံလိုက်သည်နှင့် တစုံတခုတော့ ထော်လော်ကန့်လန့် ဖြစ်ကြသည်ချည်းပင်။
ဖိုးရှုပ်ကပါ ၀င်ပါလာသော ကြောင့် ရုက္ခစိုး သူပြောလိုက်သည့်စကား အရှိန်လွန်သွားမှန်းသိလိုက်သည်။
ရုက္ခစိုး။ ။ ငါ…ငါ က ဒီလိုပါကွ…အခု သံဃာတော်တွေက သူတို့ကို စော်ကား မော်ကားလုပ်တာတောင် ၀ိနည်း တော်နဲ့အညီ မေတ္တာသုတ် ရွတ်ပြီး ကံဆောင် ဆန္ဒပြတယ်…ငါ ကတော့ အဲဒီ သံဃာတော်တွေလို စိတ်ထားမျိုး မထားနိုင်တာကို သိစေချင်တဲ့ သဘောပါကွ…အဟဲ…ငါလည်း သတင်းစာတွေဖတ်တာပဲ သိပါတယ်ကွ…
ရုက္ခစိုးက မချိ သွားဖြဲရင်း ပြန်လည်ရှင်းလင်းလိုက်သည်။
ကြွက်စုတ်က အကွက်စိုက်သွားသဖြင့် ချက်ချင်းဝင်ပြောသည်။
ကြွက်စုတ်။ ။ ဒါ ဆို ဒီမှာ…ဒီနေ့ သတင်းစာမှာ ရေးထားတာကို ရော ဖတ်ပြီးပြီလား…
ကြွက်စုတ်က သူ့မှာပါလာသည့် သတင်းစာ ပရင့်ထုတ်ထားသည်ကို ပြရင်းပြောလိုက်ရာ ရုက္ခစိုး အိုးတိုး အတ ဖြစ်နေသည်။
ရုက္ခစိုး။ ။ အာ…အေး…အဲဒါတော့…ငါ မဖတ်ရသေးဘူးကွ…
ဖိုးရှုပ်။ ။ ဒီနေ့ ရေးထားတာက ဦးရုက္ခစိုးရေ… စစ်တွေမှာ မနေ့က သံဃာတွေက ဆန္ဒပြတော့ လူတွေလည်း ပါလာတယ် … အဲဒါကို လုံထိန်းတွေက မျက်ရည်ယိုဗုံးနဲ့ ဖြိုခွဲတယ်…အချိန်မဆိုင်းဘဲ…နိုင်ငံတကာ သတင်းမီဒီယာ တွေက သတင်း ထုတ်ပြန်တော့ သူတို့ ရိုင်းစိုင်းတာပေါ်လွင်နေတယ်…အဲဒါကို ပြောင်းပြန်ပြောပြီး ရေးထားတာ..
ကြွက်စုတ်ကလည်း ထပ်မံဖြည့်စွက်သည်။
ကြွက်စုတ်။ ။ အံမယ် သတင်းစာမှာ အခု ဆန္ဒပြ ကံဆောင်တဲ့ သံဃာတွေက အတုတွေတဲ့…အဲဒီ သံဃာတွေ အကြမ်းဖက် လို့ အခုလို သေနတ်ဖောက်…မျက်ရည်ယိုဗုံး သုံးရတာပါတဲ့…သူတို့ဘက်က လူတချို့တောင် အရိုက်ခံရ…ဆေးရုံတင်ရ ပါတယ်တဲ့… လိမ်လည် မျက်ရည်ခံထိုးတဲ့ အရေးအသားနဲ့ ရေးထားတယ် ခင်ဗျ…
ဖိုးရှုပ်။ ။ အခုခေတ် အခြေအနေကိုက လိမ်ချင်တိုင်း လိမ်လို့ရတဲ့ ခေတ် အခြေအနေမဟုတ်တော့ပါဘူးကွာ… သူတို့ကသာ မျက်စိစုံမှိတ်ပြီး လိမ်နေတာ… ဆန္ဒပြတာ လူထုမပါဘူးဘာညာနဲ့…အခု အင်တာနက်မှာ တက်နေ တဲ့ ဓာတ်ပုံတွေကြည့် အားပေးထောက်ခံနေတဲ့ လူထုကို တွေ့နေရတာပဲ…
ရုက္ခစိုးက သူ့ဘက်လှည့်နေသည့် အရှိန်သေလာမှ အသာဝင်ပြောသည်။
ရုက္ခစိုး။ ။ ပခုက္ကူ သံဃာတွေကို လည်း သတင်းစာမှာ အဲဒီလို ရေးတာပဲ မဟုတ်လား…သူတို့ကတော့ ဖော်မြူလာ အဟောင်း အတိုင်း ကျင့်သုံးမြဲပါပဲကွာ…မျက်နှာပြောင် တိုက်နေကြအတိုင်းပါပဲ…
ကြွက်စုတ်။ ။ ဘယ်လို မျက်နှာပြောင်တိုက်တိုက်လေ… သံဃာတော်တွေကတော့ နောက်မဆုတ်ဘူးလို့ ဆိုတယ်ခင်ဗျ…
ဖိုးရှုပ်။ ။ အေးကွ…ငါတော့ ကိုယ်တော်တွေကို အားရတယ်…သူတို့က ကြေညာပြီးတော့ကို လုပ်တာ..ပြောတဲ့ အတိုင်း လုပ်တယ်…နအဖ လို ဝေ့မနေဘူး…
ကြွက်စုတ်။ ။ ဟာ ဒါနဲ့ ဦးရုက္ခစိုး…အတွင်းက အီးမေးလ်ဘာ ထူးသေးလဲ…ကြည့်ပါဦး…
ရုက္ခစိုး။ ။ ထူးတာကတော့ အခု အရေးအခင်းမှာ အင်တာနက် ဘလော့ တွေပဲမောင်…တချို့ဆို ဓာတ်ပုံတွေကို မြန်မြန်ဆန်ဆန်တက်လာတာ တွေ့ရတယ်ကွ…
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး ပြောတာ ဟုတ်တယ်…ကျနော်လည်း သတိထားမိတယ်…အဲဒါ အမှန်တရားမှတ်တမ်းတွေပဲ… နအဖ အတွက်တော့ စစ်မျက်နှာ တခုပေါ့…
ကြွက်စုတ်။ ။ သံဃာတော်တွေကလည်း စစ်မျက်နှာဖွင့်လိုက်တယ်လို့ ဆိုထားတာရှိတယ်လေ…
ရုက္ခစိုး။ ။ ဘယ်လိုဆိုတာလဲကွ…ပြောစမ်းပါဦး…
ကြွက်စုတ်။ ။ အဲဒါကတော့…အခု တိုက်ပွဲဟာတဲ့…“ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ” ပဲလို့ သံဃာ့ တပ်ပေါင်းစု အဖွဲ့က သံဃာတော်တပါးက မိန့်တယ်လေ…
ဖိုးရှုပ်။ ။ ဘယ်လို “ဓမ္မနဲ့ အဓမ္မ တိုက်ပွဲ” ဟုတ်လား…ကောင်းလိုက်တဲ့ မိန့်ကြားချက်ကွာ…ဓမ္မ က သာအောင် နိုင်ရမယ်ကွ…
ရုက္ခစိုး။ ။ ဟုတ်တယ်ဟေ့ ဒီပွဲဟာ ဓမ္မကသာ အောင်နိုင်ရမယ့်ပွဲဟေ့…ဓမ္မအောင်ပွဲ... ဓမ္မအောင်ပွဲ... ဓမ္မအောင်ပွဲ...
ရုက္ခစိုး၏ အော် ဟစ်ကြွေးကြော်လိုက်သည့် နောက်တွင် ဖိုးရှုပ်နှင့် ကြွက်စုတ်ကပါလိုက်ပါ ကြွေးကြော်ရင်း ၃ ဦးသား ညီညွတ်သွားလေတော့သည်။
။
Friday, September 14, 2007
small talk with Zinn Mel god ( part 187 )
ရန်ကုန်သားတာတေ | စက်တင်ဘာ ၁၂၊ ၂၀၀၇
လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အင်တာနက်နှင့် ဘလော့ခ်စာမျက်နှာများတွင် ရှမ်းဘုန်းကြီးစာဆန်ဆန်၊ ဗေဒင်ဆရာ တဦး၏ အကြံပြုစာဆန်ဆန် စာတဆောင်ပျံ့နှံ့ခဲ့၏။ ၎င်းစာပါအကြောင်းအရာမှာ မြန်မာနိုင်ငံ၏ အခြေနေဆိုးများမှ လွတ်မြောက်စေရန် စက်တင်ဘာ ၁၁၊ ၁၂၊ ၁၃ ရက်များအတွင်း ၁၁ ရက်နေ့ည ၇ နာရီ ၂ မိနစ်၊ ၁၂ ရက်နေ့ည ၈ နာရီ ၁ မိနစ်၊ ၁၃ ရက်နေ့ည ၉ နာရီအချိန်များတွင် မကောင်းဆိုးဝါးများအား တချိန်တည်းသံပုံးတီးကာ တောထုတ်ကြရန် ဖြစ်လေသည်။
အဆိုပါစာကို ဦးရုက္ခစိုး၊ ကြွက်စုတ်နှင့် ဖိုးရှုပ်တို့က အထူးစိတ်ဝင်စာနေကြပြီး အီးမေးလ်အကောင့်ရှိသည့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သားများ လက်ခံရရှိလိမ့်မည်ဟု သူတို့ကမျှော်လင့်ထားကြသည်။ ထို့ကြောင့်လည်း သံပုံးတီးပွဲ၌
ပါဝင်ဆင်နွဲရန် တိုင်ပင်ထားကြသည်။
၎င်းတို့၏အစီအစဉ်မှာ ရုက္ခစိုးကြီးညောင်ပင်နှင့် မလှမ်းမကမ်းရှိ သံအမှိုက်ပုံးကြီးကို ၀ိုင်းအားပေးကြရန် ဖြစ်သည်။ သူကောင်းသားနှစ်ယောက်က ရုက္ခစိုးကြီးအတွက်ပါ သံချေးအလိမ့်လိမ့်တက်နေသည့် သံချောင်း တချောင်းကို မည့်သည့် အရပ်မှ ကောက်လာသည်မသိ … အမှိုက်ပုံးကိုလည်း ညနေ ၅ နာရီ ခွဲလောက်ကတည်းက မယောင်မလည်နှင့် ညောင်ပင်အောက်သို့ရွှေ့ထားကာ သံချောင်းတဆဆဖြင့် ပွဲဝင်ရန် ပြင်နေကြလေသည်။
နေ့နံအချိန်အခါတို့တွင် ဦးရုက္ခစိုးက ပိုမိုနှံ့စပ်သူဖြစ်သဖြင့် ယခုပွဲသည် သူ့ပွဲဖြစ်၏။ သူကောင်းသား နှစ်ဦးမှာ သူရွှေဉာဏ်တော်ကွန့်မြူးသမျှ၊ စေခိုင်းသမျှတို့ကို တသဝေမတိမ်း လိုက်နာဆောင်ရွက်ရသည့် ငယ်ကျွန်မျှပင်။ ညောင်ပင်ရှိ နတ်စင်၏ အနီးဆုံးနေရာတွင် သံပုံး (အမှိုက်ပုံး) တီးပါက မကောင်းဆိုးဝါများ ပိုမိုထိတ့်လန့်မည်ဟု ၎င်းကမိန့်တော်မူ ထားသည့်အပြင် နေ့နံအချိန်မကိုက်ပါက အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ဟုလည်း မြွတ်ကြားထားသည်။
စားပွဲတင်နာရီတလုံးကို မြန်မာပြည်စံတော်ချိန်အတိုင်းတိုက်ကာ အချိန်ကိုက် သံပတ်ပေးထား၏။ သံပတ်ပေးထားသော်ငြား လည်း သုံးဦးစလုံးသည် ဒစ်ဂျစ်တယ်လ် နာရီကလေးကိုသာ အာရုံ ရောက်နေကြသည်။ ၎င်းတို့သည် ပထမဆုံးအကြိမ် ရည်းစားစာပေးမည့် ၁၅၊ ၁၆ နှစ် ကလေးများသဖွယ် စိတ်လှုပ်ရှားနေကြသည်။
ရုက္ခစိုး။ ။ အခုမှ ၆ နာရီတောင်မထိုးသေးဘူး … ဘာဖြစ်လို့ ဒီလောက်တောင် ဆန္ဒစောနေရတာလဲ။ စကားလေးဘာလေး ပြောကြဦးလေကွာ။
၎င်းတို့သည် သုံးဦးတွေ့သည့်အခါတိုင်း အာဂျင်ဒါတခုခုရှာကာ ဆွေးနွေးငြင်းခုံကြသူများ ဖြစ်သည်ကလည်း တကြောင်း၊ သံချောင်းတီးရန်ကလည်း အချိန်က စောနေသောကြောင့် တခုတခုဆွေးနွေးရန် ရုက္ခစိုးကြီးက စကားခေါ်သောကြောင့် ကြွက်စုတ်က …
ကြွက်စုတ်။ ။ ကျနော်တို့ကလည်း အချိန်မကျသေးခင် ဘယ်လိုနေရမယ်၊ စကားပြောလို့ရမရ မသိတော့ … အသာ ငြိမ်နေကြတာပေါ့။ ကျနော်က လက်ရှိပြည်တွင်းအခြေအနေနဲ့ ဆန္ဒပြပွဲတွေအကြောင်း ဆွေးနွေးချင်နေတာ ကြာလှပေါ့။
ရုက္ခစိုး။ ။ ပြောစမ်းပါလေ့ မောင်ရင်ရာ။ ပြောလို့ရပါတယ် … မင်းတို့လက်ထဲမှာသာ အရံသင့်ဖြစ်အောင် သံချောင်းတွေကို အသင့်ကိုင်ထား အလမ်းမြည်တာနဲ့ တီးရုံပေါ့ကွာ။ မင်းပြောတဲ့ အကြောင်းတွေ ပြောချင်သလို ငါကလည်း ဆန္ဒပြပွဲတွေကို ဖြိုခွဲတဲ့အကြောင်းတွေကို ပြောချင်နေတာပါကွ။
ဖိုးရှုပ်။ ။ အဲဒီအကြောင်းတွေကိုလည်း ဆွေးနွေးကြတာပေါ့ဗျာ။ ကျနော်ကတော့ လောလောလတ်လတ် ကိုယ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ သံပုံးကိစ္စကို အရင်ဆုံးဆွေးနွေးစေချင်တယ်။
ရုက္ခစိုးကြီးကား မိမိ၏ကျွမ်းကျင်နယ်နမိတ်အတွင်း ရောက်လာပြီဟူသောအသိဖြင့် သူကောင်းသားများအား လက်ချာပေးလေတော့၏။
ရုက္ခစိုး။ ။ တကယ်တော့ သံပုံးတီးတာကို မင်းတို့နားလည်အောင်ပြောရရင် ယုံကြည်မှုတခုလို့ ပြောရင်လဲရတယ်။ နောက်ပြီးတော့ … ကိုယ့်ရပ်ရွာကိုယ့်ဒေသမှာ အရပ်သူ အရပ်သားတွေဟာ သဘာဝ ဘေးအန္တရယ် ကပ်တခုခုကိုကြုံနေရ တာမျိုး … ငါတို့အခုကြုံနေရတဲ့ အုပ်စိုးးသူတွေရဲ့ ဖိနှိုပ်မှုကနေ လွတ်မြောက်ဖို့ … မကောင်းဆိုးဝါးကောင်တွေ ဝေးရာကို ထွက်ပြေးအောင် အစုအဝေးကြီး … အစုအဖွဲ့ကြီး တခုက တချိန်တည်း တပြိုင်တည်း ညာသံပေးပြီး မောင်းထုတ်တဲ့ ပွဲပေါ့ကွာ။
ကြွက်စုတ်။ ။ ဒီလောက်တော့ ကျနော်တို့လည်း သိပါတယ်ဗျာ။ ရှစ်လေးလုံး အရေးအခင်းတုန်းကလည်း ကျနော်တို့ တတွေ လူသတ်ကောင်စိန်လွင်ကို သံပုံးတီးပြီး တောထုတ်ခဲ့တာ အခုထိတောင် အမှတ်ရနေသေးတယ်။ မှတ်မှတ်ရရ ကျနော်တို့ရပ်ကွက်ထဲက အသက် ၇၀ ကျော်အဘွားကြီးတယောက်က “စိန်လွင် ၆ တန်း တဇောက်ကန်း … စိန်လွင် ၆ တန်း တဇောက်ကန်း” လို့အော်ပြီး အိမ်ရှေ့ကဓာတ်တိုင်ကို တီးတာ …။
ဖိုးရှုပ်။ ။ စိန်လွင်ကြီး ပြေးရောလားကွ။
ကြွက်စုတ်။ ။ လမ်းထဲက ခွေးအိုကြီး သွေးလန့်ပြီး ကိန် ကိန် … လို့ အော်ပြေးတော့တာဘဲ။ မကြာပါဘူး … စိန်လွင်လဲ လစ်တော့တာပဲ။
ရုက္ခစိုး။ ။ ဒါကြောင့် ဒီကောင်တွေ (ဗိုလ်ချုပ်များ) သူတို့ကို နာမည်တပ်ပြီး အပြောခံရပြီဆို ဆတ်ဆတ်ထိမခံ ဖြစ်ကြတာပေါ့။
ဖိုးရှုပ်။ ။ ဆတ်ဆတ်ထိမခံဖြစ်တာတော့ အမှန်ပဲဗျို့။ တောင်ကုတ်မှာ တကိုယ်တော်ဆန္ဒပြတဲ့ ကိုစိုးဝင်းလေ … ပေါတာကြီး နံမည်ကိုတပ်ပြီး ဗုဒ္ဓဘာသာအဖြစ်ကနေ ထုတ်ပစ်ဖို့ ပိုစတာနဲ့ဆန္ဒပြတော့ နေ့ချင်းထောင် ၄ နှစ် ချလိုက် တယ်လေ။
ကြွက်စုတ်။ ။ အမှန်တော့ ပေါတာကြီးနဲ့ အပေါင်းပါအားလုံးကို ဗုဒ္ဓဘာသာအဖြစ်ကထုတ်ပစ်ပြီး ဓမ္မန္တရယ်အဖြစ် သတ်မှတ်ရမှာကွ။
ဖိုးရှုပ်။ ။ အဲဒီ ဓမ္မန္တရယ်အဖြစ် သတ်မှတ်မယ့်အထဲမှာ ပခုက္ကူက သံဃနာယက ဆရာတော် ဦးတေဇောပါမစ် ပါသေးလားကွ။
ရုက္ခစိုး။ ။ မင်းကလဲကွာ သတင်းထောက်လုပ်နေပြီး နာမည်မှားတာတော့ မကောင်းပါဘူးကွာ၊ ဦးတေဇောဘာသပါကွ …။
ဖိုးရှုပ်။ ။ နာမည်မှားတာ မဟုတ်ဘူးခင်ဗျ။ ဦးရုက္ခစိုးကသာ ဘွဲ့နာမည်ပြောင်းထားတာကိုမသိတာ။ ဒီဘုန်းကြီးက အာဏာပိုင်ဆီကရတဲ့ ဟိုပါစမ်၊ ဒီပါမစ်တွေနဲ့ နာမည်ကြီးလို့ သူ့ဘွဲ့ကို ပခုက္ကူတနယ်လုံးက ဦးတေဇောဘာသကနေ ဦးတေဇောပါမစ်လို့ ပြောလိုက်တာခင်ဗျ။ ဟဲ ဟဲ ဟဲ …။
ရုက္ခစိုး။ ။ ဒီလိုတော့လဲ ဟုတ်ပေသားပဲ။
ကြွက်စုတ်။ ။ အခု ဘုန်းကြီးအတုတွေလုပ်ဖို့ လူတယောက် ကတုံးတုံးရင် ကျပ် ၅ ထောင်ပေးမယ်ဆိုပြီး ကြံဖွံ့က လိုက်စည်းရုံးနေပြန်ပြီလို့ ကြားတယ်။ တကယ့်ကို သာသနာတော်ကို ဖျက်ဆီးတဲ့ သာသနာဖျက် ဓမ္မန္တရယ်တွေပါဗျာ။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ စကားလဲပြော … နာရီလဲကြည့်ကြဦး။ ငါ့မျက်စိထဲမှာတော့ ဟောဒီအမှိုက်ပုံကြီးကိုကြည့်ရင်း ဓမ္မန္တရယ်ရုပ်တွေ တကွက်ပြီးတကွက်ပေါ်လာပြီဟေ့ … နာဖို့သာ ပြင်ကြပေတော့။
ထိုစဉ် … “တီတီတီတီ … တီတီတီတီ … တီတီတီတီ …” ဟု ဒစ်ဂျစ်တယ်နာရီလေးက မြည်လာ၏။
ရုက္ခစိုး။ ။ တီးကြဟေ့ တီးတီး … ပေါတာကြီး ထွက်ထွက်။ ထွက်သွားပါတော့လား ပေါတာကြီးရဲ့ …။
ဒီတကြိမ်တွင် ပုဂ္ဂိုလ်သုံးဦး တိုင်မင်မှန်လှသည်။ ဒွိုင်ဆူထေ့တောင်တကြော သံပုံတီးသံများ (အမှိုက်ပုံး တီးသံများ) အချိန်ကာလအတော်အတန်ကြာ ညံသွား၏။ အဆိုးဆုံးကတော့ ရုက္ခစိုးကြီးပင်။ ပါးစပ်ကလည်း ‘ပေါတာကြီးထွက်သွား’ ဟု အကြိမ်ကြိမ်ရေရွတ်၏။ အမှိုက်ပုံး၏ ဘေးနံရံများမှာလည်း ၎င်း၏ လက်ချက်ကြောင့် တဖြည်းဖြည်း ချိုင့်ဝင်နေပြီဖြစ်သည်။
မိတ်ဆွေသုံးဦး၏ စကားဝိုင်းသည် ည ၉ နာရီ ကျော်ခဲ့သော်လည်း အဆုံးမသတ်နိုင်သေးသလို အမှိုက်ပုံးခေါက်သံကလည်း စိတ်ကူးရတိုင်း ထခေါက်နေကြသောကြောင့် ကြိုးကြားကြိုးကြားဆိုသလို ကြားနေရ၏။ ပုဂ္ဂိုလ်သုံးဦး၏ စိတ်တွင်လည်း သားသတ်သမားစိန်လွင်အပါအ၀င် ဓမ္မန္တရယ်များ၏ ရုပ်ပုံလွှာများ အကြာခဏဆိုသလို ၀ိုးတ၀ါး ပေါ်နေတော့သည်။ ။
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
(ိ http://www.irrawaddy.org/bur/cmnat2007/September/187.html ကနေ ယူတယ်။)
Wednesday, September 5, 2007
small talk with Zinn Mel god ( part 186 )
ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၆)
ရန်ကုန်သားတာတေ | စက်တင်ဘာ ၅၊ ၂၀၀၇
“- - - - - ပလောင်နဲ့ ကိုးကန့် တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ “ဒေသ” တွေ ဖွဲ့စည်းပေးသွားမယ်လို့ပါတယ်။ ဒါပေမယ့် ၀ကိုကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “တိုင်း” ဆိုပြီးတော့ အထူးအခွင့်အရေး ပေးတဲ့သဘော သုံးထားတယ်ခင်ဗျ…။
- - - - - ”
မြန်မာနိုင်ငံတွင် စစ်တပ်အစိုးရက ကျင်းပသည့် အမျိုးသားညီလာခံဟုခေါ်သော ထိုးဇာတ်တပုဒ်ကို မကြာသေးခင်ကပင် အဆုံးသတ်လိုက်ပေပြီ။
အနှီ ညီလာခံကြီးကို မိမိစိတ်ကြိုက် ရွေးချယ်ထားသည့် သရုပ်ဆောင်များနှင့် ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာ ကိုယ်တိုင် ရိုက်ကူးတည်းဖြတ် ထုတ်လုပ်သည်ဆိုသော ယနေ့ခေတ် မြန်မာ့ရုပ်ရှင် ဗီဒီယိုလောက၏ တခေတ်ဆန်း ကန်ထရိုက် စနစ်အရ ပေါ်ပေါက်လာသည့် ဇာတ်ကားများ အလားတူ ညီလာခံကြီးဖြစ်သည်ဟု နိုင်ငံတကာနှင့် မြန်မာ့အရေး ကျွမ်းကျင်သူများ၊ နိုင်ငံရေးအကဲခတ်များက တညီတညွတ်တည်း သတ်မှတ်ထားကြသည်။
တည့်တည့် ပြောသူများက ယင်းညီလာခံကို အတုကြီးဟု ဆိုကြသည်။ အဆိုပါ ညီလာခံအတုကြီး ပြီးပြီ ဆိုတော့ ဘာတွေဖြစ်လာမလဲ … ။
ချင်းမိုင်ရှိ ၀ါဝီး ကော်ဖီဆိုင်တဆိုင်၌ ထိုင်နေရင်း ဖိုးရှုပ် တဦးတည်း ကြိတ်ပြီး စိတ်ထဲတွင် မေးခွန်းများနှင့် ပြဿနာ ဖြစ်နေသည်။ ကြွက်စုတ်က ရေနွေးကြမ်းခွက်ကို ကိုင်ထားရင်း ဖိုးရှုပ်ကို အကဲခတ်နေသည်။
ကြွက်စုတ်။ ။ ဟေ့ကောင် ဘယ်လိုဖြစ်နေတာလဲ … မင့်ကြည့်ရတာ မရှင်းမရှင်းနဲ့ နအဖ အစိုးရကျနေတာပဲ …။
ကြွက်စုတ်က ဖိုးရှုပ်ဖြစ်နေပုံကို ကြည့်ပြီး မနေနိုင်၍ ကလိလိုက်ခြင်း ဖြစ်သည်။
ဖိုးရှုပ်။ ။ အေး … မင်းပြောတဲ့ အဲဒီ နအဖရဲ့ မရှင်းမရှင်းကိစ္စ ငါ့ခေါင်းထဲရောက်နေလို့ကွ … ညီလာခံကွာ … အဲဒီ NC ကိစ္စ …။
ကြွက်စုတ်။ ။ ဒါများ … ဒီအချိန်မှာ … အဲဒီကိစ္စက မြန်မာ့အရေး စိတ်ဝင်စားသူတိုင်းရဲ့ ခေါင်းထဲရောက်နေမှာပဲ … မင်း တယောက်တည်း မဟုတ်ဘူး …။
ဖိုးရှုပ်။ ။ ဟာ … ငါ တယောက်တည်း ကိစ္စမဟုတ်လို့ပေါ့ကွ … အားလုံးနဲ့ဆိုင်လို့ ပြဿာနာ ဖြစ်နေတာလေ …။
ကြွက်စုတ်။ ။ ဘာလဲ ... မင်းက အဲဒီပြဿနာကို ရှင်းပေးမလို့ စဉ်းစားနေတာလား …။
ကြွက်စုတ်က ဖိုးရှုပ်ကို ထေ့သလို ငေါ့သလို ပြောလိုက်ပြန်သည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် … ဟေ့ကောင် … အဲဒီ NC ပြဿနာက နောက် … အခု မင်းနဲ့ငါ ပြဿနာဖြစ်တော့မယ် … မင်းလိုက်ချင်လိုက် မလိုက်ချင်လည်းနေ … ငါတော့ ဦးရုက္ခစိုးဆီ သွားတော့မယ် …။
ဖိုးရှုပ်က ပြောပြောဆိုဆို ၀ါဝီး ကော်ဖီဆိုင်တွင်းမှ ထထွက်ရန်ပြင်လိုက်သည်။ ဖိုးရှုပ် စိတ်တိုသွားသည်ကို သိလိုက်၍ ကြွက်စုတ်လည်း ပြုံးစိစိဖြင့် ထိုင်ရာမှ ထလိုက်စဉ် ရုတ်တရက် ရုက္ခစိုး ပေါက်ချလာသည်။
ရုက္ခစိုး။ ။ ငါ့ဆီ မင်းတို့လာစရာ မလိုတော့ဘူးဟေ့ … ငါလည်း ကော်ဖီလေး ဘာလေးသောက်ချင်လို့ကွာ …။
ကြွက်စုတ်။ ။ ရုက္ခစိုးလည်း ကော်ဖီကြိုက်တတ်သလား …။
ရုက္ခစိုး။ ။ ဟ … မောင်ရင်ကလည်း … ဝေးနေပြန်ပြီ … ကော်ဖီလေးသောက် … အတင်းအဖျင်းလေး … အဲ ... အဲ ... သတင်းပလင်းလေး ပြောရင်းပေါ့ကွာ … ဟား … ဟား …။
ယနေ့ ရုက္ခစိုး သွက်လက်နေပုံကို ဖိုးရှုပ်က ဘာမှ မပြောသေးဘဲ ကြည့်နေသည်။ ပြီးမှ ၀င်ပြောလိုက်သည်။
ဖိုးရှုပ်။ ။ သတင်းထူးတွေများ ရထားလို့လား ဦးရုက္ခစိုး … ဒီမှာ NC ပြဿာနာတော့ ဖြစ်နေပြီ …။
ရုက္ခစိုး။ ။ ဖြစ်ရမယ်လေ … အဲဒါကိုက ဖြစ်စရာ ဖြစ်နေတာဆိုတော့ … ဖြစ်မှာပေါ့ …။
ကြွက်စုတ်။ ။ ဟင် … သူလည်း ပြောတာ မရှင်းမရှင်းနဲ့ … ဦးရုက္ခစိုး အစစ် ဟုတ်ပါတယ်နော် …။
ရုက္ခစိုး။ ။ ဟေ … ငါက အစစ်မဟုတ်လို့ နင့် ဂျီးဒေါ် အ၀ှာလား …။
ရုက္ခစိုး ငေါက်လိုက်သောကြောင့် ကြွက်စုတ် အနည်းငယ်တန့်သွားသည်။
ကြွက်စုတ်။ ။ ဒီ … ဒီ လိုလေ … အခု ပြဿနာဖြစ်နေတဲ့ NC ကိုက အတုကြီးလေ … အဲဒါနဲ့ ရောသွားလို့ … ဟို … NC က စကတည်းက ပြဿနာနဲ့စတာ … စစ်အစိုးရလုပ်တာဆိုတော့ … အခုပြီးတော့လည်း ပြဿနာကျန်ခဲ့တယ် … မရှင်းမရှင်းလေ … ကျနော်နဲ့ ဖိုးရှုပ်လည်း ပြဿနာဖြစ်တော့မလို့ … အဟဲ …။
ရုက္ခစိုးက သိပ်ကျေနပ်ပုံမရ ကြွက်စုတ်ကို ခပ်စိမ်းစိမ်းကြည့်နေသည်။
ရုက္ခစိုး။ ။ ဘာမရှင်း မရှင်းလဲ … မင့်ဟာက …။
ကြွက်စုတ်မှာ မရှင်းမရှင်း ဆိုတာကို ရှင်းရတော့သည်။ ဖိုးရှုပ်ကတော့ ခပ်တည်တည် ကြည့်နေသည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးလည်း သိပါတယ် … အခု အဲဒီဟာကြီးသာ ပြီးသွားတယ် … လူထုထောက်ခံပွဲတွေ ဘယ်တော့ လုပ်မယ် … ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ် … သူတို့ လမ်းပြမြေပုံက ကျန်တဲ့ အချက် ၆ ချက်ကို ဘယ်အချိန်အတွင်း ပြီးစီးအောင် အကောင်အထည် ဖေါ်မယ်ဆိုတာတွေကို ရှင်းလင်းအောင် မရှင်းဘူးလေ …။
ကြွက်စုတ် အလျှောက်ကောင်း၍ အထောင်းသက်သာသွားရသည်။ ရုက္ခစိုးက မျက်နှာကြော အနည်းငယ်လျော့သွားပြီး ဖိုးရှုပ်လည်း စကားဝိုင်းအတွင်း ပြန်ဝင်လာသည်။
ဖိုးရှုပ်။ ။ အဲဒီလိုသာ မရှင်းတာ … NC နောက်ဆုံးနေ့က ဗိုလ်ချုပ်သိန်းစိန်က သူ့ နိဂုံးချုပ် မိန့်ခွန်းမှာ တိုင်းရင်းသား တွေကိုတော့ ပျားရည်နဲ့ ၀မ်းချထားသေးတယ် …။
ရုက္ခစိုး။ ။ ဘယ်လို ၀မ်းချတာလည်းကွ … ငါတော့ မသိသေးဘူး … ပြောပါဦး …။
ဖိုးရှုပ်။ ။ အဲဒီ မိန့်ခွန်းထဲမှာ နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်နဲ့ ကိုးကန့် တိုင်းရင်းသားတွေအတွက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ “ဒေသ” တွေ ဖွဲ့စည်းပေးသွားမယ်လို့ပါတယ်။ ဒါပေမယ့် ၀ကိုကျတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “တိုင်း” ဆိုပြီးတော့ အထူးအခွင့်အရေး ပေးတဲ့သဘော သုံးထားတယ်ခင်ဗျ…။
ကြွက်စုတ်။ ။ ၀ကတော့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေထဲမှာ ပိုတောင့်တင်းတဲ့ သဘောကြောင့် ဖြစ်မှာပေါ့ … ဒါ တိုင်းရင်းသား အချင်းချင်းကို ခွဲခြားဆက်ဆံတဲ့ သဘောပဲ…။
ရုက္ခစိုး။ ။ ဘယ်လို ... ဘယ်လို … ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ နယ်မြေတွေကို စစ်တပ်ကပေးမယ်ဆိုတဲ့ သဘောလား …။
ဖိုးရှုပ်။ ။ ဒီလိုပါ ဦးရုက္ခစိုးရဲ့ … အခုပြီးသွားတဲ့ NC မှာ ချမှတ်လိုက်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပါဝင်ရမယ့် အခြေခံမူထဲမှာ ပါတယ်ဆိုတာကို ပြောတာ … အဓိကနေရာနဲ့ လုပ်ပိုင်ခွင့်တွေကိုတော့ စစ်တပ်က ဆက်လက်ပါဝင် ဆုပ်ကိုင်ထားဆဲလေ …။
ရုက္ခစိုး။ ။ တခြားရော ဘာထူးသေးလဲ … အဲဒီ NC လုပ်နေချိန်မှာ လောင်စာဆီဈေး မြှင့်လိုက်တာရော ဘယ်လိုထင်လဲ …။
ကြွက်စုတ်။ ။ အာ … ဦးရုက္ခစိုးကလည်း update ဖြစ်တာကိုမပြောဘူး … ဒီလောင်စာဆီဈေးမြှင့်တာကို ပြန်နှူး နေပြန်ပြီ … အခုဆက်ပြီး မြန်မာပြည်အနှံ့ ဆန္ဒပြနေကြတယ် … ကျောင်းသားခေါင်းဆောင်တွေ အပါဖမ်းထားတဲ့ သူတွေကို ပြန်မလွှတ်သေးဘူး … အဲဒီနောက်ပိုင်း ဦးဆောင်တဲ့ မစုစုနွေး၊ မဖြူဖြူသင်း၊ မနီလာသိန်း အစရှိတဲ့ အမျိုးသမီးခေါင်းဆောင် တွေလည်း တိမ်းရှောင်နေရတယ် … ပြီးတော့ ဗိုလ်ချုပ်သိန်းစိန်က သူ့ နိဂုံးချုပ်မိန့်ခွန်းထဲမှာ ကြော်ငြာထိုးသွားသေးတယ် … မြန်မာ့ရုပ်သံအတိုင်းပဲ …။
ကြွက်စုတ်က ဝေဖန်ဆန်းစစ် သူ (analyst) တဦး လေသံမျိုးဖြင့် မနားတမ်းပြောချလိုက်ရာ ဖိုးရှုပ်က အမြင်ကပ်စွာကြည့် နေပြီး ကြွက်စုတ်ကို ၀င်ပြောလိုက်သည်။
ဖိုးရှုပ်။ ။ ဟေ့ကောင် ငကြွက် ... မင့်လေကို နည်းနည်း နှိမ့်လို့မရတော့ဘူးလား … လူကြီးကို ပြောတဲ့လေက ငါ ပြောလိုက်ရရင် …။
ရုက္ခစိုးက လူကြီးတဦး၏ အိနြေ္ဒဖြင့်ကြွက်စုတ်ကို ၀င်မေးလိုက်သည်။ ယနေ့ရုက္ခစိုးက စိတ်ရှည်နေသည့် ပုံပင်။
ရုက္ခစိုး။ ။ ကဲ ... ထားပါ … ဗိုလ်ချုပ် သိန်းစိန်က ဘာကြော်ငြာထိုးတာလဲ …။
ကြွက်စုတ်။ ။ ဟာ … အဲဒီ မိန့်ခွန်းထဲမှာလေ … ၁၉၄၇ ခုနှစ်နဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွေထက် အခု သူတို့ ရေးဆွဲမယ့် အခြေခံဥပဒေက ပိုသာတယ်ဆိုပြီး ကြော်ငြာသွားတယ်လေ … သတင်းစာတွေမှာတောင် ပါသေးတယ် … နောက် ထူးခြားမှုတခုလည်း ကြားရသေးတယ်ခင်ဗျ … ဦးရုက္ခစိုးတို့တောင် သွားရည်ယိုသွားနိုင်တယ် …။
ဖိုးရှုပ်။ ။ ပြောမှာသာ ပြောတာမဟုတ်ဘူး … ဒီနေ့ ငါမင်းကို သိပ်စိတ်မရှည်ချင်တော့ဘူး ငကြွက် … ကြွက်စုတ်က
ဖိုးရှုပ်ကို ဘာမှ မတုံ့ပြန်ဘဲ ဆက်ပြောလိုက်သည်။
ကြွက်စုတ်။ ။ အဲဒီ NC တက်တဲ့ ကိုယ်စားလှယ်တွေကိုတဲ့ အခုပြီးသွားချိန်မှာ ကျပ် သိန်း ၆၀၀ လောက်တန်တဲ့ ကားပါမစ်တွေ ထုတ်ပေးလိုက်တယ်တဲ့ … မနိပ်လား … တက်တဲ့ လူတွေတော့ ထောတာပဲ …။
ဤတွင် ဖိုးရှုပ်က အားပါးတရ ရယ်လိုက်သည်။
ဖိုးရှုပ်။ ။ ဟား … ဟား … ဟား … ဟေ့ကောင် ... အဲဒီသတင်းက ငါလည်းကြားတယ် … အတည်ပြုမရလို့ … ငါ့သတင်းဌာနကို မပို့တာ … နောက်ဆက်တွဲ ဘာဖြစ်သလဲ ဆိုတာကိုရောကြားလား … ငါ ပြောပြမယ် … အစအဆုံး တက်သူကိုသာ ကားပါမစ်ပေးပြီး နောက်မှ ဖြတ်တက်ရတဲ့ သူတွေက မရလို့ ဆူညံ ပူညံတွေဖြစ်နေသတဲ့ … အဲဒီမှာ မင့် ပါးစပ်ကြီးကို ဟပြီး သွားရည်ကျနေပေတော့ … ငါတော့ပြန်ပြီ …။
ဖိုးရှုပ်က ပြောပြောဆိုဆို စကားကို ဖြတ်ချလိုက်ပြီး ထပြန်သွားရာ ကြွက်စုတ်မှာ ဘာပြန်ပြောရမှန်းမသိဘဲ ရေနွေးကြမ်း ခွက်ကို ကိုင်ကာ ရုက္ခစိုးကို မျက်ခုံးပင့်ပြရင်း ကျန်ရစ်ခဲ့တော့သည်။ ။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/cmnat2007/September/186.html ကနေ ယူတယ်။)
Wednesday, August 29, 2007
small talk with Zinn Mel god ( part 185 )
ရန်ကုန်သားတာတေ | သြဂုတ် ၂၉၊ ၂၀၀၇
ချင်းမိုင်မြို့၏ရာသီဥတုမှာ ကျွနုပ်တို့၏ အမိမြန်မာနိုင်ငံကဲ့သို့ပင် ကောင်းလှသည်ဟူ၍မရှိ။ နေကကျဲကျဲတောက်ပူလာလိုက်၊ သဲကြီးမဲကြီး မိုးရွာချလိုက်နှင့် အပြောင်းအလဲမြန်လှသည်။
ချင်းမိုင်တွင် အပြောင်းအလဲမရှိသည်ကား မြန်မာထမင်းဆိုင်ကနေ့စဉ်ချက်သည့်ဟင်းများနှင့် ရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ် တို့၏ အပတ်စဉ်ဆွေးနွေးခန်းပင်ဖြစ်သည်။ ယခုလဲ အချိန်ကျပြန်ပြီမို့ ဆွေးနွေးခန်းစကြပြန်၏။
ရုက္ခစိုး။ ။ ဟေး … ကြွက်စုတ်နဲ့ ဖိုးရှုပ်တို့ပါလားကွ။ ဆိုင်ကယ်မပါ လမ်းလျှောက်လာကြပုံထောက်တော့ မင်းတို့လဲ ပြည်တွင်းက လမ်းလျှောက်ဆန္ဒပြသူတွေကို လေးစားထောက်ခံသောအားဖြင့် လမ်းလျှောက်လာတယ် ပေါ့လေ။
ကြွက်စုတ်။ ။ သရီးအင်ဝမ်း … တချက်ခုတ် သုံးချက်ပြတ်ပေါ့ ဦးရုက္ခစိုးရာ … ဟဲဟဲဟဲ။ ကျနော့်ဆိုင်ကယ် ပျက်နေ တာကတကြောင်း၊ လကုန်ရက်ကနီးပြီး ဘိုင်ပြတ်နေတော့ ကားလဲမစီးနိုင်တာကနောက်တကြောင်း၊ အဲ နောက်ပြီး လမ်းလျှောက်သူများကို လေးစားတာကလဲတကြောင်း၊ အဲဒီအကြောင်းတွေပေါင်းလိုက်တော့ လမ်းလျှောက်ဖို့ရာ အကြောင်းဖန်လာကြောင်းပါ ခင်ဗျ။
ရုက္ခစိုး။ ။ အဲဒီလမ်းလျှေက်ပွဲတွေကိုလုပ်တဲ့စိတ်ကူးကတော့ လှသဟေ့။ ကာနယ်ကြည်မောင်ကြီး နှစ်ပတ်လည် ဆွမ်းကျွေးပွဲကတည်းက ၈၈ ကျောင်းသားတွေဖဲကြိုးဖြတ်လိုက်တဲ့ပွဲက နေ့တိုင်းလိုလို လှုပ်ရှားမှုတွေကမပြတ်ပဲဟေ့။
ကြွက်စုတ်။ ။ ဟုတ်တယ်ဗျ။ နအဖ ငှားထားတဲ့ နေ့စား အပေအတေတွေနဲ့ ရက်ရက်စက်စက် အကြမ်းဖက် ဖြိုခွဲနေတဲ့ကြားကကို ဆန္ဒပြပွဲတွေက ရပ်မသွားတဲ့အပြင် တဗိုလ်ဆင်း တဗိုလ်တက်ဆိုသလို လျှောက်လိုက်ကြတာများ အခုဆို နယ်တွေမှာတောင် လမ်းလျှောက်ပွဲတွေလုပ်နေကြပြီဗျ။
ဦးရုက္ခစိုးနှင့် ကြွက်စုတ်တို့ စကားအတိုင်အဖောက်ညီနေကြစဉ် ဖိုးရှုပ်ကလည်း မီဒီယာ၏ အခန်းကဏ္ဍကို ၀င်ပြောလေ၏။
ဖိုးရှုပ်။ ။ ဒီဆန္ဒပြပွဲတွေမှာ မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုလဲ မေ့ထားလို့မရဘူးခင်ဗျ။ ဆန္ဒပြပွဲနဲ့ဆိုင်တဲ့ သတင်းအချက် အလက်တွေ၊ ဓာတ်ပုံနဲ့ ဗီဒီယိုမှတ်တမ်းတွေကို မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာကသိအောင် စက္ကန့်၊ မိနစ်နဲ့အမျှ အပ်ဒိတ်လုပ်ပေးနေကြတာကိုး။
ဖိုးရှုပ်ကကြော်ငြာထိုးနေသောကြောင့် ဦးရုက္ခစိုးမှာ စိတ်အချဉ်ပေါက်လာ၏။
ရုက္ခစိုး။ ။ စက္ကန့်အမျှ အပ်ဒိတ်လုပ်တာလဲကောင်းပါရဲ့ မောင်ရယ်။ မောင်ရင်တို့မီဒီယာတွေက တခုခု ကြားတိုင်း အပ်ဒိတ်လုပ်ရတော့ သတင်းတွေဘယ်လောက်ခိုင်မာတယ်ဆိုတာကို ကွန်ဖန်းလုပ်ချိန်တောင် မရဘူးထင်ပါရဲ့။ သတင်းတခုတည်းကိုပဲ ဌာနတခုကိုတမျိုးစီဖြစ်နေကြတယ်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်းဗျာ … မီဒီယာတွေက ကျနော်တို့ကို အရသာစုံစုံလင်လင် စားသုံးစေချင်လို့ မူကွဲလေးတွေ တပွဲပြီးတပွဲ ကျွေးနေတာဗျ။ အခုဆို ရန်ကုန်မှာ ၂၂၊ ၂၃၊ ၂၄ သုံးရက်စာ ဆန္ဒပြပွဲတွေကို ဗီစီဒီ တချပ်စာစုထားတဲ့အခွေ တိုးတိုးတိတ်တိတ်ဝယ်လို့ရနေပြီဗျ။ အဲဒါ မီဒီယာတွေရဲ့ကျေးဇူးပဲမဟုတ်လား ဟဲဟဲဟဲ။
ဖိုးရှုပ်။ ။ ပြောထားဦးပေါ့ကွာ … ဘေးထိုင်ဘုပြောရတာလွယ်ပါတယ်ကွ။ တကယ်လက်တွေ့လုပ်တဲ့အခါ ဘယ်လို အခက်အခဲတွေရှိတယ်ဆိုတာကိုတော့ အဲဒီအပြောသမားတွေ မသိနိုင်ဘူးကွ။
ရုက္ခစိုး။ ။ မောင်ဖိုးရှုပ်က မီဒီယာတန်ခိုးနဲ့ တို့ကိုစိတ်ဆိုးနေပြန်ပြီ။ အခုလိုအချိန်မျိုးမှာ စိတ်ဝမ်း မကွဲသင့်ဘူးကွ။ ကဲပြောကြပါဦး ထူးတာလေးတွေ။ လောင်စာဆီဈေးကျဖို့ ဆန္ဒတွေဒီလောက်ပြနေကြတော့ အကျိုးဆက်က ဘယ်လိုတုန်း။ အာဏာပိုင်က ဆီဈေးပြန်ချပေးမယ့် အရိပ်အယောင်လေး မပြဘူးလား။
ကြွက်စုတ်။ ။ ဆီဈေးကျ မကျတော့မသိဘူးဗျာ ကားဈေးတွေကျသွားတာတော့ အမှန်ပဲဗျ။
ရှုက္ခစိုး။ ။ လူတွေလဲ အများကြီး အချုပ်ကျကုန်ကြတယ်မဟုတ်လား။
ဖိုးရှုပ်။ ။ ကားဈေးသာကျတာ ကုန်ဈေးနှုန်းကတော့ ကမ္ဘာ့အရပ်အရှည်ဆုံးလူသားကိုတောင်ကျော်သွားပြီ။ တကယ်ဆို မြန်မာ့ကုန်ဈေးနှုန်းကို ဂင်းနစ်မှတ်တမ်းမှာ ထည့်သင့်နေပြီကွ။
ရုက္ခစိုး။ ။ အဲဒါလဲမဖြစ်သေးဘူးကွ။ မြန်မာပြည်ကုန်ဈေးနှုန်းဆိုတာက မျောက်များလို … ဘယ်တော့မှ အငြိမ်မနေဘူး။ အမြင့်ကို ပြေးပြေးတက်နေတာကွ။ တော်ကြာ ဂင်းနစ်မှတ်တမ်းလဲ မင်းတို့သတင်းတွေလို မြန်မာ့ကုန်ဈေးနှုန်းကို နေ့တိုင်းအပ်ဒိတ်လုပ်နေရဦးမယ်။
ကြွက်စုတ်။ ။ ဖိုးရှုပ်ကြည့်ရတာ အခုတလော ညအိပ်ရာဝင်ရင် ဘုရားမရှိခိုးဘူးထင်တယ်။ တချိန်လုံး ဦးရုက္ခစိုး အပြောမလွတ်ဖြစ်နေတယ်။
ဖိုးရှုပ်။ ။ ဘုရားမရှိခိုးလို့မဟုတ်ဘူးဟေ့ … မနေ့ညက ညောင်ပင်ဘက်ကို ခြေဆင်းပြီးအိပ်မိလို့ဖြစ်တာ … သိပြီလား။
ရုက္ခစိုး။ ။ ညောင်ပင်အောက် ရှုးရှုးပေါက်မိတယ်လို့ မပြောတာကိုဘဲ ကျေးဇူးတင်လှပါပြီ မောင်ရယ်။
ဖိုးရှုပ်နှင့် ဦးရှုက္ခစိုးတို့ စကားနိုင်လုနေပုံကို ကြွက်စုတ်က စိတ်မရှည်တော့သဖြင့် …
ကြွက်စုတ်။ ။ ကဲပါဗျာ … ကလေးမဟုတ် သူငယ်မဟုတ် စကားနိုင်လုနေကြပြန်ပြီ။ အဓိပ္ပာယ်ရှိတဲ့ စကားလေးများလည်း ပြောကြပါဦးလား။
ရုက္ခစိုး။ ။ ငါကလည်း အဲဒါပြောမလို့ဘဲ။ လမ်းလျှောက်ပွဲတွေကလဲ ဆက်တိုက်ဖြစ်နေတယ်။ စွမ်းအားရှင်တွေကလည်း လူမဆန်ကြဘူးဆိုတော့ ရှေ့ဆက်ပြီး ဘယ်လိုလုပ်ကြမလဲ။ ဒီအတိုင်းသာဆိုရင် တို့လူတွေလဲ ကားပေါ်ပစ်တင်ခံရတာနဲ့ပဲ ကုန်သွားနိုင်တယ်နော်။
ဖိုးရှုပ်။ ။ နိုင်ငံရေးအုပ်စုတစုက ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြမယ်၊ အဲဒါကိုအကြမ်းဖက်ခဲ့ရင် လက်တုံ့ပြန်မယ်။ လူဖြစ်ဖြစ်၊
ရုပ်ဝတ္ထုဖြစ်ဖြစ် ဘာကိုမှသည်းမခံဘူး၊ ပြည်သူတွေလဲ အဲဒီလိုစိတ်ထားဖို့ စာထုတ်ထားတယ်ဗျ။
ရုက္ခစိုး။ ။ ကောင်းတယ်ဟေ့ … အဲဒိ သခင်အားရ ကျွန်ပါးဝတဲ့ကောင်တွေကို တွေ့ရာနေရာမှာ အပြတ်ဆော်ဖို့ ငါ့ရဲ့ ရုက္ခစိုးရဲဘော်တွေကိုလည်း တပ်လှန့်ထားလိုက်မယ်။
ရုက္ခစိုးကြီး၏စကားကြောင့် ကြွက်စုတ်နှင့် ဖိုးရှုပ်တို့မှာ အလွန်ပင်အံ့သြသွားလေ၏။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးက ဘယ်တုန်းက ရုက္ခစိုးယူနီယံကို ဖွဲ့လိုက်တာလဲ။
ဖိုးရှုပ်။ ။ အေးလေ။ ကျနော့်ကိုလည်း ပြည်တွင်းရုက္ခစိုးတွေကို အင်တာဗျူးလို့ရအောင် ဖုန်းနံပါတ်လေး ဘာလေး ပေးထားမှပေါ့။
ရုက္ခစိုး။ ။ ဒါကတော့ကွာ လျှို့ဝှက်အပ်တဲ့ကိစ္စမျိုးဆိုတာ ဘယ်လောက်ပဲခင်ခင် မပြောရဘူးကွ။ ငါက ဘုရားလောင်း မဟော်သဓာထုံး နှလုံးမူထားတာကွ။ ဟိုတလောက ပြည်တွင်းကိုသွားတာလဲ ငါ့လူ … အဲ ငါ့ရုက္ခစိုးတွေနဲ့
အစည်းအဝေးသွားလုပ်တာလေ။ အခုဖြစ်တဲ့ ဆန္ဒပြပွဲတွေကို အာရုံရလို့ကွ။
ရုက္ခစိုးကြီး လေထွားနေသည်ကို သူကောင်းသားနှစ်ယောက် အမြင်ကပ်နေကြပြီ။ လတ်တလောဖြစ်ပေါ်နေသည့် လှုပ်ရှားမှုများကိုပင် အာရုံရသည်ဟု ပြောလိုက်သေးသည်။ ဒီရုက္ခစိုး ဆုံးမမှဖြစ်တော့မည်ဟူသည့်သဘောဖြင့် တယောက်နှင့်တယောက်ကြည့်ကာ …
ကြွက်စုတ်။ ။ ဦးရုက္ခစိုးက ပြည်တွင်းလုပ်ငန်းလုပ်တာ မကြာသေးဘူးထင်တယ်။ မဟော်သဓာထုံးသာ ပြောတယ် အစည်းဝေးလုပ်တာတွေ၊ လှုပ်ရှားမှုကိုကြိုသိတာတွေနဲ့ ယူဂျီတကယ်လုပ်မယ်ဆိုရင် စည်းကမ်းရှိရတယ်ဗျ။
ဖိုးရှုပ်။ ။ အေးလေ … အထဲက ရုက္ခစိုးတွေကို ပြန်ချဖို့ တပ်လှန့်ထားတာတောင်ပါသေးတယ်။ စစ်အစိုးရက ရုက္ခစိုးတွေ၊ နတ်စိမ်းတွေလဲ ချမ်းသာပေးမှာမဟုတ်ဘူးနော်။ သူတို့ကလည်း အနော်ရထာထုံး နှလုံးမူထားတာ။ လူထားတဲ့အချုပ်တွေ အပြင် နတ်လှောင်ကျောင်းပါ ဆောက်ထားတယ်ဗျ။ ကျနော့်အထင်တော့ ချင်ဗျားတို့ကိစ္စကို စစ်တပ်ကကြိုသိ နေပြီထင်တယ်။
ကြွက်စုတ်။ ။ အနည်းဆုံးတော့ အဲဒီရုက္ခစိုးတွေနေတဲ့သစ်ပင်တွေ အခုတ်ခံရနိုင်တယ်။ နောက်ပြီး … … … … … … … …။ … … … … … … … …။
ရုက္ခစိုးသိလိုက်ပြီ။ ၎င်းပိုပြောလိုက်သည်ကို သူကောင်းသားနှစ်ယောက်က အပီအပြင်တွယ်နေကြပြီ။ သူတို့၏ဂွင်ထဲတွင် ကားယားကြီးမိနေပြီ။ မည့်သို့တုံ့ပြန်ရမည်ကို အကြံထုတ်မရ တေမိမင်းသား နှလုံးမူကာ ဆွံ့အနေရလေတော့သည်။
(ဘလော့ဂါမှတ်ချက် - ဒီသတင်းကို http://www.irrawaddy.org/bur/cmnat2007/August/185.html ကနေ ယူတယ်။)
Wednesday, August 22, 2007
small talk with Zinn Mel god ( part 184 )
ရန်ကုန်သားတာတေ | သြဂုတ် ၂၂ ၊ ၂၀၀၇
ချင်းမိုင်၌ လွန်ခဲ့သည့် ရက်များက နံနက် သို့မဟုတ် ညနေပိုင်းတွင် မိုးမနည်းမများ ရွာတတ်သော်လည်း ယနေ့တွင် ရာသီဥတုက ကြည်လင်နေသည့်အတွက် နံနက်စောစောကပင် ချင်းမိုင်သားများသွားလာနေကြ သည်။
ဒွိုင်ဆူထေ့တောင်သည်လည်း သာသာယာယာဖြစ်လို့နေသည်။ ထိုသို့ သောအခြေအနေတွင် ရုက္ခစိုး တဦးတည်း တောင်အောက်သို့ လမ်းလျှောက်ဆင်းလာခဲ့သည်။
ရုက္ခစိုး၏ ခေါင်းထဲတွင်တော့ မြန်မာပြည်တွင်း၌ ပြီးခဲ့သည့် ရက်ပိုင်းတွင် စစ်အစိုးက လောင်စာဆီဈေး တိုးမြှင့် လိုက်မှု ကြောင့် လူအများ အခက်အခဲအကြပ်အတည်းဖြစ်နေသည့် ပြဿနာ ဖြေရှင်းရေးလှုပ်ရှားမှုများက ရောက်ရှိလို့နေသည်။ ရာသီ ဥတုက ကြည်လင်သာယာသော်လည်း သူ့မှာ သာယာမှုမရှိပါ။
ယခု လမ်းလျှောက်လာခြင်းသည်ပင် အကြောင်းမဲ့မဟုတ်….
ထိုစဉ် သူကောင်းသား နှစ်ယောက်နှင့် လမ်းခုလတ်တွင်ဆုံတော့သည်။
ကြွက်စုတ်။ ။ ဟာ ဦးရုက္ခစိုး…ကျနော်တို့နဲ့ လွဲအောင်လို့ တမင် တောင်အောက်ကိုကြိုပြီး လမ်းလျှောက် ဆင်းလာတာလား…
ကြွက်စုတ်က မြင်မြင်ချင်း ရုက္ခစိုးကို ထေ့သလိုငေါ့သလို ပြောဆိုလိုက်သည်ကို ရုက္ခစိုးကလည်း ချက်ချင်းပင် ပြန်ပြောလိုက်သည်။
ရုက္ခစိုး။ ။ ဟေ လွဲအောင်လို့ ဟုတ်လား…ငါ့ကို မင်းတို့လိုများ သောက်တလွဲမှတ်နေလို့လား…ငါ အခု လမ်းလျှောက် ဆင်းလာတာ မင်းတို့ကို စောင့်ရတာ စိတ်မရှည်လို့ ဆင်းလာတာကွ…
ရုက္ခစိုး၏ မာကျောသည့် လေသံကြောင့် ဖိုးရှုပ်က ၀င်၍ လေပြည်ထိုးလိုက်သည်။
ဖိုးရှုပ်။ ။ ကျနော်တို့က မသိလို့ပါ ဦးရုက္ခစိုးရဲ့…ဘာဖြစ်လို့ အခုလိုမျိုး စိတ်စောနေရတာလဲ ခင်ဗျ…
ဖိုးရှုပ်၏ ရိုကျိုးစွာ ပြောဆိုလိုက်သည့် စကားကြောင့် ရုက္ခစိုး တင်းမာမှု အနည်းငယ်လျော့သွားသည်။
ရုက္ခစိုး။ ။ မင်းတို့လည်း သိတဲ့အတိုင်း…အခု ပြည်တွင်းမှာဖြစ်နေတာလေ…အစိုးရက လောင်စာဆီဈေး အဆမတန် မြှင့်တင်လိုက်လို့ လူထုမှာ ရေနစ်သူ ၀ါးကူထိုး ဆိုသလိုဖြစ်နေတာ…အဲဒီကိစ္စကွာ…
ကြွက်စုတ်။ ။ ဦးရုက္ခစိုးပြောတာ ဟုတ်ပါတယ်…ကျနော်တို့လာတာလည်း အဲဒီကိစ္စတွေကို သိမြင်သမျှ ဖလှယ်ဖို့လာတာပါ…ကိုထင်ကျော်တို့ အဖွဲ့တွေကလည်း ကုန်ဈေးနှုန်းကျဆင်းရေး ဒီနေ့ ဆန္ဒပြမယ်တဲ့…
ဖိုးရှုပ်။ ။ ဟုတ်တယ်…ဟုတ်တယ်…အာဏာပိုင်တွေက ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေ ဘာတွေနဲ့ အရင်နေ့တွေက လှုပ်ရှားသူတွေကို နှိပ်ကွပ်တယ်တဲ့…ဒိထက်လည်း ပိုနှိပ်ကွပ်ဖို့ စီမံထားတယ်တဲ့…
ကြွက်စုတ်။ ။ ဟ အဲဒီလိုနှိပ်ကွပ်ရုံတင် ဘယ်ကမလဲ…မနေ့ည သန်းခေါင်လောက် မှာ ၈၈ ကျောင်းသား ခေါင်းဆောင် တွေအပါအ၀င် လူ ၂၀ လောက်ကို စစ်အာဏာပိုင်တွေက ဖမ်းသွားတယ်လေ… လောင်စာဆီဈေး မြင့်လို့ဆန္ဒပြတာကို NC ကို နှောင့်ယှက်ဖျက်ဆီးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းတာ… လောင်စာဆီနဲ့ NC ထိပ်တိုက် တိုးမှုပဲ…
ဖိုးရှုပ်။ ။ ပြီးခဲ့တဲ့ တနင်္ဂနွေ ကလည်း ၈၈ အဖွဲ့က ဦးဆောင်ပြီးတော့ လမ်းလျှောက်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ လုပ်တယ် မဟုတ်လား…
ရုက္ခစိုး။ ။ မနေ့က လမ်းလျှောက်လှုပ်ရှားတဲ့သူတွေကို ကြံ့ဖွံ့နဲ့စွမ်းအားရှင်တွေက တုတ်တွေ ဓားတွေ လက်နက် တွေနဲ့ ပြီးတော့ ဒီနေရာကအမြန်ထွက်မသွားရင်ရိုက်သတ်မယ်လို့လည်း ခြိမ်းခြောက် နှောင့်ယှက်ကြတယ်လေ…
ကြွက်စုတ်။ ။ အံမယ်… အမျိုးသားရေး ဦးဝင်းနိုင်တို့အဖွဲ့ကိုလည်း လေးဂွတွေနဲ့ ပစ်တယ်တဲ့…“တောက်” အဲဒီ ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေက သူတို့ကို မထိသေးတော့ စွာနေတာပေါ့…သူတို့ကိုလည်း ၈၈ အရေးအခင်း တုန်းကလို ငါကတော့ ဂျင်ကလိနဲ့ ဆော်ချင်တယ်…ဘယ်က လာမှန်းမသိဘဲ…တခါတည်း မာလကီးယားသွား မယ်…
ဖိုးရှုပ်။ ။ ဟာ…အဲဒီလိုလုပ်ရင် မင်းအကြမ်းဖက်သမားဖြစ်သွားမှာပေါ့…အခု အကြမ်းမဖက်ရေးမူနဲ့ လုပ်နေတာ တောင် စစ်အစိုးရက အကြမ်းဖက်သမားတွေလို့ စွပ်စွဲနေတာ…
ကြွက်စုတ်။ ။ သူများကို သာ စွပ်စွဲနေတာ…သူတို့ကျတော့ အကြမ်းဖက်ရုံတင်မကဘူး…အောက်လမ်းနည်း… အထက်လမ်းနည်း…နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတာ ဘယ်လောက်ကြာပြီလဲ…
ဖိုးရှုပ်။ ။ ကြာလည်း ဘယ်တတ်နိုင်မှာလည်း ငါ တို့က ဘာတတ်နိုင်မှာမို့လို့လဲ…ငါတို့ ချမှတ်ထားတဲ့ လမ်းစဉ် မဟုတ်ဘူးလေ…အဲဒီ အကြမ်းဖက်နည်းကတော့ နိုင်ငံတကာကလည်း လက်မခံဘူးကွ…
ကြွက်စုတ်။ ။ ဟင် အဲဒီ နိုင်ငံတကာ လူတတ် ပညာရှင်တွေပဲ ပြောတာမဟုတ်ဘူးလား…ပါဝါဘဲလင့်စ် အင်အား ချိန်ခွင်ရှာ ညီမျှမှ လေးစားတာဆို…ငါ ကတော့ ဒါ အကြမ်းဖက် သောင်းကျန်းတာမဟုတ်ဘူး…တော်လှန်ရေး တရပ်လို့ပဲထင်တယ်…
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ၂ ဦး မမျှော်လင့်ဘဲ စကားထများနေကြသောကြောင့် ရုက္ခစိုးလည်း မင်တက်မိနေရာမှ အခြေအနေပိုဆိုးလာမည်ကို စိုးရိမ်သည့်အတွက် ၀င်ထိန်းလိုက်ရသည်။
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ…ဟေ့ကောင်တွေ…တော်ပြီ…တော်ပြီ…မင်းတို့ စကားများနေတာနဲ့ စကားလမ်း ကြောင်း က ဘယ်ရောက်သွားမှန်းမသိတော့ဘူး…ငါ အခုမှ သတိရတယ်ဟေ့…တောင်ပေါ်ပြန်သွားပြီး အီးမေးလ် ချက်ရမယ်ကွ...ပြည်တွင်းမှာ ဘာဖြစ်နေသလဲလို့ သိရအောင်…
သို့ဖြင့် ဖိုးရှုပ်နှင့်ကြွက်စုတ်တို့ ၂ ဦး ယာယီစစ်ပြေငြိမ်းသွားပြီး ရုက္ခစိုးနှင့်အတူ တောင်ပေါ်တက်လိုက်လာကြ သည်။
ရုက္ခစိုးက သူ့ ဗိမာန် ညောင်ရိပ်ရောက်သည်နှင့် ကွန်ပျူတာနှင့် အလုပ်ရှုပ်ပြတော့သည်။
ရုက္ခစိုး။ ။ ဟာ ဟေ့ကောင်တွေ ဒီမှာ ကြည့်စမ်း…ဓာတ်ပုံပါ ပို့လိုက်တယ်…ရန်ကုန်မှာ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြ လမ်းလျှောက်တာတွေ…တောက်…ငါ တောင် ရန်ကုန်ကို ပြန်လိုက်ချင်တယ်ကွာ…
ကြွက်စုတ်။ ။ ဦးရုက္ခစိုးက စိတ်လောနေပြန်ပြီ အဲဒီလိုမျိုးနဲ့ ပြန်သွားလို့ကတော့…အရိုက်ခံရမလား… အဖမ်းခံရ မလားဘဲ… အီးမေးလ်ကို အသေအချာဖတ်ကြည့်ပါဦး…ဒီနေ့အဖမ်းခံရတဲ့သူတွေ ၁၅၀ ကျော်ရှိတယ်တဲ့… မနေ့ညက အဖမ်းခံရတဲ့ လူတွေနဲ့ဆို ၂၀၀ လောက်ရှိမယ်တဲ့…
ဖိုးရှုပ်။ ။ အင်း အောက်မှာလည်း စစ်အစိုးရ မွေးစားထားတဲ့ ကြံ့ဖွံ့တွေ စွမ်းအားရှင်တွေကလည်း ရာနဲ့ချီပြီး စောင့်ကြည့်နေတယ်တဲ့ဗျ…အရက်သမားပုံ လူမိုက်ပုံတွေတဲ့… စစ်အစိုးရက လိုတုန်းမွေးပြီးတော့ မလိုရင်တော့ အစားခံရမယ့် သူတွေလေ…
ကြွက်စုတ်။ ။ စစ်အုပ်စုက လူထုကို ဒုက္ခပေးဖို့ အဲဒီလို စရိုက်တူ ဗာလနံတွေ ကိုပဲ ဆည်းကပ်တတ်တာလေ… ဘာသာ သာသနာ တာဝန်ထမ်းသူတွေကိုတော့ နှိပ်ကွပ်တယ်…မကြာသေးဘူး ရန်ကုန်သာသနာ့ တက္ကသိုလ်နဲ့ သံလျင်က သံဃာတွေက နှိပ်ကွပ်တာ မခံနိုင်လို့ ဆန့်ကျင်ကြတယ်လေ…
ရုက္ခစိုး။ ။ အထွေထွေ မကျေနပ်မှုတွေကတော့ များလာပြီပေါ့…နီးလာပြီထင်တာပဲ…နောက်ထပ်…အုံကြွမှုကြီး တခုတော့ လာတော့မယ် ထင်တယ်…လူတွေ သတိရှိကြမှဖြစ်မယ်…
ကြွက်စုတ်။ ။ ဒါဆိုလည်း အပြင်ကနေ လျှောက်ပြောမနေနဲ့လေ…ဦးရုက္ခစိုးရယ်…ရန်ကုန်ကိုသွားချင်ဆို သွားလေ… ဖိုးရှုပ်ကို ပါခေါ်သွား…အဝေးကနေတော့ လက်သီးထောင်မနေနဲ့ပေါ့…
ဤတွင် အတိုင်အဖောက် ညီစွာပြောနေရင်း ကြွက်စုတ်က ထ ဖောက်လိုက်ပြန်ရာ ယခု တကြိမ်တွင်တော့ ကြွက်စုတ်အတွက် ဖိုးရှုပ်တွင်မက ရုက္ခစိုးပါ ပေါင်း စစ်မျက်နှာ ၂ ဘက် ဖြစ်သွားသည်။
ရုက္ခစိုး။ ။ ဟာ ဒီ ကြွက်မသားတော့ မိရင်မလွယ်ဘူးမှတ် ဒီနေ့ ဘယ်လိုဖြစ်လို့ ချိုထောင်နေသလဲမသိဘူး…
ကြွက်စုတ်မှာ ရုက္ခစိုး၏ ဒေါသ သင့်မည့်ဘေးမှ လွတ်မြောက်ရာတောင်အောက်သို့ ညောင်ရိပ်မှ အလျင်မြန်ဆုံး ခြေလှမ်းများဖြင့် ထ၍ ပြေးလေတော့သည်။ ။
(ဘလော့ဂါမှတ်ချက် - http://www.irrawaddy.org/bur/cmnat2007/August/184.html ကနေ ယူတယ်။ )
Thursday, August 16, 2007
small talk with Zinn Mel god (183)

ရန်ကုန်သားတာတေ သြဂုတ် ၁၅၊ ၂၀၀၇
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦးသည် ညောင်ပင်အောက်တွင် တောင်ကြည့်၊ မြောက်ကြည့်၊ ထိုင်လိုက်၊ ထလိုက်ဖြင့် ဂနာမငြိမ် ဖြစ်နေ၏။ ဤညောင်ပင်သို့ လေး၊ ငါးရက် ဆက်တိုက်လာခဲ့ပြီးဖြစ်သည်။ ဦးရုက္ခစိုးအား အရိပ် အရောင်မျှပင် မမြင်ရ။ အသံပြုခေါ်သော်လည်း ဘာသံမှပြန်မလာ။
ဖိုးရှုပ်။ ။ ထပ်ခေါ်ကြည့်ပဦး ကြွက်စုတ်ရာ။ ဒီနေ့ပါဆိုရင် ဦးရုက္ခစိုးကို အစအနတောင်ရှာမရတာ ၅ ရက်ရှိပြီကွ။ ဘယ်ပျောက်လို့ ဘယ်ရောက်နေပါလိမ့် …။ ခရီးများသွားနေသလားကွာ။
ကြွက်စုတ်။ ။ ငါလဲခေါ်နေတာပဲ။ ပြန်မှမထူးတာ။ မိုးတွင်းကြီး နတ်သဘင်အစည်းအဝေးတော့ လုပ်မယ်မထင်ဘူး။ နတ်သက်ကြွေပြီး ဒွေးနောက်များ လိုက်သွားလား မသိပါဘူးကွာ။ အခုတလော သွေးလွန်တုပ်ကွေးနဲ့ သွားတဲ့လူတွေက နည်းတာမဟုတ်ဘူး။
ဖိုးရှုပ်။ ။ ဒါဆိုလည်း တို့ရုက္ခစိုးကြီးအတွက် အလှူလေး ဘာလေးလုပ်ပေးရင်ကောင်းမယ်။ ဒါဆိုဒီလိုလုပ် … သန်ဘက်ခါ ဆိုရင် ရုက္ခစိုးကြီးကိုရှာမတွေ့တာ ၇ ရက်ပြည့်ပြီဆိုတော့ အဲဒီနေ့မှာ ချင်းမိုင်ကအသိတွေကိုဖိတ်ပြီး ရက်လည်ဆွမ်းကျွေးရင် ကောင်းမယ်ကွ။
ကြွက်စုတ်။ ။ နေဦးကွ။ တို့လိုလူတွေသာ ၇ ရက်နေရင်ဆွမ်းကျွေးရတာ။ သူ့လို နတ်မဟုတ် ဘာမဟုတ် အတွက်ကျတော့ ဘယ်နှစ်ရက်နေမှကျွေးရမယ်ဆိုတာ အတိအကျသိတာမဟုတ်ဘူး။ ဒီကိစ္စမျိုး နားလည်တဲ့သူ တယောက်ယောက်ကို တိုင်ပင်ပြီးမှ စီစဉ်တာပိုကောင်းမယ်ကွ။
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ တယောက်တပေါက် ထင်ရာများကို အထက်ပါအတိုင်းပြောဆိုဆွေးနွေးနေကြစဉ် ရုက္ခစိုးကြီးက ကိုယ်ထင်မပြ အသံဝါကြီးသာ ရုတ်တရက်ထွက်ပေါ်လာ။
ရုက္ခစိုး။ ။ ဟိတ်ကောင်တွေ၊ မင်းတို့ ငါ့ကိုဘာတွေမကောင်းကြံနေတာလဲကွ။ ဆန်ကောလောက်မှ ဇောက်မနက်တဲ့ မင်းတို့ဉာဏ်တထွာတမိုက်နဲ့ ငါ့ကိုညောင်ပင်က နှင်ထုတ်ဖို့ တိုင်ပင်နေကြတယ်ပေါ့လေ။ ရမယ်ထင်ရင် လုပ်ကြည့်ကြဟေ့ … ဟားဟားဟား …။
ရုက္ခစိုးကြီး၏အသံကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ရုတ်တရက် နတ်စိမ်းအခြောက်ခံရသည်ဟုယူဆကာ သေးပါမတတ် ကြောက်နေကြလေသည်။
ဖိုးရှုပ်။ ။ အမှားပါရင်ခွင့်လွှတ်ပါ ရုက္ခစိုးမင်းရယ်။ အမိုက်အမဲလေးတွေကို ခွင့်လွှတ်တော်မူပါ။ ကျနော်မျိုးတို့က ကောင်းမယ်ထင်လို့ ပြောမိတာပါ။ ရုက္ခစိုးမင်း မကြိုက်ရင်လဲ နောက်မပြောတော့ပါဘူး ခင်ဗျာ။
ထိုအခါမှ ရုက္ခစိုးကြီးက ဖိုးရှုပ်နှင့် ကြွက်စုတ်တို့အနီးတွင် ကိုယ်ထင်ပြလေ၏။ သူကောင်းသားနှစ်ယောက်ကား ရဲရဲပင် မကြည့်ရဲ။
ရုက္ခစိုး။ ။ လက်စသတ်တော့ ပုဂ္ဂိုလ်တွေက ဗန္ဓုလသွေးပြနေကြတာကိုး … ဟားဟား … ဘာလို့ ဒီလောက်တောင် ကြောက်တာလဲ။ ငါမသေသေးပါဘူးကွ။ မင်းတို့သတ္တိကိုစမ်းချင်လို့ တမင်လုပ်တာပါကွ။
ကြွက်စုတ်က အကြောက်မပြေသေးသည့် မျက်နှာငယ်ဖြင့် …
ကြွက်စုတ်။ ။ ဒါဆိုလဲပြီးတာပဲဗျာ။ ပြောဆိုနေကြရင်းက ရုတ်တရက်ရုပ်မပေါ်ဘဲ အသံနက်ကြီး ထွက်လာတော့ လန့်သွားတာပေါ့။ ကျနော်မကြောက်တတ်ပါဘူးဗျ။
ရုက္ခစိုး။ ။ မကြောက်တတ်လို့တော်သေးတာပေါ့။ ကြောက်တတ်လို့ကတော့ အီးထွက်ပြီး သေသွားမလားဘဲ။
ဖိုးရှုပ်။ ။ ဒါနဲ့ ဦးရုက္ခစိုးက ခေါ်မကြား အော်မကြားနဲ့ ဘယ်လိုဖြစ်နေတာလဲဗျ။ ကျနော်တို့ ဒီကိုလာတာ နေ့တိုင်းပဲ။ ကြာလာတော့ ကျနော်တို့က မင်းသားဒွေးကိုမခွဲနိုင်လို့ လိုက်သွားတယ်ထင်တာပေါ့။
ရုက္ခစိုး။ ။ မင်းသားနောက်လိုက်တာမဟုတ်ဘူးဟေ့၊ မင်းဂျီးတော်နောက်ကို လိုက်သွားတာကွ။
ဖိုးရှုပ်။ ။ ကျနော့်ဂျီးတော်က အသက်ကြီးနေပါပြီ။ လိုက်ချင်လဲ လိုက်သွားပေါ့ဗျာ။
ကြွက်စုတ်။ ။ ဦးရုက္ခစိုး ဘယ်ရောက်နေတယ်ဆိုတာ ပြောဦးလေဗျာ။
ရုက္ခစိုး။ ။ ဟဲဟဲဟဲ … မှန်ပြောင်းနဲ့ မြန်မာပြည်ဘက်ကိုကြည့်နေရာက ဟိုဘက်ကူးချင်စိတ်တွေ တဖွားဖွား ပေါ်လာလို့ ခဏတော့သွားမဟဲ့ဆိုပြီး အသာလေး ကိုယ်ရောင်ဖျောက်ပြီးကူးသွားရင်းက ကြာနေတာ။ မင်းတို့ဂျီးတော်တွေလည်း နေကောင်းကြပါတယ်။ အစိုးရနှိပ်စက်လို့ အတော်တော့ အိုစာသွားကြတယ်ကွ။
ဖိုးရှုပ်။ ။ ဒါဆိုလဲ ပြောပြပါဦှးဗျာ … အဲ ဂျီးတော်အကြောင်းတော့ တော်လောက်ပြီထင်ပါတယ်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုး … ဟိုညီလာခံကို ရောက်ခဲ့သေးလားဗျ။
ရုက္ခစိုး။ ။ ရောက်တာပေါ့ကွ။ ဒါပေမယ့် စစ်ဝတ်စုံဝတ်ထားတဲ့ဘီလူးကြီးတွေ အ၀မှာအစောင့်ချထားလို့
အစည်းဝေးခန်းထဲ မရောက်ခဲ့ဘူး။ ငါလည်း ဒေသခံရုက္ခစိုးလိုလို ဘာလိုလိုနဲ့ မယောင်မလယ် ပြန်လစ်လာရတယ်။
ဖိုးရှုပ်။ ။ ပြည်သူတွေရဲ့ အခြေအနေကဘယ်လိုလဲဗျ။ မြင်ခဲ့တဲ့ပုံစံအတိုင်းလေးကို ဖောက်သည်ချပါဦးဗျ။
ဖိုးရှုပ်က ရိုးရိုးနားမထောင်ဘဲ ပြောမည့်သူ မေတ္တာပျက်အောင် လျှာရှည်လိုက်၏။
ရုက္ခစိုး။ ။ လူထုတွေကတော့ သနားစရာပါကွာ၊ နေ့စဉ်ရုံးကန်လှုပ်ရှားနေကြတာ မစားသာကြပါဘူး။ မြင်ရသမျှတွေက စိတ်မချမ်းသာစရာတွေပါ။ ကြံ့ဖွံ့တွေကတော့ ရန်ကုန်မှာ ဆိုင်ကယ်တွေတ၀ူးဝူးနဲ့ မင်းမူနေကြတာပေါ့။
ကြွက်စုတ်။ ။ ရုက္ခစိုးကြီး ရန်ကုန်တမြို့တည်းရောက်ခဲ့တာပေါ့။
ရုက္ခစိုး။ ။ ဘယ်ဟုတ်မလဲကွ။ မန္တလေးမှာ ဇရပ်တခုရေစက်ချပွဲ အငြိမ့်ကမယ်ကြားလို့ သွားလိုက်သေးတယ်။
ကြွက်စုတ်။ ။ အငြိမ့်မင်းသမီး ကြာပစ်တာကို အရသာခံမယ်ပေါ့လေ။
ရုက္ခစိုး။ ။ မဟုတ်ပါဘူးကွာ။ လူရွှင်တော် ပျက်လုံးထုတ်တာကြည့်ချင်လို့ပါ။ ဒါပေမယ့်မကြည့်ခဲ့ရဘူးကွ။ ကမယ့် လူရွှင်တော်တွေက နှုတ်ခမ်းမွေး ဦးပါပါလေးတို့ ညီအကိုတွေနဲ့အဆက်အသွယ်ရှိနေတယ်။ ဒီပွဲမှာ ဦးပါပါလေးတို့တွေ နောက်ကွယ်မှာရှိနေတယ်ဆိုပြီး ပွဲကခွင့်ပိတ်လိုက်တာကွ။
ဖိုးရှုပ်။ ။ ဒါပေမယ့် မန္တလေးမှာ ကြံ့ဖွံ့က မန္တလေးတိုင်းစ်ဆိုပြီး ဂျာနယ်ထုတ်ဖို့ ပါမစ်ရသွားပြီလို့ကြားတယ်ဗျ။ ပြည်တွင်းက ကျနော့်အသိဂျာနယ်လစ်တယောက်ကတော့ အဲဒီဂျာနယ်ထွက်လာရင် အပြင်အဆင်ကအစ တောပုံကြီးထွက်လာလိမ့် မယ်လို့ နိမိတ်ဖတ်နေလေရဲ့။
ကြွက်စုတ်။ ။ သူတို့က ဘယ်တုန်းကဂျာနယ်ထုတ်ခွင့်တင်လို့ ပါမစ်ရသွားတာလဲ။ သူ့အရင် လျှောက်ထားတဲ့သူတွေ ကျတော့ အခုအထိ ပါမစ်မရကြဘူးမဟုတ်လား။
ရုက္ခစိုး။ ။ မောင်ကြွက်စုတ်ရယ် … မင်းတို့အစိုးရအကြောင်း မောင်ရင်တို့အသိဆုံးမဟုတ်လား။ ဘာလို့များ ဟိုလူ့ကျမပေး၊ ဒီလူ့ပေးတွေပြောနေရတာလဲ။ သူပေးချင်တဲ့သူကိုပေးနေကျမဟုတ်လား။ ဒီကနေ့ ရန်ကုန်က ပြန်ခါနီး မြင်ခဲ့ရတဲ့မြင်ကွင်းကတော့ အရမ်းထူးခြားတယ်ဟေ့။
ဖိုးရှုပ်။ ။ ဘာများလဲဗျ …။
ရုက္ခစိုး။ ။ ဓာတ်ဆီဈေး၊ ဒီဇယ်ဈေးတွေ ၂ ဆတက်သွားလို့ လမ်းမတွေမှာ ကိုယ်ပိုင်ကား၊ လိုင်းကား ဘာကားမှ မမြင်ရဘူး။ ကားဂိတ်တွေမှာတော့ လူတွေ တောင်ပုံ ရာပုံ ပုံနေကြတာ မပြောပါနဲ့ကွာ။ ကားခတွေလည်း နေ့တွင်းချင်း နှစ်ဆတက်သွားတယ်ကွ။
ကြွက်စုတ်။ ။ အဲဒီတော့ ဦးရုက္ခစိုးပြန်လာတော့ ကားခဘယ်လောက်ပေးခဲ့ရတုန်း။
ရုက္ခစိုး။ ။ ငါက ကိုယ်ဖျောက်ထားတဲ့ ရုက္ခစိုးလေကွာ။ ပေးစရာဘယ်လိုမလဲ။
ဖိုးရှုပ်။ ။ ဒါဆိုရင် ဦးရုက္ခစိုးက ကားခိုးစီးပြီး ပြန်လာတာပေါ့နော် … ဟဲဟဲ။
ကြွက်စုတ်။ ။ ကောင်းပါရဲ့ဗျာ။ အခုလို မရောက်တာကြာပြီးဖြစ်တဲ့ စာဥတို့ရွာ အဲ … မွေးဌာနေကို တခါတခေါက် အရောက်သွားနိုင်ခဲ့တယ်ဆိုတော့။ ကျနော်တို့ကလည်း မစားရအညှော်ခံ ၀မ်းသာကြောင်းပါ။ ဒါပေမယ့် မေးစရာလေး တခုတော့ရှိတယ်ခင်ဗျ။ သံဃာတွေကိုတော့ အခုလို ၀ါတွင်းအခါမှ ခရီးမထွက်ဖို့ မြတ်စွာဘုရားက ဟောခဲ့တယ်လို့ ကြားဖူးပါရဲ့။ ရုက္ခစိုးတွေကျတော့ ခရီးထွက်ခွင့် ရတယ်ဆိုတဲ့သဘောလားဗျ။
ရုက္ခစိုး။ ။ ဒါကတော့ ဟဲဟဲဟဲ … မင်းပြောမှသတိရတယ်။ စောစောကမင်းတို့ပြောသလို ရုက္ခစိုးတွေ ဘ၀ပြောင်းသွားရင် ဘယ်နှစ်ရက်နေမှ ဆွမ်းကပ်ရတယ်ဆိုတာကို မေ့နေသလိုပေါ့ကွာ။ ငါတို့ရုက္ခစိုးတွေ ၀ါတွင်းမှာ ခရီးထွက်ခွင့်ရ မရ ငါလဲ မေ့နေတယ်ကွ။ နောက်တခါ နတ်သဘင်ညီလာခံရောက်တဲ့အခါကျမှ ငါ့ထက်ရာထူးကြီးတဲ့ ပုဂ္ဂိုလ်တွေကို မေးကြည့် လိုက်ဦးမယ် ဟဲဟဲဟဲ …။
(ဘလော့ဂါမှတ်ချက် - http://irrawaddy.org/bur/cmnat2007/August/183.html ကနေ ယူတယ်။)
Thursday, August 9, 2007
talk with Zinn Mel god - part 182

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၂)
ရန်ကုန်သားတာတေ သြဂုတ် ၈၊ ၂၀၀၇
ငါ့ကို အီးမေးလ်နဲ့
ပို့လိုက်တာ….မင်း မသိသေးဘူးလား… (ရုက္ခစိုး၏ အပြောက သူ အင်တာနက် အီးမေးလ်
ကျယ်ကျယ်ပြန့်သုံးနေသည်ကို သိသာစေချင်သည့် သဘောလည်း ပါသည်)
ယနေ့သည် မြန်မာ့သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီး၏ ၁၉ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်သည့်အား လျော်စွာ မြန်မာပြည်တွင်းနှင့် ကမ္ဘာတ၀န်းတွင်ရောက်ရှိနေသော ဒီမိုကရေစီလိုလားသည့် မြန်မာနိုင်ငံသားများက အထိမ်းအမှတ် လှုပ်ရှားမှုများပြုလုပ်နေကြသည်။
ထိုင်းနိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကလည်း ရှစ်လေးလုံးအထိမ်းအမှတ်ပွဲ တချို့ပြုလုပ်နေ ကြရာ ကြွက်စုတ်တယောက်မှာလည်း တက်ကြွနေသည်။
ယခုလည်း ဖိုးရှုပ်ကိုပင် မစောင့်တော့ဘဲ ရုက္ခစိုးရှိရာ ဒွိုင်ဆူထေ့ တောင်ပေါ်သို့ ကြွက်စုတ်တဦးတည်း တက်လာ ခဲ့သည်။
ကြွက်စုတ်က တောင်ပေါ်သို့အရောက် ညောင်ရိပ်ကို လှမ်းကြည့်လိုက်ရာ စာတစောင်ကို စူးစိုက်စွာ ဖတ်ရှု နေသည့် ရုက္ခစိုးကို မြင်ရသည်။
ကြွက်စုတ်။ ။ ဗျိုး…ဦးရုက္ခစိုး…ဘာစာတွေများ သဲကြီးမဲကြီး ဖတ်နေရတာလည်းဗျ…ကျနော်လာတောင်မမြင်ဘူး…
ရုက္ခစိုးက ကြွက်စုတ်ကို လှမ်းကြည့်လိုက်ပြီး လက်ယပ်ခေါ်လိုက်သည်။
ရုက္ခစိုး။ ။ အတော်ပဲ…လာဟေ့…ငါလည်း မင်းတို့ကို မျှော်နေတာ…ဖိုးရှုပ်တယောက်ရောကွ…
ကြွက်စုတ်။ ။ ကျနော် သူ့ကို မစောင့်ဘဲ တယောက်တည်းလာခဲ့တာ…ချိန်းထားတာထက် ၁၅ မိနစ်လောက် နောက်ကျပြီးမှ ဖုန်းခေါ်လာတယ်လေ…သူ သတင်းတခုအတွက် အင်တာဗျူးလုပ်နေလို့ ဆိုလား…ဒါနဲ့ ဦးရုက္ခစိုး က ကျနော်မေးတာလည်း မဖြေဘူး…အဲဒါ ဘာစာလဲ ခင်ဗျ…
ကြွက်စုတ် ပြောလိုက်တော့မှ ရုက္ခစိုး သတိရသွားသည်။
ရုက္ခစိုး။ ။ အေး…ဟုတ်သားပဲ…မေ့တော့မလို့…ဒီစာက တခြားမဟုတ်ဘူးမောင်… ၈၈ ကျောင်းသားအဖွဲ့က ထုတ်တဲ့ ဒီနေ့မှာ ကျရောက်တဲ့ ရှစ်လေးလုံးအရေးတော်ပုံ အထိမ်းအမှတ် ကြေညာချက် ကွ…ငါ့ကို အီးမေးလ်နဲ့ ပို့လိုက်တာ….မင်း မသိသေးဘူးလား…
(ရုက္ခစိုး၏ အပြောက သူ အင်တာနက် အီးမေးလ် ကျယ်ကျယ်ပြန့်သုံးနေသည်ကို သိသာစေချင်သည့် သဘောလည်း ပါသည်)
ကြွက်စုတ်။ ။ ဟုတ်ကဲ့…ရေဒီယိုမှာတော့ နည်းနည်းကြားလိုက်တယ်…ကျနော် အသေအချာမသိသေးဘူး ခင်ဗျ… ပြောပြပါဦး…
ရုက္ခစိုး။ ။ ထူးခြားတာကတော့…ဒီစတိတ်မင့်မှာ…ရှစ်လေးလုံး အရေးတော်ပုံကြီးဖြစ်ရတာ ၁၉၇၄ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ချို့ယွင်းချက်ကြောင့် ဖြစ်တယ်တဲ့ကွ…ဆိုလာတာက အဲဒီအခြေခံ ဥပဒေကိုက ပြည်သူ့ကိုယ်စား လှယ် အစစ်တွေရေးဆွဲတာ မဟုတ်တဲ့ ဥပဒေဖြစ်နေလို့ပဲတဲ့…
ကြွက်စုတ်။ ။ ဒါဆို အခုလည်း နအဖ ကျင်းပတဲ့ အမျိုးသားညီလာခံက တိုင်းပြည်ရဲ့လိုအပ်ချက်အတွက်ဆိုပြီး အခြေခံ ဥပဒေသစ်တခုကို ကပြေးဒုန်းတိုက်ရေးဆွဲနေတယ်လေ…အဲဒီမှာလည်း ပြည်သူ့ ကိုယ်စားလှယ်ဆိုတာ မပါသလောက်ဘဲ မဟုတ်လားဗျာ…
ရုက္ခစိုးက ကြွက်စုတ်၏ အလေးအနက်ပြောလိုက်ပုံကို ပြုံးကြည့်လိုက်ပြီး ပြန်ပြောသည်။
ရုက္ခစိုး။ ။ အဲဒါ ကိုလည်း ဒီ ၈၈ ကြေညာချက်ထဲမှာ ထည့်သတိပေးထားတယ်မောင်…
ထိုအချိန်တွင် ရုတ်တရက် ဖိုးရှုပ်ရောက်လာပြီး ၀င်ပြောလိုက်သည်။
ဖိုးရှုပ်။ ။ ဘာတွေ သတိပေးထားတာတဲ့လည်း ဦးရုက္ခစိုးရဲ့…
ဖိုးရှုပ် ၀င်ပြောလိုက်၍ ရုက္ခစိုးစကား ခဏရပ်သွားခိုက် ကြွက်စုတ်က ထ ပြောလိုက်သည်။
ကြွက်စုတ်။ ။ ဟာ သတင်းထောက်ချုပ်မှူးကြီးရောက်လာပလား…ကြာလှချည်လား ဘာတွေများဗျူးနေတာလဲ…
ဖိုးရှုပ်။ ။ ဗျူးတာကို နောက်မှပြောမယ်…ခုန ဦးရုက္ခစိုး စကားကို ဆက်ပါဦး…ဘာတဲ့ သတိပေးတယ်ဆိုလား…
ရုက္ခစိုး။ ။ အေး ဟုတ်တယ်…ငါ နားလည်သလို ပြောရရင်တော့…အဲဒီ ၈၈ ကျောင်းသား အဖွဲ့ရဲ့ ကြေညာချက် ထဲမှာ… နအဖ အခုရေးဆွဲနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာလည်း တဲ့ ဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေအတွက် အာမခံချက် မရှိရင်…ပြီးခဲ့တဲ့ ၈ လေးလုံး အရေးတော်ပုံကြီးနဲ့ အလားသဏ္ဍန်တူတဲ့ နောက်ထပ် အရေးခင်းတခု ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်လို့ သတိပေးထားတာကွ…
ကြွက်စုတ်။ ။ ကျနော်ကတော့… အဲဒီ အခြေခံဥပဒေတွေ ဘာတွေကို အသေအချာတော့ နားမလည်ဘူး… လူထုကို သွေးစွန်းမယ့် ကိစ္စကိုတော့ ဆန့်ကျင်တယ်ဗျာ…
ယနေ့ ကြွက်စုတ်၏ စကားပြောများထူးခြားနေသည်ကို ရုက္ခစိုးက သတိထားမိနေသည်။
ဖိုးရှုပ်။ ။ မင်းပြောတာ ငါ လည်း လက်ခံတယ်…ငါ တို့ တိုင်းပြည်က အစိုးရတွေက လူထုကို မသိကျိုးကျွံပြု အလွဲသုံးစား လုပ်နေတာ နှစ် ၅၀ လောက်တောင်ရှိတော့မယ်…အခုလည်း ငါ ဒီနေ့ အင်တာဗျူးတဲ့အထဲမှာ ဘာပါလဲ သိလား…ပြည်သူ တွေ ဆင်းရဲတွင်း နက်သထက် နက်နေတာပါတယ်…တချို့မြို့နယ်တွေမှာ ပေါင်နှံ စားစရာ ပစ္စည်း မရှိတော့လို့ အမျိုးသား မှတ်ပုံတင်ကိုတောင် နေ့မှာပေါင်သုံး ညနေ အလုပ်က ပိုက်ဆံရမှ ပြန်ရွေး လုပ်နေရတယ်တဲ့…
ရုက္ခစိုး။ ။ ဘယ် နိုင်ငံမှာမှ ငါတော့ မကြားဖူးဘူး…မှတ်ပုံတင်ပေါင်သုံး ရတဲ့အဖြစ်…ကိုယ့်နိုင်ငံအတွင်းမှာ ညကျမှ နိုင်ငံသားအဖြစ်ရသလိုဖြစ်နေတယ်…ဒါ များ ခေတ်မီဖွံ့ဖြိုး တိုးတက် တဲ့ နိုင်ငံတော်သစ်ဆီ ချီတက်နေပါတယ်… တဲ့… သူမတူအောင် စစ်တပ်အစိုးရခေတ်မှာ တိုးတက်နေပါ တယ်တဲ့…
ကြွက်စုတ်။ ။ အဲဒါ အခွင့်ထူးခံတွေနဲ့ ငဖားတွေကလည်း အဲဒီလိုပဲပြောကြတယ်လေ…နအဖ သတင်းစာတွေမှာ ပါနေကြပဲ… ဒီ ပြည်ပ ဒီမိုကရေစီ အင်အားစုတွေထဲမှာတောင် တော်လှန်ရေးကို အရသာရှိနေလို့ တော်လှန်ရေး အဓွန့်ရှည်ပါစေလို့ ဆုတောင်းနေသူတွေ ရှိတယ်ဆိုပြီးဝေဖန်သံတွေလည်း ထွက်နေတယ် မဟုတ်လား…
ဖိုးရှုပ်။ ။ အဲဒီ မြန်မာ့အရေးနဲ့ အရသာတွေ့တဲ့အထဲမှာ ဟို ကုလသမဂ္ဂက ဂန်ဘာရီဆိုတဲ့ လူကြီးလည်း အရသာ တွေ့နေပုံ ရတယ်…အခု ထိုင်းကို ရောက်နေပြန်ပြီတဲ့…ကုလ စရိတ်နဲ့ တွက်ခြေကိုက်နေသလားပဲ…
ရုက္ခစိုး။ ။ အေး…ဂန်ဘာရီပဲဖြစ်ဖြစ်…အခွင့်ထူးခံတွေပဲဖြစ်ဖြစ်…ငဖားတွေပဲ ဖြစ်ဖြစ်…ငကြွက်ပြောသလိုပဲ လူထုကို ဒုက္ခဖြစ်စေမယ့် လူတွေကို ငါ လည်း ဆန့်ကျင်တယ် ဟေ့…
ရုက္ခစိုး ၏ စကားသံကြောင့် ဖိုးရှုပ်ကပါ ကြက်သီး မွေးညင်းများထသွားသကဲ့သို့ စိတ်တက်ကြွလာကာ..
ဖိုးရှုပ်။ ။ ဟုတ်တယ်…အဲဒီလူတွေကို ကျနော်လည်း အပြတ်ဆန့်ကျင်တယ်ဗျာ…ကျရှုံးပါစေ…
ဤတွင် မမျှော်လင့်ဘဲ သုံး ဦးသား အတိုင်အဖောက်ညီသွားကြပြီး ကြွေးကြော်သံများကိုတိုင်လိုက်ကြလေတော့ သည်။
ရုက္ခစိုး + ဖိုးရှုပ် + ကြွက်စုတ် ။ ။ စစ်အာဏာရှင်နဲ့ ငဖားများ… ကျဆုံးပါစေ…ကျဆုံးပါစေ…
စစ်အာဏာရှင်နဲ့ အခွင့်ထူးခံများ…ကျဆုံးပါစေ…ကျဆုံးပါစေ…
ဒီမိုကရေစီ အရေးတော်ပုံ…
အောင်ရမည်…အောင်ရမည်…အောင်ရမည်…
ရှစ်လေးလုံးသတိ…အမြဲရှိ…
…………………………….
…………………………….
Friday, August 3, 2007
u will get half :D
တ၀က်ပဲ-ရမယ်
လေမုန်တိုင်းဒဏ်ကို ခံခဲ့ရသော ကျေးရွာတစ်ရွာတွင်ဖြစ်သည်။
ကျေးရွာရဲစခန်းအနီးတွင်နေထိုင်သော အဖွားအိုတစ်ဦးသည် အိမ်ခေါင်မိုးပျက်ဆီးသွား၍ ကြံရာမရဖြစ်ကာ သိ ကြားမင်းထံသို့ “အိမ်ပြင်ရန်အတွက် ငွေငါးသောင်းလောက်ပေးပါရန်” ဆိုသည့်စာကိုရေးပြီး စားပွဲတခုပေါ် တင်ထားလိုက်သည်။
သိကြားမင်းထံသို့ ရေးထားသောစာသည် လေပြင်းတိုက်ပြီး အနီးရှိ ရဲစခန်းထဲသို့ကျသွားရာ ရဲသားတစ်ဦးက ကောက်ရ၍ စခန်းမှူးထံသို့ ပေးလိုက်သည်။
သနားတတ်ပြီး စေတနာ သဒ္ဓါတရားထက်သန်သော ရဲစခန်းမှူးကရယ်လျှက် “ကဲ--အဖွားကြီးတော့ တော် တော်ဒုက္ခရောက်နေပြီ ငါတို့တွေစုပြီးပေးကြရအောင်” ဆိုပြီး ပိုက်ဆံကောက်ရာ ငွေနှစ်သောင်းငါးထောင် ရသည်။
အဲဒီနောက် ရဲသားတစ်ဦးသည် အဖွားအို၏ အိမ်ကိုသွားပြီး
“အဖွားကြီး သိကြားမင်းဆီ စာရေးထားလား”
အဲဒီအခါ အဖွားအိုက “အေး--ရေးထားတယ်”
ဒါဆိုရင် ရော့ဟုဆိုကာ အဖွားအိုကို ငွေနှစ်သောင်းခွဲပေးရာ အဖွားအိုက ရဲသား ပေးလာသော ငွေကို ရေတွက်ပြီးနောက် ရဲသားကို မျက်မှောင်ကြုံ့ကြည့်ပြီး
“ ငါထင်သားဘဲ ရဲတွေဆီရောက်သွားရင် ပစ္စည်းက တ၀က်ပဲ ရမယ်ဆိုတာ”
။
Thursday, August 2, 2007
small talk with Zinn Mel god ( part 181 )
ရန်ကုန်သားတာတေ
သြဂုတ် ၁၊ ၂၀၀၇
ဇင်းမယ်ဟု မြန်မာတို့အသိများသည့် ချင်းမိုင်မြို့ရှိဘုန်းကြီးကျောင်းများတွင် ထိုင်းလူမျိုးတို့၏ အလှူဒါန ပြုကြသူငါကဏ္ဍကို နေ့တိုင်းလိုလိုတွေ့နေရ၏၊ ယခုလိုဝါ၀င်ချိန်ကာလမျိုးကား ဘုရားကျောင်းကန်များတွင် လူစည်ကားချိန်ဖြစ်ပေသည်။ ဒွိုင်ဆူထေ့တောင်တွင်မူ ဆိုဖွယ်မရှိ။ ရပ်နီး၊ ရပ်ဝေးမှ ဘုရားဖူးများ ဆင်းလာကြ တက်သွားကြဖြင့် အလွန်ပင်စည်ကား လှပေသည်။ဒွိုင်ဆူထေ့တောင်မှာ ဘုရားဖူးဧည့်သည် များနှင့်စည်ကားနေ၍ ထိုတောင်ကိုအမှီပြုလုပ်ကိုင်စားသောက် နေကြသည့် ဈေးသည်၊ ပန်းသည်များလည်းအဆင်ပြေကြသည်။ အဆင်အပြေဆုံးကား အရင်းစိုက်စရာမလို ညောင်ပင်မှာ အဖီထိုး နေသည့် ချင်းမိုင်ရုက္ခစိုးပင်ဖြစ်လေတော့သည်။
ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ယောက်ကလည်း ရုက္ခစိုးကြီးအား သင်္ကာမကင်းဖြစ်နေကြသည်။ ဖွင့်မေးရန်သင့် မသင့်ကို နှစ်ယောက်သား တိုင်ပင်ကြသည်။ နောက်ဆုံးတော့ ဖွင့်မေးရန်ဆုံးဖြတ်လိုက်ကြပြီး ဒွိုင်ဆူထေ့ တောင်ခြေသို့ ထွက်လာ ကြသည်။ ဒီလူနှင့် ဒီရုက္ခစိုး ဘာမှမျက်နှာနာစရာမလို၊ ပေါင်းလာတာပဲ ကြာလှပေါ့။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကြီး ဘယ်လိုလဲခင်ဗျ။ အလုပ်တွေများနေလားဗျ၊ အခုတလော လုပ်ငန်းကိုင်ငန်း အတော်ကောင်း နေပုံရတယ်။ဖိုးရှုပ်က ၎င်းတို့သိချင်နေသည်ကိုမေးရန် စကားပလ္လင်ခံလေ၏။
ရုက္ခစိုး။ ။ ဒီလိုပါပဲကွာ။ ၀ါဝင်စဆိုတော့လည်း ဒီလိုပေါ့ကွာ။ ဘုရားဖူးဧည့်သည်တွေကလည်းများဆိုတော့ မျက်စိရှုပ်၊ နားရှုပ်ပါဘဲ မောင်ဖိုးရှုပ်ရာ။ဖိုးရှုပ်က စကားလမ်းကြောင်းသင့်နေစဉ် ဆက်မေးတော့ဆိုသည့်သဘောဖြင့် ကြွက်စုတ်အား မျက်စပစ်လေသည်။
ကြွက်စုတ်။ ။ အဟမ်း … ဒီလိုပါခင်ဗျ။ မပြောမပြီး၊ မတီးမမြည်ဆိုသလိုပေါ့ခင်ဗျာ။
ရုက္ခစိုး။ ။ မောင်ကြွက်စုတ်ရာ ဘာတွေများပြောမလို့ ဒီလောက်တောင် အင်ထရိုတွေဝင်နေတာလဲ။ဖိုးရှုပ်ကကြားဖြတ်ပြီး …
ဖိုးရှုပ်။ ။ ဒီလိုပါခင်ဗျ။ ပြီးခဲ့တဲ့အပတ်ကထွက်တဲ့ချဲနံပါတ်က ဒွိုင်ဆူထေ့တောင်ခြေက ရုက္ခစိုးနံပါတ်ဆိုပြီး မြို့ထဲမှာ သတင်းကြီးနေလို့ … အဲဒါ ဟုတ်မဟုတ် သိချင်လို့ပါဗျ။
ကြွက်စုတ်။ ။ ဟုတ်တယ်ဗျ။ ဈေးထဲကကုန်စုံဆိုင်ကအပျိုကြီး ရုက္ခစိုးပေးတဲ့ နံပါတ်နဲ့ ဘတ် ၅၀ ဖိုး ပေါက်သွားတယ်လို့ တနေ့ကတောင် ကြားခဲ့သေးတယ်။
ရုက္ခစိုး။ ။ ဟုတ်လားကွ။ အဲဒီမိန်းမကြီး ၅၀ ဖိုးပေါက်တာ ငါတောင်မသိလိုက်ပါလားကွ။ သြော် … လူတွေ … လူတွေ အတော်လည်း ကျေးဇူးတရား မသိတတ်ကြပါလား …။ တောင်းတုန်းကတော့ အဲဒီနံပါတ်မှမပေးရင် ဒီတသက် အပျိုကြီး ၀ဋ်က မကျွတ်တော့ပါဘူးလို့တောင် ပြောသွားသေးတယ်။ အခုတကယ်လည်းပေါက်ရော အရိပ်တောင်မတွေ့ရတော့ဘူး။
ဖိုးရှုပ်။ ။ ဒါဆိုရင် ကျနော်တို့ကြားတဲ့သတင်းက မှန်နေပြီပေါ့။ ဒါနဲ့ ဈေးထဲကအပျိုကြီးက ချဲပေါက်ရင် ဦးရုက္ခစိုးကို ယူမယ်လို့ ကတိပေးထားလို့လား။
ရုက္ခစိုး။ ။ ဟေ့ကောင် … ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲကွ။ ဘာလို့ ပျိုကြီးကိုယူရမှာလဲ။ ငယ်ငယ် ချောချောလေးဆိုလည်းထားပါတော့။ ဒါနဲ့နေပါဦး … မင်းတို့က မြို့ထဲမှာ ငါနဲ့ပတ်သက်ပြီး ဘာတွေများ ကြားထားလို့တုန်း။ကြွက်စုတ်။ ။ ကျနော်တို့ကြားတာက အခုတလော ဦးရုက္ခစိုးကြီး ချဲနံပါတ်ပေးပြီး အလှူခံနေတယ်ကြားလို့ ခင်ဗျ။ အဲဒါ အလှူခံရတဲ့ ရည်ရွယ်ချက်ကလေးကိုလည်း သိချင်ပါသေးတယ်။
ရုက္ခစိုး။ ။ အောင်မာ ကြွက်စုတ် … မင်းက သတင်းထောက်နဲ့ ပေါင်းနေတယ်ဆိုပြီး သတင်းထောက်လေနဲ့ ပါလားကွ။ မင်းတို့ကြားတဲ့သတင်းက တ၀က်မှန် တ၀က်မှားပဲကွ။ တ၀က်မှန်တာက အဲဒီအပျိုကြီး ချဲပေါက်တာ ငါ့ဆီကနံပါတ် … ဒီလိုကွ။ သူ့ဟာသူ နေ့တိုင်းလိုလို ညောင်ပင်ရှေ့ ပွစိပွစိနဲ့ ချဲနံပါတ် လာတောင်းနေတော့ ငါလည်း အမြင်ကတ်တာနဲ့ သူမြင်သာတဲ့နေရာမှာ ဖိုးရှုပ်မေ့ကျန်ခဲ့တဲ့ အကြွေး စာရင်းကို ချပေးလိုက်ရာက အဲဒီနံပါတ်ကပဲ ပေါက်ဂဏန်း ဖြစ်သွားတာကွ။ရုက္ခစိုးကြီး၏ စကားကြောင့် ကြွက်စုတ်မှာ အူတက်မတတ် အော်ဟစ်ရယ်မောနေသော်လည်း ဖိုးရှုပ်၏ မျက်နှာမှာ ခရမ်းချဉ်သီးမှည့်ကြီးပမာ နီရဲတက်လာပြီး ငိုက်ကျနေသော မျက်မှန်အထက်မှ ဦးရုက္ခစိုးနှင့် ကြွက်စုတ်အား မျက်ထောင့်နီ ကြီးနှင့် ကြည့်နေလေသည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်းဗျာ လူတဘက်သားကို နစ်နာအောင် အဲဒီလို တဲ့တိုးကြီးမပြောရဘူးဗျ။ ပြည်တွင်းမှာဆို စာပေစိစစ်ရေးက အသစ်ထုတ်ထားတဲ့ ကြော်ငြာစည်းကမ်းချက်တွေထဲမှာ အကျိုးဆောင် ရှေ့နေတွေ တရားမမှုတွေ အတွက် ကြော်ငြာထည့်ရင် တဘက်သားကို ထိခိုက်စေတဲ့စာသားတွေ မပါရဘူးလို့ အမိန့်ထုတ်လိုက်ပြီဗျ။
ရုက္ခစိုး။ ။ တဘက်သားဆိုတာ ဘယ်သူ့ကိုပြောတာလဲကွ။ ပေါတာကြီးကို ထိခိုက်တဲ့ကြော်ငြာကို ပြောတာလား။ အကြောင်းအရာက မှန်နေရင် စိစစ်ရေးကခွင့်ပြုမှာလား။ဖိုးရှုပ်။ ။ ခွင့်ပြုမှာပါဗျ။ ဒီတပတ်ထုတ် မစ်လစ်တရီတိုင်းမ်ဂျာနယ်မှာ “ဘုရားတကာကြီး ဦးပေါတာ ကျန်းမာစေကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ကြော်ငြာကို ဖော်ပြခွင့်ပေးထားတယ်ဗျ။
ကြွက်စုတ်။ ။ ဒါမျိုးကတော့ကွာ ကြော်ငြာခလည်း ပေးစရာမလိုဘူး။ မျက်နှာဖုံးမှာ အပြည့်ကြော်ငြာကို မဂ္ဂဇင်း၊ ဂျာနယ် တွေမှာ မထည့်မနေရဆိုရင် အားလုံးထည့်ရမှာ။
ဖိုးရှုပ်။ ။ ဒါတော့ မင်းပြောမှလား။ အခုဖြစ်နေတာက မဂ္ဂဇင်းဂျာနယ်တွေမှာ အင်္ဂလိပ်စာသား အသုံးအနှုန်း သုံးချင်ရင် အတော်ကို သတိထားနေရတယ်ကွ။ အဲဒီကိစ္စကြောင့်ပဲ ဒီရက်ပိုင်းအတွင်း ပြည်တွင်းက စာနယ်ဇင်းသမားတွေ အင်္ဂလိပ်စာ အသုံးအနှုန်းနဲ့ ပတ်သက်ပြီး အစည်းအဝေး လုပ်ကြသေးတယ်ကွ။
ရှုပ်က္ခစိုး။ ။ ဟုတ်လား … ဘာတွေဆွေးနွေးပြီး ဘာတွေဆုံးဖြတ်ကြသလဲကွ။
ဖိုးရှုပ်။ ။ ဆွေးနွေးတာတွေကတော့ အစုံပေါ့ဗျာ။ တယောက်တပေါက် ၀ိုင်းပြောကြတာပေါ့။အများသဘောတူ ဆုံးဖြတ် လိုက်တာကတော့ မဂ္ဂဇင်း၊ ဂျာနယ်တိုင်းမှာ ကြော်ငြာအယ်ဒီတာ ၃ ယောက် ထားဖို့၊ ၃ ယောက်ထဲမှာမှ ထုတ်ဝေသူ ကိုယ်တိုင်က ကြော်ငြာအယ်ဒီတာချုပ် တာဝန်ကိုယူဖို့နဲ့ …ဦးရုက္ခစိုးက ကြားဖြတ်ပြီး …
ရုက္ခစိုး။ ။ တယ်ကောင်းတဲ့ အိုင်ဒီယာပါလားကွ။ နောက်ထက်ဆုံးဖြတ်ချက်တွေလဲ ပြောပါဦး။
ဖိုးရှုပ်။ ။ နောက်ထပ်ဆုံးဖြတ်တာတွေက နာမည်မှာ ဘိုလိုပါတဲ့လူတွေကိုဖော်ပြတဲ့အခါမှာ မြန်မာမှုပြုပြီး ဖော်ပြဖို့။ ဥပမာ - ပလေးဘွိုင်း သန်းနိုင်၊ ဂရေဟန်၊ ဂျေးမီ စသဖြင့်ပေါ့ဗျာ။ တီးဝိုင်းအဖွဲ့တွေကိုလည်း အိုင်းယွန်းခရော့စ်ဆိုရင် သံကြက် ခြေခတ်၊ လေးဇီးကလပ်ကို လူပျင်းအသင်း စသဖြင့်ပေါ့ဗျာ။ ဒါပေမယ့် အင်ပါယာကိုတော့ မူရင်းအတိုင်းဖော်ပြဖို့ သဘောတူ လိုက်တယ်။
ကြွက်စုတ်။ ။ ဘာလို့တုန်း။ ရော့ကာကြီးက ကန့်ကွက်လို့လား။
ဖိုးရှုပ်။ ။ မဟုတ်ဘူးကွ … အင်ပါယာကိုပြောင်းရင် ဧကရာဇ်လို့ ပြောင်းရမှာဆိုတော့ ဟိုလူကြီးကို စောင်းပြောသလိုဖြစ် နေပြီး စိစစ်ရေးမူနဲ့ ညိနေပြန်တယ်။ ဒါကြောင့် မူရင်းအတိုင်းသုံးဖို့ ဆုံးဖြတ်တာ။
ရုက္ခစိုး။ ။ ဒါလည်းဟုတ်တာပဲ။ ဒါဆိုရင် ဘိုနာမည်နဲ့ထုတ်နေတဲ့ ဂျာနယ်တွေကျတော့ ဘယ်လိုလုပ်မလဲ။
ဖိုးရှုပ်။ ။ အဲဒါလည်း တခါတည်းဆွေးနွေးပြီး ဆုံးဖြတ်ကြတာပေါ့။ ဖော်အဲဗားဂျာနယ်ကို ထာဝရ၊ ဖတ်စ်အလဲဗင်း ဂျာနယ်ဆို ပထမဆယ့်တစ်၊ မြန်မာဗွိုက်စ်ဂျာနယ်ကတော့ မြန်မာ့အသံဆိုတာကရှိနေတော့ နာမည်အသစ်ပေးဖို့ ၀ိုင်းစဉ်းစားနေတုန်း။ ကြော်ငြာပြဿနာတက်တဲ့ ဂျာနယ်ကတော့ မြန်မာစံတော်ချိန်လို့ ပြောင်းလိုက်တယ်ဗျ။
ရုက္ခစိုး။ ။ ဘာတွေဘယ်လိုပြောင်းပြောင်းပါကွာ … တို့နိုင်ငံမှာ စာပေလွတ်လပ်ခွင့်မရှိသရွေ့ကတော့ အခုလိုပြဿနာ မျိုးက ကြုံရဦးမှာပဲကွ။ကြွက်စုတ်က ငါပြောရမယ့်အလှည့်တော့ ရောက်ပြီဆိုသည့်ဟန်ဖြင့် အစည်းအဝေးတွင် ရှီုးနေကျလေဖြင့် …
ကြွက်စုတ်။ ။ သိပ်ဟုတ်တာပေါ့ ဦးရုက္ခစိုးရာ၊ လွတ်လပ်ခွင့်ဆိုတာ စာနယ်ဇင်းတခုတည်းမှာလိုတာ မဟုတ်ဘူးဗျ။ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ စီးပွားရေး၊ လူမှုရေး စသဖြင့်ပေါ့ဗျာ နယ်ပယ်တိုင်းမှာ လိုအပ်နေတာမဟုတ်လား။
ရုက္ခစိုး။ ။ ဟုတ်ပါ့မောင်ရာ။ ငါ့မောင်တို့ အဲဒီလွတ်လပ်ခွင့်တွေအတွက် တတိုင်းပြည်လုံးကကျိုးစားခဲ့တဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးဟာ နောက်အပတ်ဆိုရင် ဆယ့်ကိုးနှစ်တောင်ပြည့်ပြီနော်။ရုက္ခစိုးကြီး၏ စကားကြောင့် ကြွက်စုတ်မှာ တစုံတခုပြုလုပ်ရန် အကြံရသွားလေ၏။
ကြွက်စုတ်။ ။ ဟုတ်ပြီဗျ … ဟုတ်ပြီ။ မဂ္ဂဇင်းဂျာနယ်တွေမှာ ကြော်ငြာဖို့ သက်ဆိုင်သူတွေရဲ့ ထောက်ခံချက်ပါဖို့လိုတယ် လို့ စိစစ်ရေးက အမိန့်ထုတ်ထားတာဆိုတော့ ရှစ်လေးလုံးအရေးတော်ပုံ ဆယ့်ကိုးနှစ်ပြည့် အမှတ်တရကြော်ငြာကို ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ထောက်ခံချက်နဲ့ မြန်မာစံတော်ချိန်ဂျာနယ်မှာ ထည့်ရင်ကောင်းမယ်ဗျ။
ဖိုးရှုပ်။ ။ ဒီကြော်ငြာကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့တင် မလုံလောက်သေးဘူးကွ။ ဒီပွဲက ပြည်သူတရပ်လုံး ပါခဲ့တာဆိုတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတရပ်လုံးပါဝင်တဲ့ ရှစ်လေးလုံး အရေးတော်ပုံအမှတ်တရကြော်ငြာ ထောက်ခံပွဲတွေလုပ်ကြပေတော့ဟေး …။ ။
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
Friday, July 27, 2007
small talk with Zinn Mel god ( part 180 )
ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၀)
ရန်ကုန်သားတာတေ ဇူလိုင် ၂၅၊ ၂၀၀၇
ချင်းမိုင်ကဲ့သို့သော အမြင့်မြို့ကလေးကို ရောက်ရှိနေထိုင်သူ မည်သူမဆို နှစ်ခြိုက်မိမည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့် အားပေးသည့်အလား…ကျေနပ်နေသယောင်…သို့မဟုတ် ဘ၀ကိုအကောင်းမြင်သူတဦးပမာ ဖြည့်စွက် စဉ်းစားတတ်သည့် အလေ့အကျင့် ရရှိနေ၍ပဲလား …၊ မြန်မာပြည်တွင်းနေစဉ်ကကဲ့သို့ မဟုတ်သည်က သေချာ သည်…၊ ပြည်တွင်းမှာ ကိုယ့်ဝန်းကျင်ရှိ နေ့စဉ်ဘ၀ ဖြစ်စဉ်တွေကပဲ အမြင်မကောင်း၍ လား…….၊……လား…၊ …..လား…၊ ယခုလည်း မြန်မာ ပြည်က ဘာတွေ ဘယ်လောက်ကောင်းနေလို့လဲ…၊ စစ်တပ်အစိုးရကတော့ အမျိုးသား ညီလာခံကို အလောသုံးဆယ် တက်သုတ် ရိုက်နေသည်… စသဖြင့်… စသဖြင့်…စသဖြင့်…။
ရုက္ခစိုးက သတိတရရှိ၍ ဥရောပတွင်ရောက်ရှိနေသော မြန်မာ မိတ်ဆွေတဦးထံ သူ့ဘ၀ တစိတ်တပိုင်း…၊ မြန်မာပြည် အကြောင်း… ရောက်တတ်ရာရာ ထွေရာလေးပါး အီးမေးလ် တစောင်ပို့ရန် ကြံစည်အားထုတ် နေခြင်းဖြစ်သည်။
သောင်းပြောင်းထွေလာစာကို အဆုံးသတ်၍ အီးမေးလ်ပို့ရန် ရုက္ခစိုးက ဂျီမေးလ်ကိုဖွင့်လိုက်ရာတွင် အီးမေးလ် အသစ် တစောင်ရောက်ရှိနေသည်ကို တွေ့သောကြောင့် အရင်ဖွင့်ကြည့်လိုက်သည်။
ရုက္ခစိုး။ ။ ဟင် … ကြော်ငြာကြီး…ဒီလူကလည်း…ကြော်ငြာများပို့နေရသေးတယ်…
ရုက္ခစိုးက ယင်းမေးလ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။ ထိုစဉ် ကြွက်စုတ် တဦးတည်းရောက်လာပြီး ရုက္ခစိုးကိုနှုတ်ဆက် လိုက်သည်။
ကြွက်စုတ်။ ။ ဗျိုး…ဦးရုက္ခစိုး…မာမာချာချာ ပဲလား…အံမယ် နုတ်ဘွတ်တွေ ဘာတွေနဲ့…ကြီးပွားနေပါလား…
ရုက္ခစိုး။ ။ ဘာမှ မကြီးပွားပါဘူးကွာ…မိတ်ဆွေ တယောက်က လူကြုံနဲ့ ဘတ်ဒေး ပရဲဆင့် ပေးလိုက်လို့ ပါကွာ…
ကြွက်စုတ်။ ။ ကောင်းပါ့ဗျာ...ကွန်ပျူတာရှိတော့ ခေတ်မီရုက္ခစိုး ဖြစ်သွားတာပေါ့နော်…
ရုက္ခစိုး။ ။ ဟေ့ ကောင်…စကားပြောတာ အနှောင့်အသွား လွတ်အောင်ပြော…ကွန်ပျူတာရှိမှ မဟုတ်ဘူး… မရှိလည်း ခေတ်မီအောင်လုပ်လို့ ရတယ်...
ရုက္ခစိုးနှင့် ကြွက်စုတ်တို့ ထုံးစံအတိုင်း စကားပြော၍မှ မကြာသေးခင်ပင် ကီးမကိုက်ချင်တော့…။ သို့သော် ကြွက်စုတ်က ရုက္ခစိုးကို ပြန်၍ ချော့လိုက်သည်။
ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်း…စိတ်တိုတော့မလို့လား…ကျနော်ပြောတာက ဒီလိုလေ…ကွန်ပျူတာနဲ့ဆိုတော့ ပိုပြီး ခေတ်နဲ့ တပြေးတည်း…တချိန်တည်း..ကမ္ဘာအရပ်ရပ်က သတင်းပလင်းတွေ အစုံသိအောင် လုပ်လို့ရတယ် မဟုတ်လား… မာလ်တီ မီဒီယာ တို့ ဘာတို့ပါ သုံးလို့ ရတယ်မဟုတ်လား…
ထိုစဉ် ဖိုးရှုပ်လည်း ရောက်လာပြီး ရောက်မဆိုက်ပင် စကားဝိုင်းသို့ တန်းဝင်လိုက်သည်။
ဖိုးရှုပ်။ ။ မာလ်တီမီဒီယာတွေ ဘာတွေလုပ်မနေနဲ့ဟေ့…အစိုးရတပိုင်း မီဒီယာတဖွဲ့တော့ အကျယ်တ၀င့်ကို အကွက်ရှဲတာ သိပြီးပလား…အံမယ် ကွန်ပျူတာနဲ့ဘာနဲ့…
ရုက္ခစိုး။ ။ လာပြန်ပြီ အူကြောင်ကျား တကောင်…ဘာ အကွက်ရှဲတာလဲ…
ရုက္ခစိုးကလည်း မြင်မြင်ခြင်းဆောက်နှင့်ထွင်း ဆိုသကဲ့သို့ပင် ဖိုးရှုပ်ကို ဆီး၍ ငေါက်လိုက်သည်။
ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း လူမမြင်သေးဘူး…ဟောက်တာက အရင်ပဲ… အခုနလေးတင်ပဲ ကျနော့်ဆီ ဘရိတ်ကင်း နယူးစ် ၀င်လာတာလေ...ဟို သြစတေးလျား ကတုံးကြီး ဦးစီးလုပ်နေတဲ့ မြန်မာတိုင်းမ် ဂျာနယ် မှာတဲ့…ဘ၀ရှင်မင်းတရားကြီးကို လူသတ်သမားလို့ ရေးထားတဲ့ ကြော်ငြာတခုပါလာလို့ မီးတောက်နေ ကြတယ်တဲ့…ပါသွားတာဘယ်သူမှ မသိလိုက် ဘူးတဲ့…မင်းတရားကြီးပါ အရှက်ကွဲတာလေ…
ဖိုးရှုပ်ပြောလိုက်မှပင် ရုက္ခစိုး အီးမေးလ်ထဲက ကြော်ငြာကို သတိရသွားသည်။
ရုက္ခစိုး။ ။ ဟာ…ဒါဆို…ဟို…ငါ့ဆီက…ဟိုကြော်ငြာ…
ကြွက်စုတ်။ ။ သူများကြော်ငြာပြောမှ…ဦးရုက္ခစိုးကလည်း…ဘာကြော်ငြာလည်း…ငန်းဆေးကြော်ငြာလား…
ရုက္ခစိုး။ ။ ဘာ ငန်းဆေးလည်း…နင့်ဂျီးဒေါ်ကို ငန်းဖို့ဆေးလား…ငါ့ အီးမေးလ်ထဲကို ၀င်လာတာကွ…မိတ်ဆွေ တယောက်ပို့လိုက်တဲ့ ကြော်ငြာတခု…ငါ ဖွင့်မကြည့်ဘဲနဲ့ထားလိုက်တာကို သတိရလို့ကွ… အခုပြန်ဖွင့်လိုက်ဦးမယ်…
ရုက္ခစိုးက ပြောပြောဆိုဆို သူ့ ကွန်ပျူတာကို တဆင့်ခြင်းဖွင့်နေသည်ကို ဖိုးရှုပ်က အသေအချာကြည့် လိုက်ပြီး…
ဖိုးရှုပ်။ ။ ဦးရုက္ခစိုး ကြည့်ရတာ… ဒေးဗစ်ကော့ပါးဖီး မျက်လှဲ့ပြတော့မယ့် အတိုင်းပဲ…
ရုက္ခစိုးက ဘာမှပြန်မပြောဘဲ မျက်လုံးစွေကြည့်ရင်း ကွန်ပျူတာနှင့် အလုပ်ရှုပ်နေလိုက်သည်။
ရုက္ခစိုး။ ။ ဟာ ပွင့်ပြီကွ…လာကြည့်ကြစမ်း ဒီကြော်ငြာကို…ခရီးသွားလုပ်ငန်းကြော်ငြာကွ…စာတွေက အင်္ဂလိပ်လိုတွေ…
ဖိုးရှုပ်။ ။ ဟုတ်တယ်…ဟုတ်တယ်…ကျနော့် ဆို့စ် ရဲ့ပြောပြချက် အရ အဲဒီကြော်ငြာပဲ… အုန်းပင်လေး တပင်ရယ်… နေလုံးရယ်ပါတယ်…အဲဒီ အင်္ဂလိပ်လို ရေးထားတဲ့ စာသားတွေရဲ့ အောက်ဆုံးအကြောင်းမှာ ပါတာ… စာလုံပြောင်းပြန်တွေ တွေ့တယ်မို့လား…မြန်မာလို သန်းရွှေလူသတ်သမားလို့ အဓိပ္ပာယ်ရတယ်လေ…
ကြွက်စုတ်။ ။ အေး ဟုတ်တယ်ကွ… ကောင်းလိုက်တဲ့ အိုင်ဒီယာကွာ…ဒီလို စစ်အစိုးရနဲ့ ပလူးပလဲ ဂျာနယ်ကို မှရွေးထည့်တာ…ဟား…ဟား…ဟား…ကွဲတာပဲ…အရှက်…
ရုက္ခစိုးက ကြွက်စုတ်အားပါးတရ ရယ်နေသည်ကိုကြည့်နေရင်း…
ရုက္ခစိုး။ ။ အေး…အခုတလော ပြည်တွင်း မီဒီယာတွေ တော်တော်လှုပ်တယ်နော်…တရားစွဲသံတွေလည်း ထပ်ကြား ရတယ်…၊ အံမယ် ဟိုတနေ့က လည်း…အစိုးရသတင်းစာကို ဝေဖန်အကြံပြုဖို့ ဖိတ်ခေါ်တယ် ဆိုလား…သူတို့က ဆုငွေတောင်ပေးဦးမယ်တဲ့…
ဖိုးရှုပ်။ ။ သတင်းစာကို တကယ် ဝေဖန်တဲ့ သင်္ကန်းကျွန်းက ဦးသိန်းဇံကျတော့ ဖမ်းတယ်လေ…ဒါကြောင့် ရန်ကုန်က ဂျာနယ်လစ် တယောက်က အစိုးရအကြိုက်ပဲလုပ်နေတာလို့ ပြောတာ…ကြားကောင်းရုံ ဟန်ပြပဲဖြစ်မှာ တဲ့…မယုံဘူးတဲ့ တကယ်ပြောင်းမယ်ဆိုရင် လွတ်လွတ်လပ်လပ် ရေးခွင့်ပြုဖို့နဲ့ သတင်းတွေကို ဘက်မလိုက်ဘဲ တင်ပြတာမျိုး ပြောင်းပါလားတဲ့လေ…
ကြွက်စုတ်က ရယ်လိုက်ပြန်သည်။
ကြွက်စုတ်။ ။ ဟား…ဟား…ဟား…ဖိုးရှုပ်ကလည်း… လွတ်လပ်ပြီး ဘက်မလိုက်ရဘူးဟုတ်လား…ငါ ကာတွန်း ငွေကြည်ရဲ့ကာတွန်းတခုကိုတောင် သတိရသေး…တိုတိုပြောရရင်ကွာ ကာတွန်းစာသားက “သူတို့ ရယ်စရာ ကလည်းတဲ့ မရယ်ရတဲ့အပြင် ရယ်တောင် ရယ်ရသေးတယ်”လို့ရေးထားတာ…မင်းစကားက တော့ ရယ်စရာ မဟုတ်ဘဲ ရယ်ရတယ် ကွာ…ဟား…ဟား…ဟား…
ဖိုးရှုပ်က ကြွက်စုတ်ကို အမြင်ကပ်သည့် ပုံမျိုးနှင့်ကြည့်နေသည်။ ရုက္ခစိုးကတော့ ကြွက်စုတ်ကို တကယ်အမြင် ကပ်သွားပုံရသည်။
ရုက္ခစိုး။ ။ ဟေ့ကောင် ငကြွက် မင့် အပေါက်ကို ပိတ်လိုက်တော့…စာပေ လွတ်လပ်ခွင့် မရှိတာ သိတယ်… ရယ်မနေနဲ့… အခုရက်ပိုင်းလေးတင်ပဲ စာရေးဆရာမ နုနုရည် (အင်းဝ) ရဲ့ ၀တ္ထုတပုဒ်ကိုလည်း ရုပ်ရှင် ရိုက်ဖို့ စီစဉ်ထားတာကို ရိုက်ခွင့်မပေးဘဲ..လုံးဝပယ်လိုက်တယ်တဲ့…
ဖိုးရှုပ်။ ။ အဲဒါ ဟုတ်တယ်…အချက် ၄ ချက်နဲ့ ပယ်လိုက်တာတဲ့…
ကြွက်စုတ်။ ။ ၀တ္ထုက ဘာအကြောင်းမို့လို့…ဘယ်လို အချက်တွေနဲ့ပယ်လိုက်တာလဲ…
ဖိုးရှုပ်။ ။ ၀တ္ထုကို ငါအသေအချာတော့ မဖတ်ရသေးဘူးကွ…နတ်ကတော်တွေ…မိန်းမလျှာတွေအကြောင်း ရေးထား တာတဲ့…သတင်းအရကတော့…ဘာသာရေးနဲ့ဆန့်ကျင်လို့ဆိုတာရယ်…လိင်ပြဿနာနဲ့ နတ်ကတော်တွေ အကြောင်း ဖြစ်တာရယ်…၊ တောင်ပြုံးနတ်ပွဲဟာ အမှန်ရှိပေမယ့်တဲ့ သိသာသိစေ မမြင်စေနဲ့ ဆိုသလိုသဘော ထားရမယ်တဲ့…၊ အံမယ်…နောက် မှတ်ချက်တခုက ရခဲတဲ့ လူ့ဘ၀မှာတဲ့ ယောက်ျားစင်စစ် ဧကန် ဖြစ်ရက်နဲ့ မိန်းမလျှာဘ၀ ခံယူပြီး နိမ့်ကျစွာ လုပ်ကိုင် စားသောက်နေတာကို ပြသဖို့မသင့်ဆိုတဲ့ အချက်တွေပါတယ်တဲ့ကွ…
ကြွက်စုတ်က ရယ်ပြန်သည်။ ရုက္ခစိုးကလည်း ငေါက်ပြန်သည်။
ရုက္ခစိုး။ ။ ဟေ့ ကောင် ဘာရယ်ပြန်တာလဲ…မိန်းမရွှင်ပဲ ငါ ကြားဖူးတယ်…ဒီနေ့ မင်းက ယောက်ျားရွှင် ဖြစ်နေပါလား… အဲဒီ ၀တ္ထုက အာရှစာပေဆုအတွက် ပဏာမ ရွေးထားတဲ့ ၀တ္ထုကွ…
ကြွက်စုတ်ကလည်း ရုက္ခစိုးကိုပြန်၍ နောက်ပြော ပြောလိုက်သည်။ကြွက်စုတ်။ ။ အံမယ်… ဦးရုက္ခစိုး က သူတို့အဆက်အနွယ်တွေအကြောင်း စာအုပ်ဆုချိတ်လို့ ဂုဏ်ယူနေပုံရတယ်…ဒါနဲ့ ဦးရုက္ခစိုးရော ယောက်ျားစင်စစ် ဧကန် ဖြစ်ရဲ့လား….
ရုက္ခစိုး။ ။ ဟာ… ဒီ တိရစ္ဆာန် အကောင်တော့… အ၀ီစိ သွားချင်ပြီထင်တယ်…ငါ တယ်….
ဤတွင် ရုက္ခစိုး၏ ဒေါသ အမြင့်ဆုံးသို့ရောက်ရှိသွားပြီး သတိလက်လွတ်ဖြစ်ကာ ကွန်ပျူတာကိုမ၍ ကြွက်စုတ်အား ပစ်ပေါက်ရန်ပြင်လိုက်စဉ် ဖိုးရှုပ်ဝင်ထိန်းလိုက်သောကြောင့် ကွန်ပျူတာ ပျက်ဆီးမည့်ဘေးမှ လွတ်မြောက်သွားရသည်။
ကြွက်စုတ်လည်း ကြွက်ပြေးပြေးပါလေရာ...နောက်တွင် ရုက္ခစိုးနှင့် ဖိုးရှုပ်တို့ နှစ်ဦး ရုန်းရင်း ဆန်ခတ်ကျန်ရစ်ခဲ့ လေတော့သည်….။ ။
(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)
Wednesday, July 18, 2007
small talk with Zinn Mel god ( part 179 )
ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၇၉)
ရန်ကုန်သားတာတေ ဇူလိုင် ၁၈၊ ၂၀၀၇
ဒွိုင်ဆူထေ့တောင်ခြေလမ်းပေါ်မှာ ဖွတ်ချက်ဖွတ်ချက်ဖြင့် ခပ်စုတ်စုတ်ဆိုင်ကယ်တဦး တအိအိမောင်းနှင်လာ၏။ ဆိုင်ကယ်သံက ၀ပ်ထောင့်ငါးရာ ဆောင်းဘောက်စ်ကို အသံကုန်တင်ထားသကဲ့သို့ ကျယ်လောင်လှသော်လည်း စက်ဘီးတအုပ်က ၎င်းအားကျော်တက်သွားသည်။
လှိုင်းကြီးလှေအောက်၊ တောင်ကြီးဖ၀ါးအောက်ဆိုသလို နောက်ဆုံးတော့ ကိုရွှေကြွက်စုတ်၏ မဟာဆိုင်ကယ်စုတ် သည်လည်း လိုရာခရီးပန်းတိုင်သို့ရောက်ပြီ။ ညောင်ပင်နှင့် မလှမ်းမကမ်းတွင် ဆိုင်ကယ်ကို ထိုးရပ်၊ စက်သပ်လိုက်၏။ အင်ဂျင်သံက ချက်ချင်းရပ်မသွား …
ရုက္ခစိုး။ ။ ဘယ်လိုလဲကြွက်စုတ်ရာ မော်တော်ဆိုင်ကယ်အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ကသာရှိရင် ဆိုင်ကယ်အခွင့်အရေးချိုးဖောက်သူများရီပို့မှာ မင်းနာမည်ထိပ်ဆုံးကပါမှာသေချာတယ်။ တယောက်တည်းလားကွ … မင်းရောင်းရင်းကြီး မပါဘူးလား။ ညီလာခံမှာ သတင်းသွားယူနေပြီထင်တယ်။ သတင်းယူဖို့ဗီဇာထုတ်ပေးတဲ့ထဲမှာ သူတို့လဲပါတယ်လို့ကြားတယ်။
ကြွက်စုတ်က မင်းသားကြီး ဦးကျော်ဟိန်းလေဖြင့် …
ကြွက်စုတ်။ ။ တယောက်တည်းလားမေးတော့ ကိုယ်တယောက်တည်းပါ …။ ဦးရုက္ခစိုးတနေတဲ့ ဖိုးရှုပ် မကြာမီ ရောက်လာပါလိမ့်မယ်ဗျား။ ချင်းမိုင်တက္ကသိုလ်ထဲမှာ ပြေးရင်းလွှားရင်း ဗိုက်ကျအောင် လေ့ကျင့်ခန်း လုပ်နေလေရဲ့။
ရုက္ခစိုး။ ။ စားတုန်းကမတရား ၀ါးထားစားထားပြီး အခုတော့ ၀ိတ်ချဖို့သတိရပြီပေါ့လေ။ ဒါတောင် အားကစား လုပ်တယ်လို့ မထင်ပေါင် …။ တက္ကသိုလ်ကျောင်းသူလေးတွေ ငန်းချင်လို့ အားကစားလုပ်ချင်ယောင် ဆောင်နေတာဖြစ်မှာ။
ကြွက်စုတ်။ ။ ဖြစ်နိုင်တယ်ဗျ။ သူတို့လိုသတင်းထောက်ဆိုတာ သတင်းရဖို့အတွက် ရုပ်တွေဘာတွေဖျက်ပြီး လုပ်ကြတာ ဆိုတော့ ဖိုးရှုပ်လဲ ငန်းချင်လို့လုပ်တာဖြစ်မယ်။
ရုက္ခစိုးကြီးနှင့် ကြွက်စုတ်တို့ အတင်းတုတ်နေသည်မှာ ၎င်းတို့အနားသို့ ဖိုးရှုပ်ရောက်လာသည်ကိုပင် သတိမထားမိကြ။ ဖိုးရှုပ်က သက်သေခံပစ္စည်းများနှင့်အတူဖမ်းမိလိုက်သည့် ရဲအရာရှိအိုက်တင်ဖြင့် …
ဖိုးရှုပ်။ ။ ဟေး … လူတွေလောက်သာ ကွယ်ရာမှာအတင်းပြောတတ်တယ်လို့ထင်ထားတာ လက်စသတ်တော့ ရုက္ခစိုးလဲ လူလိုပါပဲလားဗျ … ဟားဟား။ လူတွေက အိမ်နဲ့နေတယ်၊ ရုက္ခစိုးက သစ်ပင်မှာနေတာပဲကွာတယ်။
ရုက္ခစိုး။ ။ ငါတို့ကလည်း အနောက်မှာမင်းရောက်နေမှန်းမသိလို့ ပြောမိတာပါကွာ။ ဘယ်လိုလဲကွ သတက်လုံး မပြီးတော့ဘူးလို့မှန်းထားတဲ့ ညီလာခံကြီးပြီးတော့မယ်ဆို။ ဘာကြားသေးလဲကွ။
ကြွက်စုတ်။ ။ ကျနော်ကြားတာတော့ အဲဒီညီလာခံကြီးဆက်လုပ်ဖို့ ဘတ်ဂျက်မရှိတော့လို့ အမြန်ဆုံး ပြီးလိုက်ရတာတဲ့ဗျ။ ညီလာခံလာတက်တဲ့ကိုယ်စားလှယ်တွေကလဲ အစားအသောက်ကြီးတဲ့အပြင် အိမ်ပြန်တော့လဲ မိသားစုအတွက် ပါဆယ် စွဲကြတာဆိုတော့ ညီလာခံစရိတ်ကကြီးတယ်။ တနှစ်၊ နှစ်နှစ်ဆိုရင် အကြောင်းမဟုတ်ဘူး နှစ်ပေါင်းများစွာဆိုတော့ ပေါတာကြီးက ညီလာခံနောက်နှစ်ထပ်ကူးရင် ဘတ်ဂျက် ချမပေးတော့ဘူးဆိုလို့ မပြီးချင်ပြီးချင်နဲ့ ပြီးလိုက်ရတာဗျ။
ရုက္ခစိုး။ ။ ဒီနေ့လုပ်တဲ့ ညီလာခံဖွင့်ပွဲမှာ ကိုသိန်းစိန်တို့ ကိုကျော်ဆန်းတို့က ဘာတွေမှာစား … အဲ မှာကြားသွား သေးလဲကွ။
ဖိုးရှုပ်။ ။ သူတို့ချမှတ်ထားတဲ့လမ်းစဉ်တွေကိုမလိုက်နာတဲ့ ညီလာခံကိုယ်စားလှယ်တွေကို ဖမ်းချုပ်ပြီး ဒဏ်ငွေရိုက်မယ်လို့ ခြိမ်းခြောက်တာဗျ။ နောက်ထပ်ညီလာခံတွေထပ်လုပ်ရင်လဲ ဘယ်တော့မှမဖိတ်တော့ဘူးလို့ ပြောတယ်တဲ့ဗျ။
ရုက္ခစိုး။ ။ ဒီနေ့ညီလာခံသွားကြတဲ့ ရန်ကုန်ကသတင်းထောက်တွေကို ကိုကျော်ဆန်းက ဘာတွေ ရွှီးလိုက်သေးလဲ။
ဖိုးရှုပ်။ ။ သတင်းထောက်တွေက ညီလာခံပြီးရင်ဘာလုပ်မလဲဆိုတော့ ရုပ်ရှင်မင်းသားလုပ်မယ်လို့ မှားဖြေသေးတယ်။ နောက်မှရူးချင်ယောင်ဆောင်ပြီး ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲကို ညီလာခံလို မကြာစေရဘူးလို့ ပြောတယ်။ အန်အယ်လ်ဒီကို မဖိတ်တာ နေရာထိုင်ခင်းအခက်အခဲကြောင့်ပါတဲ့ … နောက်လုပ်မယ့် အမျိုးသမီး ညီလာခံကျရင် ဒီထက်ကျယ်တဲ့ခန်းမမှာ လုပ်ဖို့ ပေါတာကြီးကို တင်ပြထားတယ်လို့တောင်ပြောသေးတာ။
ဖိုးရှုပ်ရှင်းပြသည့် နိုင်ငံ့ခေါင်းဆောင်နှစ်ဦး၏ ပြောဆိုချက်များကိုနားထောင်နေသော ဦးရုက္ခစိုးမှာ ရယ်ရလွန်းလို့ နှပ်တွေပါထွက်လာကာ …
ရုက္ခစိုး။ ။ ကောင်းလိုက်တဲ့ မိန့်ခွန်းတွေပါပဲ မောင်ဖိုးရှုပ်ရယ်။ ဒင်းတို့ပြောစကားများဆိုပြီး စာအုပ်ထုတ်ရောင်းလို့ ကတော့ အတော်ရောင်းကောင်းမှာပဲ။ ဒါနဲ့ ကိုသိန်းစိန်ပြောတဲ့ ပြင်ဆင်စရာရှိတာတွေပြင်မယ် ဆိုတာကကောကွာ။
ကြွက်စုတ်။ ။ အဲဒါကတော့ဗျာ အရင်သူတို့ရေးခဲ့သားခဲ့တုန်းက သတ်ပုံမှားတာတို့ဘာတို့ကို ပြောတာဗျ။
ရုက္ခစိုး။ ။ အဲဒါလဲဟုတ်တာပဲကွ။ ဒါနဲ့ ညီလာခံကြောင့်လား မနက်ဖြန်အာဇာနည်နေ့မို့လားမသိဘူး၊ ရန်ကုန်မှာ လုံခြုံရေးအတော်တင်းကြပ်ထားတယ်ဆို။
ကြွက်စုတ်။ ။ ဟုတ်တယ်ဗျ။ ရှစ်မိုင်လမ်းစုံဘက်မှာ မနေ့ကတည်းက ကားတွေကိုစစ်တာဆေးတာတွေ လုပ်နေတယ်။ နောက်ပြီး ပညာရေးဒုဝန်ကြီးက ဖောက်ခွဲရေးသမားတွေရောက်နေတယ် သတိထားပါလို့ မိန်းကလေးကျောင်းတွေမှာ လိုက်ပြောနေတယ်ဗျ။ ဒီဝန်ကြီးက အားနွဲ့တဲ့မိန်းကလေးတွေ ဘေးတွေ့မှာတော့ အတော်စိုးရိမ်ပုံရတယ်။
ဖိုးရှုပ်။ ။ ကျောင်းတွေ၊ ပညာရေးတွေဆိုလို့ အခုရန်ကုန်မှာ ထူးဆန်းတဲ့ အင်္ဂလိပ်စာသင်တန်းတခု အသစ်ဖွင့်ထားတာ သိပြီးကြပြီလား။
အထူးအဆန်းဆို အမြဲစပ်စုလေ့ရှိသော ရုက္ခစိုးကြီးက ဖိုးရှုပ်စကားကြောင့် …
ရုက္ခစိုး။ ။ ပြောစမ်းပါဦးကွ …
ဖိုးရှုပ်။ ။ အခုနောက်တက်တဲ့ ရုပ်ရှင်အစည်းအရုံးက ဗဟိုကော်မတီအသစ်တွေအတွက် ရုပ်ရှင်အစည်းအရုံးမှာ အင်္ဂလိပ်စာသင်တန်း ဖွင့်လိုက်ပြီတဲ့ဗျ။
ကြွက်စုတ်။ ။ သူတို့က အစည်းအရုံးအလုပ်မလုပ်ဘဲ နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြမလို့လား။
ရုက္ခစိုး။ ။ ဘယ်ကဟုတ်ရမှာလဲ၊ သူတို့ဗဟိုကော်မတီတဖွဲ့လုံး ဟောလိဝုဒ်မှာ ရုပ်ရှင်သွားရိုက်မှာမို့ ဖြစ်မှာပေါ့ကွ။ နပါ့ ကြွက်စုတ်ရာ။
ဖိုးရှုပ်။ ။ တခုမှမဟုတ်ဘူးဗျ။ ပြန်ကြားရေးဝန်ကြီးက ဗဟိုကော်မတီအဟောင်းတွေတုန်းက နိုင်ငံခြားမှာ ရုပ်ရှင်ပွဲတော် တွေ ၂ ခါ၊ ၃ ခါ လုပ်နိုင်ခဲ့လို့ ချီးမွမ်းခန်းဖွင့်တော့ ဗဟိုကော်မတီအသစ်တွေလဲ နိုင်ငံခြား အဆက်အသွယ်ကောင်းအောင် အင်္ဂလိပ်စာသင်ဖို့ တယောက်ကအကြံပေးတာနဲ့ လုပ်ဖြစ်သွားတာဗျ။
ရုက္ခစိုး။ ။ အဆက်အသွယ်ကောင်းချင်ရင်လဲ ဆက်သွယ်ရေးတာဝန်ခံတယောက် သတ်သတ်မှတ်မှတ်ထားပြီး လုပ်ရင်ရပါတယ်ကွာ။ စာသင်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့လုပ်ပုံက တမျိုးကြီးပါလား။
ဖိုးရှုပ်။ ။ ဆက်သွယ်ရေးတာဝန်ခံထားတယ်ဗျ။ ဒါပေမယ့်သူကလဲ အီးမေးလ်မသုံးတတ်၊ ကွန်ပျူတာ မသုံးတတ်ဆိုတော့ အခက်တွေ့နေမှာပေါ့။ ဒါတောင် တယောက်က၀င်ပြောသေးတယ်၊ သူ့ဆီမှာ အီးမေးလ်တော့ မရှိဘူး၊ ဂျီမေးလ်ပဲ ရှိတယ်တဲ့ … ဟဲဟဲ။
ရုက္ခစိုးကြီးက ယူကျုံးမရဖြစ်သည့်လေသံဖြင့် …
ရှုက္ခစိုး။ ။ တို့ဆီကလူတွေလဲ သူများနိုင်ငံတွေနဲ့ယှဉ်ရင် အမြဲတမ်းနောက်မှာကျန်နေတော့တာပဲကွာ။ အဲဒါတွေ ပြောကြပြန်တော့လဲ နောက်ဆုံးကျတော့ ဒီဘူတာပဲ ဆိုက်ဦးမှာပဲ။ အုပ်ချုပ်သူတွေရဲ့ စည်းစနစ်မရှိမှုတွေကိုဘဲ ဝေဖန်ကြရဦးမှာပါပဲကွာ။ အခုပဲကြည့်လေ လမ်းပြမြေပုံ ၇ ချက်ရဲ့ ပထမတချက်က ၁၄ နှစ်ကြာအောင်လုပ်ခဲ့ပြီး မလှိမ့်တပတ်နဲ့ ညီလာခံကြီးပြီးတော့မယ်ပြောတယ်။
ဦးရုက္ခစိုး၏စကားကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့က …
ကြွက်စုတ်+ဖိုးရှုပ်။ ။ ဟုတ်ပါတယ်ခင်ဗျ။ အခုပြီးတာက ပထမတချက်ပဲရှိသေးတာဆိုတော့ နောက်ထပ် ၆ ချက်အတွက် နောက်ထပ် ၈၄ နှစ်ကြာအောင် စောင့်ကြရဦးမယ်ခင်ဗျ။ ။
Tuesday, July 17, 2007
small talk with Zinn Mel god ( part 178 )
(ဧရာဝတီစာပြောင်)
ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး ( အပိုင်း ၁၇၈ )
ရန်ကုန်သားတာတေ ဇူလိုင် ၁၁၊ ၂၀၀၇
လွန်ခဲ့သော တပတ်က ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ သူကောင်းသား နှစ်ဦး ဖော်ပေးခဲ့သည့် ညောင်ပင် ရှေ့နားက ရစ်ခွေ စီးသွားသော ရေလမ်းကြောင်းလေးကိုကြည့်နေရင်း ငယ်ငယ်တုန်းက သူငယ်တန်း ဖတ်စာတပုဒ်ကို ရုက္ခစိုး သတိ တရ ရှိနေမိသည်။
ဝါဆို ၀ါခေါင် ရေတွေကြီးလို့ သပြေသီး မှည့် ကောက်စို့ကွယ်… ခရာဆူးခြုံ ဟို အထဲက… မျှော့နက် မည်းကြီး တွယ်လိမ့်မယ်…
ယခုလက မြန်မာလို ၀ါဆိုလဖြစ်သည်။ ဖတ်စာထဲက အတိုင်းပင် အမှန်တကယ်လည်း မြန်မာပြည်တ၀န်း ရေကြီးရေလျှံဖြစ် ရေဘေးသင့်ခဲ့သည်။ လေဘေး ပါ ဘောနပ်စ်အဖြစ် သင့်လိုက်သောကြောင့် ပျက်စီးဆုံးရှုံးမှု ပိုခဲ့သည်။
သို့သော် ဘေးသင့် ခံရသူများကို အုပ်ချုပ်သူများက ထိထိရောက် အကူအညီမပေးကြောင်းလည်း မြန်မာပြည် တ၀န်းက ကြားရပြန်သည်။ ရုက္ခစိုး သည် နေ့စဉ်နှင့် အမျှ မကောင်းသတင်းများကို ကြားရလျှင် စိတ်လက် မအီမသာ ဖြစ်ရသည်ချည်း… သို့ပါသော်လည်း လူက မနေနိုင်… သတင်းဆိုလျှင် သိချင်ချင် စပ်စုချင်ချင် မဟုတ်ပါလား….
ရုက္ခစိုး တဦးတည်း ငူငူငေါင်ငေါင် ရှိနေစဉ်….အသံတချို့က ဝေးရာမှ နီးလာသည်….
“. . . . . . . . . . . .”
ဂန်ဘာရီ….လာပြန်ပြီ….
ဂန်ဘာရီ….လာပြန်ပြီ….
ဂန်ဘာရီ….လာပြန်ပြီ….
တဖြည်းဖြည်း အသံပီပီသသ ကြားရသည်နှင့် တပြိုင်နက်တည်း လူရုပ်တွေပါ ပေါ်လာသည်…သူကောင်းသား နှစ်ဦး… ဖိုးရှုပ်နှင့် ကြွက်စုတ်…။
ရုက္ခစိုး။ ။ ဟေ့ ကောင်တွေ… တောင်အော် မြောက်အော် ဘာတွေ အော်လာပြန်ပြီလဲ..ကွ..ဟေ…
ရုက္ခစိုးက ကြည့်နေရင်းက အနားမရောက်မီပင် လှမ်းအော် ပြောလိုက်သည်။
ဖိုးရှုပ်။ ။ ဒါ ယူအန် သံချပ်လေ…ယူအန် သံချပ်…
ဖိုးရှုပ်ပြန်ဖြေလိုက်သည့် စကားကို ရုက္ခစိုး နားမလည်၍ အူကြောင်ကြောင် ဖြစ်သွားသည်။
ရုက္ခစိုး။ ။ ဘာလဲကွာ…ယူအန် သံချပ်…သင်္ကြန် သံချပ်ပဲကြားဖူးတယ်…
ကြွက်စုတ်။ ။ အာ…ဦးရုက္ခစိုး မသိသေးဘူးလား…ဂန်ဘာရီအကြောင်းလေ…ယူအန်အထူး ကိုယ်စားလှယ်ကြီး..
ဖိုးရှုပ်။ ။ ဟုတ်တယ် ဦးရုက္ခစိုးရဲ့…အဲဒီ အထူး ကိုယ်စားလှယ်ဆိုတဲ့ လူကြီးက နအဖ ပထွေး တရုတ်ကို အရင်သွား ဦးခိုက်တဲ့ အကြောင်းလေ…
ရုက္ခစိုး။ ။ အေး…ငါ အသေအချာ မသိသေးဘူး…ငါ လည်း အခုတလော သတင်းတွေကို အစုံမသိဘူး… မကောင်း သတင်းတွေက များတော့… စိတ်က မရွှင်လို့ သိပ်မစပ်စုဖြစ်ဘူး…ပြောပါဦးကွ…ဘာဖြစ်လဲ… အဲဒီ ဂန်ဘာရီက…
ကြွက်စုတ်။ ။ သတင်းများရဲ့ အဆိုအရ အဲဒီလူကြီးက မြန်မာကိစ္စ အပြုသဘောဆောင် တိုးတက်ဖြစ်ထွန်းဖို့ အတွက် ဒီအာရှ နိုင်ငံတွေကို လာတာ…တဲ့…အဲဒါ တရုတ်ကြီးဆီမှာ အရင်ဆွေးနွေးတာ…တဲ့…ပြီးရင်ကုလားကြီးတွေ… ဂျပန်ကြီးတွေနဲ့လည်း ဆွေးနွေးဦးမှာ…တဲ့…
ရုက္ခစိုး။ ။ အဟတ်…ဟတ်…ဟား…ဘာများထူးမှာမို့လို့လဲကွာ…မင့်လူကြီးက ယူအန် စရိတ်နဲ့ အလည် အပတ် ခရီးလည်း ထွက်ရ…ရှေ့ရေးနောင်ရေး စိတ်အေးရမယ့် အပိုကြေးလေးလည်းရ ဆိုတော့…ဟ..တွက်ခြေကိုက် တယ်ဆိုပြီး မရောက်ဘူးသေးတဲ့နိုင်ငံတွေဆီ အလည်လာဖို့ အကြောင်းပြကောင်းအောင် ပြောတာနေမှာပါကွာ…
ရုက္ခစိုးက ခြောက်ကပ်ကပ် ရယ်သွမ်းသွေးရင်း ဝေဖန်တွက်ချက်ပြလိုက်သည်ကို သူကောင်းသား ၂ ဦး ပါးစပ် ဟောင်းလောင်းနှင့် ငြိမ်သက်စွာ ဂါရ၀ ပြုနေမိသည်။
ဖိုးရှုပ်။ ။ မီဒီယာတွေမှာတော့ မြန်မာပြည်အပြောင်းအလဲ အတွက်လာတာ…မလာခင် ယူအက်စ်နဲ့တောင် ဆွေးနွေး ခဲ့သေးတာ…ဘာညာဆိုပြီး အကျယ်တ၀င့်ပဲ…
ရုက္ခစိုး။ ။ မင်းတို့ မီဒီယာတွေကလည်း တမျိုးပါပဲကွာ…အခုလည်း ငါ ကြားတယ်…ပြည်တွင်း မီဒီယာတွေထဲမှာ အချင်းချင်း ပြန်တရားစွဲနေဆိုလား…မရှင်းမရှင်းတွေ…စွဲတဲ့ကိစ္စကလည်း လင်ယူသားမွေး ကလေးကလားကိစ္စကို စာမျက်နှာပေါ် တင်တဲ့ ကိစ္စတဲ့…နောက်တော့လဲ အဖြားရှုးသွားတာပါပဲ… နော်အုံးလှ အမှုကြည့်ပါလား… ပြည်တွင်း မီဒီယာတွေ ပြောပါတယ်…
ကြွက်စုတ်။ ။ အားလုံးတော့ မဟုတ်ပါဘူး…ဦးရုက္ခစိုးရာ…
ရုက္ခစိုး။ ။ အံမာ…မြင်းက မလှုပ် ကြွက်က လှုပ်နေပြန်ပြီ…မင်းနဲ့ ဘာဆိုင်လဲ…မင်းက မီဒီယာသမားလည်း မဟုတ်ဘဲနဲ့… စကားတွေတောင် ဘယ်ရောက်ကုန်မှန်းမသိဘူး…ဒါ နဲ့ မင်းတို့ ဂန်ဘာရီက ဒီတခါ ဘာဖြစ်လို့ မြန်မာအစိုးရဆီ
ဝင်မတွေ့ရတာလဲ….
ဖိုးရှုပ်။ ။ အင်း…ဟုတ်တယ်…သူ့ တရားဝင် ခရီးစဉ်မှာကို မပါတာ…
ကြွက်စုတ်။ ။ ဖိုးရှုပ်ကလည်းကွာ…သူခရီးမစခင် ဆရာကြီးအမေရိကန်နဲ့တွေ့သေးတယ်မဟုတ်လား…သူ့ကို ဆရာကြီးက ဗျူဟာ ပြောင်းဖို့ ဂိုက်လိုင်းပေးလိုက်တာနေမှာပေါ့ကွာ…စန္ဒကုတ်မင်းလိုမလုပ်နဲ့တို့ဘာတို့ ဆိုတာမျိုး ပေါ့…
ဖိုးရှုပ်။ ။ ဘာဗျူဟာလည်း ရှင်းအောင်ပြောကွာ…
ကြွက်စုတ်။ ။ ရှေးလူကြီးတွေ ပြောတာကြားဖူးတယ်…မုန့်ပြားသလက် ကို ငါ အလယ်ခေါင်က ဖောက်စားတော့ အိမ်က လူကြီးတွေက စန္ဒကုတ်မင်း စစ်တိုက်သလိုမလုပ်နဲ့လို့ ပြောတယ်ကွ…
ရုက္ခစိုး။ ။ So what? , အဲဒီတော့ ဘာဖြစ်သလဲ…
ကြွက်စုတ်။ ။ အံမလေး အင်္ဂလန်ပြန် ဒေါက်တာရုက္ခစိုးရယ်…ဘိုလိုတွေဘာတွေနဲ့…လူကြီးတွေပြောတာက ခင်ဗျ… မင်းစန္ဒကုတ် စစ်တိုက်တာကတဲ့ အဲဒီလို အလယ်ကို ၀င်တိုက်တော့ ရန်သူရဲ့ဝိုင်းတိုက်တာခံရပြီးစစ်ရှုံးတယ်တဲ့… ဘေးကနေတဖြည်းဖြည်း သိမ်းပြီး ၀ိုင်းကြီးချုပ်စနစ်ပေါ့..အဲဒီလို ပြန်တိုက်တော့မှ အောင်နိုင်တော့ တယ်လို့ပြော ပြတာ…အခုလည်း အဲဒီလို ဘေးကနေ၀ိုင်းတဲ့ ဗျူဟာမျိုးနေမှာ ပေါ့…
ယခုတကြိမ်တွင် ရုက္ခစိုးနှင့်ဖိုးရှုပ် ၂ ဦးလုံး ခဏ ငြိမ်သွားသည်။ ထို့နောက် ဖိုးရှုပ်က ထနောက်လိုက်သည်…
ဖိုးရှုပ်။ ။ ဟင်…ငကြွက် မင်းဟာက စစ်ရေးဗျူဟာ မှ မဟုတ်တာ…မုန့်ပြားသလက် ဗျုဟာကြီး…
ကြွက်စုတ်။ ။ for example , for example ဥပမာပေးတာ…ဥပမာပေးတာ…ရှင်းနေရပါလား….
ဖိုးရှုပ်တို့ နှစ်ဦးအပြန်အလှန် အော် ဟစ်နေချိန်တွင် ရုက္ခစိုးက အလေးအနက်တွေးတောနေသည်။
ရုက္ခစိုး။ ။ သြော်…ဒါကြောင့် တရုတ်တွေ…၊ ကုလားတွေနဲ့ပဲ တွေ့တာပေါ့…ဒါ ဆိုရင်တော့ သူ့ကို လာ ဦးမခိုက်လို့
ဘ၀ရှင်မင်းတြားကြီး ရဲ့ ရာဇမန်အရှ ခံရကိန်းမြင်သေးတယ်…
ဖိုးရှုပ်။ ။ မင်းတြားကြီး ရာဇမန်ရှနေသရွေ့တော့ မင်းတို့ငါတို့လည်း ပြည်ပြေးဘ၀က ကျွတ်မယ်မထင်ဘူး… မြန်မာပြည် ပြန်ချင်သည်…လုပ်ဖို့… မင်းသားကျော်ဟိန်း ရုပ်ရှင်ထဲမှာ ပြောသလိုပဲ.. ၁၀ နှစ်…၁၀ နှစ် ကြိုးစား လိုက်ဦး… ပြန်ရကိန်းမမြင်…
ကြွက်စုတ်။ ။ အဲဒီလိုဆိုရင်လည်းကွာ…ဂန်ဘာရီ…တော်ပါပြီပေါ့…
ဖိုးရှုပ်။ ။ အေးဟုတ်တယ်…ဂန်ဘာရီ…တော်ပါပြီ…
ဖိုးရှုပ်+ကြွက်စုတ်။ ။ ဂန်ဘာရီ…တော်ပါပြီ…
ဂန်ဘာရီ…တော်ပါပြီ…
ဂန်ဘာရီ…တော်ပါပြီ…
ဖိုးရှုပ်တို့နှစ်ဦး အတိုင်အဖောက် အော်ရင်း ရုက္ခစိုးကိုပင် နှုတ်မဆက်ဘဲ ဒွိုင်ဆူထေ့ တောင်အောက်သို့ ပြန်ဆင်း သွားလေတော့သည်။ ။