Tuesday, July 17, 2007

small talk with Zinn Mel god ( part 178 )

(ဧရာဝတီစာပြောင်)

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး ( အပိုင်း ၁၇၈ )

ရန်ကုန်သားတာတေ ဇူလိုင် ၁၁၊ ၂၀၀၇

လွန်ခဲ့သော တပတ်က ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ သူကောင်းသား နှစ်ဦး ဖော်ပေးခဲ့သည့် ညောင်ပင် ရှေ့နားက ရစ်ခွေ စီးသွားသော ရေလမ်းကြောင်းလေးကိုကြည့်နေရင်း ငယ်ငယ်တုန်းက သူငယ်တန်း ဖတ်စာတပုဒ်ကို ရုက္ခစိုး သတိ တရ ရှိနေမိသည်။

ဝါဆို ၀ါခေါင် ရေတွေကြီးလို့ သပြေသီး မှည့် ကောက်စို့ကွယ်… ခရာဆူးခြုံ ဟို အထဲက… မျှော့နက် မည်းကြီး တွယ်လိမ့်မယ်…

ယခုလက မြန်မာလို ၀ါဆိုလဖြစ်သည်။ ဖတ်စာထဲက အတိုင်းပင် အမှန်တကယ်လည်း မြန်မာပြည်တ၀န်း ရေကြီးရေလျှံဖြစ် ရေဘေးသင့်ခဲ့သည်။ လေဘေး ပါ ဘောနပ်စ်အဖြစ် သင့်လိုက်သောကြောင့် ပျက်စီးဆုံးရှုံးမှု ပိုခဲ့သည်။

သို့သော် ဘေးသင့် ခံရသူများကို အုပ်ချုပ်သူများက ထိထိရောက် အကူအညီမပေးကြောင်းလည်း မြန်မာပြည် တ၀န်းက ကြားရပြန်သည်။ ရုက္ခစိုး သည် နေ့စဉ်နှင့် အမျှ မကောင်းသတင်းများကို ကြားရလျှင် စိတ်လက် မအီမသာ ဖြစ်ရသည်ချည်း… သို့ပါသော်လည်း လူက မနေနိုင်… သတင်းဆိုလျှင် သိချင်ချင် စပ်စုချင်ချင် မဟုတ်ပါလား….

ရုက္ခစိုး တဦးတည်း ငူငူငေါင်ငေါင် ရှိနေစဉ်….အသံတချို့က ဝေးရာမှ နီးလာသည်….

“. . . . . . . . . . . .”
ဂန်ဘာရီ….လာပြန်ပြီ….
ဂန်ဘာရီ….လာပြန်ပြီ….
ဂန်ဘာရီ….လာပြန်ပြီ….

တဖြည်းဖြည်း အသံပီပီသသ ကြားရသည်နှင့် တပြိုင်နက်တည်း လူရုပ်တွေပါ ပေါ်လာသည်…သူကောင်းသား နှစ်ဦး… ဖိုးရှုပ်နှင့် ကြွက်စုတ်…။

ရုက္ခစိုး။ ။ ဟေ့ ကောင်တွေ… တောင်အော် မြောက်အော် ဘာတွေ အော်လာပြန်ပြီလဲ..ကွ..ဟေ…

ရုက္ခစိုးက ကြည့်နေရင်းက အနားမရောက်မီပင် လှမ်းအော် ပြောလိုက်သည်။

ဖိုးရှုပ်။ ။ ဒါ ယူအန် သံချပ်လေ…ယူအန် သံချပ်…

ဖိုးရှုပ်ပြန်ဖြေလိုက်သည့် စကားကို ရုက္ခစိုး နားမလည်၍ အူကြောင်ကြောင် ဖြစ်သွားသည်။

ရုက္ခစိုး။ ။ ဘာလဲကွာ…ယူအန် သံချပ်…သင်္ကြန် သံချပ်ပဲကြားဖူးတယ်…

ကြွက်စုတ်။ ။ အာ…ဦးရုက္ခစိုး မသိသေးဘူးလား…ဂန်ဘာရီအကြောင်းလေ…ယူအန်အထူး ကိုယ်စားလှယ်ကြီး..

ဖိုးရှုပ်။ ။ ဟုတ်တယ် ဦးရုက္ခစိုးရဲ့…အဲဒီ အထူး ကိုယ်စားလှယ်ဆိုတဲ့ လူကြီးက နအဖ ပထွေး တရုတ်ကို အရင်သွား ဦးခိုက်တဲ့ အကြောင်းလေ…

ရုက္ခစိုး။ ။ အေး…ငါ အသေအချာ မသိသေးဘူး…ငါ လည်း အခုတလော သတင်းတွေကို အစုံမသိဘူး… မကောင်း သတင်းတွေက များတော့… စိတ်က မရွှင်လို့ သိပ်မစပ်စုဖြစ်ဘူး…ပြောပါဦးကွ…ဘာဖြစ်လဲ… အဲဒီ ဂန်ဘာရီက…

ကြွက်စုတ်။ ။ သတင်းများရဲ့ အဆိုအရ အဲဒီလူကြီးက မြန်မာကိစ္စ အပြုသဘောဆောင် တိုးတက်ဖြစ်ထွန်းဖို့ အတွက် ဒီအာရှ နိုင်ငံတွေကို လာတာ…တဲ့…အဲဒါ တရုတ်ကြီးဆီမှာ အရင်ဆွေးနွေးတာ…တဲ့…ပြီးရင်ကုလားကြီးတွေ… ဂျပန်ကြီးတွေနဲ့လည်း ဆွေးနွေးဦးမှာ…တဲ့…

ရုက္ခစိုး။ ။ အဟတ်…ဟတ်…ဟား…ဘာများထူးမှာမို့လို့လဲကွာ…မင့်လူကြီးက ယူအန် စရိတ်နဲ့ အလည် အပတ် ခရီးလည်း ထွက်ရ…ရှေ့ရေးနောင်ရေး စိတ်အေးရမယ့် အပိုကြေးလေးလည်းရ ဆိုတော့…ဟ..တွက်ခြေကိုက် တယ်ဆိုပြီး မရောက်ဘူးသေးတဲ့နိုင်ငံတွေဆီ အလည်လာဖို့ အကြောင်းပြကောင်းအောင် ပြောတာနေမှာပါကွာ…

ရုက္ခစိုးက ခြောက်ကပ်ကပ် ရယ်သွမ်းသွေးရင်း ဝေဖန်တွက်ချက်ပြလိုက်သည်ကို သူကောင်းသား ၂ ဦး ပါးစပ် ဟောင်းလောင်းနှင့် ငြိမ်သက်စွာ ဂါရ၀ ပြုနေမိသည်။

ဖိုးရှုပ်။ ။ မီဒီယာတွေမှာတော့ မြန်မာပြည်အပြောင်းအလဲ အတွက်လာတာ…မလာခင် ယူအက်စ်နဲ့တောင် ဆွေးနွေး ခဲ့သေးတာ…ဘာညာဆိုပြီး အကျယ်တ၀င့်ပဲ…

ရုက္ခစိုး။ ။ မင်းတို့ မီဒီယာတွေကလည်း တမျိုးပါပဲကွာ…အခုလည်း ငါ ကြားတယ်…ပြည်တွင်း မီဒီယာတွေထဲမှာ အချင်းချင်း ပြန်တရားစွဲနေဆိုလား…မရှင်းမရှင်းတွေ…စွဲတဲ့ကိစ္စကလည်း လင်ယူသားမွေး ကလေးကလားကိစ္စကို စာမျက်နှာပေါ် တင်တဲ့ ကိစ္စတဲ့…နောက်တော့လဲ အဖြားရှုးသွားတာပါပဲ… နော်အုံးလှ အမှုကြည့်ပါလား… ပြည်တွင်း မီဒီယာတွေ ပြောပါတယ်…

ကြွက်စုတ်။ ။ အားလုံးတော့ မဟုတ်ပါဘူး…ဦးရုက္ခစိုးရာ…

ရုက္ခစိုး။ ။ အံမာ…မြင်းက မလှုပ် ကြွက်က လှုပ်နေပြန်ပြီ…မင်းနဲ့ ဘာဆိုင်လဲ…မင်းက မီဒီယာသမားလည်း မဟုတ်ဘဲနဲ့… စကားတွေတောင် ဘယ်ရောက်ကုန်မှန်းမသိဘူး…ဒါ နဲ့ မင်းတို့ ဂန်ဘာရီက ဒီတခါ ဘာဖြစ်လို့ မြန်မာအစိုးရဆီ
ဝင်မတွေ့ရတာလဲ….

ဖိုးရှုပ်။ ။ အင်း…ဟုတ်တယ်…သူ့ တရားဝင် ခရီးစဉ်မှာကို မပါတာ…

ကြွက်စုတ်။ ။ ဖိုးရှုပ်ကလည်းကွာ…သူခရီးမစခင် ဆရာကြီးအမေရိကန်နဲ့တွေ့သေးတယ်မဟုတ်လား…သူ့ကို ဆရာကြီးက ဗျူဟာ ပြောင်းဖို့ ဂိုက်လိုင်းပေးလိုက်တာနေမှာပေါ့ကွာ…စန္ဒကုတ်မင်းလိုမလုပ်နဲ့တို့ဘာတို့ ဆိုတာမျိုး ပေါ့…

ဖိုးရှုပ်။ ။ ဘာဗျူဟာလည်း ရှင်းအောင်ပြောကွာ…

ကြွက်စုတ်။ ။ ရှေးလူကြီးတွေ ပြောတာကြားဖူးတယ်…မုန့်ပြားသလက် ကို ငါ အလယ်ခေါင်က ဖောက်စားတော့ အိမ်က လူကြီးတွေက စန္ဒကုတ်မင်း စစ်တိုက်သလိုမလုပ်နဲ့လို့ ပြောတယ်ကွ…

ရုက္ခစိုး။ ။ So what? , အဲဒီတော့ ဘာဖြစ်သလဲ…

ကြွက်စုတ်။ ။ အံမလေး အင်္ဂလန်ပြန် ဒေါက်တာရုက္ခစိုးရယ်…ဘိုလိုတွေဘာတွေနဲ့…လူကြီးတွေပြောတာက ခင်ဗျ… မင်းစန္ဒကုတ် စစ်တိုက်တာကတဲ့ အဲဒီလို အလယ်ကို ၀င်တိုက်တော့ ရန်သူရဲ့ဝိုင်းတိုက်တာခံရပြီးစစ်ရှုံးတယ်တဲ့… ဘေးကနေတဖြည်းဖြည်း သိမ်းပြီး ၀ိုင်းကြီးချုပ်စနစ်ပေါ့..အဲဒီလို ပြန်တိုက်တော့မှ အောင်နိုင်တော့ တယ်လို့ပြော ပြတာ…အခုလည်း အဲဒီလို ဘေးကနေ၀ိုင်းတဲ့ ဗျူဟာမျိုးနေမှာ ပေါ့…

ယခုတကြိမ်တွင် ရုက္ခစိုးနှင့်ဖိုးရှုပ် ၂ ဦးလုံး ခဏ ငြိမ်သွားသည်။ ထို့နောက် ဖိုးရှုပ်က ထနောက်လိုက်သည်…

ဖိုးရှုပ်။ ။ ဟင်…ငကြွက် မင်းဟာက စစ်ရေးဗျူဟာ မှ မဟုတ်တာ…မုန့်ပြားသလက် ဗျုဟာကြီး…

ကြွက်စုတ်။ ။ for example , for example ဥပမာပေးတာ…ဥပမာပေးတာ…ရှင်းနေရပါလား….

ဖိုးရှုပ်တို့ နှစ်ဦးအပြန်အလှန် အော် ဟစ်နေချိန်တွင် ရုက္ခစိုးက အလေးအနက်တွေးတောနေသည်။

ရုက္ခစိုး။ ။ သြော်…ဒါကြောင့် တရုတ်တွေ…၊ ကုလားတွေနဲ့ပဲ တွေ့တာပေါ့…ဒါ ဆိုရင်တော့ သူ့ကို လာ ဦးမခိုက်လို့
ဘ၀ရှင်မင်းတြားကြီး ရဲ့ ရာဇမန်အရှ ခံရကိန်းမြင်သေးတယ်…

ဖိုးရှုပ်။ ။ မင်းတြားကြီး ရာဇမန်ရှနေသရွေ့တော့ မင်းတို့ငါတို့လည်း ပြည်ပြေးဘ၀က ကျွတ်မယ်မထင်ဘူး… မြန်မာပြည် ပြန်ချင်သည်…လုပ်ဖို့… မင်းသားကျော်ဟိန်း ရုပ်ရှင်ထဲမှာ ပြောသလိုပဲ.. ၁၀ နှစ်…၁၀ နှစ် ကြိုးစား လိုက်ဦး… ပြန်ရကိန်းမမြင်…

ကြွက်စုတ်။ ။ အဲဒီလိုဆိုရင်လည်းကွာ…ဂန်ဘာရီ…တော်ပါပြီပေါ့…

ဖိုးရှုပ်။ ။ အေးဟုတ်တယ်…ဂန်ဘာရီ…တော်ပါပြီ…

ဖိုးရှုပ်+ကြွက်စုတ်။ ။ ဂန်ဘာရီ…တော်ပါပြီ…
ဂန်ဘာရီ…တော်ပါပြီ…
ဂန်ဘာရီ…တော်ပါပြီ…

ဖိုးရှုပ်တို့နှစ်ဦး အတိုင်အဖောက် အော်ရင်း ရုက္ခစိုးကိုပင် နှုတ်မဆက်ဘဲ ဒွိုင်ဆူထေ့ တောင်အောက်သို့ ပြန်ဆင်း သွားလေတော့သည်။ ။

No comments: