မဖြူဖြူသင်း လွတ်ပြီ
ဇူလိုင် ၂။ HT
အေအက်ဖ်ပီ
အဖမ်းမခံရမီက အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များနှင့်အတူ တွေ့ရသော မဖြူဖြူသင်း
မေလ ၀တ်ပြုဆုတောင်းပွဲများအတွင်း ဖမ်းဆီးခံခဲ့ရသော မဖြူဖြူသင်းကို ယနေ့ည ၉ နာရီခန့်က ပြန်လွှတ်ပေးလိုက်သည်။
မေလ ၂၁ ရက်နေ့က ဖမ်းဆီးခံရပြီးနောက် ရန်ကုန် စစ်ကြောရေးစခန်းတခုတွင် တလကျော် နေပြီး လွတ်မြောက်လာသော မဖြူဖြူသင်းသည် ၂၀၀၂ခုနှစ်ကတည်းက အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသော စေတနာရှင် တဦးလည်း ဖြစ်သည်။ ဝေဒနာရှင်များအား နှစ်သိမ့်အကြံပေး ဆွေးနွေးခြင်း၊ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်း၊ နယ်မှ လာရသော ဝေဒနာရှင် များအတွက် နေရာထိုင်ခင်း စီစဉ်ပေးခြင်းများ တာဝန်ယူ ဆောင်ရွက်ပေးနေသူ ဖြစ်သည်။
`ကျမ ကျန်းမာပါတယ်။ ကျမလူနာတွေနဲ့ နက်ဖြန်တွေ့မယ်´ဟု အဖမ်းခံရစဉ်အတွင်း အစာငတ်ခံ ဆန္ဒပြခဲ့သူ မဖြူဖြူသင်းက ပြောကြားသည်။ သို့သော် ဇွန် ၁၉ ရက်မှ စတင်၍ တပတ်ခန့်ကြာ အစာငတ်ခံ ဆန္ဒပြပြီးနောက် အားပြတ်ကျန်ခဲ့ကြောင်း သိရသည်။
`ကျမတို့ကို စွဲချက်မရှိဘဲ ဘာကြောင့် ဖမ်းထားတာလဲ အသိပေးဖို့ တောင်းဆိုတဲ့အနေနဲ့ အစာငတ်ခံ ဆန္ဒပြတာပါ။ ကျမတို့ကို ဖမ်းတဲ့ အကြောင်းရင်းနဲ့ ကျမတို့ဟာ ဥပဒေကိုချိုးဖောက်သလားဆိုတာကို ပြောဖို့ တောင်းဆိုတာပါ´ဟု မဖြူဖြူသင်းက အေပီသတင်းဌာနကို ပြောကြားသည်။ `နိုင်ငံတကာ အသိုင်းအ၀ိုင်း အပါအ၀င် အားလုံးက အားထုတ်မှုတွေ၊ ဖိအားပေးမှုတွေက အဖမ်းခံရသူတွေအတွက် အမြဲတမ်း အရေးပါပါတယ်´ဟုလည်း ဆက်လက် ပြောဆိုသည်။
ယခင်အပတ်က အမေရိကန် နိုင်ငံခြားရေးဌာနက မဖြူဖြူသင်းအတွက် စိုးရိမ်ပူပန်မိကြောင်း ပြောကြားခဲ့သည်။
No comments:
Post a Comment