Thursday, July 19, 2007

U Razak of Burma


ဦးရာဇတ်အကြောင်းစာအုပ် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေ

ဧရာဝတီ ဇူလိုင် ၁၉၊ ၂၀၀၇


အာဇာနည်ခေါင်းဆောင်ကြီးလည်းဖြစ်ပြီး အမျိုးသားကျောင်းအုပ်ကြီးလည်းဖြစ်သည့် ဆရာကြီး ဦးရာဇတ်အကြောင်း ရေးသားထားသည့် “မြန်မာနိုင်ငံ၏ ဦးရာဇတ်” အမည်ရှိစာအုပ်ကို ဆရာကြီး၏ မြေးဖြစ်သူ ဒေါက်တာ မြတ်ထူးရာဇတ်က အနှစ် ၆၀ မြောက် အာဇာနည်နေ့တွင် ထုတ်ဝေလိုက်သည်။


အင်္ဂလိပ်ဘာသာဖြင့်ပုံနှိပ်ထားသည့်၎င်းစာအုပ်သည် ၁၉၉၅ ခုနှစ်တွင် ရန်ကုန် အခြေစိုက် မန္တလေးအသင်းက ထုတ်ဝေသည့် “သူ့တပည့်များကပြောသော ဦးရာဇတ်” စာအုပ်တွင်ဖော်ပြခဲ့သည့် ဆောင်ပါး ၂၈ ပုဒ်မှ ၁၀ ပုဒ်ကို ဘာသာပြန် ဖော်ပြထားပြီး ဦးရာဇတ်၏မြေးဖြစ်သူ ဒေါက်တာမြတ်ထူးရာဇာတ်က အမှာစာ ရေးထားသည်။


“ဗမာပြည်အကြောင်းကို အင်္ဂလိပ်လိုရေးထားတဲ့ တချို့စာအုပ်တွေထဲမှာ ဦးရာဇတ်ကို မွတ်စလင်ဘာသာဝင် နိုင်ငံရေးသမားတယောက်လောက်သာ ရည်ညွှန်းထားပေမယ့် မလုံလောက်ပါဘူး။ သူဟာ တိုင်းပြည်နဲ့ အနာဂတ် မျိုးဆက်သစ်တွေအတွက် အလုပ်တွေအများကြီး လုပ်ခဲ့တဲ့သူပါ” ဟု ဒေါက်တာ မြတ်ထူးရာဇတ်က သူ၏အမှာစာတွင် ပြောဆိုထားသည်။


အဖိုးဖြစ်သူကို အမှတ်တရထုတ်ဝေခြင်းမျိုးမဟုတ်ဘဲ တိုင်းပြည်ဖခင်တဦးဖြစ် သောကြောင့် ၎င်းစာအုပ်ကို ထုတ်ဝေသည်ဟုလည်း ဒေါက်တာမြတ်ထူးရာဇတ်က အမှာစာ၌ ရေးသားထားသည်။
မွတ်စလင်ဘာသာဝင်တယောက်ဖြစ်သည့် ဆရာကြီးဦးရာဇတ်သည် ၁၈၉၈ ခုနှစ်တွင် မိတ္ထီလာမြို့၌ ဖွားမြင်ခဲ့ပြီး ၁၉၂၀ ခုနှစ် ရန်ကုန်တွင်ပြုလုပ်သည့် ပထမကျောင်းသားသပိတ်တွင် ပါဝင်ခဲ့သည်။ ၁၉၂၁ ခုနှစ်တွင် မန္တလေးမြို့၌ ဗဟို အမျိုးသားကျောင်းကို စတင်တည်ထောင်ခဲ့သူလည်းဖြစ်သည်။


ဆရာကြီးသည် ၁၉၄၅ ခုနှစ်တွင် မန္တလေးခရိုင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့၏ ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်း၏အစိုးရအဖွဲ့၌ ပညာရေးနှင့် စီမံကိန်းဌာန၀န်ကြီးအဖြစ် ဆောင်ရွက် ခဲ့သည်။၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အခြားခေါင်းဆောင်ကြီး များနှင့်အတူ အစည်းအဝေး ပြုလုပ်နေစဉ်လုပ်ကြံခံခဲ့ရသည်မှာ အနှစ် ၆၀ ပြည့်ခဲ့ပြီ ဖြစ်သည်။

No comments: