Thursday, July 19, 2007

Martyrs' Day activities

ရိုးမ၃ သတင်း
ပြည်နယ်တိုင်းအသီးသီးတွင် အာဇာနည်နေ့အခမ်းအနားကျင်းပ
အာဏာပိုင်များက နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ခဲ့
ဗထူး။ ဇူလိုင် ၁၉၊ ၂၀၀၇


ယနေ့ကျရောက်သည့် နှစ် (၆၀) ပြည့် အာဇာနည်နေ့အခမ်းအနားများကို ပြည်နယ်နှင့် တိုင်း အသီးသီးရှိ (NLD)ပါတီဝင်များက ပြုလုပ်ခဲ့ရာ စစ်အစိုးရက နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ခဲ့ သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးအပါအ၀င် နိုင်ငံအနှံ့ (NLD)ပါတီဝင်များက လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် နှစ် (၆၀) ပြည့် အခမ်းအနားများကို ကျင်းပခဲ့ခြင်းဖြစ်သည်။

နယ်ချဲ့အင်္ဂလိပ်အစိုးရနှင့် အမျိုးသားသစ္စာဖောက်တစုက ၁၉၄၇ ခုနှစ်တွင် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်များကို ရန်ကုန်မြို့ဂျူပလီဟောတွင် လက်နက်ဖြင့် လုပ်ကြံခဲ့၍ အဆိုပါနေ့ကို အာဇာနည်နေ့အဖြစ် သတ်မှတ်ကာ မြန်မာနိုင်ငံတ၀ှမ်း နှစ်စဉ် အောင်းမေ့ဖွယ်အခမ်းအနားများ ကျင်းပခဲ့သည်။

ယနေ့တွင် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် မြို့နယ်များတွင် အဆိုပါအခမ်းအနား များကို ပြုလုပ်ခဲ့သလို ရန်ကုန်ရှိ (NLD)ပါတီဌာနချုပ်တွင်လည်း ပြုလုပ်ခဲ့ရာ အာဏာပိုင်များက နည်းအမျိုးမျိုးဖြင့် နှောင့်ယှက်ခဲ့သည်။

မကွေးတိုင်းအတွင်း စကုမြို့နယ်တွင် အာဇာနည်နေ့အခမ်းအနားအား ကျင်းပခဲ့ပြီး အာဇာနည် ကျောက်တိုင်ရှိရာသို့ သွားရောက်ခဲ့ရာ လွမ်းသူ့ပန်းခွေများမချနိုင်ရန် အာဏာပိုင်များမှ တားဆီး နှောင့်ယှက်ခဲ့သဖြင့် (NLD)အဖွဲ့ဝင်များနှင့် ပြည်သူအင်အား (၄၀၀) က မန်းချောင်းတွင် လွမ်းသူ့ပန်းခွေများချကာ ကျဆုံးသွားသူများကို အလေးပြုခဲ့သည်။

ယခုလ (၁၅) ရက်မှစတင်ကာ အဆိုပါ မြို့နယ်အာဏာပိုင်များက အာဇာနည်ကျောက်တိုင် ဝန်းကျင်တွင် ရဲနှင့် စည်ပင်သာယာရေးဝန်ထမ်းများအတွက် အခမဲ့ဆိုင်များ ဖွင့်လှစ်ခွင့်ပေးခဲ့ပြီး ပိတ်ဆို့ထားခြင်းဖြစ်သည်။ ထို့အပြင် လုံခြုံရေးကင်းလှည့်ခြင်းနှင့် မီးသတ်ကားများဖြင့် ပိတ်ဆို့မှု များလည်း အဆိုပါမြို့တွင် ပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ် (NLD)ရုံးသို့ ၀မ်းတွင်း၊ မလှိုင်၊ သာစည်၊ ကျောက်ပန်းတောင်းမြို့နယ် ပါတီဝင် များ ပူးပေါင်းတက်ရောက်ခဲ့သော်လည်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လ၀က)၀န်ထမ်းများက မှတ်ပုံတင်စစ်ဆေးကာ လမ်းခရီးတွင် ဟန့်တားနှောင့်ယှက်မှုများ ပြုလုပ်ခဲ့သည်။
ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် လူ့အခွင့်အရေး ကာကွယ်မြှင့်သူများက မဟာဝိသုတာရာမ ကျောင်းတွင် အာဇာနည်နေ့အထိမ်းအမှတ်နှင့် ၀ါဆိုသင်္ကန်းကပ်ကာ ဆွမ်းကပ်လှူဒါန်းသည့် အခမ်းအနားတရပ် ပြုလုပ်ခဲ့သည်။

ယနေ့ (NLD)ဌာနချုပ်တွင် ပြုလုပ်သည့် အခမ်းအနားသို့ ၈၈ မျိုးဆက် ကျောင်းသား များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ ပြည်သူ့ လွှတ်တော်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင် များ၊ (NLD) ပါတီဝင်များနှင့် ပြည်သူ (၁၅၀၀) ကျော် တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများ၏ အာဇာနည် ကုန်းသို့ သွားရောက်မှုကို အာဏာပိုင် များက ပိတ်ပင်ထားခဲ့ပြီး လုံခြုံရေးများ ယခင်နှစ်ထက် ၂ ဆခန့် တိုးမြှင့်ချထားခဲ့သည်။

အခမ်းအနားအပြီးတွင် မစုစုနွေးခေါင်းဆောင်သည့် (NLD)ပါတီဝင် (၆၀) ခန့်အား အာဇာနည် ဗိမာန်သို့ တက်ရောက်ခွင့်ပြုခဲ့သော်လည်း လမ်းခရီးတွင် ကိုင်ဆောင်ထားသည့် အိပ်များအား ရှာဖွေစစ်ဆေးခဲ့သည်ဟု ဆိုသည်။

၈၈ မျိုးဆက် ကျောင်းသားများက အခမ်းအနားသို့ သ၀ဏ်လွှာတစောင် ပေးပို့ခဲ့ရာတွင် လွတ်လပ်ရေးဗိသုကာနှင့် ခေါင်းဆောင်ကြီးများအား လုပ်ကြံခဲ့ခြင်းသည် နိုင်ငံရေးအရ ကွဲပြားမှု များကို ဆွေးနွေးဖြေရှင်းရန် မကျိုးစားဘဲ လက်နက်ကိုင်အကြမ်းဖက်သည့် လုပ်ရပ်ဖြစ်ကြောင်း၊ တပ်မတော်ကို တည်ထောင်ခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းသည် လက်ကိုင်တပ်ဖွဲ့များ လက်ဝယ်ရှိ သော်လည်း ပြည်သူ့ဆန္ဒကို ယုံကြည်သူပီပီ နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍအတွက် စစ်ယူနီဖောင်းကို ချွတ်ကာ နိုင်ငံရေးအဖွဲ့အစည်းတခု၏ ကိုယ်စားလှယ် ဦးအောင်ဆန်းအဖြစ် ခံယူကာ တရားမျှတစွာ ရယူခဲ့သူတဦးဖြစ်သည်ဟု ဖော်ပြခဲ့သည်။

ထိုလုပ်ရပ်ကြောင့်ပင် အမျိုးသားခေါင်းဆောင်ဂုဏ်ပုဒ်ကို ရရှိခဲ့သူဖြစ်ပြီး တိုင်းရင်းသား ခေါင်းဆောင်များနှင့် ညီညွှတ်ရေးကိုလည်း အင်အားသုံးခြိမ်းခြောက်ခြင်း၊ အကျပ်ကိုင်ခြင်းတို့ကို မပြုလုပ်ဘဲ တမျိုးသားလုံ သင့်မြတ်ရေးအတွက် ဆွေးနွေးအဖြေရှာခဲ့သူဟု ဆိုသည်။

အဆိုပါ နမူနာကောင်းများသည် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းအတွင်း မည်သည့်ခေတ်မဆို ကျင့်ကြံရမည့် အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်ဖြစ်ပြီး ၄င်းတို့အနေဖြင့် အဆိုပါကျင့်စဉ်များနှင့် ဆန့်ကျင်သည့် ခြိမ်းခြောက်မှု၊ အကျပ်ကိုင်မှု၊ တဖက်သတ်ဖြေရှင်းမှုမှန်သမျှကို ခေါင်းငုံ့မခံပဲ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ရှင်းလင်းစွာ အသိပေးလိုက်ပြီး ပြည်သူရွေးချယ်ထားသော ခေါင်းဆောင်များအား လက်နက်အားကိုး ခြိမ်းခြောက်ခြင်းနှင့် လုပ်ကြံမှုများကို မြန်မာ့မြေပေါ်မှ ချုပ်ငြိမ်းရန် ၈၈ မျိုးဆက်ကျောင်းသားများက အာဇာနည်နေ့အဓိဌာန်အဖြစ် ချမှတ်ကြောင်း ကြေညာခဲ့သည်။

No comments: