Monday, July 9, 2007

some detainees free

ဖမ်းဆီးခံ ဆန္ဒပြသူတချို့ ပြန်လည်လွတ်မြောက်
ကိုစိုး/ ဧရာဝတီ ဇူလိုင် ၆၊ ၂၀၀၇

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလှုပ်ရှားသူတချို့နှင့် ပြည်သူလူထု အကျပ်အတည်း ဖော်ထုတ်ဆန္ဒပြသူ တဦးကို ယမန်နေ့ ညတွင် စစ်အာဏာပိုင်များက ပြန်လွှတ်လိုက်သည်။
အောင်သပြေစစ်ကြောရေးစခန်းမှ ၎င်းအပါအ၀င် ကိုဖြိုးဝေလင်း၊ ကိုမြင့်ကျော်ဦး၊ ကိုဝင်းမြင့်၊ ကိုမောင်စန်းတို့ကို ပြန်လွှတ်လိုက်ခြင်းဖြစ်သည်ဟု ပြည်သူလူထု အကျပ်အတည်း ဖော်ထုတ်ဆန္ဒပြသူတဦးဖြစ်သည့် ကိုသိန်းအောင်မြင့်က ပြောသည်။


“မနေ့ည တနာရီကျော်ကျော်လောက် အိမ်ပြန်ရောက်တယ်၊ တိုက်ကြီးနားက အမှတ် (၃) ရဲတပ်ရင်းကနေ ည ၁၀ နာရီလောက် အောင်သပြေကိုခေါ်လာပြီး လွှတ်ပေးတာ၊ ပြန်လွှတ်တဲ့ အကြောင်းရယ် နောက်နောင် မလုပ်ဖို့ရယ်ကို လက်မှတ်ထိုးခိုင်းလို့ ထိုးခဲ့ရတယ်”ဟု ကိုသိန်းအောင်မြင့်က ပြောသည်။
ယနေ့ ထုတ်အစိုးရ သတင်းစာများတွင် ယခုပြန်လွှတ်လိုက်သူများသည် ဆူပူလှုပ်ရှားမှုဖြစ်ရန် သွေးထိုးလှုံ့ဆော် သူများ ဖြစ်ပြီး ပြည်သူများက ဖမ်းဆီး၍ သက်ဆိုင်ရာသို့ အပ်နှံခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များက ပညာပေးပြုပြင်ပြီး ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု ရေးသားထားသည်။


“ကျနော်တို့ကို ဖမ်းတဲ့လူတွေကို ကျနော်တို့သိတယ်၊ နာမည်သာ အတိအကျမသိတာ၊ သူတို့က အရာရှိတွေပဲ၊ ပြည်သူတွေ မဟုတ်ဘူး၊ လူတွေကို အသေအချာမှတ်မိတယ်”ဟု ကိုသိန်းအောင်မြင့်က ပြောသည်။
စတင်ဖမ်းဆီးစဉ်က ကျိုက္ကဆံ စစ်ကြောရေးအဆောင် (၃) သို့ခေါ်ဆောင် စစ်ဆေးပြီးနောက် ဧပြီ ၂၃ ရက်တွင် အောင်သပြေစခန်းသို့ခေါ်ဆောင် စစ်ဆေးခဲ့ကြောင်း၊ ထို့နောက် သုံးရက်ခန့် စစ်ဆေးပြီး ဇွန်လကုန်ပိုင်းတွင် တိုက်ကြီးမြို့ ရဲတပ်ရင်း (၃) တွင်ချုပ်ထားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသည့် ရက်ပေါင်း ၇၅ ရက် ကြာကြောင်း ၎င်းက ပြောပြသည်။


ပြည်သူလူထု အကျပ်အတည်းဖော်ထုတ် ဆန္ဒပြရာတွင် ဦးဆောင်သူ ကိုထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လှုပ်ရှားသူ ကိုစောကျော်မင်း၊ ကိုအေးနိုင်၊ ကိုသန့်ဇင်ဦး၊ ကိုသန့်ဇော်မြင့်တို့ အပါအ၀င် မလွတ်မြောက် သေးသူ ၁၀ ဦးကျော်ကျော် ကျန်ရှိနေသေးသည်ဟုလည်း သိရှိရသည်။


ယင်းဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန် မိသားစုဝင်များ၏ ဆန္ဒအရ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့လိပ်မူ၍ ပြည်ထဲရေးဝန်ကြီးဌာနအပါအ၀င် ၀န်ကြီးဌာန ၄ ခု သို့ ပြန်လွတ်လာသူများက လက်မှတ်ထိုး တောင်းဆိုထားသည့် စာတစောင်အားပေးပို့ ရန် စီစဉ်နေသည်ဟု လူ့အခွင့်အရေး လှုပ်ရှားသူ မစုစုနွေးက ပြောသည်။“အခု ဖမ်းထားတဲ့သူတွေကို ဥပဒေအရ အပြစ်ရှိတယ်ဆိုရင်လည်း အပြစ်ဒဏ်သတ်မှတ်ပေါ့၊ အပြစ်မရှိရင် အမြန်ဆုံး ပြန်လွှတ်ပေးသင့်တယ်၊ အခုဟာက ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ သဘောပဲ”ဟု မစုစုနွေးက ဧရာဝတီသို့ ပြောဆိုသည်။

No comments: