Thursday, July 19, 2007

Martyrs' Day ???

ဧရာဝတီသတင်း
အာဇာနည်နေ့ကိုသိသူ မျိုးဆက်သစ်များ တနေ့တခြားနည်းလာ
အေးလဲ့ ဇူလိုင် ၁၉၊ ၂၀၀၇

မြန်မာနိုင်ငံတွင် အာဇာနည်နေ့အကြောင်းကိုသိသည့် ခေတ်လူငယ်များ တနေ့တခြားနည်းပါးလာပြီး ထိုနေ့သည် သာမန် ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တရက်သဖွယ်ဖြစ်နေကြောင်း သိရသည်။
၁၉၄၇ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့၌ ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ခေါင်းဆောင်ကြီးများ အစည်းအဝေး ပြုလုပ်နေစဉ် ဂဋ္ဌုန် ဦးစော၏ လုပ်ကြံခံခဲ့ရရာမှ ထိုနေ့ကို အာဇာနည် နေ့ဟု သတ်မှတ်ခဲ့သည်မှာ ယခုအခါ အနှစ် ၆၀ ပြည့်ပြီးဖြစ်သည်။

၎င်းနေ့ တွင် ကျဆုံးခဲ့ သည့် အာဇာနည် ခေါင်းဆောင်ကြီးများမှာ ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် ဦးဘ၀င်း၊ မန်းဘခိုင်၊ မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ်ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်၊ ရဲဘော် ကိုထွေးတို့  ဖြစ်သည်။

မန္တလေးမြို့မှ အထက်တန်းကျောင်းသားတဦးကို ဧရာဝတီက အာဇာနည်နေ့နှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ အပေါ်ရံသဘောမျှသာ သိပြီး အာဇာနည် ၉ ဦး၏ အမည်များကိုလည်း အကုန်မသိပေ။
ရန်ကုန်မှ ဆယ်ကျော်သက်လူငယ်တဦးက “အာဇာနည်နေ့လား မသိဘူး။ ဗိုလ်ချုပ်အောင်ဆန်းတော့ သိတယ်၊ ကျန်တဲ့ သူတွေမသိဘူး” ဟုပြောသည်။

စာရေးဆရာမကြီး ဒေါ်ကြည်ဦးက “ကျောင်းပိတ်လို့သာ ကျောင်းသူကျောင်းသား၊ ရုံးသူရုံးသားတွေက အာဇာနည်နေ့ ဆိုသိပေမယ့် သာမန်လူတွေကတော့ အာဇာနည်နေ့ကို မသိကြတော့ပါဘူး။ ပညာပေးအနေနဲ့ အာဇာနည်အဖြစ်အပျက်၊ အတွေ့အကြုံကို ဆောင်းပါးလေးပုဒ် ချယ်ရီမဂ္ဂဇင်းမှာရေးပို့တာ ရေးခွင့်မရဘူး။ စိစစ်ရေးက ပယ်လိုက်တယ်” ဟု ဧရာဝတီကိုပြောသည်။

ယခင်က အာဇာနည်များကျဆုံးသည့် ၁၀ နာရီ ၃၇ မိနစ် ရောက်တိုင်း ၁ မိနှစ် ငြိမ်သက်ခြင်း၊ ရေဒီယိုနှင့် နီးစပ်ရာ မီးသတ်ဌာနများမှ ဥသြဆွဲခြင်းများကို နှစ်စဉ်ပြုလုပ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီးကတည်းက ၎င်းအလေ့အထများကို ပြုလုပ်ခြင်းမရှိတော့ပေ။

အထက်တန်းကျောင်းများတွင်လည်း ဇူလိုင်လဆန်းကတည်းက အာဇာနည်နေ့အကြောင်း စာစီစာကုံးပြိုင်ပွဲများ၊ ဟောပြောပွဲများ၊ နံရံကပ်ပိုစတာနှင့် ပန်းချီ ပြိုင်ပွဲများကို ကျင်းပလေ့ ရှိသည်ဆိုသော်လည်း ယခုအခါ ၎င်းအလေ့အထများ တဖြည်းဖြည်းပျောက်ကွယ်လာခြင်းကြောင့် မျိုးဆက်သစ်လူငယ်များသည် အာဇာနည်နေ့နှင့် တဖြည်းဖြည်းဝေးခဲ့ရခြင်း ဖြစ်သည်။အာဇာနည်ခေါင်းဆောင်ကြီး ဦးဘ၀င်း၏သားဖြစ်သူ ဦးအေးဝင်းက “လူငယ်တွေက အဲဒီခေတ်တုန်းက လူကြီးတွေလို ရဲရင့်ဖြောင့်မတ်ရမယ်။ ဘာပဲလုပ်လုပ် ဇွဲ လုံ့လနဲ့  ဖြောင့်မတ်ဖို့လိုပါတယ်။ ဒါကို ပတ်ဝန်းကျင်မှာ သိတဲ့လူကြီးတွေက ပြုပြင်ပေးရမှာပဲဟု ဧရာဝတီကိုပြောသည်။

ယနေ့နံနက် အာရုံတက်ချိန်က အာဇာနည်ခေါင်းဆောင်ကြီး ဦဘ၀င်း၏နေအိမ်တွင် ဗုဒ္ဓဘာသာ အစဉ်အလာအရ သံဃာ များကို အာရုံဆွမ်းကပ်ခဲ့ပြီး အာဇာနည်ကုန်း၌ ပြုလုပ်သည့် အခမ်းအနားတွင် သားအငယ်ဆုံး ဖြစ်သည့် ဦးထွေးဝင်းက လွမ်းသူ့ပန်းခွေချခဲ့သည်ဟုလည်း ဦးအေးဝင်းက ပြောသည်။

“ကျနော်တို့နိုင်ငံမှာ အင်မတန်ဝမ်းနည်းဖို့ကောင်းတာကတော့ ဒီနေ့မှာ အမျိုးသားခေါင်းဆောင်ကြီးတွေကို ဂါရ၀ပြုမယ် ဆိုရင်တောင်မှ ဘယ်နှစ်ယောက်ပဲတက်ပါဆိုတဲ့ ကန့်သတ်ချက်တွေရှိနေတယ်။ ရပ်ကွက်၊ မြို့နယ်တွေထဲမှာလည်း အခမ်းအနားလုပ်ခွင့်တွေ ပိတ်ပင်ထားပါတယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမြအေးက ပြောသည်။အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ဓာတ်ပုံကို လူနေအိမ်များတွင် လွတ်လပ်စွာ ချိတ်ခွင့်မရခြင်းနှင့် အစိုးရ ရုံးများ၌ မချိတ်ကြခြင်းသည် အဆိုးဝါးဆုံးဖြစ်သည်ဟုလည်း ၎င်းကပြောသည်။


No comments: