Monday, July 9, 2007

female students of 88 generation

၈၈ မျိုးဆက် အမျိုးသမီးအင်အားစု စတင်လှုပ်ရှား
NEJ / ၉ ဇူလိုင် ၂၀၀၇

အမျိုးသမီးများရင်ဆိုင်နေရသည့် အခက်အခဲများအား ကူညီဖြေရှင်းပေးရန်အတွက် အမျိုးသမီးကဏ္ဍ ဖွင့်လှစ်လှုပ်ရှားသွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများက ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများ အမျိုးသမီးအဖွဲ့ ခေါင်းဆောင်တဦးဖြစ်သူ မနီလာသိန်းက “အမျိုး သမီးတွေရဲ့ အခက်အခဲအကျပ်အတည်းတွေ၊ အမျိုးသမီးတွေရဲ့ ရပိုင်ခွင့်အဆင့်အတန်းတွေမြင့်ဖို့၊အမျိုးသမီးနဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကာကွယ်ပေးဖို့အတွက် ကျမတို့က စုစည်းထားတာ ဖြစ်ပါတယ်” ဟု ပြောသည်။

အမျိုးသမီးအဖွဲ့ကို ဇူလိုင် (၇) ရက်၌ စတင်ဖွဲ့စည်းပြီး လှုပ်ရှားနေကြောင်း၊ ပထမဆုံးဆောင်ရွက်ချက်အဖြစ် လတ်တလော ရေဘေးနှင့် လေဘေးဒုက္ခ ကြုံတွေ့နေရသည့် အင်းစိန်နှင့်ရွှေပြည်သာရှိ ဒုက္ခသည်မိသားစုများအတွက် အ၀တ်အထည်၊ အစားအစာနှင့်ငွေကြေးအလှူငွေများ သွားရောက် ပေးအပ်ကြောင်းသိရသည်။

ယင်းအဖွဲ့တွင် ၁၉၈၈ ခု ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများနှင့် မျိုးဆက်သစ်လူငယ်များပါဝင်ပြီး ၎င်းတို့၏လှုပ်ရှားမှုကို စိတ်ဝင်စားသူ မည်သူမဆို ပူးပေါင်းပါဝင်နိုင်သည်ဟု မနီလာသိန်းက ပြောသည်။
၈၈မျိုးဆက်ကျောင်းသားများ အမျိုးသမီးအဖွဲ့သည် သီးခြားအဖွဲ့အစည်းမဟုတ်ဘဲ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတို့အတွက် ၈၈ မျိုးဆက်ကျောင်းသားများနှင့် အတူတကွ ပူးပေါင်းလုပ်ဆောင်သွားမည်ဟုသိရသည်။ ။

No comments: