Friday, July 20, 2007

book review by Ko Ko Thet 1


ပြန်လမ်းမရှိသောမြစ်
ကိုကိုသက် ဇူလိုင် ၁၉၊ ၂၀၀၇

၁၈၈၉ ခုနှစ်တွင် အင်္ဂလိပ် စာရေးဆရာကြီး ရုဒယပ် ကစ်ပလင်က ဧရာဝတီမြစ်မကြီးကို ဦးစွာတွေ့မြင်ခဲ့စဉ် “ခြေရာဖျောက် မြစ်တစ်စင်းကို ကြည့်နေရသည်ဟု ကျနော်၏စိတ်အာရုံတွင် ထင်မြင်လာပါ သည်။ လွန်ခဲ့သောသုံးနှစ်အတွင်းက ကျနော်နှင့် ရင်းနှီးကျွမ်းဝင်သူ လူများစွာတို့ ဤလမ်းကြောင်းအတိုင်း ခရီးသွားခဲ့ကြသည်။ ဘယ်သောအခါမှ ပြန်လာကြမည် မဟုတ်တော့” ဟု လွမ်းမောဖွယ် ရေးခဲ့ဖူးသည်။

ဤသို့ အဓိပ္ပာယ်ထွေပြား၍ ကဗျာဆန် လှပသည့် “ခြေရာဖျောက်မြစ်” ဟူသော စကားစုသည် သန့်မြင့်ဦးရေးသားသော ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိဆန်ဆန် မြန်မာ နိုင်ငံသမိုင်းစာအုပ်သစ်အတွက် စာအုပ်ခေါင်းစဉ်ဖြစ်လာပါသည်။ စာရေးသူသည် ပညာရှင်ဆန်သည့်အပြင် အလွန်လည်းခန့်ညားလှသော “ခေတ်မီမြန်မာနိုင်ငံကို တည်ဆောက်ခြင်း” (The Making of Modern Burma) ဟူသည့် စာအုပ်ကိုလည်း ရေးသားခဲ့သူဖြစ်ပါသည်။ (ထိုစာအုပ်ကို ကိန်းဘရစ်တက္ကသိုလ် ပုံနှိပ်တိုက်က ၂၀၀၁ ခုနှစ်တွင်ထုတ်ဝေခဲ့သည်။)

သာမန်စာဖတ်ပရိသတ်အတွက် ဦးတည်ထုတ်ဝေသော သူ့စာအုပ်သစ်တွင် သန့်မြင့်ဦးသည် မြန်မာ့သမိုင်း နောက်ခံကားကို သမိုင်းဝင်မှတ်တမ်းများ၊ ခရီးသွား အတွေ့အကြုံများနှင့် မျိုးရိုးစဉ်ဆက် သမိုင်းကြောင်း လေ့လာချက်တို့ဖြင့် နှိုင်းယှဉ်ချိန် ထိုး တင်ပြထားပါသည်။

၁၈၂၀ ခုနှစ်များ နှောင်းပိုင်းတွင် ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲသည် ကုန်းဘောင်မင်းဆက်အတွက် ကနဦး ထိုးနှက်ချက်ဖြစ်ပါသည်။ ထိုစစ်ပွဲပြီး နောက်တွင် အင်းဝနန်းတော်မှပညာရှင်များနှင့် ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဦးကုလား၏ မြန်မာမင်းများမဟာရာဇာဝင် ကို ပြန်လည်သုံးသပ်တည်းဖြတ်ကာ အသစ်ပြန်လည်စီရင်ခဲ့ကြပါသည်။ သို့ဖြင့် မှန်နန်းမဟာရာဇ၀င်ကျမ်း ပေါ်ထွက်လာခဲ့ ရပါသည်။

သန့်မြင့်ဦးကလည်း “တိုင်းပြည်ရဲ့အနာဂတ် မရေမရာဖြစ်နေတဲ့အချိန်၊ ပစ္စုပ္ပန်မှာလည်း အရမ်းခက်ခဲကျပ်တည်းနေတဲ့ အချိန်မျိုးမှာဆိုရင်တော့ အံဝင်ခွင်ကျလုပ်ရမယ့်အလုပ်က အတိတ်သင်ခန်းစာတွေကို ပိုပြီးသေသေချာချာ လေ့လာသုံးသပ် ဖို့ပဲ ဖြစ်ပါတယ်”ဟု အားတက်သရော ပြောပါသည်။ ထိုအယူအဆသည်ပင် ဤစာအုပ်ရေးသားရခြင်းအတွက် သန့်မြင့်ဦး ကိုယ်တိုင်၏ ယုံကြည်ချက်လည်း ဖြစ်နေနိုင်ပါသည်။

ဤစာအုပ်၏အခန်းတခန်းတွင် မြန်မာနိုင်ငံ၏ လူ့ယဉ်ကျေးမှု ဖြစ်ပေါ်တိုးတက်မှုအခြေခံနှင့်ပတ်သက်၍ ရေးသားထားရာ တွင် မှန်နန်းမဟာရာဇ၀င်ကို မြန်မာစာဖတ်ပရိသတ်၏ ရင်ထဲသို့ ပြန်လည်စွဲထင်လာရန် သမိုင်းဆရာ၏ အားထုတ်မှုကို တွေ့ရပါသည်။ သူက မြန်မာလူမျိုးတို့၏ ရှေးပဝေသဏီကပင် စတင်လာခဲ့သော သမိုင်းထိုးမှတ်တမ်းတင်ကြသည့် အစဉ် အလာကို အတည်ပြုခဲ့ပြီး သုတေသန တွေ့ရှိချက်များနှင့် နှိုင်းယှဉ်ချိန်ထိုးပြီး ပံ့ပိုးထောက်ပြခဲ့ပါသည်။ သူ၏ တွေ့ရှိချက် များက ဧရာဝတီမြစ်ဝှမ်းလွင်ပြင်၏ လူ့ယဉ်ကျေးမှုဖြစ်ပေါ်တိုးတက်မှုသည် လွန်ခဲ့သော နှစ်ပေါင်း ၃,၅၀၀ ကတည်းက တည်ရှိခဲ့ သော ရှေးဟောင်းအီဂျစ်ဘုရင်နိုင်ငံများနှင့် သက်တမ်းတူသည်ဟု ညွန်ပြထားပါသည်။

သန့်မြင့်ဦးသည် ထိပ်ဆုံးမှထင်ရှားကြီးကျယ်သောပုဂ္ဂိုလ်များ၏ရုပ်ပုံလွှာများမှတဆင့် သမိုင်းကို ချဉ်းကပ်သည့်နည်းကို အသုံးပြု၍ အတိတ်နှင့်ပစ္စုပ္ပန်၊ ပုဂ္ဂိုလ်ရေးနှင့် နိုင်ငံရေး၊ ပြည်တွင်းနိုင်ငံရေးနှင့် ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်များ အကြား လူးလာ ခေါက်တုံ့ အပြန်အလှန်သုံးသပ်ပြီးနောက် မြန်မာနိုင်ငံ၏အနေအထားကို ကမ္ဘာ့ရေးရာ အဖြစ်အပျက်များအကြားတွင် ထားရှိ ချိန်ထိုး ပြခဲ့ပါသည်။ တင်ပြပုံတွင်လည်း ဆရာကြီး ဂျီ-အီး-ဟာဗေး (G E Harvey) ၏ ဂန္ထ၀င်မြောက် မြန်မာနိုင်ငံ သမိုင်း (Classic History of Burma) နှင့် အေ-တီ-ကျူ စတူးဝပ် (A T Q Stewart) ၏ စေတီပုထိုးများတိုက်ပွဲ (The Pagoda War) စာအုပ်များကို အမှတ်ရစေလောက်သော သူတို့၏သြဇာရိပ်လွှမ်းနေသေးသော အရေးအသား တင်ပြဟန် မျိုးတို့ဖြင့် ရှေးခေတ်မြန်မာဘုရင်နိုင်ငံများ၏ အတက်နှင့် အကျကို ထင်လင်းစွာ သရုပ်ဖော်သွားခဲ့ပါသည်။

၁၉ ရာစုအလယ်ပိုင်းလောက်တွင် မင်းတုန်းမင်းကြီးက “တဆင့်ထက်တဆင့်ပို၍ ဥရောပလွှမ်းမိုးမှု များလာနေသော၊ အမြန်အဆန်ဖြစ်ပေါ်ပြောင်းလဲလာနေသော ကမ္ဘာကြီးနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်ကြောင်း”ကို နားလည်နေခဲ့ပြီ ဖြစ်သည်။ သမိုင်းဆရာက မင်းတုန်းမင်းကြီး၏ ခေတ်မီရေးပြုပြင်ပြောင်းလဲမှုသည် ထိုစဉ်က ကမ္ဘာတ၀န်းမှ ခေတ်ပြိုင်နိုင်ငံ များ၏ ပြုပြင်ပြောင်းလဲမှုများနှင့်တပြိုင်နက်တည်းဖြစ်ကြောင်းကို ထောက်ပြထားပါသည်။ ဂျပန်နိုင်ငံ၏ ၁၈၆၈ ခုနှစ် မေဂျီ ပြုပြင်ပြောင်းလဲရေး၊ မောင်းကွတ်ဘုရင်၏ ထိုင်းနိုင်ငံခေတ်မီရေး ပြုပြင်ပြောင်းလဲမှု၊ အီဂျစ်နိုင်ငံမှ မာမက်အလီဘုရင်၏ ပြုပြင်ပြောင်းလဲမှုများနှင့် မင်းတုန်းမင်းကြီး၏ ခေတ်မီရေးဆောင်ရွက်မှုသည် တချိန်တည်းတပြိုင်နက်တည်းဖြစ်သည်ကို လည်း ထောက်ပြသွားခဲ့ပါသည်။

မြန်မာမင်းများ၏ ပြုပြင်ပြောင်းလဲမှုများ မအောင်မြင်ရခြင်းသည် ဗြိတိသျှတို့က လွတ်လပ်စွာကုန်သွယ်ခွင့်ရရန် အတင်း အကျပ်တောင်းဆိုနေမှု၊ နန်းတွင်းအရှုပ်တော်ပုံများနှင့် ယူနန်ပြည်နယ်မှ ချင်မင်းဆက်တို့၏ ပန်းသေးလူမျိုးငယ်တို့အား လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှုတို့ကြောင့် ဖြစ်ရသည်ဟု စာရေးသူကဆိုပါသည်။ ကံမကောင်းအကြောင်းမလှရှာသော ခေတ်မီရေးပြုပြင်ပြောင်းလဲမှုသည် မင်းတုန်းမင်းကိုဆက်ခံသော သီပေါမင်းလက်ထက်အရောက်တွင် အချုပ်အချာ အာဏာပိုင်စိုးမှု ဆုံးရှုံးခြင်းဆီသို့ ဦးတည်သွားခဲ့ရပါတော့သည်။

စာရေးသူက ၁၈၈၅ ခုနှစ်တွင် မြန်မာနိုင်ငံအား ဗြိတိသျှအိန္ဒိယအောက်သို့ ကိုလိုနီအဖြစ် သွတ်သွင်းသိမ်းပိုက်ပြီးနောက် ဖြစ်ပွားခဲ့သော နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကိုလည်း ယခု အီရတ်တွင်ဖြစ်ပျက်နေသော အဖြစ်အပျက်များနှင့် နှိုင်းယှဉ်တင်ပြထားပါသည်။ ဗြိတိသျှအရာရှိတယောက်က “ဤနိုင်ငံသားများသည် အချို့က မင်းဆိုးမင်းညစ်များမှ လွတ်မြောက်အောင် ကယ်တင်သူများအဖြစ် မျှော်လင့်ခဲ့ကြသည့်အတိုင်း ကျွန်ုပ်တို့အား မကြိုဆိုခဲ့ကြပါ” ဟု နာကြည်း စကားဆို ခဲ့ပုံကိုလည်း ထည့်သွင်းဖော်ပြထားပါသေးသည်။ ထိုမှတ်ချက်သည် ယခုအီရတ်တွင်ဖြစ်ပျက်နေသော အနေအထားနှင့် ခပ်ဆင်ဆင် တူနေပါသည်။

စာအုပ်တွင်ပါသော စာရေးသူ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွင် သူ့ဘ၀ဖြစ်စဉ်၏ အမှတ်ရဖွယ်ရာများကို မကြာသေးမီက သူရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများနှင့်လွန်းထိုးရက်ရှယ် တင်ပြသွားပါသည်။ သူ့စာဖတ်ပရိသတ်အား သူ့ဘ၀ကို ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀နှင့်ယှဉ်ကြည့်စေလိုဟန်လည်း တူပါသည်။ သူသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေး မှူးချုပ်ဟောင်း ဦးသန့်၏မြေး ဖြစ်သည်။ ထို့အတွက်ကြောင့် သူနှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် မြန်မာ နိုင်ငံ၏ ထင်ရှားကြီးကျယ်သော နိုင်ငံခေါင်းဆောင်များ၏ မျိုးဆက်များမှ ဆင်းသက်လာသူများ အဖြစ် မျိုးရိုးဇာတိကို ပို၍ အသိအမှတ်ပြုခံလိုဟန်လည်း ရှိပါသည်။

၎င်းတို့နှစ်ဦးစလုံးမှာ အနောက်နိုင်ငံများတွင် ကြီးပြင်းခဲ့ကြပြီး အထူးအဆင့်မြင့် သော အနောက်တိုင်းပညာကိုလည်း လေ့လာဆည်းပူးခွင့်ရခဲ့သူများ ဖြစ်သည်။ သို့သော် ထို နေရာတွင်ပင် သူတို့၏တူညီမှု များ နိဂုံးကမ္ပတ် အဆုံးသတ်သွားပါသည်။ ယခုမူ ၎င်းတို့နေထိုင်ကြသော ပတ်ဝန်းကျင်နှင့် မြန်မာနိုင်ငံပြဿနာကို ချဉ်းကပ်ဖြေရှင်းပုံတို့သည် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတော့သည်။
သန့်မြင့်ဦးက ၁၉၉၁ ခုနှစ်တွင် သူ ကိန်းဘရစ်တက္ကသိုလ်ရှိ ထရီနီတီကောလိပ်သို့ တက်ရောက်ခဲ့စဉ်က တက္ကသိုလ်တခု လုံးတွင် သူသိသောအခြားမြန်မာတဦးမှာ ပါစကယ် ခူးသွယ်တဦးတည်းသာရှိသည်။ ပါစကယ်ခူးသွယ်က နောက်ပိုင်းတွင် လူအများအံ့သြချီးမွမ်းကြရသော သူ၏အမှတ်ရချက်များကို စုစည်းတင်ပြထားသည့် “နတ်စိမ်းတို့၏မြေမှ သို့မဟုတ် မြန်မာ တဦး၏ စွန့်စားခန်း” (From The Land of Green Ghosts: A Burmese Odyssey) စာအုပ်ကိုရေးသားခဲ့သူ ဖြစ်ပါသည်။ ၂၀ ရာစုသို့ ရောက်လာသောအခါ ကိန်းဘရစ်တွင် မြန်မာကျောင်းသားဦးရေ ဒါဇင်ပေါင်းများစွာရှိလာပြီး ကိန်းဘရစ်မြန်မာ အသင်းကိုပင် ဖွဲ့စည်းထားနိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

သန့်မြင့်ဦးသည် ဒေါ်အောင်ဆန်းစုကြည်၊ ပါစကယ်ခူးသွယ်တို့နှင့် ခြားနားသောအချက်မှာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကို ပါဝင်ဖြတ်သန်းခွင့် မရလိုက်ခြင်းပင်။ အရေးအခင်းတွင်ဝင်မပါလိုက်ရခြင်းကြောင့် ထိုင်း-မြန်မာ နယ်စပ်သို့ သွားရောက်ခဲ့ပြီး ကျောင်းသားသူပုန်တပ်ဖွဲ့များနှင့်အတူနေထိုင်လှုပ်ရှားခဲ့ပါသည်။ ထိုကျောင်းသားသူပုန်တပ်ဖွဲ့ ၀င်များသည် သူ၏အဆိုအရ “မြန်မာအာဏာပိုင်တို့လက်မှ ထွက်ပြေးကြခြင်းမျိုးမဟုတ်ဘဲ အနောက်နိုင်ငံများမှ ၎င်းတို့အား လက်နက်တပ်ဆင်ပေးပြီး မြန်မာအစိုးရကို တိုက်ခိုက်ဖြုတ်ချရန် ကူညီလိမ့်မည်ဟူသော အားကိုးရာမဲ့ မျှော်လင့်ချက်ဖြင့် နယ်ခြားဒေသများသို့ ရောက်ရှိလာခဲ့ကြခြင်း” ဖြစ်ပါသည်။

သူနားလည်သည့် နယ်ပယ်၏ ပြင်ပမှကိစ္စရပ်များနှင့်ပတ်သက်၍ သန့်မြင့်ဦး၏ ရှုမြင်ကိုင်တွယ်ပုံမှာ အပေါ်စီးဆန်ပြီး အဆက်အစပ်ကင်းမဲ့လှပါသည်။ ထို့အပြင် တခါတရံ အထင်သေးသည့်အရိပ်အယောင်ပင် ပြလိုက်သေးသည်။ သို့သော် သူ့စာအုပ်သည် စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်ကွက်များဖြင့် ပြည့်နှက်နေသည်မှာ အမှန်ပင်ဖြစ်ပါသည်။ စာရေးသူက “ဤစာအုပ်ကို ပညာရှင်များအတွက် ရည်ရွယ်ရေးသားခြင်း မဟုတ်။ ထို့အပြင် ယနေ့ မြန်မာနိုင်ငံ ပြဿနာကို အဓိက အားပြု ဝေဖန်ပိုင်းခြားထားသည့် စာအုပ်လည်းမဟုတ်ပါ။ မြန်မာနိုင်ငံ၏ အတိတ်ကာလဖြစ်ရပ်များအတွက် အညွှန်းမျှသာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လောလောလတ်လတ် ပြဿနာများကို ပိုသိကြသော်လည်း အရောင် အသွေးစုံလင်စွာဖြင့် လှပကြီးကျယ် ခမ်းနားခဲ့သော မြန်မာနိုင်ငံ၏အတိတ်သမိုင်းကို မေ့လျော့နေသူများအတွက် ရည်ရွယ် ရေးသားခြင်းဖြစ်ပါ သည်” ဟု ရှင်းလင်းစွာ မှတ်ချက်ပြုထားပါသည်။

မည်သို့ပင်ဆိုစေ နောက်ဆုံးအခန်းတွင် သမိုင်းဆရာသည် မြန်မာနိုင်ငံ၏ အနီးကပ်အနာဂတ်ကို ရဲရဲဝံ့ဝံ့ ၀င်ရောက်ခန့်မှန်း သွားပါသည်။ မြန်မာနိုင်ငံပြဿနာအပေါ် မှတ်ချက်အချို့လည်း ပြုသွားပါသည်။ ထို့အပြင် မျှော်လင့်ချက်ကင်းမဲ့နေသော မြန်မာနိုင်ငံကောက်ကြောင်းကားတချပ်ကိုပါ ရေးဆွဲသွားပါသေးသည်။

သူက ပြောသည်မှာ မြန်မာနိုင်ငံကို ဆက်၍ အထီးကျန်စေရေးအတွက် ပိတ်ဆို့ဖယ်ကြဉ်နေမည်ဆိုပါက (တနည်း သူဆိုလိုသည်မှာ အနောက်နိုင်ငံများ အနေဖြင့် သူ အကြံပြုတင်ပြထားသည့်အတိုင်း မြန်မာနိုင်ငံနှင့် ပြန်လည်ဆက်သွယ် ပူးပေါင်းဆောင်ရွက်မှုများ မလုပ်လျှင်) မြန်မာနိုင်ငံ သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး နောက်ပိုင်း မင်းမဲ့စရိုက် အခြေအနေဆီသို့ ပြန်လည်ဦးတည်သွားလိမ့်မည်ဟု ဟောကိန်းထုတ်သွားခဲ့ပါသည်။ ။

၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ကိုကိုသက်ရေးသားသော စာအုပ်ဝေဖန်ချက် River of No Return ကို ဆီလျော်အောင်ပြန်ဆိုဖော်ပြပါသည်။


ကိုကိုသက်သည် ဖင်လန် နိုင်ငံ ဟယ်လ်ဆင်ကီတက္ကသိုလ်တွင် ကမ္ဘာ့နိုင်ငံရေးကို လေ့လာနေသော မြန်မာသုတေသန ပညာရှင်တဦး ဖြစ်ပါသည်။

No comments: