Thursday, July 5, 2007

activists' words on SPDC's accusation

ဆူပူအုံကြွမှုကို အားမပေးဟု၈၈ မျိုးဆက်ကျောင်းသားများ ငြင်းဆို

ပီတာအောင်/ ခေတ်ပြိုင် / ၅ ဇူလိုင် ၂၀၀၇

အာဇာနည်နေ့၌ အာဇာနည်ကုန်းသို့ ချီတက်အလေးပြုရန်နှင့် ကျောင်းသားထုအတွင်း ဆူပူ အုံကြွမှုဖြစ်စေရန် တက္ကသိုလ်ကျောင်းသားများကို သွေးထိုးမြှောက်ပင့်ပေးနေကြောင်း စစ်အစိုးရသတင်းစာ၏ စွပ်စွဲချက်များကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဂျင်မီက ငြင်းဆိုလိုက်ပြီး ဆူပူအုံကြွမှုများကို အားပေးခြင်း မပြုပါဟု ပြောကြားသည်။
ဂျင်မီ (ခ) ကျော်မင်းယုနှင့် ဇော်ဇော်မင်းတို့သည် အနောက်ပိုင်းတက္ကသိုလ်ကျောင်းသား ဒီငြိမ်း လင်းနှင့် စီးပွားရေးတက္ကသိုလ်ကျောင်းသား စည်သူမောင်တို့ကို အမာခံထား၍ ကျောင်းသားထုအတွင်း ဆူပူမှုဖြစ်စေရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဇူလိုင် (၇) ရက် ကြေညာချက်ထုတ်ပြန်ရေး၊ အာဇာနည်နေ့တွင် မြေနီကုန်းမှ အာဇာနည်ကုန်းသို့ လွမ်းသူ့ပန်းခွေများ ကိုင်ဆောင်ချီတက် အလေးပြုရေးနှင့် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးတို့ကို ကြိုးကိုင်စီမံခဲ့သည်ဟု ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ ဖော်ပြသည်။
အဆိုပါကျောင်းသားများနှင့် ခင်မင်ရင်းနှီးမှုရှိသည်မှာ မှန်ကန်သော်လည်း ကျောင်းသားများနေဖြင့် တက္ကသိုလ်ရှိ ပညာရေးဝန်ထမ်းများ၏ အကျင့်ပျက်ချစားမှုများနှင့် ရသင့်ရထိုက်သည့် ကျောင်းသား အခွင့်အရေးများကို ရရှိရန်အတွက် ၎င်းတို့ဘာသာလုပ်ဆောင်ခြင်းဖြစ်သည်ဟု ကိုဂျင်မီက ပြောသည်။
၎င်းက “ သူတို့က ဘယ်သူ့ချုပ်ကိုင်မှုကိုမှ လက်မခံပါဘူး။ သူတို့ယုံကြည်ချက်နဲ့ သူတို့အသိစိတ်ဓာတ်နဲ့ သူတို့လုပ်တာပါ။ ကျနော်တို့က ဘယ်သူ့ကိုမှလည်း ကြိုးကိုင်ချယ်လှယ်လို့မရပါဘူး။ လူတွေက မင်းဒါလုပ်ကွာလို့ အတင်းတွန်းတိုင်းလည်း လုပ်ချင်မှလုပ်မှာပဲ။ ကျနော်တို့က ဆူပူ အုံကြွမှုကို လုံးဝအားပေးမှာမဟုတ်ဘူး။ ဒါပေမယ့် လုပ်စရာရှိရင် သတ္တိရှိရှိလုပ်ရမယ်၊ ဘောင် အတွင်းက အရေးဆိုရမယ်၊ ဗြောင်လုပ်ရမယ် အဲဒီသုံးခုကိုတော့ အားပေးမယ်။ ကျောင်းသားရော၊ အလုပ်သမားရော၊ ပြည်သူတွေကိုရော နေရာတိုင်းမှာ အားပေးမယ်” ဟု ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့သည် ပြည်ပရှိ ဆန့်ကျင်ဘက်အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ ပြည်ပအဖွဲ့အစည်းများက ပေးကမ်းချင်လာအောင် တရားဥပဒေကို ပုံစံအမျိုးမျိုးဖြင့် လက်တလုံးခြား ချိုးဖောက်ဆောင်ရွက်နေသူများဖြစ်သည်ဟု နအဖသတင်းစာပါဖော်ပြချက်ကိုလည်း အခြေအမြစ် မရှိသည့်စွပ်စွဲချက်များဖြစ်သည်ဟု ကိုဂျင်မီက တုံ့ပြန်ပြောဆိုသည်။
မင်းကိုနိုင်နှင့်ကိုကိုကြီးတို့ ဦးဆောင်သည့် ၈၈ မျိုးဆက်ကျောင်းသားများသည် အမျိုးသားပြန်လည် သင့်မြတ်ရေး ဦးတည်ကြိုးပမ်းနေသည့်အဖွဲ့ဖြစ်ပြီး မကြာခင်ပြန်စတော့မည့် အမျိုးသားညီလာခံကို အကြောင်းပြု၍ မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အမျိုးသားအင်အားစုများအားလုံး ဆွေးနွေးညှိနှိုင်းအဖြေရှာနိုင်မည့် နိုင်ငံရေးဝန်းကျင်တခု ဖန်တီးပေးရန် နအဖစစ်အစိုးရအား လတ် တလော တိုက်တွန်းထားသည်။

No comments: