Monday, July 9, 2007

Flood condition in Araken state

ရခိုင်ရေဘေး ပိုဆိုးလာ
ကိုသက်/ ဧရာဝတီ ဇူလိုင် ၆၊ ၂၀၀၇

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့် သံတွဲမြို့တို့တွင် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် တမြို့လုံးနီးပါး ရေလွှမ်းလျက် ရှိကြောင်း ဒေသခံများက ဧရာဝတီကို ပြောဆိုကြသည်။

တောင်ကုတ်မြို့တွင် ယမန်နေ့ကစ၍ တဖြည်းဖြည်းတက်လာသောရေသည် ယခုအခါ အမြင့်ပိုင်းကျသည့် နေရာများမှလွဲ၍ တမြို့လုံးရေလွှမ်းနေကြောင်း တောင်ကုတ်မြို့ခံတဦးက ပြောသည်။
“ကျနော်တို့ တမြို့လုံးလိုလိုမြုပ်နေပြီ။ ဒီရေကျတဲ့အချိန်ဆိုပေမယ့် ရေကတက်နေတုန်းပဲ။ ဆေးရုံကွက်သစ်တို့ ချောင်းကောက်ရပ်ကွက်တို့ဆို ရေအမြုပ်ဆုံးပဲ။ လူတရပ်ကျော်နေပြီ” ဟု တောင်ကုတ်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။

တောင်ကုတ်မြို့မှ လူနေအိမ်အများစုသည် ခြေတံရှည် ၂ ထပ်အိမ်များဖြစ်ကြပြီး ယခုအခါ ရေဘေးသင့် ဒေသခံများသည် အိမ်အပ်ါထပ်တွင်သာနေရသည်ဟုလည်း သူက ပြောသည်။
တောင်ကုတ်မြို့သည် နှစ်စဉ်ရေအလွှမ်းခံရသည့် မြို့တမြို့ဖြစ်သော်လည်း ယမန်နှစ်နှင့် ယခုနှစ်များတွင် ယခင်နှစ် များထက် ရေတက်နှုန်းပိုများကြောင်း စုံစမ်းသိရှိရသည်။

တောင်ကုတ်တွင် နှစ်စဉ်ရေကြီးလေ့ရှိသော်လည်း သက်ဆိုင်ရာ၏ ကူညီစောင့်ရှောက်ရေးလုပ်ငန်းများ တခါမျှမရှိဘူး ကြောင်းလည်း ဒေသခံကပြောသည်။

မိုးသည်းထန်စွာရွာသဖြင့် တောင်ကုတ်-ရန်ကုန် ကားလမ်းမှ ဂွေးတောက်နှင့် တန်လျှားကြီးဒေသများတွင် တောင်များ ပြိုကျပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျှက်ရှိသည်။ ယမန်နေ့က ရန်ကုန်မှ တောင်ကုတ်သို့ လာသည့် ခရီးသည်များ လမ်းပိတ်၍ကားဆက်မသွားနိုင်သောကြောင့် ၎င်းပိတ်မိနေသောနေရာသို့ တောင်ကုတ်မှကားများဖြင့် သွားကြိုရ ကြောင်းလည်း စုံစမ်းသိရှိရသည်။

သံတွဲမြို့ရှိ ရပ်ကွက်အချို့တွင် လွန်ခဲ့သော ၃ ရက်မှစ၍ရေလွှမ်းမိုးခဲ့ရာ ယခုအခါ တမြို့လုံးနီးပါးရေလွှမ်းနေပြီး မြို့ပေါ် လမ်းမများတွင် ၅ ပေခန့်ရေအမြင့်ရှိကြောင်း မြို့ခံတဦးက ဧရာဝတီကို ပြောဆိုသည်။

“၅ ရက်နေ့ ညနေ ၇ နာရီခွဲလောက်မှာ မိုးကအရမ်းရွာလိုက်တဲ့မိုးဟာ ည ၂ နာရီလောက်မှာ မြို့ပေါ်က လမ်းတွေကို ရေလျှံနေပြီ။ သံတွဲဈေးကြီးလည်းရေလျှံနေပြီ” ဟု သံတွဲမြို့ခံက ပြောဆိုသည်။
သံတွဲဈေးကြီးသည် ၎င်းမြို့နယ်အတွင်းရှိ ရက်ကွက်၊ ကျေးရွာအသီးသီးမှ ဒေသခံများအားထားနေရသည့် ဈေးဖြစ်ပြီး ယခုအချိန်အထိ အာဏာပိုင်ဘက်မှ ကူညီစောင့်ရှောက်မှု တစုံတရာမရှိသေးကြောင်း၊ ရေလွှမ်းခံရသည့် အိမ်ခြေမှာ ၂၀၀၀ ခန့်ရှိကြောင်းလည်း သူကပြောသည်။

ရန်ကုန်မြို့ သင်္ကန်းကျွမ်းမြို့နယ်ရှိ သုဝဏ္ဏ (၂၅) ရပ်ကွက်တွင်လည်း မိုးများဆက်တိုက်ရွာသောကြောင့် လမ်းမများ၌ ရေလျှံကာ လူနေအိမ်များအထိ ရေ၀င်နေသည်မှာ ၃ ရက်ခန့်ရှိပြီဖြစ်ကြောင်း ထိုရပ်ကွက်တွင် နေထိုင်သူတဦးက ဧရာဝတီကို ပြောသည်။

“အိမ်ထဲကကို ဒူးလောက်အထိရေ၀င်နေတယ်။ အကုန်လုံးအပေါ်ထပ်မှာနေရတယ်။ အခုတော့ မြောင်းတွေကို ဘူဒိုဇာနဲ့ ထိုးနေ၊ ဖော်နေကြတယ်” ဟု ၎င်းကပြောသည်။

မြောင်းများပိတ်နေပြီး ရေမစီးနိုင်သောကြောင့် ရေကလမ်းမများနှင့် လူနေအိမ်ခြံများကိုဖြတ်စီးခြင်းဖြစ်သည် ဟုလည်း ၎င်းကပြောသည်။၎င်းရပ်ကွက်တွင် တီဗီပြင်ဆိုင်များလည်းရှိရာ ၎င်းဆိုင်များသို့ရေ၀င်သဖြင့် တီဗီပျက်ဆီးဆုံးရှုံးမှုများလည်း ရှိကြောင်း စုံစမ်းသိရှိရသည်။

No comments: