Tuesday, July 3, 2007

daughter journal Kyaw passes away

ကွယ်လွန်သူ ဆရာမကြီး ခင်လေးမြင့်အတွက် ရက်လည်ဆွမ်းကပ်လှူ
ကိုစိုး | ဧရာဝတီ | ဇူလိုင် ၂၊ ၂၀၀၇

စာရေးဆရာကြီးများဖြစ်သော ဂျာနယ်ကျော် ဦးချစ်မောင်နှင့် ဂျာနယ်ကျော်မမလေး တို့၏ သမီး အသက် ၆၈ နှစ်ရှိ စာရေးဆရာမကြီး ခင်လေးမြင့် (၁၉၃၉ - ၂၀၀၇) သည် ဇွန်လ ၂၆ ရက်နေ့က ရန်ကုန်မြို့တွင် ကွယ်လွန်သွားခဲ့ပြီး ယနေ့တွင် ရက်လည် ဆွမ်းကပ်သည်။

ဆရာမကြီးအတွက် ရက်လည်ဆွမ်းကို ဆရာမကြီး၏ မောင်တဦးဖြစ်သူ ဦးသိန်းတန် (ကွယ်လွန်) ၏သား ဦးသိန်းစိုး (သီဟရတနာ စာပေ) က ဦးစီးပြီး ကပ်လှူခြင်းဖြစ်သည်။

ကျနော်တို့ ထုံးတမ်းစဉ်လာအရ သံဃာတော်တွေကို ရက်လည်ဆွမ်း ကပ်လှူပါတယ်၊ တခြား ထူးထူးခြားခြား အစီအစဉ်တော့ မရှိပါဘူး”ဟု ဦးသိန်းစိုးက ပြောသည်။

ဆရာမကြီးသည် ကျောက်ကပ်၊ ဆီးချိုနှင့် နှလုံးရောဂါများကို ခံစားနေရပြီး ပြီးခဲ့သည့် အင်္ဂါနေ့က ရန်ကုန်မြို့ရှိ အာရှ
တော်ဝင် ဆေးခန်းသို့ ဆေးကုသရန်သွားရောက်စဉ် လမ်းခရီး၌ပင် ကွယ်လွန်သွားခဲ့သည်ဟု ၎င်းက ပြောသည်။

သူ့မှာ သားသမီးကလည်းမရှိဘူး၊ ကျနော်တို့ရဲ့ အဒေါ်အကြီးလည်း ဖြစ်တယ်၊ သူဟာ ကျနော်တို့ရဲ့ အမေတယောက် လိုပါပဲ”ဟု ဦးသိန်းစိုးက အမှတ်တရ ပြောသည်။

စာပေအနုပညာနှင့် ပတ်သက်ပြီး ဂျာနယ်ကျော် မျိုးဆက်သည် တထောင့်တနေရာက တာဝန်ကျေကြသူများဖြစ်သည်ဟု ဆရာမကြီး၏ မင်းသားလေး စာအုပ်အညွှန်းရေးခဲ့သူ ရန်ကုန်မြို့က စာရေးဆရာတဦးကလည်း ပြော သည်။

ဆရာ မိုးဟိန်းက အင်္ဂလိပ်ဘာသာ ကျွမ်းကျင်သူဖြစ်လို့ အင်္ဂလိပ်လို ကဗျာရေးနိုင်တယ်၊ ဆရာမကြီးက ပြင်သစ်ဘာသာ ကျွမ်းကျင်တဲ့အတွက် ပြသစ်စာပေကို မြန်မာဘာသာကို ပြန်ဆိုပေးနိုင်ခဲ့တယ်၊ ဒါကြောင့် ဂျာနယ်ကျော်ရဲ့ မျိုးဆက်အနေနဲ့ တာဝန်ကျေတယ်လို့ မြင်တယ်၊ ဆရာမကြီးက ပြင်သစ်စာပေကနေ တိုက်ရိုက်ပြန်ဆိုပေးတဲ့ အတွက်လည်း ပြင်သစ်စာပေနဲ့ ပတ်သက်ရင် ကျနော်တို့အပေါ်မှာ ကျေးဇူးရှိတယ်”ဟု အထက်ပါ စာရေးဆရာက ပြောသည်။

ဆရာမကြီးမှာ သမီးအကြီးဆုံးဖြစ်ပြီး မွေးချင်း ဦးသိန်းတန် (ကွယ်လွန်) နှင့် စာရေးဆရာ မိုးဟိန်းဟူသော မောင်၂ ဦး ရှိသည်။

ဆရာမကြီးသည် ပြင်သစ်ပြည် ဆိုဘွန်း တက္ကသိုလ်မှ ပြင်သစ်စာပေ ၀ိဇ္ဖာဘွဲ့ကို ဂုဏ်ထူးဖြင့် ဆွတ်ခူးရရှိခဲ့သူတဦး ဖြစ်သည်။

အဆိုပါ ဆိုဘွန်းတက္ကသိုလ်တွင် ပြင်သစ် စာရေးဆရာကြီး စန်တက် ဇူပေရီ၏ ဘ၀ကို ကျမ်းပြုခဲ့ပြီး မြန်မာပြည် ပြန်ရောက်သောအခါ ဆရာကြီး ကျေးဇူးကို အောက်မေ့သောအားဖြင့် ဆရာကြီး၏ မင်းသားလေး (The Little Prince) ၀တ္ထုကို ဘာသာပြန်ဆိုခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ဆရာမကြီး ခင်လေးမြင့် ရေးသားပြုစုခဲ့သော စာအုပ်များမှာ ပြင်သစ်ဘာသာမှ မင်းသားလေး၊ ၂၀ ရာစု ပြင်သစ် ခေတ်ပေါ် ၀တ္ထုတိုများ၊ အိပ်မက်ဆန်သော ဘ၀ ပြဇာတ်၊ ပြင်သစ် သဒ္ဒါ တို့ကို မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပြီး မိခင်ဖြစ်သူ ဂျာနယ်ကျော် မမလေး၏ မုန်း၍မဟူနှင့် သွေးစာအုပ်တို့ကို မြန်မာဘာသာမှ ပြင်သစ်ဘာသာသို့ ပြန်ဆိုခဲ့သည်။ ကွယ်လွန်ချိန်တွင် ဂျာနယ်ကျော်မမလေး၏ ၀တ္ထုတိုများကို ပြန်ဆိုနေဆဲဖြစ်ကြောင်း သိရသည်။


No comments: