Friday, July 27, 2007

small talk with Zinn Mel god ( part 180 )

(ဧရာဝတီစာပြောင်)


ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၀)


ရန်ကုန်သားတာတေ ဇူလိုင် ၂၅၊ ၂၀၀၇



ချင်းမိုင်ကဲ့သို့သော အမြင့်မြို့ကလေးကို ရောက်ရှိနေထိုင်သူ မည်သူမဆို နှစ်ခြိုက်မိမည်ဟု ကိုယ့်ကိုယ်ကို နှစ်သိမ့် အားပေးသည့်အလား…ကျေနပ်နေသယောင်…သို့မဟုတ် ဘ၀ကိုအကောင်းမြင်သူတဦးပမာ ဖြည့်စွက် စဉ်းစားတတ်သည့် အလေ့အကျင့် ရရှိနေ၍ပဲလား …၊ မြန်မာပြည်တွင်းနေစဉ်ကကဲ့သို့ မဟုတ်သည်က သေချာ သည်…၊ ပြည်တွင်းမှာ ကိုယ့်ဝန်းကျင်ရှိ နေ့စဉ်ဘ၀ ဖြစ်စဉ်တွေကပဲ အမြင်မကောင်း၍ လား…….၊……လား…၊ …..လား…၊ ယခုလည်း မြန်မာ ပြည်က ဘာတွေ ဘယ်လောက်ကောင်းနေလို့လဲ…၊ စစ်တပ်အစိုးရကတော့ အမျိုးသား ညီလာခံကို အလောသုံးဆယ် တက်သုတ် ရိုက်နေသည်… စသဖြင့်… စသဖြင့်…စသဖြင့်…။

ရုက္ခစိုးက သတိတရရှိ၍ ဥရောပတွင်ရောက်ရှိနေသော မြန်မာ မိတ်ဆွေတဦးထံ သူ့ဘ၀ တစိတ်တပိုင်း…၊ မြန်မာပြည် အကြောင်း… ရောက်တတ်ရာရာ ထွေရာလေးပါး အီးမေးလ် တစောင်ပို့ရန် ကြံစည်အားထုတ် နေခြင်းဖြစ်သည်။


သောင်းပြောင်းထွေလာစာကို အဆုံးသတ်၍ အီးမေးလ်ပို့ရန် ရုက္ခစိုးက ဂျီမေးလ်ကိုဖွင့်လိုက်ရာတွင် အီးမေးလ် အသစ် တစောင်ရောက်ရှိနေသည်ကို တွေ့သောကြောင့် အရင်ဖွင့်ကြည့်လိုက်သည်။

ရုက္ခစိုး။ ။ ဟင် … ကြော်ငြာကြီး…ဒီလူကလည်း…ကြော်ငြာများပို့နေရသေးတယ်…
ရုက္ခစိုးက ယင်းမေးလ်ကို ချက်ချင်း ပြန်ပိတ်လိုက်သည်။ ထိုစဉ် ကြွက်စုတ် တဦးတည်းရောက်လာပြီး ရုက္ခစိုးကိုနှုတ်ဆက် လိုက်သည်။

ကြွက်စုတ်။ ။ ဗျိုး…ဦးရုက္ခစိုး…မာမာချာချာ ပဲလား…အံမယ် နုတ်ဘွတ်တွေ ဘာတွေနဲ့…ကြီးပွားနေပါလား…

ရုက္ခစိုး။ ။ ဘာမှ မကြီးပွားပါဘူးကွာ…မိတ်ဆွေ တယောက်က လူကြုံနဲ့ ဘတ်ဒေး ပရဲဆင့် ပေးလိုက်လို့ ပါကွာ…

ကြွက်စုတ်။ ။ ကောင်းပါ့ဗျာ...ကွန်ပျူတာရှိတော့ ခေတ်မီရုက္ခစိုး ဖြစ်သွားတာပေါ့နော်…

ရုက္ခစိုး။ ။ ဟေ့ ကောင်…စကားပြောတာ အနှောင့်အသွား လွတ်အောင်ပြော…ကွန်ပျူတာရှိမှ မဟုတ်ဘူး… မရှိလည်း ခေတ်မီအောင်လုပ်လို့ ရတယ်...
ရုက္ခစိုးနှင့် ကြွက်စုတ်တို့ ထုံးစံအတိုင်း စကားပြော၍မှ မကြာသေးခင်ပင် ကီးမကိုက်ချင်တော့…။ သို့သော် ကြွက်စုတ်က ရုက္ခစိုးကို ပြန်၍ ချော့လိုက်သည်။

ကြွက်စုတ်။ ။ ဦးရုက္ခစိုးကလည်း…စိတ်တိုတော့မလို့လား…ကျနော်ပြောတာက ဒီလိုလေ…ကွန်ပျူတာနဲ့ဆိုတော့ ပိုပြီး ခေတ်နဲ့ တပြေးတည်း…တချိန်တည်း..ကမ္ဘာအရပ်ရပ်က သတင်းပလင်းတွေ အစုံသိအောင် လုပ်လို့ရတယ် မဟုတ်လား… မာလ်တီ မီဒီယာ တို့ ဘာတို့ပါ သုံးလို့ ရတယ်မဟုတ်လား…
ထိုစဉ် ဖိုးရှုပ်လည်း ရောက်လာပြီး ရောက်မဆိုက်ပင် စကားဝိုင်းသို့ တန်းဝင်လိုက်သည်။

ဖိုးရှုပ်။ ။ မာလ်တီမီဒီယာတွေ ဘာတွေလုပ်မနေနဲ့ဟေ့…အစိုးရတပိုင်း မီဒီယာတဖွဲ့တော့ အကျယ်တ၀င့်ကို အကွက်ရှဲတာ သိပြီးပလား…အံမယ် ကွန်ပျူတာနဲ့ဘာနဲ့…

ရုက္ခစိုး။ ။ လာပြန်ပြီ အူကြောင်ကျား တကောင်…ဘာ အကွက်ရှဲတာလဲ…
ရုက္ခစိုးကလည်း မြင်မြင်ခြင်းဆောက်နှင့်ထွင်း ဆိုသကဲ့သို့ပင် ဖိုးရှုပ်ကို ဆီး၍ ငေါက်လိုက်သည်။

ဖိုးရှုပ်။ ။ ဦးရုက္ခစိုးကလည်း လူမမြင်သေးဘူး…ဟောက်တာက အရင်ပဲ… အခုနလေးတင်ပဲ ကျနော့်ဆီ ဘရိတ်ကင်း နယူးစ် ၀င်လာတာလေ...ဟို သြစတေးလျား ကတုံးကြီး ဦးစီးလုပ်နေတဲ့ မြန်မာတိုင်းမ် ဂျာနယ် မှာတဲ့…ဘ၀ရှင်မင်းတရားကြီးကို လူသတ်သမားလို့ ရေးထားတဲ့ ကြော်ငြာတခုပါလာလို့ မီးတောက်နေ ကြတယ်တဲ့…ပါသွားတာဘယ်သူမှ မသိလိုက် ဘူးတဲ့…မင်းတရားကြီးပါ အရှက်ကွဲတာလေ…
ဖိုးရှုပ်ပြောလိုက်မှပင် ရုက္ခစိုး အီးမေးလ်ထဲက ကြော်ငြာကို သတိရသွားသည်။

ရုက္ခစိုး။ ။ ဟာ…ဒါဆို…ဟို…ငါ့ဆီက…ဟိုကြော်ငြာ…

ကြွက်စုတ်။ ။ သူများကြော်ငြာပြောမှ…ဦးရုက္ခစိုးကလည်း…ဘာကြော်ငြာလည်း…ငန်းဆေးကြော်ငြာလား…

ရုက္ခစိုး။ ။ ဘာ ငန်းဆေးလည်း…နင့်ဂျီးဒေါ်ကို ငန်းဖို့ဆေးလား…ငါ့ အီးမေးလ်ထဲကို ၀င်လာတာကွ…မိတ်ဆွေ တယောက်ပို့လိုက်တဲ့ ကြော်ငြာတခု…ငါ ဖွင့်မကြည့်ဘဲနဲ့ထားလိုက်တာကို သတိရလို့ကွ… အခုပြန်ဖွင့်လိုက်ဦးမယ်…
ရုက္ခစိုးက ပြောပြောဆိုဆို သူ့ ကွန်ပျူတာကို တဆင့်ခြင်းဖွင့်နေသည်ကို ဖိုးရှုပ်က အသေအချာကြည့် လိုက်ပြီး…

ဖိုးရှုပ်။ ။ ဦးရုက္ခစိုး ကြည့်ရတာ… ဒေးဗစ်ကော့ပါးဖီး မျက်လှဲ့ပြတော့မယ့် အတိုင်းပဲ…
ရုက္ခစိုးက ဘာမှပြန်မပြောဘဲ မျက်လုံးစွေကြည့်ရင်း ကွန်ပျူတာနှင့် အလုပ်ရှုပ်နေလိုက်သည်။

ရုက္ခစိုး။ ။ ဟာ ပွင့်ပြီကွ…လာကြည့်ကြစမ်း ဒီကြော်ငြာကို…ခရီးသွားလုပ်ငန်းကြော်ငြာကွ…စာတွေက အင်္ဂလိပ်လိုတွေ…

ဖိုးရှုပ်။ ။ ဟုတ်တယ်…ဟုတ်တယ်…ကျနော့် ဆို့စ် ရဲ့ပြောပြချက် အရ အဲဒီကြော်ငြာပဲ… အုန်းပင်လေး တပင်ရယ်… နေလုံးရယ်ပါတယ်…အဲဒီ အင်္ဂလိပ်လို ရေးထားတဲ့ စာသားတွေရဲ့ အောက်ဆုံးအကြောင်းမှာ ပါတာ… စာလုံပြောင်းပြန်တွေ တွေ့တယ်မို့လား…မြန်မာလို သန်းရွှေလူသတ်သမားလို့ အဓိပ္ပာယ်ရတယ်လေ…

ကြွက်စုတ်။ ။ အေး ဟုတ်တယ်ကွ… ကောင်းလိုက်တဲ့ အိုင်ဒီယာကွာ…ဒီလို စစ်အစိုးရနဲ့ ပလူးပလဲ ဂျာနယ်ကို မှရွေးထည့်တာ…ဟား…ဟား…ဟား…ကွဲတာပဲ…အရှက်…
ရုက္ခစိုးက ကြွက်စုတ်အားပါးတရ ရယ်နေသည်ကိုကြည့်နေရင်း…

ရုက္ခစိုး။ ။ အေး…အခုတလော ပြည်တွင်း မီဒီယာတွေ တော်တော်လှုပ်တယ်နော်…တရားစွဲသံတွေလည်း ထပ်ကြား ရတယ်…၊ အံမယ် ဟိုတနေ့က လည်း…အစိုးရသတင်းစာကို ဝေဖန်အကြံပြုဖို့ ဖိတ်ခေါ်တယ် ဆိုလား…သူတို့က ဆုငွေတောင်ပေးဦးမယ်တဲ့…

ဖိုးရှုပ်။ ။ သတင်းစာကို တကယ် ဝေဖန်တဲ့ သင်္ကန်းကျွန်းက ဦးသိန်းဇံကျတော့ ဖမ်းတယ်လေ…ဒါကြောင့် ရန်ကုန်က ဂျာနယ်လစ် တယောက်က အစိုးရအကြိုက်ပဲလုပ်နေတာလို့ ပြောတာ…ကြားကောင်းရုံ ဟန်ပြပဲဖြစ်မှာ တဲ့…မယုံဘူးတဲ့ တကယ်ပြောင်းမယ်ဆိုရင် လွတ်လွတ်လပ်လပ် ရေးခွင့်ပြုဖို့နဲ့ သတင်းတွေကို ဘက်မလိုက်ဘဲ တင်ပြတာမျိုး ပြောင်းပါလားတဲ့လေ…
ကြွက်စုတ်က ရယ်လိုက်ပြန်သည်။

ကြွက်စုတ်။ ။ ဟား…ဟား…ဟား…ဖိုးရှုပ်ကလည်း… လွတ်လပ်ပြီး ဘက်မလိုက်ရဘူးဟုတ်လား…ငါ ကာတွန်း ငွေကြည်ရဲ့ကာတွန်းတခုကိုတောင် သတိရသေး…တိုတိုပြောရရင်ကွာ ကာတွန်းစာသားက “သူတို့ ရယ်စရာ ကလည်းတဲ့ မရယ်ရတဲ့အပြင် ရယ်တောင် ရယ်ရသေးတယ်”လို့ရေးထားတာ…မင်းစကားက တော့ ရယ်စရာ မဟုတ်ဘဲ ရယ်ရတယ် ကွာ…ဟား…ဟား…ဟား…
ဖိုးရှုပ်က ကြွက်စုတ်ကို အမြင်ကပ်သည့် ပုံမျိုးနှင့်ကြည့်နေသည်။ ရုက္ခစိုးကတော့ ကြွက်စုတ်ကို တကယ်အမြင် ကပ်သွားပုံရသည်။

ရုက္ခစိုး။ ။ ဟေ့ကောင် ငကြွက် မင့် အပေါက်ကို ပိတ်လိုက်တော့…စာပေ လွတ်လပ်ခွင့် မရှိတာ သိတယ်… ရယ်မနေနဲ့… အခုရက်ပိုင်းလေးတင်ပဲ စာရေးဆရာမ နုနုရည် (အင်းဝ) ရဲ့ ၀တ္ထုတပုဒ်ကိုလည်း ရုပ်ရှင် ရိုက်ဖို့ စီစဉ်ထားတာကို ရိုက်ခွင့်မပေးဘဲ..လုံးဝပယ်လိုက်တယ်တဲ့…

ဖိုးရှုပ်။ ။ အဲဒါ ဟုတ်တယ်…အချက် ၄ ချက်နဲ့ ပယ်လိုက်တာတဲ့…

ကြွက်စုတ်။ ။ ၀တ္ထုက ဘာအကြောင်းမို့လို့…ဘယ်လို အချက်တွေနဲ့ပယ်လိုက်တာလဲ…

ဖိုးရှုပ်။ ။ ၀တ္ထုကို ငါအသေအချာတော့ မဖတ်ရသေးဘူးကွ…နတ်ကတော်တွေ…မိန်းမလျှာတွေအကြောင်း ရေးထား တာတဲ့…သတင်းအရကတော့…ဘာသာရေးနဲ့ဆန့်ကျင်လို့ဆိုတာရယ်…လိင်ပြဿနာနဲ့ နတ်ကတော်တွေ အကြောင်း ဖြစ်တာရယ်…၊ တောင်ပြုံးနတ်ပွဲဟာ အမှန်ရှိပေမယ့်တဲ့ သိသာသိစေ မမြင်စေနဲ့ ဆိုသလိုသဘော ထားရမယ်တဲ့…၊ အံမယ်…နောက် မှတ်ချက်တခုက ရခဲတဲ့ လူ့ဘ၀မှာတဲ့ ယောက်ျားစင်စစ် ဧကန် ဖြစ်ရက်နဲ့ မိန်းမလျှာဘ၀ ခံယူပြီး နိမ့်ကျစွာ လုပ်ကိုင် စားသောက်နေတာကို ပြသဖို့မသင့်ဆိုတဲ့ အချက်တွေပါတယ်တဲ့ကွ…
ကြွက်စုတ်က ရယ်ပြန်သည်။ ရုက္ခစိုးကလည်း ငေါက်ပြန်သည်။

ရုက္ခစိုး။ ။ ဟေ့ ကောင် ဘာရယ်ပြန်တာလဲ…မိန်းမရွှင်ပဲ ငါ ကြားဖူးတယ်…ဒီနေ့ မင်းက ယောက်ျားရွှင် ဖြစ်နေပါလား… အဲဒီ ၀တ္ထုက အာရှစာပေဆုအတွက် ပဏာမ ရွေးထားတဲ့ ၀တ္ထုကွ…
ကြွက်စုတ်ကလည်း ရုက္ခစိုးကိုပြန်၍ နောက်ပြော ပြောလိုက်သည်။ကြွက်စုတ်။ ။ အံမယ်… ဦးရုက္ခစိုး က သူတို့အဆက်အနွယ်တွေအကြောင်း စာအုပ်ဆုချိတ်လို့ ဂုဏ်ယူနေပုံရတယ်…ဒါနဲ့ ဦးရုက္ခစိုးရော ယောက်ျားစင်စစ် ဧကန် ဖြစ်ရဲ့လား….

ရုက္ခစိုး။ ။ ဟာ… ဒီ တိရစ္ဆာန် အကောင်တော့… အ၀ီစိ သွားချင်ပြီထင်တယ်…ငါ တယ်….
ဤတွင် ရုက္ခစိုး၏ ဒေါသ အမြင့်ဆုံးသို့ရောက်ရှိသွားပြီး သတိလက်လွတ်ဖြစ်ကာ ကွန်ပျူတာကိုမ၍ ကြွက်စုတ်အား ပစ်ပေါက်ရန်ပြင်လိုက်စဉ် ဖိုးရှုပ်ဝင်ထိန်းလိုက်သောကြောင့် ကွန်ပျူတာ ပျက်ဆီးမည့်ဘေးမှ လွတ်မြောက်သွားရသည်။

ကြွက်စုတ်လည်း ကြွက်ပြေးပြေးပါလေရာ...နောက်တွင် ရုက္ခစိုးနှင့် ဖိုးရှုပ်တို့ နှစ်ဦး ရုန်းရင်း ဆန်ခတ်ကျန်ရစ်ခဲ့ လေတော့သည်….။ ။

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)


No comments: