Wednesday, July 11, 2007

art show in Zinn Mel

ခေတ်ပြိုင်မြန်မာ့အနုပညာပြပွဲ ချင်းမိုင်တွင်ပြုလုပ်
ကျော်ထင် (ထိုင်း) / ၁၁ ဇူလိုင် ၂၀၀၇

မြန်မာပန်းချီ၊ ပန်းပုနှင့် ဓာတ်ပုံပညာရှင်များ၏ လက်ရာများကို စုစည်းပြသသော ခေတ်ပြိုင် မြန်မာ့အနုပညာပြပွဲကို ချင်းမိုင်တက္ကသိုလ် အနုပညာပြတိုက်တွင် ယမန်နေ့က ဖွင့်လှစ်သည်။
ပြပွဲကို ချင်းမိုင်တက္ကသိုလ်အနုပညာပြတိုက်နှင့် သုဝဏ္ဏဘူမိပန်းချီပြခန်းတို့မှ စီစဉ်ခြင်းဖြစ်ပြီး အနုပညာရှင် (၃၆) ဦး၏ ပန်းချီကား (၁၁၄) ကား၊ ဓာတ်ပုံ (၅) ပုံနှင့် ပန်းပုလက်ရာ (၇) ခုကို ပြသထားသည်။

မြန်မာ့အနုပညာပြပွဲ
ချင်းမိုင်တက္ကသိုလ်၊ အနုပညာဌာနမှ လက်ထောက်ဌာနမှူး Ms. Somporn Rodboon က “ဒီပြပွဲဟာ အရမ်းအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါဟာ ထိုင်းအနုပညာပရိသတ်တွေအတွက် ခေတ်ပြိုင်မြန်မာပန်းချီကို စုစုစည်းစည်းနဲ့ ထိတွေ့ခံစားခွင့်ရလို့ပါ။ ပြီးရင် ဒီအနုပညာဌာနမှာ ပထမဆုံးပြုလုပ်တဲ့ မြန်မာခေတ်ပြိုင်ပန်းချီပြပွဲလည်းဖြစ်တယ်။ လက်ရာတွေကို ထိုင်းအနု ပညာရှင်တွေသာမက ပညာတတ်တွေလည်း နှစ်သက်ကြမှာပါ။ အနုပညာအမြင် သက်သက်တင် မကဘဲ ယဉ်ကျေးမှုအမြင်၊ သမိုင်းအမြင်တွေအနေနဲ့လည်း လေ့လာနိုင်ပါတယ်” ဟု ပြောသည်။

ယခုအကြိမ်ပြပွဲသည် မြန်မာပန်းချီလက်ရာများကို ပြည်ပတွင် အများဆုံးစုစည်းပြသထားသော ပွဲဖြစ်သည်။
စင်ကာပူ၊ ထိုင်း၊ ဟောင်ကောင်နှင့် အမေရိကန်နိုင်ငံတို့တွင် ပြပွဲပြုလုပ်ခဲ့ဖူးသည့် ဆရာဇော်ဝင်းဖေက “ပြည်ပမှာ အရင်တုန်းက မြန်မာပန်းချီပြပွဲတွေဆိုရင် အများဆုံး ငါးယောက်တို့၊ သုံးယောက် တို့ပေါ့။ အခုဒီပွဲကျတော့ ပန်းချီပညာရှင် အယောက် (၃၀) ကျော် ပါဝင်ပြသတာ ဒီတပွဲပဲရှိပါ သေးတယ်။ ပန်းချီကားတွေဟာ contemporary ပြပွဲလို့ အမည်ပေးထားတဲ့အတိုင်းပဲ ဆီဆေး၊ ရေဆေးအပါအ၀င် စုံတယ်လို့ ပြောလို့ရပါတယ်။ ဆွဲဟန်တွေကလည်း စုံလင်ပါတယ်” ဟု ပြောသည်။

၎င်းက “ကျနော်တို့ကတော့ ကိုယ်ရဲ့ art work ကို တစုတစည်းတည်းပြလို့ရတယ်။ ပြရတဲ့နေရာက လည်း ချင်းမိုင်လိုနေရာက တကယ့် Museum တခု၊ ကြီးကျယ်တဲ့နေရာမျိုးဖြစ်နေတယ်၊ ကျနော်တို့ ထင်ထားထက်တောင် ပိုပါတယ်။ အများကြီးကျေနပ်ပါတယ်” ဟု ပြောသည်။

သုဝဏ္ဏဘူမိပန်းချီပြခန်း၌ ယခင်က မြန်မာပန်းချီပြပွဲများကို ပြုလုပ်ခဲ့သော်လည်း ယခုအကြိမ်တွင် အနုပညာရှင် အရေအတွက်အများဆုံးပါဝင်ပြီး ပန်းချီရေးဟန်နှင့် အကြောင်းအရာများလည်း ပိုမိုစုံလင်သည်။
သုဝဏ္ဏဘူမိပန်းချီပြခန်းပိုင်ရှင် မမာက “ အစကတော့ ခေတ်ပြိုင်မော်ဒန်အနုပညာပြပွဲအနေနဲ့ လုပ်မလို့ပါ။ နောက်ပိုင်းမှာ realism ရေးတဲ့ပန်းချီဆရာတွေကပါ စိတ်ဝင်စားလာကြတယ်လေ။

ဒီအနုပညာရှင်တွေအားလုံးဟာ ရန်ကုန်မှာတောင်မှ ဒီလိုစုစည်းပြီး မဆုံဖူးတဲ့လူတွေ အများကြီး ပါပါတယ်။ အုပ်စုတွေဘယ်လိုပဲကွဲကွဲ၊ အယူအဆတွေ ဘယ်လိုပဲကွဲကွဲ အခုတော့ ပန်းချီဆရာ တွေအားလုံးဆုံလာကြတာပါ” ဟု ပြောသည်။

ပြပွဲဖွင့်လှစ်သည့်အခမ်းအနားသို့ ထိုင်းပန်းချီပညာရှင်များ၊ ကျောင်းသားများ၊ ချင်းမိုင်တက္ကသိုလ် တာဝန်ရှိသူများ၊ နိုင်ငံခြားသားများနှင့် မြန်မာလူမျိုးများအပါဝင် စုစုပေါင်း (၂၀၀) ကျော်ခန့် တက် ရောက်ပြီး ပန်းချီဆရာမတဦးဖြစ်သော မသိင်္ဂီမှ “မြန်မာပန်းချီသမိုင်း” အမည်ရှိ စာတမ်းငယ်ကို ဖတ်ကြားခဲ့သည်။
ပြပွဲကို ဇူလိုင် (၁၀) ရက်မှ (၃၁) ရက်အထိ ခင်းကျင်းပြသမည်ဖြစ်ပြီး ဦးမင်းဝေအောင်ရေးဆွဲသည့် ပန်းချီကားမှာ ဈေးနှုန်းအမြင့်မားဆုံး အမေရိကန်ဒေါ်လာ (၁၇,၀၀၀) ဖြစ်သည်။ အနိမ့်ဆုံးဈေးနှုန်းမှာ ဒေါ်လာ (၃၅၀) ဖြစ်သည်။ ။

No comments: