Wednesday, July 11, 2007

news related to Gambari's trip


မြန်မာနိုင်ငံသည် ၎င်း၏ပြဿနာများကိုကိုယ်တိုင်ရှင်းနိုင်သည်ဟု တရုတ်ပြော
ချမ်းလွန် / ၁၁ ဇူလိုင် ၂၀၀၇ (ခေတ်ပြိုင်)

မြန်မာနိုင်ငံသည် ဒေသတွင်းလုံခြုံရေးကို မခြိမ်းခြောက်ကြောင်းနှင့် မြန်မာနိုင်ငံအား ၎င်း၏ ပြဿနာကို ကိုယ်တိုင်ဖြေရှင်းခွင့်ပေးရန် တရုတ်နိုင်ငံက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်အား ယမန်နေ့က ပြောကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

အာရှဒေသတွင်းရှိ အရေးပါသည့်နိုင်ငံအချို့နှင့် မြန်မာနိုင်ငံကိစ္စဆွေးနွေးရန်ရောက်ရှိနေသည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာအီဘရာဟင် ဂမ်ဘာရီကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် Qin Gang က ပြောလိုက်ခြင်း ဖြစ်သည်။

၎င်းက မြန်မာနိုင်ငံတွင် တည်ငြိမ်မှု၊ စီးပွားရေးတိုးတက်မှုနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ရှိလာလိမ့်မည်ဟု တရုတ်နိုင်ငံက မျှော်လင့်ကြောင်းနှင့် “မြန်မာနိုင်ငံရဲ့အရေးကိစ္စကို မြန်မာပြည်သူ တွေကိုယ်တိုင် ဖြေရှင်းသင့်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံထဲရှိ အခြေအနေသည် ဒေသတွင်းနှင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ခြိမ်းခြောက်မှုမရှိကြောင်း တရုတ်နိုင်ငံက ယုံကြည်သည်ဟုလည်း မစ္စတာ Qin က သတင်းစာ ရှင်းလင်းပွဲတွင်ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးအတွက် အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး မစ္စတာ အီဘရာဟင်ဂမ်ဘာရီသည် တရုတ်၊ အိန္ဒိယနှင့် ဂျပန်နိုင်ငံအစိုးရတို့မှ ထိပ်တန်းတာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံဆွေးနွေးနေကြောင်း ကုလသမဂ္ဂမှ သတင်းထုတ်ပြန်သည်။

တရုတ်အစိုးက မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံကြား တွေ့ဆုံဆွေးနွေးမှုမြှင့်တင်ရေးအတွက် ကြိုးစားနေခဲ့ပြီး မကြာမီကပင် အရှေ့တောင်အာရှဆိုင်ရာ အမေရိကန်ထိပ်ပိုင်းသံတမန်နှင့် မြန်မာခေါင်းဆောင်တို့အကြား တွေ့ဆုံဆွေးနွေးမှုတခုဖြစ်စေရန် ဆောင်ရွက်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် ပြဿနာများရှိနေသည်ကို အသိအမှတ်ပြုလက်ခံသော်လည်း အမေရိကန်က ခေါင်းဆောင်ပြီး မြန်မာ့အရေးကိစ္စဖြေရှင်းမည်ကို တရုတ်က စိုးရိမ်နေကြောင်း ပြည်ထောင်စုမြန်မာ နိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ၏ ၀န်ကြီးတဦးဖြစ်သည့် ဒေါက်တာစန်းအောင်က ပြောသည်။
၎င်းက “သူတို့ပြောတဲ့အရေးကြီးတာတချက်က မြန်မာကိစ္စဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အန္တရာယ်မပေးဘူးပေါ့နော်။ အန္တရာယ်ပေးတယ်ဆိုရင် သူကလုံခြုံရေးကောင်စီမှာ ထည့်ပြီးစဉ်းစားလို့ရတာပေါ့။ အဲဒီတော့ သူတို့က အန္တရာယ်မပေးပါဘူး၊ အန္တရာယ်မဟုတ်ပါဘူးလို့ ပြောခြင်းအားဖြင့် လုံခြုံရေးကောင်စီမှာ နောက်ထပ်တခါ မြန်မာကိစ္စကိုဆွေးနွေးရင်လည်း ဗီတိုကို ပေါ့နော် သုံးသင့်ရင် သုံးမယ်ဆိုတဲ့သဘော ပြောလိုက်တာလို့ ကျနော်တို့မြင်တယ်” ဟု ပြောသည်။


ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ထားသဖြင့် မြန်မာနိုင်ငံ အတွင်း အပြောင်းအလဲဖြစ်သွားမည်ကို လိုလားခြင်းမရှိဟု ယူဆရကြောင်း ဒေါက်တာစန်းအောင်က ပြောသည်။
ယခုနှစ်ဇန်န၀ါရီ (၁၂) ရက်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ အမေရိကန်နိုင်ငံနှင့် ဗြိတိန် နိုင်ငံတို့က တင်သွင်းသည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို တရုတ်နိုင်ငံက ရုရှနိုင်ငံနှင့် အတူ ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့သဖြင့် မြန်မာစစ်အစိုးရ၏ ချီးကျူးခြင်း ခံခဲ့ရသည်။


တရုတ်နိုင်ငံက မြန်မာစစ်အစိုးရအား ဒေါ်လာသန်းပေါင်းများစွာတန်ဖိုးရှိသည့် စစ်လက်နက် ပစ္စည်းများကို ရောင်းချနေပြီး မြန်မာနိုင်ငံမှ သစ်နှင့် တွင်းထွက်ပစ္စည်းများကို ၀ယ်ယူနေကာ စွမ်းအင်စီမံကိန်းများကိုလည်း ဆက်လက်လုပ်ဆောင်နေသည်။ ။

No comments: