Friday, July 13, 2007

Dway funeral finished


ဒွေး ဈာပန စောစောချ
အေးလဲ့ ဇူလိုင် ၁၃၊ ၂၀၀၇ (ဧရာဝတီသတင်း)
ရုပ်ရှင်သရုပ်ဆောင် ဒွေး၏ ဈာပနအခမ်းအနားကို ပရိသတ်အား ထိန်းသိမ်းရခက်ခဲမည်စိုး၍ အချိန်စောပြီး ရေဝေးသုဿန် တွင် ဗုဒ္ဓဘာသာဝင်တို့၏ ဓလေ့ထုံးတမ်းနှင့်အညီ ကျင်းပသင်္ဂြီုဟ်လိုက်ကြောင်း သိရသည်။

ဒွေးကိုချစ်သည့် အနုပညာပရိသတ် တချို့က ညမအိပ်ဘဲ ဈာပနအခမ်းအနားအား လာရောက်စောင့်ဆိုင်းနေသော ကြောင့် ထိန်းသိမ်းရခက်ခဲမည်ကို စိုးရိမ်သည့်အတွက် နံနက် ၅ နာရီခန့်တွင် သင်္ဂြီုဟ်ရခြင်းဖြစ်သည်ဟု ဈာပနအခမ်းအနား ကို ကိုယ်တိုင်သွားရောက်ခဲ့သူ ရုပ်ရှင်ဒါရိုက်တာ ကိုအောင်မင်းသိမ်းက ပြောသည်။

“ပရိတ်သတ်တွေရေဝေးမှာ သောင်းနဲ့ချီမယ်၊ ထိန်းမနိုင် အောင်ပဲ။ တချို့က ညမအိပ်ဘဲ ထိုင်စောင့်နေကြလို့ အရေးပေါ်သင်္ဂြီုဟ် လိုက်ရတာ”ဟု ၎င်းက ပြောသည်။
ဒွေးမိသားစု ကိုးကွယ်သည့် ချောင်းဝ ဆရာတော်ကျောင်းတွင် ကွယ်လွန်သူဒွေး၏ အရိုးပြာများကိုဌာပနာ၍ စေတီတည်မည်ဟုလည်း သိရသည်။

အသက် ၄၂ နှစ်ရှိ ရုပ်ရှင်သရုပ်ဆောင် ဒွေးသည် ယမန်နေ့ ညနေပိုင်းက ရွှေဂုံတိုင် အထူးကုဆေးခန်းတွင် ရုတ်တရက် ကွယ်လွန်သွားခြင်း ဖြစ်သည်။
ဒွေးကွယ်လွန်ပြီး မကြာခင်ပင် သူ့ကိုချစ်ခင်အားပေးသော လာရောက်ကြည့်ရှုသူပရိသတ် များပြားသောကြောင့် ရုပ်ကလပ်ကို နေအိမ်မှ ရေဝေးသုဿန် ရေခဲတိုက်သို့ ပို့ဆောင်ထားရှိခဲ့ရသည်။

ယခုကဲ့သို့ ရုပ်ရှင်သရုပ်ဆောင် ဒွေးကွယ်လွန်သွားသည့် အတွက် နှမြောတသ ဖြစ်ရကြောင်း မန္တလေးမြို့နေ ဒွေး၏ အနုပညာ ပရိသတ်သူတဦးက ပြောသည်။
“အနုပညာ လောက သရုပ်ဆောင်ကောင်း တစ်ယောက် ဆုံးရှုံးသွားတယ်ဆိုတော့ နှမြောတယ်၊ စိတ်မကောင်းဖြစ်တယ်၊ သေတယ်တော့ ကြားတယ် ဘယ်လိုဖြစ်လည်း ဆိုတာမသိရသေးဘူး၊ ဂျာနယ်တွေပဲ စောင့်ဖတ်ရမှာပဲ”ဟုလည်း ၎င်းက ဆိုသည်။ ။

အဆိုပါ ရုပ်ရှင်သရုပ်ဆောင် ဒွေးကွယ်လွန်ခြင်း သတင်းကို ဖော်ပြခဲ့သည့် မြန်မာတိုင်းမ် ဂျာနယ်သည် ယမန်နေ့ က ပုံမှန်ရောင်းဈေး ၆၅၀ ကျပ်နှင့် ရောင်းချနေရာမှ ၁၅၀၀ ကျပ်သို့ ဈေးမြင့်သွားကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

အပတ်စဉ်ထုတ် လျှပ်တပြက် ဂျာနယ်တွင်လည်း ဒွေးအကြောင်း အချပ်ပိုထည့်၍ ဖော်ပြပြီး အချပ်ပိုကို ကျပ် ၅၀၀ ဖြင့် ရောင်းချကြောင်း၊ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် ဖွင့်လှစ်ထားသော လျှပ်တပြက် ဂျာနယ်တိုက်တွင်လည်း ယင်းအချပ်ပို လာဝယ်သူများအား ဆက်လက်ရောင်းချရန် မလုံလောက်သောကြောင့် တိုက်ကို ပိတ်ထားရကြောင်း ဂျာနယ် အယ်ဒီတာတဦးကလည်း ပြောဆိုသည်။

“တခါမှ မဖြစ်ဖူးဘူး၊ အခုလို ဂျာနယ် အချပ်ပိုကို ကျပ် ၅၀၀ နဲ့ရောင်းတာ”ဟု ၎င်း ဂျာနယ်အယ်ဒီတာက ပြောသည်။
အဘ ဦးတင်ထွန်းမောင်နှင့် မိခင်ဒေါ်အေးအေးသင်းတို့မှ မွေးဖွားခဲ့သည့် ဒွေးသည် ၁၉၉၇ ခုနှစ်တွင် အမေ့ခြေရာ ရုပ်ရှင်ကားကြီးဖြင့် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဗီဒီယိုနှင့် ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်ကို သရုပ်ဆောင်ခဲ့ကာ ကိုယ်တိုင် ဒါရိုက်တာအဖြစ်နှင့်လည်း ရိုက်ကူးခဲ့သူဖြစ်သည်။ ရိုက်လက်စ ရုပ်ရှင်ကားများ ကျန်ရစ်ခဲ့သည်ဟုလည်း သိရသည်။

ဒွေးသည် အဆိုတော် တဦးအဖြစ် ပရိသတ်အသိအမှတ်ပြု ခံရသူလည်းဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် မမိုးမိုးနှင့် မွေးစားသားလေး ယံမိုးတို့ ကျန်ရစ်ခဲ့သည်။

No comments: