Sunday, July 22, 2007

A Half-Stocked Marketplace of Ideas


ဧရာဝတီဝက်ဆိုက်က စာအုပ်ဝေဖန်ချက် (မြန်မာပြည်အကြောင်း စာတမ်းပေါင်းချုပ် စာအုပ်ကို သုံးသပ်ထားတာပါ။ စာတမ်းရှင်တွေ ဖတ်မိရင်တော့ လဲသေချင်စိတ် ပေါက်နိုင်သဗျာ။)

တ၀က်တပျက် အိုင်ဒီယာများ

ဒေးဗစ် စကော့ မက်သီဆင် ဇူလိုင် ၁၉၊ ၂၀၀၇


ဤစာအုပ်က မြန်မာနိုင်ငံ၏လက်ငင်းအခြေအနေကို ဖော်ပြရုံထက်တော့ ကျော်လွန်သည်။ ခေတ်သစ်ပညာရပ်ပိုင်းဆိုင်ရာ အတွက် မှတ်တိုင်တခုတော့ ဖြစ်လိမ့်မည်ဟု ယူဆရသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ပညာရပ်ပိုင်းဆိုင်ရာ ဝေဖန် ပိုင်းခြား သုံးသပ် ထုတ်ဝေမှုများသည် အပြည့်အစုံမဖြစ်နိုင်လျှင်သော်မှ အလွန်ငတ်မွတ်ရှားပါးနေသောအချိန်တွင် ထမင်းရေ တခွက်ကဲ့သို့ အရေးပါတန်ဖိုးရှိသည်ဟု ဆိုရပေလိမ့်မည်။ တကယ်တော့ ဤနိုင်ငံမှ များစွာကြွယ်ဝလှသော အသိသုတများ ပို၍ ထုတ်ဝေသင့်သော အချိန်လည်း ဖြစ်သည်။


အန် ဂဲနက်ဆန် (N. Ganesan) နှင့် ကျော်ရင်လှိုင်တို့ ပူးတွဲတည်းဖြတ်ထုတ်ဝေသော “မြန်မာနိုင်ငံ၊ နိုင်ငံတော်၊ လူမှုအဖွဲ့အစည်းနှင့် တိုင်းရင်းသားလူမျိုးရေးရာ (Myanmar: State, Society and Ethnicity)” ဟူသော စာတမ်းများ စုစည်း ထုတ်ဝေမှုစာအုပ်က ဤပညာရပ်ဆိုင်ရာစာပေများ စာရင်း၏လိုအပ်ချက်ကို ထပ်မံ ဖြည့်ဆီးပေးခဲ့သည်။ သို့သော်လည်း ၀မ်းနည်းစိတ်မကောင်းဖွယ်ရာပင်။ အခြေခံ လိုအပ် သောအဟာရဓာတ်ကိုတော့ ပေးနိုင်ပါသည်။ သို့သော်လည်း ပညာရပ်ပိုင်း ဆိုင်ရာငတ်မွတ် တောင့်တနေမှုအတွက် အာသာမပြေစေပါဟု ဆိုရပါလိမ့်မည်။


ဤစာတမ်းများက ၂၀၀၅ ခုနှစ်တွင် ကျင်းပသော ဟီရိုရှီးမား ငြိမ်းချမ်းရေးသိပ္ပံ (Hiroshima Peace Institute) ၏ ဆွေးနွေးပွဲတွင် တင်ပြချက်များကို စုစည်းထား ခြင်းဖြစ်ပြီး မှတ်သားဖွယ် ထူးခြားသည့် ထပ်မံညွှန်းဆိုအကြံပြုဖွယ် အချက်အချို့ကို ထပ်မံဖြည့်စွက်ထားပါသည်။ ဤသို့ဖြင့် ဤစာအုပ်က အတွင်းသား အနှစ်သာရကို ပေးမည်ဟု ကတိက၀တ်ပြုဖော်ပြသော်လည်း နောက်ဆုံး ထူးမခြားနား ဖန်တရာ တေနေသော ငြီးငွေ့ဖွယ်တင်ပြချက်များနှင့်သာ ပြည့်နေပြီး ချေးငှားထားသော သုတေသနပြုချက်များနှင့် ပေါင်းစည်း၍ ခြုံငုံကောက်ချက်ဆွဲမှုများကိုသာပေးနိုင်သည့် စာအုပ်တွဲများအပုံထဲသို့ နောက်ထပ် တအုပ်အဖြစ် ထပ်မံတိုးလာစေပါတော့သည်။


အန် ဂဲနက်ဆန်ရေးသော “အရှေ့တောင်အာရှဒေသရှိ နိုင်ငံတော်နှင့် လူမှုအသိုင်းအ၀န်း ဆက်ဆံရေးများ(State- Society Relations in Southeast Asia) ” စာတမ်းနှင့် ရေချယ် ဆပ်ဖ်မင်း (Rachel Safman) ရေးသားသော “ပင်မအရှေ့တောင် အာရှဒေသမှ လူနည်းစုများနှင့် နိုင်ငံတော်တည်ဆောက်ရေး (Minorities and State-building in Mainland Southeast Asia)” စာတမ်းတို့က မြန်မာနိုင်ငံကို ပို၍ကျယ်ပြန့်သော ပညာရပ်ပိုင်းဆိုင်ရာ ဆွေးနွေးငြင်းခုန်မှုများဖြစ်သည့် ဗဟိုချက်မ နှင့် အစွန်အဖျား ဆက်ဆံရေးကိစ္စများနှင့် ချိတ်ဆက်၍တင်ပြနိုင်ရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ကြုံတွေ့ရမည့် စိန်ခေါ်ချက်ပြဿနာများအား တင်ပြနိုင်ရန် ကြိုးပမ်းထားသည့် စာတမ်းများ ဖြစ်ပါသည်။


သို့သော် ကံမကောင်း အကြောင်းမလှစွာပင် ဤစာတမ်းများတွင် အသစ်တင်ပြချက်များမပါရှိဘဲ ၁၉၉၂ ခု ၀န်းကျင်က ဘွဲ့လွန်ကျောင်းသား တဦး၏ စာပေဝေဖန်ချက်ကို ပြန်လည်ဖတ်ရှုရသကဲ့သို့ ဖြစ်နေသည်။ ခေတ်သစ်ပညာရပ်ပိုင်းဆိုင်ရာ ထိတွေ့မှုအနံ့အသက်မျိုးပင် မပါဝင်ကြပါ။


ဒေးဗစ် စတိန်းဘာ့ဂ် (David Steinberg) ရေးသည့် “မြန်မာနိုင်ငံ၏ တရားဝင်ဖြစ်မှုပြဿနာ (Legitimacy of Burma-Myanmar)” အခန်းသည်လည်း ဤအကြောင်းအရာကိုပင် အကျယ်ရေးသားထားသည့် မကြာသေးခင်ကမှ ထုတ်ဝေခဲ့ သော သူ၏စာအုပ်ကို ပြန်၍အချုပ်ရေး ဖော်ပြထားသည့်နှယ် ရှိနေသည်။ ဖတ်ရသည်မှာလည်း မသွက်မလက်နှင့် လေးလေး လံလံ ရှိလွန်းလှသည်။


မူတီယာ အလာဂါပါ (Muttiah Allagapa) ၏ တရားဝင်ဖြစ်မှုဆိုင်ရာ စံထားသတ်မှတ်ချက် အဆင့် (၄) ဆင့်ကို အသုံးပြု ထားပြီး အဆင့် (၃) ဖြစ်သော လူထုများသို့ ကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများ ထောက်ပံ့ပေးရာတွင် လျော်ကန်သော အဆင့်များရှိမှု အပိုင်း၌မူ စတိန်းဘာ့ဂ်က မြန်မာစစ်အစိုးရသည် အနောက်တိုင်းစံနှုန်းနှင့် ယှဉ်လျှင် အရည်အချင်း မပြည့်မီ သော်လည်း အခြေခံအဆောက်အဦများ (လမ်း၊ တံတား၊ ရေကာတာများ) တည်ဆောက်ရေး လုပ်ငန်းများတွင် ဆောင်ရွက် နိုင်ခဲ့သော အောင်မြင်မှုများမှာ “ဖြစ်အပ်သည့် အတိုင်းအတာ မရောက်လျှင်သော်မှ အသိအမှတ်ပြုဖွယ်ရှိသည်”ဟု စောဒက တက်ထားပါသည်။


စတိန်းဘာ့ဂ်က အခကြေးငွေမရသော ဆင့်ဆိုလုပ်အားကိစ္စ (corvee labour) နှင့် ပတ်သက်သောသတင်းများကို ကိုးကား ညွှန်းဆိုခဲ့သေးသည်။ ဤနေရာ၌ သူဆိုလိုသည်ကို မိမိယူဆသည်မှာ ပြည်သူများကို သေနတ်နှင့်ထောက် စုစည်းမောင်း နှင်၍ အကြမ်းဖက်မည်ဟူသော ခြိမ်းခြောက်မှုများနှင့် လမ်းများဖောက်စေခြင်း၊ စစ်တပ်အတွက် မြေမြုပ် မိုင်းရှင်းပေးရခြင်း ကိစ္စများကို ဆိုလိုခြင်း ဖြစ်ပါလိမ့်မည်။ ဤကိစ္စများကို အခြားသောသူများက “အဓမ္မလုပ်အား ခိုင်းစေမှု”ဟု ခေါ်ဆို ကြောင်းလည်း သူသဘောပေါက်ထားရန် လိုအပ်လိမ့်မည် ဖြစ်ပါသည်။ သူက သတိကြီးကြီးဖြင့် လွန်စွာဂရုစိုက် ရွေးချယ် သုံးထားသော အနှောင့်အသွားလွတ်မည့် ဝေါဟာရမျိုးသည် တိုင်းပြည်အတွင်း စစ်ခင်းနေကြသည့် တိုင်းရင်းသားလူမျိုးစု များ၏ တရားဝင်ဖြစ်မှုဆိုင်ရာကိစ္စများကို ရှင်းလင်းဖော်ပြနိုင်ခြင်း မရှိခဲ့ပါ။


ရောဘတ် အိပ်ခ်ျ တေလာ (Robert H Taylor) ရေးသားသော မြန်မာ-ဗြိတိသျှဆက်ဆံရေးအကြောင်းမှာ စိတ်ပျက်ဖွယ် ထပ်ကျော့သုတေသန အစုအပုံမျိုးဖြစ်သည်။ ဤလိုစာတမ်းမျိုးကို သက်သက်ညှာညှာခေါ်ဆို နာမည်ပေးရမည်ဆိုလျှင်ဖြင့် မိုက်ကရိုဝေ့ဖ်စက်ဖြင့် ဟင်းအလွယ်ချက်တတ်သည့် မြန်မာပြည်အကြောင်း ထမင်းချက်ပညာရှိဟုသာ ခေါ်ရန်သင့်ပါလိမ့် မည်။ အလားတူပင် ကေ နီမိုတို (Kei Nemoto) ၏ မြန်မာ-ဂျပန်ဆက်ဆံရေးသည်လည်း အလွန်ယေဘုယျကျလွန်းပြီး အတွင်းသားမပါလှပါ။ ထို့အပြင် ပြီးစလွယ် ကောက်နုတ်ချက်အနည်းအကျဉ်းမျှဖြင့် ကိုးကားရေးသားထားပါသေးသည်။


ဤသို့အတွင်းသား မပါလှသော အတိတ်ကိုပြန်ပြောသော စာအုပ်၏အားသာချက်အဖြစ် ဖော်ပြရန်အချို့လည်း ရှိပါသေး သည်။ ဖော်ပြရမည်ဆိုလျှင် ကျော်ရင်လှိုင်၏ “မြန်မာနိုင်ငံတွင် အဖွဲ့အစည်း၊ အသင်းအပင်းနှင့် လုပ်ကိုင်နေထိုင်မှုဘ၀ (Associational Life in Burma/ Myanmar) ”ကျမှသာ ကောင်းကွက်ကို စတွေ့ရပါသည်။ နိုင်ငံတော်အပိုင်းမဟုတ်သည့် လူမှုအရပ်ဘက်အသင်းအဖွဲ့များ၏ အသုံးဝင်လှသော သမိုင်းကို တွေ့ရပြီး ၎င်းတို့က နိုင်ငံတော်အပိုင်းကို စိန်ခေါ်ကာ မြန်မာ လူမှုအဖွဲ့အစည်း၏ စရိုက်လက္ခဏာအမှန်ကို ထိန်းသိမ်းထားကြပုံ၊ ထွေပြားစွာ တည်ရှိဖြစ်ပေါ်နေပုံကို တွေ့ကြရပါသည်။ ကျော်ရင်လှိုင်က အသေးစိတ်သမိုင်းအချက်အလက်များမှ ဆွဲထုတ်ဖော်ပြခဲ့ပြီး သူ၏တင်ပြချက်များကို ခိုင်လုံစေရန် အင်တာဗျူးများဖြင့်လည်း ဖြည့်စွက်ထားပါသည်။ ဤအခန်းတွင် ဆွေးနွေးချက်များသည် မြန်မာများမှဖြစ်စေ၊ နိုင်ငံခြားသား များမှဖြစ်စေ ပို၍သုတေသနပြုဖြည့်ဆည်းသင့်သည့် ခေါင်းစဉ်အကြောင်းအရာလည်း ဖြစ်ပါသည်။


တင်မောင်မောင်သန်းရေးသားသော လူသားလုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်ပြဿနာများ စာတမ်းမှာလည်း ပြည့်စုံ၍ အထူး အသေးစိတ်ဖော်ပြထားပါသည်။ အစိုးရ၏ အမြင်၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အမြင်၊ ပြည်ပရောက် အတိုက်အခံ အင်အားစုများ၏အမြင် စသဖြင့် ချိန်ညှိမျှတစွာ ဖော်ပြထားသည်ကို ရှားရှားပါးပါး တွေ့ရပါသည်။ ထို့အပြင် ဤရေးသားဖော် ပြချက်သည် မြန်မာပြည်သူများခံစားနေကြရသော လူမှုဒုက္ခအပေါင်းကို ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများအတွင်းသို့ ဆွဲသွင်း ရန် ကြိုးပမ်းလာသော ဆောင်ရွက်ချက်တခုလည်း အနည်းဆုံး ဖြစ်နိုင်ပါလိမ့်မည်။ ဤအခန်း ၂ ခန်းသည်သာ စာအုပ်၏ အဓိကကျသော တင်ပြချက်များဖြစ်ပြီး ၎င်းစာတမ်းများပါနေသောကြောင့်သာ ၀ယ်သိမ်းထားသင့်သောစာတအုပ်ဖြစ်လာ စေပါသည်။


နောက်ပိုင်းအခန်းများတွင် ကာလကြာရှည်ဖိနှိပ်ချိုးနှိမ်ထားခံရသော တိုင်းရင်းသားလူမျိုးစုများ၏အသံကို နိုင်ငံတော်၊ လူမှု အဖွဲ့အစည်း အယူအဆနှင့်ယှဉ်၍ တင်ပြခဲ့ပါသည်။ ရပ်ရွာအတွင်း စီမံခန့်ခွဲမှုလုပ်ငန်းများ၏ အကျိုးဖြစ်ပုံကိုလည်း ဖော်ပြ နိုင်ခဲ့ပါသည်။ အလန်စောဦးက ရန်ကုန်နေကရင်လူထုများ၏ ငြိမ်းချမ်းရေး ဖြစ်ပေါ်လာစေရေးအတွက် ကြိုးပမ်းဆောင်ရွက် ချက်များကို အသေးစိတ်ဖော်ပြထားပါသည်။ အလားတူ ဂျနန် လာထော်ကလည်း ကချင်လူမျိုးများဖွဲ့စည်းထားသော “ရှာလုံ ဖောင်ဒေးရှင်း”အကြောင်းနှင့် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ၎င်း၏ အခန်းကဏ္ဍကို ဖော်ပြခဲ့ပါသည်။


ဤဖော်ပြချက်များသည် အလျင်စလိုထုတ်လာသော ဖော်ပြသုံးသပ်ချက်များဖြစ်ပြီး စာတမ်း ၂ စောင်လုံးက လက်ခံနိုင်ဖွယ် တင်ပြချက်များကို ပြုခဲ့ကြပါသည်။ ဤအမြင်များသည် နယ်စပ်နှင့် ပြည်ပရှိ အတိုက်အခံများ၏ အမြင်များနှင့် တူညီမှု ရှိနေပြီး မြန်မာနိုင်ငံ၏ ဆင်းရဲမွဲတေမှုကြီးထွားနေသောအခြေအနေနှင့် လူ့အဖွဲ့အစည်းအတွင်း ယုံကြည်မှုကင်းမဲ့နေ ကြသော အခြေအနေပပျောက်စေရန် အဖြေအဖြစ် အနာဂတ်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် စုပေါင်းညှိနှိုင်းနည်းကို သုံးရန် လိုမည်ဟုလည်း ဖော်ပြခဲ့ ကြပါသည်။
စိုင်းခမ်းမုန်းက ရှမ်းပြည်နယ်နှင့်ပတ်သက်၍ တင်ပြလာသည်။ ဆယ်စုနှစ်ပေါင်းများစွာကြာ ရှုပ်ထွေး မသဲမကွဲမြင်နေရသော အခြေအနေများအပြီးမှ ပေါ်ထွက်လာခြင်းဖြစ်၍ များစွာကြိုဆိုဖွယ်ဖြစ်သော်လည်း ကံမကောင်းအကြောင်းမလှစွာပင် ထင်သည့်အတိုင်း မဖြစ်ခဲ့။ ၀နှင့် ကိုးကန့်ဒေသများ အပစ်အခတ်ရပ်စဲရေးပြီးနောက်ပိုင်း အခြေအနေကိုသာ ပို၍ အလေးပေး ဖော်ပြထားခဲ့ပြီး ရှမ်းပြည်နယ်၏ ရှုပ်ထွေးများပြားလှသော တိုင်းရင်းသားလူမျိုးများ အခြေအနေနှင့် မပြီးမစီးနိုင် ပဋိပက္ခများ အကြောင်းကိုမူ မျှတအောင် သုံးသပ်ဖော်ပြမှုအနည်းငယ်သာ တွေ့ခဲ့ရပါသည်။


စာတည်းဖြတ်သူ ပညာရှင် ၂ ဦးကလည်း ဤရွေးချယ်ဖော်ပြထားသော စာစုပေါင်းကို ဦးတည်ချက်ဆုံရပ်တခုသို့ရောက်စေ ရန် ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ပျက်ကွက်ခဲ့ပါသည်။ ထို့အပြင် မကြာခဏဆိုသလို သဒ္ဒါအထားအသိုနှင့် အခြားအမှား များကိုလည်း တွေ့ကြရပါသေးသည်။ ဥပမာအားဖြင့်- ဒေါ်အောင်ဆန်းစုကြည်ကို “ပြစ်မှုကျူးလွန်သော ဒီမိုကရေစီ ဘက်တော်သား” ဟု ဖော်ပြခြင်းမျိုး ဖြစ်ပါသည်။ (မြန်မာနိုင်ငံတွင် ဤသို့သောဥပဒေပြဌာန်းချက်ရှိသည်ဟု မိမိ မထင်ပါ) ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် နိုဘဲလ်ဆုရသောခုနှစ်ကိုလည်း ၁၉၉၅ ခုနှစ်ဟု ဖော်ပြထားပါသည်။ အမှန်မှာ ၁၉၉၁ ခုနှစ် ဖြစ်ပါသည်။
အမှန်ပြောရလျှင် ဤစာတမ်းပေါင်းချုပ်သည် နောက်ဆုံးအခန်းများ၌ ၎င်း၏အနှစ်သာရ ပျောက်သွားသည်ဟု ဆိုရပါလိမ့် မည်။


ခင်ဇော်ဝင်း၏ စိတ်အလိုလိုက်၍ ရှေ့နောက်မညီသော၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်ဖော်ပြထားသော ထိုးဇာတ်သဖွယ် စာတမ်းမှာ စီးပွားရေးပညာသဘောအရ မေးခွန်းများစွာ ကျန်ရှိပါသည်။ ယဉ်ကျေးမှုကို အဓိကထားသည့် အမျိုးသားရေးဝါဒဘက် ကဲလွန်းနေပြီး (နိုင်ငံခြားသားမုန်းတီးရေးဘက်သို့ပင် ယိမ်းနေသည့်သဘော ရှိနေပါသည်။) စွန့်စား ရေးကဲသော ပညာရှိပဏ္ဍိတ်၏ဟောချက်သဖွယ် ဖြစ်နေသည်။ ငါ့စကားနွားရ ပြောရေးဆိုခွင့်ရထားသယောင် ဟန်ဆောင် နေသည်ဟုထင်မြင်မိပါသည်။


ဤသို့ကြမ်းတမ်းပြင်းထန်သည့် စကားလုံးများက ညနေစာစားပွဲတွင် ရှည်လျားစွာ စကားကောင်းပြောဆိုပြေလည်လာကြပြီး မှ အဆုံးတွင် ငြင်းခုန်မှုတချို့ကြောင့် ရုန်းရင်းဆန်ခတ် အဆုံးသတ်ရလိုက်ပုံမျိုး၊ နောက်တနေ့မှ နောင်တပြန်ရနေရမည့် အဖြစ်မျိုးနှင့် ဆင်တူနေပါသည်။ မည်သို့ပင်ဖြစ်စေ ဤအခန်း၏ ချို့ယွင်းအားနည်းချက်တခုတည်းကြောင့် မဟုတ်ပါ။ အခြား အားနည်းချက်များကြောင့်လည်း ဤစာအုပ်သည် နောက်ဆုံး အပြည့်အစုံမတင်ပြနိုင်သည့် တ၀က် တပျက် စုဆောင်းထား ရသည့် အိုင်ဒီယာများကို ပြီးစလွယ်လွှတ်လိုက်ရသည့် အခြေအနေမျိုး ဖြစ်သွားစေခဲ့ပါသည်။


၂၀၀၇ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ David Scott Mathieson ရေးသားသော A Half-Stocked Marketplace of Ideas ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။


ဒေးဗစ်စကော့ မက်သီဆင်သည် နယူးယောက်မြို့ အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) တွင် မြန်မာနိုင်ငံရေးရာ အကြံပေးအဖြစ် တာဝန်ယူနေသူ ဖြစ်ပါသည်။

No comments: