Monday, July 23, 2007

Nu Nu Yee's novel nominated for Asian literary prize

ဧရာဝတီသတင်း

နုနုရည် (အင်းဝ) အာရှစာပေဆု ပဏာမ ရွေးချယ်ခံရ

ကိုစိုး ဇူလိုင် ၂၃၊ ၂၀၀၇
မြန်မာနိုင်ငံမှ စာရေးဆရာမ နုနုရည်(အင်းဝ)၏ ၀တ္ထု စာအုပ်တအုပ်ကို ၂၀၀၇ အာရှစာပေဆု (The 2007 Man Asian Literary Prize) အတွက် ပဏာမ ရွေးချယ်လိုက်ကြောင်း သိရသည်။
အဆိုပါဆုကို အမည်စာရင်း တင်သွင်းသည့် စာရေးဆရာပေါင်း ၂၄၃ ဦး၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာအုပ်များ ထဲမှ ဆရာမ နုနုရည် (အင်းဝ) အပါအ၀င် ဆန်ခါတင် ပထမ အဆင့်၂၃ ဦးကို ရွေးချယ်ခြင်းဖြစ်သည်။

ယခုကဲ့သို့ ရသစာပေ ဆု ရွေးချယ်ခံရသည့်အတွက် ၀မ်းသာသည့်အပြင် စာပေ မျိုးဆက်သစ်လူငယ်များ အတွက်ပါ တအား ဖြစ်မည်ဟု ယုံကြည်ကြောင်း ဆရာမ နုနုရည် (အင်းဝ)ကပြောသည်။
“အခုလို မြန်မာပြည်ထက်ကျော်လွန်ပြီး နိုင်ငံတကာက အသိအမှတ်ပြုတယ်ဆိုတဲ့ အတွက် ၀မ်းသာတယ်၊ မျိုးဆက်သစ် လူငယ်တွေအတွက်တအားဖြစ်လိမ့်မယ် လို့လည်းယုံတယ်”ဟု ဆရာမ နုနုရည် (အင်းဝ) က ဧရာဝတီသို့ ပြောသည်။

ဆရာမနုနုရည် (အင်းဝ) ၏ ရွေးချယ်ခံရသော စာအုပ်မှာ “ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ ခံတော်မူပါ” အမည်ရှိစာအုပ်ဖြစ်ပြီး မြန်မာနတ်ကတော်များ အကြောင်းရေးသားထားသည့် ၀တ္ထု စာအုပ်ဖြစ်သည်။

ယင်းစာအုပ်ကို ဆရာမနုနုရည်(အင်းဝ) က အယူသီးမှု၊ ယုံကြည်မှု၊ ကိုးကွယ်မှုမှသည် ယဉ်ကျေးမှုတခုသဖွယ် ဖြစ်လာ တတ်သည်ဟူသော အခြေခံပေါ်တွင် တင်ပြရေးသားထားခြင်းဖြစ်သည်ဟု ပြောသည်။
မြန်မာနိုင်ငံတွင် ရသစာပေသည် အနှိပ်ကွပ်ခံနေရသောကြောင့် ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဟု ပြောဆို ဝေဖန်နေကြ ကြောင်းလည်း ဆရာမ နုနုရည်က ပြောပြသည်။

“ရသစာပေကို ပျောက်ကွယ်သလိုလို ပြောကြတာကတော့ လွတ်လပ်ခွင့်ကြောင့်ပဲ၊ တကယ် ရသကို ရေးရင်လည်း အကုန်ဖြတ်တောက် တာခံရတယ်၊ အဲဒီတော့ နောက်မျိုးဆက်သစ် တွေကလည်း ရသကို ရေးဖို့ လက်တွန့်နေတယ်၊ စာဖတ်ပရိသတ်ကတော့ ရသစာပေ သိပ်ငတ်မွတ်ပါတယ်၊ မဖတ်ဘူးဆိုတာ မဟုတ်ပါ ဘူး”ဟု ဆရာမနုနုရည် က ပြောသည်။

ယခုဆု အတွက် ရွေးချယ်ကြောင်း မသိရသေးခင် ရက်ပိုင်းအတွင်းကပင် ယင်းဝတ္ထုအား ရုပ်ရှင်ကုမ္ပဏီတခုက ရုပ်ရှင် ကားကြီး ရိုက်ရန် စီစဉ်ထားရာ ဇာတ်လမ်းစိစစ်ရေးအဖွဲ့က လုံးဝခွင့်မပြုကြောင်း အကြောင်းကြားခဲ့သည်ဟု သိရသည်။

ဆရာမ နုနုရည်(အင်းဝ)က “ဒီဝတ္ထု ကို တမြန် မနေ့ကပဲ ဆင်ဆာအဖွဲ့က ကျလာတယ်၊ အချက် ၄ ချက် နဲ့ လုံးဝ ရုပ်ရှင် ရိုက်ခွင့် မပြုနိုင်ဘူးလို့ ပြောပါတယ်”ဟု ပြောဆိုလိုက်ပြီး ထေရ၀ါဒ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်ခြင်း၊ ၀တ္ထု တအုပ်လုံးတွင် လိင်ပြဿနာများ နှင့် နတ်ကတော်များ၏ အကြောင်းသာ ရေးသားထား၍ မြန်မာ့ယဉ်ကျေးမှုနှင့် ဆန့်ကျင်သည့်အတွက် အများ ပြည်သူကို ပြသရန်မသင့်ခြင်း၊ ရခဲလှသော လူ့ဘ၀တွင် ယောက်ျားစင်စစ် ဧကန် ဖြစ်ပါလျှက်နှင့် မိန်းမရှာ ဘ၀ ခံယူပြီး နိမ့်ကျစွာလုပ်ကိုင် စားသောက်ခြင်းအား ရေးပြရန်မသင့်ခြင်း၊ တောင်ပြုံးပွဲ သည် အမှန်တကယ်ရှိသော်ငြား သိသာသိစေ မမြင်စေနှင့် ဆိုသကဲ့သို့ ရိုက်ကူးပြသရန် မသင့်လျော်ခြင်း စသည့် အချက်များဖြင့် ဇာတ်လမ်းစိစစ်ရေးအဖွဲ့က ပိတ်ပင်လိုက်သည်ဟု ဆက်လက်၍ ပြောပြသည်။

ယခု ရွေးချယ်ခံရသည့် ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ ခံတော်မူပါ ၀တ္ထုစာအုပ် ကို ၁၉၉၄ ခုနှစ် ပထမအကြိမ် ထုတ်ဝေစဉ် စာပေစိစစ်ရေးက ခွင့်မပြုသောကြောင့် ထုတ်ဝေခွင့် ရရန် ခက်ခဲစွာ ကြိုးပမ်းခဲ့ရသည်ဟုလည်း ဆရာမ နုနုရည်က ပြောသည်။

“အဲဒီတုန်းက ထုတ်ခွင့်ရပေမယ့် အများကြီး ဖြတ်တောက်ပိတ်ဆို့ ခံခဲ့ရပြီးမှ စာအုပ်ဖြစ်လာတာ”ဟု ၎င်းက ပြောသည်။

ဖြတ်သန်းနေဆဲခေတ်က လူအများ၏ တွေ့ကြုံခံစားရမှုများကို အနုပညာမြောက်စွာ ထင်ဟပ်တင်ပြနိုင်မှ တာဝန်ကျေ သည်ဟု ယုံကြည်ချက်ဖြင့် စာရေးသူဘ၀ကို ခံယူရေးသား နေသည်မှာ နှစ်ပေါင်း ၂၀ ကျော်ပြီ ဖြစ်ကြောင်း ဆရာမ နုနုရည်က ပြောကြားသည်။

ယခုရွေးချယ်ခံရသူ ၂၃ ဦးမှ ၅ ဦး ကို ထပ်မံရွေးချယ်၍ လာမည့် အောက်တိုဘာ ၁ ရက်တွင် ထုတ်ပြန်ကြေညာမည် ဖြစ်သည်။ ယင်း ၅ ဦးထဲမှ နောက်ဆုံး ရွေးချယ်ခံရသူကို နိုဝင်ဘာ ၁ ရက် နေ့တွင် ကြေညာ၍ နိုဝင်ဘာ ၁၀ ရက်နေ့တွင် ဟောင်ကောင်၌ ဆုပေးအပ်မည့်အခမ်းအနား ကျင်းပမည်ဖြစ်သည်။ ဆုရွေးချယ်ခံရသူသည် ဆုကြေး ငွေ အမေရိကန် ဒေါ်လာ ၁ သောင်း ရရှိမည်ဖြစ်သည်။

ယင်း အာရှစာပေဆုကို Hong Kong International Literary Festival Limited နှင့် Man Group စာအုပ်တိုက် တို့၏ ထောက်ပံ့ စီစဉ်မှုဖြင့် ရွေးချယ်ပေးအပ်ခြင်းဖြစ်သည်ဟု သိရသည်။

No comments: