Monday, July 16, 2007

Pritical Thinking

(ခေတ်ပြိုင်အွန်လိုင်း၊ ၁၆-၇-၀၇)

လက်တွေ့ကျကျ စဉ်းစားရအောင်
အဝေးရောက်မြန်မာတဦး

မဆုံးနိုင်တဲ့ သံသရာတွေထဲမှာ ပညာသင်ခြင်းဆိုတာလည်း ပါဝင်ပါတယ်။ ဒီနေရာမှာ ကျနော် ဆိုလိုချင်တာက ပညာရဲ့ အဆုံးအစမရှိတဲ့သဘောကို မဟုတ်ပါဘူး။ ပညာဟူသည် ဆုံးခန်းတိုင်သည်၊ ပြီးဆုံးသည်လို့ မရှိဘဲ လေ့လာဆည်းပူးသလောက် ဆက်လက်တိုးတက်နေမယ့် သဘောရှိပါတယ်။ ကျနော် ပြောချင်တာကတော့ ကျနော်တို့တွေ သံသရာလည်နေတဲ့အဖြစ်၊ အစဉ်မပြတ်သေးတဲ့ အဖြစ်ကို ပြောချင်တာပါ။
အဲဒီသံသရာက ဘာလဲဆိုတော့ နိုင်ငံရပ်ခြားမှာ ပညာသင် ထွက်ခြင်းဆိုတဲ့ သံသရာပါပဲ။ ဘ၀ဖြစ်တည်တဲ့ သံသရာက အဆုံးအစ မထင်ဘူးလို့ ဆိုကြပေမယ့် အခုသံသရာကတော့ အစရှိပါတယ်။ ဘယ်ကစလဲဆိုတော့ မင်းတုန်းမင်းတရားကြီးလက်ထက် ကနောင်မင်းသား အိမ်ရှေ့စံဖြစ်ကတည်းကလို့ ဆိုရမှာပေါ့။ အင်္ဂလိပ်-မြန်မာ ပထမစစ်နဲ့ ဒုတိယစစ်ပွဲတွေပြီးတဲ့အခါ မြန်မာတွေ အရေးနိမ့်ရတဲ့အဖြစ်ကို ကောင်းစွာသုံးသပ်မိတဲ့ ကနောင်မင်းသားကြီးဟာ မြန်မာနိုင်ငံကို စက်မှုနိုင်ငံတော်အဖြစ် ထူထောင်ဖို့အတွက် စတင်ကြိုးပမ်းခဲ့တယ်လို့ မှတ်သားရပါတယ်။
ဒီအခါမှာ လိုအပ်တဲ့ လူသားအရင်းအမြစ်တွေ ရရှိဖို့အတွက် ဥရောပနိုင်ငံတွေမှာ စက်မှု၊ လက်မှု အတတ်ပညာတွေကို သင်ကြားဖို့ ပထမဆုံးသော ပညာတော်သင်များကို စေလွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီက စတာပါပဲ။ ဒီကနေ့ ပြောပြောနေတဲ့ brain drain တို့ brain gain တို့က အဲဒီ အချိန်ကတည်းက စဖြစ်ခဲ့တာပေါ့။ ဘာလို့လဲဆိုတော့ ပညာတော်သင် လွှတ်လိုက်တဲ့အထဲမှာ တချို့လည်း ပြည်တော်ကို ပြန်ရောက်သူရှိရဲ့၊ တချို့လည်း တပြည်သူနဲ့ အိမ်ထောင်ရက်သားကျပြီး မပြန်ဖြစ်တော့ပဲ အဲဒီနိုင်ငံများမှာပဲ အခြေချခဲ့ကြတာပေါ့။ ဒီမှာတော့ ဦးနှောက်ယိုစီးမှု အကြောင်းကို ကျနော် မဆွေးနွေးပါဘူး။ ဒီအကြောင်းကိုလည်း တော်တော်များများက ဆွေးနွေးပြီးပါပြီ။ ကျနော်တို့ လူမျိုးတွေ နိုင်ငံရပ်ခြားကို ပညာသင်ဖို့ ထွက်နေလိုက်ကြတာ ကြာပြီပေါ့။ အခုချိန်အထိ အဆုံးမသတ်နိုင်သေးပါဘူး။ ကျွန်တော်တို့ ဘိုးဘေးတွေ လက်ထက်ကလည်း ထွက်ရတယ်။ ကျွန်တော်တို့ အဖေအမေတွေ လက်ထက်ကလည်း ထွက်ရတယ်။ ကျွန်တော်တို့ လက်ထက်လည်း ထွက်ရတယ်။ ဟော… ကျွန်တော်တို့ သားမြေးမြစ်တွေ လက်ထက်မှာကော ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသွား သင်နေရအုံးမှာလား။ မျိုးဆက်တွေလည်း များခဲ့ပြီ။ ဒီသံသရာက မဆုံးနိုင်သေးပါဘူး။ ကိုယ့်မြေကိုယ့်ရေမှာပဲ အဆင့်မြင့်ပညာတွေ သင်ကြားလို့ မရလို့လား။ မသင်ကြားပေးနိုင်လို့လား။
ပညာသင်ပြီး ပြန်လာတဲ့သူတွေက မိမိတို့သင်ထားတဲ့ ပညာတွေနဲ့ ထပ်မံတိုးပွားအောင်၊ ဆက်လက် လက်ဆင့်ကမ်း မဖြန့်ဝေနိုင်လို့လား။ ဒါမှမဟုတ် အဲဒီလူတွေကပဲ ညံ့နေလို့လား။ နောက်တချက် နိုင်ငံရပ်ခြားမှာ ငွေကုန်ကြေးကျခံပြီး သင်လာတဲ့ ပညာတွေက အသုံးမ၀င်လို့လား။ ခေတ်မမီတော့ လို့လား။ အခုခေတ်ပေါ် ပညာရပ်တွေ၊ နည်းပညာတွေကို မိမိတို့ ပြည်တွင်းမှာပဲ အိုးမကွာ၊ အိမ်မကွာနဲ့ မသင်ကြားနိုင်ဘူးလား။ အဲဒီအခွင့်အရေးတွေ နောက်မျိုးဆက်တွေ ဘယ်တော့ရမှာလဲ။
ကျနော်တို့ဆီမှာ အရင့်အရင် နိုင်ငံရပ်ခြားမှာ ပညာဆည်းပူးလာကြတဲ့သူတွေ ရှိရဲ့နဲ့ ကျွန်တော်တို့က ဘာလို့ တိုင်းတပါးကို ထွက်နေကြရသေးတာလဲ။ ကမ္ဘာနဲ့အမီ ရင်ဘောင်တန်း နေနိုင်အောင် ကျနော်တို့မှာ လုပ်နိုင်တဲ့ အစွမ်းအစ မရှိကြလို့လား။ တကယ်ဆို သူများနိုင်ငံတွေလည်း ဒီလိုပဲ နိုင်ငံရပ်ခြားမှာ ပညာသင်နေတဲ့သူတွေ အများကြီးရှိတာပါပဲ။ ဥပမာ တရုတ်နိုင်ငံလိုပေါ့။ သူတို့တွေ ကျတော့ အခုဆိုရင် တော်တော်အောင်မြင်နေကြပြီလေ။ ကဏ္ဍစုံမှာ တိုးတက်နေကြပြီ။ ကျနော်တို့ ဆီမှာတော့ ဘယ်လိုဖြစ်လို့ပါလိမ့်။ မေးခွန်းတွေ အများကြီးပါပဲ။ ပြဿနာတိုင်းမှာ ဖြေရှင်းစရာ နည်းလမ်းကတော့ ရှိရမှာပါ။ ဘယ်ပညာရပ် နယ်ပယ်ကိုပဲ ကြည့်ကြည့် ကျွန်တော်တို့ဆီမှာ အားရစရာကောင်းတဲ့ ပညာရပ် နယ်ပယ်ဆိုတာ မရှိပါဘူး။ အမြဲတမ်း နောက်ကျနေတာချည်းပါပဲ။ လူ့စွမ်းအား အရင်းအမြစ် မရှိရတာနဲ့၊ နည်းပညာ နိမ့်ကျနေရတာနဲ့၊ စသည်ဖြင့် မရှိတာတွေချည်းပဲ လုံးလည် ချာလည် လိုက်နေလို့ ကြားရတာ ရိုးတောင်ရိုးနေပါပြီ။ ဒါကတော့ ဒို့မြန်မာပြည်က ထွင်လိုက်တာလို့ ပြောစရာလည်း ဘာမှမရှိပါဘူး။ တီထွင်မှုတွေကို မြင်ရဖို့ဝေးစွ ကျနော်တို့အဖို့ မြန်မာလူမျိုး သိပ္ပံပညာရှင်ဆိုတဲ့ ဝေါဟာရကိုတောင် မကြားဖူးပါဘူး။ အဲဒီစကားလုံးပိုင်ရှင်တွေ ဘယ်တော့ ပေါ်လာမလဲ ဆိုတာလည်း မသိဘူး။
ဒါတွေရဲ့ မူရင်းလက်သည်တွေကို လိုက်ရှာပြီး အပြစ်ဖို့နေလို့လည်း ဒီသံသရာက ဆုံးမှာ မဟုတ်ပါဘူး။ အရာရာကို မကောင်းမြင်တဲ့စိတ်နဲ့ ကြည့်နေလို့လည်း လက်ရှိအခြေအနေတွေက ပိုကောင်း မလာပါဘူး။ “တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်ဖြစ်ရမယ်” ဆိုတဲ့ အတိုင်း တကယ်ကို စေတနာ ပါပါနဲ့ အားလုံးက တက်ညီလက်ညီနဲ့ လုပ်ကြပါမှ တိုးတက်မှာပါ။ ဟိုလူလုပ်နိုး၊ ဒီလူလုပ်နိုး မျှော်ကိုး လို့လည်း မဖြစ်ပါဘူး။ ဒီတော့ကျနော်တို့တွေကပဲ လက်ရှိအချိန်က စပြီးတော့မိမိတို့ တတ်နိုင်သမျှ ကြိုးစားရပါမယ်။ မိဝေး၊ ဖဝေးနဲ့ တိုင်းတပါးမှာ အချိန်ကုန်၊ ငွေကုန်ခံပြီး သင်ကြားလာခဲ့တဲ့ ပညာ တွေနဲ့ မိမိတို့နိုင်ငံနဲ့ လူမျိုးအတွက်၊ မိမိတို့က ဖြစ်လာမယ့် မျိုးဆက်တွေအတွက် အစွမ်းကုန် လုပ်ပေး ကြရပါမယ်။ နိုင်ငံတိုးတက်ဖို့အတွက် မျိုးဆက်နှစ်ဆက်၊ သုံးဆက်ရင်းရင် ရမယ်ဆိုတဲ့ ကွန်မြူနစ်ဆန်ဆန်၊ သီအိုရီလိုလို စကားတခု ကြားဖူးပါသေးတယ်။ စကားအဖြစ်ပဲ ရှိတာပါ။ ဘယ်သူမှ မရင်းကြပါဘူး။ ဘယ်သူမှလည်း မလုပ်ခဲ့ကြပါဘူး။ အားလုံးက ပိုနေမြဲ၊ ကြားနေမြဲ၊ ရေသာလိုက်ပြီး နေသာသလိုသာ နေခဲ့ကြတာပါ။ ဖြစ်ဖြစ်မြောက်မြောက် စွမ်းစွမ်းတမံဆိုတာ မရှိခဲ့လို့ ဒီနေ့ ကျနော်တို့နိုင်ငံက ဒီလို အဖြစ်မျိုးကို ရောက်နေတာပါ။ ဘယ်မှာလဲ ကျနော်တို့ဆီက နိုင်ငံတကာ အဆင့်အတန်းမီတဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ။ ဘယ်မှာလဲ အဆင့်မြင့် နည်းပညာတွေကို သင်ကြားပေးနိုင်တဲ့ သူတွေ။ ဘယ်မှာလဲ နည်းပညာရပ်တွေကို လေ့လာဆည်းပူးဖို့ သုတေသန စင်တာတွေ၊ စမ်းသပ် ခန်းတွေ၊ ထောက်ပံ့မှုတွေ။ အရေအတွက်ထက် အရည်အချင်းကို ပိုမိုဦးစားပေးရပါမယ်။
လက်တွေ့နဲ့ ကင်းကွာတဲ့ ကိန်းဂဏန်းတွေကိုကြည့်ပြီး ပီတိဖြစ်နေလို့လဲ မရတော့ပါဘူး။ ယနေ့ ကမ္ဘာမှာ ခေတ်စားနေတဲ့ ပညာတွေကို တိုင်းတပါးမှာပဲ သွားသင်ယူနိုင်တာပါ။ သင်ယူပြီး ပြန်လာတဲ့ သူတွေကလည်း ဖြစ်ဖြစ်မြောက်မြောက် ပြန်အသုံးမချနိုင်တော့ အလဟဿပဲပေါ့။ ဒီလိုနဲ့ပဲ ဒီပညာသင်ထွက်ခြင်း သံသရာက မဆုံးနိုင်ဖြစ်နေတာပါပဲ။ ဒီလိုမျိုးဆိုရင်တော့ ကျနော်တို့ မျိုးဆက်တွေကိုလည်း နိုင်ငံတကာတက္ကသိုလ်တွေကို စာသင်ဖို့ လွှတ်ရဦးမှာပါ။ ပိုက်ဆံတွေလည်း ကုန်ဦးမှာပါ။ ကြည့်ဦးလေ။ ပတ်ဝန်းကျင်နိုင်ငံတွေ၊ ဒေသတွင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့။ ရှိရှိသမျှ ကဏ္ဍတွေမှာ သူများတွေဆီက အကူအညီကို လက်ဖြန့်တောင်းနေရတာပါပဲ။ သယံဇာတတွေ ပေါပါတယ်တဲ့။ ကိုယ်တိုင် မထုတ်လုပ်၊ မတီထွင်နိုင်သရွေ့ကတော့ နည်းပညာ လက်ဝေခံနိုင်ငံ အဖြစ်က တက်မှာမဟုတ်ပါဘူး။ ဒါကိုကြည့်ရင် ကျနော်တို့တွေ ညံ့နေသေးတယ်ဆိုတာကို တွေ့နိုင်ပါတယ်။
စပါးစိုက်တဲ့ နေရာမှာတောင် စပါးအခြောက်ခံ ချွေလှေ့ဖို့ နည်းပညာမရှိလို့ သူများဆီက ယူရတယ်။ ငါးမွေးမြူရေး၊ ရေလုပ်ငန်းနဲ့ပတ်သက်လို့ ဗီယက်နမ်လိုနိုင်ငံက အကူအညီပေးရသတဲ့။ ပြည်တွင်းမှာ ဓာတ်မြေသြဇာ အလုံအလောက် မထုတ်နိုင်လို့ ဘင်္ဂလားဒေ့ရှ်က တင်သွင်းရသတဲ့။ တခြားကဏ္ဍ တွေမှာလည်း ထိုနည်းနှင်နှင်ပါပဲ။ ဒီလို အသေးအဖွဲတွေမှာတောင် ကိုယ်စွမ်းကိုယ်စနဲ့ မလုပ်နိုင်ဘူး ဆိုရင် ဂြိုဟ်တုလွှတ်ဖို့၊ အာကာသနည်းပညာတို့ဆိုရင် ဝေးရော။ ဗီယက်နမ်လို နိုင်ငံမျိုးမှာ တက္ကသိုလ်တွေတောင် စာသင်တဲ့ တက္ကသိုလ်က သပ်သပ်၊ ပရောဂျက်တွေလုပ်တဲ့ တက္ကသိုလ်က သပ်သပ်ဆိုပြီး ရှိသတဲ့။ ကျနော်တို့ဆီက လေးနှစ်၊ ငါးနှစ်လောက် အလွတ်ကျက်ပြီး ဖြေလာတဲ့ ကျောင်းသားတွေမှာ ဘာလက်တွေ့မှ မရှိကြဘူး။ ချိတ်ဆက်လုပ်ကိုင်စရာ ပရောဂျက်တွေ၊ လုပ်ငန်းတွေလည်း မရှိကြဘူး။ သက်ဆိုင်ရာ ဘွဲ့တလုံးသာ ရသွားတယ် အဲဒါနဲ့ပတ်သက်လို့ ဘာတခုမှ ဟုတ်တိပတ်တိ မသိဘူး။ ပြီးတော့ အဲဒီ ဘာသာရပ်တွေကို ဘယ်နားမှာ သွားအသုံးချရမလဲ ဆိုတာလဲ မသိကြဘူး။
ရှေ့ဆက်ပြီးတော့လည်း အဲဒီဘွဲ့ကြီးနဲ့ ဘာမှလုပ်စားလို့လည်း မရပါဘူး။ ဘာဖြစ်လို့ပါလိမ့်။ ကျနော်တို့ မြန်မာတွေကပဲ ညံ့နေကြလို့လား။ အသုံးမကျတဲ့ လူမျိုးလား။ အဲလိုမျိုးကျတော့ ကျနော်တို့ အပြောမခံနိုင်ပါဘူး။ ဒါပေမယ့် ဒါတွေက တကယ်ဖြစ်နေတာပါ။ ခေတ်အဆက်ဆက်လည်း ကျနော်တို့ဆီမှာ ထူးချွန်တဲ့သူတွေ၊ တော်တဲ့သူတွေ၊ ထက်မြက်တဲ့သူတွေ ရှိခဲ့တာပဲ။ တီထွင်မှုတွေလည်း ရှိခဲ့တာပဲ။ ဒါပေမဲ့ ဒီလိုမျိုးကို အားပေးမယ့် အခွင့်အလမ်းတွေ မရခဲ့လို့သာ တိုးတက်သင့်သလောက် မတိုးတက်၊ ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းခဲ့တာပါ။ တကယ်တော့ အခုကျနော် ပြောနေတာတွေကလည်း အားလုံး သိပြီးသားတွေကို ပြောနေတာပါပဲ။ ကျနော်ကတော့ ကျွန်တော်တို့ ရှေ့ကလူတွေ ညံ့လို့ ကျနော်တို့ ဒီလိုမျိုး ဖြစ်နေတာလို့ မြင်တယ်။ အားလုံးဟာ အကြောင်းတရားတွေ ရှိလာလို့ အကျိုးတရားတွေ ဖြစ်လာတာဆိုတာကို လက်ခံပါတယ်။ ကျနော်တို့ ဒီအချိန်မှာ ဆင်းရဲမွဲတေတဲ့နိုင်ငံ၊ မဖွံ့ဖြိုး၊ မတိုးတက်သေးတဲ့ နိုင်ငံရဲ့ နိုင်ငံသားတွေအဖြစ် မွေးဖွားလာရတာလည်း ကျွန်တော်တို့ရဲ့ ကုသိုလ်ပဲပေါ့။
အဓိကကတော့ ရှေ့ကလုပ်နိုင်ရဲ့သားနဲ့၊ လုပ်နိုင်စွမ်းရှိရဲ့သားနဲ့ မလုပ်သွားကြတဲ့သူတွေကြောင့်လို့ စွပ်စွဲရင် လွန်မယ်မထင်ပါဘူး။ အခုတော့ ကျွန်တော်တို့ အလှည့်ရောက်လာပါပြီ။ နောက်လူတွေက ကျွန်တော်တို့ကို အပြစ်မမြင်ရအောင် မိမိတို့လုပ်နိုင်စွမ်း ရှိသလောက်၊ ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသလောက် လုပ်ကိုင်ကြရမှာပါ။ မိမိတို့ ကိုယ်တိုင်ကစပြီး အနာဂတ်အတွက် လမ်းဖောက်ကြရမယ့် အဖြစ်ပါ။
အနာဂတ်မှာ အားလုံး ကောင်းစားဖို့ မိမိတို့ကိုယ်တိုင် မိမိတို့ရဲ့ ဘ၀တွေကို ရင်းသင့်ရင် ရင်းရပါမယ်။ စတေးသင့်ရင် စတေးပစ်ရပါမယ်။ ရင်းနှီးမြှုပ်နှံပစ်ရပါမယ်။ ဘ၀အကျိုးပေးကြောင့် ဖြစ်လာတဲ့ အခိုက်အတန့်လေးမှာ ကိုယ်က ပညာဥာဏ်စွမ်းရှိတုန်း လူ့လောကအတွက်၊ ကိုယ်မွေးတဲ့ မြေ အတွက် အကျိုးပြုနိုင်ဖို့ ကြိုးစားကြရပါမယ်။ ဒီလူ့အဖွဲ့အစည်းကနေ အခွင့်အလမ်းတွေ ရယူဖို့ထက် လူ့အဖွဲ့ အစည်း တရပ်လုံး ကောင်းကျိုးအတွက် တဘက်တလမ်းကနေ ပေးဆပ်စွန့်လွှတ် ကြရအောင်ပါ။ လူဖြစ်ရတဲ့ ဘ၀လေးဟာ အင်မတန် တိုတောင်းပါတယ်။ တိရစ္ဆာန်လောက်တောင် အသုံးမ၀င်ဘူးဆိုရင် မိမိတို့က ဘာများ ပိုသာပါ့မလဲ။ ဒါကြောင့် ဒီဖြစ်စဉ်ကြီး တရပ်လုံးကို တမျိုးသားလုံးနဲ့ဆိုင်တဲ့ ပြဿနာလို့ ရှုမြင်ပါတယ်။ အားလုံးက ၀ိုင်းဝန်းကြံဆပြီး ဖြစ်မြောက်အောင်မြင်အောင် လုပ်ဆောင်ပါမှ ရေရှည်ကောင်းစားမယ့် အဖြစ်ပါ။ အဓိကအခန်းကဏ္ဍမှာ ဘယ်သူရှိမလဲဆိုတာတော့ မပြောတော့ပါဘူး။ အမိမြေမှာ ရောင်စုံပန်း လေးတွေ ဖူးပွင့်ကြဖို့၊ ပွင့်သောပန်းတိုင်း လန်းကြစေဖို့ ဥယျာဉ်မှူးကောင်းလိုတာတော့ အသေ အချာပါပဲ။
လူတိုင်းဟာ ကိုယ့်နိုင်ငံ တိုးတက်တာ၊ ကြီးပွားချမ်းသာတာကို မြင်ချင်ကြပါတယ်။ ဖြစ်စေချင်ကြ ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ ပါးစပ်ဖျားကနေ ပြောနေရုံနဲ့ မပြီးပါဘူး။ တကယ့်စေတနာနဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံပြီးလုပ်မှ ဖြစ်မှာပါ။ ဦးဆောင်တဲ့သူတွေဘက်ကလည်း စေတနာမှန်ဖို့ လိုပါတယ်။ နာမည်ကောင်း ရရုံသက်သက်နဲ့တော့ အလုပ်မဖြစ်ပါဘူးလို့ ပြောချင်ပါတယ်။ နိုင်ငံတိုးတက်ဖို့ အဓိကကျတဲ့ အရင်းအမြစ်တွေမှာ ပညာရေးနဲ့ လူ့အရင်းအမြစ်တွေက ရှေ့ဆုံးမှာ နေရာယူလာပါပြီ။ ဟိုးရှေး မြေရှင်ပဒေသရာဇ်ခေတ်မှာဆိုရင်တော့ ပညာမတတ်လို့၊ နည်းပညာမရှိလို့ ဘာမှမဖြစ်ပါဘူး။ ရိုးရိုးပဲ လယ်ယာလုပ်ကိုင် စားသောက်ကြလို့၊ ဓား၊ လှံကိုင်ပြီး စစ်တိုက်တဲ့ ခေတ်ဆိုတော့ အားလုံးက သူမသာ ကိုယ်မသာပါပဲ။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ ပညာဟာ အရေးပါလာပါပြီ။ နည်းပညာခေတ်မှာ နည်းပညာ မရှိရင်တော့ "ငမိုက်သားမုဆိုး နင့်ချည်းသာ ခံပေတော့" ဆိုတဲ့ အဖြစ်မျိုးကို ရောက်သွားပါလိမ့်မယ်။
ကျနော်တို့တွေ စပါးတတင်းရဖို့အတွက် အချိန်တွေ၊ လုပ်အားတွေ၊ ချွေးတွေ ရင်းပြီး မစို့မပို့ ငွေလေးနဲ့ လူလုပ်နေရတဲ့အချိန်မှာ စက္ကန့်နဲ့အမျှ ချပ်စ်ပြားလေးတွေကို ထုတ်ပြီး ဒေါ်လာသန်းချီ ရနေတာဟာ နည်းပညာကြောင့်ပါပဲ။ ဒီတော့ ကျနော်တို့ နောက်မျိုးဆက်တွေအတွက် ဘယ်လို လုပ်ပေးကြမလဲ။ ဘာတွေ လုပ်ပေးနိုင်ကြလဲ။ ဒီအတိုင်းပဲ ထားခဲ့မှာလား။ ဒါမှမဟုတ် ကျနော်တို့ နိုင်ငံကို အမေရိကကို၊ သို့မဟုတ် ဥရောပတိုက်ကို ရွှေ့ကြမလား။ တခုခုတော့ လုပ်ကြဖို့သင့်ပြီ ဆိုတာကို ကျနော့်ရဲ့ မဖြစ်စလောက် ဥာဏ်လေးနဲ့ မမီ့တမီ စဉ်းစားတင်ပြလိုက်ရပါတယ်။ မှားယွင်းနေပါက လမ်းမှန်ကို တည့်မတ်ပေးကြပါ။

No comments: