Thursday, July 12, 2007

Dway passes away

ရုပ်ရှင်သရုပ်ဆောင် ဒွေး ကွယ်လွန်
အေးလဲ့/ ဧရာဝတီ ဇူလိုင် ၁၂၊ ၂၀၀၇

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဒွေးသည် ရွှေဂုံတိုင် အထူးကုဆေးခန်း၌ ယမန်နေ့  ညနေပိုင်းတွင် ရုတ်တရက် ကွယ်လွန်သွားခဲ့သည်။
အသက် ၄၂ နှစ်ရှိ မင်းသားဒွေးသည် နှလုံးရောဂါနှင့် ရုတ်တရက် ကွယ်လွန် သွားခြင်း ဖြစ်သည်ဟု ဒါရိုက်တာ ကိုအောင်မင်းသိမ်းက ပြောသည်။
“အိမ်မှာ မနက်စာစားပြီး အိပ်ချင်တယ်ဆိုတာနဲ့အိပ်နေတာ၊ ညနေ ၃နှာရီလောက် ပြန်သွားနှိုးတော့ မရတာနဲ့ ပထမတော့ အောင်ရတနာ ဆေးခန်းခေါ်သွားတယ်၊ မရတော့ဘူးလို့ ပြောတော့ မယုံတာနဲ့  ရွှေဂုံတိုင် ဆေးခန်းကိုပြန်လာပြောတော့ ဆေးခန်းက အတည်ပြုလိုက်တာပါ”လို့ ကိုအောင်မင်းသိမ်းက ဧရာဝတီကို ပြောကြားသည်။

ဒွေးကိုချစ်ခင်သည့် ပရိသတ်များ၏ လာရောက်ကြည့်ရှုမှု များပြားသောကြောင့် ရုပ်ကလပ်ကို နေအိမ်မှ ရေဝေး သုဿန် ရေခဲတိုက်သို့ ပြောင်းရွှေ့ထားရသည် ဟုလည်း ဆိုသည်။

“ကိုသားကြီးလို့ အများခေါ်နေတဲ့ ဒွေးကို စာရေးဆရာမ မစန္ဒာရဲ့ ကွက်လပ်ကလေး ဖြည့်ပေးပါ ၀တ္ထုကို ရိုက်တဲ့ရုပ်ရှင်မှာ ထင်လင်းနာမည်နဲ့ ကလေးသရုပ်ဆောင် ဘ၀ကတည်းက သိပါတယ်၊ အခုလို အရွယ်ကောင်း၊ အနုပညာပိုင်းမှာလည်း အောင်မြင်နေချိန် ရုတ်တရက်ကွယ်လွန်တာကြားတော့ နှမြောမိပါတယ်၊ ကြားကြားခြင်း မယုံနိုင်ပါဘူး”ဟု စာရေးဆရာမ မေငြိမ်းက ပြောသည်။

ဒွေး၏ ပရိသတ်တဦးကလည်း “သရုပ်ဆောင်ကောင်းတယောက် ဆုံးသွားတယ်ဆိုတော့ အတော်စိတ်မကောင်းဖြစ်တယ်။ ထမင်းတောင် စားနိုင်တော့မှာ မဟုတ်ဘူး။ သူရိုက်ခဲ့တဲ့ ကားထဲက `တသက်တာထာဝရ´ ဆိုတဲ့ ကားမှာလည်း ဒီလိုပဲ ဆုံးသွားတာ”ဟု ပြောသည်။

အဘ ဦးတင်ထွန်းမောင်နှင့် မိခင်ဒေါ်အေးအေးသင်းတို့မှ မွေးဖွားခဲ့သည့် ဒွေးသည် ၁၉၉၇ ခုနှစ်တွင် အမေ့ခြေရာ ရုပ်ရှင် ကားကြီးဖြင့် အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပြီး ဗီဒီယိုနှင့် ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်ကို သရုပ်ဆောင်ခဲ့ကာ ကိုယ်တိုင် ဒါရိုက်တာအဖြစ်နှင့်လည်း ရိုက်ကူးခဲ့သူဖြစ်သည်။ ရိုက်လက်စ ရုပ်ရှင်ကားများ ကျန်ရစ်ခဲ့သည်ဟုလည်း သိရသည်။

ဒွေးသည် အဆိုတော်တဦးအဖြစ် ပရိသတ် အသိအမှတ်ပြုခံရသူလည်း ဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးသည် မမိုးမိုး ကျန်ရစ်ခဲ့သည်။

ဒွေး၏ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို မနက်ဖြန်တွင် ရေဝေးသုဿန်၌ သင်္ဂြီုဟ်မည်ဖြစ်သည်။

No comments: