Monday, February 27, 2012

စည်းရုံးရေး ခရီး

0 comments
မင်္ဂလာတောင်ညွန့်မြို့နယ် ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းရဲ့ စည်းရုံးရေး ခရီးစဉ် (၁)
Phyu Phyu Thin Campaign Trip

မင်္ဂလာတောင်ညွန့်မြို့နယ်သို့ စည်းရုံးရေးခရီး ရောက်ရှိလာတဲ့ ဒေါ်ဖြူဖြူသင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဖြူဖြူသင်းဟာ ၂၀၁၂ ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၂ နာရီခန့်အတွင်း မြန်မာ့မီးရထားဝန်ထမ်းအိမ်ရာ ၊ ဘီအန်စီဝင်းအိမ်ရာ (ရုံးလေး) ၊ မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ ကူးတို့ဆိပ်ရပ်ကွက်များသို့ သွားရောက်ခဲ့ကာ ပြည်သူများနဲ့ တရင်းတနှီး တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်ကို ကြားဖြတ် ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ ဒေါ်ဖြူဖြူသင်းကို မင်္ဂလာတောင်ညွန့်မြို့နယ်နေ ပြည်သူများက လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြရာ ဟာသသရုပ်ဆောင် ကိုဖိုးဖြူလည်း ပါဝင်ခဲ့ပါတယ်။ ဒေါ်ဖြူဖြူသင်းဟာ အာဏာပိုင်များရဲ့ နှိပ်ကွပ်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်ရင်း အိပ်ခ်ျအိုင်ဗီဝေဒနာရှင်များအား ဆေးဝါးကုသပေးမှုကို နှစ်အတန်ကြာ ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

ထိုသို့ လူမှုရေးဆောင်ရွက်မှုများကို ကိုယ်ကျိုးစွန့်ကာ ဆောင်ရွက်ခဲ့သူ ဒေါ်ဖြူဖြူသင်းအနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကိုယ်စားပြုပြီး မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ပါက ရွေးချယ်ခံရနိုင်ဘွယ် ရှိတယ်လို့ သုံးသပ်ပြောဆိုမှုများ ရှိနေပါတယ်။
Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip

Phyu Phyu Thin Campaign Trip

Thursday, February 16, 2012

အဖွဲ့ချုပ်၏ရွေးချယ်မှု

0 comments
ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ဖြူဖြူသင်းအပေါ်ရဲရဲကြီးအာမခံကြောင်း ပြောကြား
အိဖြူလွင်
ရန်ကုန်၊ ဇန်န၀ါရီ-၁၉
အတွဲ (၁၀)၊ အမှတ်(၄၅)

မင်္ဂလာတောင်ညွန့်မြို့နယ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ၀င်ရောက်အရွေးခံမည့် ဒေါ်ဖြူဖြူသင်းအတွက် အဖွဲ့ချုပ်၏ရွေးချယ်မှုမှန်ကန်မှုအပေါ် ရဲရဲ
ကြီးအာမခံနိုင်သည်ဟု ယခုလ ၁၇ ရက်တွင် ပြုလုပ်သော မင်္ဂလာတောင်ညွန့်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးခန်းဖွင့်ပွဲတွင်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ဒေါ်ဖြူဖြူသင်းသည် ပါတီတွင် လူငယ်အဖြစ်စတင်ပါဝင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် HIV/AIDS လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကာအဖွဲ့ချုပ်၏ HIV/AIDS တာဝန်ခံအဖြစ် ဆောင်ရွက်နေသူဖြစ်သည်။ ပြည်သူအများစုသည် ဆင်းရဲဒုက္ခဖြင့် ရုန်းကန်နေရသည်။ထိုသို့ရုန်းကန်ရသည့်နေရာတွင် ပြည်သူအများ၏ စိတ်ဆန္ဒကို
နားလည်ပြီး ပြည်သူများ၏ ဒုက္ခများကို တတ်နိုင်သ၍ ကျဆင်းသွားအောင် လုပ်ပေးနိုင်မည့် ကိုယ်စားလှယ်များကိုသာ ဦးစားပေးရွေးချယ်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ ကိုယ်စားလှယ်များကို မဲပေးရွေးချယ်ရမည့် ပြည်သူများအနေဖြင့်လည်း မိမိတို့လိုချင်သော ကိုယ်စားလှယ်မျိုးဖြစ်ရန် မိမိတို့က ထိန်းသိမ်းရမည်ဖြစ်သည်ဟုလည်း သူမက ပြောကြားခဲ့သည်။

ပြည်သူ့ကိုယ်စားလှယ်များ ရွေးရာတွင် ပညာအရည်အချင်းနှင့် အလုပ်အကိုင်ကျွမ်းကျင်မှု၊ အလုပ်အကိုင်အတွေ့အကြုံများကိုကြည့်၍ ရွေးချယ်ခြင်းဖြစ်သည်ဟုသိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်တွင် ဒီမိုကရက်တစ်ပါတီမှ ပါတီဥက္ကဋ္ဌ ဦးသုဝေနှင့် ဒီမိုကရေစီပါတီသစ်မှ ဦးဘုန်းမြင့်တို့ကလည်း ၀င်ရောက်ယှဉ်ပြိုင် မည်ဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းသိရသည်။

Tuesday, January 17, 2012

ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရခြင်း အကြောင်းရင်း ဒေါ်အောင်ဆန်းစုကြည် ရှင်းလင်း

0 comments

By featured, ဧရာဝတီ on January 17


မင်္ဂလာတောင်ညွန့်မြို့နယ် NLD ရုံးဖွင့်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် မြို့နယ်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို တွေ့ရစဉ် (ဓာတ်ပုံ - မြတ်မိုး)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ မင်္ဂလာတောင်ညွန့် မြို့နယ်ရုံး ဖွင့်ပွဲတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က လူတယောက်တည်းပင်ဖြစ်သော်လည်း စိတ်ဆန္ဒရှိပါက တိုင်းပြည်တပြည်ကို လှုပ်ရှားအောင် လုပ်ဆောင်နိုင်သည်ဟု ပြောသွားသည်။

“အခု ရွေးကောက်ပွဲမှာ ဆိုရင် လစ်လပ်တဲ့နေရာက ၄၈ နေရာပဲရှိပါတယ်။ တချို့ကတော့ ပြောမှာပေါ့၊ လွှတ်တော်ထဲမှာ ၄၈ ယောက်တည်းနဲ့ ဘာလုပ်နိုင်မှာမို့လို့လဲလို့ မေးတဲ့သူတွေရှိတယ်။ ကျမကတော့ ယုံကြည်ချက်ရှိတယ်။ တကယ် စိတ်ဆန္ဒ ရှိလို့ရှိရင် လူတယောက်တောင်မှ တိုင်းပြည်တပြည်ကို လှုပ်ရှားအောင် လုပ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

မြို့နယ်တခုအတွက် ကိုယ်စားလှယ်ကို အဘယ်ကြောင့်ရွေးသည်၊ မည်သည့် မူများနှင့် ရွေးသည်ကို ပြည်သူလူထု သိခွင့် ရှိကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူလူထုအနေဖြင့် အားလုံးကို သိပိုင်ခွင့်ရှိကြောင်း၊ နိုင်ငံ့အရေးနှင့် ပတ်သက်၍ မိမိ သိပိုင်ခွင့်ကို ကာကွယ်ရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ အဆိုပါမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည့် NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းအတွက် အာမခံကြောင်း ပြောဆို၍ အဘယ်ကြောင့် ဒေါ်ဖြူဖြူသင်းအား ကိုယ်စားလှယ်အဖြစ် ရွေးချယ် လိုက်ခြင်း ဖြစ်ကြောင်း ရှင်းပြသည်။

“ကိုယ်စားလှယ်တွေ ရွေးတဲ့အခါမှာ အခြေခံအားဖြင့်တော့ ပြည်သူတွေက လေးစားမယ့်သူတွေ၊ ဒီမိုကရေစီအရေးမှာ သစ္စာ ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေကို ကြည့်ပါတယ်။ ဒါပေမယ့် ဒါနဲ့တင် မကသေးပါဘူး။ အဓိက ပြည်သူ့ ကိုယ်စားလှယ်တွေ ရွေးတယ်ဆိုရင် ပြည်သူတွေအတွက် ဘယ်လောက် လုပ်နိုင်မလဲ၊ ပြည်သူတွေရဲ့အကျိုးကို ဘယ်လောက်ထိ၊ ဘယ်လိုနည်းနဲ့ ထမ်းဆောင် နိုင်မလဲ ဆိုတာကို ကြည့်ပြီးတော့ ရွေးတယ်။ ပညာအရည်အချင်းနဲ့ အလုပ်အကိုင် ကျွမ်းကျင်မှု၊ အလုပ်အကိုင်အတွေ့အကြုံကို ကျမတို့ အလေးထားပါတယ်။ ပညာကလည်းရှိမယ်၊ အလုပ်အကိုင် ကျွမ်းကျင်မှုလည်းရှိမယ်၊ အလုပ်အကိုင်အတွေ့အကြုံလည်း ရှိမယ်ဆိုမှ ပြည်သူတွေ အတွက် လုပ်သင့်လုပ်ထိုက်တာကို လုပ်ပေးနိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်ဖြူဖြူသင်းသည် ပြည်သူ့အကျိုးကို ထမ်းဆောင်ချင်စိတ် ရှိရုံမက၊ ထမ်းဆောင်နိုင်သည့် အရည်အချင်းလည်း ရှိကြောင်း၊ ထိုသို့ ပြည်သူ့အကျိုး ထမ်းဆောင်နိုင်သည့် အရည်အသွေးနှင့် ပြည့်စုံသည်ကို သက်သေနှင့်တကွ မြင်တွေ့ကြရပြီး ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

NLD ပါတီ၏ မင်္ဂလာတောင်ညွန့် မြို့နယ် ရုံးကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က NLD သည် တရားဝင် ပါတီဖြစ်ပြီးသည့်အတွက် မဲဆွယ်စည်းရုံးမှု စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်သော်လည်း ကိုယ်စားလှယ် တဦးချင်းစီ အနေဖြင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ပိုင်းမှသာ တရားဝင် မဲဆွယ်ခွင့်ရှိကြောင်း၊ ထို့ကြောင့် ယခုအချိန်တွင် ၎င်းအနေဖြင့် မင်္ဂလာ တောင်ညွှန့် မြို့နယ် NLD ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း အတွက် မဲဆွယ်ပေးခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဧပြီ ၁ ရက်နေ့တွင် မဲပေးပိုင်ခွင့် ရှိသူတိုင်း မဲပေးကြရန်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူလူထု အနေဖြင့် ဒေါ်ဖြူဖြူသင်းအား မဲထည့်ကြရန် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။

ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ် စသည့် ဒေသများရှိ လစ်လပ်နေသည့် မဲဆန္ဒနယ် ၂၂ ခု အတွက် NLD ကိုယ်စားလှယ်လောင်း စာရင်းကို ဇန်န၀ါရီ ၁၂ ရက်နေ့တွင် ထုတ်ပြန်ထားပြီး ကျန် ၂၆ နေရာ အတွက် အမည်စာရင်းကို မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။