Showing posts with label irrawaddy diray on 2007 strikes. Show all posts
Showing posts with label irrawaddy diray on 2007 strikes. Show all posts

Saturday, September 29, 2007

strike diary ( irrawaddy sept 29 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၉၊ ၂၀၀၇


ရန်ကုန် -
အဖမ်းခံရသည့် သံဃာတော်များကို သင်္ကန်းချွတ်ပြီး စစ်အစိုးရ၏အထူးခုံရုံးက ထောင်ဒဏ် ၆ နှစ်စီ ချမှတ်လိုက်သည်ဟု ရန်ကုန်ရှိ ဆရာတော်တပါးက ဧရာဝတီကို မိန့်ကြားသည်။

ထို့အပြင် သံဃာတော်များအားထောင်ဒဏ်ချမှတ်သည့် တရားခွင်ကို ရန်ကုန်ရှိ ကျောင်းထိုင်ဆရာတော်နှင့် တိုက်အုပ်ဆရာတော်များအား ခြိမ်းခြောက်သည့်သဘောဖြင့် ခေါ်ယူပြသခဲ့ကြောင်း တရားခွင်သို့ ကိုယ်တိုင် ခေါ်သွားခံခဲ့ရသည့် အဆိုပါဆရာတော်က မိန့်တော်မူသည်။

“၂၆ရက်နေ့  ညနေပိုင်းက အာဏာပိုင်တွေက ဘုန်းကြီးတို့ ဘုန်းကြီးကျောင်းကို လာပြီး ဆရာတော်ကို လာပင့် တယ်။ အခြားကျောင်းက ကျောင်းထိုင်ဆရာတော်တွေနဲ့ အတူပေါ့။ ဟိုရောက်တော့ သင်္ဏန်းချွတ်ပြီး လူဝတ်လဲ ခံထားရတဲ့ ဘုန်းကြီး ၈ ပါးကို တရားရုံးထဲမှာ တွေ့ ရတယ်။ သူတို့ အားလုံးကို ထောင်ဒဏ် ၆ နှစ်စီ အရေးပေါ် ချမှတ်လိုက်တယ်” ဟု လည်း ဆရာတော်က ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(အေအေပီပီ) ၏စာရင်းအရ သံဃာတော်များ စတင်ကံဆောင်သည့် စက်တင်ဘာ ၁၇ နေ မှစ၍ သံဃာတော် အပါး ၁၀၀၀ ခန့် အဖမ်းခံရကြောင်း သိရသည်။ အဖမ်းခံရသည့် သံဃာတော်များကို အင်းစိန်ထောင်နှင့် အင်းစိန် ဂျီတီအိုင် တို့တွင် ချုပ်နှောင်ထားကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း -
မွန်းလွဲ ၃ နာရီကျော်တွင် သံဃာတော်အင်အား ၁၀၀၀ ကျော်နှင့် ပြည်သူ ၃ သောင်းခန့် စေတီကြီးဘုရားမှ စတင်၍ ချီတက်ဆန္ဒပြသည်ဟု ခေမာသီဝံစာသင်တိုက်ရှိ စာချဆရာတော်တပါးက ဧရာဝတီကိုပြောသည်။
“မြို့နယ်လူထုက စိတ်ဓာတ်တွေတအားပြင်းပြနေတယ်။ တမြို့လုံးအတိုင်းအတားနဲ့ကို ပါမယ်ထင်တယ်။ စထွက်ကတည်းက အများကြီးပါသွားကြတယ်ဒကာကြီး။ ချီတက်ပွဲမစခင်ကတော့ စစ်ကားတွေ၊ ရဲကားတွေ မြို့ထဲမှာရှိတယ်လို့ကြားတယ်။ တားဆီမှုတွေရှိမရှိတော့ မသိရသေးဘူး” ဟု အဆိုပါ စာချဆရာတော်က ပြောသည်။

ချီတက်ဆန္ဒပြနေကြသည့်ပြည်သူများက စားဝတ်နေရေးပြေလည်ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ကို ကြွေးကြော်ကြပြီး သံဃာတော်များက မေတ္တာသုတ် ရွတ်ဆိုကာ ချီတက်ဆန္ဒပြကြောင်း သိရသည်။

ယမန်နေ့ညက ကျောက်ပန်းတောင်းမြို့ရှိ အန်အယ်လ်ဒီအဖွဲ့ဝင် ဦးကျော်စိန်လှိုင် အပါဝင် ဦးသန်းလွင်၊ ဦးပေါ်အေး၊ ဦးမြင့်ရွှေ၊ ကိုရဲထွန်းနှင့် ကိုမြင့်စိုးတို့ ၆ ဦးကို ဆန္ဒပြပွဲအားဦးဆောင်သည်ဆိုကာ အာဏာ
ရန်ကုန်၊ မန္တလေးမြို့များတွင် ဘုန်းတော်ကြီးကျောင်းများကို အာဥာပိုင်က အကြမ်းဖက် စီးနင်းနှိမ်နင်း နေသောကြောင့် ကျောက်ပန်းတောင်းရှိသံဃာတော်များ အလားတူ အကြမ်းဖက်ခံရမည်ကို စိုးရိမ်လျက်ရှိသည် ဟုလည်း အဆိုပါ စာချဆရာတော်က ပြောသည်။

အန်အယ်လ်ဒီအဖွဲ့ဝင်များ အဖမ်းခံရ

မကွေးတိုင်း အန်အယ်လ်ဒီဥက္ကဌ ဦးဇော်ဟန်အား ယမန်နေ့ည ၂ နာရီက ရန်ကုန်ရှိနေအိမ်တွင် အာဏာပိုင်တို့က လာရောက် ဖမ်းဆီးသွားကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ဧရာသတီကို ပြောသည်။

မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့ဝင် ဒေါ်ဝင်းမြမြကိုလည်း ယမန်နေ့ည ၁၁ နာရီတွင် အာဏာပိုင်က စုံစမ်းမေးမြန်းရန်ဟုဆိုကာ နေအိမ်မှခေါ်သွားသည်ဟု မိသားစုဝင်များက ပြောသည်။

ကမာရွတ်မြို့နယ် အန်အယ်လ်ဒီလူငယ်တာဝန်ခံတဦးဖြစ်သည့် မသန္ဒာနွယ်ဦးလည်း ယမန်နေ့ညက အဖမ်းခံရကြောင်း သိရသည်။ မသန္ဒာနွယ်ဦးသည် ၆ လ ကိုယ်ဝန်ဆောင်တဦးဖြစ်သည်။

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှ အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးသန်းဖေ၊ အဖွဲ့ဝင် ဦးထွန်းကြည်၊ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးသက်ဝေနှင့် ကြည့်မြင်တိုင်မြို့နယ် အန်အယ်လ်ဒီအဖွဲ့ဝင် ကိုပါတို့လည်း ယမန်နေ့ညက အဖမ်းခံရကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန် -
တောင်ဥက္ကလာပ မြို့နယ် မာဃလမ်း တွင် နေထိုင်သူ ကိုဖိုးဇော်သည် စက်တင်ဘာ ၂၇ ရက်က စစ်ကားကို ဟွန်းတီးမိ၍ အရိုက်အနှက်ခံရသည့် ဒဏ်ဖြင့် ယနေ့ သေဆုံးသွားကြောင်းသိရသည်။

အဆိုပါနေ့က ကိုဖိုးဇော်သည် ကျောက်ပြား ၀ယ်ရန်ထွက်လာစဉ် စစ်ကားနှင့် ထိပ်တိုက်တွေ့ပြီး ဟွန်းတီးမိလိုက် သောကြောင့် စစ်သားများက ၎င်းကို ကားပေါ်မှ ဆွဲချ၍ ရိုက်နှက်ထားခဲ့ကြောင်း၊ ကိုဖိုးဇော်၏ ကား၊ ဟန်းဖုံးနှင့် အတူပါသွားသောငွေများ ပြန်မရကြောင်း၊ ကိုဖိုးဇော်၏ အလောင်းကိုလည်း ယခုအချိန်အထိ ပြန်မရသေးကြောင်း ကိုဖိုးဇော်နှင့် နီးစပ်သူတဦးကပြောသည်။

ယင်းတောင်ဥက္ကလာတွင်ပင် နေထိုင်သူများဖြစ်သည့် ကိုစိုးသန်း (ခ) ကိုစီတုန်း အသက် (၄၁)နှစ်၊ ကိုမျိုးမင်းထွန်း အသက် (၂၂) နှစ် နှင့် ကိုဇေယျာနိုင် အသက် (၁၈)နှစ် (၁၀ တန်း ကျောင်းသား)တို့ ၃ ဦးသည်လည်း စစ်သားများ၏ အကြမ်းဖက်မှုကြောင့် သေဆုံးသွားကြကြောင်း သိရသည်။

စစ်တွေ - ရခိုင်ပြည်နယ် -
ယနေ့ ညနေ ၃ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့၌ သံဃာတော်အပါး ၅၀ ခန့်က ဦးဆောင်သည့် ဆန္ဒပြသူပေါင်း ၅၀၀၀ ခန့်က ဆန္ဒပြသည်ဟု မြို့ခံများကပြောသည်။

အဆိုပါ ဆန္ဒပြပွဲသည် ၁ နာရီခန့်ကြာပြီး အေးချမ်းစွာ ပြီးဆုံးသွားကြောင်း၊ စစ်တပ်က မြို့ထဲတွင် လုံခြုံရေးယူ ထားသော်လည်း အကြမ်းဖက်တိုက်ခိုက်မှု မပြုလုပ်ကြောင်းသိရသည်။

မန္တလေးမြို့- မန္တလေးတိုင်း -
နေ့လယ် ၁ နာရီကစ၍ မန္တလေးပြည်သူတချို့ မော်တော်ဆိုင်ကယ်များစီး၍ ဆန္ဒပြကြကြောင်း မြက်မြင်သက်သေ တဦးက ဧရာဝတီကိုပြောသည်။

“မနက်ကတည်းက ၃၃ လမ်း ၃၄ လမ်းဘက်မှာ ဆိုင်ကယ်စီးပြီး ဆန္ဒပြကြွေးကြော်ကြတယ်၊ စစ်တပ်က လာပြီဆိုရင် မောင်းထွက် သွားကြတယ်၊ ညနေ ၅ နာရီထိုးတဲ့အထိ ၈၄လမ်းမှာ ရှိနေတုန်းပဲ၊ တပ်မ ၃၃ က လမ်းထောင့်တခုဆို ၉၉ က နောက်လမ်းထောင့် တခုစီခြားပြီး စစ်သားတွေကို လုံခြုံရေးချထား တယ်” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အလားတူဆန္ဒပြပွဲများ မန္တလေးတွင် နေရာအနှံ့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

strike diary ( irrawaddy sept 28 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၈၊ ၂၀၀၇


ကျောက်ပန်းတောင်း-မန္တလေးတိုင်း -
ယနေ့ ညနေ ၃နာရီ ခွဲတွင် ဟေမာသီဝံကျောင်း၊ သုခ၀တီကျောင်း၊ အောင်မြေကျောင်းတို့မှ သံဃာတော် အပါး ၁၀၀၀ ကျော် ၄ ကြိမ်မြောက် ဆန္ဒပြချီတက်သည် ဟုသိရသည်။

“ပြည်သူတွေကတော့ အရမ်းကိုအားပေးကြပါတယ်၊ သောက်ရေနဲ့ ဖျော်ရည်တွေ ကပ်လှူ တာအရမ်းများတယ်၊ အာဏာပိုင်တွေကတော့ ပိတ်ပင်ခြင်းမရှိသေးဘူး”ဟု မျက်မြင်တဦးက ပြောသည်။

ရန်ကုန် -
ဆန္ဒပြစစ်ကြောင်းဖြတ်သန်းသည့် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းအကြားရှိ ပန်းဆိုးတန်းလမ်းကို စစ်တပ်က ၂ ဘက်ပိတ်ကာဝင်ဖမ်းပြီး ထွက်ပြေးသူများအား သေနတ်ဖြင့်ပစ်သည်ဟု လွတ်မြောက်လာသူတဦးက ပြောသည်။

စစ်သားများ၏ပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦး သေနတ်ထိမှန်သည်ဟုလည်း ၎င်းကပြောသည်။
“ပိတ်မိနေတဲ့လူတွေအကုန်ကို ဖမ်းခေါ်တာ။ ပြေးတဲ့သူတွေကိုပစ်တယ်။ အဲဒီမှာ ၂ ယောက်ကျသွားတယ်။ ကျမရှေ့နားက ပြေးလာတဲ့သူတွေကိုလည်း စီးရိုက်ပြီး ခေါင်းဖော် ဒူးတုတ်ထိုင်ခိုင်းထားတယ်။ ၃၅ ယောက်လောက်ရှိတယ်” ဟု လွတ်မြောက်လာသူက ပြောသည်။

အဆိုပါနေရာတွင် ပြည်သူလူထု ၁၀၀၀ ကျော် ဆန္ဒပြခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။

ပြည်သူလူထု ၅၀၀၀ ကျော်ပါသည့် ချီတက်ဆန္ဒပြစစ်ကြောင်းတကြောင်း ညနေ ၃ နာရီခွဲခန့်တွင် လမ်းမတော်မြို့နယ်ရှိ သူနာပြုသင်တန်းကျောင်းရှေ့မှ ကြည့်မြင်တိုင်ဘက်သို့ ချီတက်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။၎င်းစစ်ကြောင်းကို ကျောင်းသားငယ်များကဦးဆောင်သွားပြီး သံဃာတော် ၂ ပါး ပါသည်ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

မန္တလေးမြို့- မန္တလေးတိုင်း -
ယနေ့ ဆန္ဒပြချီတက်မည့် သံဃာတော်များအား ချီတက်ခွင့်မရရန် မစိုးရိမ်ကျောင်းလမ်း၊ မြတောင် ကျောင်းလမ်းနှင့် ဘုရားကြီး ကျောင်းတိုက်တို့ တွင် စစ်တပ်များက တင်းကျပ်စွာ ပိတ်ဆို့ထားသည်ဟု သိရသည်။

“ဘုရားကြီးကျောင်းဘက် လမ်းကို ပိတ်နေတာပဲ၊ လမ်း နှစ်ပြစာလောက်ရှိတဲ့ ရဲကားတွေ၊ မီးသတ်ကား၊ လုံထိန်းတွေကို ချထားတယ်၊သံဆူးကြိုး အထပ်ထပ်ချတယ်”ဟု မျက်မြင်တဦးက ပြောသည်။

မြောက်ပြင်ရှိ တိုက်တော်ကျောင်းကိုလည်း သံဃာတော်များချီတက်ခွင့်မရရန် ကျောင်းပေါက်ဝတွင် စစ်ကား ၈ စီးဖြင့် ပိတ်ဆို့ထားသည်ဟုသိရသည်။“၈၄x၃၄ လမ်း ထောင့်မှာ မြတောင်ကျောင်းက သံဃာတော်တွေကို ချီတက်လို့မရအောင် ပိတ်ထားတယ်၊ သေနတ် လေးငါးချက်လောက် မိုးပေါ်ထောင်ပစ်ပြီး လူစုခွဲတယ်၊ သံဃာတော် အပါး ၂၀၀ လည်းပိတ်မိနေတယ်၊ အဲဒီနေရာမှာ တမြို့လုံးက ပြည်သူတွေလည်း စက်ဘီးတွေ ဆိုင်ကယ်တွေနဲ့ရှိနေတယ်”ဟု အထက်ပါ မျက်မြင်က ပြောသည်။

ရန်ကုန် -
လှိုင်မြို့နယ်ရှိ အင်တာနက်ဖြန့်ဖြူးရေးဌာနဖြစ်သည့် မြန်မာအင်ဖိုတက်ခ် အဆောက်အဦကို စစ်တပ်က သိမ်းလိုက်ပြီး အင်တာနက်လိုင်းများကို ဖြတ်တောက်လိုက်ကြောင်း သိရသည်။

ပန်းပဲတန်း၊ ကျောက်တံတားနှင့် လသာမြို့နယ်များတွင် နေ့လယ် ၁၂ နာရီကစ၍ အပြင်မထွက်ရန် အာဏာပိုင်က လော်စပီကာနှင့် လိုက်အော်ကြောင်း သိရသည်။ ၁၂ နာရီကျော်တွင် ဆူးလေဘုရားပတ်ဝန်းကျင်ရှိ လူနေအိမ်များကို သန်းခေါင်စာရင်စစ်မည်ဟု လော်စပီကာဖြင့် လိုက်အော်ပြီး သန်းခေါင်းစာရင်းတွင် မပါသူများကိုဖမ်းရန် စီစဉ်နေသည်။ ဆန္ဒပြသမားများက အကြမ်းဖက်ဖြိုခွဲချိန်တွင် အဆိုပါအိမ်များသို့ ၀င်ပြေးသောကြောင့် ဖြစ်သည်။

ရန်ကုန် -
နေ့လယ် ၁၂ နာရီခန့်က ထရိတ်ဒါးဟိုတယ်ရှေ့တွင် ချီတက်ဆန္ဒပြမည့်သူများ စုရုံးရောက်ရှိနေကြာင်း ဆန္ဒုပြသမားတဦးက ပြောသည်။

ချီတက်ပွဲကိုဦးဆောင်မည့် လွှတ်တော်အမတ်များက ဆန္ဒပြပွဲအားအကြမ်းဖက်မဖြိုခွဲရန်၊ စစ်သားများအား မေတ္တာရပ်ခံရန် စီစဉ်ထားကြောင်း သိရသည်။ဆူးလေဘုရားပတ်ဝန်းကျင်၌ လက်နက်ကိုင်တပ်ဖွဲ့များ နေရာယူထားကြောင်း သတင်းရရှိသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
ယမန်နေ့ည ၇ နာရီခွဲတွင် သံဃာတော်များ ဘုရားဝတ်ပြုနေစဉ် ချမ်းမြသာစည်မြို့နယ်ရှိ ပေါက်မြိုင်ကျောင်းကို လက်နက်ကိုင်စစ်သားများဝင်ရောက်စီးနင်းကာ သံဃာအပါး ၄၀ ကျော်ကို ရိုက်နှက်ဖမ်းဆီးသွား ကြောင်းသိရသည်။

“သံဃာတော်တွေဘုရားဝတ်ပြုနေတာကို ဖိနပ်တောင်မချွတ်ဘူး၊ နောက်ကနေဂုတ်ကိုခွစည်းပြီးတော့ ခေါင်းကိုထုတယ်။ တချို့ပြေးတဲ့သံဃာတွေလောက်ပဲလွတ်တယ်” ဟု သံဃာများနှင့်နီးစပ်သူတဦးက ပြောသည်။

ထိုသတင်းကို ကြားသဖြင့် မန္တလေးမြို့ရှိအခြားကျောင်းတိုက်များတွင် အကြမ်းဖက်မှုများကကာကွယ်ရန် ပြင်ဆင်နေသည် ဟုလည်းသိရသည်။“တုတ်၊ ဓါး၊ လှံ၊ ဂျင်ဂလိတွေကိုပေါ့နော် စုမယ်၊ ကင်းပုန်းထားမယ် … သူတို့အကြမ်းဖက်ဝင်လာပြီဆိုရင် တုံးခေါက်၊ မောင်းတီးပြီး အချက်ပေးမယ်” ဟု ၎င်းကဆက်ပြောသည်။

ရန်ကုန် -
ယနေ့ပြုလုပ်မည့် ရန်ကုန်ရှိ လူထုချီတက်ဆန္ဒပြပွဲကို လွှတ်တော်ကိုယ်စားလှယ်ကဦးဆောင်မည်ဟု ကိုယ်စားလှယ်များနှင့်နီးစပ်သူတဦးက ဧရာဝတီကို ပြောသည်။

ဆူးလေ-ရန်ကုန် -
မြို့တော်ခန်းမရှေ့တွင် မီးသတ်ကား ၁၀ စီး၊ ဗန္ဓုလပန်းခြံရှေ့တွင် စစ်ကားအလွတ် ၁၂ စီး အသင့်ရပ်ထာပြီး ဆူးလေဘုရားသို့ ဆန္ဒပြစစ်ကြောင်းချီတက်၍မရအောင် သံဆူးကြိုးများဖြင့်ပိတ်ထားကြောင်း သိရသည်။

ကန်တော်ကြီးပန်ခြံနှင့် ကြည့်မြင်တိုင်မြို့နယ်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်ရုံးတွင်လည်း စစ်တပ်များ တပ်စွဲထားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

Thursday, September 27, 2007

strike diary ( irrawaddy sept 27 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၇၊ ၂၀၀၇


ကျိုက္ကဆံကွင်း (မြင်းကွင်း) အနီး-ရန်ကုန် -
ဗကသများအဖွဲ့ချုပ်၏ ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို ဦးဆောင်ကာ သင်္ကန်းကျွန်းဘက်သို့ ချီတက်လာသည့် ဆန္ဒပြစစ်ကြောင်းသည် အရှေ့မြင်းပြိုင်ကွင်းလမ်းမှ လေးထောင့် ကန်လမ်းသို့ ချိုးကွေ့အပြီး အမျိုးသားစာကြည့်တိုက်ရှေ့သို့ရောက်သောအခါ စစ်သားများက ဆန္ဒပြစစ်ကြောင်းကို ထိပ်ဆုံးနှင့်နောက်ပိုင်း ၂ ဘက်ညှပ်ကာ ပစ်ခတ်နှိမ်နင်းကြောင်း ဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူများက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတပ်ဦးကို အမျိုးသားစာကြည့်တိုက်ရှေ့တွင် အသင့်စောင့်နေသည့် လုံထိန်းနှင့် စစ်သားများက ပစ်ခတ် သည်ဟု တပ်ဦးရှိ ဆန္ဒပြသမားတဦးကပြောပြီး တောင်မြင်းပြိုင်ကွင်းလမ်းမှ ထွက်လာသည့် စစ်ကား ၅ စီးပေါ်မှ စစ်ကြောင်း နောက်ပိုင်းကို ပစ်ခတ်ခြင်းဖြစ်သည်ဟု ၎င်းလမ်းထောင့်ရှိ အထက (၃) တာမွေ အထက်တန်းကျောင်းမှ ဆရာမတဦးက ပြောသည်။

အထက (၃) တာမွေရှေ့ရှိ ဆန္ဒပြသမားများအနက် ၃ ဦးသေနတ်မှန်ကာလဲကျသွားသည်ကို တွေမြင်ရကြောင်း အဆိုပါ ဆရာမက ပြောသည်။ အကြမ်းဖက်ဖြိုခွဲချိန်သည် နေ့လယ် ၂ နာရီခွဲခန့် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆန္ဒပြစစ်ကြောင်းကိုပူးပေါင်းရန် သင်္ကန်းကျွန်းဘက်မှ သံဃာအင်အား ၃၀၀ နှင့် ပြည်သူလူထု ၃ သောင်းကျော် ချီတက်လာရာ လေးထောင့်ကန်လမ်းမပေါ်တွင် စစ်သားနှင့် လုံထိန်းများက နံပါတ်တုတ်များဖြင့်ဝင်ရိုက်ကာ ဖြိုခွဲခဲ့သည် ဟုလည်း ၎င်းဆန္ဒပြစစ်ကြောင်းတွင် ပါဝင်သူတဦးက ပြောသည်။

နေ့လယ် ၁၂ နာရီကျော်က ဆူးလေရှိဆန္ဒပြပွဲကို အကြမ်းဖက်ပစ်ခတ်စဉ်က သေနတ်မှန်သေဆုံးခဲ့သည့် နိုင်ငံခြားသားမှာ ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက်ဖြစ်သည်ဟု နိုင်ငံခြားတသင်းဌာနတချို့က အတည်ပြု ပြောဆိုသည်။

ရန်ကုန် -
ယမန်နေ့ညက ခြောက်ထပ်ကြီးသိပ္ပံကျောင်းရှိ ကျောင်းထိုင်ဆရာတော်အပါအ၀င် သံဃာအားလုံးကို အာဏာပိုင် များက ဖမ်းဆီးခေါ်ဆောင်သွားပြီး နောက် ကျောင်းတံခါးကိုလည်း ပိတ်ထားလိုက်သည်ဟု ဒေသခံ တဦးကပြောသည်။ သိပ္ပံကျောင်းတွင် သံဃာ အပါး ၂၀-၃၀ ခန့်ရှိသည်ဟု ဆိုသည်။

အလားတူ ခြောက်ထပ်ကြီး သာသနာ့ ဂုဏ်ရည်ကျောင်းမှ ဆရာတော်နှင့် သံဃာများကိုလည်း ဖမ်းဆီးပြီး ကျောင်းတံခါးကို ပိတ်ထားကြောင်း သိရသည်။

အမရပူရမြို့- မန္တလေးတိုင်း -
နေ့လယ် ၁၂နာရ်ီခွဲခန့်တွင် မဟာဂန္ဓာရုံကျောင်းတိုက် မှ သံဃာ အပါး ထောင်ကျော် ချီတက် ဆန္ဒပြသည် ဟုသိရသည်။

“ကျောင်းအရှေ့ဘက် မုခ်မှာ တပ်တွေ၊ လုံထိန်းတွေ၊ သံဆူးကြိုး အလိပ်လိုက် ချထားတယ်၊ အနီရောင် ကြယ်ပွင့်နဲ့ ဒိုင်းတွေ ကိုင်ထားတဲ့ လူတွေရှိတယ်၊ သံဃာတော်တွေက အနောက်ဘက် မုခ်ကနေ တောင်သမန် ကန်ပတ်လမ်းအတိုင်း ချီတက်သွားကြတယ်” ဟု မျက်မြင်တဦးကပြောသည်။

ယင်းဆန္ဒပြသံဃာတော်များချီတက်ရာသို့ တောင်သမန် ကန်ပတ်လည်ရှိ ကျောင်းတိုက်များမှ သံဃာများ လည်း ပူးပေါင်းချီတက်ကြောင်း၊ စစ်တပ်က ချီတက်ရာသို့ နောက်မှ တောက်လျှောက် လိုက်နေသည့် အတွက် တ နာရီခန့်သာ ချီတက်ပြီး သံဃာများ ကျောင်းသို့ ပြန်ကြွသွားကြောင်းလည်း ၎င်းက ပြောသည်။

ယမန်နေ့ကလည်း ကျောင်းတိုက်များရှေ့တွင် အလားတူပိတ်ဆို့ထားသည့် အတွက် သံဃာတော်များမှာ ကျောင်းပေါက်ဝ ၌ပင် မေတ္တာသုတ်ရွတ်ဆိုခဲ့ရသည် ဟုသိရသည်။

ကသာမြို့- စစ်ကိုင်းတိုင်း -
နေ့လယ် တနာရီ ၁၅မိနစ်မှ ၁နာရီ ၄၅မိနစ် အထိ မဟာလေးထပ်ကျောင်းရှိ သံဃာတော် အပါး ၅၀ ခန့် ဒုတိယအကြိမ် ဆန္ဒပြ လမ်းလျှောက်သည် ဟုသိရသည်။

“ကျောင်းအပြင်ဘက်မှာ အာဏာပိုင်တွေကရှိနေတော့ လူတွေဒုက္ခမရောက်အောင်လို့ ကျောင်းဝင်းထဲမှာရှိတဲ့ တာသတိံသာ မဟာအဘယ စေတီတော်မှာပဲ ၉ကြိမ် ပတ် မေတ္တာသုတ်ရွတ်ခဲ့ကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

ယမန်နေ့ကလည်း ၎င်းသံဃာတော်များ မြို့အနှံ့ ဆန္ဒပြချီတက်ရာ ပြည်သူ ၁၅၀၀ ခန့် သံဃာတော်များနှင့် အတူ လိုက်ပါလာသည် ဟုလည်းသိရသည်။

ထရိတ်ဒါးဟိုတယ်-ရန်ကုန် -
မွန်းလွဲ ၃ နာရီကျော်က ဆူးလေဘုရားလမ်းရှိ ထရိတ်ဒါးဟိုတယ်ကို စစ်သားများ ၀င်ရောက်ကာ တထပ်ချင်းစီရှိ နိုင်ငံခြားသားများအပါအ၀င် တည်းခိုနေသူများကို စစ်ဆေးကြောင်း သတင်းရရှိသည်။

ရန်ကုန် -
ဆူးလေဘုရားအနီး အကြမ်းဖက်ဖြိုခွဲခံခဲ့ရသည့် ဆန္ဒပြသမားများကို ကျောင်းသားငယ်များကဦးဆောင်ကာ ဆက်လက်ချီတက်နေသည်ဟု ဆန္ဒပြသမားတဦးက ဧရာဝတီကိုပြောသည်။

“တပ်ဦးက ခွပ်ဒေါင်းအလံထောင်ထားပြီး ကျောင်းသား လူငယ်အများစုက ဦးဆောင်ပြီးချီတက်နေတယ်။ ကြွေးကြော်သံ တွေက ဖမ်းဆီးသံဃာ လွှတ်ပေးရေး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့မဟုတ်ဘူး ... ဒါမျိုးတွေပေါ့။ လူကတော့ ပြောရရင် သိန်းချီမယ်၊ လူတန်းက အခုအ၀ိုင်းထိပ် (တာမွေလမ်းဆုံ) ကို တပ်ဦးကရောက်နေပြီ၊ နောက်ကိုလှည့်ကြည့်တော့ လူတန်းက မျက်စိတဆုံးမှာ မဆုံးသေးဘူး” ဟုလည်း ဆန္ဒပြသမားက ပြောသည်။

ဆူးလေဆန္ဒပြပွဲတွင် ကျောင်းသားလူငယ် ၁၀၀ ကျော် အဖမ်းခံရကြောင်း သိရသည်။

ဆန္ဒပြစစ်ကြောင်းသည် ဆူးလေအနီး ဗိုလ်ချုပ်အောင်ဆန်းလမ်းမှတဆင့် ပုဇွန်တောင်၊ ၎င်းမှတဆင့် အမဲဈေး၊ ကျောက်မြောင်း၊ တာမွေလမ်းဆုံတို့ကို အဆင့်ဆင့်ဖြတ်ကာ သင်္ကန်းကျွန်းဘက်သို့ ဦးတည်လျက်ရှိသည်။ တာမွေလမ်းဆုံသို့ မွန်းလွဲ ၃ နာရီကျော်တွင် ရောက်ရှိသည်။

စစ်အစိုးရက ရန်ကုန်မြို့ မြို့နယ်ရပ်ကွက်အသီးသီးရှိ ရယက ရုံးတရုံးလျှင် တီရှပ်နှင့် လုံချည် အထည် ၅၀ စီ ပေးရန် အမိန့်ထုတ်ထားသောကြောင့် ယမန်နေ့ညကစ၍ ဖမ်းဆီးခဲ့သည့်သံဃာတော်များအား လူဝတ်လဲရန် ပြင်ဆင်နေသည် ဟုလည်း သုံးသပ်ပြောဆိုနေကြသည်။

မန္တလေးမြို့- မန္တလေးတိုင်း -
နေ့လယ် ၁နာရီ ခန့်တွင် ဘုရားကြီးရှိ ကျောင်းတိုက်များ၊ ဒမိကာရာမ ကျောင်းတိုက်၊ အာသောကာရာမ ကျောင်းတိုက်များမှ သံဃာတော် ၁၀၀၀၀ ခန့် ချီတက် ဆန္ဒပြနေကြောင်းသိရသည်။

“နာရီဝက်လောက် တုံးခေါက်တယ်၊ လက်ခတ်မောင်းတီးတယ်၊ ဘုရားကြီအရှေ့မုခ်မှာ လုံထိန်းတွေ စစ်တပ်တွေ သံဆူးကြိုး အထပ်ထပ်နဲ့ ပိတ်ထားလို့ အနှောက်ဘက်မုခ်ကနေ စထွက်တယ်၊ သံဃာ တွေ ထွက်သွားတာနဲ့ သောင်းနဲ့ချီတဲ့ ပရိတ်သတ်တွေ လက်ခုတ်သံကို ကြားနေရတယ်” ဟု ဘုရားကြီး ကျောင်း တိုက်ရှိ ဦးပဉ္ဖင်းတပါး ကပြောသည်။

လူထူထပ်ရာ ဖြစ်သည့် ဈေးချိုဘက်သို့သွားရာ လမ်းမများ၊ ဦးပွားဘုရား၊ မန်းမြို့ဈေးဘက်များ တွင် စစ်တပ်နှင့် လုံထိန်းများက လမ်းများကို သံဆူးကြိုးများဖြင့် ပိတ်ဆို့ထားသည် ဟုလည်း သိရသည်။

ဆူးလေဘုရား-ရန်ကုန် -
နေ့လယ် ၁၂ နာရီခွဲခန့်တွင် ဆူးလေဘုရားအနီးရှိ ဆန္ဒပြပွဲကို စစ်သားများနှင့် လုံထိန်းများက သေနတ်ဖြင့်ပစ်ခတ်နှိမ်နင်းနေစဉ် တီရှပ်အပြာရောင်ဝတ် နိုင်ငံခြားသားတဦးကို သေနတ်မှန်ကာ လဲကြသွားသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

အဆိုပါနိုင်ငံခြားသားသည် သတင်းထောက်ဖြစ်နိုင်ပြီး ၎င်းအား စစ်သားများကဆွဲသွားသည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။

အာဏာပိုင်ဘက်က သေနတ်ဖြင့်ပစ်သည့်အပြင် မျက်ရည်ယိုဗုံးများလည်းသုံးကြောင်း ဆန္ဒပြသမား ၁၀ ဦးခန့် သေနတ်ထိမှန်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန် -
ယနေ့ နံနက် ၉ နာရီခန့်တွင် တောင်ဥက္ကလာပ မြို့နယ် ကျက္ကဆံ ဘုရားအနီးတွင် လုံထိန်းများနှင့် ပြည်သူများ အကြားရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး လုံထိန်းများက သေနတ်ဖောက်၍ အနည်းဆုံး မျက်ရည်ယိုဗုံး ၅ လုံးခန့် ပစ်ခွဲခဲ့သည်ဟု ဘုရားဖူး လာသူ မျက်မြင်တဦးကပြောသည်။

စစ်သား ၆၀၀ ခန့်နှင့် ရဲ ၁၀၀ ခန့်က စောင့်ကြပ်နေပြီး ဘုရားဖူးလာသူများကို စစ်တပ်နှင့် ရဲက ဘုရားပရ၀ဏ် အတွင်းမှ အပြင်သို့ထွက်ရန် အမိန့်ပေးနှင်ထုတ်နေကြောင်း သိရသည်။

လုံထိန်းများက လူ ၄ ဦးခန့်ကို ရိုက်နှက် ဖမ်းဆီးခဲ့ပြီး လတ်တလောတွင် လမ်းများကို လုံထိန်းများက ပိတ်ဆို့ထား သည်ဟုလည်း သိရသည်။

အဆိုပါ စစ်သားများမှာ တပ်မ ၇၇ မှဖြစ်ကြောင်း၊ လူအများက သံဃာတော်များ ကို အကြမ်းဖက် သတ်ဖြတ်ခြင်း အပေါ် မကျေမနပ်ဖြစ်နေသောကြောင့် ရုန်းရင်းဆန်ခတ်မှုများ ဆက်လက်ဖြစ်နေကြောင်း၊ ယခု ဖြစ်ပွားမှုတွင် သံဃာတော်များ လုံးဝ ပါဝင်ဘဲ ပြည်သူလူထုနှင့် အာဏာပိုင်များအကြား ဖြစ်ပွားခြင်း ဖြစ်ကြောင်းလည်း မျက်မြင် သက်သေကပြောသည်။

လတ်တလောအခြေအနေမှာ ရန်ကင်းမြို့နယ်ရှိ မိုးကောင်း ကျောင်းတိုက်တွင်လည်း စစ်သားများက လုံခြုံရေး ယူထားသည်ဟု သိရသည်။

အာဏာပိုင်များက အန်အယ်လ်ဒီ ပါတီမှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမြင့်သိန်း၊ အန်အယ်လ်ဒီ ပါတီ ဧရာဝတီ တိုင်းစည်းရုံးရေးမှူး ဦးလှဖေ၊ ဇိုမီးအမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဌနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီအဖွဲ့ဝင် ဦးကျင့်ရှင်းထန် တို့ကို ယမန်နေ့ညတွင် ဖမ်းဆီးခဲ့သည်။

ရန်ကုန် -
နေ့လယ်တနာရီခန့်တွင် ငွေကြာရံ ပရိယတ္တိစာသင်တိုက်အနီး သစ္စာလမ်းမကြီးနှင့် ဗဟိုလမ်းအနီး ကြံ့ဖွံ့များကိုရှေ့တွင်ထားကာ စစ်တပ်ကနောက်မှရံ၍ လုံခြုံရေးယူထားသည်။

ပြည်သူလူထုက ၎င်းတို့အားကျောက်ခဲနှင့်ပစ်သဖြင့် စစ်တပ်က မျက်ရည်ယိုဗုံးဖြင့်ပြန်လည်ပစ်ခတ်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

ယမန်နေ့ည ငွေကြာရံကျောင်းတိုက်ကို ၀င်ရောက်စီးနင်းစဉ်က ထွက်ပြေးလွတ်မြောက်သွားသည့် သံဃာအပါး ၁၀၀ ခန့်လည်း အဆိုပါပြည်သူများနှင့် အတူရှိနေကြောင်း သိရသည်။

ငွေကြာရံကျောင်းတိုက်ကို အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့သောကြောင့် ဦးစန္တိမာ ဘွဲ့အမည်ရှိ သံဃာတပါး ပျံလွန်တော် မူသည်ဟူသော သတင်းများလည်း ထွက်နေသည်။

ရန်ကင်းမြို့နယ်ရှိ မိုးကောင်းကျောင်းတိုက်ကိုလည်း အာဏာပိုင်ကစီးနင်းဝင်ရောက်ကာ ကျောင်းထိုင်ဆရာတော် အပါအ၀င် သံဃာအားလုံးကိုဖမ်းဆီးသွားသည်ဟု ရန်ကင်းတွင်နေထိုင်သူတဦးက ဧရာဝတီကိုပြောသည်။

နေ့လယ်တနာရီခန့်က ဆူးလေဘုရားအနီးတွင် ချီတက်ဆန္ဒပြနေသူများကို လုံထိန်းနှင့် စစ်သားများက သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရမှုများကို စုံစမ်း၍မရသေးပေ။

ကျောက်ပန်းတောင်းမြို့နယ် နှင့် ညောင်ဦးမြို့နယ် - မန္တလေးတိုင်း -
ယနေ့နံနက်ပိုင်း ၃နာရီ ခန့်တွင် ကျောက်ပန်းတောင်း မြို့နယ်မှ အန်အယ်လ်ဒီ ပါတီဝင်များ ဖြစ်သည့် ဦးကျော်စိန်လှိုင်၊ ဦးမြစိုး၊ ဦးပေါ်အေး၊ ကိုသန်းလွင်၊ ကိုဝင်းရွှေ၊ ကိုရဲထွန်း တို့ ၆ဦးကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်း ဒေသခံတဦးကပြောသည်။ ယခုဖမ်းဆီးထားသူများကို မြင်းခြံထောင်သို့ ပိုလိုက်သည် ဟုလည်းသိရသည်။

အလားတူ ညောင်ဦးမြို့တွင်လည်း အန်အယ်ဒီပါတီဝင်များ ဖြစ်သည့် ဒု ဥက္ကဌ ဦးကိုလှ၊ အတွင်းရေးမှူး ဦးအေးကို၊ အန်အယ်လ်ဒီ လူမှု အထောက်အကူအဖွဲ့က ဦးမျိုးသန်း တို့ ၃ဦးကို ယမန့်နေ့ည ၁၂နာရီ ခွဲတွင် ညောင်ဦးရဲ စခန်းမှ လာရောက် ဖမ်းဆီသွားသည်ဟု ဒေသခံတဦးကပြောသည်။

မြင်းခြံမြို့-မကွေးတိုင်း -
ယမန်နေ့က ၁၂း ၃၀ နာရီခန့်တွင် မြင်းခြံမြို့ရှိ သံဃာတော် အပါး ၃၀၀၀ ခန့်နှင့် ပြည်သူလူထု ၁၀၀၀၀ ခန့် ပါဝင်ပြီး ချီတက်ဆန္ဒပြသည်ဟု မြင်းခြံ ကိုးဆောင်တိုက်မှ ဆရာတော်တပါးက ပြောသည်။

ယင်း ဆန္ဒပြအဖွဲ့သည် နေ့လယ် ၂ နာရီခန့်တွင် အေးချမ်းစွာရုတ်သိမ်း လိုက်သည်ဟု သိရသည်။
ယမန်နေ့က ရန်ကုန်မြို့တွင် အာဏာပိုင်များက စစ်တပ်၊ ရဲ၊ လုံထိန်းများကို သုံး၍ ဆန္ဒပြ သံဃာတော်များအား ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွဲခြင်းအပေါ် သံဃာတော်များကို ထပ်မံစော်ကားခြင်းဖြစ်သည်ဟုလည်း ဆရာတော်က ပြောဆိုသည်။

“အခု အဖြစ်အပျက်ကတော့ ဒီလိုလုပ်တာတော့ မကောင်းဘူးပေါ့၊ နိုင်ငံအ၀န်းဖြစ်တာက အစက ပခုက္ကူက ဖြစ်တာ ၀န်ချတောင်းပန်လိုက်ရင်အေးသွားမှာ၊ အဲဒီက စတဲ့ မီးပါပဲ၊ အခုလည်း တခါ စော်ကားပြန်ပြီ ဆိုတော့ လူကြားလို့လည်း မကောင်း ၊ မြင်ရသူလည်း မကောင်း ၊ ကြားရသူလည်း မကောင်းပါဘူး”ဟု ကိုးဆောင်တိုက် ဆရာတော်က မိန့်ကြားသည်။

ရန်ကုန် -
ယမန်နေ့ည ၁၂ နာရီခွဲတွင် လက်နက်ကိုင်စစ်သား ၂၀၀ ကျော်နှင့် တုတ်များကိုင်ဆောင်ထားသည့် ကြံ့ဖွံ့များ သင်္ကန်းကျွန်းမြို့နယ်ရှိ မဂ္ဂင်ဘုန်းကြီးကျောင်းကို ၀င်ရောက်စီးနင်းကာ ကျောင်းထိုင်ဆရာတော် ဦးဟိန္ဒက၊ ဦးဣနြ္ဒိယ၊ ဦးနန္ဒိယ၊ ဦးမေသုတို့အပါအ၀င် ကိုအောင်သန်း၊ ကိုဘိုထွန်း၊ ကိုအောင်ဇော်ဝင်းနှင့် ကိုသန်းထိုက်အောင်တို့အား အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားကြောင်း သိရသည်။

“ကျောင်းပေါ်တက်တော့ ဖိနပ်တွေလဲမချွပ်ဘူး။ ကိုရင်တွေကို ခြေထောက်နဲ့ကန်နှိုးပြီး ဦးပဉ္ဇင်းတွေဘယ်မှာ အိပ်လဲ မေးတယ်။ စစ်မြေပြင်ကို အချိန်ကိုက် ၀င်စီးသလိုပဲ။ ဆရာတော်ကိုလဲရိုက်ပြီးအပြင်ထုတ် ခေါင်းကိုလဲ သင်္ကန်း အုပ်ခိုင်းထားတယ်” ဟု အခြေအနေအစအဆုံးကို ကြုံတွေ့ခဲ့သူ ကိုအိုးဝေက ဧရာဝတီကိုပြောသည်။

ကိုအိုးဝေသည် အန်အယ်လ်ဒီပါတီဝင်တဦးဖြစ်ပြီး လွန်ခဲ့သည့်လ ၂၈ ရက်နေ့ လမ်းလျှောက်ဆန္ဒပြပွဲ၌ အာဏာပိုင်များ၏ အကြမ်းဖက်နှိမ်နင်းမှုကြောင့် ခြေထောက်တဘက်ကျိုးသွားသူ ဖြစ်သည်။

စစ်သားများက မဂ္ဂင်ကျောင်းတိုက်အတွင်းမှပြန်ထွက်ချိန်တွင် ကျောင်းတံခါးသော့ကို ရိုက်ဖွင့်သွားသည်ဟုလည်း ကိုအိုးဝေက ပြောသည်။

တောင်ဥက္ကလာပမြို့နယ်ရှိ ငွေကြာရံ ပရိယတ္တိစာသင်တိုက်ကိုလည်း ယမန်နေ့ ၁၂ နာရီကျော်တွင် စစ်သားနှင့် လုံထိန်းများက သေနတ်ဖောက်၊ မျက်ရည်ယိုဗုံးသုံးကာ ၀င်ရောက်စီးနင်းပြီး သံဃာအပါး ၂၀၀ ကျော်ကို ရိုက်နှက် ဖမ်းဆီးကြောင်း သိရသည်။

ငွေကြာရံကျောင်းတိုက်အနီးတွင် နေထိုင်သည့် ကျောင်သူတဦးက “ညက သေနတ်သံတွေကြားရတယ်။ ဘုန်းဘုန်းတွေရဲ့ အော်သံတွေလည်း ကြားရတယ်။ မနက်ဘက်သွားကြည့်တော့ ဘုန်းကြီးကျောင်း တကျောင်းလုံးကို ဖျက်ဆီးထားတယ်။ သွေးကွက်တွေလည်း အများကြီးတွေ့တယ်” ဟု ဧရာဝတီကို ပြောသည်။

ငွေကြာရံကျောင်း၌ အဖမ်းခံရသည့်သံဃာများတွင် တောင်ဥက္ကလာပ သံဃမဟာနာယက ဥက္ကဌဆရာတော်လည်း ပါဝင်ကြောင်း သိရသည်။စစ်သားများနှင့် လုံထိန်းများသည် ငွေကြာရံကျောင်းတိုက်ရှိ သံဃာများ၏ ငွေကြေး၊ ရေဒီယိုများကို ယူဆောင်သွားကြောင်း သိရသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
နေ့လယ် ၁၁ နာရီခန့်တွင် နန်းရှေ့ဘက်ရှိ သာသနာ့ တက္ကသိုလ်မှ သံဃာတော် အပါး ၁၀၀ ကျော် စတင် ဆန္ဒပြချီတက်နေသည်ဟု သိရသည်။

“ဒီနေ့ထူးခြားတာပေါ့နော်၊ သာသနာ့ တက္ကသိုလ်က ထွက်တာလေ၊ ကုသိုလ်တော် ဘုရားဘက်ကိုချီတက် သွားကြပါတယ်” ဟု မျက်မြင်တဦးက ပြောသည်။

ဘုရားကြီးကျောင်းတိုက်ရှေ့တွင်လည်း ရဲများအပြည့်ဝန်းရံထားပြီး မြတောင်ကျောင်း၊ မစိုးရိမ်ကျောင်းတိုက်များ အနီးတ၀ိုက်တွင် လက်နက်အပြည့်အစုံနှင့် စစ်ကားများ မီးသတ်ကားများကို အဆင်သင့် ပြင်ထားသည်ဟု ၎င်းကဆိုသည်။

“ဒက္ခိဏရာမ ကျောင်းတိုက်ရှေ့မှာ စာကပ်ထားတယ်၊ စာထဲမှာ စစ်သားဆိုတာ ပြည်သူတွေထဲက ပြည်သူတွေပါ၊ ငြိမ်းချမ်းစွာ ဆန္ဒပြနေတာကို အကြမ်းဖက် နှိမ်နင်းရင် ပြည်သူ မဟုတ်ဘဲ စစ်ဘီလူးသာ ဖြစ်မည်လို့ ရေးထားပါတယ်"ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

ယမန်နေ့က မျက်ရည်ယို ဗုံးသုံးမှုကြောင့် ညောင်ကန် ကျောင်းတိုက်မှ သံဃာတော်တချို့ မျက်ရည်ယိုဗုံးဒဏ် ခံခဲ့ရသည် ဟုလည်း သိရသည်။

Wednesday, September 26, 2007

strike diary ( irrawaddy sept 26 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၆၊ ၂၀၀၇


အလုံမြို့နယ်-ရန်ကုန် -
အလုံတွင် အပစ်ခံရသောကြောင့် သံဃာ ၃ ပါး ပျံတော်မူသည်ဟု မြို့ခံတဦးက ပြောသည်။ လမ်းမတော်မြို့နယ်ရှိ ဗဟိုအမျိုးသမီးဆေးရုံရှေ့တွင်လည်း သံဃာအပါး ၁၀၀၀ ကျော်ကို စစ်တပ်က၀ိုင်းထားကြောင်း သိရသည်။

ရန်ကုန် - နေ့လယ်ပိုင်းက ရန်ကုန်မြို့ ဆူးလေဘုရားအနီးတွင် ဆန္ဒပြသူများကို စစ်တပ်က ပစ်ခတ်သောကြောင့် အနည်းဆုံး အရပ်သား ၂ ဦး အပစ်ခံရကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ တဦးကပြောသည်။

ယင်းအပစ်ခံရသူ ၂ ဦးထဲမှ တဦးသေဆုံးသည်ဟုလည်း ကောလာဟလများ ထွက်ပေါ်နေသည်။ဆက်လက်၍ စစ်တပ်က ပစ်ခတ်မှုများ ပြုလုပ်နေသည်ဟုလည်း သိရသည်။

အလုံမြို့နယ်-ရန်ကုန် -
ယနေ့ နံနက်က အလုံမြို့နယ်ရှိ ဇောတနာရာမကျောင်းတိုက်မှ သံဃာတော် ၂ ပါးကို ဆွမ်းခံ မကြွရန် ရဲများက ပိတ်ပင်ခဲ့သည်ဟု သိရသည်။

ယင်းကျောင်းတိုက်မှဆရာတော်က မြို့နယ်မှူး ဦးတင့်ဝေကို သွားရောက် မေးမြန်းရာ အမိန့်အရလုပ်ခြင်းဖြစ်သည်ဟု ပြန်လည်ဖြေကြားခဲ့ကြောင်း ပြောသည်။

“အမိန့်လို့သာ ပြောတာ၊ ဘာအမိန့် ဆိုတာလည်း သေသေချာချာမသိဘူး၊ သေချာ ထုတ်ပြန်ထားတာရှိလား အဲဒီ အမိန့်စာရွက်ကို ပြလို့မေးတော့ မဖြေနိုင်ဘူး။ နောက်ဆုံးမှ ဆွမ်းခံလို့ ရပါတယ်လို့ပြောတယ်”ဟု ၎င်းဆရာတော်က ပြောသည်။ဇောတနာရာမကျောင်းတိုက်နှင့် အောင်မင်္ဂလာကျောင်း နှစ်ကျောင်းကြားတွင်လည်း ပြင်ပနှင့် အဆက်အသွယ် မလုပ်နိုင်ရန် လုံခြုံရေ တင်းကျပ်စွာချထားသည်ဟုလည်း သိရသည်။

မိုးညှင်းမြို့-ကချင်ပြည်နယ် -
ယမန်နေ့ည ၁၀ နာရီ ခန့်က ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ သံဃာတော် ၁၂ ပါးခန့်ကို အာဏာပိုင်များက ဖမ်းဆီးသွားကြောင်းသိရသည်။

ဖမ်းဆီးခံရသူများတွင် သံဃာတော်များမှာ ပျော်ဘွယ်ကျောင်းတိုက်မှ ဦးစံဒေါ၊ ဇိနလင်္ကာရ ကျောင်းမှ ဦးသီဟရာန၊ တတ်ကုန်းကျောင်းမှ ဦးဥတ္တရနှင့် ဦးသိက္ခာတို့ပါဝင်သည်ဟု ဒေသခံတဦးကပြောသည်။ယမန်နေ့က သံဃာတော်များ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြပြီးနောက် အာဏာပိုင်များက မိုးညှင်းတမြို့လုံး တယ်လီဖုန်း လိုင်းများဖြတ်ထားသောကြောင့် ယခုသတင်းကို တခြားမြို့မှ တယ်လီဖုန်းဖြင့် ပြောရကြောင်း အထက်ပါ ဒေသခံက ဧရာဝတီသို့ပြောသည်။

မိုးကုတ်မြို့-မန္တလေးတိုင်း -
ယမန်နေ့ညက အန်အယ်လ်ဒီပါတီဝင်များဖြစ်သည့် ကိုမင်းသူ၊ မပွင့်ဖြူနှင့် မသင်းသင်းတို့ ၃ ဦး အဖမ်းခံရကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများမှတဆင့်သိရသည်။့

မန္တလေး-မန္တလေးတိုင်း -
နေ့လယ် ၁၂ နာရီ ၀န်းကျင်က မန္တလေးမြို့ မြတောင်ကျောင်း၊ ဘုရားကြီးကျောင်းတိုက်၊ မစိုးရိမ် ကျောင်းတိုက်၊ ဦးပွားဘုရား စသည်တို့တွင် စစ်တပ်နှင့်လုံထိန်းရဲ များက သံဃာတော်များ ထွက်ခွင့်မရရန် ကျောင်းပတ်လည်ကိုဝိုင်းထားသည်ဟု မျက်မြင်များက ပြော သည်။

ဘုရားကြီးမြောက်ဘက် ကွင်းပြင်တွင်လည်း စစ်တပ်၊ စွမ်းအားရှင်နှင့် ကြံ့ဖွံ့များကို ကွင်း အပြည့်ချထားပြီး ရွေကျီးမျှင် ဘုရားအနှီးတွင် တပ်မ ၉၉ ကို ချထားသည် ဟုလည်း သိရ သည်။ လူစည်းကားရာ အရပ်များတွင်လည်း ရဲများကို ချထားသည်ဟု ဆိုသည်။

“ဘုရားကြီးကျောင်း တောင်ဘက် အာနန္ဒာဘုရားမှာလည်း သံဃာတော်တွေက စာကပ်ထားတယ်၊ စာထဲမှာ “သပိတ်မှောက် ထားသည် လက်နက်ကိုင်များ ဖြတ်သန်းသွားလာခွင့် မပြု” လို့ စာရေး ကပ်ထားတယ်” ဟု မျက်မြင်တဦးကလည်း ပြောသည်။

ယမန်နေ့ည ၁၀ နာရီခန့်တွင် အသက် ၂၅ နှစ်ခန့်ရှိသော လူ ၃၀ ခန့်ကို အောင်မြေသာဇံ ရှိ ကြံ့ဖွံ့ရုံးတွင် နံပတ် ၇က/၉၁၉၉ ကားဖြင့် လာရောက်ချသွားကြောင်း သိရသည်။

ရန်ကုန် -
ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်တွင် သံဃာတော်အပါး ၅၀ ခန့်ကို လုံထိန်းများက ရိုက်နှက်၍ မျက်ယိုဗုံးများဖြင့် ပစ်ခတ် ဖြိုခွဲကြောင်း မျက်မြင်များက ပြောသည်။
ရွှေတိဂုံ အလယ်ပစ္စယံတွင်လည်း သံဃာအပါး ၅၀၀ ခန့်နှင့်ပြည်သူများကို စစ်တပ်က ပိတ်ဆို့ထားကြောင်း သိရသည်။

ရေတာရှည်လမ်းဘက်တွင် ပိတ်မိနေသူတဦးက ရွှေတိဂုံဘုရားဘက်တွင် မျက်ရည်ယိုဗုံးနှင့် ပစ်ခတ်သည်ကိုမြင်ရသည်ဟု ပြောသည်။ ယင်းပိတ်မိနေသော သံဃာများနှင့် ပြည်သူများက မေတ္တာသုတ်များ ဆက်လက်ရွတ်ဆိုနေကြောင်း သိရသည်။ယင်းသို့ မျက်ယိုဗုံးဖြင့် ပစ်ခတ် ဖြိုခွဲစဉ် အမေရိကန် သံရုံးမှ ကားတစီးရောက်လာသည်ဟုလည်း ဆိုသည်။

ရန်ကုန် -
ညတနာရီတွင် လူရွှင်တော် ဇာဂနာ၏နေအိမ်ကို ရှာဖွေပုံစံဖြင့် ၀င်ရောက်ရှာဖွေကာ ည ၂ နာရီကျော်တွင် ဖမ်းဆီးခေါ်ဆောင်သွားသည်။ သူ၏လက်ကိုင်ဖုန်းကိုလည်း အာဏာပိုင်က သိမ်းထားလိုက်သည်ဟုလည်း သိရသည်။

အမျိုးသားရေး ဦးဝင်းနိုင်ကိုလည်း ယမန်နေ့ညက ဖမ်းဆီးလိုက်ကြောင်း သိရသည်။

ယမန်နေ့ညတွင် စစ်အစိုးရက ည ၉ နာရီမှ မနက် ၅ နာရီအထိ ရက်ပေါင်း ၆၀ ညမထွက်ရ စစ်အုပ်ချုပ်ရေး ထုတ်ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်ရှိရာ တက္ကသိုလ်ရိပ်သာလမ်းကို သံဆူးကြိုး ၃ ထပ်ဖြင့်ပိတ်ထားလိုက်ပြီး စက်သေနတ် တလက်လည်း တပ်ဆင်ထားကြောင်း မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားတွင် လုံထိန်းရဲ၊ စစ်သား ၁၀၀ ကျော်နှင့် ဘုရားပေါ်တွင် ၅၀၀ ကျော်ကို လုံခြုံရေးချထားကြောင်းလည်း စုံစမ်းသိရှိရသည်။

မန္တလေး-မန္တလေးတိုင်း -
ယမန်နေ့ ညပိုင်းတွင် မန္တလေးမြို့မှ ဆန္ဒပြချီတက်ရာ၌ ပါဝင်အားပေးသူ အနည်းဆုံး ၄ ဦး ခန့်ကို စစ်အာဏာပိုင်များက ဖမ်းဆီးထားကြောင်း သိရသည်။

ည ၂ နာရီခန့်က လူရွှင်တော် ပါပါလေးအပါအ၀င် အန်အယ်လ်ဒီပါတီမှ မန္တလေး အနောက်မြောက်မြို့နယ် လွှတ်တော် အမတ် ဦးတင်အောင်၊ မန္တလေးတိုင်း စည်းရုံးရေးမှူး ဦးခင်မောင်သောင်း၊ တိုင်းစည်းရုံးရေး အဖွဲ့ဝင်နှင့် အနောက်တောင် မြို့နယ် လွှတ်တော်အမတ် ဦးမျိုးနိုင်တို့ကို ဖမ်းဆီးသွားကြောင်း မန္တလေး အန်အယ်လ်ဒီနှင့် နီးစပ်သူတဦး၏ ပြောဆိုချက် အရ သိရသည်။

အန်အယ်လ်ဒီမှ ဖမ်းဆီးခံရသူများသည် အဖွဲ့ဝင် ၁၇ ဦးနှင့်အတူ ဆန္ဒပြသံဃာများ ဆွမ်းကွမ်းဝေရာဝစ္စအတွက် စည်းရုံး အလှူခံသူများဖြစ်ပြီး လူရွှင်တော် ပါပါလေးသည်လည်း သံဃာတော်များအတွက် အလှူခံ ဆောင်ရွက်ပေးခြင်းကြောင့် ဖြစ်သည်ဟု ၎င်းကပြောသည်။

မန္တလေး အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုကျော်စွာဦး၏ အခန်းကိုလည်း အာဏာပိုင်များက ၀င်ရောက်ရှာဖွေ၍ စာရွက်စာတမ်း အထောက်အထားတချို့ကို သိမ်းဆည်းသွားသည်ဟု သိရသည်။လက်ရှိအခြေအနေအရ မန္တလေးတွင် ယမန်နေ့ညက စစ်အစိုးရက ညမထွက်ရ အမိန့်ထုတ်ထားပြီး မြို့အနှံ့တွင် စစ်သားများက စောင့်ကြပ်နေသည်။

Tuesday, September 25, 2007

strike diary ( irrawaddy sept 25 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၅၊ ၂၀၀၇


ရန်ကုန်မြို့ -
ယနေ့ ဆန္ဒပြ သံဃာတော်များသည် ညနေ ၄း ၃၀ နာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၌ ပြန်လည်စု၍ မေတ္တာသုတ် ရွတ်ဆို လမ်းခွဲလိုက်ကြောင်း သိရသည်။

“ဒီနေ့ ရွေတိဂုံကို လက်ယာရစ်တပတ် ပတ်တယ်၊ အရှေ့ဘက် က ပြန်ဆင်း ပြီးတော့ ဆူးလေးဘုရားဘက် သွားတယ်၊ ဆူးလေးဘုရား မှာ အစိုးရသတင်းစာထဲက သံဃာတော် အစစ်က ၂ ရာခိုင်နှုန်းပဲပါတယ် ဆိုတာ ကို ဦးပဉ္ဖင်းတို့ ခေါင်းဆောင်တွေ ကနေပြီးတော့ သံဃာ အစစ်လား အတုလားလို့မေးတယ်၊ နောက် က ဦးပဉ္ဖင်းတွေ က သံဃာ အစစ် ပါ ဆိုပြီး ထောက်ခံ ကြွေးကြော်တယ်” ဟု ဆန္ဒပြ ချီတက် ခဲ့ရာတွင်ပါဝင်ခဲ့ သည့် သံဃာတော် ဦးအာဒိစ္စ က ရောဝတီကို ပြောသည်။

လိုက်ပါအားပေးသည့် ပြည်သူ သိန်းကျော်ပါဝင်ပြီး သောင်းနှင့်ချီသော သံဃာတော်များ ဆန္ဒပြ ချီတက်ရာ လမ်းတွင် သံဃာအတုဟုယူဆရသည့် သံဃာ ၇ ပါးခန့်တွေ့ရကြောင်း၊ သို့သော် သံဃာအစစ်က သံဃာ အတု ကိုခွဲခြားနိုင်ပြီး ဦးဆောင်သည့် သံဃာတော်များက စည်းကမ်းထိန်းသိမ်းမှု ကောင်းသောကြောင့် ယင်း သံဃာအတုများ မည်သည့် လှုပ်ရှားမှု ကိုမျှပြုလုပ်၍ မရဟုလည်း ၎င်းက ပြောသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
နေ့လယ် ၁၁နာရီခန့်တွင် ဘုရားကြီးကျောင်းတိုက်ရှိ တိုက်ပေါင်းစုံ၊ မြတောင်ကျောင်း၊ အိမ်တော်ရာ တိုက်၊ မြို့သစ်ရှိ မစိုးရိမ်ကျောင်းတိုက်၊ နန်းရှေ့ဘက် ကျောင်းတိုက်၊ ဒက္ခိဏရာမ ကျောင်းတိုက်တို့မှ သံဃာတော် အပါး ၁၀၀၀၀ ကျော် ချီတက် ဆန္ဒပြသည်ဟု သိရသည်။

“ကျောင်းတိုက်တွေအားလုံးက ထွက်ချိန်တော့ မတူဘူး၊ အစောပိုင်းမှာ ဘုရားကြီး ကျောင်းတိုက်က အပါး ၃၀၀၀ ကျော်၊ မြတောင် က ၅၀၀ ကျော်၊ အခြားတိုက်တွေ သူ့အဖွဲ့နဲ့သူ ထွက်ပါတယ်။ ကျနော်တို့ မန္တလေး အရပ်စကားလို ပြောရရင် လေးပြင် လေးရပ်စုံအောင် ထွက်ပါတယ်” ဟု မန္တလေးမှ မျက်မြင်တဦးက ပြောသည်။ ဆန္ဒပြသံဃာများ ဈေးချိုနှင့် ဘုရားကြီးအရောက်တွင် လိုက်လံအားပေးသော ပြည်သူ ၁၀၀၀၀ ကျော်ရှိသည် ဟုလည်း သိရသည်။

မိုးညှင်းမြို့- ကချင်ပြည်နယ် -
နေ့လယ် ၁နာရီ ခန့်တွင် မိုညှင်းမြို့ရှိ ပညာရောင်ခြည် ကျောင်းတိုက်မှ သံဃာတော် အပါး ၅၀ ကျော်သည် ပထမ အကြိမ် ဆန္ဒပြ ချီတက်သည် ဟုသိရသည်။

“ဒီနေ့သံဃာတော်တွေ ချီတက်မယ်ဆိုတာကို ပြည်သူတွေ က မသိကြဘူး၊ တချို့သိလို့ ထွက်လာတဲ့ သူတွေတောင် မမီတော့ဘူး၊ သံဃာတော်တွေ ချီတက်တဲ့ လမ်းက လူနေအိမ်တွေကျဲတော့ အားပေးတဲ့သူတွေ နည်းတယ်” ဟု မိုးညင်းမြို့ခံတဦးက ပြောသည်။ အဆိုပါ သံဃာတော်များဆက်လက်ချီတက်နေဆဲဖြစ်ကြောင်းလည်း သိရသည်။

မိုးညှင်းမြို့တွင် ပညာရောင်ခြည် ကျောင်းတိုက်နှင့် အရှေ့ကျောင်းပရိယတ္တိ စာသင်တိုက် စသည့်ကျောင်း နှစ်ကျောင်း ရှိရာ သံဃာ အပါးပေါင်း ၂၀၀ ခန့်ရှိသည် ဟုသိရသည်။

ဗန်းမော်မြို့- ကချင်ပြည်နယ် -
ယနေ့ နေ့လယ် ၁နာရီ ခန့်တွင် ဗန်းမော်မြို့ရှိ သိမ်တော်ကြီး ပရိယတ္တိစာသင်တိုက် မှ သံဃာတော် အပါး ၂၀၀ကျော် ၄ ကြိမ်မြောက် ဆန္ဒပြချီတက်သည်ဟု သိရသည်။

သံဃာတော်များနှင့်အတူ ချီတက်ဆန္ဒပြရန် ကျောင်းဝမှ စောင့်နေကြသော ဗန်းမော်ရှိ အန်အယ်လ်ဒီ အဖွဲ့ဝင်တချို့ကို စည်းကမ်းထိန်းသိမ်းရေး ဆရာတော်က လိုက်ခွင့်မပေး ကြောင်း ဗန်းမော် ဒေသခံတဦးက ပြောသည်။ယင်း ဆန္ဒပြသံဃာတော်များသည် ဗန်းမော်တမြို့လုံးသို့ ဆက်လက် ချီတက်နေဆဲ ဖြစ်သည်ဟုလည်း သိရသည်။

ရန်ကုန် -
စီအာပီပီ ကြေညာချက်ထုတ်ပြန်အချက် ၃ ချက်ပါ ကြေညာချက်ကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

၎င်းအချက်များမှာ သံဃာတော်များဦးဆောင်နေသည့် လှုပ်ရှားမှုတွင် ပြည်သူတရပ်လုံးက ပူးပေါင်းပါဝင်သည့်အပေါ် ၀မ်းသာဂုဏ်ယူကြောင်း၊ လှုပ်ရှားမှုကို တဆင့်ပြီးတဆင့် အရှိန်အဟုန် တိုးမြှင့် လုပ်ဆောင်သွားရန်နှင့် သံဃာတော်များ၏ ဦးဆောင်မှုနှင့်အတူ ကျောင်းသူ၊ ကျောင်းသား၊ လူငယ်များအပါအ၀င် အလွှာအသီးသီးမှ ပြည်သူလူထုတရပ်လုံး ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးစွန့် ပေးစပ်ကြရန်တို့ ဖြစ်သည်။

ရန်ကုန် -
နေ့လယ် ၁ နာရီ ခန့်က သံဃာတော် အပါး ၅၀၀၀ ခန့်သည် ရွှေတိဂုံဘုရားမှ စတင်ထွက်ခွာ၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြောင်း သိရသည်။

အဆိုပါ ဆန္ဒပြအဖွဲ့သည် ဆူးလေဘုရားသို့ ဦးတည်သွားရောက်ကာ သံဃာများက တရားဟောသည်ဟု မျက်မြင်များက ပြောသည်။ယင်းဆန္ဒပြအဖွဲ့သို့ ၂၀၀ ခန့်ရှိသည့် အန်အယ်လ်ဒီ ပါတီဝင်များနှင့် ထောင်နှင့်ချီသော ပြည်သူများက ပူးပေါင်း ပါဝင် ဆန္ဒပြကြောင်း သိရသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
နံနက်အစောပိုင်းတွင် မန္တလေးရတနာဘုံမိ တက္ကသိုလ်အနီးတွင် စစ်တပ်ကတပ်စွဲ ထားသည်ဟု သိရသည်။
နံနက်ပိုင်းတွင် မန္တလေးတိုင်းမှုးကိုယ်တိုင် အစောင့်အပြည့်နှင့် ၎င်းတပ်စွဲသည့်နေရာကို သွားရောက်ကြည့်ရှု ပြီးနောက် မစိုးရိမ်ကျောင်းတိုက်ဘက် ဆက်သွားကြောင်း မျက်မြင်သက်သေတဦးက ဧရာဝတီကိုပြောသည်။

“ရယက ရုံးတွေမှာစာကပ်တယ်။ စာထဲမှာ လူနဲ့ကျောင်းသူကျောင်းသားတွေ အပြင်မထွက်ဖို့်၊ မပါဝင်ကြဖို့ ပါရင် ပြင်းပြင်းထန်ထန် အရေးယူမယ်လို့ ပါတယ်”ဟု၎င်းက ပြောသည်။

လမ်းမများတွင် အာဏာပိုင်က ဖြန့်ဝေသည်ဟု ယူဆရသောစာများကို မိုးမလင်းချိန်ကတည်းက ဖြန့်ဝေထားကြောင်း သိရသည်။ စာပါအကြောင်းအရာမှာ ဆူပူမှုဖြစ်ပွားပါက အခြားဘာသာဝင်များထက် ဗုဒ္ဓဘာသာဝင်များသာ ပိုမိုဒုက္ခရောက်ကြမည်ဟု ရေးသားထားသည်။

အမေရိကန်နိုင်ငံက မြှောက်ပင့်ပေးသည်များကို လိုက်မလုပ်ရန်လည်း ၎င်းစာတွေင် ရေးသားထားသည်။ “စစ်ကား ငါးစီးဆီ၊ လက်နက်အပြည့်အစုံ ... လယ်ပင်းမှာ အ၀တ်နီပတ်နဲ့ စစ်ကားတွေ ကျုံးတ၀ိုက်နဲ့ ဘူတာဘက် ပတ်သွားနေတယ်” ဟု မန္တလေးရှိ မျက်မြင်တဦးက ပြောသည်။

ရန်ကုန် -
အသံချဲ့စက်တပ်ထားသည့် အာဏာပိုင်ကားများက လမ်းမများပေါ်တွင်မည်သူမှ မစုရုံးရန်နှင့် စုရုံးပါက အရေးယူမည်ဖြစ်ကြောင်း လိုက်အော်သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။သက်ဆိုင်ရာ မယက များက ရန်ကုန်မြို့အနှံ့အပြားရှိ လူနေရပ်ကွက်များတွင် ကားများဖြင့် လိုက်အော်ခြင်းကြောင်း သိရသည်။

Monday, September 24, 2007

strike diary ( irrawaddy sept 24 )

1 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၄၊ ၂၀၀၇


မန္တလေးမြို့-မန္တလေးတိုင်း -
ယနေ့ နံနက် ၈နာ ရီ မှ စတင်သော ပြည်သူလူထုအပါအ၀င် သံဃာတော် အပါး သောင်းချီသည့် ဆန္ဒပြသူများသည် ယခုအချိန်ထိ ဆက်လက်ချီတက် ဆန္ဒပြနေသည် ဟုသိရသည်။
တမြို့လုံးတွင်ရှိသော ကျောင်းတိုက်မှ အချိန်နှင့်အမျှ တဖွဲဖွဲထွက်၍ ဆန္ဒပြ ချီတက်နေခြင်း ဖြစ်ကြောင်း မန္တလေးမြို့ခံ တဦးကပြောသည်။

“အခုဘုရားကြီးလမ်း ၈၄လမ်း ၊ ၃၈လမ်း မှာ ဆက်လက် ချီတက်နေတယ်၊ ပြည်သူတွေကလည်း လိုက်လံကြည့်ရူ အားပေးနေတယ်” ဟု ၎င်းကပြောသည်။

ပိတ်စ အနီပေါ်တွင် ငွေရောင် စာတန်းနှင့် စာဝတ်နေရေး ပြေလည်ရေး၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး စသည်ဖြင့် ရေးထားကြောင်း၊ မဟာမြတ်မုနိပုံတော်ကိုလည်း ရှေ့ဆုံးတွင် ကိုင်ဆောင် လာကြောင်း၊ သပိတ်မှောက်ကိုင် ထားပြီး သာသနာ့ အလံကိုင်ဆောင်ထားကြောင်းလည်း မန္တလေး မြို့ခံ မျက်မြင်တဦးက ပြောသည်။

သံဃာတော်များ၏ နောက်တွင် အဖြူအစိမ်းဝတ် ကျောင်းသားများ၊ ပင်နီအင်္ကျီ ၀တ်၍ ခမောက် ဆောင်းထားသူများလည်း လိုက်ပါလာကြောင်း သိရသည်။

အမရပူရ-မန္တလေးတိုင်း -
နေ့လယ် ၁၂ နာရီ ခွဲ မှ ၂ နာရီ အထိ တွင် မဟာဂန္ဓာရုံ ကျောင်း၊ သုမောင်ကျောင်းများမှ သံဃာတော် အပါး ထောင်ချီ ဆန္ဒပြ ချီတက်သည်ဟု သိရသည်။

ယင်းဆန္ဒပြပွဲသို့ ပင်နီအင်္ကျီဝတ်ထားသော အန်အယ်လ်ဒီ အဖွဲ့ဝင် ၁၀ ဦးခန့် သံဃာတော်များ နောက်မှလိုက်၍ ချီတက်ကြပြီး ပြည်သူများက သံဃာတော်များကို ဖျော်ရည်များ၊ သောက်ရေများ ဆက်ကပ်သည်ဟု မျက်မြင် တဦးကပြောသည်။

ရွှေဘို-စစ်ကိုင်းတိုင်း -
ယနေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်ကိုင်းတိုင်း ရွှေဘိုမြို့ရှိ သံဃာတော် အပါး ၈၀ ခန့်က မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြကြောင်း မျက်မြင် တဦးကပြောသည်။

ယင်းဆန္ဒပြသံဃာများကို မြို့လူထုက သောက်ရေနှင့် အစားအသောက်များ ကပ်လှူသည်ဟုလည်း သိရသည်။

်စစ်တွေ-ရခိုင်ပြည်နယ် -
နေ့လယ် ၂ နာရီခန့်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ သံဃာတော် အပါး ၂၀၀၀၀ ခန့်က ဦးဆောင်သည့် မြို့လုံးကျွတ်ခန့် ရှိသော ပြည်သူလူထု ၁ သိန်းခန့် ငြိမ်းချမ်းစွာပါဝင် ချီတက်ဆန္ဒပြကြကြောင်း သိရသည်။

ဆန္ဒပြ သံဃာတော်များနှင့်အတူ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူတန်းစား အလွှာပေါင်းစုံ ပါဝင်သည့် ဆန္ဒပြသမားများက မေတ္တာသုတ်များရွတ်ဆိုကြကြောင်း၊ လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် တောင်းဆိုကြကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ တဦးက ပြောသည်။

ယင်းဆန္ဒပြပွဲကို အာဏာပိုင်များက ဟန့်တားနှောင့်ယှက်မှု လုံးဝမရှိဟုလည်း ၎င်းကပြောသည်။

ရန်ကုန် -
ရန်ကုန်ရှိ ချီတက်ဆန္ဒပြပွဲတွင် အန်အယ်လ်ဒီအဖွဲ့ဝင် ၁၅၀ ခန့် ပူးပေါင်းဆန္ဒပြလျက်ရှိသည်။
၎င်း ၁၅၀ တွင် လွှတ်တော်ကိုယ်စားလှယ်များလည်းပါဝင်ပြီး အန်အယ်ဒီအလံနှင့် လွှတ်တော်ကိုယ်စားလှယ်များ ဟူသည့် ဆိုင်းဘုတ်ကိုလည်း ကိုင်ဆောင်ထားသည်။

မော်လမြိုင်-မွန်ပြည်နယ် -
ယနေ့နေ့လယ် ၁ နာရီခန့်က မော်လမြိုင်မြို့ရှိ သံဃာတော် အပါး ၁၀၀၀ ခန့်သည် သာသနာ့ အလံများနှင့် သပိတ်ကိုမှောက်ပြီး ကိုင်ဆောင်၍ မေတ္တာသုတ် ရွတ်ဆိုကာ ချီတက်ဆန္ဒပြကြောင်း မျက်မြင်တဦးက ပြောသည်။

ဆန္ဒပြ လမ်းတလျှောက်ရှိ မြို့လူထုက သံဃာတော်များကို သောက်ရေသန့်ဘူးများ၊ ကွမ်းယာများ ကပ်လှူ၍ အားပေးကြကြောင်း သိရသည်။

ဗန်းမော် - ကချင်ပြည်နယ် -
ယနေ့နံနက် ၆ နာရီမှ ၈ နာရီအထိ ဗန်းမော်မြို့မှ သံဃာတော် အပါး ၂၇၀ ခန့်သည် မေတ္တာသုတ်ရွတ်ဆို၍ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြသည်ဟု ဆန္ဒပြရာတွင် ပါဝင်သော သံဃာတော် တပါးကပြောသည်။
ရှေ့ဆုံးမှ ဆန္ဒပြ သံဃာတော်များက သာသနာ့အလံနှင့် သပိတ်တလုံးကို မှောက်၍ကိုင်ဆောင်ထားသည်ဟု လည်း ၎င်းက ဆိုသည်။

အာဏာပိုင်များက တနင်္ဂနွေနေ့ကပင် လုံခြုံရေးများချထားပြီး ယနေ့တွင်လည်း ဆန္ဒပြသံဃာတော်များနောက်မှ လိုက်လံကြည့်ရှုနေသည်ဟု သိရသည်။

ပဲခူးမြို့-ပဲခူးတိုင်း -
ညနေ ၃ နာရီခွဲတွင် သံဃာအပါး ၃၀၀၀ ကျော်နှင့်အတူ ပြည်သူလူထု တသိန်းကျော်ပူပေါင်းကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြောင်း သိရသည်။

ဆန္ဒပြသမားများသည် ရွှေမော်ဓောဘုရားမှတဆင့် မြို့ပတ်ချီတက်လျက်ရှိပြီး မေတ္တာသုတ်ရွတ်ဆိုကြကြောင်း သတင်းရရှိသည်။

မိုးကုတ်-မန္တလေးတိုင်း -
မိုးကုန်မြို့တွင် သံဃာတော်များဦးဆောင်ကာ ပြည်သူလူထုတသိန်းကျော်ပါသည့် ချီတက်ဆန္ဒပြပွဲပြုလုပ်ကြောင်း သိရသည်။

မြို့လုံးကျွတ်ဆန္ဒပြခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

စစ်ကိုင်းမြို့- စစ်ကိုင်းတိုင်း -
နေ့လယ် ၁ နာရီ ခန့်တွင် စစ်ကိုင်းမြို့ရှိ ကျောင်းပေါင်းစုံနှင့် ကျောင်းတိုက်ငယ်များ ဖြစ်သည့် ဘုန်းစိုးကျောင်း၊ပေပင်ကျောင်း၊ သိတာရုံ ကျောင်းများမှ သံဃာတော် အပါး ၁၀၀၀ ကျော် ချီတက်ဆန္ဒပြသည်ဟု သိရသည်။

“ဈေးသစ်နားအရောက်မှာ လူထုတွေက အားပေးထောက်ခံကြတယ်၊ ကုန်ဈေးနှုန်းကျဆင်းရေး တို့အရေး၊ ဒေါ်အောင်ဆန်း စုကြည် လွတ်မြောက်ရေး တို့အရေးဆိုပြီး ပြည်သူတွေက အော်ကြတယ်”ဟု စစ်ကိုင်းမြို့မှ ဒေသခံတဦးက ပြောသည်။

ရွှေစည်းခုံဘုရား အနီးတွင် အန်အယ်လ်ဒီ အဖွဲ့မှ ဖျော်ရည်နှင့် လင်ဇီးလိမ်းဆေးများ ကပ်လှူသည် ဟုလည်း ၎င်းကဆိုသည်။

ပဲခူးမြို့ - ပဲခူးတိုင်း -
ယနေ့နေ့လယ် ၁ နာရီ တွင် ပဲခူးမြို့မှ သံဃာတော် အပါး ၄၀၀ ကျော်သည် မေတ္တာသုတ်ရွတ်ဆို၍ ဆန္ဒပြချီတက်သည်ဟု ဒေသခံများကပြောသည်။

ဆန္ဒပြချီတက်သည့် လမ်းတလျောက် လမ်းဘေး ၀ဲ၊ ယာမှလည်း ရာနှင့်ချီသော သံဃာတော်များ ဆက်လက် ချီတက် လိုက်ပါကြောင်း၊ ၃၀၀၀ ခန့်ရှိ မြို့လူထုကလည်း သံဃာတော်များ နောက်မှလိုက်ပါ ချီတက်နေကြောင်း သိရသည်။

ပခုက္ကူ-မကွေးတိုင်း -
ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် ပခုက္ကူမြို့ရှိ သံဃာတော်အပါး ၂၅၀၀ ခန့်က ဦးဆောင်ပြီး မြို့လူထု ၁ သိန်းကျော် ပါဝင် ဆန္ဒပြချီတက်ကြောင်း ဆန္ဒပြရာတွင်ပါဝင်သည့် သံဃာတော်တပါးက ပြောသည်။

ယင်းဆန္ဒပြပွဲသည် ပခုက္ကူမြို့ စာသင်တိုက်ကြီး ၄ တိုက်ရှိသံဃာတော်များက ဦးဆောင်စုစည်း၍ လူထုကို သာသနာ့ အလံများနှင့် မေတ္တာပို့မြန်မာပြန်စာရွက်များ ကြိုတင်ဝေငှထားပြီး မေတ္တာသုတ်၊ မောရသုတ်များနှင့် မေတ္တာပို့မြန်မာပြန် များကို ရွတ်ဆိုချီတက်သည်ဟု အထက်ပါ သံဃာတော်ကပြောသည်။

သံဃာတော်များက ဆန္ဒပြပွဲကို စည်းကမ်းစနစ်ကျစွာ ဦးဆောင်ပြီး မြို့လူထုက သံဃာတော်များနောက်မှ လိုက်ပါ ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

ရေစကြို-မကွေးတိုင်း -
ယနေ့နေ့လယ် ၁ နာရီ ခန့်တွင် မကွေးတိုင်း ရေစကြိုမြို့ရှိ တိုက်ကြီးကျောင်းခေါ် အောင်မြေသာယာကျောင်းတိုက်မှ သံဃာတော်အပါး၂၅၀ ကျော်သည် မေတ္တာသုတ်၊ မောရသုတ်များရွတ်ဆို၍ ချီတက်ဆန္ဒပြ သည်ဟု သိရသည်။

“သာသနာ့ အလံ ဆယ်ခုကိုင် တယ်၊ နှစ်ပါး တတန်းစီ ချီတက်တယ်၊ ပြည်သူတွေက ရှင်လောင်း ပွဲကြည့်နေသလို အရမ်းများတယ်၊ အန်အယ်လ်ဒီ တိုင်းဥက္ကဌ လည်းပါတယ်၊ ဈေးသူဈေးသားတွေလည်း ပါတယ်၊ ပြည်သူတွေက ရေကပ်လှူတယ်၊ ထိုင်ရှိခိုးကြတယ်” ဟု ရေစကြို ဒေသခံတဦးက ပြောသည်။

ယမန်နေ့ည ၈နာရီ ခန့်ကလည်း ရွေတန်းဇာ ဘုရားပေါ်တွင် လူ ၅၀ ကျော် ပါဝင်သည့် ၀တ်အဖွဲ့ နှင့် ဂေါပက ဥက္ကဌတို့က မေတ္တာသုတ်ရွတ် ကြသည်ဟုလည်း ၎င်းက ပြောသည်။

မုံရွာမြို့-စစ်ကိုင်းတိုင်း -
ယနေ့ နံနက် ၁၁း ၃၀ နာရီ ခန့်က မုံရွာမြို့ရှိ သံဃာတော် အပါး ၃၅၀ ကျော်သည် ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြကြောင်း မျက်မြင် တဦးကပြောသည်။

ထို့အပြင် မုံရွာမြို့ ပြည်ထောင်စု လမ်းမတွင် ဆန္ဒပြ သံဃာများနှင့် လိုက်ပါပူးပေါင်း ဆန္ဒပြရန်အတွက် ရာနှင့်ချီသည့် သံဃာတော်များကလည်း စောင့်ဆိုင်းလျှက်ရှိသည်ဟု ၎င်းကဆိုသည်။

ဆန္ဒပြ သံဃာတော်များသည် မုံရွာမြို့ကို ပတ်၍ ချီတက်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန် -
သံဃာတော်များ အန်အယ်လ်ဒီ ရုံးရှေ့တွင် ပရိတ်ရွတ်အပြီး ရုံးအတွင်း၌ အစည်းအဝေးလုပ်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်လူငယ်များထွက်လာကာ ချီတက်ဆန္ဒပြပွဲကို ပူးပေါင်းသည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတဦးက ဧရာဝတီကို ပြောသည်။

“လွှတ်တော်ကိုယ်စားလှယ်တွေ ပါလာပြီ။ အန်အယ်လ်ဒီ အလံထောင်ပြီး လိုက်လျှောက်တာ။ အခုဗားကရာထိပ်ကို ရောက်နေပြီ လှည်းတန်းကိုသွားနေတာ” ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။
ဆန္ဒပြစစ်ကြောင်းသည် ကြည့်မြင်တိုင် ဘားကရာထိပ်မှ မြေနီကုန်းလမ်းစုံအထိ ရှည်လျှားကြောင်း သိရသည်။

ရန်ကုန် -
နေ့လယ် ၁၂ နာရီကျော်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစတင်၍ သံဃာတော်အပါး ၁၀၀၀ ကျော်က ဦးဆောင်ကာ ပြည်သူများနှင့်အတူ ဆန္ဒပြချီတက်ကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

အန်အယ်လ်ဒီရုံးရှေ့သို့အရောက် သံဃာတော်များ ခေတ္တရပ်နားပြီးပရိတ်ရွတ်ကြောင်း၊ ၎င်းပတ်ဝန်းကျင်တွင် သွားလာနေ သည့် ကားများပေါ်မှ ပြည်သူများဆင်းလာကာ ဆန္ဒပြစစ်ကြောင်းတွင် ပူးပေါင်းကြောင်းလည်း သူက ပြောသည်။

ဆန္ဒပြစစ်ကြောင်းတွင် သံဃာတော်များအပါအ၀င် စုစုပေါင်းအင်အား တသောင်းကျော်ရှိကြောင်း သိရသည်။ ကဗျာဆရာ အောင်ဝေးဦးဆောင်သည့် စာပေသမားအများအပြားလည်း ပူးပေါင်းဆန္ဒပြကြောင်း သတင်းရရှိသည်။

ရုပ်ရှင်သရုပ်ဆောင် ကျော်သူအား ဆူးလေဘုရားအနီးတွင် အာဏာပိုင်က ဖမ်းဆီးလိုက်သည်ဟူသည့် သတင်းများလည်း ထွက်နေသည်။

နတ်တလင်း-ပဲခူးတိုင်း (အနောက်ခြမ်း) -
နံနက် ၅ နာရီမှ ၆ နာရီအထိ သံဃာအပါး ၅၀ ကျော် မေတ္တာသုတ်ရွတ်ကာ နတ်တလင်းမြို့ကိုပတ်၍ ချီတက်ဆန္ဒပြသည်ဟု ဒေသခံတဦးက ပြောသည်။

“မနက်အစောကြီးဆိုတော့ အာဏာပိုင်တွေ ချက်ချင်းမသိလိုက်ဘူး။ သိတဲ့အခါကျမှ ဘုန်းကြီးတွေ ဆွမ်းငတ်ချင်ပြီ ထင်တယ်လို့ ကြိမ်းနေတယ်”ဟု ၎င်းကပြောသည်။

ရန်ကုန် -
ယနေ့နံနက် ၉ နာရီခန့်တွင် ရန်ကုန်မြို့ တာမွေမြို့နယ် ယုဇန ပလာဇာရှေ့မှ စတင်၍ သံဃာတော် အပါး ၄၀၀ ခန့် ဆန္ဒပြ ချီတက်ကြောင်း သိရသည်။

အဆိုပါ သံဃာတော်များသည် မူရင်းသီတင်းသုံးရာမှ ကားများစီးလာ၍ ယုဇနပလာဇာ ရှေ့တွင်စုပြီး ရွှေတိဂုံ ဘုရားသို့ ထွက်ခွာသွားသည်ဟု ရန်ကုန်မြို့က သံဃာတော်တပါးက ပြောသည်။

ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်တွင် လူရွှင်တော် ဇာဂနာ၊ ရုပ်ရှင်သရုပ်ဆောင် ကျော်သူ၊ ကဗျာဆရာ အောင်ဝေး အစရှိသည့် စာပေ၊ ရုရှင်၊ ဂီတ၊ မော်ဒယ်လ် အနုပညာရှင်များက သံဃာတော်များကိုနေ့ဆွမ်းကပ်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဆရာဝန်များနှင့် သူနာပြုများကလည်း ရွှေတိဂုံဘုရားသို့ သွားရောက်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး မည်ဖြစ်ပြီး အစိုးရဌာနဆိုင်ရာရုံးများနှင့် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများလည်း ပိတ်ထားသည်ဟု ရန်ကုန်မြို့ကလာသော သတင်းများအရ သိရသည်။

အဆိုပါသံဃာတော်များသည် နေ့လယ် ၁ နာရီမှ စတင်၍ ချီတက်ဆန္ဒပြမည် ဖြစ်ကြောင်း၊ လူတန်းစား အလွှာအသီးသီး ပါဝင်သော ချီတက်ဆန္ဒပြပွဲကို သံဃာတော်များက ဦးဆောင်မည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ရန်ကုန်မြို့တွင်း၌ စစ်ကားများကို တွေ့မြင်ရသည်ဟုလည်း ရန်ကုန်မြို့ခံများက ပြောဆိုသည်။

မန္တလေးမြို့ - မန္တလေးတိုင်း -
ယနေ့နံနက် ၈နာရီ မှစပြီး ၀ိသုဓ္ဒါရုံ၊ မစိုးရိမ်ကျောင်းတိုက်သစ်နှင့် ကျောင်းတိုက်ဟောင်း၊ မြတောင်ကျောင်း၊ မဟာမြတ်မုနိဘုရားကြီးကျောင်းတိုက်တို့မှ သံဃာတော်အပါးတသောင်းကျော် ချီတက်ဆန္ဒပြကြောင်း ၀ိသုဒ္ဓါရုံ ကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးက ဧရာဝတီကိုပြောသည်။

“သံဃာတွေကအရမ်းကို စိတ်ဓာတ်တက်ကြွနေကြတယ်။ ၈ နာရီ မထိုးခင်ကတည်းက သပိတ်မှောက်ဖို့ စိတ်စောနေ ကြတယ်”ဟု အဆိုပါဦးပဉ္ဇင်းက ပြောသည်။

မန္တလေးမြို့ဘုန်းတော်ကြီးကျောင်းစုံရှိ သံဃာတော်များ ဆန္ဒပြပွဲတွင်ပါဝင်ကြောင်းသိရသည်။ ၀ိသုဓ္ဒါရုံကျောင်းမှ သံဃာ အပါး ၇၀၀ ကျော်၊ မြတောင်ကျောင်းမှ ၁၀၀၀ ကျော်၊ မစိုးရိမ်တိုက်သစ်နှင့် တိုက်ဟောင်းမှ ၁၀၀၀ ကျော်၊ ဘုရားကြီး ကျောင်းတိုက်မှ ၁၀၀၀ ကျော် စုစုပေါင်း တသောင်းကျော် ချီတက်ဆန္ဒပြနေခြင်း ဖြစ်သည်။

“မဟာမြတ်မုနိပုံတော်ကိုင်တယ်၊ သပိတ် ၂ လုံးမှောက်ပြီးပိုက်တယ်၊ တကျောင်းကို သာသနာ့အလံ တခု၊ သုံးပါးတတွဲ လျောက်တယ်။ မေတ္တာသုတ်ရွတ်မယ်၊ အရင်ရက်တွေက ပြည်သူတွေကိုလိုက်ခွင့် မပေးခဲ့ပေမယ့် ဒီနေ့တော့ ဒကာ၊ ဒကာမတွေကို ငြိမ်းငြိမ်းချမ်းချမ်း လိုက်ခွင့်ပေးတယ်။ တမြို့လုံးပတ်ကြလိမ့်မယ်”ဟု မျက်မြင်သက်သေတဦးက ပြောသည်။

Sunday, September 23, 2007

strike diary ( irrawaddy sept 23 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၃၊ ၂၀၀၇

မုံရွာ-စစ်ကိုင်းတိုင်း -
နေ့လယ် ၁၂ နာရီကျော်က သံဃာအပါး ၁၀၀ ခန့် မုံရွာမြို့အတွင်း ချီတက်ဆန္ဒပြကြသည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။

ရန်ကုန် -
နေ့လယ် ၃ နာရီခန့်တွင် သံဃာအပါး ၅၀၀၀ အထိတိုးမြင့်သွားပြီး ဆန္ဒပြစစ်ကြောင်းသည် ဆူးလေဘုရားသို့ ရောက်ရှိကြောင်း မျက်မြင်သက်သေတဦးကပြောသည်။

ဆန္ဒပြသံဃာများက အားပေးထောက်ခံသည့်ပြည်သူမျာအား ပူးပေါင်းပါဝင်ရန် နှိုးဆော်သည်ဟုလည်း သိရသည်။

ဆန္ဒပြသံဃာတော်များအပါအ၀င် ပြည်သူလူထု ၂၀၀၀၀ ကျော် ချီတက်နေကြောင်း သိရသည်။

ရန်ကုန် -
နေ့လယ် ၂ နာရီခန့်တွင် သံဃာအပါး ၂၀၀၀ ကျော်၊ သီလရှင်အပါး ၂၀၀ ခန့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ မြို့ထဲသို့ ချီတက်ဆန္ဒပြကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“ဒီနေ့တော့ ကြွေးကြော်သံတွေအော်တယ်။ တွေ့ဆုံဆွေးနွေးရေး … ဒို့အရေး၊ ကုန်ဈေးနှုန်းကျဆင်းရေး … ဒို့အရေး၊ … ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး … ဒို့အရေး ဆိုပြီး အော်တယ်” ဟုလည်း အဆိုပါမြက်မြင်သက်သေက ပြောသည်။

ထို့အပြင် ဆန္ဒပြသံဃာတော်များက ဆင်းရဲနွမ်းပါးသည့် ပြည်သူများအတွက် အလှူငွေများကောက်ခံကြပြီး အားပေးထောက်ခံသည့် ပရိသတ်များကိုလည်း အလှူငွေထည့်ရန် နှိုးဆော်သည်ဟု ၎င်းကပြောသည်။
ချီတက်ဆန္ဒပြနေသည့်သံဃာတော်များ၏ဘေးတွင် ကျောင်းသားလူငယ်များက လက်ချင်းချိတ် လိုက်ပါကြပြီး ပြည်သူများလည်း လိုက်ပါအားပေးနေကြောင်း စုံစမ်းသိရှိရသည်။

မန္တလေး -
နေ့လယ် ၁၂ နာရီခွဲတွင် ဘုရားကြီးအရှေ့ဘက်မုခ်မှစ၍ သံဃာအပါး ၆၀၀ ကျော်ဖြင့် ချီတက်ဆန္ဒပြပွဲကို စတင်သည်ဟု မျက်မြင်သက်သေတဦးက ဧရာဝတီကို ပြောသည်။

“တခြားသံဃာတွေက မမှီလိုက်လို့ထင်တယ်၊ ဒိုင်နာကား ၂ စီးနဲ့ အခုလေးတင်လိုက်သွားတယ်။ အပါး ၁၅၀ လောက်ရှိမယ်” ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။

ပြည်သူအများကလည်း သံဃာတော်များချီတက်ရာလမ်းတလျှောက် လိုက်ပါအားပေးနေကြောင်းလည်း သိရသည်။

မြစ်ကြီးနား-ကချင်ပြည်နယ် -
နေ့လယ် ၁၁ ခန့်က မြစ်ကြီးနားတွင် သံဃာတော်အပါး ၃၀၀ ခန့် မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြ နေသည်ဟု မြို့ခံတဦးကပြောသည်။

အဆိုပါဒေသခံနှင့် ဧရာဝတီဆက်သွယ်ချိန် နေ့လယ် ၁ နာရီအထိ မြစ်ကြီးနားတွင် သံဃာတော်များ ဆက်လက် ချီတက်ဆန္ဒပြနေကြောင်းနှင့် ပြည်သူလူထုအများအပြားလည်း အားပေးချီတက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

strike diary ( irrawaddy sept 22 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၂၊ ၂၀၀၇

စစ်တွေ-ရခိုင်ပြည်နယ် -
ယနေ့ နံနက်ပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သံဃမဟာနာယကအဖွဲ့ဆရာတော်များနှင့် ဒေသအာဏာ ပိုင်များက သံဃာတော်များဆန္ဒပြသည့်ကိစ္စနှင့်ပတ်သက်သော အရေးပေါ်အစည်းအဝေးပြုလုပ်ကြောင်း သိရသည်။

ယင်းအစည်းအဝေးကို စစ်တွေမြို့ လောကနန္ဒာ ဘုရားတွင်ကျင်းပခဲ့ပြီး သံဃနာယက ဥက္ကဌ ဆရာတော် အပါအ၀င် ကျောင်းထိုင်ဆရာတော်အပါး ၅၀ ခန့် တက်ရောက်သည်ဟု မြို့ခံ ဆရာတော်တပါးက ပြောသည်။“အစည်းအဝေးမှာ ဥက္ကဌ ဆရာတော်က သံဃာတွေ ဆန္ဒမပြဖို့ပြောတာ ကျန်တဲ့ ဘုန်းကြီးတွေက လက်မခံတော့ ဆန္ဒပြရင် အကြမ်းမဖက်ဖို့ ညင်ညင်သာသာ ပြဖို့ပြောပြီး အဖွဲ့တဖွဲ့လိုက်တယ်”ဟု အထက်ပါ ဆရာတော်က ပြောသည်။

ရန်ကုန် -
ယနေ့နေ့လယ် ၃း ၃၀ နာရီခန့်က သံဃာတော် အပါး ၃၀၀ ခန့်သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့မှဖြတ်ကာ မေတ္တာသုတ် ရွတ်ဆို၍ ဆန္ဒပြချီတက်သွားကြောင်း မျက်မြင် တဦးက ပြောသည်။

“ဒေါ်စုအိမ်ရှေ့က အတားအဆီးတွေကို ဘုန်းကြီးတွေက မေတ္တာသုတ်ရွတ်ရင်းကျော်ဖြတ်ပြီး ဖြည်းဖြည်း လျှောက်သွား ကြတယ်”ဟု ၎င်းကပြောသည်။အဆိုပါ သံဃာတော်များသည် တရုတ်သံရုံးဘက်သို့ ဆက်လက်ချီတက်သွားသည်ဟုလည်း သိရသည်။

ရန်ကုန် -
ယနေ့နံနက် ၁၁း ၃၀ နာရီခန့်က ရန်ကုန်မြို့ ရွှေတိဂုံ ဘုရားအရှေ့ဘက်မုခ် ကြေးသွန်းဘုရားကြီးမှ စတင်၍ သံဃာတော် အပါး ၁၀၀၀ ခန့် သည် တရုတ်နိုင်ငံ သံရုံးဘက်သို့ ချီတက် ဆန္ဒပြကြောင်း ရန်ကုန်မြို့က သံဃာတော် တပါးက ပြောသည်။

“သံရုံးရှေ့မှာ ခဏရပ်ပြီး မေတ္တာသုတ်ရွတ်တယ်၊ ပြီးတော့ ဆက်လျှောက်သွားကြတယ်”ဟု ၎င်းက ပြောသည်။အဆိုပါ ဆန္ဒပြသံဃာတော်များသည် ဒဂုန်မြို့နယ် ပြည်ထောင်စု ရိပ်သာလမ်းရှိ တရုတ်နိုင်ငံ သံရုံးရှေ့မှ ထွက်ခွာ သွားပြီး ဆက်လက်ချီတက် နေကြောင်း သိရသည်။

စစ်ကိုင်းမြို့-စစ်ကိုင်းတိုင်း -
ယနေ့နံနက် ၁၂ နာရီ ကနေ စတင်၍ သံဃာတော် အပါး ၂၀၀ ခန့်သည် စစ်ကိုင်းမြို့ ကျစွယ် ကျောင်း မှ ထွက်ခွာပြီး ချီတက် ဆန္ဒပြ ကြောင်း သိရသည်။

“ရှေ့ဆုံးက ကိုယ်တော်တပါးက သပိတ်ကိုမှောက်ကိုင်လာတယ်၊ သာသနာ့အလံကို သံဃာ ၂ ပါး ကကိုင်လာ တယ်၊ ၂ ပါး တတန်းလျောက်တယ်၊ အစတုန်းက အပါး ၂၀၀ လောက် လျှောက်နေပေမယ့် နောက်ထပ် ၁၀ ပါးလောက်လိုက်လာ ကြသေးတယ်” ဟု ဒေသခံ မျက်မြင်တဦးကပြောသည်။

စစ်ကိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ်သာအေးက သံဃာများကိုဆန္ဒမပြရန် ထိန်းသိမ်းပေးစေလိုကြောင်း စစ်ကိုင်းမှ ဆရာတော်ကြီးတပါးကို လျှောက်ထားသည်ဟု လည်း သိရသည်။

“ဆရာတော်က သံဃာ ကိစ္စဖြစ်တယ်၊ ၀ိနည်း နဲ့အညီ လုပ်ရခြင်းဖြစ်တယ်၊ ဒါကိုဝင်ရောက် စွက်ဖက်ပိုင်ခွင့် မရှိဘူး၊ အားလုံးမှာ တာဝန်ရှိတယ်၊ စည်းကမ်း ထိန်းသိမ်းတဲ့ အပိုင်းမှာသာ မဟုတ်ဘူးလို့ပြောတယ်”ဟု ၎င်းဆရာတော်ကြီး နှင့် နီးစပ်သူ ဒေသခံတဦးကပြောပြသည်။အာဏာပိုင်များဘက် က ဓာတ်ပုံ မှတ်တမ်းများ ရိုက်ယူသည်ဟုလည်း ဆိုသည်။

မန္တလေးမြို့-မန္တလေးတိုင်း -
ယနေ့နံနက် ၉ နှာရီမှ စတင်၍ မစိုးရိမ် ကျောင်းတိုက်သစ်၊ တိုက်ဟောင်းနှင့် မြတောင် ကျောင်းတိုက်တို့မှ သံဃာတော် အပါး ၂၀၀၀ ခန့် ဈေးချိုဘက်သို့ ဆန္ဒပြချီတက် သပိတ်မှောက်ကြောင်း ကိုယ်တိုင် ပါဝင်ခဲ့သည့် မစိုးရိမ်တိုက်သစ်မှ သံဃာတပါးက ပြောသည်။

“သံဃာသုံးပါးက သာသနာ့ အလံကိုင်တယ်၊ ငါးယောက် တတန်းတန်းစီပြီး၊ အလွန် စည်းကမ်းရှိရှိ မေတ္တာ သုတ်ရွတ် ချီတက်နေကြတယ်၊ သံဃာတော်တွေက ပြည်သူတွေ အနှောင့်အယှက် မရှိအောင် အကပ်မခံဘူး၊ ရေသန့်ကပ်တာတောင် အကပ်မခံဘူး၊ အာဏာပိုင်တွေဘက်ကလည်း သံဃာတော် တွေအနားက ကပ်မလိုက်ရဲဘူး၊ လမ်းထောင့်တွေကပဲ ၇ ယောက်လောက်က မှတ်တမ်းယူနေတယ်ဟု”ဟု မန္တလေးမြို့နေ မျက်မြင်တဦးကပြောသည်။

လမ်းတလျှောက်တွင် ဆန္ဒပြသံဃာများကို အားပေးသည့် ပြည်သူလူထုမှာ များပြားသောကြောင့် လမ်းပိတ်ထားရသည် ဟုလည်း ၎င်းကဆိုသည်။မစိုးရိမ်ကျောင်းတိုက်သစ်ဘက်မှ ၃၈လမ်း၊ ၈၂လမ်း မှ ဈေးချိုဘက်၊ အိမ်တော်ရာ ဘုးရား၊ ထို့နောက် အမှတ်(၅) ကားလိုင်း လမ်းအတိုင်းသွားပြီး မစိုးရိမ်းကျောင်းတိုက် ဟောင်း ဘက်သို့ ပြန်ကြွကြကြောင်း သိရသည်။

Friday, September 21, 2007

strike diary ( irrawaddy sept 21 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၁၊ ၂၀၀၇


ရွှေဘို - စစ်ကိုင်းတိုင်း -
ယနေ့ နေ့လယ် ၁၂း၃၀ - ၁ နာရီ ခန့်က စစ်ကိုင်းတိုင်း ရွှေဘိုမြို့တွင် သံဃာတော် အပါး ၇၀ ကျော်က ရွှေဘိုဈေး အနီးဝန်းကျင်တွင် မေတ္တာသုတ် ရွတ်ဆို၍ ချီတက်ဆန္ဒပြသည်ဟု မျက်မြင်သက်သေများ၏ ပြောပြချက်အရ သိရ သည်။

အာဏာပိုင်များက ယင်းဆန္ဒပြ သံဃာတော်များနောက်မှ လိုက်လံ ကြည့်ရှုခဲ့သော်လည်း ပြီးဆုံးချိန်အထိ တစုံ တရာ နှောင့်ယှက်မှုများ မပြုလုပ်ကြောင်း၊ ထောင်နှင့်ချီသော ပြည်သူများက ဆန္ဒပြသံဃာများကို လက်ခုပ် လက်ဝါးတီး၍ အားပေးကြကြောင်း အဆိုပါမျက်မြင် သက်သေများက ပြောသည်။

အမရပူရမြို့- မန္တလေးတိုင်း -
ယနေ့နေ့လယ် ၁၂နာရီ မှ စတင်၍ အမရပူရမြို့ မဟာဂန္ဓာရုံ ကျောင်းတိုက်မှ သံဃာတော် အပါး ၇၀၀ ကျော် ချီတက် သပိတ်မှောက်သည် ဟုသိရသည်။

“သုံးပါးစီ စီတန်းလမ်းလျောက်တယ်၊ ရှေ့ဆုံးမှာ သာသနာ့ အလံထောင်တယ်၊ သံဃာ တပါး က သပိတ်ကို မှောက်ပြီးတော့ ကိုင်တယ်၊ မင်္ဂလာတိုက် လမ်းက ထွက်ပြီး လမ်းငါးခွ၊ ကွမ်းသီးတန်း ရွေဂူကြီးဘုရား လမ်းမတက် ပြီး တောင်သမန်လမ်း တောက်လျောက်သွားတယ်”ဟု မျက်မြင်တဦး က ပြောသည်။

ဆန္ဒပြသံဃာတော်များနောက်က ရဲနှင့် ကြံ့ဖွံ့အဖွဲ့ဝင် ၂၀ ကျော်က ဆိုင်ကယ်နှင့် လိုက်ကြည့်ကြောင်း၊ စစ်ကိုင်း မန္တလေး သွား ကားတန်းများ ရပ်တန့်ပေးပြီး လမ်းဘေးဝဲယာရှိပြည်သူများက သံဃာတော်များကို ကြည်ညို အားပေးကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ရန်ကုန် -
ယနေ့ နံနက်ပိုင်းတွင် သံဃာတော် အပါး ၃၀၀ ခန့် မြောက်ဥက္ကလာပ မြို့နယ် မယ်လမု ဘုရားသို့ ချီတက် ဆန္ဒပြကြောင်း သိရသည်။

ယင်းသံဃာတော်များသည် မယ်လမု ဘုရားတွင် ၁၅ မိနစ်ခန့် မေတ္တာသုတ်များ ရွတ်ဖတ်ကြသည်ဟု ဆိုသည်။
မိုးသဲထန်စွာ ရွာနေသည့်ကြားမှပင် ရန်ကင်းမြို့နယ်ဘက်မှ ချီတက်လာသော သံဃာတော် အပါး ၂၀၀ ခန့်သည်လည်း အခြားသော သံဃာတော် အပါး ၅၀ ခန့်နှင့်ပူးပေါင်း၍ ရွှေတိဂုံဘုရားသို့ ချီတက်သွားကြောင်း အေပီ သတင်း၏ အဆိုအရ သိရသည်။

ရန်ကုန် -
နေ့လယ် ၃ နာရီကျော်တွင် ထောင်နှင့်ချီသောသံဃာများ ဗိုလ်ချုပ်အောင်ဆန်းလမ်း စကော့ဈေးရှေ့မှ လေးပါးတတန်း စီတန်းချီတက်သွားကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“အပါး ၄၀၀၀ လောက်ရှိမယ်လို့ ခန့်မှန်းတယ်” ဟု ၎င်းကပြောသည်။
သပိတ်မှောက် စစ်ကြောင်းထိပ်ဆုံးနှင့် နောက်ဆုံးတွင် သာသနာ့အလံ ၃ လက်စီ ကိုင်ဆောင်ချီတက်ကြကြောင်း အဆိုပါမျက်မြင်သက်သေက ပြောသည်။

ဆန္ဒပြသံဃာများသည် ဆူးလေဘုရားလမ်းသို့ချိုးကွေ့ကာ ဆူးလေဘုရားဘက်သို့ ဆက်လက် ချီတက်ကြောင်းလည်း သိရသည်။

ဆန္ဒပြသံဃာထုနှင့်အတူ ကျောင်းသား၊ ပြည်သူ ၁၀၀၀ ခန့် ပူးပေါင်းလိုက်ပါနေကြောင်း စုံစမ်းသိရှိရသည်။

ပဲခူးမြို့- ပဲခူးတိုင်း -
နေ့လယ် တနာရီမှ ၂ နာရီ ခန့်အထိ သံဃာအပါး ၁၀၀ ခန့် ချီတက်ဆန္ဒပြ သပိတ်မှောက်သည် ဟုသိရသည်။
၎င်းသံဃာတော်များသည် ပဲခူးရှိဘုန်းကြီးကျောင်းများနှင့် ရွှေမော်ဓောဘုရားသို့ မေတ္တာသုတ်ရွတ်ချီတက်ခဲ့ကြသည်ဟု ဒေသခံတဦးက ပြောသည်။

နံနက်ပိုင်းတွင်လည်း ပဲခူးမှသံဃာတော်များ ဟိုင်းလတ်ကား ၃ စီးဖြင့် ရန်ကုန်ကိုလာရာ အာဏာပိုင်တို့က ရန်ကုန်မြို့အ၀င် ထောက်ကြံ့ဂိတ်အရောက်တွင် တားဆီးခဲ့ကြောင်း သိရသည်။

Thursday, September 20, 2007

strike diary ( irrawaddy sept 20 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၂၀၊ ၂၀၀၇

မုံရွာ-စကိုင်းတိုင်း -
မုံရွာမြို့ ဇောတိကကျောင်းတိုက်၊ ရန်ကင်းကျောင်းတိုက်အပါအ၀င် ကျောင်းတိုက် ၃ တိုက်တို့ရှိ သံဃာတော်အပါး ၅၀၀ ကျော်ခန့်က နေလယ်တနာရီမှ ၂ နာရီ ခွဲအထိ ချီတက် ဆန္ဒပြကြောင်း သိရသည်။
“သံဃာတော်တွေဟာ သူတို့ကျောင်းတိုက်အလိုက် ရှေ့ဆင့် နောက်ဆင့် ငြိမ်းချမ်းစွာနဲ့ ဆုတောင်းပြည့် ဘုရားကြီး … ပြီးတော့ ရွေစည်းခုံဘုရားတွေမှာ ဘုရားရှိခိုးတယ်။ နှောက်တော့ ဘူတာလမ်းအတိုင်း အနှောင်အယှက်ကင်းစွာနဲ့ ကျောင်းတိုက်ထဲကိုဝင်သွား ကြတယ်” ဟု မုံရွာမြို့ခံတဦးက ပြောသည်။မုံရွာရှိ ပြည်သူလူထုများက လမ်းဘေးဝဲယာမှ လက်အုပ်ချီရှိခိုးကြပြီး တချို့ ကလည်း သောက်ရေသန့်နှင့် ဖျော်ရည် လှူဒန်းကြသည်ဟု ၎င်းကထပ်ပြောသည်။

ရန်ကုန်
- ရွှေတိဂုံဘုရားမှ ဆန္ဒပြချီတက်လာသောသံဃာအပါး ၁၀၀၀ ခန့်သည် နေ့လယ် ၂ နာရီခွဲခန့်တွင် ဆူးလေဘုရားသို့ ရောက်ရှိကြောင်း သိရသည်။

မေတ္တာပို့ဆန္ဒပြနေသည့် သံဃာတော်များ၏ ဘေးတဖက်တချက်တွင် ၈၈ မျိုးဆက်ကျောင်းသားများနှင့် လက်ရှိပညာ သင်ကြားနေသော ကျောင်းသားများက လက်ချင်းချိတ် လိုက်လျက်ရှိသည်။
ထောင်နှင့်ချီသော ပြည်သူလူထုကလည်း သံဃာများနောက်မှ လိုက်ပါနေကြောင်းသိရသည်။

အမေရိကန်သံရုံးဟောင်း၊ အင်္ဂလန်သံရုံး၊ အိန္ဒယသံရုံးများရှေ့ကိုဖြတ်ကာ သိမ်ကြီးဈေးဘက်သို့ ဆက်လက်ချီတက် သွားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

လူရွှင်တော် ဇာဂနာကလည်း “ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြပါစေ … နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ … ဆိုတဲ့ အသံတွေ တမြို့လုံးလွှမ်းနေတယ်” ဟု ပြောသည်။

မြေနီကုန်း-ရန်ကုန်
- ကြည့်မြင်တိုင် မစိုးရိမ်တိုက်ရှိ သံဃာ ၃၀၀ ကျော် မြေနီကုန်းမှစ၍ ဆန္ဒပြချီတက်သည်ဟု မျက်မြင်သက်သေ တဦးက ဧရာဝတီကို ပြောသည်။

“၁၂ နာရီ ၁၀ မိနစ်မှာ တကြောင်းက အလုံလမ်းဘက်ကနေပြီး ရွှေတိဂုံကိုသွားတယ်၊ နောက်တကြောင်းက ရွှေဂုံတိုင် ဘက်ကနေ ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး ဘုန်းကြီးကျောင်းတွေဘက်ကိုသွားတာ။ မြေနီကုန်းကနေ ၂ ကြောင်းခွဲပြီး သွားတာ။ အနောက်မှာ လူထုလဲ နည်းနည်းပါတယ်” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

နေ့လယ်တနာရီခန့်တွင် ရွှေတိဂုံဘုရား အရှေ့မုခ်သို့ ဆန္ဒပြသံဃာများရောက်ရှိပြီး ၎င်းနေရာ၌ မိုးများလည်း ရွာသွန်းလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

အမရပူရမြို့-မန္တလေးတိုင်း
- ယမန်နေ့နေ့လယ်တနာရီတွင် မဟာဂန္ဓာရုံ အနီးတ၀ိုက်ရှိ ကျောင်းများမှ သံဃာတော်အပါး ၁၀၀ ကျော် မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြသည်ဟု သိရသည်။

“သံဃာတပါးက သပိတ်ပိုက်တယ် … ဘေးကသံဃာ ၂ ပါးက အလံကိုင်တယ် နောက်က သံဃာတော် ၉၉ ပါး လိုက်လျောက်တယ်”ဟု အမရပူရမြို့ရှိ မျက်မြင်သက်သေတဦးက ပြောသည်။ အမရပူရရှိပြည်သူလူထုက မှတ်တမ်းတင်ဓာတ်ပုံရိုက်ခြင်းကို အာဏာပိုင်တို့က ဟန့်တားခဲ့သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်
- နံနက်ပိုင်းတွင် ပဲခူးမြို့မှသံဃာတော်များ ရန်ကုန်သို့မီးရထားဖြင့်လာကြရာ တိုးကြောင်ကလေးဘူတာတွင် သံဃာတော်များ စီနင်းလိုက်ပါလာသည့်ရထားတွဲကို အာဏာပိုင်က ဖြုတ်ထားခဲ့သောကြောင့် အဆိုပါသံဃာများ ရန်ကုန်မြို့တွင်းသို့ လမ်းလျှောက်ချီတက်လာကြောင်း သိရသည်။

အဆိုပါသံဃာတော်များသည် ရွှေတိဂုံဘုရားသို့ ချီတက်လျက်ရှိပြီး နံနက် ၁၁ နာရီခန့်တွင် သင်္ကန်းကျွန်း မြို့နယ်သို့ ရောက်ရှိသည်။

ရန်ကုန်မြို့တော်ခန်းမကို အာဏာပိုင်တို့က သံဆူးကြိုးများဖြင့် ကာလိုက်ကြောင်းလည်း သတင်းရရှိသည်။

Wednesday, September 19, 2007

strike diary ( irrawaddy sept 19 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၁၉၊ ၂၀၀၇


ရန်ကုန်မြို့-ရန်ကုန်တိုင်း
ယနေ့ ညနေပိုင်း ၅ နာရီခန့်က သံဃာတော်အပါး ၅၀၀ ခန့်သည် ၎င်း သီတင်းသုံးရာ ကျောင်းတိုက်ရှေ့မှ ဖြတ်၍ ရွှေဂုံတိုင်ဘက်သို့ ဆက်လက် ချီတက်သွားသည်ကို မြင်ရကြောင်း တာမွေရှိ ဓမ္မာစရိယ စာချဦးပဉ္ဖင်းတပါးက ပြောသည်။

ယင်းဆန္ဒပြ သံဃာတော်များသည် သင်္ကန်းကျွန်း ကျက္ကဆံ ဘုရားဘက်မှ ဆန္ဒပြ ချီတက်လာခြင်း ဖြစ်သည်ဟုလည်း သိရသည်။

စစ်တွေ-ရခိုင်ပြည်နယ်
ယနေ့ နေ့လယ် ၁ နာရီခန့်တွင် စစ်တွေမြို့ရှိ သံဃာတော် အပါး ၈၀၀ ခန့်က ဖမ်းဆီးခံထားရသူ ၃ ဦးကို ပြန်လွှတ်ပေးရန် ပြည်နယ်ရဲတပ်ဖွဲ့ရုံးရှေ့၌ တောင်းဆို ဆန္ဒပြကြကြောင်း မြို့ခံတဦးကပြောသည်။

အဆိုပါဖမ်းဆီးခံထားရသူ ၃ ဦးသည် သြဂုတ်လ ၂၈ ရက်နေ့က စစ်တွေမြို့တွင် လောင်စာဆီနှင့်ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ဆန္ဒပြသော သံဃာ အပါး ၂၀၀ ကျော်ကို ရေသန့်ဘူးများ ကပ်လှူသောကြောင့် အာဏာပိုင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်တွေ-ရခိုင်ပြည်နယ်
ယမန်နေ့က ဆန္ဒပြရာတွင်ပါဝင်သော စစ်တွေမြို့မှ သံဃာ ၄ ပါးကို အာဏာပိုင်များက နေ့လယ်ပိုင်းတွင် ဖမ်းဆီးထိန်းသိမ်း ခဲ့ပြီး ညဘက်တွင် ပြန်လည်လွှတ်ပေးခဲ့သည်ဟု စစ်တွေ မြို့မ ကျောင်းမှ သံဃာတော်တပါးက ပြောသည်။

ဖမ်းဆီးခံရသည့် သံဃာ ၄ ပါးတွင် ကိုရင်တပါ ပါဝင်ရာ ယင်းကိုရင်သည် ၎င်းတို့ ကျောင်းကဖြစ်သည်ဟု မြို့မကျောင်း သံဃာတော်က ပြောသည်။ ယနေ့ နံနက်တွင် သံဃာတော်များနောက်မှလိုက်၍ ဆန္ဒပြသည့် ပြည်သူ ၁၀ ဦးကိုလည်း ပြန်လွှတ်လိုက်သည်ဟု ဆိုသည်။

ယမန်နေ့က စစ်တွေမြို့၌ ရာနှင့်ချီသော သံဃာတော်များနှင့် ပြည်သူများက လမ်းမများပေါ်တွင် ဆန္ဒပြချီတက်ကြသည်ကို အာဏာပိုင်များက မျက်ရည်ယိုဗုံးသုံး၍ ဖြိုခွဲခဲ့သည်။

ပြည်မြို့-ပဲခူးတိုင်း
နံနက် ၁၀ နာရီခန့်က သံဃာအပါး ၅၀၀ ကျော် မေတ္တာသုတ်ရွတ်ကာ ရွှေဆံတော်ဘုရားဝန်းကျင်၌ ချီတက်ဆန္ဒပြကြ သည်ဟု ပြည်မြို့ခံတဦးက ပြောသည်။

ဆန္ဒပြသံဃာများတွင် ဆရာတော်ကြီးများလည်း ပါဝင်ကြောင်း သိရသည်။ ရန်ကုန်မြို့-ရန်ကုန်တိုင်းနေ့လယ်တနာရီတွင် သံဃာတော်အပါး ၄၀၀ ခန့် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှစ၍ ချီတက်ဆန္ဒပြကြောင်း မျက်မြင် သက်သေတဦးက ပြောသည်။

ဆန္ဒပြသံဃာများသည် အသာသနာ့အလံ ၅ လက်ကို ထိပ်ဆုံးတွင်လွှင့်ထူထားပြီး ၃ ပါးတတွဲတန်းကာ ချီတက်ဆန္ဒ ပြကြသည်ဟု အဆိုပါမျက်မြင်သက်သေက ပြောသည်။ နေ့လယ်တနာရီခွဲတွင် ဆန္ဒပြသံဃာများ ရွှေဂုံတိုင်လမ်းဆုံသို့ ရောက်ရှိပြီး ခြောက်ထပ်ကြီးဘုရားဘက်သို့ ဆက်လက်ချီတက်ကြသည်။

ခြောက်ထပ်ကြီးဘုရားအရောက်တွင် ဆန္ဒပြချီတက်ပွဲသို့ အခြားသံဃာများ ထပ်မံပူးပေါင်းသောကြောင့် အပါး ၇၀၀ ခန့်အထိဖြစ်သွားပြီး ပြည်သူများလည်း နောက်မှလိုက်လျှောက်သည်ဟု မျက်မြင်သက်သေက ပြောသည်။
နေ့လယ် ၂နာရီတွင် ဆန္ဒပြသံဃာများး တာမွေလမ်းဆုံသို့ရောက်ကြောင်း စုံစမ်းသိရှိရသည်။

ရန်ကင်းမြို့နယ်-ရန်ကုန်
ယနေ့နံနက် အာရုံဆွမ်းစားပြီးချိန်မှစ၍ သံဃာအပါး ၅၀ ခန့်သည် သာသနာ့အလံကိုထူကာ ရန်ကင်းနှင့် သင်္ကန်းကျွန်း မြို့နယ်တို့ရှိ လမ်းများတွင် ပရိတ်ရွတ် ချီတက်ဆန္ဒပြသည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

“သင်္ကန်းကို တရားဟောသွား၊ ဆွမ်းခံသွားရင်ရုံသလို ၀ိနည်းအတိုင်းရုံထားတယ်။ မိုးရွာထဲမှာ စက္ခုနြေ္ဒချပြီး (မျက်လွှာချပြီး) စင်္ကြံလျှောက်တာ။ ဘုန်းကြီးတွေရဲ့မျက်နှာတွေပြာနေတာ ချမ်းနေမှာပဲ” ဟု အဆိုပါ မျက်မြင်သက်သေက ပြောသည်။

ဆန္ဒပြသံဃာများသည် မိုးကောင်းဘုရားပတ်ဝန်းကျင်ရှိ ကျောင်းတိုက်များမှဖြစ်ကြပြီး ဆွမ်းစားချိန် ရောက်ခါနီးတွင် မိုးကောင်းဘုရားကို ၃ ကြိမ်ပတ်၍ ဆန္ဒပြပွဲအား ရုပ်သိမ်းလိုက်ကြောင်း စုံစမ်းသိရှိရသည်။

ကြို့ပင်ကောက်-ပဲခူးတိုင်း
ယမန်နေ့ညနေ ၅ နာရီခန့်မှ ၉ နာရီအထိ ကြို့ပင်ကောက်မြို့မှ သံဃာအပါး ၂၅၀ ကျော်တို့သည် မေတ္တာသုတ်နှင့် မောရသုတ်ရွတ်ကာ ချီတက်ဆန္ဒပြကြသည်ဟု မြို့ခံသံဃာတပါးက ပြောသည်။

“မြို့ပေါ်ကကျောင်းတွေ အစုံလောက်ပါပဲ … စာသင်သား သံဃာငယ်တွေ အများဆုံးပါကြတယ်။ အခုလို သံဃာတွေ မေတ္တာသုတ်ရွတ်တယ်၊ မြို့ထဲကိုလှည့်တယ်ဆိုတာ တခြားမြို့တွေက သံဃာတွေနဲ့ ဆန္ဒတူ၊ သဘောတူတယ်ဆိုတဲ့ သဘောပါပဲ” ဟုလည်း မြို့ခံသံဃာက ပြောသည်။

မန္တလေးမြို့-မန္တလေးတိုင်း
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်မှ သံဃာအပါး ၃၀၀ ကျော် ယနေ့နံနက် ၆ နှာရီ မှ ၈ နာရီအထိ မေတ္တာသုတ်ရွတ်ကာ ချီတက်ဆန္ဒပြကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် သံဃာတပါးက ပြောသည်။

ဆန္ဒပြပွဲကို အာဏာပိုင်တို့က နှောင့်ယှက်ခြင်းမရှိကြောင်း သိရသည်။ မစိုးရိမ်တိုက်သစ်တွင် သံဃာတော်ပေါင်း ၂၈၀၀ ကျော်ရှိသည်ဟုလည်း ၎င်းကပြောသည်။

Tuesday, September 18, 2007

strike diary ( irrawaddy sept 18 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၁၇၊ ၂၀၀၇

မန္တလေးမြို့- မန္တလေးတိုင်း
မန္တလေးမြို့ မစိုးရိမ်ကျောင်းတိုက်သစ်တွင် သံယာတော်အများ၏ ဆန္ဒကောက်ခံပြီး ကျောင်းအတွင်းရှိ သိမ်ထဲ၌ သံဃာ အပါး ၂၀ ခန့် ယနေ့ ကံဆောင်သည် ဟုသိရသည်။

“တခြားကျောင်းတော့မသိဘူး ... တို့ကျောင်းတော့ ကျောင်းထဲက သိမ်မှာပဲ ကံဆောင်ခဲ့ကြတယ်၊ သံဃာတော်တွေရဲ့ ဆန္ဒကို ခံယူတယ်´ဟု မစိုးရိမ်တိုက်သစ်က ဆရာတော် ဦးက၀ိန္ဒက ပြောသည်။
“ကျောင်းဝင်းအပြင်ဘက် လက်ဖက်ရည်ဆိုင်တွေမှာ ကြံ့ခိုင်ရေးတွေ ၁၀ ယောက် နီးပါးလောက် စောင့်ကြည့်နေတယ်” ဟုလည်း ၎င်းက ထပ်မံပြောသည်။မစိုးရိမ် စာသင်တိုက်သစ် အပြင်ဘက်တွင် ကြံ့ဖွံ့၊ ဆွမ်းအားရှင်၊ စစ်တပ် စသည်တို့ သည် ယနေ့ နံနက်လင်းကတည်းက ရောက်နေခဲ့သည် ဟုလည်း သိရသည်။

ပဲခူးမြို့-ပဲခူးတိုင်း
နေ့လယ် ၁၂ နာရီခန့်မှစ၍ ပဲခူးမြို့ဘုန်းကြီးကျောင်းများရှိ သံဃာတော်အပါး ၁၅၀၀ ခန့် ငြိမ်းချမ်းစွာဖြင့် ပဲခူးမြို့တွင်းမှ ရွေမော်ဓော ဘုရားသို့ မေတ္တာသုတ်နှင့် ပရိတ်ရွတ်ကာ ချီတက်ဆန္ဒပြခဲ့ကြသည်ဟု မျက်မြင်တဦးက ဧရာဝတီကို ပြောသည်။

ထောင်ပေါင်းများစွာသော ပြည်သူလူထုကြီးကလည်း သံဃာတော်များနောက်သို့ လိုက်ပါအားပေးကြပြီး ရေသန့်များ ကပ်လှူကာ အားပေးထောက်ခံခဲ့ကြသည်။

သံဃာတော်များသည် ၎င်းတို့ဆန္ဒပြပွဲအား ဓာတ်ပုံမရိုက်ရန် ဟန့်တားထားသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ထားပြီး အာဏာပိုင်ဘက်မှဟု ယူဆရသော ဓာတ်ပုံရိုက်ယူနေသူ နှစ်ယောက်ထံမှ ကင်မရာကို သိမ်းယူလိုက်ကြောင်းလည်း မျက်မြင်သက်သေက ဆိုသည်။

အာဏာပိုင်များက ဆန္ဒပြသံဃာတော်များကို ဖြိုခွင်းခဲ့ခြင်းမရှိသည့်အပြင် ယခင်ရက်များက ဆန္ဒပြပွဲမစခင်က တုတ်၊ လေးခွများ ကိုင်ဆောင်ထားသည့် အာဏာပိုင်နှင့် ၎င်းတို့၏ အဖွဲ့သားများကို ယနေ့တဦးတယောက်မှ မတွေ့ရတော့ ကြောင်းလည်း သိရသည်။သံဃာတော်များ ဆန္ဒပြအပြီးတွင် ပဲခူးမြို့လုံး တိတ်ဆိတ်ငြိမ်သက်လျက်ရှိပြီး ဈေးဆိုင်များလည်း ပိတ်ထားကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း
နေ့လယ် ၁၂ နာရီခွဲခန့်တွင် ခေမာသီဝံစာသင်တိုက်၊ သုခ၀တီစာသင်တိုက်၊ စိတ္တပါလဂူကျောင်းစာသင်တိုက် စသည့် စာသင်တိုက်ကြီးများ အပါအ၀င် အခြားရဟန်းအနည်းငယ်ဆီရှိသည့် ကျောင်းငယ်များရှိ သံဃာတော်များ သိမ်ဝင်ကြပြီး ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါဖတ်ကာ ကံဆောင်လိုက်ပြီဖြစ်ကြောင်း ခေမာသီဝံစာသင်တိုက်ရှိ စာချဆရာတော်တဦးက ပြောဆိုသည်။

“ဦးပဉ္ဇင်းတို့ ကံဆောင်လိုက်ပြီဖြစ်တဲ့အတွက် ကျောက်ပန်းတောင်းမြို့မှာရှိတဲ့ အာဏာပိုင်အဖွဲ့အစည်းရဲ့ သာရေး၊ နာရေး၊ ဆွမ်း၊ ကွမ်း အားလုံးကို ဖြတ်လိုက်တာပါ။ ဘယ် သာရေး နာရေးမှ မလိုက်တော့ပါဘူး ဒကာရေ ...”ဟု စာချဆရာတော်က ပြောသည်။

စစ်အစိုးရက သံဃာတော်များအား မတောင်းပန်သည့် ကာလပတ်လုံးအား ကံဆောင်သည့် သပိတ်မှောက်ကာလဟု သတ်မှတ်ထားကြောင်းလည်း ပြောသည်။

နေ့လယ် ၂ နာရီခွဲခန့်တွင် အောင်မြေရတနာစာသင်တိုက်မှ သံဃာအပါးတရာခန့် စေတီကြီးဘုရားမှစ၍ ပုခုက္ကူမြို့ကို စီတန်းလှည့်လည် ပရိတ်ရွတ်ကြကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်
ဆူးလေဘုရားသို့ချီတက်သည့် ဆန္ဒပြသံဃာများ ဆူးလေရောက်သည့်အချိန်၌ သံဃာအပါး ၆၀၀ ကျော်လာသည်ဟု မျက်မြင်သက်သေက ပြောသည်။သံဃာတော်များ မေတ္တာသုတ်ရွတ်ဆိုကာ ချီတက်ကြခြင်းဖြစ်ပြီး ဆူးလေဘုရားမှ ဗိုလ်တထောင်ဘုရားသို့ ဆက်လက် ချီတက်ရာ ထောင်နှင့်ချီသောပြည်သူလူထုများက လက်ခုပ်တီးအားပေးကြကြောင်း သိရသည်။

ပခုက္ကူ-မကွေးတိုင်း
နေ့လယ်တစ်နာရီ မှစတင်၍ှ ပခုက္ကူ မြို့  မှ ရဟန်းပျို တထောင်နှီးပါးခန့် အနောက်တိုက်၊ အလယ်တိုက်၊ အရှေ့တိုက် ဗောတိမာန်တိုင်ကျောင်းများမှတဆင့် မြို့ပတ်၍ မေတ္တာသုတ်ရွတ်ကာ ဆန္ဒပြ လမ်းလျှောက် သည်ဟု ပခုက္ကူရှိ ဘုန်းတော်ကြီးတပါးက ပြောသည်။

ဆန္ဒပြသံဃာများသည် ဘုရားကြီး၊ ၎င်းမှတဆင့် သီဟိုဠ်ရှင်ဘုရားသို့ ဆက်လက်ချီတက်ရန် အစီအစဉ်ရှိသည်ဟု အဆိုပါဘုန်းတော်ကြီးက ပြောသည်။“လေးပါးတတွဲ၊ သုံးပါးတတွဲလောက် အေးအေးချမ်းချမ်း မေတ္တာသုတ်ရွတ်ဆို လျောက်ကြပါတယ်။ အာဏာပိုင်တွေ အနေနဲ့ကတော့ လူမပါ သေးလို့ဘာမှ အနှောင့်အယှက်မပေးသေးဘူး” ဟုလည်း ပခုက္ကူရှိ မျက်မြင်သက်သေတဦးက ပြောသည်။

ရန်ကုန်
ရွှေတိဂုံဘုရားကို အာဏာပိုင်တို့ကပိတ်ထားသောကြောင့် ရန်ကုန်မြို့ရှိ အသံအပါး ၃၀၀ ခန့် နေ့လယ်၂ နာရီတွင် ရွှေတိဂုံခြေရင်း ဗဟန်းတောရမှ ဆူးလေဘုရာသို့ ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေကြကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။

သံဃာများကို အာဏာပိုင်တို့က နှောင့်ယှက်ခြင်းမရှိသော်လည်း အနောက်မှ ကားများဖြင့် လိုက်ကြည့်နေသည် ဟုလည်း အဆိုပါမျက်မြင်သက်သေက ပြောသည်။

နေ့လယ် ၂ နာရီခွဲတွင် ဆန္ဒပြသံဃာများ သမတရုပ်ရှင်ရုံအနီးသို့ရောက်ရှိကြောင်း စုံစမ်းသိရှိရသည်။
အောင်လံ-မကွေးတိုင်းနံနက် ၅ နာရီခန့်က အောင်လံမြို့တွင် သံဃာအပါး ၉၀ ကျော်မေတ္တာသုတ်ရွတ်ဆိုကာ မြို့ပတ်ဆန္ဒပြကြောင်း မျက်မြင်သက်သေတဦးက ပြောသည်။

“ရှေ့ကနေ သံဃာတပါးကနေဦးဆောင်ပြီး သပိတ်ကိုမှောက်ပြီးပိုက်ထားတယ်။ နောက်လိုက်သံဃာက ၃ ပါးကို တတန်း၊ ၃၁ တန်းရှိတယ်။ နောက်ကနေတပါးကပိတ်ပြီး မေတ္တာသုတ်ရွတ် လျှောက်ကြတာ” ဟု မျက်မြင်သက်သေက ပြောသည်။

အာဏာပိုင်တို့က သံဃာများနောက်မှ မော်တော်ဆိုင်ကယ်များဖြင့် လိုက်လံစောင့်ကြည့်သည်ဟုလည်း အဆိုပါ မျက်မြင်သက်သေက ပြောသည်။

လမ်းလျှောက်ဆန္ဒပြပွဲတွင်ပါဝင်သည့် တ၀တိံသာကျောင်းတိုက်ရှိ ဦးပဉ္ဇင်းတပါးက “ကံဆောင်တယ်ဆိုတာ သိမ်ထဲဝင်ပြီး ကံဆောင်မှမဟုတ်ပါဘူး။ သံဃာတော်တွေက ကံဆောင်လိုက်တယ်ဆိုလို့ ဦးပဉ္ဇင်းတို့က မေတ္တာပို့ပြီး ထောက်ခံလိုက်တယ်၊ ကံဆောင်တာက သဘောတူတယ်ဆိုရင်လည်း ကံမြောက်သွားတာပါပဲ” ဟု ဧရာဝတီကို ပြောသည်။အောင်လံသံဃာတော်များ၏ လမ်းလျှောက်ဆန္ဒပြပွဲအား မြို့နယ်သံဃနာယကအဖွဲ့ကလည်း ထောက်ခံကြောင်း စုံစမ်းသိရှိရသည်။

ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး - ရန်ကုန်
ယနေ့ နံနက်ပိုင်း မှ စတင်၍ ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ဗားဂရာတိုက်တွင် သိမ်ထဲ၌ သံဃာများ ကံဆောင်ကြောင်း၊ ဗဟန်းမြို့နယ် ငါးထပ်ကြီးဘုရား၊ ခြောက်ထပ်ကြီးဘုရားနှင့် စမ်းချောင်းမြို့နယ်ရှိ ကိုးထပ်ကြီး ဘုရားတို့တွင် စစ်တပ်က လက်နက်အပြည့်အစုံဖြင့် လုံခြုံရေးယူထားကြောင်း ကိုးထပ်ကြီးဘုရားမှ ဆရာတော် တပါးက ပြောသည်။

“ဗားဂရာတိုက်က ကံဆောင်တာပြီးသွားပြီ၊ သူတို့ဘယ်သိလိုက်မလဲ သိမ်ထဲလုပ်တာ၊ ခုနကတော့ ဗိုလ်မှူးတွေ လာလျှောက် တယ်၊ စစ်တပ်က လုံခြုံရေးယူထားတယ်တဲ့၊ သံဃာတွေကို ထိမ်းပေးပါတဲ့၊ ထိမ်းဖို့ သိပ်မလွယ်ဘူး ထင်တယ်”ဟု သက်တော် ၇၂ နှစ်ရှိ အထက်ပါ ကိုးထပ်ကြီးဘုရား ဆရာတော်က ပြောသည်။
ကျောင်းတိုက်ချင်းဆက်သွယ်သည့် တယ်လီဖုန်းလိုင်းတချို့ကို ပိတ်ထားသည်ဟုလည်း ယင်း ဆရာတော်က ဆိုသည်။

“ဗဟန်းကိုခေါ်တာမရဘူး၊ လမ်းမတော် သရက်တော ကျောင်းဘက် ခေါ်တာလည်း မရဘူး၊ ဖုန်းတွေပိတ်ထားတယ်”ဟု ကိုးထပ်ကြီးဆရာတော်က ပြောသည်။

ယင်းကိုးထပ်ကြီးဘုရား၊ ငါးထပ်ကြီးဘုရားနှင့် ခြောက်ထပ်ကြီးဘုရား ၀န်းကျင်တွင် စစ်တပ်အပြင် ကြံ့ဖွံ့များ၊ မီးသတ်ကား များနှင့်ပါ လုံခြုံရေးယူထားပြီး ရန်ကုန်မြို့ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများဝန်းကျင်တွင် လုံခြုံရေးများ ချထားကြောင်း သိရသည်။

တောင်ဥက္ကလာပ-ရန်ကုန်မြို့
နံနက် ၃ နာရီမှစ၍ ကျိုက္ကဆံဘုရားပတ်ဝန်းကျင်ရှိ စာသင်တိုက်များမှ သံဃာ ၃၅ ပါးခန့်က တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်အချို့တွင် ပရိတ်ရွတ်ကာ လမ်းလျှောက်ဆန္ဒပြကြကြောင်း တောင်ဥက္ကလာပမှ သံဃာတပါးက ပြောသည်။

“စာသင်သားကိုယ်တော်လေးတွေ တောင်ဥက္ကလာ ၁၃ ရပ်ကွက်၊ ၁၀ ရပ်ကွက်၊ ၁၁ ရပ်ကွက် တွေကိုပတ်ပြီးတော့ ပရိတ်ရွတ်ကြတယ်။ ၄ နာရီခွဲလောက်မှာ ကျောင်းပြန်ရောက်ကြတယ်။ အနှောင့်အယှက်ကတော့ မရှိသေးဘူး” ဟု အဆိုပါ သံဃာက ပြောသည်။လွန်ခဲ့သည့်လကုန်ပိုင်းကစ၍ ရန်ကုန်မြို့၏လုံခြုံရေးကို တပ်မမှူး ဗိုလ်မှူးကြီး တင့်ဝေဦးဆောင်သည့် စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် အမှတ် ၄ တပ်က တာဝန်ယူထားပြီး မြို့အနှံ့ အရပ်ဝတ်များဖြင့် အစောင့်ချထားသည်ဟု စစ်တပ်အသိုင်းအ၀န်းနှင့် နီးစပ်သူတဦးက ပြောသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း
နံနက် ၈ နာရီမှ ၉ နာရီအထိ စိတ္တပါလဂူကျောင်းတိုက်ရှိ သံဃာအပါးတရာကျော် ပရိတ်ရွတ်ကာ လမ်းလျှောက် ဆန္ဒပြကြောင်း သိရသည်။

ခေမာသီဝံစာသင်တိုက်မှ စာချဆရာတော်တပါးက “သံဃာတွေက သပိတ်ကိုမှောက်ပိုက်ပြီး မြို့ထဲလှည့်တယ်လို့ကြားတယ် ဒကာကြီး …။ အနှောင့်အယှက်တော့ မရှိသေးပါဘူး၊ နောက်ကနေ နောက်ယောင်ခံလိုက်တဲ့ သဘောပါပဲ”ဟု ဧရာဝတီကို ပြောသည်။

နေ့လယ် ၁၂ နာရီခန့်တွင် ခေမာသီဝံစာသင်တိုက်နှင့် အခြားစာသင်တိုက်တခုတို့မှ သံဃာအပါး ၅၀၀ ကျော်တို့ မိမိတို့ ကျောင်းတိုက်များတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲကိုစတင်မည်ဟု အဆိုပါ စာချဆရာတော်က ပြောသည်။“ဦးပဉ္ဇင်းတို့ လောလောဆယ်စုစည်းထားတာက စာသင်တိုက်ကြီး ၂ တိုက်ပေါ့။ ကျောင်းတိုက်မှာရှိတဲ့ သံဃာတွေ သိမ်ထဲမှာ ပတ္တနိက္ကုဇ္ဇန ကမ္မ၀ါဖတ်ဖို့အစီအစဉ်ရှိပါတယ်”ဟု ပြောဆိုသည်။



မူရင်း

irrawaddy.org/bur/protest/

Monday, September 17, 2007

strike diary ( irrawaddy sept 17 )

0 comments

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၁၇၊ ၂၀၀၇

ချောက်-မကွေးတိုင်း

နံနက် ၅ နာရီခွဲမှ ၇ နာရီအထိ ချောက်မြို့ရှိ ဘုန်းကြီးကျောင်းအသီးသီးမှ သံဃာအပါး ၃၀၀ ခန့် မေတ္တာပို့ ပရိတ်ရွတ်ကာ လမ်းလျှောက်ကြသည်ဟု လယ်တီတိုက် ကျောင်းထိုင်ဆရာတော်က ဧရာဝတီကို ပြောသည်။
“အခုအချိန်အထိတော့ အနှောင့်အယှက်မရှိသေးဘူး၊ အေးအေးဆေးဆေး ပြီးသွားတယ်။ ဓာတ်ပုံတော့ ရိုက်တယ်။ မယက ဥက္ကဌက ဘုန်းကြီးတွေ လမ်းလျှောက်တဲ့အကြောင်း ကျောင်းထိုင်တွေဆီကို သတင်းပို့တယ်။ ကျုပ်လဲ ပြောလိုက်တယ်၊ တရားသူကြီး တယောက်ခေါ်ထား။ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ရင် တရားသူကြီးက အရေးယူလို့ ပြောလိုက်တယ်”ဟုလည်း လယ်တီကျောင်းထိုင်ဆရာတော်က ပြောသည်။


မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာအများစုမှာ ရဟန်းငယ်များဟုလည်း အဆိုပါ ဆရာတော်ကပြောသည်။
ယမန်နေ့ နေ့လယ်ပိုင်းတွင်လည်း ချောက်မြို့တွင် သံဃာအပါး ၃၀ ခန့်ကစတင်ပြီး မြို့ကိုပတ်ကာ ပရိတ်ရွတ်ကြကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း

နံနက် ၆ နာရီခန့်က သံဃာတော် အပါး ၃၀၀ ကျော်လမ်းလျှောက်ဆန္ဒပြကြောင်း သိရသည်။
“မြို့ပေါ်ရှိတဲ့ သံဃာအားလုံး သာသနပါလ ဆွမ်းလောင်းအသင်းမှာ ကိုယ်တော်တွေစုတယ်။ ပြီးတော့ စေတီကြီးဘုရားကို သွားတယ်။ ဘုရားထဲမှာ မေတ္တာသုတ်နဲ့ မောရသုတ် ၉ ခေါက်စီရွတ်တယ်”ဟု ခေမာသီဝံ ကျောင်းတိုက်မှ ဦးပဉ္ဇင်းက ဧရာဝတီကို ပြောသည်။

ဒကာ၊ ဒကာမများ၏ စားဝတ်နေရေး ကြပ်တည်းနေကြသောကြောင့် ပြေလည်စေရန်အတွက် မေတ္တာသုတ်ကို ရွတ်ခြင်းဖြစ်သည်ဟုလည်း အဆိုပါဦးပဉ္ဇင်းက ပြောသည်။ဧရာဝတီက ခေမာသီဝံကျောင်းတိုက်မှဦးပဉ္ဇင်းနှင့် ဆက်သွယ်မေးမြန်းနေစဉ် အာဏာပိုင်က တယ်လီဖုန်းလိုင်းကို ဖြတ်တောက်လိုက်သည်။




မူရင်း

irrawaddy.org/bur/protest/

Wednesday, September 12, 2007

strike diary ( irrawaddy sept 12 )

0 comments
(ဖတ်ကြည့်ပါဦး။ ထောင် ၄ နှစ် ချလိုက်သတဲ့။

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၁၂၊ ၂၀၀၇

တောင်ကုတ်-ရခိုင်ပြည်နယ်
တောင်ကုတ်မြို့တွင် တကိုယ်တော်ဆန္ဒပြခဲ့သူ ဆားပြင်ရွာသား ကိုစိုးဝင်းအား စစ်အစိုးရအာဏာပိုင်တို့က ထောင်ဒဏ် ၄ နှစ် ချမှတ်လိုက်သည်ဟု တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ကိုမင်းအောင်က ပြောသည်။
ကိုစိုးဝင်းသည် ဆားပြင်ရွာမှ မိုင် ၂၀ ဝေးသည့် တောင်ကုတ်မြို့အထိ တကိုယ်တော်လမ်းလျှောက်ဆန္ဒပြခဲ့သူ ဖြစ်သည်။
ယမန်နေ့နံနက်က ကိုစိုးဝင်း တကိုယ်တော်ဆန္ဒပြရာတွင် ရင်ဘတ်၌ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုသည့် ပိုစတာကိုချိတ်ဆွဲထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ရန် ရေးသား ထားသည့် ပိုစတာကို ကျောကုန်း၌ ချိတ်ဆွဲထားသည်။

( http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)


Tuesday, September 11, 2007

strike diary ( irrawaddy sept 11 )

0 comments
( ရခိုင်ပြည်နယ် တောင်ကုတ်မြို့က ဆန္ဒပြသမားအကြောင်း)

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၁၁၊ ၂၀၀၇

တောင်ကုတ်-ရခိုင်ပြည်နယ်

တောင်ကုတ်မြို့နယ် ဆားပြင်ရွာမှ ရွာသားတဦးသည် မိုင် ၂၀ ဝေးသည့် ဆားပြင်-တောင်ကုတ်ခရီးကို ယနေ့ နံနက်ပိုင်းတွင် တကိုယ်တော်လမ်းလျှောက်ဆန္ဒပြခဲ့ကြောင်း တောင်ကုတ်မြို့ခံတဦးက ဧရာဝတီကို ပြောသည်။

ဆန္ဒပြသမားသည် ရင်ဘတ်တွင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈ မျိုးဆက်ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို တောင်းဆိုသည့် ပိုစတာကို ချိတ်ဆွဲထားပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေအား ဗုဒ္ဓဘာသာဝင်အဖြစ်မှ ထုတ်ပယ်ပစ်ရန်ဟု ရေးသားထားသည့် ပိုစတာကိုလည်း ကျောကုန်း၌ချိတ်၍ ဆန္ဒပြခြင်း ဖြစ်ကြောင်း အဆိုပါ တောင်ကုတ်မြို့ခံက ပြောသည်။

ဆန္ဒပြသမား တောင်ကုတ်မြို့အတွင်းသို့ရောက်ရှိပြီး ငါးမိနစ်ခန့်အကြာတွင် ရဲတပ်ဖွဲ့ဝင်များက ၎င်းအား ဖမ်းဆီး လိုက်ကြောင်း သိရသည်။

( http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)


Friday, September 7, 2007

strike diary ( irrawaddy sept 7 )

0 comments
(ဖတ်ကြည့်ပါဦး။ သုံးခွ၊ ပခုက္ကူ ၊ ဂွမြို့-နယ် သတင်းတွေဗျာ)

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၇၊ ၂၀၀၇

ပခုက္ကူလုံခြုံရေး-မကွေးတိုင်း
ပခုက္ကူ မြို့ထဲတွင် ယနေ့ညနေပိုင်း မှ စတင်၍ စစ်တပ်က စစ်ကားများဖြင့် လုံခြုံရေးယူထားကြောင်း သိရသည်။
ညနေ ၃ နာရီ ခန့်က မဟာဝိဇယာရာမ စာသင်ကျောင်းတိုက် (အရှေ့တိုက်) အနီးတွင် လက်နက်ကိုင်ဆောင်ထားသော စစ်သား ၁၅ ဦးခန့် တင်ဆောင်ထားသည့် စစ်ကားတစီးနှင့် ပခုက္ကူမြို့ လျှပ်စစ်ရုံးဝင်းအတွင်း၌လည်း အလားတူ စစ်ကားတစီးချထားပြီး စစ်တပ်က လုံခြုံရေးယူထားသည်ဟု မြို့ခံများက ပြောသည်။ အဆိုပါ စစ်ကားများတွင် အသံချဲ့ စက်များ တပ်ဆင်ထားသည်ဟု ဆိုသည်။
ပခုက္ကူမြို့တွင် မကွေးတိုင်းမှူး၊ အနောက်မြောက်ပိုင်း တိုင်းမှူး စသည့် စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင် တချို့ ရောက်ရှိနေ သည်ဟုလည်း သိရသည်။

ဂွမြို့-ရခိုင်ပြည်နယ်
ယနေ့ နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် ဂွမြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လူ ၄ ဦး က မြို့ သို့ ပတ်၍ လမ်းလျှောက် ဆန္ဒပြကြောင်း သိရသည်။
နေ့လယ် ၁၂ နာရီခန့်က ဂွမြို့ အန်အယ်လ်ဒီ ဥက္ကဌ ဦးစိန်ကြယ်၊ ဂွမြို့လွှတ်တော်အမတ် ဦးညီပုနှင့် စည်းရုံးရေး အဖွဲ့ဝင် ၂ ဦး တို့က ဆန္ဒပြ လမ်းလျှောက်ကာ မြို့တွင်းရှိ ဘုရားများ၊ ဘုန်းကြီးကျောင်းများသို့လည်း သွားရောက် ဦးတိုက် ဆုတောင်းပြီး နောက် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် အကြံပြုစာ တစောင်ကို မြို့နယ် တရားရုံးသို့ ပို့ဆောင်ခဲ့သည်ဟု ဦးစိန်ကြယ် က ဧရာဝတီသို့ပြောပြသည်။

သုံးခွ-ရန်ကုန်တိုင်း
ရန်ကုန်တိုင်း သုံးခွမြို့က အန်အယ်လ်ဒီ ဥက္ကဌ ဦးအေးမြင့်၊ ဒု ဥက္ကဌ ဦးလှစိုးတို့အပါအ၀င် အဖွဲ့ဝင် ၇ ဦးကို အာဏာပိုင် များက ဆန္ဒပြမည်ဟူသော သတင်းအရ ယမန်နေ့ညတွင် ဖမ်းဆီးခဲ့ကြောင်းဒေသခံများက ပြောသည်။

ပခုက္ကူ-မကွေးတိုင်း

ပခုက္ကူမြို့၌ မကြာသေးခင်က ဆန္ဒပြ သံဃာများတော်များကို အကြမ်းဖက် နှိမ်နင်းရာတွင် ဦးဆောင်ပါဝင်သူများ ဖြစ်သည့် ယရက ဥက္ကဌ ဟောင်း၏ တပည့်နှင့် ကြံ့ဖွံ့ အတွင်းရေးမှူးတို့ကို သံဃာတော်များက လိုက်လံရှာဖွေနေရာ တိမ်းရှောင် နေသောကြောင့် ၎င်းတို့ပိုင် ပစ္စည်းတချို့ကို ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။

စက်တင်ဘာ ၅ ရက်နေ့က ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြသော သံဃာများကို အကြမ်းဖက်ခဲ့သူ ယရက ဥက္ကဌဟောင်း ဦးဝင်းမြင့်၏ တပည့် မြို့ခံများက“လူမိုက်၊ လူရမ်းကား” ဟုခေါ်ဆိုသော ကိုခင်မောင်ဝင်းကို ရှာဖွေရာ မတွေ့သော ကြောင့် သံဃာများက ၎င်း၏ တဲအိမ်ကို ဖြိုဖျက်လိုက်ကြောင်း၊ ကြံ့ဖွံ့အတွင်းရေးမှူး ဦးလှဝင်းနိုင် ပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း ဆက်စပ်ပစ္စည်းများ၊ အီလက်ထရွန်းနစ်ပစ္စည်းများ ရောင်းသည့်ဆိုင်ကိုလည်း ဖြိုဖျက်လိုက်ကြောင်း မြို့ခံတဦးကပြောသည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ်သံဃ နာယက ဥက္ကဌ ဆရာတော် ဦးတေဇောဘာသ တို့က မေတ္တာရပ်ခံတားမြစ်သည့်ကြားမှပင် ဆန္ဒပြသံဃာများက ဥက္ကဌ ဆရာတော်အား တွန်းလှဲ ဖြတ်ကျော် ဆန္ဒပြခဲ့သည့်အတွက် လုံခြုံရေးအရ သေနတ်ဖောက် ခြောက်လှန့် လူစုခွဲခဲ့ရခြင်းဖြစ်သည်ဟု စွပ်စွဲ ရေးသား ထားသည်။

ထို့ပြင် သတင်းစာ၌ ၁၉၈၈ ခုနှစ် အရေးအခင်းကဲ့သို့ ဖြစ်ပေါ်လာရန် ဖန်တီးမှုများကို လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ ယင်းဖန်တီးမှုမျိုးပြုလုပ်ပါက ကာကွယ် တားဆီးသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

( http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)


Thursday, September 6, 2007

strike diary ( irrawaddy sept 6 )

0 comments
(ဖတ်ကြည့်ပါဦး။ အာဏာပိုင်များကို ၀ိုင်းဝန်း ဖမ်းဆီးလိုက်ပြီး ၎င်းတို့၏ ကား ၄ စီးကို မီးရှို့လိုက်သည် တဲ့။ ခက်ကုန်ပြီ)

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၆၊ ၂၀၀၇
ပခုက္ကူ-မကွေးတိုင်း

ယနေ့မနက်ပိုင်းက မကွေးတိုင်း ပခုက္ကူမြို့ရှိ အလယ်စာသင်တိုက်ရှေ့တွင် သံဃာတော်များက အာဏာပိုင်များ၏ ကားများကို မီးရှို့ ဆန္ဒပြကြကြောင်း သိရသည်။

ယမန်နေ့က အာဏာပိုင်များ၏ ရိုက်နှက်ဖမ်းဆီးမှု ဒဏ်ရာများဖြင့် ဆေးရုံတင်ထားရသည့် သံဃာတော်သည် ယနေ့ မနက်တွင် ပျံလွန်တော်မူသွားကြောင်း သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။

ယနေ့မနက် ၉ နာရီခန့်တွင် မကွေးတိုင်း တိုင်းအတွင်းရေးမှူး၊ ခယက ၊ မယကနှင့် သာသနာရေးဌာန တာဝန်ရှိ သူများ က ကား ၄-၅ စီးခန့်ဖြင့် စာသင်တိုက်များသို့ ဆက်လက်ဆန္ဒမပြကြရန် လိုက်လံလျှောက်ထားရာ အလယ် တိုက် အရောက်တွင် အလယ်တိုက်သံဃာများက အာဏာပိုင်များကို ၀ိုင်းဝန်း ဖမ်းဆီးလိုက်ပြီး ၎င်းတို့၏ ကား ၄ စီးကို မီးရှို့လိုက်သည်ဟု ပခုက္ကူမြို့ခံများနှင့် သံဃာတော် တပါးကပြောသည်။

ယမန်နေ့ နေ့လယ်က ပခုက္ကူမြို့ရှိ သံဃာအပါး ၅၀၀ ခန့် မေတ္တာပို့ ရွတ်ဆိုရင်း လမ်းလျှောက် ဆန္ဒပြကြရာ စစ်တပ်က သေနတ် ဖောက်ပြီး အာဏာပိုင်များနှင့် ကြံ့ဖွံ့၊ စွမ်းအားရှင်များက ယင်းဆန္ဒပြ သံဃာများအား ရိုက်နှက် ဖမ်းဆီးခဲ့သည်။ ထိုသို့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးမှုကြောင့် သံဃာ ၁၀ပါးခန့် ဖမ်းဆီးခံရပြီး သံဃာ အများအပြား ဒဏ်ရာရကာ သံဃာတော် တပါး ရိုက်နှက်ခံရသည့် ဒဏ်ရာဖြင့် ဆေးရုံ တင်ခဲ့ရသည်။

( http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)

Wednesday, September 5, 2007

strike diary ( irrawaddy sept 5 )

0 comments
(ဖတ်ကြည့်ပါဦး။ အနယ်နယ်မှာ လမ်းလျှောက် ဆန္ဒပြခဲ့တာတွေ )

လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၅၊ ၂၀၀၇
တောင်ကုတ်-ရခိုင်ပြည်နယ်
လောင်စာဆီဈေးနှုန်းနှင့် ကုန်ဈေးနှုန်းကျဆင်းရေအတွက် ဆန္ဒပြခဲ့ကြသည့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ဆန္ဒပြ သမားနှစ်ဦး ယနေ့နံနက်ပိုင်းတွင်လွတ်မြောက်လာသည်ဟု တောင်ကုတ်မြို့နယ် အန်အယ်လ်ဒီပါတီဝင် ကိုမင်းအောင်က ဧရာဝတီကို အတည်ပြုပြောဆိုသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် ကိုစည်သူနှင့် ကိုသန်းလွင်တို့နှစ်ဦး တောင်ကုတ်၌ ကုန်ဈေးနှုန်းကျဆင်ရေးကို တောင်းဆို ထားသည့် ပိုစတာများကိုင်ဆောင်ကာ နှစ်ဦးတည်းဆန္ဒပြခဲ့သောကြောင့် အာဏာပိုင်တို့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

အဆိုပါဆန္ဒပြသမားနှစ်ဦးလွတ်မြောက်ရေးအတွက် ယမန်နေ့ကတောင်ကုတ်မြို့နယ် အန်အယ်လ်ဒီ ပါတီဝင်များက ဒေသအာဏာပိုင်များထံသို့ ချီတက်တောင်းဆိုကြရာ ပြည်သူလူထု တထောင်ကျော်က လိုက်လံအားပေးခဲ့ကြသည်။

ဘိုကလေး-ဧရာဝတီတိုင်း
ယနေ့နံနက် ၈ နာရီကျော်တွင် ဘိုကလေး အန်အယ်လ်ဒီ ဥက္ကဌ ဦးအောင်ခင်ဗိုလ် ဦးဆောင်သည့် အဖွဲ့ဝင် ၁၅ ဦးခန့် မြို့မဈေးအနီးရှိ ဖျာပုံသင်္ဘောဆိပ်မှစတင်၍ ချီတက်ဆန္ဒပြကြောင်း သိရသည်။

ဆန္ဒပြသမားများသည် ကုန်ဈေးနှုန်းကျဆင်းရေး၊ စီအန်ဂျီ သဘာဝဓာတ်ငွေ့ဈေးနှုန်းကျဆင်းရေး၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ပိုစတာများကိုကိုင်ဆောင်ကာ ဆန္ဒပြကြသည်။ ကုန်ဈေးနှုန်းကြီးမြင့်မှု ကြောင့် ဆန္ဒပြရခြင်းဖြစ်ကြောင်းကို လမ်းတလျှောက်ပြောဆိုကြရာ ပြည်သူလူထုက လက်ခုပ်တီး အားပေးကြောင်း သိရသည်။

ဆန္ဒပြသမားများ ဂန္ဓမာလက်ဖက်ရည်ဆိုင်တွင် ခေတ္တနားနေစဉ် ကြံ့ဖွံ့၊ ရဲနှင့် စွမ်းအားရှင်များ ဒိုင်နာကားတစီးဖြင့် ရောက်လာပြီး ဆန္ဒပြခေါင်းဆောင် ဦးအောင်ခင်ဗိုလ်အား မြို့နယ်မယကရုံးသို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဆန္ဒပြခေါင်းဆောင်အဖမ်းခံရသဖြင့် ဆန္ဒပြပွဲတွင်ပါဝင်သည့် ဘိုကလေး အန်အယ်လ်ဒီ စည်းရုံးရေး အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်မိမိစိန်နှင့် ဒေါ်ခင်လေးတို့က ပြည်သူလူအား တရားဟောကြပြီး ထောက်ခံသူ တထောင်ကျော်ရှိကြောင်းလည်း သိရသည်။

အာဏာပိုင်တို့က ဆန္ဒပြရာလမ်းကိုပိတ်ထားလိုက်ပြီး ဘိုကလေးမြို့နယ် အန်အယ်လ်ဒီ စည်းရုံးရေးကော်မတီ တွဲဖက် အတွင်းရေးမှူး ဦးခင်မောင်ချစ်အား ထပ်မံဖမ်းဆီးရန်ကြိုးစားရာ ပြည်သူလူထုက အော်ဟစ်ရှုံချ သောကြောင့် မအောင်မြင်ခဲ့ပေ။

နောက်ဆုံးရရှိသည့်သတင်းများအရ ဘိုကလေးအာဏာပိုင်တို့က မြို့မဈေးကိုပိတ်လိုက်သော်လည်း ဆန္ဒပြသမားများ၏ တရားဟောပွဲ ဆက်ရှိနေကြောင်းသိရသည်။ ၎င်းတရားပွဲတွင် အိမ်ရှင်မတဦးက ကုန်ဈေးနှုန်းများ ကြီးမြင့်မှုနှင့်စပ်လျှင်း၍ ဟောပြောခဲ့ကြောင်း စုံစမ်းသိရှိရသည်။

တောင်ကြီး-ရှမ်းပြည်နယ်
တောင်ကြီးရှိ အန်အယ်လ်ဒီပါတီဝင် ၁၇ ဦးသည် မိမိနေအိမ်ရှိဘုရားနှင့် နီးစပ်ရာစေတီများတွင် ယမန်နေ့နံနက် ၆ နာရီမှ ည ၁၂ နာရီအထိ အစာငတ်ခံ ဆန္ဒပြကြသည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သည့် တောင်ကြီးမြို့နယ် အန်အယ်လ်ဒီ အတွင်းရေးမှူး ဒေါ်ခင်မိုးမိုးက ဧရာဝတီကို ပြောသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေအားလိပ်မူထားသည့် တိုက်တွန်းနှိုးဆော်စာတစောင်ကို တောင်ကြီးအန်အယ်လ်ဒီက ထုတ်ပြန်ခဲ့ပြီး ဥပဒေမဲ့ဖမ်းဆီးမှုများကို ဆက်လက်မပြုလုပ်ရန်၊ ဖမ်းထားသူများအား ပြန်လွှတ်ပေးရန်နှင့် အကြမ်းဖက်နှိမ်နင်းမှုများ ရပ်တန့်ပေးရန်တို့ကို တောင်းဆိုထားသည်။

၎င်းအပြင် တိုက်တွန်းစာ၌ လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးကိုလည်း စွမ်းအင်နှင့် ပို့ဆောင်ဆက်သွယ်ရေး
ဝန်ကြီးဌာနများအား တောင်းဆိုထားသည်။

တောင်ကြီးမြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အပတ်စဉ် အင်္ဂါနေ့ ဆုတောင်းပွဲကိုလည်း အန်အယ်လ်ဒီပါတီဝင်များက ပြုလုပ်လေ့ရှိသည်။

ဟားခါး-ချင်းပြည်နယ်
ကုန်ဈေးနှုန်းကျဆင်းရေး၊ စည်ပင်သာယာခွန် ၄ မျိုး အဆမတန် နှုန်းထားတက်ခြင်းအား လျော့ချပေးရန်နှင့် ချင်းပြည်နယ်ရှိ အစိုးရ၀န်ထမ်းများအား ရှားပါးစရိတ်ပေးရန်တို့အတွက် ယမန်နေ့နံနက်ပိုင်းတွင် ဟားခါးမြို့နယ်ရှိ အန်အယ်လ်ဒီပါတီ
ဝင်များ မြို့နယ်မယကရုံးသို့ ချီတက်တောင်းဆိုကြောင်း သိရသည်။

ချင်းပြည်နယ် အန်အယ်လ်ဒီ ဥက္ကဌ ဦးဗန်လန်းက “ချင်းပြည်ဟာ သွားလာရေးခက်ခဲပြီး ဝေးလံတဲ့ဒေသဖြစ်လို့ ကုန်ဈေးနှုန်းလည်း ကြီးမြင့်တယ်။ ဒါကြောင့် အင်္ဂလိပ်လက်ထက်နဲ့ ပါလီမန် ဒီမိုကရေစီခေတ်တွေကတည်းက အစိုးရ၀န်ထမ်းတွေကို ရှားပါးစရိတ် ခံစားခွင့်ပြုခဲ့တယ်။ အဲဒါကြောင့် ၀န်ထမ်းတွေကို ရှားပါးစရိတ် ခံစားခွင့်ပြုဖို့ တောင်းဆိုရခြင်းဖြစ်တယ်”ဟု ပြောသည်။

အဆိုပါ ချီတက်ဆန္ဒပြပွဲကို ဟာခါးမြို့နယ်ရှိ အန်အယ်လ်ဒီအဖွဲ့ဝင်များက စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသမား ၂၄ ဦးက ချီတက်ဆန္ဒပြကြသည်။

ယနေ့နံနက်ပိုင်းတွင် ဟားခါးမြို့နယ် အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးဟွတ်ချွမ်းကို မြို့နယ် မယက ရုံးက ခေါ်ယူစစ်ဆေးနေသည်ဟုလည်း ဦးဗန်လန်းက ပြောသည်။ နေ့လယ်တနာရီထိုးသည်အထိ ဦးဟွတ်ချွမ်း မယက ရုံးမှ ပြန်မရောက်သေးကြောင်းလည်း စုံစမ်းသိရှိရသည်။

( http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)

strike diary ( irrawaddy sept 4 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၄၊ ၂၀၀၇

ရွှေတိဂုံစေတီ-ရန်ကုန်
နေ့လယ်တနာရီတွင် ဒေါ်နော်အုန်းလှဦးဆောင်သည့် အင်္ဂါနေ့ဝတ်ပြုဆုတောင်းအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ရွှေတိဂုံစေတီ အင်္ဂါထောင့်၌ ၀တ်ပြုဆုတောင်းခဲ့ကြသည်။
ဆုတောင်းပွဲ၌ ၀တ်ပြုဆုတောင်းသူ ၁၀ ဦးခန့်ပါဝင်ပြီး ၎င်းတို့အနက် ဒေါ်မြမြစန်းအား ဘုရားဂေါပကအဖွဲ့က ကျိုက္ကဆံ စစ်ကြောရေးစခန်းသို့ ဖမ်းဆီးပို့ဆောင်လိုက်ကြောင်း စုံစမ်းသိရှိရသည်။



တောင်ကုတ်-ရခိုင်ပြည်နယ်
တောင်ကုတ်မြို့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆန္ဒပြ မှုကြောင့် အဖမ်းခံထားရသူ နှစ်ဦးနှင့် ပတ်သက်ပြီး တောင်ကုတ် အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့၏ အတွင်းရေးမှူး ဦးခင်လတ်ဦးဆောင်သည့် ပါတီဝင် ၁၅ ဦးက ရဲစခန်းသို့ ယနေ့နံနက်ပိုင်းက သွားရောက်ဆွေးနွေးရာ ၎င်းတို့သွားရာနောက်သို့ ပြည်သူထူထု တထောင်ကျော်က လိုက်လံအားပေးကြကြောင်း သိရသည်။

“ဆန္ဒပြသူတွေကို ရဲကဖမ်းထားတာ ၄၊ ၅ ရက်ရှိသွားပြီ။ ဘယ်ရောက်နေမှန်းမသိဘူး၊ ဘာအမှုနဲ့ တရားစွဲမှန်းလည်းမသိဘူး။ အဲဒီလိုမသိရတဲ့အတွက်၊ ကျနော်တို့တောင်းဆိုထားတာတွေကို ဘာမှအရေးယူ ဆောင်ရွက်ပေးခြင်းမရှိတဲ့အတွက်
တာဝန်ရှိတဲ့ မြို့နယ်ရဲမှူးကို တွေ့ဖို့သွားတာပါ” ဟု ဦးခင်လတ်က ပြောသည်။

သြဂုတ်လ ၃၁ ရက်နေ့တွင် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် တောင်ကုတ်တွင်ဆန္ဒပြခဲ့သူ ၂ နှစ်ဦးကို ရဲကဖမ်းဆီးခဲ့သည်။

အဆိုပါ ဆန္ဒပြသမားနှစ်ဦး အဖမ်းခံရသည့်အတွက် ယခုလ ၂ရက်နေ့တွင် တောင်ကုတ် အန်အယ်လ်ဒီ စည်းရုံးရေးအဖွဲ့
ဝင်များက အရေးပေါ်အစည်းအဝေးကျင်းပ၍ ဆုံးဖြတ်ချက် ၃ ချက်ကိုချမှတ်ခဲ့ကြသည်။ ဒေသအာဏာပိုင်တို့ကိုလည်း အဆိုပါဆုံးဖြတ်ချက်များကို အသိပေးအကြောင်းကြားကြောင်း သိရသည်။

ထိုဆုံးဖြတ်ချက်များမှာ ဥပဒေချိုးဖောက်ခြင်းမရှိဘဲ မိမိဆန္ဒအားထုတ်ဖော်ပြသသူများကို ၂၄ နာရီကျော်ကြာအောင် ချုပ်နှောင်ထားသည်ကို ကန့်ကွက်ကြောင်း၊ ဆန္ဒပြသမားနှစ်ဦးကို ဖမ်းဆီးစဉ်က အဓမ္မ၀င်ရောက်ထိုးကြိတ်ခဲ့သည့် စစ်သားအား အရေးယူပေးရန်နှင့် ၎င်းတို့နှစ်ဦးအား ဆက်လက် ဖမ်းဆီးထားပါက ပိုမိုထိရောက်သည့် ဖိအားပေး တောင်းဆိုမှုများကို ဆက်လက်လုပ်ဆောင်ရန်တို့ ဖြစ်သည်။

ဦးခင်လတ်နှင့်အဖွဲ့သည် အဖမ်းခံရသူများ၏ မိသားစုဝင်များနှင့်သွားရာ အားပေးသူ တထောင်ကျော်က ဆက်လက်လိုက်ပါ အားပေးနေသဖြင့် အာဏာပိုင်တို့က ဆက်မလိုက်ရန်အတွက် သေနတ်ပြခြိမ်းခြောက် လူစုခွဲခဲ့ကြောင်း စုံစမ်းသိရှိရသည်။

( http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)


Monday, September 3, 2007

strike diary ( irrawaddy sept 3 )

0 comments
လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၃၊ ၂၀၀၇

ကျောက်ဆည်-မန္တလေးတိုင်း
ယနေ့နံနက်ပိုင်း၌ ကျောက်ဆည်မြို့တွင် စာပေသမား ၁၄ ဦးက လမ်းလျှောက်ဆန္ဒပြပွဲတရပ်ပြုလုပ်ကြောင်း ဆန္ဒပြပွဲတွင် ပါဝင်သည့် စာရေးဆရာ ညွန့်လွင် (စက်မှုတက္ကလိုလ်) က ပြောသည်။


ကျောက်ဆည်မြို့၏ လူစည်ကားရာလမ်းများကို အာဏာပိုင်တို့က ရဲ၊ ကြံဖွံ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသော ကြောင့် ဆန္ဒပြပွဲသမားများသည် လူနေအိမ်ခြေနည်းပါးသည့် မြို့ပတ်လမ်းမှတဆင့် အရဟံ စေတီသို့လမ်းလျှောက်ကာ နိုင်ငံရေးကြောင့် အကျဉ်းကျနေသူများလွတ်မြောက်ရေးကို ဆုတောင်းခဲ့သည်ဟုလည်း ဦးညွန့်လွင်က ပြောသည်။

“ည ၁၁ နာရီလောက်က ကဗျာဆရာ ကျော်သူမိုးမြင့်နဲ့ အရပ်သားတယောက် အဖမ်းခံရတယ်။ ဒီနေ့လုပ်မယ့်အစီအစဉ် အာဏာပိုင်က ကြိုသိသွားတယ်။ တမြို့လုံးအကြီးအကျယ်လုပ်ဖို့စီစဉ်ထားတာလည်း မလုပ်လိုက်ရဘူး။ မြို့ထဲမှာ ရဲတွေ၊ အချုပ်ကားတွေ စောင့်နေလို့ အကျဉ်းရုံးအစီအစဉ်ပြောင်းလိုက်ရတာ” ဟု ဦးညွန့်လွင်က ရှင်းပြသည်။

လမ်းလျှောက်ဆန္ဒပြပွဲတွင် ကျောက်ဆည်မြို့မှ ကဗျာဆရာများဖြစ်ကြသည့် တင်လတ်ကို၊ ဘိုဘိုကျော် (ကျောက်ဆည်) နှင့် ဇင်ပိုင်ကျော်တို့လည်း ပါဝင်သည်။
ဆန္ဒပြသမားများသည် ယန္တယားတပ်အတွင်းမှလည်း ဖြတ်၍လမ်းလျှောက်ကြရာ စစ်ဖက်အရာရှိများက ရုံးသို့ခေါ်ယူ ဆွေးနွေးပြီးနောက် ဆက်လက်လမ်းလျှောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့သည် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇာတိမြို့ဖြစ်သည်။


လပ္ပတ္တာ-ဧရာဝတီတိုင်း

အန်အယ်လ်ဒီပါတီဝင်ဟောင်းများဖြစ်ကြသည့် ကိုအောင်မိုးဝင်း၊ ဦးကြည်သန်းနှင့် ဦးဌေးဝင်းတို့ကဦးဆောင်၍ လောင်စာ ဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် ယနေ့နံနက် ၈ နာရီတွင် လပ္ပတ္တာမြို့မှ ရန်ကုန်သို့ ချီတက် ဆန္ဒပြကြကြောင်း သိရသည်။

ချီတက်ဆန္ဒပြပွဲကို လပ္ပတ္တာမြို့ရှိ သပိတ်ကြိုဘုရားမှစတင်ခြင်းဖြစ်ပြီး ပြည်သူလူထု ၂၀၀၀ ခန့်က ပူးပေါင်း ပါဝင်ခဲ့ကြောင်း၊ ဆန္ဒပြပွဲကိုဦးဆောင်သူများက ချီတက်ရာလမ်းတလျှောက်ရှိပြည်သူများကို ၃ ကြိမ် တရားဟောကြောင်းလည်း သိရသည်။

ဆန္ဒပြသမားများ မြောင်းမြကားဂိတ်အနီးသို့ရောက်ချိန်တွင် ဒေသအာဏာပိုင်၊ ရဲနှင့် ကြံ့ဖွံ့များက ခေါင်းဆောင် ၃ ဦးကို ဖမ်းဆီးပြီးမြောင်းမြသို့ခေါ်ဆောင်သွားကြောင်းနှင့် လမ်းလျှောက်ချိန် မိနစ် ၃၀ ခန့်ရရှိကြောင်း စုံစမ်းသိရှိရသည်။

( http://www.irrawaddy.org/bur/protest/BurmaProtests-Continue.html ကနေ ယူတယ်။)