Monday, September 17, 2007

strike diary ( irrawaddy sept 17 )


လမ်းလျှောက်ဆန္ဒပြပွဲ ဒိုင်ယာရီ
ဧရာဝတီ စက်တင်ဘာ ၁၇၊ ၂၀၀၇

ချောက်-မကွေးတိုင်း

နံနက် ၅ နာရီခွဲမှ ၇ နာရီအထိ ချောက်မြို့ရှိ ဘုန်းကြီးကျောင်းအသီးသီးမှ သံဃာအပါး ၃၀၀ ခန့် မေတ္တာပို့ ပရိတ်ရွတ်ကာ လမ်းလျှောက်ကြသည်ဟု လယ်တီတိုက် ကျောင်းထိုင်ဆရာတော်က ဧရာဝတီကို ပြောသည်။
“အခုအချိန်အထိတော့ အနှောင့်အယှက်မရှိသေးဘူး၊ အေးအေးဆေးဆေး ပြီးသွားတယ်။ ဓာတ်ပုံတော့ ရိုက်တယ်။ မယက ဥက္ကဌက ဘုန်းကြီးတွေ လမ်းလျှောက်တဲ့အကြောင်း ကျောင်းထိုင်တွေဆီကို သတင်းပို့တယ်။ ကျုပ်လဲ ပြောလိုက်တယ်၊ တရားသူကြီး တယောက်ခေါ်ထား။ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်ရင် တရားသူကြီးက အရေးယူလို့ ပြောလိုက်တယ်”ဟုလည်း လယ်တီကျောင်းထိုင်ဆရာတော်က ပြောသည်။


မေတ္တာပို့ လမ်းလျှောက်ကြသည့် သံဃာအများစုမှာ ရဟန်းငယ်များဟုလည်း အဆိုပါ ဆရာတော်ကပြောသည်။
ယမန်နေ့ နေ့လယ်ပိုင်းတွင်လည်း ချောက်မြို့တွင် သံဃာအပါး ၃၀ ခန့်ကစတင်ပြီး မြို့ကိုပတ်ကာ ပရိတ်ရွတ်ကြကြောင်း စုံစမ်းသိရှိရသည်။

ကျောက်ပန်းတောင်း-မန္တလေးတိုင်း

နံနက် ၆ နာရီခန့်က သံဃာတော် အပါး ၃၀၀ ကျော်လမ်းလျှောက်ဆန္ဒပြကြောင်း သိရသည်။
“မြို့ပေါ်ရှိတဲ့ သံဃာအားလုံး သာသနပါလ ဆွမ်းလောင်းအသင်းမှာ ကိုယ်တော်တွေစုတယ်။ ပြီးတော့ စေတီကြီးဘုရားကို သွားတယ်။ ဘုရားထဲမှာ မေတ္တာသုတ်နဲ့ မောရသုတ် ၉ ခေါက်စီရွတ်တယ်”ဟု ခေမာသီဝံ ကျောင်းတိုက်မှ ဦးပဉ္ဇင်းက ဧရာဝတီကို ပြောသည်။

ဒကာ၊ ဒကာမများ၏ စားဝတ်နေရေး ကြပ်တည်းနေကြသောကြောင့် ပြေလည်စေရန်အတွက် မေတ္တာသုတ်ကို ရွတ်ခြင်းဖြစ်သည်ဟုလည်း အဆိုပါဦးပဉ္ဇင်းက ပြောသည်။ဧရာဝတီက ခေမာသီဝံကျောင်းတိုက်မှဦးပဉ္ဇင်းနှင့် ဆက်သွယ်မေးမြန်းနေစဉ် အာဏာပိုင်က တယ်လီဖုန်းလိုင်းကို ဖြတ်တောက်လိုက်သည်။




မူရင်း

irrawaddy.org/bur/protest/

No comments: