Monday, September 17, 2007

Monks stage protest march in Kyauk-pa-daungm (nej)

ကျောက်ပန်းတောင်းမြို့၌ သံဃာတော်များ
ဝတ်ပြုဆုတောင်းပွဲ ကျင်းပ

ပီတာအောင်/ ၁၇ စက်တင်ဘာ ၂၀၀၇

“ - - - “ပြည်သူလူထုကထွက်ကြည့်ကြတယ်။ တချို့ထိုင်ရှိခိုးကြတယ်။ ကျနော်တို့ ရင်ထဲမှာ ခံစား ရတာတော့ မပြောနဲ့ဗျို့။ တကိုယ်လုံးကြက်သီးတွေထလာတယ်။ မျက်ရည်တောင်လည်လာတယ်။ မိန်းမတွေဆိုငိုကြတယ်။ လူထုဆန္ဒက ကျနော်တို့ အထွတ်အမြတ်ထားတဲ့ ဗုဒ္ဓရဲ့သားတော်တွေကို သူတို့ တိရိ စ္ဆာန်တကောင်လို - - - - ”



မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ သံဃာတော်အပါး (၅၀၀) ကျော်တို့က ဆုတောင်းပြည့် မဟာစေတီကြီးဘုရားသို့ စီတန်းကြွချီကာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးခံထားရသူ များလွတ်မြောက်ရေးအတွက် မေတ္တာပို့ တောင်းဆိုကြောင်း မြို့ခံသံဃာတော်များက ပြောသည်။

ယနေ့နံနက် (၆) နာရီခန့်က သုခ၀တီနှင့် ခေမာသီဝံ စာသင်တိုက်တို့မှ သံဃာတော်များနှင့် သာသနပါလ ဆွမ်းလောင်းအသင်းသို့ ဆွမ်းခံကြွလာသည့် သံဃာအပါး (၅၀၀) ကျော်တို့ ပူးပေါင်းကာ ကျောက်ပန်းတောင်းမြို့ မိန်းလမ်းမကြီးအတိုင်း (၂) ပါးတတန်းစီ စီတန်းကာ မေတ္တာသုတ်ရွတ်၍ စေတီကြီးဘုရားသို့ သွားရောက်ကြသည်။

ဆန္ဒပြပွဲတွင်ပါဝင်သည့် ခေမာသီဝံကျောင်းတိုက်မှ သံဃာတော်တပါးက “ပခုက္ကူသံဃာတွေကို
ညှဉ်းပန်းနှိပ်စက်တာနဲ့ပတ်သက်ပြီး ကျောက်ပန်းတောင်းမှာရှိတဲ့ သံဃာတော်အရှင်မြတ်တွေ အားလုံးက ပြင်းပြင်းထန်ထန်ရှုတ်ချတယ်။ သံဃာကိုစော်ကားတဲ့အတွက်ကြောင့် သံဃာကို လူသိရှင်ကြားဝန်ချတောင်းပန်ဖို့ ဦးပဉ္စင်းတို့ ဆန္ဒပြင်းပြတယ်။ ဒါယိကာ၊ ဒါယိကာမတွေ အဆင် မပြေတဲ့ အခက်အခဲအကျပ်အတည်းတွေအားလုံးကို ဖြေရှင်းပေးဖို့ ဆန္ဒပြင်းပြတယ်။ ပတ္တနိ ကုဇ္ဇနကံပြုဖို့ သဘောတူတယ်ဆိုတဲ့သဘောလည်းပါဝင်ပါတယ် ” ဟု ဆန္ဒပြရသည့်ရည်ရွယ်
ချက်ကို မိန့်ကြားသည်။

အထွေထွေအကျပ်အတည်းဖြင့် ဆင်းရဲဒုက္ခရောက်နေကြသည့် ရဟန်းရှင်လူပြည်သူများအား ဆင်းရဲဒုက္ခမှ လွတ်မြောက်စေရန်နှင့် ဖမ်းဆီးခံထားရသူများ အနှောင်အဖွဲ့မှလွတ်မြောက်စေရန် သံဃာတော်များက ဘုရား၌ တန်းစီပြီးထိုင်ကာ မေတ္တာသုတ်နှင့် မောရသုတ် (၉) ခေါက်စီ ရွတ်ဆိုပြီးနောက် သက်ဆိုင်ရာ ကျောင်းသို့ ပြန်လည်ကြွချီသွားသည်ဟု မြို့ခံတဦးက ပြောသည်။

၎င်းက “ပြည်သူလူထုကထွက်ကြည့်ကြတယ်။ တချို့ထိုင်ရှိခိုးကြတယ်။ ကျနော်တို့ ရင်ထဲမှာ ခံစား ရတာတော့ မပြောနဲ့ဗျို့။ တကိုယ်လုံးကြက်သီးတွေထလာတယ်။ မျက်ရည်တောင်လည်လာတယ်။ မိန်းမတွေဆိုငိုကြတယ်။ လူထုဆန္ဒက ကျနော်တို့ အထွတ်အမြတ်ထားတဲ့ ဗုဒ္ဓရဲ့သားတော်တွေကို သူတို့ တိရ စ္ဆာန်တကောင်လို ညှဉ်းပန်းနှိပ်စက်တဲ့အပေါ်မှာ တော်တော်ကြီးကို စက်ဆုပ်ရွံရှာနေ
တာ။ ဒီအစိုးရကို စက်ဆုပ်ရွံရှာသွားပြီးတော့ ကနေ့ဆိုရင် သံဃာတော်တွေကို ဘယ်သူကတားတား၊ တားတယ်ဆိုရင်ကို ပြည်သူက ၀င်ပြီးတော့ရိုက်တော့မှာ ” ဟု ပြောသည်။

ယခုလ (၅) ရက်၌ ပခုက္ကူမြို့တွင် ငြိမ်းချမ်းစွာဆန္ဒပြသည့် သံဃာတော်များကို စစ်အစိုးရက ရိုက်နှက်ဖမ်းဆီးခဲ့သည်ကို ယနေ့နောက်ဆုံးထား၍ ၀န်ချတောင်းပန်ရန်နှင့် မတောင်းပန်ပါက ပတ္တနိက္ကုဇ္ဇနကံဆောင်သည့် အနေဖြင့် အလှူကိုလက်မခံခြင်း၊ သာရေး၊ နာရေးကိစ္စများ၌ မဆက်ဆံ ဘဲထားခြင်းတို့ ပြုလုပ်မည်ဟု သံဃအဖွဲ့အစည်းများက ကြေညာထားသည်။

ပခုက္ကူအရေးအခင်းသည် ဗုဒ္ဓဘာသာသာသနာထွန်းကားသည့် မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့
အလယ်၌ အင်မတန်မှာရှက်စရာကောင်းသည့်ကိစ္စဖြစ်ပြီး ယင်းသို့ထပ်မံမဖြစ်ပွားစေရန် တာဝန် သိသူတိုင်းတွင် တာဝန်ရှိကြောင်းနှင့် မြန်မာပြည်သူများအားလုံး တာဝန်သိကြရန် ယနေ့ ဆန္ဒြုပ
ပွဲ၌ပါဝင်သည့် သုခ၀တီကျောင်းတိုက်မှ သံဃာတော်တပါးက တိုက်တွန်းသည်။ ။

မူရင်း

khitpyaing.org/news/september_2007/17

No comments: