Tuesday, September 11, 2007

Nuclear Diplomacy with North Korea

(တစ်ခုခုအတွက်တော့ အကျိုးရှိမှာပါ။ ကောင်းကျိုးမဟုတ်လည်း ဆိုးကျိုးပေါ့ဗျာ)


မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး အကျိုးမရှိဟု သခင်ချန်ထွန်းပြော
ဧရာဝတီ | စက်တင်ဘာ ၁၁၊ ၂၀၀၇

နှစ်ပေါင်း ၂၀ ကျော်ကြာ နှစ်နိုင်ငံဆက်ဆံရေးဖြတ်တောက်ခဲ့ပြီး မြန်မာနှင့် မြောက်ကိုရီးယားတို့ သံတမန်အဆက်အသွယ် ပြန်လည်ပြုလုပ်ကြရာ ၎င်းဆက်ဆံရေးသည် စစ်အစိုးရ၏ အကျိုးစီးပွားအတွက်သာ ဖြစ်ကြောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက ပြောဆိုလိုက်သည်။

“မြောက်ကိုရီယားနဲ့ဆက်ဆံလို့ စီးပွားရေးအရ ကျနော်တို့ (ပြည်သူ) အတွက် ဘာအကျိုးအမြတ်မှ ရနိုင်စရာမရှိပေမယ့် အစိုးရအတွက်တော့ နျူကလီးယားနည်းပညာနဲ့ စစ်လက်နက်ပစ္စည်းတွေ ရနိုင်တာပေါ့” ဟု သခင်ချန်ထွန်းက ဧရာဝတီကို ပြောဆိုသည်။

စက်တင်ဘာလ ၉ ရက် မြောက်ကိုရီးယားနိုင်ငံ အမျိုးသားနေ့တွင် နအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြောက်ကိုရီးယား စစ်ကော်မရှင် ဥက္ကဌ ကင်ဂျုံအီးထံ သ၀ဏ်လွှာပေးပို့ခဲ့ပြီး စစ်အစိုးရ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူ သည် နှစ်နိုင်ငံသံတမန်ပုံမှန်ဆက်ဆံရေးအတွက် မြောက်ကိုရီးယား နိုင်ငံသို့ ယနေ့ သွားရောက်ကြောင်း စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

သခင်ချန်ထွန်းက “မြောက်ကိုရီးယားနဲ့ ဆက်တယ်ဆိုတာက အမေရိကန်နဲ့ဆန့်ကျင်တဲ့ ရင်းရင်းနှီးနှီးဖြစ်အောင် လုပ်နေ သလို အဏုမြူနဲ့ပတ်သက်တဲ့ နည်းပညာတွေ မြောက်ကိုရီးယားမှာအကုန်ရှိတော့ ဒါမျိုးတွေ အကူအညီ ရနိုင်မလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ သံတမန်ပြန်ဆက်သလားလို့ ယူဆရမလိုဖြစ်နေတယ်” ဟုလည်း သုံးသပ်သည်။

၁၉၈၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် တောင်ကိုရီးယားသမ္မတ မစ္စတာ ချန်ဒူးဝမ်နှင့်အဖွဲ့ကို မြောက်ကိုရီးယား လက်မရွံ့များက ရန်ကုန်မြို့ အာဇာနည်ကုန်း၌ ဗုံးခွဲလုပ်ကြံခဲ့သည့်နောက် နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

မကြာသေးမီလပိုင်းအတွင်းက မြောက်ကိုရီးယား အရာရှိများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး ရန်ကုန်မြို့၌ သံရုံးဖွင့်ရန် မြေနေရာ ရှာခဲ့သည်။

အတည်မပြုရသေးသည့် သတင်းများအရ မြန်မာနိုင်ငံသို့ မြောက်ကိုရီးယားနိုင်ငံမှ ဒုံးကျည်များတင်ပို့ခဲ့ပြီး စစ်အစိုးရ၏ နျူကလီးယားစီမံကိန်းများတွင် ပညာရှင်များဖြင့် ကူညီထောက်ပံ့နေကြောင်း သိရသည်။

မေလအတွင်းက စစ်အစိုးရသည် မြန်မာနိုင်ငံတွင် နျူကလီးယားဓာတ်ပေါင်းဖိုတည်ဆောက်ရန် ရုရှားနိုင်ငံနှင့် သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

၎င်းနျူကလီးယားဓာတ်ပေါင်းဖိုကို မေမြို့အနီး၌တည်ဆောက်ရန်စီစဉ်နေသည်ဟု အချို့က သုံးသပ်လျက်ရှိပြီး မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်းအတွင်း၌ တည်ဆောက်မည်ဟူသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

( ဒီသတင်း http://www.irrawaddy.org/bur/news2007/September/sept_11_07.html ကနေ ယူတယ်။)

No comments: