Sunday, September 23, 2007

nuns join the monks on strike


သံဃာသပိတ်တိုက်ပွဲ၌ သီလရှင်နှင့်ပြည်သူလူထု ပူးပေါင်းပါဝင်

NEJ / ၂၃ စက်တင်ဘာ ၂၀၀၇

ယနေ့ ရန်ကုန်မြို့၌ သံဃာတော်များ (၆) ရက်မြောက်နေ့အဖြစ် ကံဆောင်သပိတ် ဆက်လက် ဆင်နွှဲနေပြီး သံဃာတော်များနှင့်အတူ သီလရှင်များနှင့် ရန်ကုန်ပြည်သူလူထု သောင်းချီပူးပေါင်းပါဝင် ဆန္ဒပြလျှက်ရှိသည်။

ယနေ့ ဆန္ဒြုပသည့် သံဃာတော် (၅) ထောင်ခန့်ရှိပြီး လူထုလူတန်းစား အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်ကာ “အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ တွေ့ဆုံဆွေးနွေးရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများပြန်လွှတ်ရေး၊ အရေးတော်ပုံအောင်ရမည်” စသည့် ကြွေးကြော်သံများ အော်ဟစ်ကာ ဆန္ဒပြကြသည်ဟု သံဃာတော်တပါးက မိန့်ကြားသည်။

၎င်းက “သီလရှင်တွေရော လူထုပရိတ်သတ်တွေရော ပါလာလာတယ်။ ခု ရွှေတိဂုံဘုရားကနေပြီးတော့ ဆူးလေဘုရားကို ဦးပဉ္စင်းတို့လျှောက်နေတာ။ ဒီနေ့ဆိုရင် ဦးပဉ္စင်းတို့တောင်းဆိုချက် (၃) ချက်ပါ ပါလာပြီ” ဟု မိန့်ကြားသည်။

အချို့သံဃာတော်များသည် ကမ်းနားလမ်းမှ ဆူးလေဘုရားသို့ ချီတက်လာကြပြီး ရွှေတိဂုံဘုရား ဘက်မှ ချီတက်လာသည့် သံဃာတော်များနှင့်ပူပေါင်းကာ ဆူးလေဘုရား ထိုမှတဆင့် ဗိုလ် တထောင်နှင့် သိမ်ဖြူလမ်းဘက်ကြွချီသွားကြသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

မြို့ခံတဦးက “နေလည် (၁၂) ခွဲလောက်ကနေ စတာ မရပ်သေးဘူး။ လူရောဘုန်းကြီးရောပါတယ်။ ဒီနေ့က မေတ္တာပို့သက်သက်မဟုတ်တော့ဘူး၊ ကြွေးကြော်သံတွေပါလုပ်ကြတာ။ လူတွေက ဒီအတိုင်း ဆက်များလာရင် မြို့လယ်ခေါင်မှာ သိန်းဂဏန်းနီးပါးလောက် ရောက်သွားနိုင်တယ်” ဟု ခန့်မှန်း ပြောဆိုသည်။

မန္တလေးမြို့၌လည်း သံဃာတော်အပါး (၁) ထောင်ကျော်တို့ (၃) ရက်မြောက်နေ့အဖြစ် မြို့တွင်း လှည့်လည်ကြွချီကာ မဟာမြတ်မုနိဘုရားပုံတော်ကိုင်ဆောင်ကာ ဆန္ဒပြသည်ဟု သိရသည်။

မြို့ခံတဦးက “ဒီနေ့ ထူးခြားတာက မန္တလေးတိုင်း သံဃနာယက ဥက္ကဋ္ဌ ဦးသာသနရဲ့ မြတောင် ကျောင်းက အပါး (၄၀၀) ကျော်လောက်ကြွတယ်။ နေ့လယ် ဆွမ်းဘုန်းပေးပြီးချိန်မှကြွတာ၊ စစ်ကြောင်း (၃) ကြောင်း ချီသွားတယ်။ မြို့ထဲ (၈၄) လမ်းကနေ ကြွကြတယ်။ ဈေးချိုနဲ့ မြို့လယ် ခေါင်မှာလည်း ကြွတယ်” ဟု ပြောသည်။

ယခုလ (၁၈) ကတည်းက ရန်ကုန်မြို့အပါအ၀င် ပြည်နယ်နှင့်တိုင်းအသီးသီးရှိ မြို့ကြီးမြို့ငယ်များတွင် သံဃာတော်များ၏ သပိတ်မှောက်ကံဆောင်ပွဲများ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေပြီး မနက်ဖြန်၌ ပြည်သူလူထု အားလုံးပါဝင်သည့် အထွေထွေသပိတ်ဆင်နွှဲရန် သံဃတပ်ပေါင်းစုက တပ်လှန့် နှိုးဆော်ထားသည်။ ။




မူရင်း


khitpyaing.org/news/september

No comments: