Monday, September 17, 2007

order from spdc?

(သံဃာတော်တွေကံဆောင် သပိတ်မှောက်ရင် မချေမှုန်းရဆိုပဲ)

သံဃာတော်များအတွက် နေပြည်တော်မှ အမိန့်စာထုတ်ပြန်

NEJ / ၁၇ စက်တင်ဘာ ၂၀၀၇


“ - - - - - တစုံတရာ အနှောင့်အယှက်ပေးခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီး အကယ်၍ - - - - ”

သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံဆောင် သပိတ်မှောက်မည့်ကိစ္စနှင့် ပတ်သက်၍ နေပြည်တော်မှ တဆင့် တိုင်းနှင့်ပြည်နယ် အသီးသီးသို့ အမိန့်စာများ ယမန်နေ့က ပေးပို့ထားကြောင်း ကရင် ပြည်နယ်၊ ပြည်နယ်အဆင့် အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောကြားသည်။

အဆိုပါ အမိန့်စာတွင် ဆန္ဒပြမည့်သံဃာတော်များအား ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့၊ စွမ်းအားရှင်နှင့် သက်ဆိုင်ရာအာဏာပိုင်များက တစုံတရာ အနှောင့်အယှက်ပေးခြင်း မပြုလုပ်ရန် ညွှန်ကြားထားပြီး အကယ်၍ လူထုပါဝင်လာပါက နောက်ထပ်ညွှန်ကြားချက် ထပ်ပေးမည်ဟု ပါရှိကြောင်း ၎င်းက ပြောသည်။

သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးမှတဆင့် သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာများသို့ ဆင့်ကဲအမိန့်ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

ပြည်နယ်အဆင့် ကြံ့ခိုင်ဖွံ့ဖြိုးရေးမှ တာဝန်ရှိသူတဦးက “နအဖမှာ ကြိုတင်ပြင်ဆင်မှုတွေ ရှိပြီး သားဖြစ်တယ်၊ သံဃာတော်တွေနဲ့ လူထုတွေ ဆန္ဒပြပွဲဖြစ်မယ်ဆိုတာကို သူတို့လုံးဝယုံကြည်ထား တယ်၊ လူထုပါဝင်လာမယ်ဆိုရင် သူတို့ကတော့ လက်ဦးမှုယူမယ်လို့ ထင်တယ်” ဟု ပြောသည်။

ယခုလ (၅) ရက်တွင် မကွေးတိုင်း ပခုက္ကူမြို့တွင် ဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ စီတန်းလှည့် လည်မေတ္တာပို့သပွဲကို အာဏာပိုင်များက အကြမ်းဖက်ဖြိုခွင်းခဲ့ပြီး သံဃာတော်အချို့ကို ဓာတ်တိုင်
တွင် ကြိုးတုပ်ရိုက်နှက်ခဲ့ခြင်း အပါအ၀င် မတရားမှုများပြုလုပ်ခဲ့သည်ကို နအဖစစ်အစိုးရက ထိုသံဃာ တော်များအား ကျေအေးခွင့်လွှတ်သည်အထိ ၀န်ချတောင်းပန်ရန် ယနေ့နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည်။

စစ်အစိုးရက တောင်းပန်ခြင်းမရှိပါက မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲ့မှ ဦးဆောင်၍ နအဖစစ်အစိုးရအား ပတ္တနိက္ကုဇ္ဇနကံဆောင်မှုကို တနိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်မည်ဟု ကြေညာထားသည်။

မနက်ဖြန်နေ့လယ် (၁) နာရီအချိန်မှစတင်ကာ မန္တလေးမှသံဃာတော်များသည် မိမိကျောင်းတိုက်မှ ထွက်ကာ မဟာမြတ်မုနိဘုရားသို့လည်းကောင်း၊ ရန်ကုန်မှ သံဃာတော်များသည် ရွှေတိဂုံဘုရားသို့ လည်းကောင်း၊ အခြားပြည်နယ်၊ တိုင်း၊ မြို့ရွာအသီးသီးမှ သံဃာတော်များသည် မိမိတို့ဒေသအသီး သီးရှိ ထင်ရှားသော ဘုရား၊ စေတီ၊ ပုထိုးများသို့ လမ်းလျှောက်ချီတက်မေတ္တာပို့သရန်လည်း မြန်မာ နိုင်ငံလုံးဆိုင်ရာ သံဃသာမဂ္ဂီအဖွဲ့နှင့် ရဟန်းပျိုသမဂ္ဂအဖွဲ့တို့က ကြေညာထားသည်။ ။


မူရင်း

khitpyaing.org/news/september_2007/17

No comments: