ခေတ္တထိန်းသိမ်းပြီး ကားများကို မီးရှို့ဖျက်ဆီး
ပီတာအောင် / ၆ စက်တင်ဘာ ၂၀၀၇
ပခုက္ကူမြို့၌ သံဃာတော်များက အာဏာပိုင်များ၏ ကား (၄) စီးကို မီးရှို့ဖျက်ဆီးပစ်လိုက်ပြီး အာဏာပိုင်များကိုလည်း ဘုန်းကြီးကျောင်း၌ ခေတ္တထိန်းသိမ်းထားကာ ပြန်လွှတ်ပေးလိုက်
သည်ဟု ပခုက္ကူမြို့ခံများထံမှ သိရသည်။
ယမန်နေ့က ပခုက္ကူမြို့၌ ဖြစ်ပွားခဲ့သည့် သံဃာတော်များ၏ ဆန္ဒပြပွဲနှင့်ပတ်သက်၍ ဆန္ဒပြရာ၌
ပါဝင်သည့် ဘုန်းကြီးကျောင်းများသို့ အာဏာပိုင်များက သွားရောက်သတိပေးစဉ် မဟာဝိသုတာ ရာမကျောင်းတိုက် (အလယ်တိုက်) ၌ အဆိုပါဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခယက ဥက္ကဋ္ဌ ဦးတင်မောင်စိုး၊ မယကဥက္ကဋ္ဌ ဦးသိန်းဆွေ၊ တိုင်းနှင့်မြို့နယ် သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူ (၂၀) ခန့်ကို သံဃာတော်များက ကျောင်းတံခါးပိတ်ကာ ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ ကားများကို ယနေ့နံနက် (၉) နာရီခန့်မှ စတင်ကာ မီးရှို့ဖျက်ဆီးလိုက်သည်ဟု မြို့ခံတဦးက ပြောသည်။
၎င်းက “သံဃာတွေက ကားတွေကို တစီးပြီးတစီးမီးရှို့ပစ်လိုက်တယ်။ ရှို့ပြီးတဲ့ ကားတွေက
ဇ/ ၃၈၈၆၊ ဆ/၁၁၈၈၊ ဓ/ ၁၁၉၁၊ ၄က/ ၅၇၃၇ ကားလေးစီးကတော့ကုန်သွားပြီ။ သုံးစီးက
ဂျစ်ကား၊ တစီးက ဆူပါစလွန်း၊ အရပ်ဘက်ကားက (၁) စီးပါတယ်၊ သူတို့ ၀င်လာတဲ့အချိန်မှာ ပိတ်ပြီးတော့ သူတို့ကို ဖမ်းထားလိုက်တယ်။ ဘာဆက်လုပ်မယ်ဆိုတာ မသိသေးဘူး” ဟု
ပြောသည်။
ယမန်နေ့ဆန္ဒပြပွဲ၌ သံဃာတော်အချို့ ရိုက်နှက်ဖမ်းဆီးခံရသည်ကို မကျေနပ်သည့်အတွက်
ကားများ မီးရှို့ဖျက်ဆီးပစ်ခြင်းဖြစ်ပြီး မြို့ခံလူထုက လက်ခုပ်တီးအားပေးခဲ့ကြသည်ဟု မြို့ခံတဦးက ပြောသည်။
ထိန်းသိမ်းထားသည့်အာဏာပိုင်များကို သံဃာတော်များက ညနေပိုင်း၌ ပြန်လွှတ်ပေးလိုက်သည်ဟု ဘုန်းကြီးကျောင်းအနီး စောင့်ကြည့်ခဲ့သူတဦးက ပြောသည်။
၎င်းက “သူတို့တွေ ကားနဲ့မောင်းထွက်သွားတာတော့ မြင်လိုက်တယ်။ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်လိုက်လဲတော့ ကျနော်မသိဘူး။ (၄) နာရီလောက်မှာ ကျောင်းအနောက်ပေါက်ကနေ ထုတ်ပြီး တော့လွှတ်ပေးလိုက်တာ။ အရပ်ကားတစီးနဲ့ ရိုးရိုးရိန်းဂျားကားနဲ့ ထုတ်သွားတယ်” ဟု ပြောသည်။
ယမန်နေ့က သံဃာတော်အပါး (၅၀၀) ကျော်တို့ ကုန်ဈေးနှုန်းကျဆင်းရေးအတွက် မြို့ပေါ်၌ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ဆန္ဒပြသည်ကို စစ်တပ်က သေနတ်မိုးပေါ်ထောင်ပစ်ကာ လူစု ခွဲခဲ့သည်။
ယမန်နေ့က ဖမ်းဆီးခံရသည့် မဟာဗောဓိမဏ္ဍိုင် ကျောင်းတိုက်မှ ဦးစန္ဒိမာ၊ ဓာတ်တိုင်တွင် ကြိုးတုပ်ခံရသည့် အနောက်တိုက်မှ ဦးပညာစက္ကနှင့် ဦးပညာနန္ဒတို့ ပြန်လည်လွတ်မြောက် သွားပြီဖြစ်ကြောင်း၊ မြို့ပေါ်၌ စစ်တပ်များ ရောက်လာခြင်းမရှိသေးဘဲ ရဲများက အရပ်ဝတ်ဖြင့် သွားလာနေကြောင်း မြို့ခံများက ပြောသည်။ ။
( http://www.khitpyaing.org/news/september_2007/6-9-07d.php ကနေ ယူတယ်။)
No comments:
Post a Comment