Monday, September 10, 2007

new law to support money laundering

ငွေမည်းကို ငွေဖြူ လွယ်ကူစွာပြောင်းနိုင်မည့်
အခွန်စည်းကြပ်မှုပုံစံသစ် ပြဋ္ဌာန်း

NEJ / ၁၀ စက်တင်ဘာ ၂၀၀၇

မည်သည့်နည်းဖြင့်ရထားသည့်ငွေ ဖြစ်စေ၊ ငွေဖြူအဖြစ် အလွယ်တကူပြောင်းလဲနိုင်မည့် အခွန် စည်းကြပ်မှု ပုံစံသစ်တရပ်ကို ပြဋ္ဌာန်းလိုက်ကြောင်း ရန်ကုန်တိုင်း ပြည်တွင်းအခွန် များဦးစီးရုံးမှ မြို့နယ်ဦးစီးမှူးတဦးက ပြောသည်။

၎င်းက “ဒီစနစ်ကို စက်တင်ဘာ (၁) ရက်ကစပြီး ကျင့်သုံးနေပြီ။ အခုစနစ်မှာ အိမ်ခြံမြေ၀ယ်သူတွေ အနေနဲ့ ငွေဘယ်လိုရတယ်ဆိုတာ ပြစရာမလိုဘဲ ကျပ် သန်း (၅,၀၀၀) အထိဆိုရင် အခွန် (၁၅) ရာခိုင်နှုန်း၊ သန်း (၅,၀၀၀) အထက်ဆိုရင် အခွန် (၁၂) ရာခိုင်နှုန်းဆောင်လိုက်ရုံနဲ့ တရားဝင်
ငွေဖြူဖြစ်သွားပြီ” ဟု ပြောသည်။

ယခင်က အိမ်ခြံမြေ၀ယ်သူများသည် မိမိတို့ရရှိသည့်ငွေသည် တရားဝင်နည်းလမ်းဖြင့်ရရှိသည့် ငွေဖြူဖြစ်သည်ကို သက်သေပြရကြောင်း၊ သက်သေမပြနိုင်ပါက ၀ယ်ယူမည့်အိမ်ခြံမြေတန်ဖိုး၏
(၅၀) ရာခိုင်နှုန်းကို အခွန်အဖြစ်ဆောင်ရကြောင်း၊ ရန်ကုန်၊ မန္တလေးတိုင်းအတွင်း အရောင်းအ၀ယ် ဖြစ်ပါက စာချုပ်တွင် အခွန်တံဆိပ်ခေါင်းတန်ဖိုး၏ (၇) ရာခိုင်နှုန်းကပ်ရကြောင်း၊ ထိုကြောင့်
ငွေမည်းမှ ငွေဖြူလုပ်လိုသူများသည် အိမ်ခြံမြေတန်ဖိုး၏ (၅၇) ရာခိုင်နှုန်း ထပ်မံကုန်ကျမှသာ ငွေဖြူဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ဥပမာအားဖြင့် ကျပ်သန်း (၁၀,၀၀၀) တန်အိမ်ခြံမြေတခုကို ၀ယ်လျှင် ယခင်က ကျပ်သန်း (၅,၇၀၀) ထပ်မံအခွန်ဆောင်မှ ငွေဖြူဖြစ်နိုင်သော်လည်း ယခုစနစ်သစ်အရ ကျပ်သန်း (၁၀,၀၀၀) တန်ကို
ဝယ်လိုလျှင် ကျပ်သန်း (၁၂၀) အကုန်ခံရုံဖြင့် ငွေဖြူဖြစ်လာမည်ဖြစ်သည်။

“လွန်ခဲ့တဲ့ (၄) နှစ်က အရောင်းအ၀ယ်လုပ်ခဲ့တဲ့ အိမ်ခြံမြေစာချုပ်တွေလည်း အခုစနစ်သစ်အောက်မှာ အကျုံးဝင်နေသေးတော့ မူးယစ်ဆေးရောင်းဝယ်သူတွေ၊ လောင်းကစားသမားတွေ၊ အဂတိလိုက် စားတဲ့ အစိုးရအရာရှိတွေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေအတွက် တရားမ၀င်ရထားတဲ့ငွေတွေကို ငွေဖြူဖြစ် အောင်လုပ်ပေးဖို့ အင်မတန်လွယ်ကူမယ့်စနစ်ဖြစ်တယ်” ဟု မန္တလေးတိုင်းမှ မြို့နယ်အခွန်ဦးစီးမှူး တဦးက ရှင်းပြသည်။

ယခုစနစ်သစ်အရ အိမ်ခြံမြေအရောင်းအ၀ယ်လုပ်သူများ အခွန်ဆောင်နိုင်ရေးအတွက် စစ်အစိုးရက အခွန်ရာဖြတ်တန်ဖိုးသတ်မှတ်သည့် အဖွဲ့ကို ဖွဲ့စည်းထားပြီး ယင်းအဖွဲ့က သတ်မှတ်သည့်တန်ဖိုး
အပေါ် ငွေလက်ငင်းအခွန်ပေးဆောင်ရမည်ဖြစ်သည်။

နအဖစစ်ဗိုလ်ချုပ်ကြီးများသည် တန်ဖိုးကြီးအိမ်ခြံမြေ အမြောက်အမြားကို ပိုင်ဆိုင်ထားကြပြီး ယခု အခွန်စနစ်အရ ထိုပိုင်ဆိုင်မှုများ၏ တန်ဖိုးသတ်မှတ်ချက်အပေါ်တွင် (၁၂) မှ (၁၅) ရာခိုင်နှုန်း အခွန်ဆောင်လိုက်ရုံဖြင့် တရားဝင်ငွေဖြူများဖြစ်သွားမည်ဖြစ်ကြောင်း ရန်ကုန်မှ အိမ်ခြံမြေပွဲစား
များက ပြောဆိုနေကြသည်။ ။



( ဒီသတင်းကို http://www.khitpyaing.org/news/september_2007/10-9-07d.php ကနေ ယူတယ်။)

No comments: