Sunday, September 23, 2007

maung hteik blog made in mdy

မန္တလေးသား ဘလော့ဂ်သမားတစ်ယောက်ရဲ့ မှတ်တမ်းဗျာ။ Read More မှာ ဖတ်ရင်ဖတ်။ သူ့ဘလော့ဂ် http://uhteik.blogspot.com/ မှာ ဖတ်ရင်ဖတ်။


ယနေ့ မန္တလေး
ဒီကနေ့ မန္တလေးမှာ ကျွန်တော်မြင်ရ ကြားရသည်များကို ပြောပါဦးမယ် . . .

မနက်ပိုင်းက ဘုရားကြီးနားမှာ သံဃာတော်များ စီတန်းလမ်းလျှောက်ကာ တရားဒေသနာတော်များရွတ်ဖတ်ကြတယ်လို့ ကြားသိရပါတယ်. . .

ရှေ့ဆုံးမှ ဘုရားပုံတော်ကားကို ပင့်ဆောင်ပြီး သာသနာ့အလံ သုံးလက်၊ နောက်တွင် သပိတ်များကို မှောက်ကိုင်ဆောင်သော ရဟန်းသုံးပါး၊ နောက်မှ ရဟန်းတော်များ စီတန်းလို့ လိုက်ပါတယ်လို့ ကြားသိရပါတယ် . . .

ထိုနည်းတူ တောင်မြို့တွင်လည်း လျှောက်ကြကြောင်း သိရပါတယ်. . .

မွန်းလွဲ ၁၂း၄၅ ခန့်အိမ်တော်ရာဘုရားအတွင်းသို့ အနီးပတ်ဝန်းကျင်ကျောင်းများမှ ရဟန်းတော်များ ၀င်ရောက်လာတာမြင်ခဲ့ရပါတယ်. . .

၁နာရီမှာတော့ အိမ်တော်ရာဘုရား ၁၄ခန်း ဓမ္မာရုံးကြီးမှစတင်လို့ သုံးပါးတွဲ အတွဲ ၂၀၀ခန့် စီတန်းလို့ ကြွချီလာပါတယ် . . .

ရှေ့ဆုံးမှ သာသနာ့အလံ ၃လက်၊ နောက်က သပိတ်အားမှောက်ကိုင်ဆောင်ထားသော ရဟန်းတော် သုံးပါး၊ နောက်က ၃ပါးတစ်တွဲနဲ့ အတွဲ ၂၀၀ခန့် စုစုပေါင်းအင်အား ၆၅၀ခန့် လမ်းလျှောက်ကြွချီလာတာကို ဖူးတွေ့ရပါတယ်. . .သံဃာတော်များဟာ တရားဒေသနာတော်များရွတ်ဆိုပွားများကာ အေးချမ်းစွာ ကြွတော်မူကြပါတယ်. . .လမ်းဘေးဝဲ၊ယာမှ ပြည်သူများသည်လည်း အေးချမ်းစွာ ဖူးမြော်ကြတာကို တွေ့ရပါတယ် . . .

၂၆လမ်းမှ ၈၄လမ်း၈၄လမ်းမှ ၃၅လမ်း၃၅လမ်းအတိုင်း အနောက်ဆင်းကာ အိမ်တော်ရာဘုရားဆီကို ပြန်လည်ကြွသွားတယ်လို့ မှန်းဆရပါတယ် . .

နောက်ဆုံး ၃၅လမ်းမှာဖူးရတော့ ၂နာရီ၁၅လောက်ရှိတာမို့ ကြာချိန် ၁နာရီခွဲလောက် လမ်းလျှောက်ကြတာလို့ ထင်ပါတယ် . . .ဖိနပ်မပါ၊ လက်ကတော့ထိုး သင်္ကန်းဝတ်ရုံလို့ ကြည်ညိုဖွယ်သံဃာတော်များကို အအေးဘူးများ ကပ်လှူကြတာတွေ့ရပါတယ်ခင်ဗျာ . . .

ထို့အတူပဲ မြတောင်တိုက်ကလို့ ယူဆရတဲ့ သံဃာတော်များကိုလည်း ဈေးချိုနားမှာ ဖူးတွေ့ရပါတယ် . . အိမ်တော်ရာမှ သံဃာတော်များနဲ့ ရှေ့ဆင့်နောက်ဆင့်ပါပဲ တောင်ဘက်မှ တက်လာသော သံဃာတော် ၅၅၀ပါးခန့်ကို ၃ပါးစီတန်းလျက် ဖူးရပါတယ်. . . ဘုရားကြီးနှင့်မျက်နှာချင်းဆိုင်ရှိ တောင်ပြင် ထီးလင်းတိုက်(ဟုထင်ပါသည်) ထဲသို့ သံဃာတော် အပါး၁၀၀ခန့် ၃ပါးစီ စီတန်းလို့ ၀င်သွားတာကို ဖူးတွေ့လိုက်ရပြန်တယ် . . .

သေချာတာတစ်ခုကတော့ သံဃာတော်များ သင်္ကန်းရုံပုံတူညီပါတယ်၊ ဖိနပ်မစီးတာ ၊ သုံးယောက်တန်းစီတာ၊ ရှေ့ဆုံးက သာသနာ့အလံပါတာ၊ သပိတ်များကို မှောက်လို့ကိုင်ဆောင်တာ . . .တူညီကြပါတယ် ခင်ဗျာ . . .

လမ်းဘေးဝဲယာက လူများကလည်း သံဃာတော်များကို ကြည်ညိုစွာ ဖူးမြော်ကြတာတွေ့ရပါတယ် . . .တချို့ အအေးဘူးများကပ်လှူကြပါတယ်ဗျာ . . .

ကျွန်တော် ဓာတ်ပုံများနှင့်တကွ တင်ချင်သော်လည်းဓာတ်ပုံမှာ ပါသွားမည့် သံဃာတော်များရဲ့ နောင်ရေးကို တွေးလို့ ဓာတ်ပုံမရိုက်ဖြစ်ခဲ့တော့ပါ . . .

ကနေ့ ကျွန်တော်တွေ့ခဲ့တဲ့ သံဃာတော်အရေအတွက်ကတော့ အားလုံး ၁၅၀၀ခန့်ရှိကြောင်းပါခင်ဗျာ . . .
Posted by ဦးထိပ် အချိန် 10:55 PM 0 comments
Labels:
Saturday, September 22, 2007

ဘလော့ဖတ်သူများသို့ ပန်ကြားချက်
ကျွန်တော် ဘလော့ရေးသားမယ်ဆိုရင် ဖြစ်လာနိုင်စရာများကို ကြိုတင်စဉ်းစားမိပါတယ် . . .

အခု ပို့စ်တင်တယ်ဆိုတာလဲ ကျွန်တော်သိတဲ့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အသိအမြင်ကိုတင်တာပါ . . .ကျွန်တော် တင်တဲ့ပို့စ်များကို ယုံကြည်မှုရှိဖို့ မဆိုလိုပါဘူး . . .ကျွန်တော် တင်တဲ့ ပို့စ်များဟာ ကျွန်တော့်အတွေးပါ . . .ကျွန်တော့်အရေးပါ . . .ကျွန်တော်တွေးတဲ့အတွေး . . . ကျွန်တော်ရေးတဲ့အရေး မှားမယ်ဆို ကျွန်တော်နဲ့သာဆိုင်ပါတယ် . . .

နောက် အားလုံး ယုံကြည်လက်ခံဖို့ ကျွန်တော် တင်ပြခြင်းမဟုတ်ပါ . . .ကျွန်တော်အတွေး . . တွေကို . . ကျွန်တော် ရေးစရာ . . ရင်ဖွင့်စရာများအနေနဲ့ ရေးသားပါတယ် . . .

အခု ကျွန်တော့်စီဘောက်စ်ထဲ ကွန့်မန့်ထဲ ရေးသူများ၊ ဘလော့ဖတ်သူများအားလုံးကို တောင်းပန်ချင်တာ တစ်ခုရှိပါတယ် . . .ကျွန်တော်တင်တဲ့ ပို့စ်များကို သေချာဖတ်စေလိုပါတယ် . . .ပို့စ်ကိုတောင်မဖတ်ဘဲ ၀င်ရေးတာကျတော့ မကောင်းပါဘူးဗျာ . . .
နောက် ပို့စ်တင်ရာမှာလဲ သေချာ စဉ်းစားစေချင်ပါတယ် . . .ကျွန်တော့်ကို မကျေနပ်ရင် ကျွန်တော့ကို စော်ကားပါ . . .မဆိုင်သူများကို မစော်ကားစေချင်ပါ . . .အထူးသဖြင့် ဘာသာတရားနဲ့ သံဃာတော်များကိုပါ . . .အားလုံးယဉ်ကျေးသော မြန်မာလူမျိုးများဖြစ်မယ်လို့ ယုံကြည်လျက်ပါခင်ဗျာ

အထူးပြောချင်တာတစ်ခုရှိပါတယ် . . အဲဒါကတော့ 21 Sep 07, 22:18yekyawaung: သံဃာအား၊ သံဃာ ဆန္ဒ ဘုရားတောင်မှ မလွန်ဆန်နိုင်ပါ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိနေရင်လည်း သပိတ်မှောက် ကံဆောင်တာကို လက်ခံတော်မူမှာပါ။ ဆိုတဲ့အကြောင်းကိုပါ . . .

ဘုရားရှင်လက်ခံတာ လက်မခံတာတော့ ကျွန်တော်လဲ ဥာဏ်စဉ်မမီပါ။ကျွန်တော်သိတာကတော့ သံဃာအား၊ သံဃာဆန္ဒ ဘုရားတောင်မှ မလွန်ဆန်နိုင်ပါ ဆိုတဲ့ စကားပါပဲ . . .သာသနာအကြောင်း၊ ဘုရားအကြောင်း ထင်ယောင်ထင်မှားဖြစ်စေတဲ့အတွက်ပါ . . .သာသနာအကြောင်းကို နားလည်သူများအနေနဲ့ သိနိုင်ပါမယ် . . .ဒေ၀ဒတ်နဲ့ ဘုရားရှင်ရဲ့ ဇာတ်လမ်းကိုပါ . . .

နောက် ပထမ သံဃယနာ ဘာကြောင့်တင်ခဲ့ရတယ်ဆိုတာကိုပါ . . .ကျွန်တော်တို့ရဲ့ ထေရ၀ါဒ သာသနာတော်ရဲ့ အဓိပ္ပာယ် ဖြစ်တဲ့ ....ဘုရားရှင်ဟောကြားသတ်မှတ်မှုကို ပြင်ဆင်၊ ဖြည့်စွက်၊ ပြောင်းလဲခြင်းမရှိတဲ့ သဘောကို နားလည်နိုင်စေချင်ပါတယ် . . .မှန်တဲ့အတိုင်းဝန်ခံပါတယ် . . .ကျွန်တော် ရဟန်းတော်တို့စောင့်ထိန်းရတဲ့ အကျဉ်းအားဖြင့် ၂၂၇သွယ်ရှိတဲ့ သိက္ခာပုဒ်များကို အကုန်မသိပါ . . နားလဲမလည်သေးပါ. . .ဒါကြောင့် ကျွန်တော်အနေနဲ့ ၀ိနည်းညီတာ၊ မညီတာ နားမလည်ပါ . . .သိလည်းမသိပါ . . .ဒါကြောင့် အဲဒီအကြောင်းများဖြစ်တဲ့ ကံဆောင်သင့်၊ ကံမဆောင်သင့်များကို ကျွန်တော့်အနေနဲ့ နားမလည် မသိရှိကြောင်း ရိုးသားစွာဝန်ခံပါတယ် . . .သို့သော် သာသနာတော်နဲ့ သံဃာတော်ကို စော်ကားသော စကားလုံးများကိုတော့ ကျွန်တော် မမြင်လိုပါ . . .

သာသနာတော်၊ သံဃာတော်တို့နဲ့ ပတ်သတ်တဲ့ အကြောင်းများကို ကျွန်တော့်ရဲ့ ဘလော့မှာ တင်မယ်ဆိုရင်တော့ တောင်းပန်ချင်ပါတယ် . . .ဖြစ်နိုင်ရင် မတင်စေချင်ပါခင်ဗျာ . . .

ဒါကျွန်တော့်စီဘောက်စ်က အကြောင်းကို နောက်ဆုံးပြောဖြစ်တာပါ . . .နောက်ဆို ကျွန်တော် ဥပက္ခာ ဆိုတဲ့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားလိုက်ပါတော့မယ် . . .

နောက် ကျွန်တော်ဘလော့ရေးတယ်ဆိုတာ ကျွန်တော့်ရှိတဲ့ ပိုက်ဆံအကုန်ခံပြီး ဆိုက်ဘာကဖေးများမှာ ပိုက်ဆံပေးသုံးပြီး ကိုယ့်ဘာသာရေးနေတာပါ၊ မည်သည့်အထောက်အပံ့နှင့်မျှ ရေးသားခြင်းမဟုတ်ပါဘူး . . .ကျွန်တော် ဘလော့ရေးတဲ့အခါ ပျောက်လိုက်ပေါ်လိုက်ဖြစ်တတ်ပါတယ် . . .ရှင်းရှင်းပြောရင် ပိုက်ဆံမရှိရင် မရေးဘူးပေါ့ဗျာ . .

မန္တလေးသတင်း၊ကျွန်တော့် အတွေးနဲ့ ကျွန်တော့်အရေးများကို ကျွန်တော် ဆက်လက်ရေးသားဖော်ပြသွားဦးမှာဖြစ်ပါတယ်ခင်ဗျာ . . .ကျွန်တော့်ဘလော့ကို ၀င်ရောက်ဖတ်ရှုသူများလာတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ . . .

သာသနာတော်၊ တရားတော်၊ သံဃာတော်များကို စော်ကားပြစ်မှားမှုများရှိခဲ့ရင် ခြေသုတ်ပုဆိုး၊ မြွေစွယ်ကျိုးသို့ တုပ်ပျဝပ်ဆင်း ခြေတော်ရင်း နဖူးထိလို့ ကန်တော့လိုက်ရပါတယ်ခင်ဗျာ . . .

No comments: