Sunday, September 30, 2007

good idea in sittwe city

လူထုတော်လှန်ရေး အသွင်ဆောင်သော စစ်အစိုးရ ဆန့်ကျင်ရေး လုပ်ရပ်များ စစ်တွေတွင် စတင်ပြီ
နိရဉ္စရာသတင်း စက်တင်ဘာ ၂၉ ရက်၊ ၂၀၀၇ ခုနှစ်။

"- - - - ညအချိန်တွင် ခိုးယူပြီး ဖျက်ဆီးပစ်ခြင်းပင် ဖြစ်ကြောင်း - - - - "

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လူထုတော်လှန်ရေး အသွင်ဆောင်သော စစ်အစိုးရ ဆန့်ကျင်ရေး လုပ်ရပ်များကို မြို့သူ မြို့သားများက ၎င်းတို့ အသိဖြင့် စတင်လိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါ လူထုတော်လှန်ရေး အသွင်ဆောင်သော တော်လှန်ရေး လုပ်ငန်းမှာ အစိုးရ အဆောက်အဦးများ၏ ရှေ့မျက်နှာစာတွင် စိုက်ထူထားသော “ဒို့တာဝန် အရေးသုံးပါး” စာတန်းရေးထိုးထားသည့် ဆိုင်းဘုတ်များကို ညအချိန်တွင် ခိုးယူပြီး ဖျက်ဆီးပစ်ခြင်းပင် ဖြစ်ကြောင်း အမည်မဖေါ်လိုသူတဦးက ပြောသည်။

စစ်တွေမြို့တွင် စက်တင်္ဘာလ ၂၇ ရက်နေ့ညဥ့်မှစပြီး အစိုးရအဆောက်အဦးများ၏ ရှေ့မျက်နှာစာတွင် စိုက်ထူထားသော “ဒို့တာဝန် အရေးသုံးပါး” ပါ ဆိုင်းဘုတ်များအား လူတချို့က ဖြုတ်ချပြီ ဖျက်ဆီးပစ်ခဲ့ကြောင်း သိရှိရသည်။

အမည်မဖေါ်လိုသူ တဦးက “မြို့နယ် အခွန် ဦးစီးမှူးရုံးရှေ့က စိုက်ထူထားတဲ့ ဒို့တာဝန် အရေးသုံးပါး ဆိုင်းဘုတ်နဲ့ တခြားပြည်တွင်း အကောက်ခွန်ဌာနရုံးက ဆိုင်းဘုတ်တွေကို စက်တင်္ဘာလ ၂၇ ရက်ညဥ့်မှာ ပျောက်ဆုံးသွားပါတယ်။ ခုအခါ စစ်တွေ မြို့နယ် အမှတ် (၂) ရဲစခန်းမှာ မြို့နယ် အခွန်မှူး ဦးအောင်နိုင်က ဆိုင်းဘုတ်ပျောက်သွားတဲ့အတွက် အမှုဖွင့် တိုင်ကြားထားတယ်လို့ သိရှိရပါတယ်။” ဟု ပြောသည်။

အမည်မဖေါ်လိုသူ တဦးက ပြည်တွင်းအကောက်ခွန်ရုံးက ဒို့တာဝန် အရေးသုံးပါး ဆိုင်းဘုတ် ကို အဝေးတနေရာက ပြန်ရရှိခဲ့ပေမယ့်လည်း မြို့နယ် အကောက်ခွန်ဌာနက ဆိုင်းဘုတ် ကိုမတွေ့ရှိရတော့တဲ့အတွက် ကျွန်တော်တို့ ရပ်ကွက်က ဆိုင်းဘုတ်ရေးဆရာ ကိုလှရွှေ မောင်ကို ရုံးကိုခေါ်ပြီး တရက်နဲ့ အပီး ဆိုင်းဘုတ်တွေ ရေးခိုင်းနေတယ်လို့ သတင်း ရရှိကြောင်း ပြောသည်။

ယခုကဲသို့ စစ်တွေတွင် ဒို့တာဝန်အရေးသုံးပါး ရေးထားသောဆိုင်းဘုတ်များ ညဥ့်အချိန်တွင် ပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာ အစိုးရ၀န်ထမ်းများအနေဖြင့် အစိုးရရုံးများတွင် ညကင်း စောင့်ပြီး ဆိုင်းဘုတ်ကို စောင့်ဆိုင်းနေကြောင်း သတင်းရရှိသည်။

ပြည်တွင်းမှ ပေးပို့သော သတင်းအရ ဆိုင်းဘုတ်ဖြုတ်ချပြီး ဖျက်ဆီနေသူများ အနေဖြင့် တခြား ဆိုင်းဘုတ်များအား ဖျက်ဆီးခြင်းမရှိဘဲ ဒို့တာဝန် အရေးသုံးပါးပါ ဆိုင်းဘုတ်များကိုသာ ရွှေးချယ် ဖျက်ဆီးပစ်နေသဖြင့် ယခုလုပ်ရပ်မှာ တပ်မတော်အပေါ် မကျေနပ်မှုမှ အရင်းခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း လူအများက ဝေဖန်ပြောကြားနေကြသည်ဟု သိရှိရသည်။



မူရင်း


bnionline.net/bur

No comments: