Friday, September 14, 2007

small talk with Zinn Mel god ( part 187 )

ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါး (အပိုင်း - ၁၈၇)

ရန်ကုန်သားတာတေ | စက်တင်ဘာ ၁၂၊ ၂၀၀၇

လွန်ခဲ့သည့် သီတင်းပတ်အတွင်းက အင်တာနက်နှင့် ဘလော့ခ်စာမျက်နှာများတွင် ရှမ်းဘုန်းကြီးစာဆန်ဆန်၊ ဗေဒင်ဆရာ တဦး၏ အကြံပြုစာဆန်ဆန် စာတဆောင်ပျံ့နှံ့ခဲ့၏။ ၎င်းစာပါအကြောင်းအရာမှာ မြန်မာနိုင်ငံ၏ အခြေနေဆိုးများမှ လွတ်မြောက်စေရန် စက်တင်ဘာ ၁၁၊ ၁၂၊ ၁၃ ရက်များအတွင်း ၁၁ ရက်နေ့ည ၇ နာရီ ၂ မိနစ်၊ ၁၂ ရက်နေ့ည ၈ နာရီ ၁ မိနစ်၊ ၁၃ ရက်နေ့ည ၉ နာရီအချိန်များတွင် မကောင်းဆိုးဝါးများအား တချိန်တည်းသံပုံးတီးကာ တောထုတ်ကြရန် ဖြစ်လေသည်။

အဆိုပါစာကို ဦးရုက္ခစိုး၊ ကြွက်စုတ်နှင့် ဖိုးရှုပ်တို့က အထူးစိတ်ဝင်စာနေကြပြီး အီးမေးလ်အကောင့်ရှိသည့် ပြည်တွင်း၊ ပြည်ပရှိ မြန်မာပြည်သားများ လက်ခံရရှိလိမ့်မည်ဟု သူတို့ကမျှော်လင့်ထားကြသည်။ ထို့ကြောင့်လည်း သံပုံးတီးပွဲ၌
ပါဝင်ဆင်နွဲရန် တိုင်ပင်ထားကြသည်။

၎င်းတို့၏အစီအစဉ်မှာ ရုက္ခစိုးကြီးညောင်ပင်နှင့် မလှမ်းမကမ်းရှိ သံအမှိုက်ပုံးကြီးကို ၀ိုင်းအားပေးကြရန် ဖြစ်သည်။ သူကောင်းသားနှစ်ယောက်က ရုက္ခစိုးကြီးအတွက်ပါ သံချေးအလိမ့်လိမ့်တက်နေသည့် သံချောင်း တချောင်းကို မည့်သည့် အရပ်မှ ကောက်လာသည်မသိ … အမှိုက်ပုံးကိုလည်း ညနေ ၅ နာရီ ခွဲလောက်ကတည်းက မယောင်မလည်နှင့် ညောင်ပင်အောက်သို့ရွှေ့ထားကာ သံချောင်းတဆဆဖြင့် ပွဲဝင်ရန် ပြင်နေကြလေသည်။

နေ့နံအချိန်အခါတို့တွင် ဦးရုက္ခစိုးက ပိုမိုနှံ့စပ်သူဖြစ်သဖြင့် ယခုပွဲသည် သူ့ပွဲဖြစ်၏။ သူကောင်းသား နှစ်ဦးမှာ သူရွှေဉာဏ်တော်ကွန့်မြူးသမျှ၊ စေခိုင်းသမျှတို့ကို တသဝေမတိမ်း လိုက်နာဆောင်ရွက်ရသည့် ငယ်ကျွန်မျှပင်။ ညောင်ပင်ရှိ နတ်စင်၏ အနီးဆုံးနေရာတွင် သံပုံး (အမှိုက်ပုံး) တီးပါက မကောင်းဆိုးဝါများ ပိုမိုထိတ့်လန့်မည်ဟု ၎င်းကမိန့်တော်မူ ထားသည့်အပြင် နေ့နံအချိန်မကိုက်ပါက အကျိုးသက်ရောက်မှု ရှိမည်မဟုတ်ဟုလည်း မြွတ်ကြားထားသည်။

စားပွဲတင်နာရီတလုံးကို မြန်မာပြည်စံတော်ချိန်အတိုင်းတိုက်ကာ အချိန်ကိုက် သံပတ်ပေးထား၏။ သံပတ်ပေးထားသော်ငြား လည်း သုံးဦးစလုံးသည် ဒစ်ဂျစ်တယ်လ် နာရီကလေးကိုသာ အာရုံ ရောက်နေကြသည်။ ၎င်းတို့သည် ပထမဆုံးအကြိမ် ရည်းစားစာပေးမည့် ၁၅၊ ၁၆ နှစ် ကလေးများသဖွယ် စိတ်လှုပ်ရှားနေကြသည်။

ရုက္ခစိုး။ ။ အခုမှ ၆ နာရီတောင်မထိုးသေးဘူး … ဘာဖြစ်လို့ ဒီလောက်တောင် ဆန္ဒစောနေရတာလဲ။ စကားလေးဘာလေး ပြောကြဦးလေကွာ။

၎င်းတို့သည် သုံးဦးတွေ့သည့်အခါတိုင်း အာဂျင်ဒါတခုခုရှာကာ ဆွေးနွေးငြင်းခုံကြသူများ ဖြစ်သည်ကလည်း တကြောင်း၊ သံချောင်းတီးရန်ကလည်း အချိန်က စောနေသောကြောင့် တခုတခုဆွေးနွေးရန် ရုက္ခစိုးကြီးက စကားခေါ်သောကြောင့် ကြွက်စုတ်က …

ကြွက်စုတ်။ ။ ကျနော်တို့ကလည်း အချိန်မကျသေးခင် ဘယ်လိုနေရမယ်၊ စကားပြောလို့ရမရ မသိတော့ … အသာ ငြိမ်နေကြတာပေါ့။ ကျနော်က လက်ရှိပြည်တွင်းအခြေအနေနဲ့ ဆန္ဒပြပွဲတွေအကြောင်း ဆွေးနွေးချင်နေတာ ကြာလှပေါ့။

ရုက္ခစိုး။ ။ ပြောစမ်းပါလေ့ မောင်ရင်ရာ။ ပြောလို့ရပါတယ် … မင်းတို့လက်ထဲမှာသာ အရံသင့်ဖြစ်အောင် သံချောင်းတွေကို အသင့်ကိုင်ထား အလမ်းမြည်တာနဲ့ တီးရုံပေါ့ကွာ။ မင်းပြောတဲ့ အကြောင်းတွေ ပြောချင်သလို ငါကလည်း ဆန္ဒပြပွဲတွေကို ဖြိုခွဲတဲ့အကြောင်းတွေကို ပြောချင်နေတာပါကွ။

ဖိုးရှုပ်။ ။ အဲဒီအကြောင်းတွေကိုလည်း ဆွေးနွေးကြတာပေါ့ဗျာ။ ကျနော်ကတော့ လောလောလတ်လတ် ကိုယ်နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ သံပုံးကိစ္စကို အရင်ဆုံးဆွေးနွေးစေချင်တယ်။

ရုက္ခစိုးကြီးကား မိမိ၏ကျွမ်းကျင်နယ်နမိတ်အတွင်း ရောက်လာပြီဟူသောအသိဖြင့် သူကောင်းသားများအား လက်ချာပေးလေတော့၏။

ရုက္ခစိုး။ ။ တကယ်တော့ သံပုံးတီးတာကို မင်းတို့နားလည်အောင်ပြောရရင် ယုံကြည်မှုတခုလို့ ပြောရင်လဲရတယ်။ နောက်ပြီးတော့ … ကိုယ့်ရပ်ရွာကိုယ့်ဒေသမှာ အရပ်သူ အရပ်သားတွေဟာ သဘာဝ ဘေးအန္တရယ် ကပ်တခုခုကိုကြုံနေရ တာမျိုး … ငါတို့အခုကြုံနေရတဲ့ အုပ်စိုးးသူတွေရဲ့ ဖိနှိုပ်မှုကနေ လွတ်မြောက်ဖို့ … မကောင်းဆိုးဝါးကောင်တွေ ဝေးရာကို ထွက်ပြေးအောင် အစုအဝေးကြီး … အစုအဖွဲ့ကြီး တခုက တချိန်တည်း တပြိုင်တည်း ညာသံပေးပြီး မောင်းထုတ်တဲ့ ပွဲပေါ့ကွာ။

ကြွက်စုတ်။ ။ ဒီလောက်တော့ ကျနော်တို့လည်း သိပါတယ်ဗျာ။ ရှစ်လေးလုံး အရေးအခင်းတုန်းကလည်း ကျနော်တို့ တတွေ လူသတ်ကောင်စိန်လွင်ကို သံပုံးတီးပြီး တောထုတ်ခဲ့တာ အခုထိတောင် အမှတ်ရနေသေးတယ်။ မှတ်မှတ်ရရ ကျနော်တို့ရပ်ကွက်ထဲက အသက် ၇၀ ကျော်အဘွားကြီးတယောက်က “စိန်လွင် ၆ တန်း တဇောက်ကန်း … စိန်လွင် ၆ တန်း တဇောက်ကန်း” လို့အော်ပြီး အိမ်ရှေ့ကဓာတ်တိုင်ကို တီးတာ …။

ဖိုးရှုပ်။ ။ စိန်လွင်ကြီး ပြေးရောလားကွ။

ကြွက်စုတ်။ ။ လမ်းထဲက ခွေးအိုကြီး သွေးလန့်ပြီး ကိန် ကိန် … လို့ အော်ပြေးတော့တာဘဲ။ မကြာပါဘူး … စိန်လွင်လဲ လစ်တော့တာပဲ။

ရုက္ခစိုး။ ။ ဒါကြောင့် ဒီကောင်တွေ (ဗိုလ်ချုပ်များ) သူတို့ကို နာမည်တပ်ပြီး အပြောခံရပြီဆို ဆတ်ဆတ်ထိမခံ ဖြစ်ကြတာပေါ့။

ဖိုးရှုပ်။ ။ ဆတ်ဆတ်ထိမခံဖြစ်တာတော့ အမှန်ပဲဗျို့။ တောင်ကုတ်မှာ တကိုယ်တော်ဆန္ဒပြတဲ့ ကိုစိုးဝင်းလေ … ပေါတာကြီး နံမည်ကိုတပ်ပြီး ဗုဒ္ဓဘာသာအဖြစ်ကနေ ထုတ်ပစ်ဖို့ ပိုစတာနဲ့ဆန္ဒပြတော့ နေ့ချင်းထောင် ၄ နှစ် ချလိုက် တယ်လေ။

ကြွက်စုတ်။ ။ အမှန်တော့ ပေါတာကြီးနဲ့ အပေါင်းပါအားလုံးကို ဗုဒ္ဓဘာသာအဖြစ်ကထုတ်ပစ်ပြီး ဓမ္မန္တရယ်အဖြစ် သတ်မှတ်ရမှာကွ။

ဖိုးရှုပ်။ ။ အဲဒီ ဓမ္မန္တရယ်အဖြစ် သတ်မှတ်မယ့်အထဲမှာ ပခုက္ကူက သံဃနာယက ဆရာတော် ဦးတေဇောပါမစ် ပါသေးလားကွ။

ရုက္ခစိုး။ ။ မင်းကလဲကွာ သတင်းထောက်လုပ်နေပြီး နာမည်မှားတာတော့ မကောင်းပါဘူးကွာ၊ ဦးတေဇောဘာသပါကွ …။

ဖိုးရှုပ်။ ။ နာမည်မှားတာ မဟုတ်ဘူးခင်ဗျ။ ဦးရုက္ခစိုးကသာ ဘွဲ့နာမည်ပြောင်းထားတာကိုမသိတာ။ ဒီဘုန်းကြီးက အာဏာပိုင်ဆီကရတဲ့ ဟိုပါစမ်၊ ဒီပါမစ်တွေနဲ့ နာမည်ကြီးလို့ သူ့ဘွဲ့ကို ပခုက္ကူတနယ်လုံးက ဦးတေဇောဘာသကနေ ဦးတေဇောပါမစ်လို့ ပြောလိုက်တာခင်ဗျ။ ဟဲ ဟဲ ဟဲ …။

ရုက္ခစိုး။ ။ ဒီလိုတော့လဲ ဟုတ်ပေသားပဲ။

ကြွက်စုတ်။ ။ အခု ဘုန်းကြီးအတုတွေလုပ်ဖို့ လူတယောက် ကတုံးတုံးရင် ကျပ် ၅ ထောင်ပေးမယ်ဆိုပြီး ကြံဖွံ့က လိုက်စည်းရုံးနေပြန်ပြီလို့ ကြားတယ်။ တကယ့်ကို သာသနာတော်ကို ဖျက်ဆီးတဲ့ သာသနာဖျက် ဓမ္မန္တရယ်တွေပါဗျာ။

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ စကားလဲပြော … နာရီလဲကြည့်ကြဦး။ ငါ့မျက်စိထဲမှာတော့ ဟောဒီအမှိုက်ပုံကြီးကိုကြည့်ရင်း ဓမ္မန္တရယ်ရုပ်တွေ တကွက်ပြီးတကွက်ပေါ်လာပြီဟေ့ … နာဖို့သာ ပြင်ကြပေတော့။

ထိုစဉ် … “တီတီတီတီ … တီတီတီတီ … တီတီတီတီ …” ဟု ဒစ်ဂျစ်တယ်နာရီလေးက မြည်လာ၏။

ရုက္ခစိုး။ ။ တီးကြဟေ့ တီးတီး … ပေါတာကြီး ထွက်ထွက်။ ထွက်သွားပါတော့လား ပေါတာကြီးရဲ့ …။

ဒီတကြိမ်တွင် ပုဂ္ဂိုလ်သုံးဦး တိုင်မင်မှန်လှသည်။ ဒွိုင်ဆူထေ့တောင်တကြော သံပုံတီးသံများ (အမှိုက်ပုံး တီးသံများ) အချိန်ကာလအတော်အတန်ကြာ ညံသွား၏။ အဆိုးဆုံးကတော့ ရုက္ခစိုးကြီးပင်။ ပါးစပ်ကလည်း ‘ပေါတာကြီးထွက်သွား’ ဟု အကြိမ်ကြိမ်ရေရွတ်၏။ အမှိုက်ပုံး၏ ဘေးနံရံများမှာလည်း ၎င်း၏ လက်ချက်ကြောင့် တဖြည်းဖြည်း ချိုင့်ဝင်နေပြီဖြစ်သည်။

မိတ်ဆွေသုံးဦး၏ စကားဝိုင်းသည် ည ၉ နာရီ ကျော်ခဲ့သော်လည်း အဆုံးမသတ်နိုင်သေးသလို အမှိုက်ပုံးခေါက်သံကလည်း စိတ်ကူးရတိုင်း ထခေါက်နေကြသောကြောင့် ကြိုးကြားကြိုးကြားဆိုသလို ကြားနေရ၏။ ပုဂ္ဂိုလ်သုံးဦး၏ စိတ်တွင်လည်း သားသတ်သမားစိန်လွင်အပါအ၀င် ဓမ္မန္တရယ်များ၏ ရုပ်ပုံလွှာများ အကြာခဏဆိုသလို ၀ိုးတ၀ါး ပေါ်နေတော့သည်။ ။

(ချင်းမိုင်ရုက္ခစိုးနှင့် ထွေရာလေးပါးကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း တင်ဆက်ပါမည်)

(ိ http://www.irrawaddy.org/bur/cmnat2007/September/187.html ကနေ ယူတယ်။)


No comments: