Monday, September 17, 2007

monks' strike in Kyauk-pa-daung tsp ( mizzima news )

ကျောက်ပန်းတောင်းတွင် သံဃာတော်များ ဆန္ဒပြ
mizzima စက်တင်ဘာလ ၁၇


ကျောက်ပန်းတောင်းမြို့တွင် သံဃာတော် အပါး ၅ဝဝ ကျော်က ယနေ့ နံနက်တွင် ကုန်ဈေးနှုန်းများ ကျဆင်းရေးနှင့် နိုင်ငံရေး ပြဿနာများကို ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး အဖြေရှာရန် မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြ ခဲ့ကြသည်။

“ပထမဦးဆုံး လမ်းတလျောက်မှာလည်း ဗုဒ္ဓ ဘာသာဝင်တို့ရဲ့ အပြုအမူ မဟုတ်တဲ့ အပြုအမူမျိုးဖြင့် စော်ကားခံရတဲ့ ပခုက္ကူ သံဃာများက နေပြီးတော့ စီးပွားရေး ကြပ်တည်းမှုကြောင့် ဒုက္ခ ရောက်နေကြတဲ့ ပြည်သူလူထုကို ဒုက္ခမှ လွတ်မြောက်ပေးရန် မေတ္တာ ပို့ပါတယ်။ ကုန်ဈေးနှုန်း တက်ခြင်းကြောင့် မခံမရပ်နိုင်ကြတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ပြည်သူလူထုနဲ့ နိုင်ငံရေး အကျဉ်းသားများ ဒေါ်အောင်ဆန်း စုကြည်နဲ့ ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ အပါအဝင် ရဟန်းရှင်လူ ပြည်သူလူထုတွေ လွတ်မြောက်နိုင်ဖို့ ဘုရားစာရွက်တွေ ဝေပါတယ်။ သူတို့ရဲ့ သင်ပြချက်တွေကတော့ မြန်မာပြည်တိုင်းမှာ ဦးထိပ်ထားရတဲ့ သာသနာတော်တွေကို နှောင်အခါမှာ ပေါ်ပေါက်မှု မဖြစ်စေရန် ဗုဒ္ဓဘာသာဝင် လူတိုင်းမှာ တာဝန်ရှိတယ်။ တခြား သံဃာတော်များကိုလည်း ပခုက္ကူ သံဃာတော်များနှင့် အတူ ပူးပေါင်း ပါဝင်ကြဖို့ လေးလေးနက်နက် တိုက်တွန်းချက်တွေ ပါပါတယ်။” ဟု ဒေသခံတဦးက ပြောသည်။

နံနက် ၆ နာရီမှစတင်သည့် ဆန္ဒပြပွဲသည် နောက်ပိုင်းတွင် သံဃာတော်အပါး ၁ဝဝဝ ခန့် အထိ ဖြစ်သွားပြီး တနာရီကျော် အကြာတွင် အေးချမ်းစွာ ပြီးဆုံးသွားသည်။

မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၊ ရဲမှုးနှင့် ကြံ့ခိုင် ဖွံ့ဖြိုးရေးများ ဆန္ဒပြ သံဃာတန်းနောက်မှ တကောက်ကောက် လိုက်ပါခဲ့ကြသော်လည်း နှောက်ယှက်ခြင်း မရှိပေ။

နံဘေးမှ ကြည့်ရှုသူ ပြည်သူတချို့ “ငိုတောင်ငိုတယ်” ဟုဆိုကာ လူအများ၏ ထောက်ခံချက် အပြည့်အဝ ရသည်ဟု ဆိုသည်။


မူရင်း

mizzimaburmese.com/breaking_news

No comments: